Mar 5, 2008

မြန်မာပြည်မှာကွယ် ကဗျာဆရာတွေကများ-၂ (တတိယပိုင်း) နဲ့ နိဂုံး



ပြီးခဲ့တဲ့ ပို့စ်နှစ်ခုမှာ (၁) လူတဦးချင်းစီရဲ့ အနုပညာခံစားမှုနဲ့ (၂) ဖန်တီးရှင် -၃-မျိုးကို ကျနော် ဆွေးနွေးခဲ့ပြီးပါပြီ၊

အခု -
တတိယအချက်အနေနဲ့ ဆွေးနွေးမှာကတော့ အနုပညာတွေကို ဖန်တီးတဲ့ နေရာ၊ အချိန်ကာလနဲ့ အခွင့်အရေးပါ။
ကျနော်တို့မျိုးဆက် အနုပညာတွေကို ဖန်တီး နေကြရတဲ့နေရာဟာ စစ်အာဏာရှင်တွေရဲ့ စစ်ဖိနပ် သံခွာအောက် ရောက်နေရတဲ့ ဗမာပြည်ပါ။ ဆိုတော့ အားလုံးသိပြီး ဖြစ်ကြတဲ့အတိုင်းပါပဲ ဖန်တီးခဲ့ရသမျှ အနုပညာတွေ အားလုံးဟာ လွတ်လွတ်လပ်လပ် ဖန်တီးခွင့် ရခဲ့ကြတာမဟုတ်ပါဘူး။ အကန့်အသတ် အခက်အခဲတွေ ကြားထဲက ဖန်တီးနေခဲ့ကြရတာပါ။


- စာပေနယ်မှာဆိုလည်း စာပေစီစစ်ရေးရဲ့ ဆင်ဆာကတ်ကျေးနဲ့ ဖြတ်ညှပ် အသတ်ခံခဲ့ရတဲ့ စာတွေ-ကဗျာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီအကြောင်းတွေကိုလည်း စာရေးစရာတွေ။ ကဗျာဆရာတွေက ပြန်လည် ရင်ဖွင့် ပြောပြတာတွေကို အများကြီး ဖတ်ခဲ့ကြရဖူးမှာပါ။
- ဂီတနယ်မှာဆိုလည်း သီချင်းတခွေ ထုတ်ရင် အနည်းဆုံး အကျိုးပြု (၃) ပုဒ်ပါရမယ်-ဆိုတဲ့ စီစစ်ရေးရဲ့ ဥပဒေနဲ့ ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် စစ်အာဏာရှင်တွေအကြိုက် (၃) ပုဒ် ထည့်ဆိုပေးရပါတယ်။ အဲဒီလို သီချင်းမျိုးကို တကမ္ဘာလုံးမှာ ဘယ်နေရာမှာမှ တွေ့ကြရမယ်မထင်ပါ၊ ကျနော်တို့ နိုင်ငံမှာပဲ ရှိပါလိမ့်မယ်။ နောက် ဂီတသမားတွေမှာလည်း Concert (ကျနော်တို့ဆီမှာတော့ Stage Show လို့ခေါ်ကြတယ်) တခုလုပ်ချင်ရင် ခွင့်ပြုချက်တင်ရသေးတယ်။ ဘာအ၀တ်အစားမ၀တ်ရ။ ဆံပင်ရှည် မထားရ။ ဘောင်းဘီရှည် မ၀တ်ရ- အစရှိသည်ဖြင့် ပညတ်တော် ဆယ်ပါးကိုလည်း လိုက်နာကြရပါသေးတယ်၊
- ရုပ်ရှင်နယ်မှာဆိုရင်လည်း ဆင်ဆာဖြတ်ခံခဲ့ရတဲ့ ကားတွေ အများကြီးပါပဲ။ ဥပမာ- ဆရာမြသန်းတင့်ရဲ့ `ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်` ၀တ္ထုကို ကျော်ဟိန်းပြန်ရိုက်တဲ့ကား ဆင်ဆာဖြတ်လိုက် ပြန်ရိုက်လိုက်နဲ့ ခဏခဏ ပြန်ပြင်ရိုက်နေရတော့ မူရင်းဝတ္ထုနဲ့ တခြားစီဖြစ်ပြီး ထွက်လာပါသတဲ့။
တခြားအနုပညာနယ်ပယ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ၊

နောက်တခုကတော့ ကျနော်တို့မျိုးဆက် ရှင်သန်ကြီးပျင်းပြီး အနုပညာတွေကို ဖန်တီးနေရတဲ့ အချိန်ကာလက စစ်အာဏာရှင်စနစ်က အားကောင်းနေပြီး နိုင်ငံသားအားလုံးရဲ့ အခြေခံအခွင့်အရေးအားလုံးကို ငြင်းပယ်ခြင်းခံနေရတဲ့ အချိန်ကာလပါပဲ၊ ဒီလိုကာလမျိုးမှာ အနုပညာသည် စစ်စစ်တွေ။ အနုပညာ စစ်စစ်တွေ မဖူးပွင့်နိုင်ပါဘူး။ အငုံအဖူးဘ၀မှာပဲ ကျေနပ်နေကြရတာပါ။ သိပ်ဖူးပွင့်ချင်သူများအဖို့တော့ စစ်အာဏာရှင်တွေက ဖူးပွင့်ခွင့်ပေးတဲ့ နေရာမှာ အစွမ်းကုန်ဖူးပွင့်နိုင်ပါတယ်၊ အဲဒီနေရာတွေကိုတော့ အကျဉ်းထောင်လို့ ခေါ်ကြလေရဲ့။ အနီးဆုံး ဥပမာလေးတခုပါ- ဖေဖော်ဝါရီဆယ့်လေး-ကဗျာရေးခဲ့တဲ့ ကဗျာဆရာ-ကိုစောဝေကိုပဲကြည့်ပါ။
- ဒီလို အချိန်ကာလမျိုးမှာ အနုပညာဖန်တီးသူတွေအတွက် အခက်အခဲတွေ မျိုးစုံကြုံကြရပါတယ်။ အခက်အခဲတွေမျိုးစုံမှာ ပထမဆုံး ကြုံကြရတာက စားဝတ်နေရေးဆိုတဲ့ လူတိုင်းအတွက် နေ့စဉ်ဖြေရှင်းနေရတဲ့ အခြေခံ လိုအပ်ချက်ပါ။ စားဝတ်နေရေး လိုအပ်ချက်အတွက်တောင် လွတ်လွတ်လပ်လပ် စီးပွားရှာဖွေခွင့် မရတဲ့ အချိန်ကာလမျိုးမှာ အနုပညာကိစ္စဆိုတာ ဒုတိယနေရာကို ရောက်လာတာပါပဲ၊ ဥပမာဗျာ- ကျနော် ဖတ်ဖူးခဲ့တာလေးတခုပေါ့ - အသေးစိတ်အတိအကျတော့ မမှတ်မိတော့ဘူး- `စစ်တပ်တတပ်ဟာ ၀မ်းပိုက်နဲ့ စစ်တိုက်ရတယ်`-ဆိုတဲ့ စကားလိုပါပဲ အနုပညာရှင် တယောက်ဟာလည်း သူ့ဝမ်းပိုက်ကို အရင်ဖြည့်ရမှာပေါ့။ နောက်တခုက အဲဒီအနုပညာရှင်ဟာ အိမ်ထောင်ဦးစီးတယောက်ဆိုရင် သူ့ ဇနီးသားသမီးတွေရဲ့ ၀မ်းပိုက်တွေကို အရင်ဖြည့်ရမှာ အသေအချာပါပဲ၊ အဲဒီဝမ်းပိုက်တွေကို ဖြည့်ပြီးမှ သူ့ အနုပညာတွေကို ဖန်တီးနိုင်တော့မှာပေါ့။ ကျနော်တို့တိုင်းပြည်မှာ အများစုက လက်လုပ်လက်စားတွေပါ။ အများစုက အောက်ခြေလူတန်းစားတွေပါ။ အနုပညာရှင်တွေဆိုတာကလည်း အများစုက ဒီလူတန်းစားထဲက ထွက်လာတာပါ။ ဆိုတော့ ၀မ်းမပြည့်နိုင်သေးတဲ့အခါ အနုပညာတွေလည်း သိပ်မထွက်လာနိုင်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။ လူချမ်းသာမိသားစုကထွက်လာတဲ့ အနုပညာရှင်တွေလည်း ရှိမှာပါ။ ဒါပေမယ့် ကျနော် လေ့လာ ဖတ်ရှု ကြားသိမိရသလောက်ထဲမှာ အနည်းအကျဉ်းပဲရှိပါတယ်၊ ကျနော် ပြောတာ မှားသွားခဲ့ရင်လည်း ခွင့်လွှတ်ပါ။

နောက်တခု ဆက်ပြောချင်တာကတော့ အခွင့်အရေးပါ၊ အထက်က ဆွေးနွေးခဲ့တဲ့ အချက် နှစ်ချက်အပြင် အနုပညာနဲ့ပတ်သက်တဲ့အခါ ဆက်စပ်နေတာက အခွင့်အရေးပါ။ ဥပမာ တခုအနေနဲ့ လူတယောက်အကြောင်း ပြောပြချင်ပါတယ်။ ကျနော်က ဂစ်တာတီးသူ တယောက်လည်းဖြစ်နေတော့ ဂစ်တာသမားတယောက် အကြောင်းကိုပဲ ဥပမာ ပေးပါရစေ။ ၈၈ နောက်ပိုင်းမှာ ဗမာပြည်မှာ နံမည်ကြီးလာတဲ့ Band တခု ရှိပါတယ်။ လူတိုင်းလည်း သိကြမှာပါ Iron Cross ဆိုတဲ့ အမည်ကို။ IC လို့လည်း အတိုကောက် ခေါ်ကြပါတယ်၊ IC ရဲ့ Lead Guitarist ချစ်စမ်းမောင် ကိုလည်း လူတိုင်းလိုလိုပဲ သိကြမှာပါ၊ သူကတော့ ပါရမီရှင်ပါ။ သူကိုယ်တိုင် ပြောထားတဲ့ အင်တာဗျူးတွေမှာကိုက အဲဒီအချက်ကို သိနိုင်ပါတယ်၊ ချစ်စမ်းမောင်ဟာ Stringed Instrument တော်တော်များများကို ကျင်ကျင်လည်လည် တီးခတ်နိုင်တာ တွေ့ရပါတယ်၊ Violin အုပ်စုတော့ မပါပါဘူး။ ဒါပေမယ့် Guitar အုပ်စုမှာတော့ Steel Guitar လိုမျိုး တူရိယာတွေကိုပါ တီးခတ်နိုင်တာ တွေ့ရပါတယ်။
ကျနော် အဓိကပြောပြချင်တာကတော့ အခွင့်အရေးပါ၊ ချစ်စမ်းမောင်ဟာ ဘယ်လောက်ကြီး ပါရမီရှိရှိ။ သူ့ အမက သူ့ကို ဟင်္သာတကနေ ရန်ကုန် ဂီတလောကကို ရောက်အောင် မပို့ခဲ့ရင်၊ ဆရာ စောဘွဲ့မှူးလို ဆရာသမားကောင်း တယောက်ဆီမှာ သူ မဆည်းပူးခဲ့ရရင် ချစ်စမ်းမောင်ကို အခုလိုအခြေအနေမျိုး ကျနော်တို့ တွေ့ရလိမ့်မယ်လို့ မထင်ပါဘူး။ နယ်မြို့ကလေးမှာပဲ ဂစ်တာသမားလေး ချစ်စမ်းမောင်ဖြစ်နေမှာ အသေအချာပါပဲ၊
ဒါကို ဘာလို့ ကျနော် ပြောနိုင်တာလည်းဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်မှာ ကျနော်လည်း Lead Guitarist တယောက်အဖြစ် ရူးသွပ်ခဲ့ဖူးလို့ပါပဲ။ ကျနော့်အကို ဖြစ်သူက St. Paul (ဗိုလ်တထောင် အ-ထ-က-၆)မှာ ကျောင်းတက်ပါတယ်။ သူနဲ့ တတန်းထဲတက်တဲ့ သူ့သူငယ်ချင်းက သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့ အဆိုတော် သားထွေးပါ။ ကိုသားထွေးနဲ့ ဆက်စပ်ပြီး ရန်ကုန်က Studio တွေ တော်တော် များများက အဆိုတော်တွေရဲ့ Recording Session တွေကို ကျနော် သွားရောက် လေ့လာခွင့်တွေ ရခဲ့ဖူးပါတယ်။ အထူးသဖြင့် Lynn Studio, May Studio တွေဆို ကျနော် ခဏခဏ ရောက်ဖြစ်ပါတယ်။ Studio တွေကိုရောက်တော့ Lead Guitar သမားတယောက်အတွက် မရှိမဖြစ် သိသင့်သိအပ်တဲ့ အရာတွေ အများကြီး ရှိနေတာကို သတိပြုမိပါတယ်။ Music Theory တွေကတော့ အဓိကပါပဲ၊ ဒါပေမယ့် တခြားအဓိကကျတဲ့ အချက်တွေထဲမှာ Technology ကလည်း ပါပါသေးတယ်။ Guitar Effects & Sound Processors တွေ။ Amplifiers တွေ။ Mixers တွေ။ ဒါတွေ နားလည်ဖို့ဆိုတာ ကိုယ့်ဘာသာကိုယ် အိမ်မှာ ထိုင်နေလို့ မရပါဘူး။ လက်တွေ့ ကိုင်တွယ် တီးခတ် စမ်းသပ်နိုင်တဲ့ အခွင့်အရေး ရမှ ဖြစ်မှာပါ။ Studio တွေမှာ ကျနော် သွားလေ့လာရင်းနဲ့ ပညာလျှိုတဲ့ ဂစ်တာသမားကြီးတွေကိုလည်း တွေ့ခဲ့ဖူးပါတယ်၊ သူတီးတာ- သူသုံးတဲ့ Effects တွေကို သူများသိမှာစိုးလို့ Studio နံရံကို မျက်နှာချင်းဆိုင်ပြီး ဂစ်တာတီးနေခဲ့တာကိုလည်း တွေ့ဖူးခဲ့ပါတယ်၊ လိုရင်းပြောရရင် ဂစ်တာပညာရှင်တယောက်အဖြစ် ကျနော် လိုအပ်တဲ့ အချက်အလက်တွေကို လေ့လာ သင်ယူဖို့ အခွင့်အရေး မရခဲ့ပါဘူး။ သင်ကြားပေးမယ့် ဆရာလည်း မကြုံတွေ့ခဲ့ရဘူး။ ဒီလိုနဲ့ ကျနော်လည်း စိတ်ဓါတ်ကျသွားခဲ့ပြီး ဂစ်တာ သိပ်မတီးဖြစ်တော့ပါဘူး။
ချုပ်ပြောရရင် အနုပညာသမားတယောက်ဖြစ်ဖို့ဆိုတာကလည်း မြေတောင်မြှောက်ပေးမယ့် ဆရာသမား ကောင်းတွေနဲ့တွေ့ကြုံရတဲ့ အခွင့်အရေးမျိုး လိုပါသေးတယ်။ ပါရမီရှင်တွေအတွက်တော့ လိုချင်မှ လိုမှာပေါ့လေ။ အဲဒီတော့ အခွင့်အရေးတွေ နည်းလာတဲ့အခါ အနုပညာသည်တွေလည်း နည်းလာတယ်လို့ ကျနော်ထင်ပါတယ်။

နိဂုံး

နိဂုံးချုပ်ပြောရရင်တော့ ပြီးခဲ့တဲ့ ပို့စ် နှစ်ခုနဲ့ အထက်က ကျနော်ဆွေးနွေးခဲ့တဲ့ အချက်တွေအပေါ်မှာ အကြောင်းပြုပြီး ကျနော်တို့မျိုးဆက် လူငယ်တွေမှာ ကဗျာဆရာနဲ့ ဂစ်တာသမားတွေ ပေါလာတယ်လို့ ကျနော်ယုံကြည်ပါတယ်။ အတိအကျ ပြောရရင်တော့ ကဗျာဆရာနဲ့ ဂစ်တာသမားဆိုတဲ့ ဝေါဟာရထက် ကဗျာရေးသူတွေနဲ့ ဂစ်တာတီးသူတွေ ပိုများလာတယ်လို့ပဲ ပြောပါရစေ။

အဲဒီအထဲက တယောက်ဟာ ကျနော်ပါပဲ။
ကျနော်က ကဗျာတွေရေးတယ်၊ ဂစ်တာတီးတယ်။ ပါရမီရှင်လည်း မဟုတ်ဘူး။ ပညာရှင်လည်း မဟုတ်ပါဘူး။
ဒါပေမယ့် ၀ါသနာအရ ကဗျာတွေ ဆက်ရေးနေဦးမယ်။ ဂစ်တာလည်း ဆက်တီးနေဦးမယ်ဗျာ။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။

(အောင်သာငယ်)


No comments: