Aug 1, 2011
ကမ်းခြေည...
ဘာ တခုကိုမှ... လေးလေးနက်နက်... သိပ် မစဉ်းစားတဲ့... ဂမူးရှူးထိုး တိမ်တိုက်တွေ...
တဦးကို တဦး... ဒုံးစိုင်း ပြေးလိုက်နေတဲ့ ညနေ...
အခုလောလောဆယ်ဆယ်တော့...
ကျနော့် လေပြေညင်းလေးနဲ့ ကျနော်... အဆင်ပြေပါတယ် မေမေ...
ညနေခင်းကို ကျနော် အသာအယာ ကျောသပ်ထားတယ်...
ကျနော့်ရင်ဘတ်ကို ကန့်လန့်ဖြတ်တိုက်လာတဲ့ ပင်လယ်လေဟာ... ဆားငွေ့တွေ သင်းနေတယ်...
ဒင်းတို့ရဲ့ ဆိုဒီယမ်နဲ့ ကလိုရင်း စုံတွဲကို... ကျနော် အမြဲ မုန်းတယ် မေမေ...
လက်တွဲပြီး လျှောက်လှမ်းမယ့်သူမပါတဲ့ ကျနော့် ကမ်းခြေဟာ...
အထီးကျန် အလွမ်းတွေနဲ့...
ဆုနာမိ... လှိုင်းတွေ... လွှမ်းသွားတဲ့ မြို့ပါပဲ...
သိစိတ်တွေ... မသိစိတ်တွေဟာ... တုံးလုံးပက်လက် လဲပြိုလို့...
ဟောဟို... အုန်းပင် ကောက်ကွေးလေး အနောက်မှာ...
တယောက်ထဲ တိတ်တဆိတ် ရပ်... နေ... နေတာ....
ကျနော့် လမင်းကလေးပါ မေမေ...
အဲသည် အုန်းလက်အဖျားကလေးများမှာ...
သူ့ကို ချိတ်ဆွဲထားခွင့်... ကျနော့်ကို ပေးပါ့...
ကြယ်ကလေးတချို့ .. သက်ပြင်းချသံ ရှည်လျားတယ်...
ကျနော်တို့အားလုံး မတတ်နိုင်တာတွေလည်း ရှိနေတာကိုး... မေမေ...
ည-ဆိုတာကိုက
နေမင်းကြီး ကွယ်ပျောက်သွားမှ
ပင်လယ်ဝမှာ ပေါ်ပေါက်လာရတာ မဟုတ်လား...
atn
Subscribe to:
Post Comments (Atom)
No comments:
Post a Comment