
ချစ်သူ့ မျက်နှာ အစား
တခြား မျက်နှာ တခုခုကို ကြည့်ရှုနေရတဲ့ နေ့ရက်တွေ...
မုန်း... တယ်...
ငါ့အဆုပ်နဲ့ ငါ
လွတ်လွတ်လပ်လပ် ရှူသွင်းရှူထုတ် လုပ်မရတဲ့ အောက်စီဂျင် အစအနတွေ...
မုန်း... တယ်...
ငါ့ဆီကို ဘယ်တော့မှ မရောက်လာခဲ့
ကမ္ဘာကြီး လုံးနေသမျှ ပုန်းနေကြတဲ့ ဆောင်းဦးပေါက်တွေ...
မုန်း... တယ်...
ငါ့ခြေထောက်နဲ့ငါ
စိတ်ပေါက်သလို လျှောက်သွားခွင့်မရတော့တဲ့ ဆူးလေလမ်းမ....
မုန်း... တယ်...
အရပ်ဆယ်မျက်နှာက စစ်ပွဲတွေကို
ငါတယောက်ထဲပဲ ရင်ဆိုင်ပြီး အနိုင် မရလေခဲ့တဲ့ နာရီတွေ...
မုန်း... တယ်...
အရှုံးပြီး အရှုံးတွေနဲ့ ငတုံးကြီးတယောက်အဖြစ်
မိုးလင်းတိုင်း မျက်နှာသစ်နေရတဲ့ကမ္ဘာ...
မုန်း... တယ်...
ကိုယ့်မျက်ရည်တွေ ကိုယ့်ဘာသာ ပြန်ပြန်သောက်နေရတဲ့
သစ်ရွက်ခြောက်ရာသီကြီး...
မုန်း... တယ်...
ရိုးရိုးသားသား ကိုယ့်ထမင်းကိုယ်ရှာစားရင်း
ရာဇ၀တ်သား ဖြစ်သွားရတဲ့ နေ့...
မုန်း... တယ်...
ငါ့ ငှက်ကလေး နှစ်ကောင်ကို
လှောင်ချိုင့်ထဲ ထည့်သွားတဲ့ ဒင်းတို့...
မုန်း... တယ်...
ဗိုလ် သခင် ဆရာ ဒေါက်တာ ကိုယ်တော်မှိုင်း ရေးခဲ့သလို...
“ဒို့တတွေ ကြောက်တတ်တဲ့ အမျိုးဟာမို့...
ဥပဒေတွေ နောက်ထပ် မတိုး လိုက်ပါနဲ့...
သူ့ အမေ... .... .... ... ” ဆိုတဲ့ လေးချိုးကြီးနဲ့ တန်တဲ့
အမေရိကန် ဥပဒေတွေ...
မုန်း... တယ်...
မုန်းစရာရှိတာတွေကို
အဲသည်လို မုန်းနေရတာကိုလည်း...
မုန်း... တယ်...
အဲသည်လို မုန်းတတ်နေတဲ့
ငါ့ကိုယ်ငါလည်း
မုန်း... တယ်...
ငါ့ကိုယ်ငါ မုန်းနေရတာကိုလည်း...
မုန်း... တယ်...
ညီမလေးရေ့...
ငါ့အက်ဆစ်တွေကို...
ရေနဲ့ဖျော်ပေးပါ့...
ငါ့ကို တိုက်စားသွားနေပြီ...
ATN