Mar 3, 2008

မြန်မာပြည်မှာကွယ် ကဗျာဆရာတွေကများ-၂ (ဒုတိယပိုင်း)


မနေ့က ကျနော်ဆွေးနွေးခဲ့တဲ့ ဒုတိယအချက်ကိုပဲ ဆက်ပြောပါဦးမယ်။

ပါရမီရှင် (Genius)၊ ပညာရှင် (Professional) နဲ့ ၀ါသနာရှင် (Amateur) ဆိုတဲ့ အနုပညာဖန်တီးသူ သုံးမျိုး ရှိတယ်ဆိုတဲ့ အချက်ပါ။

ကျနော်က ဂီတကို ချစ်တယ်။ သီချင်းတွေ၊ တီးလုံးတွေကို နှစ်သက်တယ်။ အရွယ်ရောက်လာတော့ တူရိယာ တခုခုကို ကိုယ်တိုင် တီးဆိုချင်စိတ်က အတော်ပြင်းပြ လာခဲ့တယ်။ ကျနော့် သူငယ်ချင်း အတော်များများကတော့ ဂစ်တာတွေ တီးနေကြပြီ။ ကျနော်ကတော့ ဂစ်တာကို ကိုင်တောင် မကြည့်မိသေးပါဘူး။ ကျနော့် စိတ်ထဲမှာ တီးခတ်ချင်တဲ့ တူရိယာက စန္ဒယားပါ။ ဒါနဲ့ ပီယာနို သင်တန်းတွေ၊ ဆရာတွေကို လိုက်စုံစမ်း ကြည့်မိတယ်။ အလိုလေး- ဈေးက ကြီးလှပါဘိ။ တနာရီကို (၅၀)ကျပ်တဲ့။ အဲဒီခေတ်က ကျနော် မုန့်ဖိုးရတာကမှ တနေ့ကို ငါးမတ် (၁ ကျပ်နဲ့ ၂၅ ပြား)။ ဘုရား-ဘုရား-ဈေးကြီးလှချည်လား-ဘယ်လိုလူတွေကများ ဒီသင်တန်းကို တက်နိုင်သလဲ။

ကဲ-- ဆရာယောရေ့ အဲသလိုနဲ့ အောင်သာငယ်လည်း ဂစ်တာဖက်ကို ခြေဦးလှည့်ခဲ့ရကြောင်း ပါဗျာ။



ဒါပေမယ့် ဂစ်တာကိုလည်း ကိုယ့်ဘာသာ မ၀ယ်နိုင်ပါဘူး၊ စာရေးဆရာ ဗန်းမော်တင်အောင်ရဲ့သား အငယ်ဆုံး ကိုကျော်ဇောအောင် ဆီက ခဏခဏ ငှားတီးရတယ်။

ဒီလိုနဲ့ ဆယ်တန်းအောင်တဲ့နေ့မှာ အဖေက ကျနော့်ကို မေးတယ် - မင်း ဘာလိုချင်လဲ -တဲ့။ ကျနော်က- သား ဂစ်တာလိုချင်တယ် -ဆိုတော့။ အဖေက ထပ်မေးတယ် - ဘာဂစ်တာလဲ ၊ ဗမာဂစ်တာလား -တဲ့။

အဖေပြောတဲ့ ဗမာဂစ်တာဆိုတာ Hawaiian Guitar ပါပဲ။ ကျနော်တို့ ဆီမှာ ဘိ လို့ ခေါ်တဲ့ Metal Bar -များသောအားဖြင့် Steel Bar-တခုနဲ့ ဂစ်တာကြိုးကို ဖိပြီး တီးရတယ်။ ဒါပေမယ့် ဟာဝေယံဂစ်တာနဲ့ ဗမာ ဂစ်တာက ကြိုးညှိတာချင်း မတူပါဘူး။ ပြီးတော့ ကျနော် တီးချင်တာက ဗမာဂစ်တာမှ မဟုတ်တာ။ ဗမာ သံစဉ်တွေ၊ ဗမာ သီချင်းတွေကို ကျနော်လည်း နှစ်သက်ပါတယ်။ ဒါပေမယ့် ကျနော် လိုချင်တာက လူငယ်တွေ အားလုံး တီးနေကြတဲ့- Spanish Guitar ပ၊ါ။ ဒါနဲ့အဖေ့ အမေးကို Spanish Guitar ပါ -လို့ဖြေခဲ့တော့ ဗမာ ဂစ်တာမဟုတ်လို့ အဖေက ၀ယ် မပေးခဲ့ပါဘူး။

ဒီလိုနဲ့ ကျနော် ဒေသကောလိပ် တက်တယ်။ ပထမနှစ်မှာပဲ အဖေ မကြိုက်ပေမယ့် ကျနော် ကြိုက်တဲ့ဂစ်တာကို မုန့်ဖိုးထဲက စုထားတဲ့ငွေနဲ့ အဖေ မသိအောင် ၀ယ်ပြီး အိမ်မှာ တိတ်တိတ် ဂစ်တာခိုးတီးခဲ့ပါတယ်။ တနေ့သားတော့ ကျနော့် ဂစ်တာကို အဖေတွေ့သွားပါတော့တယ်။ ကျနော်နေတဲ့ အိမ်အပေါ်ထပ် အခန်းကနေ ကျနော့် ဂစ်တာကို လည်ပင်းက ကိုင်ပြီး အဖေ ဆွဲချသွားပါတယ်။ လှေကားထစ်တွေအတိုင်း ဂစ်တာကို အဖေ တရွတ်တိုက် ဆွဲချသွားတဲ့ အသံက ကျနော့ခေါင်းကို တူတလက်နဲ့ တချက်ဆီ တချက်ဆီ ထုချလိုက်သလိုပါပဲ၊ ကျနော်သိတယ် ဂစ်တာကို အဖေ ရိုက်ခွဲတော့မယ်။ အဲဒီမှာ ကျနော့် ဂစ်တာကို ကယ်တင်ခဲ့တာက အမေပါပဲ။ -အကို မလုပ်နဲ့ အဲဒါ ကျော်ဇော ဂစ်တာ သားဟာ မဟုတ်ဘူး - ဆိုတဲ့ အမေ့စကားနဲ့ ပဲ ကျနော့် ဂစ်တာလေး အသက်မထွက်ခဲ့တာ။ အမေ့ကို ကျနော် အရမ်းချစ်ခဲ့ရတာတွေထဲမှာ အဲလိုမျိုး အဖြစ်အပျက် ကလေးတွေလည်း ပါပါတယ်။

အဲလိုမျိုး ကျနော့်ဘ၀မှာ ကြုံခဲ့ရတော့ - တခါတခါလည်း ကျနော် စဉ်းစားကြည့်မိတယ်။ မိဘတွေက အဲလိုမျိုး အကြမ်းဖက်ခဲ့လို့ ကျနော်တို့ မျိုးဆက်မှာ ဂစ်တာဘယ်နှစ်လက် အသက်ထွက်ခဲ့ရသလဲပေါ့။ (ဆိုလိုတာ မိဘရဲ့ အားပေးမှုကို မခံခဲ့ရတဲ့) ဂစ်တာသမားတွေ ဘယ်နှစ်ယောက် ရှိခဲ့သလဲပေါ့။

အမေရိကလို နိုင်ငံမျိုးမှာတော့ ကိုယ့်သားသမီးရဲ့ ကျွမ်းကျင် အားကောင်းမှု တခုခုကို မိဘတွေ ကိုယ်တိုင်က ၀မ်းမြောက်ဂုဏ်ယူစွာ ဖော်ပြကြတာတွေ့ရတယ်၊ မိဘတွေ ကြိုက်နှစ်သက်တာ မကြိုက်တာထက် ဒီ ကလေးတယောက်ရဲ့ ထူးချွန်မှုကို အားကောင်းအောင် ၀ိုင်းဝန်းပံ့ပိုးပေးတာကို တွေ့ရတယ်၊ ဒါမှလည်း ပါရမီရှင်တွေ၊ ပညာရှင်တွေ ပေါ်လာတော့မှာပေါ့။

အဲဒီတော့ လိုရင်းကို ပြန်ကောက်ရရင် ပါရမီရှင် မဟုတ်ရင် ပညာရှင်တယောက် ဖြစ်ဖို့ဆိုတာကလည်း မိဘတွေက ပံ့ပိုးပေးမှ၊ လိုအပ်တဲ့ သင်ယူမှုတွေအတွက် ငွေကြေးတတ်နိုင်မှလည်း ဖြစ်မှာပါ။

ဆရာမြို့မငြိမ်းလို ပါရမီရှင်တွေက တခေတ်မှာ တယောက်ပဲ ပေါ်နိုင်တာ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။ ပညာရှင်တွေ ကတော့ လက်ချိုးရေတွက်လို့ ရမှာပါ။ ၀ါသနာရှင်တွေကတော့ ရေတွက်၍ မကုန်နိုင်အောင်ပါပဲ၊ အဲလို ၀ါသနာရှင်တွေထဲမှာ ကျနော်လည်းပါပါတယ်။

ဒီလိုနဲ့ ကျနော်တို့ မြန်မာပြည်မှာ ပါရမီရှင်တွေက ရှားရတဲ့ကြားထဲ လူတဦးချင်းစီ ကြုံရတဲ့ အခက်အခဲ အကန့်အသတ်တွေအပေါ်မှာ ပညာရှင်တွေလည်း နည်းခဲ့တယ်လို့ ကျနော် ပြောချင်ပါတယ်၊ အဲဒီတော့ ပေါပေါများများ ရနိုင်နေတာကတော့ ကျနော်တို့လို ၀ါသနာရှင်တွေပဲ ဖြစ်ပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။

2 comments:

kay said...

ဒုတိယ ပိုင်း ဆိုတော့..ဇတ်သိမ်း ဆက်လာ အုံး မလား မဆို နိုင်။ ဒါပေမဲ့..ကြားဝင်ဖြတ်ပီး..ပွားလိုက် အုံးမယ်။ ကိုယော ဟန်အောင်ရေးတုံး ကလည်း..၀င်ပွားထားပီးသား။ ဟုတ်ပါတယ်.. ဂီတ ကို ၀ါသနာ ပါတာ ချင်းတူရင်..လွယ်ကူ တာက..ဂစ်တာကိုး...နော်..။

နောက်တချက် ထပ်တွေးမိတာက.. အခု ကိုအောင်သာငယ် ပြောသလို..ဂစ်တာတီး ခြင်း..ကိုယော ပြောသလို..ကဗျာစပ် ခြင်း များ သည်...အဘယ်ကြောင့် ပိုမို များပြား ရ သနည်း ဆိုသည်မှာ.. ထို အရာ များ သည်..လူငယ် တို့သဘာဝ..ပေါက်ကွဲချင်..လွတ်လပ် ချင်..ဖွင့်ဟချင်..( ပိုမို အရေးကြီး သည်မှာ.. ချစ်ခြင်းများ ပွင့်အံ လို ခြင်း ) များ အတွက်..အထူးပင် သင့်တော်.. ထိရောက်ကာ.. ခေတ် အခြေအနေ နှင့် ကိုက်ညီခြင်း..လွယ်ကူ သက်သာ ခြင်း ပင်ဖြစ်သည်။ ထို အခြေခံ ကို အခြေ ခံကာ..အချိန် ကြာ..ကြီးပြင်း လာ လျှင်မူ.. ၀ါသနာ ဒီဂရီ ကို လိုက် ၍..ဆက်လုပ်ဖြစ်သူ များ လည်း ရှိ....ရပ်တန့်သွားသူ များလည်းရှိ.. သည်ဟု ထင်ပါသည်။ ( ဟုတ်မဟုတ်တော့..မသိပါ ...း-)

တကယ်ပင်..ကဗျာဆရာ များ နှင့် ဂစ်တာသမား များ များပြား နေခြင်းလည်း ဖြစ်နိုင် ပါသည်။

သို့သော် ..ယခု ပြော နေသော ..အရာများ သည်..ယောက်ကျားလေး များတွင် သာ ပို မို တွေ့ရသော ကြောင့်.. မားစ် ဂြိုဟ် မှ..လာသော လူများ တွင် သာ ဖြစ်တတ် သော.. ၀ါသနာ လည်း ဖြစ် နိုင် သည်။
:-)

Kaung Kin Ko said...

တခါတခါလည်း ကျနော် စဉ်းစားကြည့်မိတယ်။ မိဘတွေက အဲလိုမျိုး အကြမ်းဖက်ခဲ့လို့ ကျနော်တို့ မျိုးဆက်မှာ ဂစ်တာဘယ်နှစ်လက် အသက်ထွက်ခဲ့ရသလဲပေါ့။

အဲဒါလေးကို ဆင့်ပွါးခံစားသွားတယ်ဗျာ။