Dec 15, 2009

ပထမကဗျာ

ခုရက်ထဲ အချိန်လည်း နည်းနည်းရနေတာမို့ အွန်လိုင်းကို မကြာခဏ သွားဖြစ်နေပါတယ်။ နဂိုရ်ကတော့ အဲလိုမျိုးသွားဖြစ်မယ် မထင်လို့ တလ-နှစ်လလောက်တော့ ဘလော့ရေးတာ နားရပါဦးမယ်လို့တောင် ကျနော် ပြောထားမိသေးတယ်။ တကယ်ကတော့ စိတ်ထဲမှာက နေ့တိုင်း တခုမဟုတ် တခု ရေးချင်နေတာပါ။ သို့သော်လည်း တကယ့်တကယ်ကတော့ အချိန်တွေ ရှိတာတောင်မှ၊ ရေးချင်စိတ် ရှိတာတောင်မှ အကြောင်းကြောင်းကြောင့် ဘာမှ မရေးဖြစ်ပါဘူး။ စာတွေ ကဗျာတွေ ရေးတယ်ဆိုတာက ဇွတ်ရေးလို့ ရတာမှ မဟုတ်တာ (ကျနော့်အတွက် ပြောတာပါ)။ ရေးချင်တဲ့ အကြောင်း တစုံတခု ရှိသည့်တိုင်အောင်၊ စာတပုဒ် ကဗျာ တပုဒ် ရေးဖြစ်လာအောင် တိုက်တွန်း စေ့ဆော်ချက်တွေ ရှိသည့်တိုင်အောင် စာတပုဒ် ကဗျာတပုဒ် ဖြစ်လာဖို့က မလွယ်ပါဘူး။ သည်လိုပြောလို့ ကျနော်က ဈေးတင်နေတယ်လို့ မထင်စေချင်ပါဘူး။ စာတပုဒ်၊ ကဗျာတပုဒ် ဖြစ်လာဖို့ အကြောင်း အချက်တွေ အများကြီးလိုပါတယ်။ (သဘောမတူသူများ ကွဲလွဲနိုင်ပါတယ်)။

ခုတော့ စာတပုဒ်ဖြစ်ဖို့ အကြောင်းက ရှိလာပါပြီ။

ကဗျာဆရာ တင်မင်းထက်က ကျနော့်ကို တက်ဂ်လာပါတယ်။ ပထမကဗျာ-ဆိုပြီး ရင်ခုန်သံတွေကို အဖော်ညှိလာတဲ့အခါ... ကျနော်ကလည်း ဘာများ ပြောနိုင်မည်နည်း... လို့.... ပြဇာတ်ဆန်ဆန် ပြောရတော့မယ် ထင်ပါရဲ့...

သို့သော်လည်း... ကျနော့်အတွက်က... ပထမ ကဗျာတွေက အများသားပဲ... ပထမဆုံး ကျနော် စပ်ခဲ့တဲ့ကဗျာကတော့ ပထမဆုံးပဲမို့... ခုထိတော့... သတိရနေဆဲ... (ခေါင်းစဉ်ကတော့ မမှတ်မိတော့ဘူး)

အဲသည်ကဗျာကလည်း ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) မှာ လက်ရေးနဲ့ ပုံနှိပ်ပြီး လက်နဲ့ပဲ ချုပ်ခဲ့တဲ့ ကဗျာစာအုပ်ကလေးမှာ ပထမဆုံး ပါဝင်ခဲ့တဲ့ ကဗျာပါ။ (ကဗျာရူးတယောက်ရဲ့ ပထမဆုံးသော ပုံနှိပ် ကဗျာပေါ့လေ)

ဆေးလိပ် တဖွာဟာ
ကာရန်တခုပေါ့...
အဖွာပေါင်းများစွာ
ကာရန်ပေါင်းများစွာ
ကဗျာတပုဒ် ဖြစ်လာတယ်...

အတွေးတစဟာ
ကာရန်တခုပေါ့...
အတွေးစပေါင်းများစွာ
ကာရန်ပေါင်းများစွာ
ကဗျာတပုဒ် ဖြစ်လာတယ်...

အပြစ်ယူမဆုံးတဲ့
ချစ်သူ အမုန်းကျတော့
အတွေးစပေါင်းများစွာ
ကာရန်ပေါင်းများစွာ
တဘ၀တာလုံး အဆုံးမသတ်နိုင်
တပုဒ်ပြီး တပုဒ်...
တပုဒ်ပြီး တပုဒ်...

(ဆောင်းလွမ်းအေး)

အဲသည်တုန်းက ကျနော် ယူထားခဲ့တဲ့ ကလောင်အမည်က - ဆောင်းလွမ်းအေး- ပါ။
အဲသည် ကလောင်နဲ့ပဲ ကျနော် ကဗျာတချို့ ရေးဖွဲ့ခဲ့ဖူးတယ်။

နောက်တော့... သေနတ်ပြောင်းတွေ ခေါင်းထောာင်ထတဲ့ နေရာမှာ ကျနော် ရှင်သန်ခဲ့တယ် ဆိုပါတော့...။

သည်အခါ ကျနော်ဟာ ဆောင်းလွမ်းအေး မဟုတ်တော့ဘူး...
ကျနော် အောင်သာငယ် ဖြစ်သွားပြီ...

ကဲ... လာပါပြီ... ကျနော့်ရဲ့... ပထမကဗျာ...

ခရီးစပြီ
အနီ-အပြာ
ရန်နဲ.ငါစည်း
အပြီးဖြတ်ခဲ့
ပြတ်ပြတ်သားသား ...

လက်ဆင့်ကမ်းလျက်
တိုက်ပွဲဆက်ဖို.
အသက်သွေးချွေး
နီစွေးရဲရင့်
ကိုင်ဆွဲမောင်းပြန်
ဒေါင်းလံလွှင့်ဟေ့
မြင့်မြင့်မားမား ...

အရှေ.ကျွန်းက
နေ၀န်းနီနီ
ဒီရေမြင့်သစ်
ချစ်ခင်တတ်ပေါ့
မြတ်မြတ်နိုးနိုး ...

မုန်တိုင်းမိုးထဲ
စူးရဲနေရောင်
တောတောင်ကျော်ဖြတ်
အနာဂတ်ဆီ
ရှေ.ဆက်ချီပေါ့
ညီညီညာညာ ...

သီချင်းတပုဒ်
နှုတ်တိုက်ရွတ်ကျက်
`အောင်ပွဲဆက်ဆက်ခံဦးမည်`

မွန်ပြည်နယ် တောင်ပိုင်းဒေသမှာ ထုတ်ခဲ့တဲ့ စာစောင်တခုမှာ ဖော်ပြခဲ့ဖူးပါတယ်၊ နှစ်တော့ မမှတ်မိတော့ပါ။
`အောင်ပွဲဆက်ဆက်ခံဦးမည်`ဆိုတာ ကိုလေးညွန်.ရေးခဲ့ပြီး ဗကသများအဖွဲ.ချုပ်က ဗကသသီချင်းအဖြစ် သတ်မှတ်ခဲ့တဲ့ ကျောင်းသားသီချင်းပါ။

10 comments:

tin min htet said...

ဟုတ်တယ် အကိုရေ။ ကျွန်တော့် ကဗျာကလည်း ဖယောင်းလက်ရေးနဲ့ ထုတ်တဲ့ ကဗျာစာအုပ်ထဲကပါပဲ။ အဲဒီတုန်းက တီချယ်မေငြိမ်းက ကဗျာတပုဒ် ရတော့ တော်တော်အားရှိသွားတာ။

အောင်သာငယ် အနေနဲ့ ပထမဆုံးကဗျာအတွက် ကျေးဇူးပါပဲ။ ခုလိုတဂ်လိုက်တော့ ငယ်လက်ရာတွေ ဖတ်ရတာပေါ့။

ချစ်ကြည်အေး said...

အကို့ ငယ်လက်ရာလေး လာဖတ်သွားတယ်...၊ အဲဒီတုန်းက ကဗျာတွေထဲမှာ ခုလောက် မွန်းကြပ်မှုတွေ မတွေ့ရဘူး...။ အသက်အရွယ်, အချိန်တွေ နဲ့ မွန်းကြပ်မှုက တိုက်ရိုက် အချိုးကျတယ် ထင်ပါရဲ့ အကိုရေ...

သက်ဝေ said...

ပထမကဗျာလေးတွေ လာဖတ်တယ် အကို...
Tag ပေးတဲ့ ကိုတင်မင်းထက်ကိုရော...
ရေးပေးတဲ့ အကို့ကိုပါ ကျေးဇူးတင်နေတယ်...
အကို... စိတ်ချမ်းသာ နေပါစေ..။

Anonymous said...

ဒီဘလော့ က တခုခု ဖြစ်နေသလိုပဲ

ဖွင့်လိုက်ပြီး ခဏနေကြာတော့ စာတွေ ပျောက်သွားတယ်
ခု comment ကို အမြန်နှိပ်ထားလိုက်တော့
comment box က ပွင့်လာတယ်
ကျန်တဲ့စာမျက်နှာတွေ ပျောက်သွားတယ်
နှဖူးစီး က တော့ ရှိနေတယ်..

(mama)

SDL said...

ma ma ပြောသလိုဖြစ်နေပါတယ်။
အစ်ကိုကြီး.. ခုနောက်ဆုံးပို့စ် ပထမကဗျာကို ဖတ်လို့မရဘူး၊ အဲ့Page ကိုရောက်ရင် မော်နီတာတစ်ခုလုံး ဖြူပြီးဘာမှ မြင်ရတော့ဘူး၊ ခု ချစ်သူ့နယ်မြေ ပို့စ်မှာထားပြီး လာရေးနေတာ၊ အဲဒီကနေ newer post နဲ့ သွားလည်းမရဘူး။ပြောသွားသမျှအောက်မှာ ပထမကဗျာ မှာ မန့်ထားတဲ့ ကောမန့်တွေကတဆင့်လည်း သွားမရဘူး။၇ွာသူနှောင့်နေတယ်ထင်တယ်၊ ပယောဂဆြာကျောက်ကို အမြန်ပင့်ပါ

မောထှာ ကွန်ပလိန့်တက်ရတာ

Anonymous said...

တို့အကိုကလည်း စ ရေးကတည်းက နာမည်ပေးမိတာ
လွမ်း ကြီးက ပါနေပြီးသား ... အခု ဒီက ဆောင်းတွင်း
နဲ့ ဆိုတော့မှ နာမည် နဲ့ လူ နဲ့က ပို လိုက်ဖက်တာ ...
ကဗျာ ဆရာတွေ က ဘဲ လွမ်း. လွမ်းနိုင် လွန်းတာလား... လွမ်းစရာတွေကဘဲ ကဗျာဆရာတွေကို ဖန်တီး ပေးနေလား မသိ..


mie nge

shwezinu said...

ဘလော့က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်

ကိုလူထွေး said...

"အပြစ်ယူမဆုံးတဲ့
ချစ်သူအမုန်း" တဲ့လား အကိုရ...း)

ပထမကဗျာနဲ့ ဒုတိယကဗျာမှာ တွေ့ရတဲ့ ရင့်ကျက်မှုတွေက အတော့်ကို ကွာသွားပြီပဲ...

ဆောင်းလွမ်းအေးရဲ့ ကဗျာတွေ တင်ပေးပါအုံးဗျို့...

းဝ)

tg.nwai said...

ပထမဆုံးကဗျာလေးတွေ လာဖတ်သွားပါတယ် အစ်ကိုရေ...

ကလူသစ် said...

အေးလေ။ နားမယ်ဆိုပြီး တပုဒ်ပြီး တပုဒ်ထွက်ထွက်လာနေတယ်။ ခုတော့ အားပြီပေါ့။