ဒီစာကတော့ ဆရာယောဟန်အောင်ရဲ့ မြန်မာပြည်မှာကွယ် ကဗျာဆရာတွေကများကို ဖတ်မိကတည်းက ရေးချင်စိတ် ရှိနေခဲ့တာပါ။ အချိန် သိပ်မရတာရယ် တခြားတင်ချင်တာလေးတွေလည်း လျှောက်တင်နေတာနဲ့ အချိန်ကြာသွားခဲ့တာပါ။
ကျနော် ဆွေးနွေးချင်တာကတော့ အချက် (၃)ချက်ပါ။
(၁) လူတဦးချင်းစီရဲ့ အနုပညာ ခံစားမှု။
(၂) အနုပညာတခုကို ဖန်တီးရာမှာ ပါရမီရှင်နဲ့ ပညာရှင် မတူတာ။
(၃) အနုပညာတွေကို ဖန်တီးရတဲ့ နေရာ၊အချိန်ကာလနဲ့ အခွင့်အရေးပါ။
ပထမဆုံး ကျနော် ဖော်ပြချင်တာကတော့ လူတဦးချင်းရဲ့ အနုပညာခံစားမှုပါ။
ကျနော် ယုံကြည်ကတော့ လူတိုင်းဟာ အနုပညာကို ခံစားတတ်ကြပါတယ်။ ဒါပေမယ့် ကြီးပျင်းလာကြပုံချင်း၊ ကြီးပျင်းလာရတဲ့ ပတ်ဝန်းကျင်ချင်း မတူကြပါဘူး။ ဒီအပေါ်မှာ အခြေခံပြီး တယောက်နဲ့ တယောက်ရဲ့ အနုပညာကို ခံစားပုံချင်း၊ ခံစားတဲ့ အနုပညာအမျိုးအစားချင်း တူနိုင်ကြမယ် ကျနော်မထင်ပါ။
ဥပမာ- ကျနော့် သူငယ်ချင်းတယောက်ရှိတယ်။ သူက ပန်းချီဆရာ။ မိုးကျော်သူလို့ ခေါ်ပါတယ်။ တချို့လည်း သူ့ပန်းချီကားတွေ။ သူ့ သရုပ်ဖော်ပုံတွေ တွေ့ဖူးကြလိမ့်မယ် ထင်ပါတယ်။ သူနဲ့ ကျနော်က အထက်တန်း ကျောင်းတုန်းက ကျောင်းနေဖက်တွေပါ။ အနုပညာ ချစ်ကြတာချင်းလည်း တူတယ်။ ကျနော်တို့ နှစ်ယောက်လုံး သီချင်းတွေ၊ ကဗျာတွေ၊ ပန်းချီတွေချစ်တယ်။ ဒါနဲ့ပဲ ကျနော်တို့ နှစ်ယောက် လည်ပင်းဖက်မိကြတယ် ဆိုပါတော့။ ဒေသကောလိပ် တက်တော့လည်း ကဗျာစာအုပ်လေးတွေ တခြားသူငယ်ချင်းတွေနဲ့ပေါင်းပြီး သူနဲ့ကျနော် ထုတ်ခဲ့သေးတယ်။
သူနဲ့ကျနော် ကဗျာရေးတာချင်း တူပေမယ့် သူက ပန်းချီတွေ ကိုယ်တိုင်ဆွဲတယ်၊ ကျနော်က ပန်းချီကားတွေကို ခံစားတာပဲ ရှိတယ်။ ပန်းချီ မဆွဲခဲ့ဘူး။ ပန်းချီအကြောင်းတော့ သူနဲ့ပေါင်းခဲ့တော့ ကောင်းကောင်းသိတာပေါ့။ ကမ္ဘာကျော် ပန်းချီဆရာကြီးတွေ အကြောင်း။ သူတို့ရဲ့ ပန်းချီကားတွေ အကြောင်း။ ပန်းချီ နည်းစနစ်တွေ အကြောင်း။ ပန်းချီခေတ်တွေ အကြောင်း။ ပန်းချီကားတွေရဲ့နောက်က သမိုင်းတွေအကြောင်း။
သူ ပန်းချီတွေဆွဲသလို ကျနော်ကလည်း ဂစ်တာတီးတယ်။ ကျနော်နဲ့ပေါင်းပြီး မိုးကျော်သူလည်း ဂစ်တာ သူရဲကောင်းတွေ အကြောင်း ကောင်းကောင်း သိတာပေါ့။ ဂီတ ပုံသဏ္ဍာန်တွေ အကြောင်း။ ဂီတ ခေတ်တွေ အကြောင်း။ မိုးကျော်သူက သီချင်းတွေကို ချစ်ပေမယ့် ဂစ်တာမတီးဘူး။ ကျနော်က သူ့ကို ဂစ်တာတီး သင်ပေး တာတောင် သူ မတီးခဲ့ဘူး။
ဒါပေမယ့် ကျနော်နဲ့ မိုးကျော်သူကြားထဲမှာ မတူတာတခု ရှိနေတယ်။ မိုးကျော်သူက ပန်းချီတွေကို ခံစားချစ်မက် ရုံတင်မက ကိုယ်တိုင်ပါ ပန်းချီကားတွေ ရေးခဲ့တာပါ။ ကျနော်က မိုးကျော်သူလိုမျိုး ကိုယ်တိုင် ဖန်တီးနိုင်တာ မဟုတ်ဘူး။ ဂစ်တာနဲ့ သူများ သီချင်းတွေပဲ တီးနေခဲ့တာ။ ဒီနေရာမှာ သူနဲ့ ကျနော် ကွာသွားပြီ။
ဆိုလိုတာက ခံစားတဲ့ အနုပညာအမျိုးအစားချင်းတူခဲ့ရင်တောင်မှ ခံစားကြတဲ့ ဒီဂရီတွေက မတူနိုင်ပါဘူး။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်မှာပဲကြည့်။ ကဗျာတွေ- သီချင်းတွေ- ပန်းချီတွေ- ချစ်တာချင်းတူတယ်၊ ဒါပေမယ့် ခံစားကြတဲ့ ဒီဂရီတွေက မတူဘူး။ ပန်းချီတွေနဲ့ပတ်သက်ရင် သူက ကျနော့်ထက်ပိုပြီး အမြင့်မားဆုံး ခံစားခဲ့သူ။ ကျနော်ကတော့ ဂစ်တာနဲ့ပတ်သက်ရင် သူ့ထက်ပိုပြီး ခံစားခဲ့သူ။
ခံစားပုံချင်း မတူကြတာ တနေ့ကျတော့ အသေအချာ ပိုသိခဲ့ရတယ်၊ အဲဒီနေ့က ရာဇူးထဲသွားပြီး ဦးချစ်ဆိုင်မှာ ကျနော်တို့ အတူ ထိုင်ဖြစ်ကြတယ်။ ဦးချစ်ဆိုင်ရဲ့ အတွင်းနံရံမှာ ခိုင်ထူးရဲ့ `သီချင်းတပုဒ် ပန်းတဆုပ်`အခွေရဲ့ ပိုစတာ အကြီးကြီးတခု ကပ်ထားတယ်။ ကျနော်က မိုးကျော်သူကို ခိုင်ထူးသီချင်းတွေထဲက Lead parts တွေ အကြောင်း ပြောနေတယ်။ သူက ကျနော့်ကို အဲဒီ ပိုစတာရဲ့ သရုပ်ဖော်ပုံကို ဆွဲတဲ့ ကိုဝသုန်ရဲ့ ပန်းချီ ကောက်ကြောင်းတွေ အကြောင်း ပြောနေခဲ့တယ်။ နှစ်ယောက် အတူ စားပွဲတခုထည်း ထိုင်ပြီး ကျနော်တို့ နှစ်ယောက် ကွဲလွဲနေကြပုံများ သတိပြုမိကြပါရဲ့လား။
အဲဒီတော့ ချုပ်ပြောရရင် လူတဦးချင်းကိုလိုက်ပြီး နှစ်ခြိုက်တဲ့ အနုပညာအမျိုးအစား ကွာခြားမယ်။ တခါ အနုပညာ အမျိုးအစားချင်း တူရင်တောင် ခံစားတဲ့ ဒီဂရီတွေက တူမှာ မဟုတ်ဘူး။ ဥပမာ- ကျနော်က ကဗျာတွေကို ချစ်တယ်။ ခံစားတယ်။ ကျနော့် ခံစားချက်တွေက ဒီဂရီမြင့်လာတဲ့အခါ ကိုယ်တိုင် အဲဒီ ခံစားချက်တွေကို ကဗျာတပုဒ်အဖြစ် ရေးခြစ်မိတယ်။ ဆိုလိုတာက ခံစားမှု ဒီဂရီက အနုပညာတခုကို ဖန်တီးတဲ့အထိ သက်ရောက်တယ်လို့ ကျနော်ဆိုလိုတာပါ။ ဒီနေရာမှာ အဲဒီ အနုပညာကို ဖန်တီးဖို့ လိုအပ်တဲ့ အတတ်ပညာကို ချန်ထားခဲ့တာမဟုတ်ပါဘူး။ ဒုတိယအဆင့်မှာ ဆွေးနွေးပါ့မယ်။
ဒုတိယအနေနဲ့ ဆွေးနွေးချင်တာကတော့ ပါရမီရှင်နဲ့ပညာရှင်ပါ။
အနုပညာတခုကို ဖန်တီးတဲ့အခါ အတတ်ပညာဆိုတာ လိုပါတယ်။ ဗမာ့အသံက လာနေတဲ့ သီချင်းတွေ ထဲမှာလည်း ပါခဲ့ပါတယ် - လူတိုင်းမတတ်တဲ့ ဒီပညာ ပါရမီရှိမှသာ- ဆိုတာ ကြားဖူးကြမှာပါ။ ပါရမီရှင် (Genius) တွေ အတွက်ကတော့ ဘာမှ မလိုပါဘူး။ ဒါကို အငြင်းပွားလိုသူများအတွက် ပါရမီရှင် တယောက်ကို ဥပမာ တခု အနေနဲ့ကျနော် လက်ဆောင်ပေးပါ့မယ်။ ပါရမီရှင်တယောက် အတွက် ဘာမှ မလိုပါဘူး။ ဥပမာ- ဂျပန်နိုင်ငံက Keyboardist တယောက်အကြောင်းကို ကျနော် ပြောချင်ပါတယ်။ ဂျပန်ဆိုတာ Keyboard, Synthesizer, Digital Piano စတဲ့ ဂီတတူရိယာတွေ အောလပုံ ထွက်ရှိနေတဲ့ နိုင်ငံပါ။ အဲဒီမှာ အဲဒီ တူရိယာတွေကို တခါမှ မသုံးခဲ့ဘူးတဲ့ လူတယောက်ဟာ တနေ့ကျတော့ Keyboard တလုံးကို Super Market ထဲမှာ တွေ့ပြီးဝယ်သွားပါသတဲ့၊ အိမ်ရောက်တော့ အဲဒီ Keyboard ကို ဘယ်လိုတီးရမယ်ဆိုတဲ့ Manual က English လို ဖြစ်နေလို့ လွှင့်ပစ်လိုက်ပါသတဲ့။ ဒါနဲ့ပဲ သူ့ဘာသာသူ လျှောက်စမ်း တီးရင်းနဲ့ ကမ္ဘာကျော် Keyboardist ဖြစ်လာတယ်။ သူ့တီးလုံးတွေဟာ အချပ်ရေ သန်းနဲ့ချီပြီး ရောင်းခဲ့ရတယ်၊ အဲဒီလူနံမည်က Kitaro ပါ။ အဲဒီတော့ အနုပညာတခုကို ဖန်တီးတဲ့အခါ လူ(၂) မျိုး (၂)စားရှိတယ်လို့ ပြောရမှာပေါ့။ တမျိုးက ပါရမီရှင်။ နောက်တမျိုးကတော့ ပညာရှင်ပေါ့။ အဲ မဟုတ်သေးဘူး။ (၃) မျိုး၊ ၀ါသနာရှင်ဆိုတာလည်းရှိနေသေးတယ်။
ကဲ... ပြင်ပြောမယ်ဗျာ။ အနုပညာတခုကို ဖန်တီးတဲ့သူ (၃)မျိုး ရှိပါတယ်။ ပါရမီရှင်။ ပညာရှင်။ ၀ါသနာရှင်။
ပါရမီရှင်ဆိုတာကတော့ မွေးရာပါဖြစ်တဲ့အတွက် ဘာမှ ပြောစရာ မရှိပါဘူး။ ပညာရှင်အတွက် ကတော့ ပြောစရာတွေ အများကြီးပါပဲ၊ ဆိုလိုတာကတော့ ဥပမာ- ကဗျာဆရာ တယောက် အတွက် ကဗျာဆိုင်ရာ အတတ်ပညာတွေ လိုတာပေါ့။ အနိမ့်ဆုံး အဆင့်မှာ ကာရန်တွေကို သိရမယ်။ ကာရန်တွေကို ထားခဲ့ဦး။ နိမိတ်ပုံ။ သင်္ကေတ။ အစရှိသည်ဖြင့်။ ကဗျာတပုဒ်မှာ ရှိအပ်တဲ့- အတတ်ပညာအရ သိအပ်တဲ့- အချက်အလက်တွေ။ ကိုယ် သုံးသည် မသုံးသည် ဖြစ်စေ။ ကဗျာဖွဲ့ဆိုသူတယောက်အဖြစ် ရှိအပ်တဲ့ အတတ်ပညာတွေ မရှိခဲ့ရင်တော့ ကျနော် ဖတ်ခဲ့ဖူးတဲ့ ကဗျာတပုဒ်လို ဖြစ်နေမယ်ထင်တယ်။
မဲ-မဲ-မဲ-မဲ နဲ့
ထရံမှာ နား
လေးခွ နင် မကြောက်သလား
ပျံ ဟဲ့-ကျီးကန်း
ဒါဟာ ကဗျာ တပုဒ်ဆိုရင် အတတ်ပညာစကား ကျနော် ပြောနေစရာ မလိုတော့ပါဘူး။ ဆိုတော့ ပါရမီရှင် မဟုတ်ရင် အတတ်ပညာနောက်ကို မလိုက်ဘဲနဲ့ အနုပညာတခုကို ဖန်တီးဖို့ မလွယ်ပါဘူး။
အဲတော့ ပါရမီရှင်။ အတတ်ပညာရှင်။ ၀ါသနာရှင်။ ဒီ(၃)မျိုးကို ကျနော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
ကျနော် ဂစ်တာတီးခဲ့တယ်၊ ဂစ်တာပဲကွာ လူတိုင်းတီးနေကြတာပဲ-အဲလိုပြောလည်းရပါတယ်၊ ဒါပေမယ့် ဂစ်တာသမားတယောက်ဖြစ်ဖို့ မရှိမဖြစ် တတ်သိ နားလည်ထားရမယ့် အရာတွေက များပြားလွန်းလှတယ်၊ အဲဒီဂစ်တာကိုတီးဖို့အတွက် ကျနော် လိုအပ်နေတဲ့ အတတ်ပညာတွေက များလွန်းလှတယ်၊ ကျနော်က ပါရမီရှင် မဟုတ်ခဲ့တော့ ပညာရှင် ဖြစ်ချင်ခဲ့တာကိုး။
ဆရာယောပြောသလို ဂစ်တာတီးတဲ့လူငယ်တွေ ဘာလို့ ပေါတာလဲ-ဆိုတဲ့မေးခွန်းကို ကျနော်တဦးထဲ အနေနဲ့ ဖြေကြည့်ပါ့မယ်။ ဂစ်တာက သယ်ရပိုးရတာလွယ်တယ်။ ဗြတ်စောင်း မဟုတ်ဘူး။ ပတ္တလားမဟုတ်ဘူး။ ဈေးပေါတယ်။ သင်ဖို့လွယ်တယ်။ ၀ါသနာရှင်တွေအတွက် အကောင်းဆုံး ဆေးတလက်ပါ့။ ဒါ့ကြောင့်ပဲ ကျနော်တို့ ခေတ်ထဲက လူငယ်တွေအားလုံးလိုလိုက ဂစ်တာကို တီးခဲ့ကြတာပေါ့။ ပြီးတော့ ကျနော်တို့ခေတ်မှာ ဂစ်တာဆိုတာ ကျနော်တို့ အသည်းနှလုံး။ ဂစ်တာတလုံးနဲ့ အရာအားလုံးကို မေ့နိုင်ခဲ့တယ်၊
ဒါပေမယ့် ဂစ်တာ အတီးသမား အားလုံးလိုလိုပါပဲ ၀ါသနာရှင် ဖြစ်နေခဲ့ကြတယ်။ ဒါကြောင့်လည်း ဂစ်တာသမား ကောင်းကောင်းက မတွေ့ခဲ့ရတာပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ လိုအပ်တဲ့ အတတ်ပညာက အလွယ်တကူမှ မရနိုင်ခဲ့တာကိုး။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment