Jun 13, 2011

အရိန္ဒမာ တလက်သာ ကျနော့်ကို ပေးပါ့ မေမေ...




















ကျနော့်ကို အသစ်တဖန် ပြန်မွေးပေးပါမေမေ...
ကျနော်ဟာ ဖေဖေ့သား မဖြစ်ချင်တော့ဘူး...
ကျနော်ဟာ မေမေ့သားပဲ ဖြစ်ချင်တယ်...

နှင်းတွေ ရေတံခွန်လို ထိုးဆင်းလာတဲ့နေ့မှာ ကျနော်ဟာ ရပ်တန့် ငေးမောနေမိတယ် မေမေ...
အချိန်ကာလတွေဟာ တံစိုးလက်ဆောင်လို ကံကြမ္မာကို အယောင်ဆောင်မှုတွေနဲ့ လာဘ်ထိုးတယ်...
အဆိုးအကောင်းတွေဟာ မျက်နှာဖုံးမျိုးစုံနဲ့ တိုးတိုက်လာခဲ့တဲ့ လေဟာနယ်မှာ
ကျနော် ရွေးချယ်စရာတွေ သိပ်များစွာ မရှိဘူး မေမေ...
ကျနော့် စာမျက်နှာကို မျက်နှာ မမူဘူးရင်
ကျနော် ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပင်လယ်ကို ဘယ်လို ဖြတ်ကူးမလဲ ဘယ်သူ သိနိုင်မှာလဲ မေမေ...
အမြဲ ရှုံးနိမ့်ခဲ့ပေမယ့် စစ်မျက်နှာတိုင်းမှာ ကျနော်ဟာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေဆဲပါပဲ မေမေ...
ကျနော့် လက်ထဲမှာ ရှိနေနေတာကတော့ လဲကျသွားလည်း ပြန်ထလာခဲ့ သားရဲ့... ဆိုတဲ့ မေမေ့ စကားလေး တခွန်းပဲ...
ကျနော်ဟာ အကြိမ် ဘယ်လောက်များစွာ လဲကျခဲ့ပြီးပါပြီလဲ မေမေ...
ကျနော်သိနေတာကတော့ ကျနော်ဟာ ခုထက်ထိ ကျနော့် ခြေထောက်အပေါ်မှာ ရပ်နေမိတုန်းပဲ...
ကျနော် အတောင်ပံတွေ ဘယ်သူ့ဆီကမှ မငှားမိသလို...
ဘယ်သူ့ နှာခေါင်းကိုမှလည်း ကျနော့် ခေါင်းမှာ မတပ်ထားမိပါဘူး မေမေ...
တခါတခါမှာ ကျနော်ဟာ ငိုကြွေးရင်းကကို စစ်ရထားတစင်းလို ကံကြမ္မာကို တက်နင်းပစ်ခဲ့ပါတယ် မေမေ...
ကံကြမ္မာကို လှံနဲ့ ထိုးပစ်ခဲ့ဖို့ရာ ကျနော့်မှာ အရိန္ဒမာ-တလက်လောက်တော့ ပက်ပက်စက်စက်ကို လိုအပ်နေပါပေါ့ မေမေ...

ATN

4 comments:

မျိုးအောင် said...

ကြိုက်တယ်ဗျ။ အစပိုင်းမယ် ဖေဖေ့သားမဖြစ်ချင်တော့ဘူး ဆိုတာ ဘာကိုရည်ရွယ်တာလဲဗျ အဲဒါလေးတစ်ခုကို တော့ နားမလည်ဘူး ရှင်းပြပါဥိး။

ဥာဏ် said...

ကဗျာထဲက အမေကဒီလိုပြောမယ်
သားခိုင်လေးနဲ့သမီးခင် ရေ
သားတို့အိပ်တဲ့ ဖေါက်စက်ခန်းနဲ့ရေတွင်းနားက ဂွေးပင်ကြီးပေါ်မှာ ဥသြ ငှက်လေးက ပြောတယ်
အမေရော အမေရော အမေရော ...တဲ့

တန်ခူး said...

အရိန္ဒမာတလက်က သစ္စာတရားနဲ့ အသက်ရှင်တယ်... သစ္စာတရားတွေမသေဆုံးသမျှ မျှော်လင့်ချက်ရှိနေပါသေးတယ် ကိုအောင်သာငယ်

သဒ္ဓါလှိုင်း said...

အကိုရေ.
အဲဒီအရိန္ဒမာလှံကို မိညီမလည်း လိုချင်လိုက်တာ.။
ကိုယ့်ကိုယ်ကို ထိုးပစ်လိုက်ချင်လို့...။
ချစ်တဲ့
မိညီမ