Aug 2, 2011
လက်နက်ချပါ... အင်ဒရီယာ...
အဲသည် လေထု အနီရောင်ထဲမှာ...
ရုတ်ရုတ်သည်းသည်းနဲ့...
အုပ်ဖွဲ့ပျံသန်းလာတဲ့ ဒေါသငှက်တွေဟာ...
အရွဲ့တိုက်ခြင်း အရှိန်အဟုန်...
မိုင်တရာ့နှစ်ဆယ် ကျော်ကုန်ပြီလား... အင်ဒရီယာ...
အတ္တငွေ့ရည် ဖိသိုသိပ်သည်းမှု အတိုင်းအဆ ကြီးမားလာတဲ့အခါ...
နားလည်မှု မော်လီကျူးများ အရူးအမူး ပြိုကွဲကြ... ရ... ရှာ... လေ... သလား...
ငါ့ မာနရေတံခွန်လေးတခု အေးခဲသွားတာ...
ငါကိုယ်တိုင် မြင်လိုက်တယ်... အင်ဒရီယာ...
စိတ်ချပါ..
ငါဟာ...
တောင် မပြိုချင်သူပါ... မိုး မပြိုချင်သူပါ... မြေ မပြိုချင်သူပါ... အင်ဒရီယာ...
နေကွယ်... လကွယ်... အမြင်ကွယ်... တခြုံကွယ်...
အဲသလို စာရင်းများထဲကနေ ငါ့အမည်ကိုသာ ဖယ်ရှားပစ်လိုက်ပါ... အင်ဒရီယာ..
သည်မှာ... တခုပြောပါရစေ... အင်ဒရီယာ...
ရှင်းလင်းနေရတာ အမြဲတမ်းမို့... ငါ့အခန်းက သန့်ရှင်းတောက်ပြောင်နေ...
ဘယ်သူ တစုံတယောက်အတွက်-လို့... မင်းထင်လေသလဲ... အင်ဒရီယာ...
ငါ့ အတောင်ပံတွေကို စီးနင်းလို့... မနက်ဖန်တွေ ပျံသန်းလာနေဆဲမှာ...
ခိုကိုးရာမဲ့နေမြဲ တ၀ဲဝဲလည်နေတဲ့ ညတွေ...
ပိန်းပိတ်အောင်မှောင်နေတဲ့ မာနနေရောင်ထဲ ပြိုကွဲကြေမွသွားရရှာတယ်...
ဒါဟာ နောက်ဆုံး စာမျက်နှာလား... အင်ဒရီယာ...
နောက်တနေ့ နိုးထလာတဲ့ မင့် နံနက်ခင်းမှာ...
မင်းအတွေးထဲ ပထမဆုံး ၀င်ရောက်လာသူဟာ...
ငါပါ-ဆိုရင်
ငါ့ရင်ခွင်ထဲမှာ
မင်း လက်နက်ချလိုက်ပါတော့... အင်ဒရီယာ...
ငါကတော့
မင်းခြေရင်းမှာ လက်နက်ချပြီးသား...
atn
Subscribe to:
Post Comments (Atom)
No comments:
Post a Comment