Aug 7, 2008

စာမေးပွဲ



ခွင့်လွှတ်ကွယ်
မုန်တိုင်းတွေ ငါမိခဲ့တယ်။

အိမ်ပြန်နောက်ကျသူတယောက်မှာ
အကြောင်းတစုံတရာ
ရှိခဲ့တယ်ဆိုတာ
နင်သိလာရင်
တော်ပါပြီ။

ATN

(အနှစ် ၂၀ အိမ်ပြန်နောက်ကျနေခဲ့သူများ အားလုံးကိုယ်စား)

မေ့လျော့ခံသူရဲကောင်းများ















၈၈ အရေးတော်ပုံကြီး စတင်ကတည်းက အမိဗမာပြည်ကြီးအတွက် ပြည်သူလူထု အားလုံးအတွက် ကျရာနေရာကနေ နိုင်ရာ တာဝန်တွေကို ထမ်းဆောင်လာခဲ့ကြသူတွေထဲမှာ တချို့တွေလည်း လူသိထင်ရှား၊ တချို့တွေလည်း လူမသိသူမသိနဲ့ သူတို့ဘ၀တွေကို ပေးဆပ်နေခဲ့ကြရပါတယ်။

စင်ပေါ်မရောက်၊ ဂုဏ်ပြုမခံရ၊ ဆုတွေမရ၊ လူမသိသူမသိဘ၀နဲ့ ပေးဆပ်နေခဲ့ကြတဲ့ အမေ့လျော့ခံ သူရဲကောင်းများကို ကျနော်က မှတ်တမ်းတင်လိုခြင်းမျှသာ ဖြစ်ပါတယ်။ ကျနော့်ကို မှတ်တမ်းတင်ခွင့် ပြုပါ။ စိတ်မကောင်းစရာ ဖြစ်တာတခုကတော့ ကျနော် မှတ်တမ်းတင်လိုတဲ့ တချို့ သူရဲကောင်းများ အတွက် ကျနော့်မှာ ဓါတ်ပုံတွေ မရှိတာပါပဲ။

ကိုဇော်ထွန်း

ကိုဇော်ထွန်းဟာ အသားဖြူဖြူ၊ လူပုံက နွဲ့နွဲ့၊ စကားပြောလည်း အေးအေးဆေးဆေးနဲ့ စိတ်ဓါတ်ကတော့ တော်တော် မာတဲ့သူပါ။ ၈၈ အရေးတော်ပုံ ကာလတွေတုန်းက ရန်ကုန် တတိုင်းလုံးမှာ အထွေထွေ သပိတ်ကော်မတီ -GSC (General Strike Committee) ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ယူခဲ့တဲ့ ကိုဇော်ထွန်းဟာ ဆရာဝန် ဖြစ်တော့မယ့် ဆေးကျောင်းသားတဦးပါ။ GSC ဆိုတာက အဲဒီ အချိန်တုန်းက ရန်ကုန် ဧရိယာတခုလုံးမှာ အမြင့်မားဆုံး အဖွဲ့အစည်းပါပဲ။ GSC အလံအောက်မှာ အဖွဲ့အစည်း အားလုံး စုရပ်ခဲ့ကြတာပါ၊ ဗကသပါ ပါပါတယ်။ ၈၈ အရေးတော်ပုံ ကာလတွေ တလျှောက်လုံးမှာ အဖွဲ့အစည်း ပေါင်းစုံကို စုစည်း ထိန်းသိမ်းရတဲ့ ကြီးမားလှတဲ့ တာဝန်ကြီးကို ထမ်းဆောင်ခဲ့ ပါတယ်။ စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းမှုပြီးတဲ့နောက်ပိုင်းမှာတော့ GSC ရဲ့ တာဝန်တွေကို လွယ်ပိုးပြီး တွဲဖက် အတွင်းရေးမှူးဖြစ်သူ ဆရာဦးမြင့်လှိုင်နဲ့အတူ လွတ်မြောက်နယ်မြေကို ကိုဇော်ထွန်း ရောက်လာ ခဲ့ပါတယ်။ ကျနော် ရောက်ရှိခဲ့တဲ့ ကရင့် အမျိုးသား အစည်းအရုံးရဲ့ ဒူးပလာယာခရိုင်၊ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ (၆) ထိန်းချုပ်ရာ သေ့ဘောဘိုးစခန်းမှာ သူတို့ ၂ ယောက်နဲ့ ကျနော် တခဏတာ ဆုံလိုက်ရပါသေးတယ်။ တယောက်နဲ့ တယောက် အသက်ရှင်လျက် ကျန်းကျန်းမာမာ တွေ့ရတာကိုက ၀မ်းသာစရာကောင်းကြောင်း သူကပဲ ပြောသွားပါသေးတယ်။

၈၈ နိုဝင်ဘာထဲမှာ ကျနော်တို့တွေလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) အေဘီအက်စ်ဒီအက်ဖ် (All Burma Students' Democratic Front) ဖွဲ့စည်း၊ တပ်ရင်း အသီးသီးမှာ ပျော်ဝင် လှုပ်ရှားနေကြရတဲ့ အချိန်မှာ ကိုဇော်ထွန်း ကလည်း GSC အနေနဲ့ DAB (Democratic Alliance of Burma) မှာ ပူးပေါင်း ဆောင်ရွက်နေတာကို သိနေခဲ့ရပါတယ်။ သူကတော့ အဖွဲ့အစည်းပေါင်းစုံရဲ့ ဗဟိုဌာနချုပ်တွေ ရုံးစိုက်ရာ မာနယ်ပလောမှာပဲ နေထိုင် လှုပ်ရှားရင်း ရှိရှိသမျှ အဖွဲ့အစည်းတွေကို သူ တတ်နိုင်သလောက် ဆက်စပ်နိုင်ဖို့ ကြိုးစားနေတာကို သိရှိနေခဲ့ရပါတယ်။ မဲဆောက်မှာ တခါတရံ သူနဲ့ ကျနော် ဆုံဆည်းခွင့် ရတတ်ပါသေးတယ်။ ဆုံခွင့်ရတိုင်း ဘုံရန်သူု န၀တကို တိုက်ဖို့အတွက် တပ်ပေါင်းစု လိုအပ်ကြောင်းလည်း တဖွဖွ သူ ပြောနေတတ်ပါသေးတယ်။

နောက်တော့ မာနယ်ပလောမှာနေရင်းနဲ့ မကဒတရဲ့ တပ်ရင်း (၂၀၈) မှာ ကိုဇော်ထွန်း ပါဝင်ဆောင်ရွက်နေတယ်ဆိုတာ ကြားသိနေရ ပါတယ်။ ဒီလိုနဲ့ အဖွဲ့အစည်းတွေမှာ ဖြစ်တတ်လေ့ရှိတဲ့ အတွင်းပဋိပက္ခတွေကို မကဒတလည်း ကြုံခဲ့ရပါတယ်။ တော်လှန် ကော်မတီ ဆိုပြီး မကဒတ သမိုင်းမှာလည်း ပေါ်လာခဲ့တာပါပဲ။ အဲဒီကာလတွေတုန်းက မဲဆောက်မှာ သူနဲ့ ကျနော်တွေ့တော့ သူက အဖြစ်အပျက်တွေကို အေးအေးဆေးဆေး စဉ်းစားဖို့ ကျနော့်ကို နားချပါတယ်။ ကျနော်ကတော့ ကျနော့် တပ်ရင်းက အခက်အခဲတွေနဲ့ ကျနော့်ဘာသာ ကျနော် ရှုပ်ထွေးနေလေတော့ သူ့စကားတွေလည်း နားထဲ မ၀င်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ လူချင်း မဆုံမိကြတော့ပါဘူး။

ဒီလိုနဲ့ တနေ့မှာတော့ ကိုဇော်ထွန်း ပျောက်သွားကြောင်း သတင်းဟာ ကျနော်တို့ အားလုံးကြားမှာ ပြန့်နှံ့လာနေပါတော့တယ်။ မာနယ်ပလောကနေ မဲဆောက်ကို ထွက်သွားကြောင်းနဲ့ မဲဆောက်ကို ရောက်မလာကြောင်း အားလုံး သိနေကြပါတယ်။ မာနယ်ပလောကနေ မဲဆောက်ကို မရောက်ခင် ခလယ်တလူခေါ်တဲ့ လှေဆိပ်ကို အရင် သွားရပါတယ်။ အဲဒီ လှေဆိပ်ကနေမှ မဲဆောက်ကို လာရတာပါ။ ကိုဇော်ထွန်းကတော့ မဲဆောက်ကို မရောက်လာခဲ့သလို၊ ခလယ်တလူကိုရော ရောက်လာရဲ့လားဆိုတာ ဘယ်သူမှ မသိပါဘူး။ ဘယ်နေရာမှာ သူဘာဖြစ်သွားလဲဆိုတာ သူနဲ့ ဘုရားသခင်ပဲ သိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အကယ်၍ ဘုရားသခင်ဆိုတာ ရှိခဲ့ရင်ပေါ့လေ။

ဘာပဲဖြစ်ဖြစ် ကိုဇော်ထွန်းကတော့ ပျောက်ဆုံးသွားခဲ့ပါပြီ။ အမိမြန်မာပြည်လွတ်မြောက်ရေးအတွက် သူတတ်နိုင်တဲ့ နေရာကနေ ပါဝင်ဆောင်ရွက်ရင်း ပျောက်ဆုံးသွားတဲ့ ကိုဇော်ထွန်းကို ကျနော် အလေးပြုလိုက်ပါတယ်။ အခုတော့ သူ့ကို အားလုံးက မေ့လျော့နေပါပြီ။



ကိုသိန်း










မကဒတ မှာတော့ ကိုသိန်းကို အားလုံး သိကြပါတယ်။ အခုတော့ သူခမျာ အမေ့လျော့ ခံနေရလေသလားလို့ စဉ်းစားမိရင်း သူ့ အကြောင်း ကျနော် ထိတွေ့ခဲ့ရသလောက် ဖော်ပြချင်တာပါ။

၁၉၈၉ စက်တင်ဘာလမှာ လွတ်မြောက်နယ်မြေက အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး စီမီနာတခုကို ထိုင်းနီုင်ငံ တနေရာမှာ လျှို့ဝှက် ပြုလုပ်ခဲ့ပါတယ်။ မကဒတရဲ့ စခန်းပေါင်းစုံက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေထဲမှာ ကျနော်နဲ့ ကိုသိန်းလည်း အပါအ၀င်ပါ။ အဲဒီအချိန်က သူက တပ်ရင်း (၂၀၇)ရှိရာ ရေကျော်စခန်းရဲ့ဥက္ကဌပါ။ စီမီနာမှာ နိုင်ငံတကာက နိုင်ငံရေးကျွမ်းကျင်တဲ့ ပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဆွေးနွေးကြရတဲ့ အကြောင်းအရာတွေကလည်း အစုံပါပဲ။ ကျနော်တို့ နိုင်ငံလို ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေး ပြသနာတွေဟာ ဆွေးနွေးပွဲတွေမှာလည်း အကြိတ်အနယ် ဆွေးနွေးရ၊ ထိုးကြကြိတ်ကြတဲ့ အထိပါပဲ၊ ဒါပေမယ့် ကျနော်တို့ မကဒတ ကိုယ်စားလှယ်တွေကတော့ ထိုးကြိတ်ကြတဲ့ပွဲတွေမှာ မပါခဲ့ပါဘူး။

စီမီနာက စက်တင်ဘာ လလည်ကနေ နိုဝင်ဘာထိ တလခွဲလောက် ကြာခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ ကျနော်တို့ တည်းခိုရတဲ့ တည်းခိုဆောင်မှာ ကိုသိန်းနဲ့ ကျနော်က ကုတင်ချင်းကပ်လျက်။ နေ့တိုင်းအတူတကွ သွားလာစားသောက်ရင်း သူနဲ့ ကျနော် ခင်မင်ရင်းနှီးခဲ့ပါတယ်။ အသားညိုညို၊ အရပ်မြင့်မြင့်၊ ကြည့်ကောင်းတဲ့ ဥပဓိရုပ်နဲ့ စကားအေးအေး ပြောတတ်တဲ့ ကိုသိန်းဟာ ခင်မင်စရာ ကောင်းတဲ့ သူတဦးပါ။ မကဒတရဲ့ စခန်း ဥက္ကဌတဦးဖြစ်ပေမယ့် မသိရင် သာမန်ရဲဘော်တဦးလိုပဲ နေလေ့ရှိပါတယ်။ အနေရိုးရိုးနဲ့ စကားပြောရင် လေးလေး နက်နက် ပြောလေ့ရှိတဲ့ ကိုသိန်းကို ကျနော် တော်တော်လေးစားခဲ့ပါရဲ့။ ဘယ် အကြောင်း အရာကို ပြောပြော သူက တလေးတနက် ဆွေးနွေးလေ့ရှိပါတယ်။ သူ့မှာ ပေါ့ပေါ့တန်တန် သဘောထားတဲ့အရာ တခုမှ ရှိပုံ မရပါဘူး။

သည်လိုနဲ့ တနေ့သားတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဖက်ဒရယ်တို့ကို ဆွေးနွေးရတဲ့ ရက်တရက်ကို ရောက်လာပါတယ်။ အဲဒီမှာ အခု UWSA (၀သပ) ထဲရောက်သွားတဲ့ ငတိတွေလည်း ပါပါတယ်။ သူတို့က ကျနော်တို့ကို ဘာပြောလဲဆိုတော့ မင်းတို့ ကျောင်းသားတွေက ဗမာပြည်နယ် တောင်းရမယ်-ဆိုပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ ဟာသ မလုပ်ပါဘူး။ ဒါဆွေးနွေးနေတာပဲ၊ ဘာလို့ ကျနော်တို့က ဗမာပြည် တောင်းရမှာလဲပေါ့။ မကဒတ-ဟာ ဗမာပြည်နယ်တောင်းဖို့ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာမှ မဟုတ်ပဲ။ ပြီးတော့ မကဒတဟာ ဗမာ လူမျိုးတမျိုးတည်းကိုပဲ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းမှ မဟုတ်ပဲ၊ ဒီလို ကျနော်တို့က ပြန်လည် ဆွေးနွေးပါတယ်။ ဒီမှာ ပြသနာ ထတက်တာကတော့ ကရင်နီပြည်နယ်က ကိုယ်စားလှယ်နဲ့ အဲငတိပါပဲ။ မင့်ကိစ္စ မင်း အရင် ရှင်းပါလားကနေ စလိုက်တာ ထိုးကြကြိတ်ကြတဲ့အထိပါပဲ။

နောက်တော့ အဲဒီ ၀ငတိနဲ့ ကျနော်တို့နဲ့ သိပ် မကြေမလည်တွေဖြစ်လာပါတယ်။ အဲဒီမှာ ၀ငိထိန်းခဲ့တာက ကိုသိန်းပါ။ အမှန်က ကိုသိန်းနဲ့ ကျနော်က အသက်ချင်းလည်း သိပ်မကွာပါဘူး။ ကျနော်က သဘောကောင်းပါတယ်။ အငြင်းအခုံ ၀ါသနာမပါဘူး။ ဘယ်တော့မှ မငြင်းဘူး။ ဒါပေမယ့် စိတ်မရှည်ဘူး။ ခုလို ငြင်းခုံရတာတွေများလာတော့ လက်ပါချင်နေပြီ။ ကိုသိန်းက ပွဲထိန်းပါတယ်။ ဒီလိုနဲ့ ပြီးသွားတယ်ဆိုပါတော့။ ကျနော့်အတွက်တော့ မှတ်မှတ်ရရပါပဲ။

ဒီလိုနဲ့ တောထဲကို ကျနော်တို့ ပြန်ရောက်သွားတယ်။ အချိန်ကာလတွေလည်း ရွေ့လျားလာတယ်။ ကျနော်လည်း ရွေ့လျားသွားတယ်။ တနေ့သားတော့ သတင်းတခု ကြားရတယ် ကိုသိန်းကို ရန်သူက ဖမ်းမိသွားတယ်။ လက်နက်တွေနဲ့၊ ရန်သူက သူ့ကို သေဒဏ်ပေးလိုက်တယ်။ ကြားရတာ ကျနော် စိတ်မကောင်းဘူး။ ဘယ်လိုဖြစ်ရတာလဲ ကိုသိန်းရယ်။ ခုနောက်ဆုံးတော့ သူ့ကို သေဒဏ်မပေးသေးပေမယ့် သာယာဝတီထောင်မှာ သူ့ကို ထားထားတယ်။ မျက်လုံးတဖက်ကွယ်သွားပြီ။ ကျနော် စိတ်မကောင်းဘူး။ ကြားရတာတွေက။ သူ တတ်နိုင်တာတွေကို အတတ်နိုင်ဆုံး ထမ်းဆောင်သွားခဲ့တဲ့ ကိုသိန်း။ သူဟာ သူရဲကောင်းတယောက်ပါပဲ၊ အခုတော့ သူ့ကို အားလုံးက မေ့လျော့နေလေပြီလား။

ဒေါက်တာမင်းသိမ်း

သူ့ကို ကျနော်တို့ သေ့ဘောဘိုးစခန်းမှာ တွေ့ကာစတုန်းကဆို ဆရာဝန်မှန်းတောင် မသိပါဘူး။ အဲလောက် အနေရိုးကုပ်တဲ့သူပါ။ သူ လုပ်စရာရှိတာကို သူလုပ်တယ်။ စကား အပို မပြောဘူး။ လူပုံက အရပ်ခပ်ပြတ်ပြတ်နဲ့ မျက်မှန်မထူတထူနဲ့။ စကားပြောရင်လည်း ခပ်လေးလေး ဒါပေမယ့် ပြတ်ပြတ်ပြောတတ်သူ။ ကျနော်တွေ့တွေ့နေတာကတော့ ပြင်ပက သတင်းထောက်တွေ လာရင် သူက စကားပြောနေသူဆိုတော့ အီးမေဂျာက တယောက်ယောက်ပေါ့လေ ကျနော်က ထင်နေတာ။ နောက်တော့မှ စခန်း ဆေးရုံမှာလည်း တွေ့တော့မှ သြော် ဆရာဝန်မှန်းသိရတော့တာ။

သည်လိုနဲ့ ကိုသိန်းနဲ့အတူ ကျနော် စီမီနာတက်တော့ သူလည်း ပါလာပါတယ်။ ကိုသိန်းလိုပဲ ကျနော် ခင်ရသူ။ ဒါပေသည့် စီမီနာမှာ Workshop တွေလုပ်တော့ သူက တခြား Group မှာချည်း။ ဒါနဲ့ စီမီနာ တလျှောက်လုံးမှာ သူနဲ့ တခါမှ မတွဲခဲ့ဖူး။ အမှန်ကတော့ ဒေါက်တာမင်းသိမ်းက ကျနော်တို့ စခန်းက မဟုတ် စောထစခန်းမှ လာသူ။

ကျနော်တို့ စခန်းမှာ သင်တန်းတွေမျိုးစုံပေးတော့ သူက အဲသည်မှာ ဆေးသင်တန်းမှာနည်းပြ။ သည်လိုနဲ့ သူနဲ့ ကျနော် စခန်းမှာ တတွဲတွဲ ဖြစ်လာတယ်။ အရက်အတူသောက်။ စကားတွေအတူပြော။ တခါတခါလည်း သူပြောတာတွေ ကျနော် နားမလည်ပါ။ ဒါပေမယ့် သူ့ကို ခင်ပါတယ်။

သည်လိုနဲ့ သင်တန်းတွေပြီးတော့ သူက သူ့ စောထစခန်း ပြန်သွားလေရဲ့။ နောက် ရှေ့တန်းစစ်မြေပြင်ဆင်းတဲ့ စစ်ကြောင်းမှာ ပါသွားတယ် ဆိုတာကိုလည်း ကြားလိုက်ရတယ်။ ယေဘူယျအားဖြင့် ဆရာဝန်တွေကို စစ်ကြောင်းထဲ မထည့်ပါဘူး။ ဆေးမှူးတွေသာ စစ်ကြောင်းထဲ လိုက်ကြလေ့ရှိတာကိုး။ သူကတော့ အတင်းတောင်းဆိုပြီး လိုက်သွားသည်တဲ့။

သိပ်မကြာပါဘူး။ မုပ္ပလင်နဲ့ ဘီးလင်းမှာ တိုက်ပွဲတွေ ဖြစ်တာကို ကြားရတယ်။ နောက်တော့ ဒေါက်တာမင်းသိမ်းကို ရန်သူက ဖမ်းမိသွားတယ် ဆိုတာကိုပါ ကြားလိုက်ရပါတော့တယ်။ သတင်း အတိအကျတော့လည်း မည်သူမျှ မသိရတော့။ ဒဏ်ရာနဲ့ ဆေးရုံမှာသေသွားသည်။ ရန်သူက မသေမချင်း နှိပ်စက်သည်။ ကျိမ်းသေတာကတော့ ဒေါက်တာမင်းသိမ်း ကျဆုံးသွားပါပြီ။

သူလည်း သူရဲကောင်းတဦး ဖြစ်ပါတယ်။ ခုတော့ လူတွေ သူ့ကို မေ့လျော့နေလေပြီလား။

Aug 6, 2008

နည်းနည်းလောက်တော့ပြောချင်တယ်












ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ခုတလောမှာ အလုပ်ကလည်း အားနေ အချိန်တွေကလည်း ပိုနေတော့ ဟိုလူနဲ့ ချက် ဒီလူနဲ့ချက်၊ ဟိုဘလော့ သွားလိုက် သည်ဘလော့ သွားလိုက်၊ ဟိုစာဖတ် သည်စာဖတ်နဲ့။ ဟိုဟို သည်သည် လျှောက်စဉ်းစားမိတာလေး ရေးမိတာပါ။

ခုတလောမှာ နံမည်ကြီးဘလော်ဂါတွေ (ဥပမာ ကိုသင်ကာ) ဘလော့ တနှစ်ပြည့်တဲ့အခါ အမှတ်တရ အထိမ်းအမှတ် စာလေးတွေ ရေးကြတာတွေကို ဖတ်ရတော့၊ သူတို့ကို ချစ်ကြခင်ကြ လေးစား ရင်းနှီးကြတဲ့သူတွေက တရင်းတနှီး စကားတွေ ပြောကြတာတွေကို ဖတ်ရတော့ သူတို့ကိုယ်စား ၀မ်းသာ ကြည်နူးမိပါရဲ့။

တခါ တချို့ဘလော်ဂါတွေ ရေးကြတာလည်း ဖတ်ရတယ်။ ပို့စ် ၁၀၀ မြောက်အမှတ်တရ စသည်ဖြင့်ပေါ့လေ။ (ကျနော်ကတော့ စိတ်ထင်ရာ လျှောက်တင်ထားတာ သီချင်းတွေတင်ပြီး ဆားချက်တာတွေလည်း ပါတော့ ပို့စ်တွေ ၁၀၀ ကျော်သွားမှန်းတောင် ကိုယ့်ဘာသာကိုယ် သတိမထားမိပါဘူး)။ နောက်တချို့ ဘလော်ဂါတွေ ကလည်း (ဥပမာ- We She Me) ဘလော့ ဟစ်တသိန်း အမှတ်တရ ပေါ့လေ စာတွေရေးရတာ ဖတ်ရတယ်။

ဘာပဲပြောပြော အဲလိုမျိုးစာတွေ ဖတ်ရတဲ့အခါ တွေးတွေ စရာတွေလည်း ပါလာပါတယ်။ We She Me က Hit တသိန်းအမှတ်တရ မှာ ပြောထားသလို ပို့စ်တခု ရေးတယ်ဆိုတာ ထိုက်သင့်တဲ့ အချိန်ပေးရတယ်-ဆိုတဲ့ အချက်ကို စဉ်းစားမိပါတယ်။ အမှန်ပါပဲ။ ရေးတဲ့ အကြောင်းအရာလိုက်လို့ပေါ့လေ။ ဘလော်ဂါတယောက်နဲ့ တယောက်တော့ တူမယ် မထင်မိပေမယ့် သူပြောသလိုပဲ အနည်းဆုံးတော့ ၂ နာရီလောက်တော့ ပေးရတာပါပဲ၊ အဲဒါနဲ့ တဆက်တည်း ကျနော် ဆက်ပြီး စဉ်းစားမိတာက ဘလော်ဂါက အချိန်ပေးပြီးရေးရသလို ဖတ်ရှုနေကြသူများမှာလည်း အချိန်ပေးရတာပါပဲ။ ခုချိန်မှာ ဗမာ ဘလော့ပေါင်း ၅၀၀၀ လောက်ရှိတယ်လို့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် အနည်းဆုံး ၅၀၀ ပဲထား အားလုံးရေးနေတာတွေကို သွား မဖတ်နိုင်ပါဘူး။ အချိန်ကြောင့်ပါ။ ဒီတော့ နှစ်သက်ရာ ဘလော့တွေကိုပဲ ဦးစားပေးပြီး သွားဖတ်ကြရတာပါ။ နှစ်သက်စရာ ဘလော်ဂါတွေကလည်း အများ ကြီးဖြစ်နေပါတယ်။ ကျနော်ဆို ဖတ်ချင်တဲ့ ဘလော်ဂါတွေ များလွန်းလို့ အိမ်တိုင်ယာရောက် လိုက် မဖတ်နိုင်လို့ Google Reader နဲ့ Feed ယူထားပြီး ဖတ်နေတာပါ။ ဒါပေမယ့် တခါခါတော့ အားမရလို့ ဘလော့ကို ကိုယ်တိုင်လိုက်သွားပြီး ထပ်ဖတ်တယ် ကွန်မန့်တွေ ရေးတယ်၊ ဆီပုံးထဲမှာ သွား အော်တယ်။ ဒီလိုကျနော်လုပ်တာကလည်း အဲသည်ဘလော်ဂါရေးတဲ့ ပို့စ်အတွက် ကျနော့် အချိန်တွေကို ပေးနေတာပါပဲ၊ အဲသည်အချက်ကို ကျနော် စဉ်းစားမိသွားတဲ့အခါ ကျနော့် ဘလော့ကို လာလည်ကြတဲ့ မိတ်ဆွေတွေအပေါ် ကျနော်က တာဝန် မကျေသလို ဧည့်ဝတ်မကျေသလို ဖြစ်နေတာတခုကို သွားတွေ့မိပြီး အရမ်း အားနာမိပါတယ်။ အားလုံးက သူတို့ အချိန်တွေကို ပေးပြီး ကျနော့် ဘလော့ကို လာလည်ကြတယ်။ ကွန်မန့်တွေရေး၊ ဆီပုံးထဲမှာ အော်သွားတာတွေကို အရင်တုန်းက ကျနော် သည်အတိုင်းပဲ ကြည့်နေမိတာပါ။ စိတ်ထဲမှာတော့ ဘာမှ ရှိလို့ မဟုတ်ပါဘူး။ ခုနောက်ပိုင်းတော့ အားလုံးကို ကျနော် ပြန်နှုတ်ဆက်ပါတယ်။ သူတို့တွေရဲ့ အချိန်တွေကို ပေးပြီး ကိုယ့်ဆီကို လာလည်တာကို လေးစားသောအားဖြင့်ပါ။

သူငယ်ချင်း တယောက်နဲ့ ကျနော် ချက်ထဲမှာ စကားပြောဖူးတယ်။ သူကပြောပါတယ် တချို့ဆို ကိုယ့်ဆီလာလည်ပြီး ကွန်မန့်ရေး ဆီပုံးထဲ အော်သွားတာတွေကို ကိုယ်ဘာပြန်ပြောလဲဆိုတာ သိချင်လို့ နောက်တခေါက် ပြန်လာပြီးဖတ်တာတဲ့။ ဒါလည်း အမှန်ပါပဲ။ ကျနော်ကိုယ်တိုင်လည်း အဲလို လုပ်ခဲ့ဖူးတယ်။ ကိုယ်ပြောတာလေးကို သူ ဘယ်လို တုန့်ပြန်သလဲပေါ့။ ဘယ်လိုပဲ တုန့်ပြန် တုန့်ပြန် ကိုယ့်ကို တုန့်ပြန်တဲ့စာလေး တခုခုကို ဖတ်ရတဲ့အခါ ကြည်နူးပြီး ပြန်လာရတာပါပဲ၊ အဲဒါကိုက ဘလော့ဖီလင် ဖြစ်နေလေသလားတော့ မသိ။

ခုတော့ အားလုံးကို ကျနော် ပြန်နှုတ်ဆက်တယ်။ စကားပြန်ပြောပါတယ်။ အခြား ဘလော်ဂါ ညီအကို မောင်နှမတွေကိုလည်း တတ်နိုင်ရင် သည်လို လုပ်ကြဖို့ ကျနော် တိုက်တွန်းပါတယ်။ လာလည်တဲ့သူတွေ စိတ်ချမ်းမြေ့သွားတာ ကိုယ့်အတွက်လည်း ကုသိုလ်တခု၊ ပီတိတခု ရစေပါတယ်လေ။

နောက်တခု အဲလိုမျိုး ဘလော်ဂါတွေ ရေးတဲ့ အမှတ်တရ ပို့စ်တွေကို ဖတ်ရင်းနဲ့ ကိုသင်ကာ့ပို့စ် မှာ ပြောသလို -ဘာဖြစ်ဖြစ် လောကသည် နေပျော်လာသည်တော့ အမှန်ဖြစ်သည်။ ကျနော်နှင့် လေးမ အတွေးတူကြသလို “ဘလော့ဂ်ဆိုတာ လောက၏ အခြားသော ပြတင်းပေါက်တစ်ခု” ဖြစ်ပါသည်။ အွန်လိုင်း Community သာမရှိလျှင်ကျနော်အဖို့ အခုအချိန် ဘာလုပ်နေရမည်ကို စဉ်းစား၍ပင်မရ။- ဆိုတာကို သွား စဉ်းစားမိတာပါ။

ဘလော့ရေးသူတိုင်း ရေးရခြင်း အကြောင်းတခုကတော့ ရှိကြမှာပါပဲ။ သို့မဟုတ် တခုထက် မကရင်လည်း ရှိနိုင်ပါတယ်။ တဦးနဲ့တဦးလည်း မတူနိုင်ပါဘူး။ သို့ပေမယ့် ယေဘုယျအားဖြင့်တော့ အပြန်အလှန် ကူးစက်ခံစားချင်ကြတဲ့ စိတ်က အခြေခံတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ကိုယ် ထင်မြင် ယူဆ တာလေးတွေကို ရေးမယ် ပြောမယ် တင်ပြမယ်၊ ကိုယ် ခံစားရတာလေးတွေကို ဖွဲ့နွဲ့မယ် ဖောက်ထုတ်မယ် မျှဝေမယ်၊ အယူအဆတူ၊ အတွေးတူ၊ ခံစားချက်တူတဲ့ စာဖတ်သူတွေ ရှိလာတော့ အသိုင်းအ၀ိုင်းလေးတခု ရရှိလာတာပါပဲ၊

ကျနော့် တဦးတည်း အမြင်အရ ပြောရရင်တော့ ဘလော့ရေးနေသူတွေ အားလုံးနီးပါးဟာ ပညာတတ်တွေ ဖြစ်ပါတယ်။ စာဖတ်ခဲ့သူတွေ ဖြစ်ပါတယ်။ အမှားနဲ့ အမှန်ကို သိကြတယ်၊ တရားမှုနဲ့ မတရားမှုကို သိကြတယ်။ ပြီး တနည်းနည်းနဲ့ အမိဗမာပြည်နဲ့ ဝေးနေကြသူတွေ ဖြစ်ပါတယ်။ အားလုံးမှာ ကိုယ်တိုင် နှစ်ရှည်လများ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ရှိတယ်၊ ဘ၀ပေး အသိတွေ ရှိတယ်၊ ယုံကြည်ရာတွေ ရှိတယ်၊ ကိုးကွယ်ရာတွေ ရှိတယ်။ ခံစားနေရတာတွေ ရှိတယ်၊ လောင်မြိုက်နေတာတွေ ရှိတယ်၊ ချို့တဲ့နေတာတွေ ရှိတယ်၊ ပေါက်ကွဲနေတာတွေ ရှိတယ်၊ ဖောက်ခွဲပစ်ချင်နေတာတွေ ရှိတယ်။ ဒါတွေအားလုံးကို ကွန်ပြူတာရဲ့ ပြူတင်းပေါက်ကနေ ဘလော့ပေါ်ကို သွန်ချနေသူများချည်းသာ ဖြစ်ပါတယ်လို့ ကျနော်ပြောရင် မှားမယ်လို့တော့ မထင်ပါဘူး။

မကေသွယ့်ဘလော့ခေါင်းစဉ်မှာ ရေးထားသလို Sharing same intrest... Making virtual friends... Creating own space... Pouring out unfinished thoughts... Because! Not always fortunate enough to have that all...
မပန်ဒိုရာ ဘလော့မှာ ရေးထားသလို ရှင်သန်ခြင်းတွေ ဖြန့်ခင်းထားတဲ့နေရာ
ဆရာမမေငြိမ်းဘလော့မှာ ရေးထားသလို ပြီးရင်... ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့ သွားစို့
ကိုသင်ကာ့ ဘလော့မှာ ရေးထားသလို လွတ်လွတ်လပ်လပ်တွေး
ကိုဝေလင်းရဲ့စိတ်ကူးတေးသီမှာ ရေးထားသလို စိတ်ကူးသမျှ တေးဖြစ်ချင်မှဖြစ်မယ် သီတော့ ထားလိုက်ပါလေ
ကိုကလိုစေးထူးဘလော့မှာ ရေးထားသလို ဟိုး...ရှေ့မှာ ပန်းတိုင်ရှိတယ်၊ လာသွားကြစို့
မိုးချိုသင်းမှတ်တမ်း က တရားနှင့်ဓား၊ အား နှစ်အား တွင်၊ တရားကို ချစ်၊ ဓားကိုပစ်အံ့၊ စစ်ကို ငါတို့ မုန်းပါသည်
ကောင်းကင်ကိုဘလော့က လေပြင်းတွေလာချွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် ကဗျာတွေကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ ကမ္ဘာမြေကို နှုတ်ဆက်နမ်းခဲ့မယ်- စသည် စသည်များက အပြန်အလှန် ကူးစက် ခံစားချင်ကြတဲ့ စိတ်နဲ့ ထင်သာမြင်သာအောင် လွှင့်တင်ထားခဲ့တဲ့ အလံတွေပဲ မဟုတ်လား။ ကျနော်လည်း ကျနော့် အလံလေး တလက်ကို လွှင့်ခဲ့တယ် မြင်သာလေသလား မမြင်သာလေသလားတော့ မသိ။

ဆိုတော့ဗျာ အလံတူသူချင်း လမ်းတူသွားတဲ့အခါ အသိုင်းအ၀ိုင်းလေးတခု ရလာတာပါပဲ။ အဲဒီအခါ ကိုသင်ကာ ပြောသလို ဘ၀ကလည်း ပိုပြီးနေပျော်လာတာပါပဲ၊ အခုတော့ နေပျော်နေတဲ့ ဘ၀လေးထဲကနေ ရုန်းမထွက်နိုင်တော့ဘူး။

ဒါပေမယ့် တခုတော့ ရှိပါတယ်။ ကျနော့် အလံကြောင့်တော့ ဘယ်သူမှ မျက်ရည် မခစေရဘူး။ ကျနော့် ကဗျာတပုဒ်စာတပုဒ်ကြောင့်တော့ ဘယ်သူမှ လဲမကျစေရဘူး။ ဒါကိုတော့ ကျနော် အာမခံခဲ့ပါတယ်။

Aug 4, 2008

ပဉ္စလက်တောင်တန်းပေါ်က လူတယောက်သို့
















ကိုငြိမ်းဝေရေးတဲ့ ကမ္ဘာအပြားကြီးပေါ်က ကျနော်နဲ့ကိုခိုင် ကို ဖတ်ပြီး ဒီစာကို ကျနော်ရေးချင်နေတာ အခုမှ ရေးဖြစ်ပါတော့တယ်။

ကမ္ဘာအပြားကြီးကို ကျနော်လည်း ကျေးဇူးတင်နေမိတယ်။ ပဉ္စလက် တောင်တန်းပေါ်က လူတယောက်က အောင်သာငယ်ဆိုတဲ့ မလောက်လေး မလောက်စား ကဗျာရေးသမားလေး တယောက် (အခုတော့ ကျနော်လည်း ကဗျာရေးသမားကြီးဖြစ်နေပါပြီ ကိုငြိမ်းရေ့... ဟဲ..ဟဲ.. အသက်တွေ ကြီးလာလို့- ) ကို ပြန်သတိရ မှတ်မိသွားလို့။

အမှန်ကတော့ ကိုငြိမ်းမှာလည်း အပြစ်မရှိပါဘူးလေ။ ကျနော်တောင် တခါတခါ ကျနော့် တပ်ရင်းထဲက ရဲဘော်တွေ နံမည်ကို စဉ်းစားလို့ မရတော့ဘူး။ တစုံတယောက်က ဘယ်သူဘယ်ဝါလို့ ပြောလာရင် တော်တော် ပြန်စဉ်းစားနေရတာကိုး။ နှစ်တွေကလည်း ကြာညောင်းလာ၊ အသက်တွေကလည်း ကြီးလာ၊ ဘ၀တွေကလည်း ရွှေ့ပြောင်းနေရတဲ့ တောင်ယာတွေလို အတည်တကျ မရှိ၊ အချိန်ကာလလိုက်လို့ တသမတ်တည်း ပြောင်းလဲနေနေတဲ့ ပြက္ခဒိန်တွေမှာ ကိုယ့်ဘ၀ကို ကိုယ်ပြန်ချိန်ညှိနေရတာကိုက တချို့တလေကို မေ့သွားနိုင်ဖို့ လုံလောက်နေရဲ့။

ကျနော်ကတော့ ကဗျာတွေကို ချစ်သူ၊ ကဗျာရေးသူတွေကို ချစ်သူဆိုတော့ လွတ်မြောက်နယ်မြေထဲမှာ လူချင်းမသိတဲ့လူရော လူချင်းသိတဲ့လူရော ကဗျာဆရာတွေ၊ ကဗျာရေးသူတွေအားလုံးကို ချစ်ခဲ့ပါတယ်။ ဥပမာ-ကိုငြိမ်းရဲ့ ဆောင်းပါးတွေမှာ ဖော်ပြလေ့ရှိတဲ့ ကဗျာဆရာ တိုက်မောင်းဆိုရင် ကျနော် လူချင်း အလွန်တွေ့ချင်ခဲ့ဖူးသူပါ။ တွေ့ခွင့်ကတော့ ဘယ်လိုမှ မရလိုက်ခဲ့ပါဘူး။ နောက်တယောက်ကတော့ ကဗျာဆရာ နှင်းခါးမိုး။ လူချင်း မတွေ့နိုင်အောင်ကို အချိန်ကာလနဲ့ နေရာဒေသတွေက ခြားခဲ့တယ်။ ခုတော့ ဘလော့ဂိုစဖီးယားထဲကျမှ လာပြန်တွေ့ရ ပါတော့တယ်။ ကဗျာဆရာမောင်လွမ်းဏီဆိုရင် ကျနော့် ဆရာတယောက်လို၊ အကိုရင်း တယောက်လို ကျနော် ချစ်ခဲ့ရတဲ့သူပါ။ ချစ်ခင်ရသူတွေထဲမှာ ကဗျာဆရာငြိမ်းဝေဆိုတဲ့ ကိုငြိမ်းလည်း ပါခဲ့ပါတယ်။ သူ့ကို ချစ်ခင်ရတော့ သူ့ရဲ့ မဒေ၀ီကိုတောင် ခင်မင်ရင်းနှီးနေခဲ့ရတာပေါ့။

ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
ဒိုရာသန်းအေး လှေကလေး
အတွေးထဲမှာ လှော်ရ- ဆိုတဲ့

သူ့ကဗျာကို ကျနော် အရမ်းကြိုက်ခဲ့တာပေါ့။ ကျနော်ကိုယ်တိုင်လည်း - ဘေးမသန်းပဲ အေးချမ်းချင်နေသူ- မဟုတ်လား။ အဲလိုနဲ့ ခင်မင်းရင်းနှီးမှုတွေက သံယောဇဉ် တခုကိုလည်း ဖြစ်စေခဲ့တာပါပဲ။

အချိန်ကာလလိုက်လို့ အခြေအနေတွေကို လိုက်လို့ လေတိုက်ခံရတဲ့ တိမ်တွေလိုပဲ ဘ၀တွေက နေရာတကာကို စီးမျောလွင့်ပါးသွားခဲ့ရပေမယ့် တတ်နိုင်သမျှတော့ သတင်းတွေ စုံစမ်းနေခဲ့တယ်။ ဘယ်သူက ဘယ်မှာလဲ။ ဘာတွေလုပ်နေလဲ-ဟင်။ ဖုန်းနံပတ်လေးများ ရမလား။ အီးမေးလ်ရှိရင် လုပ်ပါဦး။ အချိန်ရှိသမျှ အခွင့်အရေးရသမျှ ချစ်ခင်သူတွေကို ရှာဖွေနေခဲ့တာပါပဲ။ ကိုငြိမ်းဆောင်းပါးတွေ ကဗျာတွေ အင်တာနက်မှာ စာစောင်တွေမှာ ရေဒီယိုတွေမှာ တွေ့နေ၊ ဖတ်နေ၊ ကြားနေရတယ်။ လူချင်းကတော့ ဘာအဆက်အသွယ်မှ မရှိ။

ဒီလိုနဲ့ တနေ့သားတော့ ကဗျာဆရာ ယောဟန်အောင် ဘလော့ရေးနေကြောင်း သူငယ်ချင်းတယောက်က ပြောပြလာတော့မှ ဘလော့တွေကို တက်ကြည့်ဖြစ်တယ်။ အဲလောက်ထိ ကျနော်က ဘ၀ထဲမှာ နစ်မြုပ်နေခဲ့မိတယ်။ ဘလော့တွေ ဖတ်ရင်းနဲ့ အားကျလာတယ်။ ရင်ထဲမှာရှိနေတဲ့ လောင်မြိုက်နေတဲ့ အရာတွေကိုလည်း ဖောက်ချချင်စိတ်တွေ တဖွားဖွား ပေါ်လာရာကနေ ဘလော့ စရေးဖြစ်ခဲ့တာပါပဲ၊ နောက်တော့ ကျနော်လည်း ဘလော်ဂါအသစ်ချပ်ချွတ်တယောက်ဖြစ်လာတော့ ဘလော့တကာ လျှောက်သွားပြီး အိမ်လည်တဲ့အလုပ်ကို လုပ်ရတော့တာပေါ့။ ဒီလိုနဲ့ တနေတော့ ငြိမ်းဝေဆိုတာကို ဘလော့ တခုက လင့်ခ်မှာ သွားတွေ့လိုက်တယ်။ အဲဒီလမ်းပြမြေပုံနဲ့ ကိုငြိမ်း အိမ်ပေါက်ဝကို ဆိုက်ဆိုက် မြိုက်မြိုက် ကျနော် ရောက်ခဲ့ပါရဲ့။ ၀မ်းသာလိုက်တာလေ။ ဒါမဲ့ အဲဒီတုံးက ကိုငြိမ်းဘလော့မှာ ဆီပုံးမရှိသေးဘူး။ သူကလည်း ခေတ်ပြိုင်စာမျက်နှာတွေမှာ ရသစာမျက်နှာ ဖြုတ်လို့ ဘလော့ရေးဖို့ စီစဉ်ရကြောင်း ပြောထားပါသေးတယ်။ ဒါနဲ့ပဲ နှုတ်မဆက်နိုင်ပဲ ပြန်ခဲ့တယ်။ သတိရတိုင်း အချိန်ရတိုင်း အိမ်ရှေ့မှာ သွားသွားရပ်ခဲ့တယ်။ နှုတ်ဆက်စရာ လူမတွေ့ပဲ ပြန်ခဲ့ရတာ အကြိမ်ကြိမ်၊

ဒီလိုနဲ့ တနေ့တော့ သူ့ဘလော့မှာ ဆီပုံးလေးချိတ်ထားတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ဝမ်းသာအားရ ဆီပုံးထဲမှာ အော်ခဲ့တယ်။ - အလည်လာတာ ခဏခဏပဲ ဆီပုံး မရှိလို့ နှုတ်မဆက်ခဲ့ရဘူး ဆရာကြီး။ ချမ်းမြေ့ပါစေဗျာ-လို့ အော်ခဲ့တာ။ နောက်တော့ ကျနော့် ဆီပုံးထဲမှာ - 2 Mar 08, 09:23 ငြိမ်းဝေ: ကျနော် လာလည်သွားတယ်။ သတိရတယ်ဗျာ... ဆိုပြီး ရေးသွားတယ်။ (ကျနော်က ဆီပုံးထဲက ဆီတွေကို ခပ်ခပ်ပြီး သိမ်းသိမ်းထားတတ်တယ်။ အမှတ်တရ ဖြစ်အောင်လို့...)။ ဒါနဲ့ အော် ကိုငြိမ်း ငါ့ဆီကို လာလည်သွားတယ်ပေါ့။ ၀မ်းတွေသာလို့။

အဲလိုနဲ့ ကိုငြိမ်းအိမ်ကို ကျနော် သွားသွားလည်တာ အကြိမ်ပေါင်းမြောက်များစွာ။ ဒါမဲ့ ကွန်မန့်တွေ ဘာတွေ မရေးခဲ့ဘူး။ ဆီပုံးထဲ မှာလည်း ဘာမှ မအော်ဖြစ်ခဲ့ဖူး။ ခြေရာ မချန်ပဲ လှည့်လှည့် ပြန်ပြန်လာခဲ့တယ်။ တနေ့တော့ ဘာရယ်လို့ မဟုတ်ပါဘူး သူ့ဆီပုံးထဲ ခင်ခင်မင်မင် သွားအော်ခဲ့တယ်။ -ကျနော် လာလည်တယ်။ ခဏခဏပဲ။ ခြေရာတော့ မချန်ခဲ့ဖူး။ ကိုငြိမ်းဝေကတော့ ကျနော်ဆီတခါမှ မလာဘူး။ စိတ်ဆိုးတယ်ဗျာ။ ခင်ဗျား ကဗျာတွေကို ကွန်ပြူတာနဲ့ စာရိုက်ခဲ့ပေးခဲ့ဖူးတဲ့သူ တယောက်ကို ခင်ဗျားက အခုတော့ မေ့နေပြီပေါ့ ဟုတ်။-

နောက်တော့ ကိုငြိမ်း စာမှာရေးထားသလို ကိုငြိမ်းနဲ့ ကျနော့်ကြား တယောက်ယောက်က ၀င်နှောက်သွားတော့ ကိုငြိမ်းကို ကျနော် စိတ်ခုသွားတယ်။ ဒါနဲ့ သူငယ်ချင်းတွေနဲ့ စကားပြောရင်တောင် သူ့ကို စိတ်ဆိုးတဲ့ စကားတွေ ပြောနေမိတော့တယ်။ ကိုငြိမ်းကတော့ ဘာမျှမသိ။

နောက်တော့ စိတ်ထဲမှာ မနေနိုင်တာနဲ့ ကိုငြိမ်း ဘလော့က အီးမေးလ်ထဲ စာတွေ ရေးထည့်ပစ်လိုက်တယ်။ ကိုငြိမ်းကလည်း ပြန်ပြောရှာပါတယ်။ ဒီလိုနဲ့ တရက်ကျတော့ အရာအားလုံး ပြေလည်သွားပါတယ်။ ကိုငြိမ်း ကျနော့်ဆီကို ပို့လာတဲ့ အီးမေးလ်ကို ကျနော် ဖတ်ရတယ်။

ကိုအောင်ခိုင် (ကိုခိုင်)


ကျနော် စိတ်မကောင်းဘူးဗျာ။ ကျနော်ခရီးထွက်ရာက ပြန်ရောက်ပါပြီ။ ကျနော် ခရီးထွက်နေတုန်း ဘလော့ ကိစ္စဘာမှ မလုပ်နိုင်ခဲ့ဘူး။ အိမ်မှာကျန်နေခဲ့တဲ့ ကျနော့်ဘလော့ကိစ္စ၊ရုံးကိစ္စ အကူအညီပေးနေတဲ့ တူမလေးက ဖုန်းနဲ့ပြောမှ အကြောင်းစုံသိရတာ။ သူကလည်း ကျနော်က “ခင်ဗျားကို မသိပါဘူး၊ မနှောက်ယှက်ပါနဲ့ ဆိုတဲ့စာမျိုး ဘာပြုလို့ ဘဘက ဒီလိုပြန်ရေးရတာလဲ” ဆိုပြီး မေးမှ ကျနော် တော်တော်စိတ်ပူသွားတာ။ ဘယ်ပုဂ္ဂိုလ်က၀င်ပြီး ရေးလိုက်သလဲဆိုတာ ကျနော် မသိခဲ့ဘူး။ ခင်ဗျားဆီကရေးတဲ့ ပထမစာ ပြီးတော့ ကြားထဲက ၀င်ရေးတဲ့လူရဲ့စာ၊ ခင်ဗျားက စိတ်ဆိုးလို့ရေးတဲ့စာတွေကို တခုမှ ကျနော် မဖတ်ခဲ့ရပါဘူး။ ကျနော့်တူမပြောမှ သိရတာ။ ဒါနဲ့ပဲ တောင်းပန်တဲ့စာ ခင်ဗျားဆီကို ကမန်းကတန်း ပြန်ခဲ့ရတယ်။
တူမလုပ်တဲ့ သူနဲ့ ဖုန်းထဲမှာ အချီအချစကားပြောတော့ ကိုလွမ်းဏီက ဘေးမှာ ရှိနေတယ်၊ သူနဲ့ကျနော်က အတူတူ ချင်းမိုင်ကို ရောက်နေတာ။ သူက ဘာဖြစ်တာလဲလို့မေးတော့ ကျနော်က အကြောင်းစုံရှင်းပြရတယ်။ ရှင်းရှင်းပြောရရင် အဲဒီအချိန်အထိ အောင်သာငယ်ဆိုတာ ခင်ဗျားမှန်း ကျနော် မသိသေးဘူး။ ကိုလွမ်းဏီက ပြောပြမှ သိရတော့တယ်။ စိတ်မကောင်းလိုက်တာဗျာ။

ကျနော့်စီဘောက်မှာ ခဏခဏအခုလိုပဲ ၀င်ပြီး နှောက်ယှက်နေတဲ့လူ ရှိတယ်။ ထားတော့ ... ။ အခုတော့ အဆင်ပြေသွားပြီပေါ့ဗျာ။ အောင်သာငယ်ဆီကို ကျနော် ခဏခဏ လာလည်ပါတယ်။ ခင်ဗျားလိုပဲ ခြေရာမချန်ခဲ့မိတာပဲ ရှိတာပါ။ ကဗျာရေးတဲ့ ဘလော့ဟူသ၍ ကျနော် ရောက်တာပေါ့။ “ကိုခိုင်” မှန်း သိရတော့ နေ့တိုင်း ရောက်နေအုန်းတော့မှာပေါ့။ ဒါပါပဲ “ကိုခိုင်” ရေ ... ။ နောက်မှ ...။ နောက်မှ ကျနော့်ကို ခွင့်လွတ် ... ငြိမ်းဝေ

ဘာပဲဖြစ်ဖြစ် ကျနော် ၀မ်းသာခဲ့ပါတယ် ကိုငြိမ်း။ ကိုယ့် ချစ်တဲ့ ခင်မင်တဲ့သူတယောက်နဲ့ နှစ်တွေ အများကြီး ကွဲကွာသွားပြီးမှ ပြန်တွေ့ရတာ။

ကိုငြိမ်းမှာလည်း အပြစ်မရှိပါ။
ကျနော် ထပ်ပြောပါတယ်ဗျာ
ကိုငြိမ်းမှာ လုံးဝ အပြစ်မရှိပါ။

Aug 3, 2008

မျက်ဖြေ



















အနီးဆုံး စကြာဝဠာကို သွားရင်တောင်
နှစ်တွေထောင်ချီပြီး ကြာတယ်တဲ့..
အလင်းနှစ်တွေ ပုခုံးပိုးလို့
အဲလိုမျိုး
မင့်ကို ချစ်ခဲ့တယ်

ငါ့ စာမျက်နှာတွေအတွက်
နိုးထလာတဲ့ မင့် နံနက်
အဓိပ္ပါယ်ရှိမှုနဲ့ ပြည့်နှက်စေပါ့မယ်၊

ငှက်ကလေးသုံးကောင်
မင့် ပြူတင်းပေါက်ဘောင်မှာနားဖို့
ငါ စေလွှတ်ခဲ့တာပေါ့
သူတို့ကို တေးဆိုပါစေကွယ်။

လေးဖြူရဲ့သီချင်း
လေငြင်းသယ်လာတယ်
-ဘယ်ဆီကို ရောက်ရောက်
ဘာတွေကို လုပ်လုပ်
အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်-

ဒဏ်ရာတွေ ဘယ်လောက်များများ
နှလုံးသားကတော့
မင့်ကို သယ်ပိုးထားပါတယ်။

တခါတခါလည်း
ငါဟာ အတ္တကြီးလွန်းတယ်
ပင်လယ်ကြီးတခုလုံးကိုတောင်
ကုန်သွားအောင် သောက်ချင်နေတာ
ငါပေါ့။

ပြီးတော့မှ
မုန်တိုင်းထန်တဲ့ပင်လယ်ကို
မိုးချုပ်မှောင်ရီထဲ ပြန်ရှာရင်း
လွမ်းပြီးရင်းလွမ်းနေတတ်တာပေါ့။

ATN

Aug 2, 2008

ပုရွက်ဆိတ်တကောင်ရဲ့ ဖွင့်ဟ၀န်ခံချက်















သူလို ကိုယ်လိုပါပဲ
ပုရွက်ဆိတ်တွေထဲက တကောင်ပေါ့။

အစာရှာတယ်၊ အစာစားတယ်
အိပ်စက်တယ်၊ နိုးထတယ်
လှုပ်ရှားတယ်၊ ရုန်းကန်တယ်
ဝမ်းသာတယ်၊ ၀မ်းနည်းတယ်
ပြည့်စုံတယ်၊ ချို့တဲ့တယ်
ရွေ့လျားတယ်၊ ရပ်တန့်တယ်
ပွင့်လင်းတယ်၊ လျှို့ဝှက်တယ်
ရိုးသားတယ်၊ ကောက်ကျစ်တယ်
အဓိပ္ပါယ်မဲ့တယ်၊ အဓိပ္ပါယ်ရှိတယ်
ဖြောင့်တန်းတယ်၊ ကွေ့ကောက်တယ်
တိမ်တွေ ဖြစ်ချင်တယ်၊ တိမ်တွေ မဖြစ်ချင်ဘူး
လင်းတဲ့အခါ လင်းတယ်၊ မှောင်တဲ့အခါ မှောင်တယ်
နီတဲ့အခါ နီယုံလေးနီပြီး ပြာတဲ့အခါ အစွမ်းကုန်ပြာတယ်
ဘုရားတွေကို ချစ်ချင်တဲ့အခါချစ်ပြီး မုန်းတဲ့အခါ အရမ်းမုန်းတယ်။

အထက်ဖော်ပြပါအားလုံးသည်
ကျွန်ုပ်၏ ၀န်ခံချက်များ ဖြစ်ပါကြောင်း။

ATN

ပန်းချီတချပ်ရဲ့သမိုင်း














ငါ့ အရေပြားတွေကလည်း
ပါးပဲ ပါးနိုင်လွန်း
အပွန်းအပဲ့လေးတခုလောက်တောင်
သေအောင် ကြောက်နေခဲ့၊

ခုတော့-
အထိမခံနိုင်တော့တဲ့ အရေပြားရယ်
ပြီးတော့-
ဘာသာစကားတွေနဲ့
မျက်ရည်ကျတတ်တဲ့ မျက်လုံးတွေရယ်
ကင်းဘတ်စ်ပေါ်တင်ပြီး
ငါ ဆွဲခဲ့ချင်တာပေါ့
သမိုင်းဝင် ပန်းချီကားတချပ်။

ဒါမဲ့
ဆေးတွေပဲရှိခဲ့ပြီး
စုတ်တံမရှိခဲ့တဲ့ ပန်းချီဆရာဟာ
ငါပေါ့။

ခုတော့
နှလုံးသားနဲ့ပဲ
ငါ ဆွဲခဲ့ပါရဲ့
အချစ်ဆိုတဲ့ ပန်းချီကား။

ATN

ဗမာပြည်မှာ ငါနေတယ်
















ဘောင်းဘီဝတ်မိုးတိမ်ကို
ငါ့လီဗိုင်းစ်ထဲ ချပ်ရပ်ခဲ့ပါတယ်
ငါက
ဂျီးန်သိပ်ကြိုက်တတ်တာကိုး

မာယာကော့ဖ်စကီးကိုတော့
မသိချင်ယောင်
ငါဆောင်နေခဲ့တယ်
ကြီးကြီးကျယ်ကျယ်ကောင်တွေကို အမြင်ကပ်လို့။

နိုင်ငံတကာ
ကဗျာဆရာတွေကို သိမှ
ငါ့ နံမည်ကို
ငါ ရေးရမတဲ့လား။

အနည်းဆုံးတော့
ပတ်ဗလိုနီရူဒါကို
ငါ သိတာပေါ့။

သူက
ဗမာပြည်နဲ့
ဧရာဝတီကိုလည်း သိတယ်လေ။

ဒီမှာ ---
ငါ့နှလုံးသားအတွက်
မာယာကော့ဖ်စကီးက
အမည်မပေးခဲ့ပါဘူး
ငါ့ဘာသာငါပဲ
ရင်ခုံရင်းနှီးခဲ့ရတာပေါ့။

ATN

Jul 31, 2008

လက်ဆင့်ကမ်းတိုက်ပွဲ
















(ဓါတ်ပုံကို ဆောင်းလူ ဘလော့မှ ကူးယူပါသည်)

၈-၈-၈၈ လူထုအရေးတော်ပုံကြီးရဲ့ အနှစ် ၂၀ မြောက်နေ့လည်း နီးကပ်လာနေပါပြီ။ ဘလော့တွေပေါ်မှာလည်း ၀တ္ထုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဓါတ်ပုံတွေ၊ သတင်းတွေ၊ ကြေငြာချက်တွေ၊ တိုက်တွန်းနှိုးဆော်မှုတွေ၊ ဗီဒီယိုတွေ အမျိုးစုံနေအောင် တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရပါတယ်။

အဲဒီအထဲမှာလည်း စိတ်အားထက်သန်မှုတွေ၊ နာကျည်းမှုတွေ၊ ဒေါသတွေ၊ အားမလိုအားမရဖြစ်မှုတွေ၊ ကိုယ့်ကိုယ်ကို ဝေဘန်မှုတွေ၊ ပြစ်တင်ပြောဆိုမှုတွေ၊ စတဲ့ ခံစားချက်ပေါင်း အမျိုးစုံကို ရောင်စုံခဲတံဗူးတဗူးကို ဖွင့်ကြည့်လိုက်ရသလို မြင်တွေ့နေရပါတယ်။ ကျနော် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်မိတိုင်း တာဝန်မကျေခဲ့တဲ့ လူတယောက်ကို အားမလိုအားမရ ပြန်တွေ့နေမိပါတယ်။

ဆရာမမေငြိမ်း ရဲ့ အနှစ်နှစ်ဆယ်ဒဏ်ရာ မှာတောင် ဆရာမက - သေချာတာကတော့ နှစ် ၂၀မှာ တာဝန်မကျေတဲ့ လူကြီးတွေစာရင်းထဲ ကျမ ပါနေတာ အသေအချာ။ - လို့ အားမလိုအားမရ အဆုံး သပ်ထားခဲ့ပါတယ်။ ကျနော်လည်း ဆရာမရဲ့ ခံစားချက်ကို နားလည်မိပါတယ်။ ဒါကြောင့်လည်း ဆရာမပို့စ်က ကွန်မန့်မှာ -ဆရာမရေ အဲဒီစာရင်းထဲမှာ ကျနော့်ကိုလည်း ထည့်ထားလိုက်ပါ-လို့ ရေးခဲ့ပါသေးတယ်။ ဒါကတော့ ကျနော်တို့ခေတ်မှာ ကျနော်တို့ ပုခုံးပေါ်ကို ရောက်လာခဲ့တဲ့ သမိုင်းတာဝန်တွေကို ကျနော်တို့ ၈-၈-၈၈ မျိုးဆက်ဝင်တွေက ပြီးဆုံးအောင် မထမ်းနိုင်ခဲ့သေးဘူးဆိုတာကို ကိုယ့်ကိုယ်ကို ဝေဘန်ရင်း အရိုးသားဆုံး ၀န်ခံချက်တွေပါ။

ဒီနေရာမှာ ကျနော်တို့ မျိုးဆက်က ပြီးဆုံးအောင် မထမ်းနိုင်ခဲ့တဲ့ သမိုင်းတာဝန်တွေကို ဆက်ထမ်းနေတဲ့ ဆက်ထမ်းနေမယ့် နောက်မျိုးဆက်တွေက ညီညီမငယ်တွေကို သိစေချင်တဲ့ အချက်တချို့ကို ခုလိုအချိန်မှာ ဖော်ပြချင်တာပါပဲ။

လွတ်လပ်ရေး မတိုင်ခင် ခေတ်ကတည်းက နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ စတင်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုတွေ အားလုံးဟာ ယနေ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုတွေအထိ မပြီးဆုံးနိုင်သေးတဲ့ လက်ဆင့်ကမ်း တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။ လက်ဆင့်ကမ်း တိုက်ပွဲတွေ ဆိုတာ မျိုးဆက်တခုနဲ့အောင်ပွဲ မရနိုင်တဲ့အခါ နောက်မျိုးဆက်တခုက ဒီတိုက်ပွဲကို ဆက်ပြီး ဆင်နွှဲရတာပါပဲ။ ဒါကို အသိအမှတ်ပြုရမှာ၊ နားလည်ရမှာ ဖြစ်ပါတယ်။ ခုချိန်ဟာ ၈-၈-၈၈ အရေးတော်ပုံ နှစ် ၂၀ ပြည့်ဖြစ်ပေမယ့် မျိုးဆက်တွေ အားလုံး လက်ဆင့်ကမ်းပြီး ပါဝင်တိုက်ခဲ့ရတဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး ဆိုတဲ့ မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲကြီး ၄၆ နှစ်ပြည့်ပြီးခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒါကိုလည်း သိစေချင်ပါတယ်။

မျိုးဆက်တခုတည်းနဲ့ ဘာကြောင့် အောင်ပွဲမရသလဲ-ဆိုတဲ့ မေးခွန်းကတော့ အချက်အလက်တွေများစွာ စုစည်းပြီးမှ သုံးသပ် ဖြေဆိုရမယ့် မေးခွန်းပါ။ သမိုင်း အဖြစ်အပျက်တွေဆိုတာ တရက်တည်းနဲ့ ပေါ်ပေါက် လာတာ မဟုတ်သလို သမိုင်းနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို မေးမြန်း ဖြေဆိုကြတဲ့အခါမှာလည်း အလွယ်တကူ ဖြေဆိုလို့ အလွယ်တကူ မှတ်ချက်ပေးလို့ မရပါ။ - ခင်ဗျားတို့ မျိုးဆက် အသုံးမကျလို့-ဆိုတဲ့ မှတ်ချက်နဲ့ အဆုံးအဖြတ်ပေးလို့ မရပါဘူး။ သမိုင်း အဖြစ်အပျက်တွေမှာ အချက်အလက်တွေ များစွာရှိပါတယ်။ သမိုင်းဖြစ်ရပ်တွေ အားလုံးကို ကိုယ့် စိတ်ဆန္ဒတခုတည်းနဲ့ ဖြစ်စေချင်သလို ဖြစ်လို့ မရတာ အမှန်ပါ။

ဒီမှာ လက်တွေ့ ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက် ၂ ခုကို ဖော်ပြချင်ပါတယ်။ ဒီအဖြစ်အပျက် ၂ ခုက လက်ဆင့်ကမ်းတိုက်ပွဲတွေကို ဆင်နွှဲကြရတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ မျိုးဆက်ကွာဟမှု ပြသနာကို ဖော်ပြနေလို့လည်း ဖြစ်ပါတယ်။

၈-၈-၈၈ ပြည်သူ့အရေးတော်ပုံကြီးကို ဖြိုခွဲခံရပြီးတဲ့အခါ ရှေ့ဆက်လုပ်ဆောင်ရမယ့် စီမံကိန်းတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေ၊ ဖြေရှင်းရမယ့် ပြသနာတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲမှာ ကျနော်တို့ ၈၈ မျိုးဆက်က အများစုဖြစ်ပေမယ့် ကျနော်တို့ရဲ့ နောင်တော်မျိုးဆက်ဖြစ်တဲ့ ၇၄/၇၅ ဦးသန့်/မှိုင်းရာပြည့် မျိုးဆက်တွေလည်း ပါပါတယ်။ ဆွေးနွေးနေကြရင်းက တနေရာ ရောက်တော့ အရေးတော်ပုံ ဖြိုခွဲခံရတာနဲ့ ပတ်သက်ပြီး နောက်တခါ အဖြိုခွဲ မခံရအောင် ဘယ်လို တားဆီးနိုင်မလဲ၊ ဘယ်လို ရှောင်ရှားနိုင်မလဲ ဆွေးနွေးကြပါတယ်။ အဲဒီမှာ အတော်လေး ပူညံပူညံတွေ ဖြစ်လာပါတယ်။ ဘယ်သူက ဘာမလုပ်လို့၊ ဘယ်အဖွဲ့က ဘယ်လိုလုပ်လို့ စတဲ့ ပြစ်တင် ပြောဆိုမှုတွေလည်း ပါလာပါတယ်။ တဖြည်းဖြည်းနဲ့ ဆွေးနွေးပွဲကနေ စကားရည်လုပွဲ ဖြစ်လာပြီး လမ်းကြောင်းတွေ ချော်လာပါတော့တယ်။ အဲဒီမှာ ၇၄/၇၅ မျိုးဆက်က နောင်တော်ကြီး တဦးက -မင်းတို့ကောင်တွေ ငါတို့ ပြောသလိုမှ မလုပ်တာ-လို့ ပြောရင်းနဲ့ - မင်းတို့က ဘာအတွေ့ အကြုံမှ ရှိခဲ့တာမဟုတ်ဘူး၊ ဒါကြောင့်မို့ ဒီလိုဒီလိုလုပ်ကြပါလို့ ငါတို့တွေ ပြောတာ၊ မင်းတို့တွေကမှ လိုက်မလုပ်တာ၊ မင်းတို့တွေ ဘာအသုံးကျလို့လဲ-လို့လည်း ပြောရော ၈၈ မျိုးဆက်ထဲက တယောက်က ထရပ်ပြီး -ကျုပ်တို့ကို အသုံး မကျဘူးမပြောနဲ့၊ ခင်ဗျားတို့ အသုံး မကျခဲ့လို့ ကျုပ်တို့တွေက လုပ်နေရတာ။ ခင်ဗျားတို့ အသုံးကျခဲ့ရင် ကျုပ်တို့တောင် လုပ်နေစရာမလိုဘူး။ ကျုပ်တို့ မျိုးဆက်က အစိုးရ ၃ ဆက်ဖြုတ်ချခဲ့တာ၊ ခင်ဗျားတို့ မျိုးဆက်က အစိုးရဘယ်နှစ်ဆက် ဖြုတ်ချခဲ့လို့လဲ-လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ဆွဲကြလွဲကြရင်းနဲ့ စကားရည်လုပွဲလည်း ပြီးသွားပါတော့တယ်။ (အမှန်တကယ်ကတော့ သူတို့ ၂ ဦးစလုံး ပြောဆိုတာဟာ မှားပါတယ်၊ လိုရာဆွဲယူပြီး ကိုယ်ချချင်တဲ့ ကောက်ချက်ကို ချနေကြတာပါ။)

နောက်တခုက သိပ်မကြာသေးခင်ကပဲ ကျနော်တို့ နောက်က ညီတော်မျိုးဆက်ဖြစ်တဲ့ ၉၆ မျိုးဆက်က ညီတယောက်က - အကိုတို့ ၈၈ မျိုးဆက်ကလူတွေ တကယ်တမ်း ဘာမှ မလုပ်ကြတော့ဘူး။ ပါးစပ် သေနတ်ပစ်နေတာပဲ ရှိတော့တယ်။ ဒါကြောင့်မို့ ကျနော်တို့တွေ မလွတ်မြောက်တာ-လို့ ပြောလာပါတယ်။ (သူပြောတာလည်း မမှန်ပါဘူး။ ပါးစပ်သေနတ်ပစ်တဲ့လူတွေကတော့ ခေတ်တိုင်း မျိုးဆက်တိုင်းမှာ ရှိခဲ့တာပါ။ ၈၈ မျိုးဆက်ရဲ့ ကိုမင်းကိုနိုင်ဟာ ခုထိ တိုက်ပွဲဝင်နေတုန်းပါ။ တိုက်ပွဲဝင်နေဆဲ ၈၈ မျိုးဆက်တွေ အများကြီး ရှိနေပါသေးတယ်။)

ဒီ အဖြစ်အပျက် ၂ ခုက မျိုးဆက်ကွာဟမှု ပြသနာကို ဖော်ပြနေသလို တိုက်ပွဲရလာဒ်ကို ဆန္ဒစွဲနဲ့ ပုံဖော်ပြီး အားမလိုအားမရ ဖြစ်နေတာကိုလည်း ဖော်ပြနေပါတယ်။

စစ်အာဏာရှင်စနစ် အမိဗမာပြည်မှာ စတင် အမြစ်တွယ်ဖို့ ခြေကုပ်ယူတဲ့ ၁၉၆၂ ကစပြီး ၆၂ မျိုးဆက်၊ ၇၄/၇၅ မျိုးဆက်၊ ၈၈ မျိုးဆက်၊ ၉၆ မျိုးဆက်၊ ခု ၂၀၀၇ မျိုးဆက်တွေထိ တိုက်ခဲ့ကြရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေ အားလုံးဟာ သီးခြားစီ တည်ရှိခဲ့တာ မဟုတ်ပါဘူး။ အားလုံးဟာ တဆက်တစပ်တည်း ဖြစ်တဲ့ လက်ဆင့်ကမ်းတိုက်ပွဲစဉ်တွေသာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ရဲ့ နောက်မျိုးဆက်က ညီ/ညီမတွေအားလုံးကို သိထားစေချင်ပါတယ်။

အကြမ်းဖျင်းပြောရရင် မျိုးဆက်တခုနဲ့ တခုဟာ အသက်အားဖြင့် ဆယ်နှစ်လောက် ကွာခြားနေကြတာကို တွေ့ရမှာပါ။ အဲဒီ ဆယ်နှစ်အတွင်းမှာ မျိုးဆက်ဝင်တွေ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀တွေဟာ ဘယ်လိုမှ မတူနိုင်ကြပါဘူး။ ဒီအခါမှာ ပြသနာတခု၊ ဖြစ်ရပ်တခုကို ရှုမြင်ချဉ်းကပ်တဲ့နေရာမှာ မတူနိုင်ကြတော့ပါဘူး။ ဒါကို မျိုးဆက် ၂ ခုလုံးက နားလည်သဘောမပေါက်တော့ရင် အရှေ့မျိုးဆက်က -ဒီကောင်တွေ နောက်ပေါက်တွေ ပါကွာ၊ ဘာမှ သိတာ မဟုတ်ဘူး၊ ငါတို့က အတွေ့အကြုံတွေ ရှိပြီးသား- ဆိုပြီး ဆရာကြီးဖြစ်ချင်စိတ်တွေ ပေါ်လာနိုင်ပါတယ်။ နောက်မျိုးဆက်ကလည်း -အဖိုးကြီးတွေပါကွာ၊ ဘာမှ သိတော့တာ မဟုတ်ဘူး၊ ခေတ်နောက်ကျနေပြီ- ဆိုပြီး လေးစားမှု မဲ့တာတွေလည်း ရှိလာတတ်ပါတယ်။ ဒါဟာ မျိုးဆက် ကွာဟမှု ပြသနာပါပဲ။ ဒီပြသနာဟာ ကျနော်တို့ရဲ့ တိုက်ပွဲကြီးကို အရှိန်အဟုန် ကျစေနိုင်ပါတယ်။

ဖြစ်သင့်တာကတော့ -
မျိုးဆက်အားလုံး အပြန်အလှန်လေးစား၊ အပြန်အလှန် အသိအမှတ်ပြုကြ။
မျိုးဆက်တိုင်းက အတွေ့အကြုံတွေ အယူအဆတွေကို အပြန်အလှန်ဖလှယ်ကြ။
မျိုးဆက်တိုင်းရဲ့ အားသာချက်တွေ အားနည်းချက်တွေကို ပြန်လည် သုံးသပ် သင်ခန်းစာယူကြ။
မျိုးဆက်အားလုံး လက်ချင်းတွဲပြီး လက်ဆင့်ကမ်းတိုက်ပွဲကြီး ပြီးဆုံးတဲ့အထိ ဆင်နွှဲကြ။
-လို့တိုက်တွန်းပါရစေခင်ဗျား။

Jul 30, 2008

ပြည်မှာဆောင်း















တစ်လောကလုံးမှာ ခရမ်းနုရောင်လေးတွေ
မှိုင်းမှိုင်းဝေနေ…
နှင်းဝတ်မှုန်တွေရဲ့ အတားအဆီးမဲ့ နယ်ကျွံမှုတွေ
ရင်ခွင်မှာ တွယ်ငြိလာတဲ့
အတိတ်ဆိုတဲ့ ကမ္ဘာ…

အပေးအယူလေးကို တောင်းဆိုဖို့ရာ
အလှမ်းဝေးနေပြီလား…
နှောင်းနေချိန်မှာ မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ
ရင်ခွင်မှာ ခံစားနေတဲ့ ဘ၀ဆိုတဲ့ကဗျာ…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

အတွေးသံသရာရဲ့ အလင်းနဲ့ အမှောင်မှာ
နေ့ရက်ဟောင်းတွေဟာ
အခုမှရတဲ့ အခွင့်အရေးတစ်ခုအတွက်
အလုအယက် တိုးဝှေ့လာတယ်…

solo

အဆုံးစွန်အထိသာ တွေ့နိုင်ခဲ့ရင်
မဆုံးဖြတ်ခဲ့ပါဘူး…
အမှားဝင်္ကပါမှာ စိတ်နောက်ကိုယ်ပါမိတော့
ရင်ခွင်မှာ နာကျည်းနေတဲ့
နောင်တတွေနဲ့လူ…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

အတွေးသံသရာရဲ့ အလင်းနဲ့ အမှောင်မှာ
နေ့ရက်ဟောင်းတွေဟာ
အခုမှရတဲ့ အခွင့်အရေးတစ်ခုအတွက်
အလုအယက် တိုးဝှေ့လာတယ်…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

ရေး/ဆို-ခင်ဝမ်း


အကျဉ်းခံ



အာရုံငါးပါး ထိတွေ့နိုင်သမျှ
လေးထောင့်စပ်စပ်ကျ။

နေ၊ လ
နေ့စဉ် စားနေကျ
ထမင်းများပါ မကျန်ရ။

ATN

Jul 29, 2008

ဝင်္ကဘာ



ထွက်ပြေးခဲ့ပြီ။

မြစ်တွေ
တိမ်တွေနဲ့
ဝေးရာဆီ။

ဒါပေမယ့်
နေညိုသွားတဲ့ မြစ်ကမ်းပါး
တိမ်သားတွေကို ခင်း
ဖျော့တော့နေတဲ့အလင်းကို
အတင်းသိပ်ခဲ့ရပေါ့
မအိပ်မချင်း...

ATN

ပြက္ခဒိန်












နေမထွက်ခင်ကနေ
လမထွက်ခင်ထိ
ပေါင်းပင်ခုတ်ထစ်၊ သစ်ပင်မီးရှို့
ချွေးစို့ ပျိုးကျဲ၊ အမြဲရွှေ့ပြောင်း
ဓါးတချောင်း စောင်တထည်
အိုးငယ်တလုံးနဲ့
မီးခိုးကျပ်စွဲ တဲကလေးလေ
တောင်ကုံးတလုံးကို အရေခွံခွာပြီးမှ
ရွှေ့ပြောင်းသွားပြန်ရ
အခြေမကျနိုင်တာကိုက
ဘ၀ပေလား။

နှစ် ၂၀ ကျော်ကြာ
တောင်ယာစိုက်ခဲ့ရ။
ဒီနေ့ကျတော့လည်း
ငါ
တောင်ယာ ထပ်စိုက်နေပါပေါ့။

ATN

Jul 27, 2008

လွမ်းလင့်လွန်လွန်း


ငါ့ ငယ်ဘ၀ ပြန်သတိရခဲ့တဲ့နေ့တွေကို
လွမ်းတယ်။
ငါ့ အဖြူစင်ခဲ့ဆုံးနေ့တွေကို
လွမ်းတယ်။
ငါ့ စာရွက်တွေပေါ်မှာ ငါ ဘာမှ မရေးခြစ်ခဲ့ဘူးတဲ့ နေ့တွေကို
လွမ်းတယ်။
ငါ့ ဂစ်တာကြိုး ခြောက်ချောင်းက ဘ၀အကြောင်းကို ကောင်းကောင်းနားလည်သွားခဲ့တဲ့နေ့တွေကို
လွမ်းတယ်။
ငါ့အတ္တတွေကို ငါ အသည်းအသန် သယ်ပိုးခဲ့ရတဲ့နေ့တွေကို
လွမ်းတယ်။
ငါ့ အရောင်ကို ငါသိခဲ့တဲ့နေ့ကို
လွမ်းတယ်။
ငါ့ချစ်သူကို ငါတွေ့ခဲ့ရတဲ့နေ့ကို
လွမ်းတယ်။
ငါ့ မိတ်ဆွေသင်္ဂဟများက ငါ့ကို သနားခဲ့တဲ့နေ့တွေကို
လွမ်းတယ်။
ငါ့ဘာသာငါ လူဆိုတာ လူပါပဲလို့ သိခဲ့တဲ့နေ့ကို
လွမ်းတယ်။

အခုတော့လည်း
ငါ့ကိုယ်ငါပဲ
လွမ်းနေရပြန်ပါပေါ့။

ATN

Jul 26, 2008

စည်းအပြင်မှ အော်ဟစ်ခြင်း


အခြေ မကျချင်တဲ့
ကလေက၀ တိမ်တွေတောင်
လေပြေဆောင်ရာ လိုက်မှား
ကိုယ်ခန္ဓာပါးပါးလေးတွေကို
ရွက်တရွက်လိုဖွင့်
အယောင်ဆောင်ချင်ရာ ဆောင်ခွင့်နဲ့
လွှင့်ချင်ရာလွှင့်ခွင့် ရနေသေး။

ငါ့ ပြက္ခဒိန်ကတော့
လေးထောင့်ကျနေတဲ့ စာရွက်တရွက်ထဲ
သတ်ပုံလွဲသွားတဲ့ ကဗျာတပုဒ်လို
လည်ကို စဉ်းပေးနေရတုန်းပေါ့။

ATN