Dec 12, 2009

အက်စ်တိုးရီးယား (၈)















အက်စ်တိုးရီးယားငဲ့...
မင့်ရဲ့ ကိုလံဘီယာကမ်းခြေဆီ
ငါ ပြန်လာခဲ့ပြီ...

တာတိုအပြေးသမားတယောက်ပြေးလွှားသလို
တရပ်စပ် တိုက်ချသွားနေတဲ့
မြောက်ပြန်လေကြောင်းအောက်မှာ
လှိုင်းခေါင်းဖြူတွေ ထနေရရှာတဲ့
ကိုလံဘီယာမြစ်ရေပြင်ဟာ
ကြည်ကြည်လင်လင် မရှိဘူး...
ငါ့စိတ်ကူးတွေလိုပဲ နောက်ကျိလို့...

တနေ့လုံး တညလုံး
ဟိုက်ဝေးနဲ့ နပမ်းလုံးလာခဲ့မိတဲ့ ငါ
နွမ်းရိလို့... ငြည်းငွေ့လို့...
နှင်းတွေ ဖို့ထားတဲ့ မင့်မျက်နှာကို
ငါတွေ့ရသည့်တိုင်
မလန်းဆန်းနိုင်သေးဘူး...

ခရစ္စမတ် ခေါင်းလောင်းတွေနဲ့
အပေါင်းအသင်းမှားခဲ့တဲ့ ဆောင်း...
ကိုလံဘီယာမြစ်ကြောင်းတခုလုံးကိုတောင်
ပြောင်းပြန် စီးဆင်းလေစေမလား...
နှင်းတွေကို နေရာတကာ
အရမ်းကာရော သွန်ချပက်ကျဲလို့...
လက်ရဲ ဇက်ရဲ နေနိုင်ပုံများ
မင်း ရပ်ကြည့်နေနိုင်သလား...
အက်စ်တိုးရီးယားရဲ့...

နှင်း၊ မြူ၊ မိုးနဲ့ ရေခဲတွေကြား
ဖြတ်သွားဖြတ်လာ ကားတွေကလည်း
တုန်တုန်ချိချိနဲ့ သနားစရာ...

အနွေးထည်တွေ အထပ်ထပ် ၀တ်ထားတဲ့ကြားထဲက
အေးစက်စူးရှတဲ့ လေပြင်းတွေ
ဓါးတစင်းလို တချက်ချင်း တချက်ချင်း
ထိုးသွင်းခံနေရတဲ့ ရင်ဟာ
နာနာကျင်ကျင် ဖြစ်နေတယ်...
ထုံထုံထိုင်းထိုင်း ဖြစ်နေတယ်...

မင့်ဦးခေါင်းထက်က နှင်းမုန်တိုင်းလိုပဲ
ငါ့ဘ၀ထဲမလည်း မုန်တိုင်းတိုက်နေပေါ့...
နွေးထွေးမှုတွေ အေးအေးခဲခဲ ဖြစ်နေတယ်...
စိုပြည်မှုတွေ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတယ်...
ဘယ်အရာက ငါ့ကို နွေးထွေးစေမယ်...
ဘယ်အရာက ငါ့ကို စိုပြည်စေမယ်...
ပြောခဲ့ပါလေလား
အက်စ်တိုးရီးယားရဲ့...

ငါ့ ဒဏ်ရာတွေဟာ
ကံကြမ္မာကမ်းခြေမှာ ပန်းတွေလို ပွင့်ပြလို့
လှလှပပ နာကျင်နေလိုက်ပုံများ...
အက်စ်တိုးရီးယားရယ်
မင်း သိသွားတဲ့အခါ ရင်ကွဲမယ်...

ဘာပဲဖြစ်ဖြစ်
ငါဟာ ခရီးဆက်ရဦးမှာပါ...
ကျိန်စာတွေ မပြေမချင်း...
ဝဋ်ကြွေးတွေ မကုန်မချင်း... ...

ATN

6 comments:

ကိုလူထွေး said...

မမသီရိကလည်း လှလှပပ ပေးသေသတဲ့...

အကိုကလည်း လှလှပပ နာကျင်တယ်တဲ့...

ကဗျာချစ်သူတို့ရဲ့ ဘဝ တကယ် လှပပါစေလို့ ဆုတောင်းပါတယ် အကိုရေ့...

TNS said...

ကိုအောင်...
ကဗျာတွေအရမ်းကောင်းတာဘဲဗျာ..။
အဲဒီရင်...အဲဒီလက်တွေ လိုချင်လိုက်တာ..။

littlebrook said...

အကိုအောင့် အက်စတိုးနီးယားတွေဖတ်တော့ ဟိုးအရင် ဓနမှာပါတတ်တဲ့ ဆရာမောင်ခိုင်မာရဲ့ ရှင်မရေတွေကို ပြေးသတိရမိသေး ..

ချစ်ကြည်အေး said...

အကိုရေ...ကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာတော့ ဒဏ်ရာတွေကလဲလှ၊ ရင်ကွဲနာဆိုတာကလဲ ပန်းတပွင့်လို လှပနေကြပြန်တာပဲ...။ အကို ရင်ထဲက နောက်ကျိမှုတွေ ကင်းစင်ပါစေ အကို....။

Vigor said...

Hi, Ko Aung Thar Nge, am reading your blog. your poem visualize the whole setting or background(I can sense) although I am not familiar with poems(tell me if i am wrong). Of course I love the beautiful picture.
Cheers.

TGRmg said...

အက်စတိုးရီးယားရဲ့ ဆောင်းကဗျာကို မော်စကိုဆောင်းဒဏ်ခံရင်း ဖတ်သွားတယ်ဗျာ။