Nov 23, 2009

အက်စ်တိုးရီးယား (၅)




















အက်စတိုးရီးယားရေ…
ငါ့ အလုပ်ထဲကနေ
မင့်ရင်ဘတ်ထဲ ငါ ပြန်လာနေပါပြီ…

လူသူကင်းမဲ့နေတဲ့ မင့်ရဲ့ လမ်းများက
ခမ်းခြောက်သွားနေတဲ့ မြစ်တစင်းလိုလို…
ဘယ်လိုပဲဖြစ်ဖြစ် မင်းဟာ ချစ်စရာကောင်းတယ်…
(အနည်းဆုံး ငါ့အတွက်ပေါ့…)

အေးစက်တဲ့ မင့် ညနေခင်းတွေကို
ငါက ရင်နဲ့ရင်းပြီး ထွေးပွေ့ခဲ့ပါတယ်…
အနွေးဓါတ်တွေကိုတော့
ရှိရှိသမျှ အင်္ကျီအထပ်ထပ်နဲ့
ငါ့ဘာသာငါ ပြန်ပြီး ရစ်ပတ်ရသပေါ့လေ…

ခုညနေမှာတော့
မင့်ကို ပြောပြစရာတွေ
ငါ့မှာ အများကြီး ရှိနေခဲ့…
အက်စ်တိုးရီးယားရဲ့…

ခက်နေတာက
ဘာသာစကားပါပဲ…
ငါက နှလုံးသားကို သုံးတယ်…
မင်းက ဘယ်လိုဘာသာကို သုံးမယ် ငါမသိ…

ထားလိုက်ပါတော့လေ…
မင်း သုံးချင်ရာကို သုံးပါ့…

ကျိန်းသေတာတခုကတော့
မင့် ရင်ဘတ်ထဲ ရောက်နေတဲ့ ကဗျာဆရာဟာ
မာဂဒ ဘာသာစကားတွေကို
မဖတ်တတ်လေဘူးဆိုတာ
မင်းသိမယ် ထင်ပါရဲ့…

ဘာသာစကားကွဲလွဲမှုမှာ
မင်းနဲ့ငါ တခုတည်း မရှိတော့ဘူး ဆိုတာ
ငါသိတာပေါ့…

ဒါကလည်း
ပြဿနာ မဟုတ်ပါဘူးလေ…
ငါတို့ နှလုံးသားချင်း ရင်းနှီးနေကြတဲ့အခါ
မင်း ငါ့ကို နားလည်မှာပါ…
ဒါကို ငါက ယုံကြည်နေခဲ့ပြီးသား…

တခုပါပဲ
နှလုံးသားဆိုတာကလည်း
အရင်းနှီးဆုံး နီးကြတဲ့အခါ
ဘာသာစကားတွေ မလိုတော့ဘူး…

ငါ့နှလုံးသားနဲ့
မင်း နီးနေခဲ့ပြီလား…
အက်စ်တိုးရီးယားရဲ့…
နှလုံးသားချင်း နီးတဲ့အခါ
ချစ်ခြင်းမေတ္တာကိုလည်း ခံစားရသတဲ့…
အဲသဟာကို
ငါ ယုံကြည်ထားတယ်…
အက်စ်တိုးရီးယားရဲ့…

မင်းက
ငါ့စာမျက်နှာတွေကို ဖတ်ပေါ့…
ငါကလည်း မင့် စာမျက်နှာတွေကို ဖတ်မယ်…
ငါတို့ နှစ်ယောက်က အလွမ်း ပြဇာတ်တခုလိုလို…

နေ့တာတွေတိုစေသော မင့်ရဲ့ မနက်ခင်းတွေကို
ငါ တက်နင်း မသွားလေဘူး…
အက်စ်တိုးရီးယားရဲ့…
ညတာတွေရှည်စေခဲ့သော
ငါ့ရဲ့ နေ့လည်ခင်းတွေကိုသာ
မင်း… တိုစေလိုက်ပါ့…

ငါတို့ဟာ
တယောက်ထဲပဲ…
သို့မဟုတ်…
တနေ့ထဲပဲ…
သို့မဟုတ်…
တမျက်နှာထဲလေ…

ATN

7 comments:

Craton said...

ကဗျာကြီးက အဖော်ပါနေပေမယ့် အထီးကျန်လိုက်တာ ဦးငယ်..
တစ်ပြိုင်တည်း သွားချင်စိတ်လည်းပေါက်မိတယ်
တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေချင်လို့လေ။

Anonymous said...

တဖြည်းဖြည်းနဲ့
အက်စ်တိုးရီးယားကို စွဲလမ်းလာပြီ..း)..

နှလုံးသားနဲ့ပြောသော ဘာသာစကား

အဲဒီဘာသာနဲ့ဆို တခြားဘယ်လိုဘာသာစကားမှ
ပြောနေစရာ လိုမယ်မထင်တာ အမှန်ပါ ကဗျာဆရာ

(mama)

ကိုလူထွေး said...

"အက်စတိုးရီးယား" ကို ဘယ်ကဗျာဆရာကမှ အဲဒီလောက် စာဖွဲ့ဖူးလိမ့်အုံးမယ် မထင်ဘူး...

ရေးခဲ့ကြဖူးတယ်ဆိုရင်တောင် ဘယ်သူမှ ဒီလောက် ပြင်းထန်တဲ့ ခံစားချက်တွေနဲ့ ဖွဲ့ဆိုဖူးလိမ့်မယ် မဟုတ်ဘူး...

းဝ)

Anonymous said...

waiting for more poems

littlebrook said...

အက်စ်တိုးနီးယား နံပတ်ငါးကို အခိုက်ဆုံးဗျ ...
လမ်းနဲ့ နှစ်ယောက်တည်း တီးတိုးစကားဆိုနေတဲ့ ကဗျာဆရာကို မြင်မိ ... ကားတစ်စင်းက အေးစက်စက်လေထဲ လမ်းပေါ်ပြေးလွှားရင်း ..

ချစ်ကြည်အေး said...

တခုပါပဲ
နှလုံးသားဆိုတာကလည်း
အရင်းနှီးဆုံး နီးကြတဲ့အခါ
ဘာသာစကားတွေ မလိုတော့ဘူး…

အဲဒီ အပိုဒ်လေး ကြိုက်တယ် အကို...

Kay said...

အက်စ်တိုးရီးယား စီးရီးစ် က ပြီးသွားပြီလား...
ဖတ်လို့ ကောင်းတယ် ကိုအောင်သာငယ် ရဲ့.. ဆက်ရေးပါအုံး။