Oct 23, 2011

ဟိုးအမြင့်ဆုံးနံရံတွေပေါ်မှာ လွတ်လပ်မှုကို ကျနော် ယူခဲ့တယ် မေမေ...
















ကျနော်ဟာ လူဆိုး မဟုတ်သလို...
ကျနော်ဟာ လူကောင်းလည်း မဟုတ်ပါဘူး မေမေ...

အများအကျိုး ဆောင်ခဲ့ဖူးသလို
အတ္တကိုလည်း အစွမ်းကုန် ကြီးထွားစေခဲ့ဖူးပါတယ်....

ငယ်ငယ်တုန်းက လိမ္မာခဲ့သလောက်....
အသက်ကြီးလာလေလေ တစောက်ကန်း မိုက်ကန်းနေဆဲပါ...

တခြား လူတွေကို ကျနော် လိမ်ရင် လိမ်မယ်...
ကျနော့်ကိုယ် ကျနော် ဘယ်အခါမှ မလိမ်ဘူး...

လူမြင်ကွင်းမှာ သူရဲကောင်းကြီး ဘယ်တုန်းကမှ
ကျနော် မလုပ်ခဲ့ဖူးဘူး...

ကျနော့် ကို အထင်ကြီး အမြင်ကြီးအောင်
စကားလုံးကြီးကြီးတွေ ကျနော့် နှဖူး ရင်ဘတ်မှာ
ဘယ်တုန်းကမှ ကပ်မထားခဲ့ဖူးဘူး...

ကျနော့်ကို အထင် အမြင်သေးမှာကိုလည်း
နည်းနည်းလေးမှကို စိတ်မ၀င်စားဘူး...

ကျနော့်အောက်စီဂျင်ကို ကျနော် ရှူနေရတာပါမေမေ...
သူတပါး အထင် အမြင်တွေ ကျနော်က ဘာလို့ ရှူသွင်း သယ်ဆောင်နေရမလဲ...

လူတွေဆိုတာ ခေါင်းနဲ့ပန်းလို...
အားလုံး နှစ်ခြမ်းရှိကြတာပါပဲ...

လူအများစုက အမှောင်ခြမ်းကို
ဖုံးလွှမ်းထားတတ်ကြတာပဲ မဟုတ်လား... မေမေ...

ကျနော့်မှာတော့ ဘာကိုမှ ဖုံးလွှမ်းလိုစိတ်မရှိဘူး....
ကျနော့် အဖြူအမည်း နှစ်ခြမ်းလုံးကို တံခါးဖွင့်ထားတယ်...

ကြီးကြီးကျယ်ကျယ် စာတွေ ကဗျာတွေ ကျနော် မရေးဘူး...
ကျနော့် နှလုံးသားနဲ့ ခံစားရတာတွေပဲ ကျနော် ရေးတယ်...

ကျနော့် စာတွေ ကဗျာတွေကြောင့်
ကျနော့်ကို အထင်ကြီးခြင်း သေးခြင်းတွေကိုလည်း ကျနော်က သယ်ဆောင်မထားဘူး...

ကျနော်ဟာ ထောင်ဖောက်ပြေးခဲ့သူတဦးပါ... မေမေ...
လူတကာကို ချုပ်နှောင်တဲ့ အထင်ကြီးခံလိုခြင်း အထင်သေး မခံလိုခြင်း အကျဉ်းထောင်ကို
အောင်မြင်စွာ ကျနော် ဖောက်ခဲ့ပြီ မေမေ...

ယောနသန်ဇင်ယော်လို ဟိုးအမြင့်ဆုံးနံရံတွေပေါ်မှာ
ကျနော် ပျံသန်းရပ်နားနေပြီမေမေ...

atn

1 comment:

စံပယ်ချို said...

ဟုတ်တာပေါ့-အရမ်းကောင်းပါတယ်
ကိုယ့်ကိုကိုယ်လိမ်ညာတာက
သူများကို လိမ်ညာတာထက်ပိုဆိုးတယ်
လို့မေမေ ပြောဖူးတယ်လေ
ခံစားလို့ရပါတယ်ရှင်။