Mar 2, 2008

လေးမြားတလက်နဲ့ သီချင်းသည် -၂


ဂျာမနီရောက်နေတဲ့ ကျနော့် သူငယ်ချင်း ကိုဘစောထွန်းနဲ့ ဟိုး လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကျော်လောက်က ဖုန်းပြောဖြစ်ပါတယ်။ သူကတော့ ဆရာယော တခါက ဖော်ပြခဲ့ဖူးတဲ့`ဒါသီချင်းပဲလား`ပို့စ်မှာ ဖော်ပြခဲ့တဲ့ ဆံရှည်ကိုယ်တော်၊ ဂစ်တာသမား ဖြစ်ပါတယ်။ သူက ကျနော်တို့ ဂစ်တာ စကားနဲ့ပြောရရင် Acoustic လို့ ခေါ်တဲ့ လျှပ်စစ်မပါတဲ့ ဂစ်တာကိုတီးတဲ့ ဂစ်တာသမားဖြစ်ပါတယ်။

ကိုဘစောက မာနယ်ပလောတိုက်ပွဲမှာ ထိခိုက် ဒဏ်ရာရခဲ့တဲ့သူပါ။ ကျနော့် ပို့စ်တခုဖြစ်တဲ့ လေးမြားတလက်နဲ့သီချင်းသည်-ဟာ ကိုဘစောထွန်းတို့လို ရဲဘော်တွေကို ကိုယ်စားပြုတာပါ။ သေနတ်ကိုင်ပြီး ဂစ်တာတီးခဲ့တဲ့ ကျနော်တို့ ဘ၀တွေကို ဒီသီချင်းက ထင်ဟပ်နိုင်တယ်လို့ ကျနော်က ယူဆပါတယ်။



အခြေအနေတခုမှာ ကျနော် သေနတ် ကိုင်ခဲ့တယ်၊ (ကိုင်ချင်လို့မဟုတ်)။ အခြေအနေက တွန်းပို့လို့။ ကျနော့် နှလုံးသား ထဲမတော့ - အခုအချိန်မှာ ငါ သေနတ် ကိုင်ရမယ်။ ဒါဟာ ငါ့ ပြည်သူတွေအတွက်၊ ငါ့ မောင်နှမတွေအအတွက်၊ ငါ့ မိဘတွေအတွက်။ ငါ့ ညီအကိုတွေ အတွက်။ ငါ့ သားသမီးတွေ အတွက်။ ငါ ကိုယ်တိုင်အတွက်။ နောက်ဆုံးမှာ အားလုံးအတွက်။

ဒါပေမယ့် ကျနော် တကယ် ကိုင်ချင်ခဲ့တာက ဂစ်တာပါ။

သံစဉ် ချိုမြတွေ
ပြိုကျ စေနိုင်တဲ့
အဲဒီ ဂစ်တာကိုပဲ
ငါက ပွေ့ဖက်လိုတယ်

ကျနော်က ဂစ်တာသမား။ ဂစ်တာတီးနေရရင် ပျော်တယ်။ တုန်ခါနေတဲ့ ဂစ်တာကြိုးခြောက်ချောင်းထဲမှာ ကျနော့် ဘ၀တခုလုံး ခုတ်မောင်း ဖျော်ချထားခဲ့ချင်တယ်။

ဒီလိုနဲ့ သေနတ်မကိုင်ရတော့တဲ့ အချိန်ကာလတွေကလည်း ဘ၀ထဲ ရောက်လာခဲ့တယ်၊ အဲဒီအခါ ဂစ်တာသမားတယောက်အဖြစ် မက်ခဲ့တဲ့ အိပ်မက်တွေက တံခါး လာလာ ခေါက်ပါတယ်။

ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် ဘန်ကောက်မှာ ကျနော်ရှိနေစဉ်တုန်းက Eric Clapton ရဲ့ Unplugged Album ထွက်ခါစ။ ကိုဘစော ဘယ်ကရလာတယ်မသိ Note-to-Note စာအုပ်တခု သယ်လာပါတယ်။ ကျနော့်ကိုလည်း ကော်ပီတစုံပေးခဲ့တယ်၊ - ဟေ့-လူ လုပ်ဗျာ။ အတူတူ တီးရအောင်-တဲ့၊ သူ့ရဲ့ တက်ကြွနေပုံတွေ။ အဲလိုနဲ့ Clapton ရဲ့ Tears in Heaven ကို ကျနော် ကောင်းကောင်း တီးတတ်သွားခဲ့တယ်။ ဒါပေမယ့် ကိုဘစောနဲ့တော့ အတူတူ မတီးဖြစ်ခဲ့ပါဘူး။

ဒီလိုနဲ့ ဘ၀တွေ စီးမျောသွားလေ့ရှိတဲ့အတိုင်းပဲ သူနဲ့ကျနော် ကာလ၊ ဒေသ ကွဲပြားသွားခဲ့ကြတယ်။ တနေ့သားတော့ ဆရာယောဆီကတဆင့် ကျနော် ကိုဘစော ဖုန်းနဲ့ အီးမေးလ် ရလိုက်တယ်၊ ဒီလိုနဲ့ ကိုဘစောနဲ့ ကျနော် ဖုန်းထဲမှာ စကားပြောဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း အလ္လာပ သလ္လာပ ပြောကြ။ ဘယ်သူက ဘယ်မှာ။ အဲဒီမှာ ကိုဘစောထွန်းက သူ့ အိပ်မက်တွေ အကြောင်း ကျနော့်ကို အားကောင်းမောင်းသန် ပြောပြတယ်။ Tommy Emmanuel ကို သူဘယ်လောက် ကြွေကျခဲ့တဲ့အကြောင်း။ ဒီလူက သူ့ သူရဲကောင်း။ အဲဒီပုဂ္ဂိလ်က ကမ္ဘာပေါ်မှာ The Best Acoustic Guitar Player အဖြစ် အားလုံးက အသိအမှတ်ပြုထားရတဲ့သူ။ ကိုဘစောက Tommy Emmanuel သုံးတဲ့ ဂစ်တာနောက်ကိုပါ လိုက်ခဲ့တယ်။ သူသုံးခဲ့တဲ့ ဂစ်တာကိုပါ လိုက် ရှာဝယ်ခဲ့တယ်၊ အလွန်တရာ ဈေးကြီးတဲ့ ဂစ်တာပါပဲ၊ ကျနော် နားလည်မိသွားတာကတော့ အိပ်မက်တွေ တူခဲ့ ကြပေမယ့် ကိုဘစောကတော့ သူ့ အိပ်မက်တွေနောက်ကို ကောက်ကောက် ပါအောင် လိုက်သွားခဲ့ပြီ။ ဘယ်လိုမှ ဖြောင်းဖျ မရတော့။ ဒီတော့ သူ့ယုံကြည်ချက်ကို ကျနော်က အလေးပြုရုံပါပဲ၊

အောင်မြင်ပါစေ ရဲဘော်ကြီး၊

1 comment:

ဆောင်းယွန်းလ said...

ဟုတ်တယ်..ကိုဘစောကသူ့အိမ်မက်နောက်ကိုကောက်
ကောက်ပါအောင်လိုက်သွားခဲ့ပြီ...မနှစ်ကကျနော့်ဆီကို
ဖုန်းဆက်ပြီးစကားပြောတာ၎နာရီကြာတယ်ဗျ..သူကြိုက်တဲ့တီးကွက်တွေကိုလည်းဖုန်းထဲကနေဖွင့်ပြသေးတယ်..