Nov 4, 2009

ပင်လယ်ကို ရှာမတွေ့ခဲ့သူ တယောက်အကြောင်း















သည်မှာ… …
ကြည့်ကြကွယ့်…
ဆယ့်နှစ်ကြိုး ထုံထားအောင် တီထွင်ပြီးခဲ့တဲ့ ဗျပ်စောင်းကို
တကယ့်အမျိုး စုံသွားအောင် စီရင်တီးခဲ့တဲ့ ဇာတ်ကြောင်းနဲ့
ဓါတ်ကောင်းခဲ့တဲ့ မှော်ဆရာပေါ့…

တနေ့သားတော့…
ဘ၀ညရဲ့ ပြိုပျက်နေတဲ့ လမ်းများ အစုစုမှာ
အလှအပနဲ့ မှိုတက်နေတဲ့ နှုတ်ခမ်းပါး အတု တခုကို
မရမကတဲ့ အလိုရမက်တွေနဲ့ နမ်းသွားမိတာ
သူ…ပေါ့…

တကယ်တော့…
သူဟာလေ အချိန်အခါဆိုတာ မသိလို့
လူတကာတွေ ကျိန်စာကိုသာ မိသွားတာလည်း
ဖြစ်ချင်ဖြစ်နိုင်ပါတယ်…

ဒါမှ မဟုတ်…
မိုင်သောင်းချီဝေးတဲ့ အဆန်အဝေးက ခရီးကို
စတိုင်ဘောင်းဘီလေးနဲ့ အကြံကလေး ရအပြီး
အိုင်… ကောင်းပြီ… ဟေး… ဟဲ့…လို့… မာန်ကလေး ထပြီး
အနိုင် သောင်းချီပေးကွယ့်လို့ ဟန်ရေးပြပြီး
သူ… ထွက်ခဲ့တာကိုး…

နောက်တော့လည်း…
တကယ့် အဝေးကလမ်း အထိ မိုင်ရာတွေ ထောင်ချီ အရှိမှာ
ဘယ့်ပြေးရမှန်း မသိ ထိုင်ကာလေ ငေါင်နေမိတာ
သူ… တယောက်ထဲပါပဲ… …

အမြစ်တွေ ၀င်တွယ် ခိုလာ အသိ နှောင်းမှာ
အချစ် ရေပြင်ကျယ်ဆိုတာ ရှိကြောင်းဟာ
အပြစ်တွေ မစင်ကြယ်သလိုသာ ရှိကောင်းတာ
သူ… သိခဲ့ပါရဲ့…

ခုတော့လည်း…
အချစ် ပင်လယ်ကို ရှာမတွေ့တဲ့ နှလုံးနဲ့
အပြစ် ရင်ဝယ်... အငို... လာဟေ့… ကွယ့်… အဆုံး...
အလစ် ၀င်တွယ်ခို... ငါ မမေ့တဲ့ အမုန်းနဲ့...
နှလုံး ကြေကွဲ ငိုက်ချထားရတဲ့ ဦးခေါင်းရဲ့
အရှုံးတွေပဲ ပိုက်ပြသွားရဖူးတဲ့ အကြောင်း
သူ… ဘယ်အခါမှ…
ကောင်းကောင်း မပြောပြလေတော့ဘူး… …

(အောင်သာငယ်)

6 ယောက် ဒီလိုပြောခဲ့တယ်:

ခရေညို November 4, 2009 9:47 PM  

ကိုအောင်သာငယ်
အခုတလော အလွမ်းအဆွေး ကဗျာတွေ ရေးဖွဲ့လှချေလား?
အသဲကွဲတုန်းပဲလား? အမြန်ဆုံးအဆင်ပြေပါစေနော်။

ဂျစ်တူး ( မုံရွာ ) November 4, 2009 11:23 PM  

အကိုအောင်
ကဗျာတွေလည်းလာဖတ်ဖြစ်တယ်။
သီချင်းတွေတီးဖြစ်ခဲ့ရင်မေးထဲကနေပို့ပေးအုံးနော်။
ဒီကနေ့အကိုတီးထားတဲ့သီချင်းတွေဖွင့်ပြီးရင်းဖွင့်နေခဲ့တယ်။
လွမ်းနေရတာကိုကအရသာဘဲအကိုရ-
ကဗျာတွေစာတွေသီချင်းတွေခံစားမှုပိုရတာပေါ့။
သီချင်းကလေးအတွက်ကျေးဇူးပါအကို။
ဓါတ်ပုံအတွက်လိုအပ်ရင်ခိုင်းလိုက်ပါ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

ကျော်ညိုသွေး November 4, 2009 11:54 PM  

ဒီကဗျာလေး ငြိမ့်ငြိမ့်လေးလိုပဲ
ခံစားလို့ကောင်းတယ်။

ဒဏ္ဍာရီ November 5, 2009 1:38 AM  

ကဗျာလေးက အလွမ်းတွေ ပျော်ဝင်နေတယ် အကို။
ရသအပြည့်နဲ့ ကဗျာလေးကို ခံစားရင်း အလွမ်းတွေ ကူးသွားတယ်။
ပျော်ရွှင်ပါစေ အကို...

ခင်မင်လေးစားလျှက်

Angel Shaper November 5, 2009 3:50 AM  

ဖေကြီးရေ... ဖတ်ရင်းနဲ့ သမီးတောင် ဆွေးသွားတယ်။
အဆင်ပြေပျော်ရွှင်ပါစေနော်။

Anonymous,  November 5, 2009 5:06 AM  

ရေးတတ်လိုက်တာ တို့အကိုကြီး....

ကြိုက်တယ်...

mie nge

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP