Apr 28, 2009

တက်ဂ်လို့ရေးတဲ့စာ-၈ (သို့မဟုတ်) ကျနော်တွေ့ဖူးချင်သူများ

ခုတလောမှာ လူက စာရေးချင်စိတ် မရှိဘူးဖြစ်နေတယ်။ စိတ်မကြည်လင်တော့ စာတွေ မကြည်လင်မှာ စိုးတယ်။ ဒါကြောင့် မရေးချင်လို့ ဘလော့ရေးတာ ခဏတော့ နားမယ် ပြောခဲ့တာပါ။ သည်ကြားထဲက ကဗျာ ဖတ်ချင်လို့ လင့်ထားပါတယ်ဆိုတဲ့ မယ်ကိုး နဲ့ ကဗျာတွေ ဖတ်ချင်လို့ လာတဲ့ မိတ်ဆွေတွေ စာဖတ်သူတွေ အတွက် ရေးထားတဲ့ ကဗျာ အဟောင်းလေး တပုဒ် တင်ပေးလိုက်ပါတယ်။ အလျဉ်းသင့်သလိုလည်း ထပ်တင် ပေးပါဦးမယ်။ တကယ်ကတော့ ခုချိန်မှာ ဘာစာ၊ ဘာကဗျာမှ မရေးချင်သေးပါဘူး။

ကျနော့်ရဲ့ တူမောင်မျိုးက မြင်ဖူးချင်တဲ့လူ ၁၀ ယောက် ဆိုပြီး Tag လာလို့ သူ့အတွက် ရေးပေးဖို့တောင် ချက်ချင်း မရေးချင်လို့ ခဏစောင့်ပါဦး သွားပြောထားသေးတယ်။ ခုတော့ ညီငယ် ဥယာဉ်မှူး ကလည်း Tag လာတာဆိုတော့ သူတို့အတွက် ရေးပေးရပါဦးမယ်။

ကဲ... အခုတော့ ရေးလိုက်ပါပြီဗျား...

မြင်ချင်တာနဲ့ တွေ့ချင်တာက မတူဘူးလို့ ကျနော်ကတော့ ထင်တယ်။ မြင်ဖူးချင်တဲ့သူ ဆယ်ယောက်ကို ဘိုလိုပြောရင် Ten people I like to see ဖြစ်မယ်။ တွေ့ဖူးချင်တဲ့သူ ဆယ်ယောက်ဆိုရင်တော့ Ten people I like to meet with ဖြစ်မယ်။ မြင်ချင်တယ် ဆိုတာက အဝေးက လှမ်းမြင်ရတာမျိုး၊ အနီးကပ် မြင်ရတာမျိုး၊ ဓါတ်ပုံကို မြင်ရတာမျိုး၊ ရုပ်ရှင်ထဲ ဗီဒီယိုထဲမှာ မြင်ရတာမျိုးကို ဆိုလိုတာလို့ နားလည်နေမိတယ်။ တွေ့ချင်တယ် ဆိုတာကတော့ လူကိုယ်တိုင် (see in person) မျက်နှာချင်းဆိုင် တွေ့ပြီး စကားစမြည် ပြောဆိုရတာမျိုးလို့ နားလည် နေမိပါတယ်။

ကျနော့်အတွက်တော့ သည်အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်းဆိုရင် ကျနော် မြင်ဖူးချင်သူတွေ ကလည်း အများကြီး၊ တွေ့ဖူးချင်သူတွေကလည်း အများကြီးပါပဲ။ အခုကတော့ တူမောင်မျိုး တို့တွေ ရေးနေတဲ့ Tag ပို့စ်တွေကို လိုက်ကြည့် လိုက်တော့ သူတို့ ရေးနေ ပြောနေတာတွေက မြင်ဖူးချင်တာ မဟုတ်ပဲ တွေ့ဖူးချင်တာ ဖြစ်နေ ပါတယ်။ သည်တော့ ကျနော် မြင်ဖူးချင်တဲ့ သူတွေကို ခဏထားပြီး တွေ့ဖူးချင်တဲ့ သူတွေကိုပဲ စာရင်း လုပ်ကြည့် မိပါတယ်။ တကယ် စဉ်းစားကြည့်တော့ ကျနော် တွေ့ဖူးချင်နေတဲ့ သူတွေကလည်း အများသားပဲ။ အခု လောလောဆယ်မှာကို ကျနော် တွေ့ဖူးချင်နေတဲ့ သူတွေဟာ တရာတောင် မကဘူး ရှိနေတယ်။

သူပုန်တကာတို့ရဲ့ သူရဲကောင်းကြီး ချေဂွေဗားရားကို တွေ့ချင်တယ်။ ဇီဝကတကာထက် ဇီဝက ပိုဆန်တဲ့ ဒေါက်တာ နော်မန်ဗက်သွန်းကို တွေ့ချင်တယ်။ အပြစ်သားတွေအတွက် ပေးဆပ်ခဲ့တဲ့ ဂျီးဆပ်စ်နဲ့ တွေ့ချင်တယ်။ မေတ္တာတရားရဲ့ အရှင်သခင် သိဒ္ဓတ္ထနဲ့ တွေ့ချင်တယ်။ ခေတ်သစ် တရုပ်ပြည်ကြီးအတွက် လယ်သမားတွေကို စည်းရုံးခဲ့တဲ့ မော်စီတုန်းကိုတွေ့ချင်တယ်။ ကြိုးစင်ကို ထီမထင်ခဲ့တဲ့ ငုယင်ဗန်ထရွိုင်းကို တွေ့ချင်တယ်။ ငှက်တေလေတွေ ချစ်တဲ့ ကူးတို့ သမားကြီး ရာဘင်ဒြာနာ့သ် တဂိုးကို တွေ့ချင်တယ်။ နေကြာပန်းတို့ရဲ့ အရှင်သခင်၊ ကြယ်စုံညရဲ့ ဖခင် ဗင်းဆင့် ဗန်ဂိုးကို တွေ့ချင်တယ်။ နိုင်ငံတွေ နယ်နိမိတ်တွေ မရှိပါဘူးဆိုတဲ့ အိပ်မက်ရှင် ဂျွန်လင်နွန်ကို တွေ့ချင်တယ်။ သူ့ရဲ့ အေးစက်တဲ့ တိုင်းပြည် ကလေးကို ချစ်တဲ့ ဗမာပြည်ကိုလည်း ရောက်ဖူးတဲ့ ကဗျာဆရာကြီး ပတ်ဗလို နီရူဒါကို တွေ့ချင်တယ်။ သိမ်သိမ်မွေ့မွေ့ ဆဲတတ်တဲ့ ဆရာကြီး ဒေါက်တာ သခင် ကိုယ်တော် မှိုင်းကို တွေ့ချင်တယ်။ အရိုင်းဆန်တဲ့ ဗိုလ်ချုပ် အောင်ဆန်းကို တွေ့ချင်တယ်။ တောအုပ်ကလေး နံဘေးအနားမှာ ခဏတာ ရပ်နားနေခဲ့ဖူးတဲ့ ကဗျာဆရာ ရောဘတ်ထ် ဖရော့စ်ကို တွေ့ချင်တယ်။ တရုပ်ပြည်သူ့ သူရဲကောင်းများထဲက - သေနတ်မရှိရင် ဓါးနဲ့ခုတ်မည်၊ ဓါးမရှိရင် ဒုတ်နဲ့ ရိုက်မည်၊ ဒုတ်သာ ကျိုးရင် လက်သီးစာ ကျွေးမည်၊ လက်ကို ချုပ်ရင် ခြေနဲ့ ကန်မည်၊ ခြေတွေ ဖြတ်လည်း ခေါင်းရှိသေးသည်၊ ခေါင်းနဲ့ ဝှေ့ရမည်-ဆိုတဲ့ ရဲမေ ချောအိတို့၊ ရထားလမ်းပေါ် ရောက်နေတဲ့ မြင်း တကောင်ကို သူ့ကိုယ်နဲ့ အတင်း တိုက်ချပြီး လူ့ အသက်ပေါင်း များစွာကို ကယ်ဖို့ ရထား အတိုက်ခံလိုက်တဲ့ ရဲဘော် အို့ယန်ဟိုက်တို့ကို တွေ့ချင်တယ်။ ဆာရီယဲလ် ပန်းချီကား တွေကို ဆွဲခဲ့တဲ့ ဆယ်လ်ဗေဒို ဒါလီကိုလည်း တွေ့ချင်တယ်။ အများအတွက် အနစ်နာ ခံတတ်တဲ့ ကျနော့် သူငယ်ချင်းတယောက်နဲ့ ရုပ်အတော် ဆင်တူတဲ့ ဗိုလ်အောင်ကျော်ကိုလည်း တွေ့ချင်နေတယ်။ ခက်နေတာက သူတို့အားလုံး လူ့လောကမှာ မရှိကြတော့ဘူး။

သည်တော့ လူ့လောကမှာရှိနေသေးတဲ့ ကျနော်တွေ့ချင်တဲ့လူတွေကို နောက်တခါ စာရင်း လုပ်မိပြန်တယ်။ အဲသည်အခါ ဂစ်တာမှာ မှော်ပေါက်နေတဲ့ အဲရစ်ခ်ကလက်ပ်တန်ကို တွေ့ချင် တယ်။ တီးသမျှ အသံတွေတိုင်းကို ကိုယ်ရောစိတ်ပါ ထည့်တီးတတ်တဲ့ သည်အီးဂဲလ်စ် တီးဝိုင်းက လိဒ်ဂစ်တာသမား ဒွန်ဖယ်လ်ဒါကို တွေ့ချင်တယ်။ ကိုယ့်အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ စွန့်စားခဲ့တဲ့ မစုစုနွေးကိုတွေ့ချင်တယ်။ အောက်ခြေဘ၀ကနေ သမတ ဖြစ်လာတဲ့ ဘားရက်ခ် အိုဗားမားကို တွေ့ချင်တယ်။ ၃လသား သမီးလေး ကိုတောင် မငဲ့ပဲ ဗမာပြည်က ပြည်သူတွေ အားလုံးအတွက် ကိုယ့်မိသားစုဘ၀ကို ရင်းခဲ့တဲ့ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ သူရဲကောင်း ဇနီး မောင်နှံကို တွေ့ချင်တယ်။ ဗဲန်ဟဲလင်ရဲ့ လိဒ်ဂစ်တာသမား Tapping တွေရဲ့ ဖခင် အက်ဒီ ဗဲန်ဟဲလင်ကို တွေ့ချင် တယ်။ ကျောင်းနံရံ တ၀ိုက် ဒေါင်းအလံ ပြန်စိုက်မယ် ဆိုတဲ့ စကားနဲ့ အညီ ဒေါင်း အလံ စိုက်ဖို့ သူ့ဘ၀ တခုလုံးကို ထိုးထည့် ခဲ့တဲ့ ကိုမင်းကိုနိုင်ကို တွေ့ချင် တယ်။ ဇီမာ လမ်းဆုံက စောင့်နေတဲ့ ကဗျာဆရာ ယက်ဖ်တူရှင်ကိုကို တွေ့ချင်တယ်။ အသက် ၇၀ ကျော်နေတာတောင် စစ်တပ်ကနေ အငြိမ်းစား မယူသေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့ချင်တယ် (တွေ့ခွင့်ရရင် ဗမာတပြည်လုံးက ပြည်သူတွေကိုယ်စား ဘုရား၊ တရား၊ သံဃာ လို့ အော်ပြီး နားရင်း သုံးချက်လောက် ရိုက်ချင်လို့ပါ)။ Forest Gump အဖြစ် သရုပ်ဆောင် ကောင်းခဲ့သူ ရုပ်ရှင်မင်းသား တွမ်ဟန့်ခ်ကို တွေ့ချင်တယ်။ လူချင်း တခါမှ မတွေ့ခဲ့ဖူးသေးတဲ့ ကျနော့်ညီလေး မျိုးအောင်နိုင်ကို တွေ့ချင်တယ်။ ကျနော့် တူမလေး ၃ ယောက်ကို တွေ့ချင် တယ်။ ကျနော် လွတ်ကျခဲ့တဲ့ မြို့တော်ရဲ့ မြို့စားကြီး ကိုနေဘုန်းလတ်ကို တွေ့ချင် တယ်။ ကျိန်းသေတာက သူတို့အားလုံး အသက်ရှင်လျက် ရှိနေကြပါသေးတယ်။ မကျိန်းသေတာ ခက်နေတာက သူတို့ကို ကျနော့် အနေနဲ့ ဘယ်တော့ ဘယ်လို တွေ့နိုင်ရမှန်း မသိတာပါ။

ထားပါတော့။ ခုတော့ တူမောင်မျိုးTag ထားတာကိုပဲ ပြန်စဉ်းစားရတော့မှာပါ။ ခုတော့ တွေ့ချင်တဲ့ ဘလော်ဂါတွေကိုပဲ စဉ်းစားမိပါတယ်။ ခက်တာက ကိုယ်တွေ့ချင်နေတဲ့ လူတွေက များတော့ ဆယ်ယောက်နဲ့ မလောက်ဘူး။ သည်တော့ ကျနော့်ဘာသာ ကိုယ်တွေ့ချင်တဲ့ လူတွေကို category တွေ ထပ်ခွဲလိုက်ပါတယ်။ အရေအတွက်ကလည်း ဆယ်ယောက် မက များချင်လည်း များပါမယ်။ နည်းချင်လည်း နည်းပါမယ်။ ဒါကိုတော့ တူမောင်မျိုးလည်း နားလည် ခွင့်လွှတ်နိုင်မယ် ထင်ပါရဲ့... ။

ထို့အတူ အခု ကျနော့် စိတ်ထဲ ရှိသလောက် ရေးလိုက်တဲ့ စာရင်းမှာ မပါသူများရှိရင်လည်း စိတ်မကောင်း မဖြစ်ကြစေချင်ပါ။ တကယ်တော့ အားလုံးကို တွေ့ချင်တာပါပဲ။ အခုကတော့ စိတ်ထဲ စဉ်းစားမိသလောက် ရေးလိုက်တာမို့ပါ။

ကျနော်တွေ့ချင်တဲ့ ဘလော်ဂါကဗျာဆရာတွေ
၁။ နှင်းခါးမိုး
သူကတော့ -
အမှန်တရားအတွက် အသက်ကို စွန့်ခဲ့တာမှာ...
ကျနော်ဟာ ပထမဆုံး မဟုတ်သလို
နောက်ဆုံးလည်း မဟုတ်ခဲ့ပါဘူး အဖေ...
အဲသည်စာကို ဖတ်ပြီး...
ဝိဥာဉ်ရဲ့ တင်းနေတဲ့ ကြိုးတွေအပေါ်
ကျနော့် ဘ၀ကို တင်ခဲ့တာပေါ့... -လို့
ရေးခဲ့တဲ့ ကျနော့် အကိုကြီးပါ။ သူ့ကဗျာတွေ ဖတ်ပြီး ကျနော် အားတက်ခဲ့ရတဲ့နေ့တွေ ရှိခဲ့ဖူးတာပေါ့။ ယနေ့ထက်ထိတော့ လူချင်း မတွေ့ရသေးဘူး။
၂။ မောင်ဖုန်းမြင့်
ကျနော်နဲ့ စကားတွေ အများကြီးပြောဖူးတယ်။ သူ့မျက်လုံးက ကျနော့် မျက်လုံးဖြစ်လို့၊ ဒဏ်ရာရခဲ့တဲ့ကျနော့် လက်တဖက်အတွက် မယုံနိုင်စရာ ကောင်းအောင် သူက နာကျင်လို့၊ ကျနော်ကလည်း သူ့ အသက်ရှူသံ တွေကို ကျနော့် နှာခေါင်းထဲ ထည်ခဲ့မိလို့၊ ခုတော့ ကျနော်တို့ နှစ်ယောက်က အမွှာ ညီအကိုပေါ့။ ဖြစ်ချင်တော့ တယောက်နဲ့တယောက် တခါမှ မတွေ့ဖူးကြသေး။ သူ့ကို ကျနော် တွေ့ချင်တယ်။
၃။ ဆောာင်းယွန်းလ
တလှေထဲမှာ ရှိနေခဲ့တာတောင် တယောက်နဲ့ တယောက် မတွေ့ဖြစ်ခဲ့ကြဘူး။ ခုတော့ ဘလော်ဂိုစဖီးယားမှာ လာတွေ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရေပြားချင်းတူနေတဲ့ သူ့ကိုတော့ ကျနော် လူချင်း တွေ့ချင်နေတာ အမှန်ပါပဲ။
၎။ ကောင်းကင်ကို
ကဗျာကို ကျနော် ချစ်တယ်။ ကျနော့်ထက် ကဗျာကို ချစ်တဲ့သူ တယောက်ကိုလည်း တွေ့ဖူးခဲ့ပြီ။ လေပြင်းတွေလာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင်၊ ကဗျာတွေကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ ကမ္ဘာမြေကို နှုတ်ဆက်နမ်းခဲ့မယ် - ဆိုတဲ့ ကဗျာဆရာတယောက်။ သူ့ကို ကျနော် တွေ့ဖူးချင်တယ်။
၅။ သစ်ကောင်းအိမ်
သူ့ စကားလုံးတိုင်းမှာ ကဗျာတွေ ပါနေလေသလားထင်ရတယ်။ အချိန်တိုင်း ကဗျာတွေကို ရှုသွင်းပြီး ကဗျာတွေကို ရှုထုတ်နေတဲ့ သည်ကဗျာဆရာတယောက်ကိုတော့ ကျနော် တွေ့ဖူးချင်တယ်။
၆။ ကမာပုလဲ
ရေးသမျှကဗျာတိုင်းက ထိရှနေအောင် သူ ဘယ်လို ခံစားနေသလဲ ကျနော် မသိ။ ကျနော် သိတာကတော့ သူ့ ကဗျာတွေရဲ့ စကားလုံးတိုင်းက ကျနော်ကို ဖြတ်ရှနေတာပဲ သိတယ်။ သည်တော့ သူ့ကို ကျနော် တွေ့ဖူးချင်တယ်။
၇။ ငြိမ်းချမ်းအောင်
သူ့ကဗျာလေးတွေကို ကျနော် နှစ်သက်တယ်။ ရိုးသားမှုကို သူ့ကဗျာလေးတွေမှာ မြင်ရတယ်။ တခါတခါ ကျနော် သိပ်ကြိုက်လို့ သူ့ ကဗျာလေးတွေ ကျနော့် ဘလော့မှာ ပြန်ဖော်ပြဖြစ်တယ်။ ဖြစ်နိုင်ရင် သူ့ရဲ့ ဘယ်ကဗျာလေးတွေကို ဘယ်လို ကြိုက်ကြောင်း ပြောပြချင်လို့ လူချင်း တွေ့ချင်တာပါပဲ။
၈။ လင်းဒီပ
သူ့ရဲ့ ချစ်သူရှိတဲ့မြို့ ဆိုတဲ့ ကဗျာလေးက ကျနော့် နှလုံးသားကို တဆတ်ဆတ် တုန်ခါစေ ခဲ့တယ်။ အချစ် ကဗျာတွေ ထဲမှာ သည်လို ရိုးသားစွာ တုန်ခါနေတဲ့ ကဗျာတွေ သိပ် မရှိဘူး။ သည်လိုနဲ့ သည် ကဗျာဆရာလေးကို ကျနော် လူချင်း တွေ့ချင်နေခဲ့တယ်။ ကျနော့် ချစ်သူ အကြောင်း သူ့ကို ပြောပြချင်လို့ပါ။
၉။ အိုင်လွယ်ပန်
ကဗျာတွေချည်း ရေးနေတဲ့သူတွေ သိပ်မရှိပါ။ သည်အထဲကမှ ကဗျာတွေကို ပြင်းပြင်းထန်ထန် ရေးနေတဲ့ လက်ချိုးရေလို့ရတဲ့ ညီငယ်တွေထဲမှာ သူလည်း တယောက် အပါအ၀င်ပါ။ သူ့ကဗျာတွေကို ကျနော် ကြိုက်တယ်။ တနေ့နေ့ လူချင်းတွေ့ပြီး ကဗျာတွေအကြောင်း ပြောဦးမယ်။
၁၀။ ဗသားချော
ကဗျာတွေကို လှည်းနဲ့သယ်မယ်ဆိုရင် ကျုပ်တို့ နွားလိုပဲရုန်းရစေတော့- ဆိုတဲ့ ကဗျာ လှည်းလေးရဲ့ ပိုင်ရှင်။ ကျနော်က အသိ နောက်ကျသွားတယ်။ အဲသည်လို လှည်းကလေး တစင်း ရှိနေမှန်း သိကို မသိခဲ့ဘူး။ ခုတော့ သူတို့ရဲ့ လှည်းကလေးကို လိုက်ပါစီးနင်းရင်းနဲ့ သူ့ကိုလည်း လူချင်း တွေ့ချင်ပါရဲ့။
၁၁။ ကိုရင်နော်
ပျော်ပျော်ပါးပါးလည်း နေတတ်သလို ကဗျာလေးတွေလည်း ရေးတတ်တဲ့ ကိုရင်ကို ခင်မိပါတယ်။ သူ့ရဲ့ အက္ခရာ တလုံးတည်းနဲ့ ရေးတဲ့ ကဗျာလေးတွေကို ဖတ်မိရတော့ ပြုံးမိ ပျော်မိတယ်။ သည်လိုနဲ့ သည် ကဗျာ ဆရာကို တွေ့ချင်မိတော့တာပါပဲ။
၁၂။ Zephyr
သည်ဆရာကတော့ လက်လျှိုထားတဲ့ ကဗျာဆရာပါ။ အများကြီး မရေးပေမယ့်လို့ ရေးသလောက်မှာ အနု ပညာတွေ လက်လက်ထနေတယ်။ ကျနော် ထင်နေတာကတော့ သူ့ရင်ထဲမှာ ကဗျာတွေ အများကြီး ဖွက်ထား နေသေးတယ်။ သည်တော့ လူချင်းတွေ့ပြီး သူ့ကဗျာတွေကို ကျနော် နှိုက်ထုတ်ချင်တယ်။

ကျနော်တွေ့ချင်တဲ့ ဘလော်ဂါကဗျာဆရာမတွေ
၁။ ပန်ဒိုရာ
မပန်ကတော့ တကယ်ဆို စွယ်စုံကဝေပါပဲ။ ဒါပေသည့် သူရေးသမျှတွေမှာ သူ့ကဗျာတွေကို ကျနော်က ပိုကြိုက်တယ်။ သည်တော့ ကဗျာဆရာမတွေထဲမှာ သူ့ကို ကျနော့်ဘာသာ စာရင်း တို့လိုက်တယ်။ တနေ့နေ့တော့ တွေ့ကြမပေါ့လေ။
၂။ မနော်ဟရီ
သည်ဖက်ခေတ်မှာ ကဗျာဆရာမတွေ သိပ်မရှိတဲ့ အထဲမှာ မနော်က တတပ်တအားပါပဲ။ သူ့ကဗျာတွေမှာ အားကောင်းလွန်းတဲ့ နိမိတ်ပုံတွေ သင်္ကေတတွေကို ကျနော် ကြိုက်တယ်။ အဲသည်အရာတွေကို သူ ဘယ်လို ရလာခဲ့သလဲ ဆိုတာကိုလည်း ကျနော် စိတ်ဝင်စား နေမိသေးတယ်။ သည်လိုနဲ့ လူချင်းတွေ့ပြီး မေးချင်မိပါရဲ့။
၃။ အိန္ဒြာ
ရှားရှားပါးပါး ကဗျာဆရာမတွေထဲမှာ သူလည်း တယောက် အပါအ၀င်ပေါ့။ စကားလုံးတွေ၊ နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ အသံတွေ ဒါတွေနဲ့ အားကောင်းမောင်းသန်နေတဲ့ သူ့ကဗျာတွေကို ကျနော်က ချစ်ခင် နှစ်သက် အတုယူ လေးစား အားကျနေမိပါရဲ့။ ကဗျာ လှလှလေးတွေကို ရေးနေတဲ့ သည် ညီမ လှလှလေးကို အပြင်မှာလည်း တွေ့ဖူးချင်နေမိတာပါပဲ။
၎။ ခင်လေးငယ်
ကိုရင်နော်နဲ့ အတူတူ ကဗျာတွေ စာတွေကို ချစ်တတ်တဲ့ သည် ညီမ တယောက်ကလည်း ကဗျာ အရေး ကောင်းတာပါပဲ။ တခါတခါ ကျနော့်ကို ဂျီတော့မှာ လာလာ နှုတ်ဆက်တတ်တဲ့ သည် ညီမ တယောက် ကိုတော့ အပြင်မှာလည်း တွေ့ဖူးချင်မိပါရဲ့။
၅။ မှူးဒါရီ
ကဗျာတွေကို အတော် ချစ်ပုံရတဲ့ ညီမငယ် တယောက်ပါ။ ရိုးရိုးသားသား ကဗျာတွေကို ရေးတယ်။ ကဗျာတွေ အတွက်ပဲ လူဖြစ်လာသလိုလို။ ကဗျာချစ်တဲ့ ကျနော့်အတွက် သည်ညီမ တယောက်ကိုလည်း လူချင်း တွေ့ဖူးချင်ပါရဲ့။
၆။ မမသီရိ
old fashion လို့ပဲ ပြောစေဦး သူ့ ကဗျာလေးတွေက ချစ်ခင် နှစ်လိုဖွယ်ရာ။ ကဗျာလေးတွေထဲမှာ ဟန်ဆောင်မှု မပါတဲ့ အကြောင်းအရာလေးတွေကို တွေ့နေရစမြဲ။ ပွင့်လင်း ရိုးသားတဲ့ ကဗျာလေးတွေကို ရေးနေတဲ့ မမသီရိကို ကျနော် တွေ့ချင်ပါတယ်။

ကျနော်တွေ့ချင်တဲ့ ဘလော်ဂါ ကိုကိုတွေ
၁။ ဦးဂင်ကြီး
လူချင်း မတွေ့ဖူးပေမယ့် နှလုံးသားချင်း ရင်းနှီးနေသူ။ ညီအကိုလို ရဲဘော်ရဲဘက်လို ဖြစ်နေသူ။ အရေပြားချင်း အသက်ရှူပုံချင်း တူနေသူ။ သူ့ကို လူချင်း တွေ့ဖူးချင်ပါတယ်။
၂။ ကလူသစ်
စာတွေထဲကနေ တယောက်ရင်ဘတ်ကို တယောက် မြင်ရပါတယ်။ သူ့ရင်ဘတ်ကို ကျနော် မြင်ပြီးသွားတဲ့အချိန်မှာ ညီအကိုလို ခံစားမိတယ်။ သူက ပုန်းနေသော်လည်း ကျနော်ကတော့ သူ့ကို တွေ့ချင်နေတာပါပဲ။
၃။ ကိုအောင်
အသက်အားဖြင့် ငယ်ရွယ်သော်လည်း စာပေတွေနဲ့ ပြည့်နှက်နေတဲ့သူ။ သမိုင်းတခုကို စနစ်တကျ လေ့လာနေတဲ့သူ။ သူ့မှာရှိသလောက်လည်း အားလုံးကို မျှဝေပေးနေသူ။ သည် ညီတယောက်ကိုလည်း ကျနော် လူချင်းတွေ့ချင် မိသပေါ့လေ။
၎။ သားထူး
ဗမာပြည်ထဲမှာပဲ လူက ရှိနေပြီး စိတ်ကတော့ တကမ္ဘာလုံးကို လှည့်လည်နေသူ။ တယောက်တည်း ဘလော့အများကြီးကို လောဘတကြီး ရေးချင်နေသူ။ သူ့စိတ်ထဲမှာ ဗမာပြည်အတွက် စေတနာတွေ ပြည့်လျှံနေတာ ကျနော်က ဖတ်မိနေတယ်။ သည်လိုနဲ့ လူချင်းတွေ့ပြီး သူ့ကို စိတ်လျှော့ဖို့ ကျနော်က ဖြောင်းဖျချင်နေတာပါ။
၅။ မောင်မျိုး
စာအရေးကောင်းတဲ့ လူချစ်လူခင်ပေါတဲ့ ဘလော်ဂါပါ။ သူ့စာလေးတွေက ပွင့်လင်း ရိုးသားသလို သူပေးတဲ့ ကွန်မန့်တွေကလည်း ပွင့်လင်းရိုးသားတယ်။ လူငယ်ပေမယ့် စိတ်ဓါတ်က ရင့်ကျက်နေတဲ့သူ တယောက်ပါ။ သူ့ဘ၀ကိုသူ ရိုးရိုးသားသား ဖြတ်သန်းနေတာကို ကျနော်က အားကျပါတယ်။ တချိန်မှာ တွေ့ကြမယ် ထင်ပါရဲ့။
၆။ လင်းထက်
ကျနော်နဲ့ အနေမနီးပေမယ့် နှလုံးသားချင်းနီးနေသူတွေထဲမှာ သည် ညီတယောက်လည်း ပါပါတယ်။ အွန်လိုင်းမှာ စကားတွေ ပြောဖူးတယ်။ အပြင်မှာ ဆုံပြီး ဘီယာအတူသောက်ရင်း စကားတွေ ပြောချင်သေးပါရဲ့ ကိုယ့်ညီရေ့။
၇။ ရွာသားလေး-၀ိုင်တီယူ
ရှေးဘ၀က ရေစက်ပဲ ပါလာလေသလား။ မထင်မှတ်ပဲနဲ့ ညီအကိုလို ရင်းနှီးလာရသူတွေထဲ သည် ရွာသားလေးလည်း ပါသပေါ့လေ။ တရက်ရက်တော့ လူချင်းဆုံကြမှာပါလို့ စိတ်ထဲ တေးထားမိပါသေးတယ်။
၈။ ကျော်သိင်္ခ
ကျောင်းဆရာလုပ်ရင်း ဘလော့ရေး၊ လူမှုရေးလုပ်ငန်းတွေ လုပ်ရင်း ကလေးတွေကို စာသင်၊ သည်လိုနဲ့ အမြဲ အလုပ်ရှုပ်နေတဲ့ ကြားထဲက စာတွေရေး၊ အင်္ဂလိပ်လို အရေးကောင်းတဲ့ သည် ညီတယောက်ကိုလည်း တွေ့ဖူးချင်ပါတယ်။
၉။ ကိုဝင်းဇော်
အချိန်ရတိုင်း ကျနော့်ဆီ ရောက်ရောက်လာတတ်တဲ့ ညီငယ်တွေထဲ သူလည်း တယောက် အပါအ၀င်ပေါ့လေ။ သူ့ကိုလည်း လူချစ်လူခင် အများသားလား။ သူကလည်း ခရီး ခဏခဏ သွားနေရပုံပါပဲ။ အခွင့်အရေး ရခဲ့ ရင်တော့ သည် ညီငယ်နဲ့လည်း လူချင်း ဆုံတွေ့ချင် ပါသေးတယ်။

ကျနော်တွေ့ချင်တဲ့ ဘလော်ဂါ မမတွေ
၁။ မကေ
ကျနော့် မိခင် ဆုံးချိန်တုန်းက အွန်လိုင်းမှာ ကျနော့်ကို ပထမဆုံး နှစ်သိမ့်စကားပြောလာသူ။ တပါးသူ မျက်ရည် ကိုယ့် မျက်လုံးက ကျတတ်သူ။ ကျနော် အတွေ့ချင်ဆုံး ဘလော်ဂါ တယောက်ပါ။
၂။ သက်ဝေ
သူ့စာတွေ ဖတ်ရင်း စိတ်ထဲက ရင်းနှီးနေမိခဲ့ပေမယ့် တကယ့်တကယ် အရင်းနှီးဆုံးလူတွေ ဖြစ်နေမှန်းကို မသိခဲ့ဖူးတဲ့ ညီမတယောက်ပါ။ ခုတော့ အရင်းနှီးဆုံး မောင်နှမတွေ ဖြစ်နေပါပြီ။ လူချင်းကတော့ မတွေ့ဖူးကြသေး။ ခုတော့ စာရင်းထဲမှာ ပါနေပြီပေါ့လေ။
၃။ တူးတူးသာ
စကားပြောပွင့်လင်းသလောက် ခင်ဖို့ အရမ်းကောင်းတဲ့ ညီမလေး တယောက်ပါ။ အွန်လိုင်းမှာ တခါတရံမှ တွေ့ကြသော်လည်း မောင်နှမအရင်းလို ပြောမနာ ဆိုမနာ ခင်မင်နေမိတဲ့ ညီမတယောက်ပါပဲ။ လူချင်း တွေ့ချင်နေမိတဲ့ ညီမတွေထဲက တယောက်ပါ။
၎။ မကြေးမုံ
အသက်အားဖြင့် ငယ်ရွယ်သော်လည်း ဘ၀အားဖြင့် ရင့်ကျက်နေတဲ့ ညီမငယ်တဦးပါ။ သူ့ စာတွေနဲ့ သူ ဖြတ်သန်းနေရတဲ့ ခေတ်ကို အတိအကျ ထင်ဟပ်ပြနေနိုင်တဲ့ သူတဦးပါ။ စကားတွေ ပြောဖူးသော်လည်း လူချင်း မျက်နှာချင်းဆိုင်တွေ့ပြီး စကားတွေ ပြောချင်နေပါသေးတယ်။
၅။ မခင်ဦးမေ
သူ့ရဲ့ ရိုးသားတဲ့ ဟန်ဆောင်မှု မပါတဲ့ စာတွေကို နှစ်သက်မိပါတယ်။ သည်လိုနဲ့ ခင်မင်ရင်းနှီးသူတွေ ပေါများလှတဲ့ သူ့ကို ခင်မင်ရင်းနှီးလိုသူတွေထဲမှာ ကျနော်လည်း တယောက် အပါအ၀င် ဖြစ်သွားပါတယ်။ တနေ့နေ့မတော့ လူချင်း တွေ့ချင်ပါတယ်။
၆။ သုနှင်းဆီ
မမွန်လို့ အားလုံးက ခေါ်ကြတဲ့ သုနှင်းဆီကို ကျနော်လည်းတွေ့ဖူးချင်တာပါ။ ကျနော့်ဆီ အမြဲလို လာတတ်သူ။ လာပြီးတိုင်းလည်း ခြေရာချန်ထားခဲ့တတ်သူ။ ကျနော့်က သူ့ ခြေရာတွေအတိုင်း ပြန်ပြီး လိုက်ရှာတော့မှ သုနှင်းဆီဆိုတာ မမွန်မှန်း သိခဲ့ရတာ။ စိတ်မဆိုးရင် လူချင်း တွေ့ချင်ပါတယ်။
၇။ မီယာ
အမြဲလို ကျနော့် ဘလော့ကို လာလည်တဲ့ကျနော် ညီမတွေထဲ သူလည်း တယောက် အပါအ၀င်ပေါ့။ သူ့ကိုလည်း လူချင်းတွေ့ချင်ပါရဲ့။

ကျနော်တွေ့ချင်တဲ့ ကျနော့်ဘလော့ကို လာဖတ်သူများ
၁။ sin dan lar
နေ့တိုင်းလို ကျနော့် ဘလော့ကို လာဖတ်သူ။ သူ ဘာကြောင့် ကျနော့် ဘလော့ကို လာဖတ်နေမှန်း မသိပေမယ့် ညီမငယ် အရင်းတယောက်လို ရင်းနှီးနေမိပြီ။ သည်တော့ အခွင့်အရေးရရင် အပြင်မှာ လူချင်း ဆုံတွေ့ချင်မိပါတယ်။
၂။ nge naing
ကျနော့်လိုပဲ လက်နက်ကိုင်တော်လှန်ရေး ခရီးကို တစုံတရာ အချိန်ကာလတခုအထိ ဖြတ်သန်းခဲ့ဖူးသူ။ ကျနော့် ဘလော့ကိုလည်း လာဖတ်လေ့ရှိသူ။ လာဖတ်တိုင်းလည်း ကျနော့်ဘလော့ကို ဖွင့်ရင် အင်တာနက် ပြုတ်ကျတယ် ပြောလေ့ရှိသူ။ တကြိမ်လောက်တော့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဖူးချင်ပါရဲ့။
၃။ mie nge
ကျနော့် ဘလော့ကို အမြဲဖတ်လေ့ရှိသူ။ ကွန်မန့်တွေ မရေးပေမယ့် ဆီပုံးထဲ အမြဲ အော်သွားတတ်သူ။ သူ့ကိုလည်း ကျနော် တွေ့ဖူးချင်ပါတယ်။
၎။ ညီမလေး
ကျနော့် သီချင်းတွေကို အားပေးလေ့ရှိသူ။ စာတွေလာဖတ်လေ့ရှိသူ။ မေ့တတ်တဲ့ ကျနော်က စာရင်းထဲ သူ့ကို မထည့်လိုက်မိဘူး။ ခွင့်လွှတ်ပါ ညီမလေးရေ့။ တွေ့ချင်တဲ့ သူတွေထဲ ညီမလေးလည်း ပါပါတယ်..။


23 comments:

အိန္ဒြာ said...

အကို...

တစ်နေ့..

ရွှေတိဂုံဘုရားပေါ်က အောင်မြေမှာဆုံကြမယ်..။

ကိုရင်နော်ခင်လေးငယ် said...
This comment has been removed by the author.
လင်းထက် said...

အဟီး လင်းထက်နဲ့တွေ့ချင်တာ ဘီယာက ပါလာသေး တော်ကြာလင်းထက်နဲ့ဘီယာ ဘီယာနဲ့လင်းထက် ခွဲခြားမရဘူး လူတွေကထင်ကုန်အုံးမယ် နော် အကိုကြီး ဟိ..
ကျွန်တော်လဲ အကိုကြီးနဲ့တွေ့ချင်တာပါပဲဗျာ.
ဘီယာသောက် စကားတွေပြော အကိုကြီးက ဂစ်တာတီး အတူတူ သီချင်းတွေ ဆို ဘယ်တော့များအဲလို တွေ့နိုင်မလဲ မသိဘူး..။

ကိုရင်နော်ခင်လေးငယ် said...

အစ်ကိုရေ..
တစ်ရက်တော့ ဆုံကြမယ်ဗျာ.. မကြီးအိန္ဒြာ ပြောတဲ့ အောင်မြေမှာ..။
ကျနော်တို့လည်း ရောက်လာမယ်..
အစ်ကို တွေ့ချင်သူတွေထဲမှာ ပါခွင့်ရတာ ဝမ်းသာမိတယ်ဗျာ..
တွေ့ရင်တော့ အစ်ကို ပြောပြမယ့် အစ်ကို့ ကိုယ်တွေ့တွေကို ရင်ဘတ်ကြီးနဲ့ နားထောင်မယ်..။
လေးစားမှုများစွာနဲ့
(ကိုရင်နော်)

အစ်ကိုရေ..
ခင်လေး ကိုလည်း တွေ့ချင်တယ် ဆိုလို့ ဝမ်းသာ ဂုဏ်ယူမိပါတယ်..
ခင်လေးတို့လည်း အစ်ကိုတို့ မိသားစုနဲ့ တွေချင်နေမိတယ်.. တစ်ရက်တော့ တွေ့ကြမှာပါနော့်..း)
ခင်မင်လေးစားမှုများစွာနဲ့
(ခင်လေးငယ်)

MANORHARY said...

အစ်ကိုအောင်သာငယ်
မဝေးတော့တဲ့တစ်နေ့ပေါ့
အားလုံးဆုံကြမယ် တစ်ခါက ကေ ရေးခဲ့တဲ့ပိုစ့်လေး
အတိုင်းပေါ့......
ဒီလိုအများကြီးရေးလို့ရမှန်းသိရင်
ဘယ်လူတွေကျန်ခဲ့ပါ့မလဲနော် ..

သက်ဝေ said...

အကို...
စေ့စေ့စပ်စပ် ရေးတတ်လိုက်တာ...
ဖတ်ပြီး ကြည်နူးမဆုံး...။
ဒီရပ်ကွက်လေးထဲက ညီအကို မောင်နှမတွေအပေါ်မှာ ထားတဲ့ သံယောဇဉ်ကို အထင်းသား မြင်နေရတယ်...။
တနေ့တော့ တွေ့ကြမယ်လေ.. နော်...။

pandora said...

တွေ့ကြသေးတာပေါ့လေ...

(ကြိမ်းတာမဟုတ်) :D

Anonymous said...

အစ်ကိုရေ ရေစက်ပဲထင်ပါတယ်ဗျာ။
ညီရင်းအစ်ကိုလို တကယ့်ကိုခင်မင်မိတာပါ။
ဆုံဖြစ်ဖို့ ဆုတောင်းပါတယ်
ပျော်ရွှင် အဆင်ပြေပါစေခင်ဗျာ

:P said...

ဘာကြောင့် အစ်ကိုကြီးဘလော့ကို လာဖတ်နေလဲ ဆိုတော့
တောထဲမှာ တိုက်ပွဲဖြစ်တော့ ခေါင်းပေါ် ကျည်ရှပ်မှန်တာမှာ ဆံပင်တွေ ပါ သွား၊ ထိပ်ကွက်သွားတာကို
စစိတ်ဝင်စားပြီး ဆက်လာဖတ်တော့တာပဲ....။
စ ဖတ်ဖြစ်တာက ၀တ်ထုဆိုတော့ စိတ်ဝင်စားပြီး ဆက်လာတယ်....။ စာတွေ၊ ကဗျာတွေ ကိုကြိုက်လာလို့ လာတယ်။ နောက်ပိုင်းကျတော့ လူကိုခင်လို့ လာတာလည်း ပါတယ်ပေါ့။
တွေ့ရင် မုန့်ဝယ်ကျွေးပါဂျ၊ ကလေးထိန်းပေးမယ်...။

ကိုရင်ညိန်း said...

အီး... ဟီးဟီး...
သားလည်းပါဝူး ..
အဟင့် ရွှတ် .. ဖတ်
နှပ်ချေးဖတ်နဲ့ ပစ်တွားတယ်

Me Too Bro !
အဟေးဟေး

လင်းဒီပ said...

ကျွန်တော်လည်း တွေ့ချင်ပါတယ်အစ်ကို..
ဖတ်ဖူးတဲ့ ကဗျာခေါင်းစဉ်လေး တစ်ခုလိုပါပဲ..“စစ်ကြီးပြီးရင်”ပေါ့...

Moe Cho Thinn said...

အကို့လိုပဲ ညီမလဲ ဒီလူတွေကို တွေ့ချင်မိတယ်။ ညီမ အိန္ဒြာ ပြောသလို ရွှေတိဂုံဘုရားပေါ်က အောင်မြေမှာ ဆုံရရင် သိပ်ကောင်းမယ်။

Zephyr said...

အော်သံတွေက ပဲ့တင်ပြန်လာတယ် ...
နားလည်မယ့်ရင်ဘတ်တွေအတွက် ...ရင်ဘတ်နဲ့နားလည်တာတွေရှိနေဦးမှာပါ ...ကိုအောင်သာငယ်ရေ ...။

မောင်နှမတွေလို ခင်မင်နေကြတဲ့ .... online friends တွေ အားလုံးနဲ့ဆုံချင်ပါတယ် ...။

ကိုအောင်သာငယ်တို့ မိသားစုလေး အေးချမ်းပါစေလို့ဆုတောင်းပေးလိုက်တယ် ...။

ခင်မင်စွာဖြင့် ..
Z

pandora said...

ပြောဖို့ မေ့သွားတယ် ညီမလေးက ၀မ်းနည်းနေတယ် သူမပါလို့တဲ့ သူကတော့ အားပေးလိုက်ရတာ တဲ့ .. ဒါပဲ :)

ဆောင်းယွန်းလ said...

ကျနော်တို့လူချင်း မိုင်တွေဘယ်လောက်ခြားခြား ရင်ခုန်သံတွေကအမြဲထပ်တူကျနေကြတာမို့ စိတ်ချင်းလည်းမဝေးဘူးပေါ့အကိုရာ..တနေ့တော့ဆုံကြမှာပေါ့

Welcome said...

မျှော်လင့်ချက် ပါးပါးလေး ပေမယ့် စိတ်ဆန္ဒရဲ့ စေ့ဆော်မှုက တစ်နေ့ မျက်နှာချင်းဆိုင် ဆုံတွေ့ဖို့ အကြောင်း ဖန်လာမှာ အမှန်ပါ။

နွေးထွေးတဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်ပါစေ
လေးစားလျက်-
ဝင်းဇော်

တူမောင် said...

မဲဆောက်မှာ မုန့်ဟင်ခါး( ခနွန်ကျင့်) ရောင်းရင် တူမောင်လည်း ၀ိုင်းကူမယ်း) လခတော့များများပေး ။ တူမောင့်စာတွေက မရိုးသားတော့တာကြာပေါ့ အန်ကယ်ရေ့ ဒါကြောင့် ဒဏ်ခပ်ပစ်လိုက်ပြီး :P

ဦးဂင်ကြီး said...

ခင်ဗျားကိုပြောသားပဲ လာပါဆိုမလာတော့မတွေ့ရဘူး ဂစ်တာလဲအတူတူမတီးရတော့ဘူး ခိုင်ထူးသီချင်းတွေအတူတီးချင်သဗျာ။

Kaung Kin Ko said...

တနေ့ ဆုံကြတာပေါ့ အစ်ကို။

Anonymous said...

သူများကိုကျ မတွေ့ချင်ဘူးပေါ့လေ။:(
ရပါတယ်။
mm

khin oo may said...

တွေ့ချင်တယ်ဆိုလို့ဝမ်းသာပါသည်။

Nge Naing said...

ကိုအောင်သာငယ် အင်တာနက်က ပြုတ်ကျပေမယ့် ငါးမိနှစ်လောက်စောင့်လိုက်ရင် ပြန်ဝင်လာမှန်း အခုမှသိရတယ်။ ကျမတို့ တနေ့တော့ ပျော်ပျော်ပါးပါး ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်။

ကလူသစ် said...

မပူပါနဲ့ဗျ။ လေယာဉ်လက်မှတ်တတ်နိုင်တဲ့ တနေ့ ကောင်းကောင်းတွေ့လို့ရပါတယ် :)