May 26, 2008

လူတကောင်၊ ကြောင်တယောက်နဲ့ ပြူတင်းပေါက်တချပ်


အလွန် အေးလွန်းသော သည် မြောက်ပိုင်းပြည်နယ်ကို သူ စိတ်ပျက်လွန်းလှသည်။ အစားအသောက်တွေက ဈေးပေါ သော်ငြား အအေးဒဏ်ကို သူ့ သားလေးတွေက မခံနိုင်ကြ။ နှုတ်ခမ်းတွေ ကွဲပြီး သွေးတွေ စို့နေသည်မှာ မြင်လို့ မကောင်း။ ပူအိုက် စွတ်စိုသော ရာသီဥတု ရှိရာ အရပ်မှာ ကြီးပြင်းခဲ့ကြရသူများမို့ သည်ပြည်နယ်က သူတို့ မိသားစုအတွက် တခြား ကမ္ဘာ တခုလို ဖြစ်နေသည်လေ။ ရာသီ ဥတုကို သူ ဂရုမစိုက်ပေမင့် သူ ကိုယ်တိုင် သည်ပြည်နယ်ကို မကြိုက်နိုင်တာ တခုရှိနေလေသည်။ ကားမောင်းရ ခက်ခဲခြင်း။ ရေခဲနဲ့ နှင်းတွေ အပေါ်မှာ ကားကို ဘရိတ် အုပ်လို့မရ။ ဘရိတ်သာ အုပ်ထားသည် - စတီရာရင်ကိုသာ ဆွဲထားသည် - ကားက သွားချင်ရာကို သွားနေလေသည်။ အက်ဆီးဒဲင့်တွေကိုလည်း သူ့ရှေ့မှာ မရေမတွက်နိုင်အောင် တွေ့နေခဲ့ဖူးပြီ။ အရပ်တကာမှာ ရေခဲနဲ့ နှင်း။ ဘယ်နေရာနင်းနင်း ဒင်းတို့နဲ့ မလွတ်။ ကားမောင်းရင်လည်း မမောင်းခင် ကားဝင်းဒ်ရှီးလ်ဒ်တွေပေါ်မှာ အခန့်သား နေရာ တက်ယူထားတတ်သည့် ဒင်းတို့ကို အရင် ခြစ်ထုတ် ရသေးသည်။ လမ်းပေါ် ကိုယ့်ကား ရောက်အောင်လည်း ဒရိုက်ဗ်ဝေးမှာ ရှိနေသည့် ဒင်းတို့ကို အရင် မြေလှန် ရသေးသည်။ နိစ္စဓူဝ။ ကြာတော့လည်း ဒါတွေကို သူ စိတ်ပျက်လာသည်။

သည်လိုနဲ့ နီးစပ်ရာ သူငယ်ချင်းတွေကို လှမ်းဆက်သွယ် စုံစမ်းရင်း ကိုယ့်တိုင်းပြည်နဲ့ ရာသီဥတု အကြမ်းဖျင်း တူညီသည့် တောင်ပိုင်း ပြည်နယ်တခုကို သူတို့ မိသားစု ရွှေ့ပြောင်းဖြစ်ခဲ့သည်။ ရေခဲသေတ္တာပြည်နယ်နဲ့ ဝေးရာ သည်မြို့လေးက သေးငယ်သော်လည်း သပ်ရပ်သန့်ရှင်းနေသည်။ သူ နေခဲ့ဖူးသမျှ မြို့များနဲ့ တခြားဆီ။ တိတ်ဆိတ်သည်။ လူတွေ များများစားစား မတွေ့ရ။ မျက်စေ့နောက်စရာတွေလည်း သိပ်မရှိ။ ရာဇ၀တ်မှုကလည်း နည်းသည် (စာရင်းဇယားတွေအရ)။ ပင်လယ် ကမ်းခြေနဲ့လည်း နီးသေးသည်။ သည်လိုနဲ့ သည်မြို့လေးမှာ သူ့မိသားစုကို အခြေချဖို့ သူ ဆုံးဖြတ်လိုက်သည်။ ဇနီးသည်ကလည်း သဘောတူလေသည်။ သည်လိုနဲ့ သည်မြို့လေးကို သူပြောင်းရွှေ့ ရောက်ရှိနေခဲ့သည်မှာ ဆယ်နှစ်ပင် ရှိရော့မည်။ သည်နှစ်များအတွင်း အလုပ်တခုပြီးတခု သူ ပြောင်းလုပ်ဖြစ်ခဲ့သည်။ အလုပ်သစ်တိုင်းက ၀င်ငွေပိုများသည့် အလုပ်တွေပဲ ဖြစ်သည်။ အခုလည်း နောက်ထပ် ၀င်ငွေပိုရသည့် အလုပ်သစ်တခုကို သူရခဲ့သည်။

အလုပ်အသစ်ရတော့ သူ အိမ်ပြောင်းဖို့ လုပ်ရလေသည်။ သူ့ အလုပ်အသစ်နဲ့ အနီးဆုံး နေရာတခုမှာ အပတ်မဲင့်တခု ရှာတွေ့ပြီးတဲ့နောက် သူအိမ်ပြောင်းခဲ့သည်။ သူနေတဲ့ အပတ်မဲင့်နဲ့ အလုပ်သစ်က ၁၅ မိနစ်စာ လမ်းလျှောက်သွားရုံသာ ဝေးလေသည်။ အလုပ်က မနက် ၇ နာရီခွဲ စတော့ အိမ်က ၇ နာရီ ၁၅ မိနစ်ဆိုရင် သူ စထွက်ရပြီ။ အလုပ်က နေ့လည် ထမင်းစားချိန် တနာရီရသည်။ နေ့လည် ၁၂ နာရီဆိုရင် သူအိမ်ပြန် ထမင်းစားသည်။ ခဏ နားပြီးတော့ အလုပ်ကို ပြန်သွား။ ညနေ ၅ နာရီဆို အလုပ်သိမ်း အိမ်ပြန်လာ။ သည်လိုနဲ့ သူ့ အပတ်မဲင့်နဲ့ အလုပ်ကို တနေ့တနေ့ အသွားအပြန် ၂ခေါက် နေ့တိုင်း လျှောက်ဖြစ်နေသည်။ သို့ပေမယ့် သည်မြို့မှာက လမ်းပေါ်မှာ လမ်းလျှောက်သူက နည်းပါးလွန်းလှသည်။ အလွန်ရှားရှားပါးပါး တွေ့ရခဲလေသည်။ လူအားလုံးက ကားတွေနဲ့ချည်း သွားလာနေကြသည်။ တခါတခါ ကျန်းမာရေးအတွက် လမ်းလျှောက်သူ၊ ဂျော့ဂင်းလုပ်နေသူ တချို့ကလွဲလို့ လမ်းပေါ်မှာက ကားတွေချည်းသာ။ သူကတော့ ကားရှိပေမယ့် အလုပ်နဲ့ အိမ်က နီးတာ တကြောင်း၊ ဓါတ်ဆီ ချွေတာရာလည်းကျ၊ ကျန်းမာရေးအတွက်လည်း ကောင်းတဲ့အတွက် အလုပ်ကို လမ်းပဲ လျှောက်သွားဖြစ်နေသည်။

အလုပ် စ၀င်ကာစကတော့ အလုပ်အသစ်ဖြစ်နေလို့ အလုပ်ကိစ္စက အဓိကဖြစ်နေတော့ သူ့ အပတ်မဲင့် ပတ်ဝန်းကျင်ကို သူ သတိ မထားမိသေး။ နောက် တပတ်လောက် ကြာလာတော့ သူလည်း ပတ်ဝန်းကျင်ကို စပြီး အကဲခတ်မိလာသည်။

အဲသည်မှာ သည်ငတိကို သူ သတိထားမိသွားခြင်းပဲဖြစ်သည်။ သူ့အလုပ်က တပတ် ၆ ရက် လုပ်ရသည်။ တနင်္ဂနွေ တရက်မှအပ နေ့တိုင်း သူ့ အပတ်မဲင့်နဲ့ အလုပ်ကြား အသွားအပြန်လုပ်တိုင်း သူ့အပတ်မဲင့်နဲ့ ကပ်ရက်ရှိနေသော ဒုတိယအပတ်မဲင့်ရဲ့ ပထမဆုံး ပြူတင်းပေါက်မှာ သူ့ကို အပေါ်စီးက ကြည့်နေသော သည်ငတိကို တွေ့နေရလေသည်။ ပြူတင်းပေါက် ဘောင်မှာ ထိုင်လျက် သူ့ကို စိမ်းစိမ်းကြီးစိုက်ကြည့်လို့။ သူ အလုပ်ဆင်းတဲ့နေ့တိုင်း အပတ်မဲင့်နဲ့ အလုပ်ကို အသွားအပြန် ၂ ခေါက် လျှောက်နေရတော့ သည်ငတိကို တနေ့ ၄ ကြိမ် သူတွေ့နေရသည်လေ။ အခုဆို အလုပ်သစ်ကို လုပ်နေခဲ့သည်မှာ တနှစ် ကျော်လာခဲ့ပြီ။ သည် ငတိကို တနေ့ ၄ ကြိမ် တွေ့နေရတာကလည်း တနှစ်ကျော်လာပြီ။ ဘယ်အချိန်ကြည့်ကြည့် သည်ငတိကို ပြူတင်းပေါက်မှာချည်း တွေ့တွေ့နေရလေသည်။ ဘယ်အချိန် တွေ့တွေ့ သည်ငတိကတော့ သူ့ကို စောင့်ကြည့် နေတာချည်း။ သူ အဲလိုပဲ ခံစားနေရလေသည်။ အဲသည် ငတိမှာ တခြားအလုပ်လည်း ရှိပုံမရလေ။

ကြာလာတော့ သည်ငတိအပေါ် သူ မနာလိုစိတ် နည်းနည်း စဖြစ်လာလေသည်။ သူ့မှာက တပတ် ၆ ရက် အလုပ်လုပ်နေရပြီး သည်ငတိကတော့ ဘာအလုပ်မှ မလုပ်ရပဲ တနေ့နေ့ ပြူတင်းပေါက်မှာနေပြီး သူ့ကို ထိုင်ထိုင်ကြည့်နေတာပဲရှိသည်။ ကြည့်ရတာ တနေ့လုံးပဲ အဲဒီမှာ လူတွေကို ထိုင်ကြည့်နေသလားတောင် မသိ။ သူ့လို ဘ၀မျိုးသာ ငါရကြည့်ပါလား။ သူ့လိုမျိုး ပြူတင်းပေါက်မှာ အချိန်ထိုင်ဖြုန်းနေမယ့်အစား တခြား ၀ါသနာပါတာတွေ အများကြီး လုပ်ဖြစ်မှာပဲလို့ သူတွေးနေမိသည်။ ကဗျာတွေရေးမယ်၊ သီချင်းတွေ စပ်မယ်၊ စာတွေလည်း အများကြီးဖတ်ဖြစ်မှာပဲ။ အမယ်လေး - ကောင်းလိုက်တာ - အဲလိုဘ၀မျိုးကို ငါကျတော့ ဘာလို့ မရတာလဲ-လို့လည်း သူ့ဘာသာ စဉ်းစားနေမိသည်။ ပြီးတော့ ဆက်စဉ်းစားရင်း သည်ငတိကြည့်ရတာ မိသားစုလည်း ရှိပုံ မပေါ်ဘူး-လို့လည်း တွေးမိလိုက်သေးသည်။

သည်နေ့လည်း အလုပ်ကအပြန် တာဝန်တခုလို အဲဒီပြူတင်းပေါက်ကို ကြည့်လိုက်မိသေးသည်။ ထုံးစံအတိုင်း ငတိက သူ့ကို ငုံ့ကြည့်နေသည်။ သူကလည်း ပြန်မော့ကြည့်ရင်း ပြုံးပြလိုက်ရရင် ကောင်းမလားလို့ အူကြောင်ကြားနဲ့ စဉ်းစားမိလိုက်သေးသည်။ သည်ငတိကတော့ သူပြုံးပြသည့်တိုင် သူ့ကို ပြန်ပြုံးပြမယ့်ပုံတော့ မရှိလေ။ အိမ်ရောက်တော့ ဇနီးသည်ကို သည်ငတိ အကြောင်း ပြောပြလိုက်သေးသည်။ ဇနီးသည်ကတော့ - အို သူက ဖြတ်သွားတဲ့ လူတိုင်းကို စောင့်ကြည့်နေတာဖြစ်မှာပေါ့။ ရှင့်တယောက်တည်းကိုပဲ စောင့်ကြည့်နေတာ မဖြစ်နိုင်ပါဘူး။ လျှောက်ပြီး အတွေးကြောင်မနေစမ်းပါနဲ့။ ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ - လို့ မှတ်ချက်လိုလို အမိန့်လိုလိုပေးလေသည်။

သည်လိုနဲ့ သူ့ရင်ထဲမှာ အစိုင်အခဲတခု ဖြစ်နေလေတော့သည်။ သည်ငတိကြောင့်ပေါ့။ သည်ငတိနဲ့သူ မတူတဲ့ ဘ၀တွေ ရှိနေတာကြောင့်။ ဘ၀တွေက ဘာလို့ မတူကြရတာလဲ၊ ဘယ်သူက မတူအောင် လုပ်လိုက်တာလဲ၊ ဘာကြောင့် လုပ်တာလဲ၊ ငါ့ကျတော့မှ လယ်ထွန်ရတဲ့ နွားတကောင်လိုပဲ ရုန်းကန်နေရတယ်။ တကယ်တော့ ငါဟာ လူတယောက် မဟုတ်တော့ဘူး။ ငါဟာ တိရိစ္ဆာန်တကောင်ပဲ၊ ငါဟာ ဘ၀အတွက် တိရိစ္ဆာန်တကောင်လို အတင်းရုန်းနေရတယ်။ ပြောရရင် ငါဟာ လူတကောင်ပေါ့။

----------

တခါတခါတော့ ရှင်သန်နေရတာကို သူလည်း စိတ်ကုန်လေသည်။ မိခင် နဲ့ ဖခင်ကိုတောင် ဘယ်သူမှန်း မသိခဲ့ရလေသော သူ့ဘ၀ကို သူ စိတ်နာသည်။ အခု သူ့ကို မွေးစားခဲ့သော မိခင်ဖြစ်သူက သူ့ကို မိဘမဲ့ ဂေဟာမှ အပြီးအပိုင် တရားဝင် စာရွက်စာတမ်းနဲ့ မွေးစားခဲ့ခြင်း ဖြစ်လေသည်။ လောကကြီးဆိုတာကို သူ စတင် မှတ်မိသော အချိန်က မိဘမဲ့ ဂေဟာမှာ သူ ရောက်နေခဲ့ပြီးပြီလေ။ မိဘမဲ့ ဂေဟာမှာတော့ အားလုံးက ဘ၀တူသူတွေချည်း။ မိဘဆိုတာကို ဖြူသလား မည်းသလား သိဖူးသူ တယောက်မျှ မရှိရ။ သည့်အပြင် သည်မိဘမဲ့ဂေဟာကိုတောင် ကိုယ်တွေ ဘယ်လို ရောက်လာခဲ့တာလဲ-ဆိုတာကိုတောင် ဘယ်သူကမှ မသိကြ။ အားလုံးက မွေးကင်းစဘ၀မှာ ဒီနေရာကို ရောက်နေခဲ့ကြရသူတွေ။

မိဘမဲ့ဂေဟာမှာတော့ အားလုံးက ကိုယ့်အခန်းလေးတွေနဲ့ ကိုယ် နေကြရသည်လေ။ ဘာကြောင့် တခန်းစီ နေကြရတာလဲတော့ သူလည်း မသိပေ။ ဖြစ်နိုင်တာက တစုံတရာ ပြသနာ ရှိလို့ပဲဖြစ်မည်။ သေချာတာ တခုကတော့ မည်သူမျှ တခန်းထဲ အတူမနေကြရခြင်းပင်။ အားလုံး ကိုယ့်အခန်းနဲ့ကိုယ်။ မိဘမဲ့ဂေဟာကို တာဝန်ယူထားကြသူများက အရာအားလုံးကို စီစဉ်လေသည်။ သူတို့အားလုံးက ထိုသူများ စီမံခန့်ခွဲသည့်အတိုင်း လိုက်လုပ်ကြရုံသာ။

သည်မှာ ရီစရာကောင်းတာလား- ၀မ်းနည်းစရာကောင်းတာလား- သူလည်း မပြောပြနိုင်သော ကိစ္စတခု ရှိသေးသည်။ သူတို့ အားလုံးမှာ မိဘမဲ့များဖြစ်ကြသည့်အလျောက် အမည်လည်း မဲ့ကြသည်လေ။ သည့်အတွက် ဂေဟာမှ တာဝန်ရှိသူများက သူတို့အားလုံးကို မတူသော နံမည်တခုစီ ပေးထားလေသည်။ ထို နံမည်များကလည်း သူတို့ရဲ့ သွင်ပြင်လက္ခဏာ၊ ထူးခြားမှုတခုခု အစရှိသည်တို့အပေါ် အကြောင်းပြုပြီး ပေးထားခြင်း ဖြစ်လေသည်။ ခပ်ဖြူဖြူ ငတိက ငဖြူ။ ခပ်မဲမဲ ကောင်က ငမဲ။ ခပ်၀၀ ပုဂ္ဂိုလ်ကိုတော့ င၀-စသည်ဖြင့်ပေါ့။ နံမည်တွေက အမျိုးစုံပါပဲ။ သူကတော့ ဒီကိစ္စအပေါ်မှာ သိပ်ပြီး ရေးကြီးခွင်ကျယ် သဘောမထား၊ ဘာကြောင့်လဲဆိုတော့ ဘယ်လိုပဲ နံမည်တွေ ပေးပေး နံမည်တွေကွဲကွဲ ဘ၀တွေက အတူတူပဲ မဟုတ်လား။ သည်တော့ သူ့ကို ဘာနံမည်ပေးထားမှန်းတောင် သူ သတိမထားမိပေ။ သူ့ကို ကြည့်ပြီး နံမည်တခုခု ရွတ်နေပြီဆို ဒါ ငါ့ကို ခေါ်တာပဲလို့ သူသိနေသည်လေ။ သူက အဲသည်လို ငတိဖြစ်လေသည်။

သည်လိုနဲ့ လောကကြီးကို သူ စတင်သိရှိခဲ့ရာ မိဘမဲ့ဂေဟာမှ မွေးစားမိခင်၏ အိမ်ဂေဟာသို့ သူ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်။ သူ့မွေးစားမိခင်က သူကို တနေ့ အစား ၃ နပ်ကျွေးလေသည်။ သူမ အလုပ်မသွားခင် သူ့ကို ထွေးပိုက်ပြီး မနက်စာကျွေးသည်။ သူ့ကို ဆံပင်တွေ ဘာတွေ ဖီးသင်ပေးသည်။ နောက် နေ့လည်စာအတွက် အဆင့်သင့် ပြင်ဆင်ပေးသွားပြီး - အမေ သွားပြီနော်။ သား- အိမ်မှာ ကောင်းကောင်းနေ။ ညနေကျရင် ပြန်တွေ့မယ် ဟုတ်လား-
နိစ္စဓူဝ သူမ ပြောနေကျ စကားကို ပြောပြီး ထွက်သွားလေသည်။ သည့်နောက်တော့ သူမ ပြန်မရောက်လာမချင်း သည်အိမ်ထဲမှာ သူ လုပ်ချင်ရာ လုပ်နိုင်သည်လေ။ တခု တွေးကြည့်လျင်တော့ အတော် သက်တောင့် သက်သာရှိပြီး လွတ်လပ်သည့် ဘ၀လို့ပဲ ပြောရပေမည်။ သူ့မှာ ဘာတာဝန်မှလည်း မရှိ၊ လုပ်စရာလည်း ဘာတခုမှ မရှိ။ လုပ်ချင်တာ အားလုံးကို သည်အိမ်အတွင်းမှာ သူလုပ်နိုင်သည်လေ။ သည် အိမ်ကို စရောက်ခါစကတော့ သူ အလွန်ပျော်သည်။ ဂေဟာမှာလို မဟုတ်တော့ အတော့်ကိုပင် လွတ်လပ်မှုအရသာကို သူ ချိုမြိန်နေခဲ့မိသည်။

သည်လိုနဲ့ ရက်တွေ ဘယ်လောက် ကုန်လာမှန်း သူမသိတော့။ ကြာလာတော့ နေ့စဉ် သူဖြတ်သန်းနေရသည့် ပုံမှန်လည်ပတ်မှုများကို သူ စတင် ငြည်းငွေ့လာမိလေသည်။ နေ့စဉ် မနက်စာစား။ ပြီးတော့ နေ့လည်စာ။ ပြီးတော့ သူ့ မွေးစားမိခင်ပြန်လာရင် ညစာစား။ ပြီးရင် အိပ်။
နိစ္စဓူဝ သည်လိုပဲ လည်ပတ်နေလေသည်။

သည်လိုနဲ့ တနေ့သားတော့ မနက်စာ စားအပြီး သူနေ့စဉ် လုပ်နေကျ အလုပ်တခုကို ရပ်နားလိုက်ပြီး မနက်စာ စားနေကျ စားပွဲနားက ပြူတင်းပေါက်ဆီ သူ ချဉ်းကပ်သွားမိသည်။ ပြီးတော့ ပြူတင်းပေါက်မှာ အလှဆင်ထားသည့် ကန့်လန့်ကာတွေကြားမှ သူ့ကိုယ်ကို တိုးဝှေ့လိုက်ရင်း ပြူတင်းပေါက် ဘောင်ပေါ်မှာ သူထိုင်လိုက်မိသည်။ အိုး..... သည်တော့မှ သူ့ အိမ်ခန်းနဲ့ မတူတဲ့ တခြားကမ္ဘာတခုကို သူ စတင် တွေ့လိုက်ရလေသည်။

သူ့အရှေ့မှာ မြင်နေရသည်က ကွက်လပ်တခုနဲ့ ကတ္တရာလမ်းတခု။ ကွက်လပ်ထဲမှာ ကားတချို့ ရပ်ထားတာကို သူ တွေ့နေရသည်။ အမှန်ကတော့ သည်ကွက်လပ်က ကားတွေ ရပ်နားသည့် ပတ်ကင်းလော့ တခုသာဖြစ်သည်။ ဒါပေသည့် သူက ကား မမောင်းတဲ့ကောင်၊ ကားအကြောင်း မသိတဲ့ကောင် ဖြစ်လေတော့ ပတ်ကင်းလော့မှန်းတောင် မသိ။ ကတ္တရာ လမ်းပေါ်မှာတော့ ကားတစင်းစ နှစ်စင်းစ ဖြတ်သန်း မောင်းနှင်သွားနေသည်။ သည်လိုနဲ့ သူ့ အာရုံကို ပြူတင်းပေါက်မှ မြင်နေရသည့် အရာများဆီသို့ စူးစိုက်ထားခဲ့မိသည်။ သည်လိုနဲ့ ကမ္ဘာသစ်တခုကို ပြူတင်းပေါက်မှတဆင့် သူ စတင် ထိတွေ့ခွင့် ရသွားလေတော့သည်။ ထိုနေ့မှစပြီး သူ့မွေးစားမိခင် အိမ်မှ ထွက်သွားသည်နှင့် သူ့ နေ့စဉ်လုပ်သည့် အလုပ်က ပြူတင်းပေါက်မှ မြင်နေရသည့် ကွက်လပ်နှင့် ကတ္တရာလမ်းပေါ်မှ လှုပ်ရှားမှုများကို စောင့်ကြည့်ရခြင်း ဖြစ်သွားလေသည်။

သည်လို စောင့်ကြည့်နေရင်း နေ့စဉ် ကားမျိုးစုံကို သူတွေ့နေရသည်။ တခါတရံ ရေငှက်မျိုးစုံကို အုပ်လိုက် လျှောက်သွားရင်း အစာရှာနေကြတာ သူတွေ့နေရသည်။ တခါတခါလည်း ထိုရေငှက်များကို သူအရမ်း အားကျသည်လေ။ ကိုယ့်အစာ ကိုယ်ရှာ စားရတဲ့အရသာဟာ ဘယ်လိုနေသလဲ။ သည်မှာကတော့ ပင်လယ်ကမ်းခြေနဲ့ နီးနေတော့ ရေငှက်မျိုးစုံကို တနေကုန် တွေ့နိုင်နေသည်လေ။ ပုံမှန်အားဖြင့်တော့ သူ့ပြူတင်းပေါက်မှ နေ့စဉ် သူမြင်နေရသည်မှာ လွတ်လပ်စွာ အစာ ရှာဖွေစားသောက်နေသော မျိုးစိတ် မတူသော အမျိုးစုံသော ရေငှက်များ။ မည်သည့်အခါမျှ အရောင်၊ ပုံစံ၊ အရှိန်နှင့် နံပတ် မတူသော ကားများ။ သူမြင်နေသမျှ အရာအားလုံးက မည်သည့်အခါမျှ မတူသည်များသာ ဖြစ်နေလေသည်။ အချိန်တိုင်းမှာ အားလုံးက ပြောင်းလဲ နေကြသည်လေ။ မပြောင်းလဲသည်က သူ။

သည်လိုနဲ့ သူ့ ပြူတင်းပေါက်က မြင်နေရသော အမြဲပြောင်းလဲနေသည့် အရာများကြားမှာ တနေ့တော့ သည်လူကို သူ စတွေ့ခဲ့လေသည်။ သူ့ အိမ်ရှေ့က ကားလမ်းနဲ့ ကွက်လပ်ပေါ်မှာတောင် ကားတစီးကို တနေ့ ၂ ခါ သူမတွေ့ရ၊ သည်လူ့ကိုကျတော့ စတွေ့ခဲ့ရသည်နေ့ကစပြီး တနေ့ ၄ ကြိမ် တွေ့တွေ့နေရတော့ သူ မှတ်မိသွားလေသည်။ တရက်ပဲ သည်လူ ပျောက်သွားသည်။ သူစောင့် ကြည့်နေသော်လည်း နေ၀င်သည်အထိ သည်လူ ပေါ်မလာတော့။ ဘယ်နေ့လဲတော့ သူ မသိချေ။ နောက်တနေ့ကျတော့ သည်လူ ပြန်ပေါ်လာပြန်သည်။ သည်လိုနဲ့ နေ့စဉ်ရက်ဆက် ပြန်တွေ့ နေရပြန်သည်။ တခါ သည်လူ ပြန်ပျောက်သွား ပြန်သည်။ ညနေ နေ၀င်သွားပြီးသည်အထိ သည်လူ့ကို သူ မတွေ့ရတော့။ သူ့စိတ်ထဲ ၀မ်းနည်း သလိုလိုတောင် ဖြစ်လိုက်မိသေးသည်။ သို့သော်လည်း နောက်နေ့ မနက်ကျပြန်တော့ သည်လူ့ကို သူပြန်မြင်ရပြန်သည်လေ။ သည်လိုနဲ့ အချိန်တခုမှာ သည်လူ ပုံမှန် ပျောက်သွားတာကို သူ မှတ်မှတ် ရရ ရှိသွားတော့သည်။ စိတ်ထဲမှာလည်း ဒီလူ တရက် ပျောက်မယ်- ပြီးရင် နေ့စဉ် ပြန်ပေါ်လာမှာ-လို့ သူ နားလည်သွားသည်။

သည်လိုနဲ့ နေ့စဉ် သည်လူ့ကို သူ ထိုင်စောင့်ကြည့်ဖြစ်နေသည်။ အစောပိုင်း ရက်များကတော့ သည်လူက သူ့ကို သတိထားမိပုံ မရချေ။ သို့သော်လည်း နောက်ပိုင်း ရက်များမှာတော့ သည်လူက ဟိုကြည့် သည်ကြည့် စလုပ် လာလေသည်။ နောက်တရက်တော့ သည်လူနှင့် သူ မျက်နှာချင်း ဆိုင်မိသွားကြသည်။ သူကတော့ သူ့ ပြူတင်းပေါက်မှ တဆင့် အောက်သို့ ငုံကြည့်နေခြင်းသာ။ သည်လူကတော့ သူ့ကို မော့ ကြည့်နေလေသည်။

ထိုနေ့မှစ၍ သည်လူနဲ့သူု အကြည့်ချင်း ဆိုင်ဖြစ်နေသည်မှာ သူ့ ပြူတင်းပေါက်ရှေ့မှ သည်လူ ဖြတ်တိုင်း ဖြစ်နေလေတော့သည်။ သူ့ စိတ်ထဲမှာတော့ သည်လူက သူ့ အဖော် ဖြစ်နေလေပြီ။ သည်လူကလည်း သူ့လိုမျိုး ဖြစ်နေလေသည်လားတော့ မသိ။ သူ့ ပြူတင်းပေါက်ရှေ့ ရောက်တိုင်း သူ့ကို မော့်ကြည့်လေသည်။ သူကတော့ သည်ပြူတင်းပေါက်ပေါ်ကနေကြည့်ပြီး သည်လူ့ ဘ၀ကို အားကျမိနေသေးသည်။ စိတ်ထဲ စဉ်းစား နေမိသေးသည်က ဒီလူကတော့ တရက် ပျောက်သွားသေးတယ်။ ငါကတော့ တရက်မှ မပျောက်နိုင်ဘူး။ နေ့တိုင်း ဒီ ပြူတင်းပေါက်ကပဲ ထိုင်ကြည့်နေရတယ်။ ဒီလူ့ ဘ၀လိုမျိုးကို ငါကျတော့ ဘာလို့ မရတာလဲ။ သူစဉ်းစား မိလိုက်သည်။ အဖြေကတော့ မရှိ။ ပြူတင်းပေါက်ရှေ့မှာ တွေ့နေရသည့် ရေငှက်တွေကိုတောင် မဆီမဆိုင် သူ ကျိန်ဆဲလိုက်မိသေးသည်။ ဒီကောင်တွေကလည်း နေ့တိုင်းပဲ---ဟွန်း...။

----------

အိမ်မှန်ရင် တံခါးတပေါက်ကတော့ ရှိကိုရှိရသည်။ တံခါးမရှိရင် အိမ်မဟုတ်ရ။ ဒါကိုတော့ ဘယ်သူကမှ အဓိပ္ပါယ် သတ်မှတ်ထားခဲ့သည်မဟုတ်။ ဒါပေသည့် အခြေခံကျကျ ပြန်တွေးကြည့်လျင် အိမ်မှန်ရင် တံခါး တပေါက်တော့ ရှိရမည်။ ဒါမှလည်း သည် အိမ်ထဲသို့ ၀င်လို့ ထွက်လို့ ရမည် မဟုတ်လား။ တချို့အိမ်တွေမှာတော့ တံခါးက တခုထက်မက ရှိသည်လေ။ အိမ်ရှေ့တံခါး၊ အိမ်နောက်တံခါး-စသည်ဖြင့်။

နောက်ပြီး အိမ်မှန်ရင် ပြူတင်းပေါက် တခုတော့ အနည်းဆုံး ရှိကြရသည်။ ပြူတင်းပေါက် အရေအတွက်ကလည်း ယေဘူယျအားဖြင့် အိမ်မှာ အခန်းရှိသလောက် ပြူတင်းပေါက်တွေ ရှိကြသည်လေ။ ပြူတင်းပေါက် လုံးဝမရှိရင်တော့ ဒါ အိမ် မဖြစ်နိုင်ချေ။ တခြားတခုခုသာဖြစ်မည်။ ဥပမာ- အချုပ်ခန်း - ဒါမှ မဟုတ် အကျဉ်းထောင်- စသည်ဖြင့်။

ပြောရရင် တံခါးဆိုတာကတော့ အပြင်ကနေ အိမ်ထဲကို ၀င်ဖို့ - ဒါမှမဟုတ် အိမ်ထဲကနေ အပြင်ကို ထွက်ဖို့။ ပြီးရင် ၀င်စေချင်သူကို ၀မ်းသာအားရ ဖွင့်ပေးဖို့ - ဒါမှ မဟုတ် မ၀င်စေချင်သူကို အိမ်ထဲ ၀င်မလာနိုင်အောင် ပိတ်ဆို့ထားဖို့သာ ဖြစ်လေသည်။ ဒါက တံခါးရဲ့ အလုပ်။ တနည်းပြောရရင်တော့ တံခါးဆိုသည်မှာ လွတ်လပ် ကျယ်ပြန့်သော ပြင်ပလောကကြီးနဲ့ ကျဉ်းမြောင်း ကျပ်တည်းသော အိမ်ဆိုသည့် အရပ်တခုကို ဆက်စပ်ပေးသောအရာ - သို့မဟုတ် - အဆက် ဖြတ်ပေးသော အရာသာ ဖြစ်လေသည်။ ဒါကြောင့်မို့လည်း တံခါးပိတ်ဝါဒ၊ တံခါးပိတ်ထားသူ - စသည့် ဝေါဟာရများကို မြင်တွေ့ ကြားသိ နေကြရခြင်းဖြစ်သည်လေ။

ပြူတင်းပေါက်ကတော့ တံခါးက မလုပ်ပေးနိုင်သည့် အလုပ်များ- သို့မဟုတ် - တံခါးက လုပ်လို့ မဖြစ်သည်များကို လုပ်ပေးနေသော အရာတခုသာ ဖြစ်လေသည်။ ဥပမာ - အိမ်ထဲသို့ သန့်ရှင်းလတ်ဆတ်သော လေညင်း- သို့မဟုတ် - ကြည်လင်တောက်ပသော အလင်း-စတာတွေကို အိမ်ထဲသို့ ၀င်ခွင့်ပေးခြင်းမျိုး။ သို့သော်လည်း ပြူတင်းပေါက်နဲ့တံခါး မတူသည်များက ထူးခြားနေသေးသည်။ တံခါးက ပိတ်ဆို့နိုင်သည်၊ ဖွင့်ပေးနိုင်သည်။ တံခါးက ပြင်ပလောကနဲ့ အိမ်ကို ဆက်စပ်နိုင်သည် - အဆက်ဖြတ်နိုင်သည်။ ပြူတင်းပေါက်ကတော့ သည်လိုမဟုတ်၊ ပြူတင်းပေါက်က အိမ်ထဲမှာ ရှိနေသူကို ပြင်ပလောကကြီးကို ကြည့်ခွင့်ပေးသည်။ ပြင်ပလောကမှာ ရှိနေသူကိုလည်း အိမ်ထဲသို့ တပိုင်းတစ ရှုမြင်ခွင့် ပေးသည်။ ဒါပေသည့် ကျိန်းသေတာ တခုကတော့ ပြူတင်းပေါက်က ကြည့်ရှုယုံသာဖြစ်ပြီး ၀င်လို့ထွက်လို့မရ။

တနည်းပြောရရင် ပြူတင်းပေါက်က မတူသည့် ကမ္ဘာနှစ်ခုကို မည်သည့်အခါကမျှ ရောယှက်ခွင့် မပေးချေ။ အကျိုးဆက်အဖြစ် ပြူတင်းပေါက်တခုရဲ့ ဟိုဖက်သည်ဖက်မှာ ရှိနေသမျှ တဦးနဲ့တဦး မြင်ယုံသာမြင်ရပြီး မည်သည့်အခါမျှ နားလည်မှု ရလိမ့်မည် မဟုတ်ချေ။

- အောင်သာငယ် -

May 22, 2008

အလင်းကို တသငံ့လင့်











တောရိပ် မှောင်ရီစ
မာရသွန် တိမ်နီတွေ
ငှက်တအုပ်ကို ပွေ့ချီလို့...။

ခြေသွားလမ်းတလျှောက်
ဆူးရစ်ကောက်တွေက
မို့မောက်တဲ့ ဒေါသတွေနဲ့ ...။

အမှောင်
တောင်ယာတဲထဲ
ပုန်းခိုမယ့်ဆဲဆဲ ...။

လောကငဲ့...
အလင်းခပ်များများ
ပေးသွားပါဦးကွယ့်
လောဘနည်းတဲ့
ဟော့ဒီ
တောင်ယာတဲကလေးဆီ။

လောကရဲ့
လှည့်စားမှု အတွန့်အခေါက်တွေထဲ
မှောက်လျက်လဲတဲ့အခါ
တောင်ယာတဲလေ
နွေဆို ရေ
မိုးဆို ထီး
ဆောင်းဆို မီး
ဖြည့်ဆည်းနိုင်ခဲ့လေရဲ့...။

မဆုံးသေးတဲ့
ညတွေ...
ပြီးတော့ -
ရောက်လာမယ့်
မဖြစ်မြောက်သေးတဲ့ နေ့တရက်
ဒါဟာ ၀ိုင်တခွက်ဆိုရင်
တရှိုက်မက်မက် သောက်သုံးဖို့
တောင်ယာတဲဆိုတာ လိုအပ်တယ်။

လောကရေ ...
တို့တတွေ ရပ်နားတဲ့
ပြီးရင် ဖြတ်သွားမယ့်
ဟော့ဒီ တောင်ယာတဲကလေးဆီ
နေ မဝေးမီ
အလင်းခပ်များများ
ပေးသွားပါဦးကွယ့်။

ATN

သေနတ်တလက်ကို လွယ်ပိုးရင်း
ဆင်းတက်ခဲ့ဖူးတဲ့ တောင်ကြောပေါ်က
တောင်ယာတဲလေးတခုသို့ အမှတ်တရ

၁၉၉၆ နိုဝင်ဘာလထုတ် ဒေါင်းအိုးဝေ အတွဲ ၁ အမှတ် ၁ မှာ ဖော်ပြခဲ့တဲ့ ကဗျာပါ။

May 21, 2008

နာဂစ်စ်ပေးတဲ့ ဟစ်ပ်ဟော့ပ်တပုဒ်


နာဂစ်စ် ... နာဂစ်စ်... နာဂစ်စ်....

ဒင်း... နံမည်က အခုလို အင်တာနက် ခေတ်ကြီးမှာ ကမ္ဘာ့ ထောင့်ကြားတိုင်းမှာ ပဲ့တင်ပြန်နေလေတော့သည်။ နေရာတကာ ဒင်း...။ ဘယ်နေရာ ကြည့်ကြည့်...ဒင်း...။ ဘယ်ဆိုက် သွားသွား...ဒင်း....။ ဘယ်ဘလော့ တက်တက်...ဒင်း...။ ဘယ်ဝက်ဗ်ဆိုက် ၀င်ဝင်...ဒင်း...။ ဒင်း မျက်နှာချည်းသာ နေရာ အနှံ့။ အလုပ်ထဲ သွားတော့လည်း ဒင်း။ အလုပ်က ပြန်တော့လည်း ဒင်း။ အိမ်က မိန်းမမျက်နှာကို ကြည်မိတာတောင် ငိုမဲ့မဲ့နဲ့ ဒင်း...ကြောင့်ပဲ။၊

မေလ ၂ ရက်နေ့က စခဲ့သည့် ဒင်း ရမ်းကားမှုက မြစ်ဝကျွန်းပေါ်မှာရှိသမျှ ကျုပ်တို့ နိုင်ငံသားအားလုံးကို ဘ၀ ပျက်စေခဲ့သည်လေ။ လူအားလုံးကို ပေါင်းချိန်လို့မှ တဆယ်သားတောင်မပြည့်တဲ့ တပ်ကို အုပ်ချုပ်နေတဲ့ တပ်ချုပ်ကြီးရဲ့ နေပြည်တော်ကိုတော့ ယောင်လို့တောင် မျက်စောင်းမထိုးသွားဘူး။ အခုတော့ ကျုပ်တို့ တနိုင်ငံလုံးရဲ့ ထမင်းအိုးကြီးကိုမှ မှောက်ချသွားလေတယ်။ စပါးခင်းတွေ သွားပေါ့။ ၀မ်းစာတွေ သွားပေါ့။ မျိုးစပါးတွေ သွားပေါ့။ လယ်သမားတွေလည်း သွားပေါ့။ ကျွဲနွားတွေလည်း သွားပေါ့။ ဘာမှမကျန်ရစ်တော့ပြီ၊

အခုတော့ ဒင်းက ဘယ်ဘုံမှာ စံမြန်းလေသည်မသိ။ ကျုပ်တို့ နိုင်ငံသားတွေမှာတော့ အိုးမဲ့ အိမ်မဲ့။ စားစရာမဲ့။ နားခိုစရာမဲ့။ ကယ်မဲ့သူမဲ့၊ ဘ၀တွေကျိုးပဲ့လို့...။ တချို့ မိသားစုတွေဆို အားလုံးသေဆုံးခဲ့။ တချို့တော့ တယောက်တည်း ရှင်ကျန်ခဲ့။ ဝေဒနာတွေက တနေ့တခြား ပို တိုးတိုးလို့သာ လာနေတော့တယ်။ စိတ်သက်သာရာရစရာ တခုမှကို မရှိဘူး။

ရင်ထဲမှာ ဒေါသတွေက အစိုင်အခဲ...။
အိုး မိုင်.. ဘုရားရေ...လို့ မတ တတ်တာ ငါပဲ...။

သတင်းတွေကို ဖတ်ရတိုင်း ရင်ကွဲ...။
ဓါတ်ပုံတွေကို ကြည့်ရတိုင်း ကြေကွဲ...။

ကလေးငယ်လေးတွေရဲ့ သေပွဲ...။
အဲဒီ ဓါတ်ပုံတွေက ငါ့ကို ရင်ခွဲ...။

မိုးရေ ရွှံ့ဗွက်တွေထဲ ညီမငယ်ကို လက်ဆွဲ...။
မိသားစုမှာ ကျန်ခဲ့တာ နှစ်ယောက်ထဲ...။
အဲဒီအမရဲ့ဘ၀ကို ငါမကြည့်ရဲ...။

သားငယ်အလောင်းကို ပိုက်ပွေ့ ရင်ထဲ...။
မင့် အမေကို တော့ ငါ ရှာနေဆဲ...။
သွားနှင့်သားရေ လိုက်ခဲ့မယ် အဖေလည်း...။

မြေးကလေးတွေကို လက်တွေကနေဆွဲ...။
အဖိုးက အသက်ကြီးပြီဆိုတော့ အားကနည်း...။
ရေက ဆွဲချသွားတယ် အားလုံးကိုပဲ...။

အဖြစ်အပျက်တွေက နားမခံနိုင်အောင်ပဲ...။
ဒေါသတွေထွက်တော့ ငါက ကျိန်ဆဲ..။
ဘုရားတွေကလည်း ဘယ်ရောက်နေလဲ...။

ဆရာယော ပြောခဲ့သလိုပဲ...။
ငါ ဟစ်ဟော့ပ် ဆိုရရင် ကောင်းမလား- တွေးနေဆဲ...။

သီချင်းတပုဒ်တော့ ဟုတ်မယ် မထင်ဘူး။ ဝေဒနာတွေ ဖျော်ချထားတဲ့ အက်ဒ်ဗတ်မွန့်ရဲ့ အော်သံလိုမျိုး ပန်းချီကား တချပ်ပဲဖြစ်မယ် ထင်တယ်။

ဘာပဲဖြစ်ဖြစ် ကျနော် အော်ဟစ်ပစ်လိုက်တယ်။ ရင်ထဲက ဝေဒနာတွေ နည်းနည်းလောက် ပေါ့ပါးသွားမလားလို့။

- အောင်သာငယ် -

May 15, 2008

ငါသေသွားတဲ့နေ့













လုံးဝ ထုံထိုင်းသွားခဲ့တယ်။
ရာသီစက်ဝိုင်းတောင် နှေးကွေးလို့ ....

အဲဒါ ငါ့ နှလုံးခုန်သံပဲ။
အမှန်တရားကိုတောင်
သိပ် မသိချင်တော့ဘူး။
ဝေဒနာတွေ ဖိစီးသွားလို့ ---

ဒီလိုနဲ့
သစ် တပင်လို
ငါ ကြီးပြင်းခဲ့တယ်။

လည်ပင်းကို ရှည်မျော
တောအုပ်ညိုမဲထဲက အလုအယက်
တိုးဝှေ့ထွက်ရင်း
အလင်းကို မျှော်ခဲ့---။

ဒီလိုနဲ့
သစ် တပင်လို
ငါ ကျောက်ချခဲ့တယ်။

ရွေ့လျားလို့မရနိုင်သေးသရွေ့၊
`တနေ့နေ့ပေါ့`သီချင်းကို
အနှစ် ၂၀ ကျော်အောင် ငါဆိုခဲ့..

ဒီလိုနဲ့
သစ် တပင်လိုပဲ
ငါ အိုခဲ့တယ်။

သူငယ်ချင်းတွေ ရှိသမျှ
မိတ်ဆွေတွေ ရှိသမျှ
စိတ်မပျက်ကြပါနဲ့လေ။

တနေ့နေ့ကတော့
ကျနော်တို့ကို နုပျိုစေလိမ့်မပေါ့။

ဒီလိုနဲ့
ကျနော်လည်း အနှစ် နှစ်ဆယ်ကို
ဒယ်အိုးထဲ ထည့်လှော်နေခဲ့တယ်။

သတိရလို့
ကျနော်ပြန်ကြည့်မိတဲ့အခါ
အဲဒီအနှစ်နှစ်ဆယ်ဟာ
တူးခြစ်နေခဲ့ပေါ့။

ATN

May 11, 2008

မုန်တိုင်းဘေးသင့်မြန်မာများအား ကူညီကြပါ





မိတ်ဆွေတို့ရေ

တတ်နှိုင်သမျှ ဆင့်ပွားဝေမျှပေးကြပါနော်
Designer ကိုမျိုးရဲ့ လက်ရာပါ
ကျေးဇူးတင်ပါတယ်

မျိုးချစ်

May 8, 2008

အမုန်းတွေနဲ့ငါ
















ငါ ပေါက်ကွဲသွားပြီ။
ငါ့ တကိုယ်လုံး တစစီလွင့်စင်သွား--
နာဂစ်စ်စားသွားတဲ့ ငါ့နိုင်ငံသားတွေလို။

ငါ အစွမ်းကုန် ကြေကွဲတယ်၊
သေကွဲ- ရှင်ကွဲ-
မိသားစုဘ၀တွေ ပြတ်သတ်စုတ်ပြဲသွား
ငါ့နိုင်ငံသားတွေရဲ့ ဘ၀တွေ...။

ငါ့ လက်ထဲမှာရှိရှိသမျှ
ကြင်နာယုယမှုတွေနဲ့
မိသားစုဘ၀တွေကို
ပြန်သီတွဲစပ် ချုပ်လုပ်ပေးချင်တယ်။

ဓါတ်ပုံထဲက
အပြစ်မဲ့ ကလေးတွေရဲ့အလောင်းများ
ငါ့ အမျက်တွေ ချောင်းစီးသွားကုန်ပေါ့။

ငါ အစွမ်းကုန် ဒေါသထွက်တယ်-
ကမ္ဘာပေါ်က ရှိရှိသမျှ
လူတွေ ကိုးကွယ်နေကြတဲ့ နတ်ဘုရားအမျိုးစုံကို။

ငါ့လက်ထဲမှာရှိသမျှ
ခဲယမ်းမီးကျောက်မျိုးစုံနဲ့
အဲဒီ နတ်ဘုရားတွေ အပုံလိုက် လဲကျသွားအောင်
ငါ ပြစ်ခတ်ပစ်ချင်တယ်
ငါ့ နိုင်ငံသား ကလေးလေးတွေကို မကယ်လို့။

ငါ အစွမ်းကုန် မုန်းတီးတယ်-
ဗမာပြည်က ရှိရှိသမျှ
စစ်အာဏာရှင်တွေကို။

ငါ့လက်ထဲမှာရှိသမျှ
ခဲယမ်းမီးကျောက်မျိုးစုံနဲ့
အဲဒီ စစ်အာဏာရှင်တွေ အပုံလိုက် လဲကျသွားအောင်
ငါ ပြစ်ခတ်ပစ်ချင်တယ်
ငါ့ နိုင်ငံသားတွေကို မကယ်လို့။

နာဂစ်စ်
နင့်ကို ငါမုန်းတယ်။
ခါးခါးသည်းသည်း--

အချည်းအနှီးသော
ဘုရားမျိုးစုံ
သင်တို့အား အစွမ်းကုန် ငါမုန်း၏။

စစ်အာဏာရှင်များ
သင်တို့အား
နေ့ရက်များရှိသမျှ ငါမုန်း၏။

ငါ့အမုန်းတွေ အားလုံးပေါင်းပြစ်ရင်
နာဂစ်စ်ထက် အဆတသန်းပြင်းပေလိမ့်။

ATN

May 6, 2008

မိုးသီးဇွန် ရဲ့ အရေးပေါ် မေတ္တာရပ်ခံချက်

လေးစားရတဲ့  ဒီမိုကရေစီညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား

လေဘေးကြောင့်သေဆုံးတဲ့ သူအရေအတွက် ဟာ တသိန်ကျော်ရှိနေပါပြီ။ ပျောက်ဆုံတဲ့သူတွေလည်းရှာဖွေလို့ မရသေးပါဘူး။ ထိုင်းနိင်ငံက အကူညီဟာ လေယဉ်တစီးစာထဲမျှသာဖြစ်ပါတယ်။ လှိုင်သာယာက ဒုက္ခသည်တွေကို ကျော်ဆန်းက ဆန်အိပ် အသေး ၁၂၀ မျှသာ ဝေသွားခဲ့ပါတယ်။
ဒါဟာလုံးဝမလုံလောက်နိင်ပါဘူး။ ကျနော်တို့ လူထုအတွက် လိုအပ်နေတဲ့ အကူညီတွေကိုတကယ်တန်းထိထိရောက်ရောက်ပေးနိင်တာကတော့အမေရိကန်အစိုးရပဲဖြစ်ပါတယ်။ လေယဉ်သဘောင်္အမြန်ဆုံးရောက်ဖို့ အရေးကြီးတယ်။ ဟယ်လီကော်ပတာတွေနဲ့ 
ဒုက္ခဖြစ်နေတဲ့ ဒေသတွေကိုဝင်ရောက်ကူညီနိင်ဖို့ လိုအပ်တဲ့  စွမ်းရှည်ကို အမေရိကန်ရေတပ်ကသာပေးနိင်ပါတယ်။ သမတဂျော်ဘုရ်က မြန်မာပြည်ကို ကူညီဖို့  ပိုင်းဖြတ်ချက်ရှိနေပါပြီ။ ဒုက္ခရောက်နေတဲ့ကျနော်တို့ လူထုအတွက် အလိုအပ်ဆုံးသောကူညီမှုဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ ဆူနားမိဘေးအန္တရယ်ကျရောက်တုံးက အမေရိကန်ရေတပ်က ၀င်ရောက်ကူညီပေးခဲ့နိင်ပါတယ်။ အမေရိကန် အကူညီများရရှိရေး အတွက် နိင်ငံတကာရှိ ဒီမိုကရေစီမိတ်ဆွေများ မြန်မာသံရုံးရှေ့ မှာ သွားရောက်ဆန္ဒပြီး အမေရိကန် အကူညီကို လက်ခံဖို့  သွားရောက်ဆန္ဒပြပေးကြ ဖို့ မေတ္တာရပ်ခံပါတယ်။

May 1, 2008

အမှန်တရားအတွက် ကြက်ခြေခတ်( X )


ဟိုးတရက်က သတင်းစာဖတ်ရင်း ကာတွန်းလေး တကွက် သွားဖတ်မိတာ အရမ်း သဘောကျ သွားတယ်။ ကျနော်တို့ နိုင်ငံက စစ်အာဏာရှင်တွေကိုများ သရော်ထားလေသလားတောင် တွေးမိလိုက်သေးတယ်။

ကာတွန်းထဲမှာက - အကျဉ်းချ ခံထားရတဲ့ အကျဉ်းသားကို အကျဉ်းချထားတဲ့သူက ပြောနေလေရဲ့ - မင်းကို အကျဉ်းချခဲ့တာ ဘယ်နှနှစ်မှန်း ငါတို့ မမှတ်မိတော့ဘူး။ အဲဒီတော့ ငါတို့ အစကနေ ပြန်ပြီးတော့ မှတ်နေတယ် - ဆိုပဲ- အခု နအဖ လုပ်နေသလိုမျိုးပေါ့။



ကာတွန်းထဲက အိုမင်းပြီး စိတ်ပျက်နေတဲ့ အကျဉ်းသားက ကျနော်တို့ ပြည်သူလူထုပေါ့ဗျာ။ ယူနီဖောင်း အပြည့် အစုံနဲ့ ဟန်ကျပန်ကျ ငတိကတော့ အခု နအဖ စစ်အာဏာရှင်ပေါ့။

တကယ်ကတော့ ဒီစစ်အာဏာရှင်တွေဟာ အချိန်ကာလ အခြေအနေတွေကို လိုက်လို့၊ ပြည်သူလူထုရဲ့ အာခံ တော်လှန်မှုကို လိုက်လို့၊ နိုင်ငံရေး အခြေအနေ အတက်အကျတွေကို လိုက်လို့၊ နိုင်ငံတကာရဲ့ ဖိအားနဲ့ အာရုံစိုက်မှုတွေကို လိုက်လို့ ၁၉၆၂ ကတည်းကစပြီး တော်လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ နအဖ-စသည်ဖြင့် အခြေအနေတွေ အချိန်အခါတွေအရ သူတို့ကိုယ်သူတို့ အမည် အမျိုးမျိုး ပြောင်းလဲ ပေးခဲ့ကြတယ်။ ဒါကလည်း အလကားနေရင်း ပြောင်းခဲ့တာ မဟုတ်ဘူး။ သူတို့အတွက် နိုင်ငံရေးအရ အသက်ရှူပေါက် ချောင်အောင် လုပ်နေတာပဲ ဖြစ်ပါတယ်။ ပေးချင်တဲ့ နံမယ်ပေး။ ပြောင်းချင်တဲ့လူပြောင်း။ အနှစ်သာရကတော့ အတူတူပါပဲ၊ စစ်အာဏာရှင်စနစ်နဲ့ အဲဒီစနစ်ကို အသက်ဆက်ပေးနေတဲ့ စစ်အာဏာရှင်တွေကတော့ ဘယ်တော့မှ မပြောင်းလဲသွားခဲ့လေဘူး။ ကိုယ်ခန္ဓာပေါ်ကို တင်လိုက်တဲ့ အ၀တ်အစားတွေလိုပါပဲ။ အ၀တ်အစားတွေသာ ပြောင်းသွားတာ လူကဒီလူပါပဲ၊

ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ၀င်ရိုးတန်း ဖက်ဆစ်နိုင်ငံတွေကို ဘယ်တုန်းကမှ မတည့်ခဲ့တဲ့ နိုင်ငံရေး အင်အားစုကြီး နှစ်ရပ်ဖြစ်တဲ့ အရင်းရှင်တွေနဲ့ ကွန်မြူနစ်တွေဟာ ပေါင်းတိုက်ခဲ့ရတယ်။ ဒါဟာ ကမ္ဘာ့သမိုင်းမှာ သက်သေရှိပါတယ်။

ကျနော်တို့ ဗမာပြည်သူတရပ်လုံးဟာ အပေါ်က ကာတွန်းထဲကလိုပဲ အကျဉ်းသားတွေဖြစ်နေရတာပါ။ စစ်အာဏာရှင်တွေက တပြည်လုံးက ပြည်သူလူထုကို နည်းမျိုးစုံနဲ့ အကျဉ်းချထားခဲ့တာပါ။ ဒါကိုလည်း ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် - ကျမတို့ဟာ ကိုယ့်နိုင်ငံမှာ နေပြီး အကျဉ်းချ ခံနေရတယ်ဆိုတာ ကမ္ဘာက သိစေချင်ပါတယ် - လို့ ပြောခဲ့ဖူးပါပြီ၊

နောက်တခု - လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် - ကျမတို့ဟာ ဖက်ဆစ်စနစ်နဲ့ ရင်ဆိုင်နေရပါတယ် - လို့ ပြောသွားခဲ့ပြီးပါပြီ။ ဒါဟာ - အရှင်းလင်းဆုံးသော ရန်သူလက္ခဏာ သတ်မှတ်ချက်ပါပဲ။ - ကျနော်တို့ ပြည်သူလူထု တရပ်လုံးရဲ့ ရန်သူဟာ ဖက်ဆစ်စနစ်ကို ကိုယ်စားပြုနေတဲ့ နအဖ စစ်အာဏာရှင်တွေပါပဲ၊

ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ်တွေကို မတူညီတဲ့ နိုင်ငံရေး အင်အားစုတွေတောင် ပေါင်းပြီးတိုက်ခဲ့ရပါတယ်။ ကျနော်တို့ နိုင်ငံထဲက ဖက်ဆစ်တွေကိုလည်း အားလုံးပေါင်းပြီး တိုက်ကြရမှာပါ။

အဲဒီတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ ကာတွန်းထဲကလို ဖက်ဆစ် စစ်အာဏာရှင် နအဖတွေကတော့ အစကနေ ပြန်ရေနေပါပြီ၊ အခုဆို လူထုဆန္ဒခံယူပွဲဆိုတာနဲ့ ကာတွန်းထဲကလို အစကနေ ပြန်ရေဖို့ လုပ်နေပါပြီ၊ ဒါကို ကျနော်တို့ အားလုံးက ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်ပစ်ရမှာပါ။

အဲဒီတော့ ကိုယ်နေနေရတဲ့ အကျဉ်းခန်းထဲကနေ နောက်တခါ အစကနေပြန်ရေတွက်တာ မခံရအောင် ဖက်ဆစ် စစ်အာဏာရှင် နအဖရဲ့ ပြည်သူဆန္ဒခံယူပွဲကို မထောက်ခံကြောင်း၊ ကန့်ကွက်ကြောင်း ပြသဖို့ -

အမှန်တရားအတွက် ကြက်ခြေခတ်ကြပါစို့လား၊
အမှန်တရားအတွက် ကြက်ခြေခတ်ကြပါစို့လား၊
အမှန်တရားအတွက် ကြက်ခြေခတ်ကြပါစို့လား၊



Apr 30, 2008

လေးဆယ်ကျော်သွားတဲ့ ရှစ်ဆယ့်ရှစ် သစ်ပင်များ

တခါတခါ ကျနော် ပြန်စဉ်းစားကြည့်မိတယ်။ ကျနော်တို့ရဲ့ ဆုံးရှံးမှုနဲ့ အောင်မြင်မှုတွေကို။ သေချာတာက ကျနော်တို့တွေ အောင်မြင်ခဲ့တယ်၊ တချိန်တည်းမှာပဲ ကျနော်တို့ ဆုံးရှုံးခဲ့ကြတယ်။ ဘာတွေ အောင်မြင်လဲ၊ ဘာတွေဆုံးရှုံးလဲဆိုတာကတော့ .. အချိန်ကာလဆိုတဲ့ ပဉ္စလက်ဆရာရဲ့ ပြက္ခဒိန်ထဲမှာပဲ တွေ့နိုင်မယ်ထင်ရဲ့။

ဒီလိုနဲ့ ကိုယ်ကိုယ်ကို သူရဲကောင်းကြီးတွေလုပ်လို့၊

ဒါပေမယ့် အဲဒီအိပ်မက်ကြီးကို ကျနော့် သူငယ်ချင်း တယောက်က လှုပ်နှိုးခဲ့တယ်။ အဲတော့ သူ့ကိုကျေးဇူးတင်ရင်း သူ့ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။

သူ့ကဗျာက ခေါင်းစဉ်ကိုတော့ ကျနော်က ပေးခဲ့ပါတယ်။

နုပျိုမူ နဲ့..ဒေါမာန်ဟုန် နိုး..
ကျောပိုးအိတ် ထဲ ထိုးထဲ့..
ခရီး ရှည် ထွက်ခဲ့ ကြ...

သူတို့တွေ...
လည်ဆံလျားလျား..
ခြင်္သေ့ ပျိုများ လို..
တော တောင် ကို ဟိန်း ..
ရွာ ကို သိမ်း ခဲ့ ကြ..

သူတို့တွေ...
ရုံးကြွ နေ တဲ့ အချစ် ..
သင်တိုင်း ဖြူ တွေ နဲ့ ထွေး ရစ်..
ပလိုင်း တွေ မမောတမ်း ဆင့်လို့
တောပန်း တွေ ..ခူးခဲ့ကြ..

သူတို့တွေ..
အေးမြတဲ့..ဘုရား ကျောင်း ရိပ်..
တိတ်ဆိတ် စွာ လက်ချင်း ဆုပ်..
ခပ်ဖွဖွ..ဓမ္မတေးဆို..
ဒါပေမဲ့.. မျက်စိ စုံ မှိတ် လို့တော့..မရ နိုင် ကြ..

သူတို့တွေ...
ကမ္ဘာပျက် တဲ့..နှစ်တနှစ်..
နံရံမှာ ဓါးထစ်..
အိမ်မက် တွေကို..ပြစ် ချ ခဲ့ ရ..

သူတို့တွေ..
ခြင်္သေ့ လည်ဆံ တွေ အသာဖွက်..
သိုးခြံ ထဲက..သိုးတွေ ထဲ..
သိုး ဆို လည်း သိုး ပါပဲ ..

သူတို့တွေ..
မြို့တမြို့ကို..ဆက်လက်ချီတက်..
သိမ်းပိုက်ဖို့တော့..မဟုတ်..
ခပ် ရှုပ် ရှုပ်..တောက်ပ တဲ့ ..မြို့အ၀င်
မီးရောင်တွေ နဲ့..ကြိုသူမဲ့..

သူတို့တွေ..
အချိန် တွေကို သယ်ပိုး
ပျောက်ဆုံး ခြင်း တွေ ကို ရှာ ..ရှာ..ရှာ..
တေးသွား တွေကို.. စည်းချက် တွက်..
ကာရန် တွေ လည်း ..ကျိုးပဲ့ ခဲ့..

သူတို့တွေ..
Burma Crisis အတွက် တွေးပူ..
ခန္ဓာ ကိုယ် ထဲက..Mid-life Crisis ကို သတိ မမူမိ..

သူတို့တွေ...
အတိတ် တွေကို..ဖန်ခွက် ထဲ လောင်းထဲ့..
အတိတ် တွေ ကို..ကဗျာ တွေ ထဲ..ထဲ့ဖျော်
အတိတ် တွေ ကို.. စာ တလုံး ခြင်း ကုံး လို့..
အောင်သေ အောင်သား..စား ကြတယ်..

သူတို့တွေ..
ဆံပင် ဖြူ ကို အသာသပ်..
အင်တာ( နတ် )ရေ ကန် ကြီး ထဲ..ဒိုင်ဗင် ထိုး
ဆုံးရှုံးခဲ့ တဲ့..မြို့ပြ နုပျိုခြင်း များ.. ပြန်ရ လေ မလား ..

သူတို့ ရင်ဘတ် ကြီး တွေ ကတော့..ဟောင်းလောင်းပွင့်လို့......

Apr 24, 2008

ဒုတိယအသက်











တူတာတွေက မတူကြ၊
မတူတာတွေက တူကြ၊
နီးနေတာတွေက ဝေးကြ၊
ဝေးနေတာတွေက နီးနေကြ။
ဒီဘ၀၀ခရီးထဲ....

တကယ့် အဖြစ်အပျက်တွေက
နွေလည် အိပ်မက်၊
အိပ်ပျက်ညတွေကတော့
တကယ့် အဖြစ်အပျက်ရဲ့ ဇာတ်ကြောင်းပြန်။

ဒီလိုနဲ့
ငါ့ရဲ့ရှင်သန်မှုက
နှစ်ခု ဖြစ်နေ...

ဒီလိုနဲ့
ဝိဥာဉ်ကို
အရံလူထားခဲ့လို့ရမယ်ဆို
အခါတရာမက
မရဏတရားနဲ့
ကစားပွဲတွေ
ငါ ဆက်ခဲ့ချင်နေသေးတယ်။

ဒုတိယအသက်မှာ
ငါ ရှင်သန်မယ်၊
ငါ သေဆုံးမယ်။
ငါ ပျော်ရွှင်မယ်။
ငါ ငိုကြွေးမယ်။
ငါ လွတ်လပ်မယ်။
ငါ အနှောင်အဖွဲ့ကျမယ်။
ငါ တူညီမယ်။
ငါ ကွဲလွဲမယ်။
ငါ ရဲရဲနီမယ်။
ငါ မှိုင်းမှိုင်းပြာမယ်။
ငါ စိုပြည်မယ်။
ငါ ခြောက်သွေ့မယ်။
ငါ တမ်းတမယ်။
ငါ မေ့လျော့မယ်။
ငါ ရွေ့လျားမယ်။
ငါ ရပ်တန့်မယ်။

ဒါကို
တစုံတယောက်က
ညီမျှခြင်း မချသည်အထိ။

ATN

Apr 22, 2008

လက်ရုံးနှင်းဆီ (သို့) အလင်းလက်ဆုံးပန်းချီကား


ဒေါင်းအိုးဝေမှာ ၁၉၉၅ တုန်းက ဖော်ပြခဲ့ဖူးတဲ့ ကျနော့် ကဗျာတပုဒ်ကို မိုးမခ မာလ်တီမီဒီယာက ကိုဇာနီဝင်းက ကျေးဇူးပြုလို့ အီးမေးလ်ကတဆင့် ကျနော် ပြန်ရလိုက်ပါတယ်။ ကိုဇာနီဝင်းကို ကျေးဇူးတင်ရင်း ကဗျာရဲ့မူလစာမျက်နှာကို အမှတ်တရ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သရုပ်ဖော်ပုံကိုတော့ ဆရာမင်းကျော်ခိုင်က ဆွဲပေးခဲ့တာပါ။
ဒီကဗျာကို ကျနော့် ဘလော့မှာလည်း အလင်းလက်ဆုံးပန်းချီကားဆိုပြီး ဖော်ပြခဲ့ဖူး ပါတယ်။ နှစ်တွေ ကြာသွားတာရယ်၊ ကျနော်ကိုယ်တိုင်ကလည်း ကျနော့် ကဗျာတွေကို အားလုံး အလွတ် မရတာရယ်ကြောင့် ဘလော့မှာ ဖော်ပြခဲ့တဲ့ ကဗျာရယ်၊ မူရင်း ဒေါင်းအိုးဝေမှာ ပါခဲ့တဲ့ ကဗျာရယ်က ခေါင်းစဉ်လည်း ကွဲနေပြီးတော့ တချို့ ကဗျာ အပိုဒ်တွေမှာလည်း နည်းနည်း ကွဲနေပါတယ်။ အဲဒီအတွက် ကျနော့်ကို ခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်။

Apr 20, 2008

ကျေးဇူးတင်ရှိခြင်း


အမေ့ ရက်လည်လည်း ပြီးသွားပါပြီ။ ကျနော့် ဝေဒနာတွေလည်း တစုံတရာ သက်သာသွားပြီလို့ ပြောရမှာပါ။ အခုတော့ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ကြောင်း မှတ်တမ်းလေးပြုတာပါ။

ပထမဆုံး ကျေးဇူးတင်ရသူကတော့ မခင်မင်းဇော်ပါ။ အမေဆုံးသွားကြောင်း သူပဲ ကျနော့်ကို အသိပေးခဲ့တာပါ။ ကျနော့် ဘလော့လေးကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင်လည်း သူပဲ အစအဆုံး လုပ်ပေးခဲ့တာပါ။ ကျေးဇူး အထူးတင်ပါတယ် မခင်မင်းဇော်။

ဒုတိယအနေနဲ့ ကျနော့်ကို စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးခဲ့ကြတဲ့ လူချင်း ကျနော် မမြင်ဘူးတဲ့ ဘလော်ဂါ မောင်နှမများကို ဒီနေရာမှာ မှတ်တမ်းပြုပါတယ်။

ပထမဆုံး ကျနော် မှတ်တမ်းတင်ချင်တာက မကေပါ။ မကေရဲ့ အားပေးစကားတွေ စာနာနားလည်မှုတွေက ကျနော့် ဝေဒနာတွေကို တ၀က်မက သက်သာစေခဲ့ပါတယ်။ ကျေးဇူး အထူး တင်ပါတယ် မကေ။

ပြီးတော့ ဆရာမောင်လွမ်းဏီ။ ဆရာယောဟန်အောင်။ ဗမာပြည်ကို လွမ်းနေတဲ့ ကျနော့် ညီမလေး မမေ၊ အားလုံးအတွက် ရှင်သန်ခြင်းတွေကို ဖြန့်ခင်းပေးထားတဲ့ မပန်၊ လူတိုင်းအတွက် လွတ်လပ်ရေးကိုပေးချင်တဲ့ ကလူသစ်၊ အဝေးတနေရာကနေ အလွမ်းများစွာနဲ့ လွမ်းနေတဲ့ ညီလေး ကိုဖုန်းမြင့်၊ ပြီးတော့ ဘလော့တကာ လျှောက်လည်ပြီး လူချစ်လူခင်လည်းပေါ နေရာတကာလည်း သူ့ခြေရာချည်းပဲ ချန်ထားတတ်တဲ့ အမြဲပြုံးနေတဲ့ ကျနော့်ညီလေး ကိုစိုးထက်၊ နောက် စက်ရုံက ထုတ်သလားတောင် ထင်ရတယ် ကဗျာရေးအား အရမ်းကောင်းသလို ကဗျာလေးတွေကလည်း ကောင်းတဲ့ လွတ်မြောက်ရာလမ်းကို ပြဆိုနေတဲ့ ကျနော့် ညီလေး ငြိမ်းချမ်းအောင်။ ပြီးတော့ စိတ်ကူးတွေကို တေးသီနေတဲ့ ကျနော့် အကိုကြီး နှင်းခါးမိုး။ နောက် ကျနော့် ညီမလေး သက်ဝေကိုစိုးဇေယျမျိုးချစ်မြန်မာ၊ ညီမငယ် ဂျစ်တူး
ကျနော့်ညီ ဇော်ဘားမား။ ညီလေး 99

မေးလ်ထဲက ကျနော့်ကို အားပေးခဲံ့တဲ့ သူငယ်ချင်း ကိုဘစောထွန်း(ဂျာမနီ)။ ကျနော့်ညီလေး ထင်ကျော်ဝင်း(ဂျပန်)။

ဖုန်းခေါ်ပြီး အားပေးခဲ့တဲ့ ကိုပိန် (ကိုဇော်လွင်စိုး)။ ကိုဖုန်း။ ကိုလှဝင်းမောင် (Boyton Beach, Florida)နဲ့ ဇနီး မမီးမီး။ ကျနော့်ညီလေး ဖိုးခွား (ဖြိုးဝေလွင်)။ ညီလေး စန်းတင့်။ ညီလေး လုံးလေး (တင်ကိုဦး)။

ပြီးတော့ အမေ့ဈာပန ဓါတ်ပုံတွေ ပို့ပေးတဲ့ မိုးမခမာလ်တီမီဒီယာက ဆရာမောင်ရစ်နဲ့ ကိုဇာနီဝင်း။

အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောပါရစေ။

Apr 17, 2008

သားသမီးငယ်များသို့ သေတမ်းစာ။

ဒီကဗျာကတော့ ကျနော့် အမကြီး မသဒ္ဓါက ကျနော့် အမေအတွက် အမှတ်တရ စပ်ပေးခဲ့တာပါ။ ကျနော့်ကိုလည်း ဒီနေ့ လာဖတ်ဖို့ ပြောထားတာပါ။ ကျနော်ကတော့ အလုပ်က ပြန်လာမှ သွားဖတ်ရတာပါ။ သွားဖတ်တော့ ည ၁ နာရီ ကျော်နေပါပြီ၊ အမကြီးကို ခွင့်တောင်းပြီး ပြန်ဖော်ပြပေးလိုက်ပါတယ်။

မငိုနဲ့ သမီး သားတို့ ..
အမေသွားတဲ့ အခါ.
ရိုးရိုးရှင်းရှင်းလေးဘဲတွေး
ဒါဟာ ဇာတိ ..ဇရာ.ဗျာဓိ..မရဏ
သားဖေဖေသာ ဂရုစိုက်နှင့်ကြ။

မောင်ရေ။
ကျမတို့ ရဲ့ အစမကောင်းတဲ့ မင်္ဂလာပွဲ
ဗုံးပေါက်ကွဲမှုနဲ့တိုးတယ်။

ပြာမှုန်တွေလိုကြေသွားတဲ့သမဂ္ဂ ရဲဘော်များ
ကျမ တသက်မမေ့နိုင်အားတဲ့ ဝေဒနာ။
ကိုက်ထားတဲ့နှုတ်ခမ်း သွေးစိမ်းစိမ်းဖြာ။

ချစ်သူကို စစ်ဘီလူးများ ဖမ်းထား
ကြက်ဌက်ကလေးလို။

ငိုချင်ပေမဲ့ အံကြိတ်တဲ့နှလုံးသား
မငိုဘူး..အားမလျှော့ဖူး
ခွဲခွါခြင်း အခါးဖြစ်ပစေ.
ကျမ အမှန်တရားနဲ့နေ။
ကျမ အမှန်တရားနဲ့သေချင်တယ်။

ချစ်ရသူက မျိုးချစ်ဆွေ
ထောင်နဲ့ တန်း..နှိပ်စက်စမ်းပစေ.။
တကျွန်းမြေခြား ကွာဝေးစမ်းပစေ။
ဘယ်မှာဦိးမညွတ်. စွန့် ဝံ့ပါသည်။
ကျမတို့  နှစ်ဦးလုံး။ အာဇာနည်ထောင်ထွက်
ဝိညာဉ် ခနွာ အသက်..တိုင်းပြည်အတွက်။

ထောင်နဲ့ အိမ်.
အိမ်နဲ့  ထောင်.ဝင်လိုက် ထွက်လိုက်
ထွက်လိုက် ဝင်လိုက်
ထရံ မခြားဘဲ..
ချစ်သူနဲ့ ကျမဘဝဟာ တပြေးသားထည်း။

တပ်က စစ်ဆေးဖို့ လာဆွဲ
မျက်နှာမွဲနဲ့ လေးနဲ့ သား..
အမေ့ကို ကာကွယ်ဖို့ လက်ကာတား
“ အမေ့ကို ဘယ်ခေါ်သွားမှာလဲ”
ငိုသံပါလေး သူ မဝံ့မရဲ..
ကျမထမိန်စလေးလာဆွဲတယ်။

“ ဖယ်စမ်း သားလေး..
အမေ့ အရေးဟာ အမေ..
သားတို့ တော်သလိုသာ နေကြ.
သားတို့ ပျော်သလိုသာ နေကြ.
အမေ့အတွက် သမိုင်းပေးတာဝန်ကျနေတယ်။
မကြောက်မရွံ့ ဆက်လျှောက်မယ်။”

ရေကြည်အိုင်ရဲ့ ငရဲခန်း
ဖေါ်ပြမစွမ်းနိုင်တဲ့ရက်စက်မှု
အံကြိတ်ခံဆဲ..ငါသေလို့ မဖြစ်ဘူး
ငါ့ အသက်ဝိညာဉ်..
နိုင်ငံအတွက် ဆက်ရှင်..
ချစ်သူအတွက် ဆက်ရှင်.
ကျမဟာလေ.. အသက်ပြင်းတဲ့ခွပ်ဒေါင်းမိခင်။

ချစ်သူဘ၀ မပျော်ရ မရွင်ရ.
နိုင်ငံရေး အကဲပေးတဲ့ ချစ်သူ
ပါရမီဖြည့် တဲ့ ကျမက
မဒ္ဒီလိုကြည်ဖြူ.
နိုင်ငံက ကျမတို့ ဘဝ
ကျမတို့ ဘ၀က..ကျမတို့ ဘ၀မဟုတ်။
ဒီလို အဖေအမေကို ရ
သားတို့ ကံဆိုးလှတယ်တွေးနေလား။
သားတို့ တနေ့ ကြီးရင်နားလည်မယ်.
အမေနဲ့  အဖေနဲ့ ထောင်အ၀င်ထွက်
ဘာကြောင့် ခဏခဏလည်.

ကျမလေ..မောင်
မိန်းမ ပီပီ..ကနွဲ့ ကရ
မိုးမှောင်တဲ့ ညချမ်း..
ချစ်သူအနမ်း လည်းခံချင်ရဲ့

သနပ်ခါးခြေဆုံးခေါင်းဆုံး
ရှူမဆုံး ချစ်သူပြုံးတာလည်းမြင်ချင်ရဲ့

ရင်ခုန်သံ မတိုးတတိုး..
ချစ်သူ သက်ပြင်းချသံလည်းကြားချင်ရဲ့.

ချစ်သူရဲ့ရင်ခွင်ကို တိုး..
နွဲ့ဆိုးကလေးလည်း ဆိုးချင်ရဲ့.

ပုခက်ထဲ နိုးနေတဲ့သား
သီချင်းဆိုချော့သိပ်ချင်ရဲ့

သမီးလေးအတွက် ပါးကွက်ကျား
လှပအောင်လိမ်းပေးချင်ရဲ့

မိသားစု တပျော်တပါး
လည်လည်များလည်း သွားချင်ရဲ့

တခါတရံ..သာမန် မိန်းမ..
အိမ်ရှင်မတဦး အိမ်မက်ထဲမက်ဘူးပေမဲ့
အမေနဲ့ အဖေ့ ဘဝ..
တိုင်းပြည်ကဘဲပိုင်ကြ
သက်စွန့်  အနာခံ..ပျားလိုသာတုတ်ရန်.
အမှန်တရားရဲ့ စစ်သည်..
မိသားစုရေးမှာ ဝတ်မကြေတယ်။

တောင်းပန်သည်..မေ့သားသမီးများ
ဒီတော်လှန်ရေးရဲ့သစ္စာ.မပြီးခင်မှာ
အမေများ သေခဲ့ ရင်ဖြင့်..
အမေ့အတွက် အမျှဝေရန်မလို..
အမေ့ကိုချစ်တယ်ဆို..
မပြီးတဲ့အမေတာဝန်
တိုင်းပြည်အတွက် ဆက်လက်ယူကြပါစေလို။

မသဒ္ဓါ

အန်ကယ်ဦးလှရွှေ၏ဇနီး ကွယ်လွန်သူ အာဇာနည်မ အန်တီဒေါ်ခင်မာအေးကိုယ်စား ခံစားကြည့်ပေးပါသည်။ မှားရင် ခွင့်လွတ်ပါ မောင်လေးကိုအောင်သာငယ်ရေ.။ မငိုပါနဲ့ သား..သားမေမေ သားနဲ့အတု အမြဲရှိနေပါတယ်။

Apr 14, 2008

ဘိုကလေးလှရွှေ


ရန်ကုန်တက္ကသိုလ်က သံမဏိကျောင်းသားခေါင်းဆောင်တဦးကတော့ “ဘိုကလေးလှရွှေ” လို့ခေါ်တဲ့ ရဲဘော်ပါ။ သူ့အမူအရာ၊ သူ့လေသံ၊ သူ့ဟန်ပန်က အစ မာကျောပါတယ်။ ထုသားပေသား ကျနေတဲ့သဏ္ဍာန်ပါ။

မဆလတခေတ်လုံးလိုလို ထောင်ထဲမှာပဲ နေရတာ များတယ်။ တခါတရံ သူတယောက်တည်း။ တခါတရံ သူ့ဇနီး ဒေါ်ခင်မာအေးနဲ့အတူ ထောင်ထဲမှာ။ တခါတရံ သူ့သား ဆက်အောင်နိုင်ပါ ထောင်ထဲမှာ။ ဆက်အောင်ခိုင်ကတော့ ကျောင်းသားတပ်မှာ တောခိုသွားတာ ရှစ်လေးလုံး ပြီးကတည်းကပါ။

တအိမ်လုံး နိုင်ငံရေးမိသားစု။ သံမဏိမိသားစု။ လှေခွက်ချည်းကျန်ပစေ အလံမလှဲစတမ်း ဆိုတဲ့ တော်လှန်ရေးသံမဏိ စိတ်ဓာတ်နဲ့ ထာဝစဉ်ရှင်သန်နေတဲ့ ရဲဘော်။

ငတ်တာပြတ်တာ ဆင်းရဲတာ ချို့တဲ့တာကတော့ သူ့ရဲ့ထာဝရ မိတ်ဆွေ။ ထာဝရရဲဘော်။ အလံမလှဲစတမ်း အံခဲခန်းတွေ ချည်းပါပဲ။

သူ့နိုင်ငံရေးပါတီက ပြည်သူ့တိုးတက်ရေးပါတီ။ အင်္ဂလိပ်လို People's Progressive Party ဆိုတော့ ပီကျုပါတီလို့ အတို ကောက် ခေါ်လေ့ရှိပါတယ်။ အဲဒီပါတီမှာ ဥက္ကဌက နာမည်ကျော် ပဲခူးဦးခင်မောင်မြင့်(အဆိုတော် ကိုသန်းလှိုင်ရဲ့အကို) ပေါ့။ ဇာတိက ဒေးဒရဲ။ ရဲရဲတောက်ရဲဘော်ကြီး။ နဝတလက်ထက်က ထောင်ထဲမှာ ကျဆုံးသူ။ အတွင်းရေးမှူးက ကိုလှရွှေ။

ရှစ်လေးလုံး အရေးတော်ပုံကာလ သြဂုတ်လ ၂၈ ရက်နေ့ တကသ ရင်ပြင်မှာ ဗကသ ပြန်လည်ဖွဲ့ပေးခဲ့တာ ကိုလှရွှေပေါ့။ အဲဒီတုန်းက သူက တကသ၊ ဗကသ သမိုင်းကို အဲဒီကျောင်းသားထုအခမ်းအနားမှာ ခရေစေ့တွင်းကျ ပြောပြနေတာကို အခုထက်ထိ အမှတ်ရနေသေးတယ်။

ကိုလှရွှေကို ပထမဆုံး စတွေ့ဖူးတာက ရန်ကုန်တကသမှာ။ လူထုဦးလှ ဒေါ်အမာတို့ သားကြီး ကိုစိုးဝင်းနဲ့အတူ တွေ့ခဲ့ရတာပါ။

နောက်တော့ တာမွေကျောက်မြောင်းက မင်းဇင်(အာရ်အက်ဖ်အေ) တို့အဖေ ဦးမြသန်းရဲ့ကျောင်းမှာ သုံးခွကိုစိန်ဝင်းခေါ် ရန်ကြီးအောင် (ကိုကိုကျွန်းပြန်) တို့နဲ့အတူ ဆုံဖူးတယ်။ သူတို့အဖွဲ့လုံး ထောင်စော်နံနေတဲ့ အဖွဲ့ပေါ့လေ။

ရှစ်လေးလုံးအပြီးမှာ ခရမ်းကိုတင်မောင်ဝင်း (ထောင်ထဲမှာ ကျဆုံး)၊ ဦးခင်မောင်မြင့်၊ လေထီးဦးအုန်းမောင်၊ ထောင်ထဲမှာပဲ ကျဆုံးသွားတဲ့ ဦးသိန်းတင် ( သူက တင်သိန်းမောင်၊ ပထဝီမောင်တင် ဆိုတဲ့ ကလောင်တွေနဲ့ စာရေးသူ)၊ တကသ ကိုညိုဝင်း (သူလည်းထောင်ထဲမှာ ကျဆုံး) စတဲ့ ရဲဘော်တွေနဲ့ ဟိုနေရာ သည်နေရာမှာ တွေ့ရတတ်ပါတယ်။

တွေ့တဲ့အခါတိုင်း နိုင်ငံရေးအကြောင်းကိုပဲ ထက်ထက်သန်သန်ပြောတယ်။ ကျောင်းသားသမိုင်းကို တိတိကျကျ မှတ်မှတ် သားသား ရှိတဲ့အပြင် သူ့လောက် ပြည့်ပြည့်စုံစုံ ပြောပြနိုင်တာ မရှိဘူး။

ကိုလှရွှေနဲ့ မခင်မာအေးတို့ စုံတွဲက လိုက်ဖက်ညီတယ်။ နေတော့ သင်္ကန်းကျွန်းမှာ။ လုပ်တော့ ကြက်မွေးမြူရေးခြံ။ ရဲဘော်တွေရဲ့ ခိုလှုံရာ စခန်းပေါ့။ ကိုလှတင့်အောင်တို့ ကိုဝင်းတင့်ထွန်းတို့ စသဖြင့် ရဲဘော်တွေ သိုက်သိုက်ဝန်းဝန်းနဲ့ စိုပြည်တဲ့ နေရာကလေးပါ။

လင်က ဓားသွေးရင် မယားက သားမွေးရင်း အားပေးတယ် ဆိုတဲ့အတိုင်းပါပဲ။ သမီးကလေးက တယောက်ထဲ။ နေခြည်လို့ မှတ်မိတာပဲ။

ခေတ်ရဲ့ဒဏ်ကို တပြောင်းပြန်ပြန် ခါးစောင်းလန်အောင် ဖန်တရာတေမျှ ခံခဲ့ရတာ သူတို့မိသားစုလောက် ဒဏ်ခံရသူ ရှိဖို့ မလွယ်လှပေဘူး။

သတ္တိရှိပါပေတယ်။ ဘိုကလေးသားတွေရဲ့ အစဉ်အလာ စံချိန်မီပါပေတယ်။ ဘိုကလေးသားတွေ တွေ့ဖူးသလောက် ရဲရဲတောက်တွေ များတယ်။ ကိုလှကြည်၊ ကိုဗဆွေလေး စတဲ့ ရဲဘော်တွေ အများကြီးပါပဲ။ တွေ့ဖူးသမျှ အာဂလူတွေချည်း များတယ်။ ချီးကျူးထိုက်ပါပေ့။
ဘိုကလေးဦးသက်ရှည်ဆိုတဲ့ စာပေပညာရှင်ကြီး၊ ဂျာနယ်ကျော်မမလေးဆိုတဲ့ ပြောင်မြောက်တဲ့ ဂန္ထဝင်စာရေးဆရာမကြီး တို့ရဲ့ ဘိုကလေးမြို့ဟာ စာပေဂီတ စသည်တို့ထက် နိုင်ငံရေးမှာ ပိုပြီးထက်မြက်ထူးချွန်ကြတယ်လို့ ထင်မိပါတယ်။ လေးစားဂုဏ်ယူထိုက်တဲ့ နယ်ကောင်းမြေကောင်းပေပ။ ။

တင်မိုး

ဧရာဝတီမှ ပြန်လည်ကူးယူဖော်ပြပါသည်။

ခွဲခွာခြင်း



















ဒီကဗျာကတော့ အဖေ့အတွက် အမေကိုယ်တိုင် ရေးခဲ့တဲ့ ကဗျာပါ။
၁။
``ခွဲခွာခြင်း``ဆိုတာ
စကားလေး သုံးလုံးပါပဲ
ရင်ထဲမှာတော့ ---
နေမင်း ရာထောင်။ ပူလောင်သောက
မောပမ်းနွမ်းလျ
လွမ်းစမျက်ရည် တဝေေ၀နှင့်-----။

၂။
``ခွဲခွာခြင်း``မှာ---
လရောင်မရှိ မှောင်အတိနှင့်
မိုး၏ကောင်းကင်---
ကြယ်စင်တစ်စ - မလက်ပခဲ့။

၃။
``ခွဲခွာခြင်း``မှာ---
မွှေးမြသင်းထုံ၊ ဆင်းရောင်စုံနှင့်
ပန်းငုံမရှိ။ ပန်းပွင့် မရှိ။

၎။
``ခွဲခွာခြင်း``မှာ---
ကြည်မြသံချို၊ ခွန်းဆိုမရှိ
တုံဏှိဘာဝေ၊ ရှိုက်သံတွေနှင့် ----။

၅။
``ခွဲခွာခြင်း``မှာ---
အလှမရှိ၊ အကြည့်တမ်းတ
မချိနှလုံး၊ မပြုံးမျက်နှာ
ဝေဒနာအကြည့် - တမြေ့မြေ့နှင့် ---။

(ခင်ပွန်း အထိမ်းသိမ်းခံရသော ၂၉-၆-၈၉ နေ့သို့)