Mar 10, 2010

အိန်ဂျယ်နှင့် စကားပြောဆိုခြင်း



 










Jack ကို ငါ အိမ်ခေါ်လာတယ်... အိန်ဂျယ်...
ငါ့ အလုပ်က အပြန်မှာ ခေါ်လာတာပါ...
Jack  မင်းကို ပြောစရာရှိတယ်...
သည်ညတော့ ငါနဲ့ အိမ်ကိုလိုက်ခဲ့ ... အိမ်မှာအိပ်... ငါပြောတယ်.. အိန်ဂျယ်... 
Jack ကလည်း စကားနည်းတဲ့ကောင်ဆိုတော့... ဘာမှ ပြန်မပြောရှာဘူး...
ငါနဲ့အတူ ... အိမ်ကို လိုက်လာခဲ့တာပါပဲ...
ငါကားမောင်းနေတုန်းမှာ... Jack က ငါ့နံဘေးက ထိုင်ခုံမှာ... ထိုင်နေတယ်... အိန်ဂျယ်...
တကယ်တော့ ... Jack  အစား...
ငါ့နံဘေးနားကထိုင်ခုံမှာ... မင့်ကို ရှိနေစေချင်တာပါ... အိန်ဂျယ်... 
ခုတော့ Jack ကိုပဲ ငါခေါ်လာရတယ်...
ထူးခြားတာ တခုက... သည်နေ့မှပဲ... မီးပွိုင့်တိုင်းက... စိမ်းနေတော့တာပဲလေ...
ငါက ကားကို မရပ်မနား မောင်းတယ်... အိန်ဂျယ်...
Jack ကတော့ ဘေးက ထိုင်လိုက်ရင်း ဘာစကားမှ မပြောဘူး...
သူက အစိမ်းရောင်တွေကို ကြည့်နေတာဖြစ်မယ်.... အိန်ဂျယ်...
သည်အစိမ်းတွေရဲ့ ခွင့်ပြုမိန့်ကို... တကယ်တော့ သူမသိပါဘူး...
ငါပဲ သိတာပါ... အိန်ဂျယ်...
အစိမ်းတွေရဲ့ အဓိပ္ပါယ်က...
လွတ်လပ်စွာ... အန္တရာယ်ကင်းစွာ... သွားနိုင်ပါသည်... မဟုတ်လား...
တခါတခါလည်း... ငါ့နေ့တွေမှာ... အစိမ်းတွေချည့်... 
မင်းသိတယ်... အိန်ဂျယ်...
အဲသည်နေ့တွေမှာ...
စားပွဲတခုမှာ...
ဒါမှ မဟုတ်...
ဖန်သားပြင်... တခုမှာ...
ဒါမှ မဟုတ်...
အိပ်မက် တခုမှာ...
ငါတို့... အတူတကွ ထိုင်လို့... အိန်ဂျယ်...
မင့်မျက်နှာကို... ငါကကြည့်...
ငါ့မျက်နှာကို... မင်းကကြည့်...
တခါတခါလည်း... လက်ချောင်းကလေးတွေ... အတူတကွ တွေ့ထိမိကြတာပေါ့... အိန်ဂျယ်...
Jack ကို အဲသည်အကြောင်း... ငါပြောပြတယ်...
သူကတော့ ခပ်ပြုံးပြုံးပါပဲ...
စကားလည်း သိပ်မဆိုဘူး... အိန်ဂျယ်... 
ငါပြောပြသမျှကို သူ နားထောင်နေတယ်... အိန်ဂျယ်...
တချို့နေ့တွေမှာ...
အစိမ်းရောင်တွေကို ငါမတွေ့ရဘူး... Jack...လို့ ငါပြောတယ်... အိန်ဂျယ်... 
တခါတခါလည်း ... အနီတွေချည့်... ငါ့လမ်းမှာ...
အဲသည်အခါမတော့...
ငါ့ကားကို ခဏခဏ ရပ်ထားရတာပေါ့လေ... Jack လို့... ငါပြောတယ်...  အိန်ဂျယ်...
သည်လိုပါပဲလေ... အွန်တွေနဲ့အော့ဖ်တွေ...
နီလိုက်... စိမ်းလိုက်...ပါပဲ...လို့... Jack ကို ပြောမိတယ်... အိန်ဂျယ်...
ငါ ဘယ်လိုပြောပြော...
Jack ကတော့ မျက်နှာကြီးနီလို့...
သည်ကောင် ရှက်နေတာလား မသိဘူး... အိန်ဂျယ်...
အချစ်အကြောင်းကို
Jack နဲ့ မပြောရင် ကောင်းမယ် ထင်တယ်... အိန်ဂျယ်... 
ခု... အချစ်အကြောင်းကို...
မင်းနဲ့ပဲ ပြောတော့မယ်... အိန်ဂျယ်... 
ငါက ကွင်းပြင်ကျယ်ကြီးမှာ
တံခါးဖွင့်ထားတဲ့ကောင်ပါ... အိန်ဂျယ်... 
မင်းဟာ... ငါ့ လမ်းမပေါ်က မီး အစိမ်း အနီ အ၀ါ တွေကို
ဖွင့်... ပိတ်... ချုပ်ကိုင်ထားသူပါ... အိန်ဂျယ်... 
ငါက မိုင်ပိုမောင်းချင်သူ... အိန်ဂျယ်... 
မင်းက နေရာတကာမှာ... မီးအနီတွေ တပ်ဆင်ချင်သူ... အိန်ဂျယ်... 
ငါက မီးအ၀ါတွေကို... မေ့ထားသူပါ... အိန်ဂျယ်... 
ငါက... မီးတွေစိမ်းတိုင်း... ပျော်နေသူပါ... အိန်ဂျယ်...
တကယ်တော့.... ငါက....
ငါ့လမ်းမတွေမှာ... မီး အပြာတွေသာ...
တပ်ဆင်ထားချင်သူပါ... အိန်ဂျယ်... 
အိန်ဂျယ်... ရယ်...
ငါ့ အကြောင်းကို မင်းကောင်းကောင်းသိပါတယ်... အိန်ဂျယ်...  


ATN

5 comments:

Anonymous said...

ဒီကဗျာလေးကတော့
သီချင်းလေးတပုဒ်လိုပါပဲ
စိတ်ပြေလက်ပျောက် အားတဲ့အခါ
သီချင်းတွေတီးပါအုံး

ခင်မင်သော
(mama)

Anonymous said...

ကဗျာဆရာတွေဆိုတာ
အရက်ပုလင်းတလုံးနဲ့ ကွန်ပျူတာ တလုံးအကြောင်း ကိုတောင်.. လှလှပပ နုရွ ခံစားလို့ရအောင် ရေးဖွဲ့နိုင်ပါလား လို့ လဲ တွေးမိသွားပါတယ်
(mama)

TYZ said...

ကဗျာလေး လာခံစားသွားပါသည်။ မီးနီတွေနဲ့ လွတ်ကင်းပါစေနော်။။။

Angel Shaper said...

ဖေကြီးရေ.... ဖတ်သွားတယ်ဗျာ။။
ဘာပြောရမှန်းမသိဘူး။

ဝက်ဝံလေး said...

ဟိုက်အိမ်ကျယ်နဲ့ တွေ့တယ်ဆိုလို့ ပြေးလာတာ လက်စသတ်တော့ တူက ဂလိုလား ဟီးးးး သိဘူးလေ