May 21, 2008

နာဂစ်စ်ပေးတဲ့ ဟစ်ပ်ဟော့ပ်တပုဒ်


နာဂစ်စ် ... နာဂစ်စ်... နာဂစ်စ်....

ဒင်း... နံမည်က အခုလို အင်တာနက် ခေတ်ကြီးမှာ ကမ္ဘာ့ ထောင့်ကြားတိုင်းမှာ ပဲ့တင်ပြန်နေလေတော့သည်။ နေရာတကာ ဒင်း...။ ဘယ်နေရာ ကြည့်ကြည့်...ဒင်း...။ ဘယ်ဆိုက် သွားသွား...ဒင်း....။ ဘယ်ဘလော့ တက်တက်...ဒင်း...။ ဘယ်ဝက်ဗ်ဆိုက် ၀င်ဝင်...ဒင်း...။ ဒင်း မျက်နှာချည်းသာ နေရာ အနှံ့။ အလုပ်ထဲ သွားတော့လည်း ဒင်း။ အလုပ်က ပြန်တော့လည်း ဒင်း။ အိမ်က မိန်းမမျက်နှာကို ကြည်မိတာတောင် ငိုမဲ့မဲ့နဲ့ ဒင်း...ကြောင့်ပဲ။၊

မေလ ၂ ရက်နေ့က စခဲ့သည့် ဒင်း ရမ်းကားမှုက မြစ်ဝကျွန်းပေါ်မှာရှိသမျှ ကျုပ်တို့ နိုင်ငံသားအားလုံးကို ဘ၀ ပျက်စေခဲ့သည်လေ။ လူအားလုံးကို ပေါင်းချိန်လို့မှ တဆယ်သားတောင်မပြည့်တဲ့ တပ်ကို အုပ်ချုပ်နေတဲ့ တပ်ချုပ်ကြီးရဲ့ နေပြည်တော်ကိုတော့ ယောင်လို့တောင် မျက်စောင်းမထိုးသွားဘူး။ အခုတော့ ကျုပ်တို့ တနိုင်ငံလုံးရဲ့ ထမင်းအိုးကြီးကိုမှ မှောက်ချသွားလေတယ်။ စပါးခင်းတွေ သွားပေါ့။ ၀မ်းစာတွေ သွားပေါ့။ မျိုးစပါးတွေ သွားပေါ့။ လယ်သမားတွေလည်း သွားပေါ့။ ကျွဲနွားတွေလည်း သွားပေါ့။ ဘာမှမကျန်ရစ်တော့ပြီ၊

အခုတော့ ဒင်းက ဘယ်ဘုံမှာ စံမြန်းလေသည်မသိ။ ကျုပ်တို့ နိုင်ငံသားတွေမှာတော့ အိုးမဲ့ အိမ်မဲ့။ စားစရာမဲ့။ နားခိုစရာမဲ့။ ကယ်မဲ့သူမဲ့၊ ဘ၀တွေကျိုးပဲ့လို့...။ တချို့ မိသားစုတွေဆို အားလုံးသေဆုံးခဲ့။ တချို့တော့ တယောက်တည်း ရှင်ကျန်ခဲ့။ ဝေဒနာတွေက တနေ့တခြား ပို တိုးတိုးလို့သာ လာနေတော့တယ်။ စိတ်သက်သာရာရစရာ တခုမှကို မရှိဘူး။

ရင်ထဲမှာ ဒေါသတွေက အစိုင်အခဲ...။
အိုး မိုင်.. ဘုရားရေ...လို့ မတ တတ်တာ ငါပဲ...။

သတင်းတွေကို ဖတ်ရတိုင်း ရင်ကွဲ...။
ဓါတ်ပုံတွေကို ကြည့်ရတိုင်း ကြေကွဲ...။

ကလေးငယ်လေးတွေရဲ့ သေပွဲ...။
အဲဒီ ဓါတ်ပုံတွေက ငါ့ကို ရင်ခွဲ...။

မိုးရေ ရွှံ့ဗွက်တွေထဲ ညီမငယ်ကို လက်ဆွဲ...။
မိသားစုမှာ ကျန်ခဲ့တာ နှစ်ယောက်ထဲ...။
အဲဒီအမရဲ့ဘ၀ကို ငါမကြည့်ရဲ...။

သားငယ်အလောင်းကို ပိုက်ပွေ့ ရင်ထဲ...။
မင့် အမေကို တော့ ငါ ရှာနေဆဲ...။
သွားနှင့်သားရေ လိုက်ခဲ့မယ် အဖေလည်း...။

မြေးကလေးတွေကို လက်တွေကနေဆွဲ...။
အဖိုးက အသက်ကြီးပြီဆိုတော့ အားကနည်း...။
ရေက ဆွဲချသွားတယ် အားလုံးကိုပဲ...။

အဖြစ်အပျက်တွေက နားမခံနိုင်အောင်ပဲ...။
ဒေါသတွေထွက်တော့ ငါက ကျိန်ဆဲ..။
ဘုရားတွေကလည်း ဘယ်ရောက်နေလဲ...။

ဆရာယော ပြောခဲ့သလိုပဲ...။
ငါ ဟစ်ဟော့ပ် ဆိုရရင် ကောင်းမလား- တွေးနေဆဲ...။

သီချင်းတပုဒ်တော့ ဟုတ်မယ် မထင်ဘူး။ ဝေဒနာတွေ ဖျော်ချထားတဲ့ အက်ဒ်ဗတ်မွန့်ရဲ့ အော်သံလိုမျိုး ပန်းချီကား တချပ်ပဲဖြစ်မယ် ထင်တယ်။

ဘာပဲဖြစ်ဖြစ် ကျနော် အော်ဟစ်ပစ်လိုက်တယ်။ ရင်ထဲက ဝေဒနာတွေ နည်းနည်းလောက် ပေါ့ပါးသွားမလားလို့။

- အောင်သာငယ် -

No comments: