Dec 11, 2009

How Deep Is Your Love On Me

How Deep Is Your Love On Me (The Bee Gees)

I know your eyes in the morning sun
I feel you touch me in the pouring rain
And the moment that you wander far from me
I wanna feel you in my arms again

And you come to me on a summer breeze
Keep me warm in your love
Then you softly leave me
And it's me you need to show
How deep is your love?

How deep is your love
How deep is your love
I really need to learn
'Cause we're living in a world of fools
Breakin’ us down
When they all should let us be
We belong to you and me

I believe in you
You know the door to my very soul
You're the light in my deepest, darkest hour
You're my saviour when I fall
And you may not think I care for you
When you know down inside
That I really do
And it's me you need to show
How deep is your love?

How deep is your love
How deep is your love
I really need to learn
'Cause we're living in a world of fools
Breakin’ us down
When they all should let us be
We belong to you and me

La... La... La... La... La... La...
La... La... La... La... La... La...

And you come to me on a summer breeze,
Keep me warm in your love
Then you softly leave me
And it's me you need to show
How deep is your love?

How deep is your love
How deep is your love
I really need to learn
'Cause we're living in a world of fools
Breakin’ us down
When they all should let us be
We belong to you and me

La... Ah... ....

How deep is your love
How deep is your love
I really need to learn
'Cause we're living in a world of fools
Breakin’ us down
When they all should let us be
We belong to you and me

La... Ah... ....

How deep is your love
How deep is your love
I really need to learn
'Cause we're living in a world of fools
Breakin’ us down
When they all should let us be
We belong to you and me

La... Ah... ....

Dec 9, 2009

မျိုးဆက်ကွာဟမှု

အခုတလော သူ့ ဖခင်ဖြစ်သူကို သတိရနေမိသည်။ ဖခင်ကရော သူ့ကို သတိရနေမည်လား။ သူ မသိပါ။ သူသိသည်က သူ့ဖခင်သည် သူ့လိုသိပ် နူးနူးညံ့ညံ့ မဟုတ်ခြင်းပင်။ စကားပြောလျှင် ခပ်ကျယ်ကျယ်၊ ခပ်ပြတ်ပြတ် ပြောလေ့ရှိသူ။ လုပ်စရာရှိသမျှကိုလည်း တရစပ် လုပ်နေတတ်သူ။ လုပ်စရာ မရှိလျှင်လည်း စာတခုခု ဖတ်နေတတ်သူ။ စည်းကမ်းကလည်း အလွန်တရာကြီးသူလည်း ဖြစ်သည်။

သူမှတ်မိနေသေးသည့် အဖြစ်အပျက် တခု ရှိသည်။ သင်္ကြန်တခုတွင် ဖြစ်သည်။ သူတို့ ညီအကိုက ဖွားအေဖြစ်သူ အိမ်တွင် ရေသွားကစားကြသည်။ ဖခင်က ညနေ ၆ နာရီ နောက်ဆုံးထားပြီး အိမ်ပြန်လာရန် အကိုကြီးကို မှာလိုက်သည်။ သို့သော်လည်း အဖွားက ညနေစာ စားပြီးမှ ပြန်ခိုင်းသဖြင့် ညနေ ၆ နာရီ ကျော်သွားသည်။ ည ၇ နာရီလောက်မှာတော့ ဖခင်သည် အဖွားအိမ်သို့ ပေါက်ချလာသည်။ အကိုကြီးအပေါ် ဒေါသူပုန်ထနေတော့သည်။ သူကတော့ အငယ်မို့ အရိုက်မခံလိုက်ရသော်လည်း အကိုကြီးကတော့ စည်းနဲ့ကမ်းနဲ့ ပြန်လာရန် မှာထားသည်ကို မလိုက်နာသဖြင့် အဆော် ခံလိုက်ရသည်။ အကိုကြီးကလည်း သည်ကိစ္စကို မကျေနပ်ပါ။ သည်လိုနဲ့ သည်အဖြစ်အပျက်မှ စတင်ပြီး အကိုကြီးနှင့် ဖခင်အကြား ကွဲလွဲမှုတွေက များလာသည်။ သူကတော့ ဗုဒ္ဓဘာသာ အဆုံးအမအတိုင်း အနန္တောအနန္တငါးပါးထဲ ပါနေသည့် ဖခင် ပြောသမျှ လိုက်နာခဲ့သည်ချည်း။ အကိုကြီးနဲ့ ဖခင်ကတော့ ကြာလေ နားလည်မှု လွဲလေ ဖြစ်နေတော့သည်။

ဥပမာ- ဖခင်ဖြစ်သူ လုပ်နေသော နိုင်ငံရေးကိစ္စများကို အကိုကြီးဖြစ်သူက သဘောမကျ။ ဖခင်သည် မိသားစု အရေးကို ဦးစား မပေးပဲ နိုင်ငံရေး အလုပ်ကိုသာ အဓိက လုပ်နေသည်၊ သည့်အတွက်ကြောင့် မိသားစုမှာ ဆင်းရဲချို့ငဲ့နေရသည်-ဟု ထိုစဉ်က အကိုကြီးက နားလည်ယူဆနေသည်။

သည်အဖြစ်အပျက်များကို ပြန်တွေးမိရင်း မျိုးဆက်ကွာဟမှု (Generation Gap) ဆိုသည်ကို သူ စဉ်းစားနေမိသည်။

ယေဘုယျအားဖြင့် မျိုးဆက်တခုကို မိဘနှင့် သားသမီး အနေဖြင့် သတ်မှတ်ကြသည်။ မိဘသည် ပထမမျိုး ဆက်ဖြစ်ပြီး သားသမီးတို့သည် နောက်မျိုးဆက်သစ်ဖြစ်သည်။ ဒုတိယ မျိုးဆက်ဖြစ်သည်။ သားသမီးတို့မှ မွေးဖွားလာကြသော မြေးများသည် တတိယ မျိုးဆက် ဖြစ်မည်။ အကြမ်းဖြင်းအားဖြင့် အနှစ် ၂၀-၂၅ နှစ် သည် မျိုးဆက်တခုနှင့် တခုအကြား အချိန်ကလ အကွာအဝေးဖြစ်သည်။

ဤလောကကြီးတွင် အသစ်နှင့် အဟောင်းသည် ရှိခဲ့သည်၊ ရှိနေသည်၊ ရှိနေလိမ့်ဦးမည်။ ခေတ်ဟောင်း စနစ်ဟောင်းနှင့် ခေတ်သစ် စနစ်သစ်သည်လည်း ရှိနေခဲ့သည်၊ ရှိနေသည်၊ ရှိနေလိမ့်ဦးမည်။ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းသည်လည်း ထိုသို့ပင် ဖြစ်ပေသည်။

သည်အခါ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်း ဟူသည့် မတူညီသော မျိုးဆက်များ အကြား ကြည့်မြင် ယူဆပုံ မတူညီခြင်း၊ အပြန်အလှန် နားလည်မှု ကင်းမဲ့လာစေသည့် မတူညီသော သဘောထားများ ရှိခြင်း၊ ဘ၀ စံထားမှု မတူညီခြင်း၊ နေထိုင်မှု ပုံသဏ္ဍာန် ကွဲပြားလာခြင်းနှင့် အပြန်အလှန် တန်ဖိုးထားမှုများ ကင်းမဲ့လာခြင်း-တို့ ဖြစ်ပေါ်လာသည့်အခါ မျိုးဆက်ကွာဟမှု (Generation Gap) ရှိနေသည်-ဟု ပြောဆိုကြပေသည်။ ထိုအခါ လူငယ်များနှင့် ၄င်းတို့၏မိဘများ (သို့မဟုတ် - အရှေ့ မျိုးဆက်များ) အကြား (မလိုလားအပ်စွာ ကံမကောင်း အကြောင်းမလှစွာ) အယူအဆ ၂ မျိုး၊ အမြင် ၂ မျိုး၊ အခြေအနေ ၂ မျိုး ဖြစ်နေလေတော့သည်။

မျိုးဆက်တခုကို ထိုမျိုးဆက်နောက်မှ ပေါ်ပေါက်လာသည့် မျိုးဆက် အသစ်တခုမှ ကွဲပြားသွားစေအောင် ခွဲခြားလိုက်သည့် နှစ်ကာလများသည် အရေးပါလေသည်။၊ အထူးသဖြင့် ထို နှစ်ကာလများက ထိုမျိုးဆက် ၂ ခု အကြားတွင် နားလည်မှု မရှိခြင်း၊ အမြင်ကွဲပြားခြင်းတို့ကို ကိုယ်စားပြုနေသည်။

သည်နေရာတွင် ကွာဟမှု (Gap) ဆိုသည်မှာ အလွန်ကျယ်ပြန့်သည့် အချက်အလက်များ ပါဝင်သည်-ဟု သူ စဉ်းစားမိသည်။ အဓိကကျသည့် ကြည့်မြင် ယူဆပုံ မတူညီခြင်း၊ ကွဲပြားသော သဘောထားများ ရှိခြင်း၊ ဘ၀အပေါ် စံထားမှုများ မတူညီခြင်း၊ နေထိုင်မှု ပုံသဏ္ဍာန် ကွဲပြားခြင်း၊ အပြန်အလှန် တန်ဖိုးထားမှုများ ကင်းမဲ့ခြင်းတို့မှာ အဓိက ကျသော်လည်း ကျန် အချက်အလက်များ ဖြစ်သည့် ထိုမျိုးဆက်များ ရှင်သန်ကြီးပြင်းလာရသည့် ပတ်ဝန်းကျင် ရေမြေအခြေအနေ၊ နိုင်ငံရေး အနေအထား၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ၏ လွှမ်းမိုးမှု တို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်-ဟု သူ တွေးထင်မိသည်။

လူတဦးစီအပေါ် အတွေးအခေါ်အရ လွှမ်းမိုးမှုသည် အရေးကြီးသည်။ မည်သူမဆို မိမိကိုယ်တိုင် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အတွေးအခေါ်တခုခုကိုတော့ ကိုင်စွဲ ကြီးပြင်းလာကြသည်ချည်း ဖြစ်သည်။ ထို အတွေးအခေါ်ကို မိုင်ထောင်ချီဝေးသောအရပ်မှ ရရှိခဲ့ခြင်း မဟုတ်ပါ။ ထိုလူတဦး ရှင်သန်ကြီးပြင်းလာရာ ပတ်ဝန်းကျင်က ပေးလိုက်ခြင်းသာဖြစ်ပါသည်။ ထိုအခါ အထက်တွင် သူ စဉ်းစားမိသော ကျန် အချက်အလက်များ၏ လွှမ်းမိုးမှုက ထိုလူတယောက်ကို အတွေးအခေါ်တခုကို ကိုင်စွဲလိုက်စေသည်၊ လားရာတခုသို့ ဦးတည်သွားစေသည်-ဟု သူ ယူဆသည်။

သည်အခါ ယေဘုယျပြောရလျှင် မျိုးဆက် တမျိုးဆက်တည်းဖြစ်လျှင် အတွေးအခေါ်အရ ကွာဟမှုက သိပ်မရှိကြ၊ မျိုးဆက်တူများသည် အချိန်ကာလတခုကို အတူတူ ဖြတ်သန်းလာရသဖြင့် ပတ်ဝန်းကျင် ရေမြေအခြေအနေ၊ နိုင်ငံရေး အနေအထား၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ၏ လွှမ်းမိုးမှုကို အတူတကွ ခံစားကြရသည့်အတွက် ကွဲလွဲမှု များများ စားစား မရှိ။

သိုသော်လည်း မျိုးဆက် မတူသည့်အခါ ကွဲလွဲမှုများက အလို အလျောက်ကို ရှိလာတော့သည်။ မတူညီသည့် အချိန်ကာလကို ဖြတ်သန်းလာရသဖြင့် နေ့စဉ်နေထိုင်မှု ဘ၀မှာပင် မျိုးဆက်ဟောင်းများ မကြုံတွေ့ရသည်များကို မျိုးဆက်သစ်များက ကြုံတွေ့ရသည်။ သည်အခါ မတူညီသော အတွေ့အကြုံများက မတူညီသော အမြင်များကို မွေးထုတ်ပေးလိုက်တော့သည်။ ပြဿနာ တရပ်ကို ရှုမြင်ကြသည့်အခါ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်အကြားတွင် ကွဲလွဲမှုများ ရှိလာသည်။ သို့သော်လည်း ဤအခြေအနေသည် သဘာဝကျစွာ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ ဤအခြေအနေသည် မျိုးဆက်ကွာဟမှု (Generation Gap) ကို မဖြစ်စေသေး။

သို့သော်လည်း ဤအခြေအနေမှတဆင့် တက်ပြီး နယ်ပယ်အားလုံးတွင် မျိုးဆက်များ အကြား အပြန်အလှန် နားလည်မှုများ ကျယ်ပြန့်စွာ ကင်းမဲ့လာသည့် အခြေအနေသို့ ရောက်လာပြီဆိုလျှင်မူ မျိုးဆက်ကွာဟမှု ရှိနေပြီ-ဟု အတိအကျ ဆိုနိုင်ပါမည်။

သူ စဉ်းစားမိနေသည်က အမိဗမာပြည်မှာလည်း မျိုးဆက်ကွာဟမှု ရှိနေပြီလား။
အမိဗမာပြည်မှာ မျိုးဆက်ကွာဟမှု ရှိမရှိကို မည်သို့ တိုင်းတာမည်နည်း။

ဆိုပါစို့- ၁၉၇၄ ဦးသန့်အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများနှင့် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှာမှုတွင် ပါဝင်ခဲ့သော ကျောင်းသားများ အကြားတွင် ၂၂ နှစ်-ဟူသော အချိန်ကာလ ကွာခြားချက် ရှိသည်။ မျိုးဆက်တခု၏ ယေဘုယျ သတ်မှတ်ချက်အရ ထို မျိုးဆက် ၂ ခုကို မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်အဖြစ် သတ်မှတ်နိုင်သည်။ ထိုမျိုးဆက် ၂ ခု အကြားမှာ မျိုးဆက်ကွာဟမှု ရှိခဲ့ပါသလား။ ထိုမျိုးဆက် ၂ ခုလုံးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်၊ ဒီမိုကရေစီရေးအတွက် စွန့်လွှတ် တိုက်ပွဲဝင်ခဲ့ကြသည်။ မတရားမှုကို လက်ပိုက် ကြည့်မနေခဲ့ကြ၊ မတရားမှန်းသိလျက် ခေါင်းငုံ့မခံခဲ့ကြ၊ သည်သို့ ဆိုလျှင် ထို မျိုးဆက် ၂ ခုမှာ နိုင်ငံရေးအရ မျိုးဆက်ကွာဟမှု မရှိ-ဟု သူထင်သည်။ ကျန်သည့် ကွာဟမှုများတော့ ရှိနိုင်လေသည်ပေါ့။ ဥပမာ- ကြိုက်နှစ်သက်ကြသော ဂီတပုံစံ၊ အ၀တ်အစား ၀တ်ဆင်ပုံ- စသည်ဖြင့်။

ထို့အတူ ၁၉၆၂ ခုနှစ် မျိုးဆက်များ၊ ၈၈ မျိုးဆက်များ- စသည်ဖြင့် သူ ဆက်စပ် စဉ်းစားနေမိသည်။ သူ့အနေဖြင့်တော့ အမိဗမာပြည်မှာ နိုင်ငံရေးအရ မျိုးဆက်ကွာဟမှု ရှိသည်-ဟု မထင်ပါ။ အဘယ်ကြောင့်ဆိုသော် အမိဗမာပြည်၏ နိုင်ငံရေး ၀န်ရိုးကြီးကို တလျှောက်လုံး တွန်းလှည့်လာခဲ့သည့် ကျောင်းသားထုကြီးသည် မျိုးဆက်တခုပြီးတခု ပြောင်းခဲ့သော်လည်း တလက်တည်းသော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို လက်ဆင့်ကမ်း သယ်ဆောင်လာနေခဲ့သည်မှာ ယနေ့အထိပင် မဟုတ်လား။

(အောင်သာငယ်)

Dec 8, 2009

အမှတ်တရ မုန်းစရာများ















-- လူရိုသေ ရှင်ရိုသေ
(နိုင်ငံရေး) ဆောင်းပါး တပုဒ် ရေးမလို.
အေဖိုး ပေါ်မှာ
အနာဂတ်သစ်ကို ရေး မရ
အတိတ်ဆိုးကိုချည့်
ထပ်တလဲလဲ ရေးနေရတာကို
မုန်းတယ် ။

-- အယ်လ်ကိုဟော ဒီဂရီ ၉၄နဲ့...
အပေါစား (ဇ၀က်သာ) တွေကို
နေ့ရော... ညရော... နာရီမသိ
ပက်ပက်စက်စက်
မျိုဆို့ရတဲ့ နေ့တွေကိုလည်း
မုန်းတယ် ။

-- ခပ်ညံ့ညံ့ ကိုယ့်သမိုင်းကို
(ဂေးမူတို့ ရဲ့) ထုံထောင်း ကျောက်ခုံဆိုင်
အငန်းမရ လောက်ခေါင် မော့ယင်း
မာန်တက်စွာ အန်ထုတ်ရတာကိုလည်း
သိပ်မုန်းတယ် ။

-- ကိုယ့်လောက် မရိုးသားသူတွေထံ
အမှန်တကယ် ရိုးသားကြောင်း
( အောက်ကျ နောက်ကျ) ထောက်ခံစာ
ယူနေရတာကိုလည်း
သိပ်မုန်းတယ် ။

-- အေဘီစီဒီ တံဆိပ်တုံးတွေနဲ့ 
ကိုယ့်ကိုယ်ကို လှလှပပကြီး
လိမ်လည်ကာ
ကိုယ်တိုင်လက်တွေ့ လည်း
မလုပ်… မဖြစ်နိုင်တဲ့
စာစီစာရွက်တွေကိုလည်း
မုန်းတယ် ။

-- ပြီးတော့...
မိမိကိုယ်မိမိ... ရက်ရက်စက်စက်
ဖဲသုံးချပ် ကစား နေရတာကိုလည်း
တကယ် မုန်းတယ် ။

-- မဆုံးနိုင်တဲ့ အမုန်းတွေနဲ့ 
ရှံးနေတဲ့ (သက်ရှိ) တကောင်
စာနာမှုကင်းတဲ့
ဒီ (ရောမ) မြို့ ပျက်လေးထဲမှာ
ရူးသွပ်မိုက်မဲစွာ
ပျော်ဝင်နေခဲ့တာ ကြာပေါ့ ။

-- ညီမလေးရေ့
ငါ့ဘ၀မှာ ငါ့ဦးနှောက်မှာ
ငါ့အသဲနှလုံး တစုံမှာ
ဘာတွေများ ကျန်ရှိဦးမယ်
ယူဆသလဲကွယ့်…
(တစုံတခုသော) အယူအဆ အတွေးအခေါ်
လုပ်ဟန်ကိုင်ဟန်
အကြံအစည် တမျိုးမျိုးပေါ့ ။

-- ချဉ်ခြင်း တပ်လွန်းမက တပ်လွန်းလို့ 
ရင်အုံအတွင်း နက်နက်နဲ့ 
သွေးကြော ရှိုင်းရှိုင်းတွေထဲ
လက်ကုန် နှိုက်ကြည့်လိုက်တဲ့အခါ
(- - - - -) ၀ပ်ပါမစ်နဲ့ 
ပြောရေးဆိုခွင့် လက်မှတ်တစောင်ဟာ
ငရဲကိုးထပ်မှာ ကျန်ရစ်
အမေ့တိုင်းပြည်မှာ ကျန်ရစ်
၂၁- သမိုင်းထဲမှာ ကျန်ရစ်
(ပါလာခဲ့တောင်မှ) မူးယစ်ရီဝေနေလို့ 
ဟိုမှာလား ဒီမှာလား
ဒီမြို့ပျက်လေးရဲ့ တနေရာရာမှာ
ပျောက်ဆုံးကျန်ရစ်
အား ...ဆိုးလိုက်တဲ့အဖြစ်
ဒီလောက်မုန်းတီးစရာ
ရွံ့ မုန်းစရာများ ...
ဘယ်မှာရှိနိုင်ပါ့မလဲလေ .....။

( ကိုဆက် )

Dec 6, 2009

ကတိတော်အတိုင်း… ဆုတောင်းလိုက်ပါသည်
















အလင်းများက ပိုပိုမှိန်
ပြက္ခဒိန်များက ပိုပိုပါး
တံခါးများက ပိုပိုထူ
အသက်ရှူများက ပိုပိုမော
သောကများက ပိုပိုလောင်
အမှောင်များက ပိုပိုပိန်း
အစိမ်းရောင်များက ပိုပိုရင့်
မျှော်လင့်ချက်များက ပိုပိုနည်း
အက်ကွဲမှုများက ပိုပိုလာ
ဒဏ်ရာများက ပိုပိုနက်
မနက်ဖန်များက ပိုပိုဝေး
မေးခွန်းများက ပိုပိုခက်
လက်တွဲများက ပိုပိုပြုတ်
အနှုတ်လက္ခဏာများက ပိုပိုပြ
လရောင်များက ပိုပိုရှား
လျှောက်သောလမ်းများက
ပိုပိုပျောက်ရှသွားပြီးသည့်အခါ...

ကောင်းချီးတခု နောက်တခု
ရေတွက်မှု ပြုလိုက်ပါသည်…
ဤအပြစ်သားအပေါ်
ကြင်နာခြင်းအမှု ပြုသောအားဖြင့်
လမ်းများ ပြပါ့...
အေးမြသော မိုးရေစက်များ
တပေါက် တစမျှ
(တောင်းလျှင်ပြည့်မည် ဆိုသည့်အတိုင်း)
စိုစွတ်ပေးသွားပါ့ ဘုရားသခင်…
အာမင်…

ATN

Dec 3, 2009

အမည်မပေးလိုသော... ... ...

Merry X'Mas & Happy New Year!!!!!
ဘလော့ရေးခြင်း တလ၊ နှစ်လခန့် နားရပါမည်။
ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက်
ညီအကို မောင်နှမများ အားလုံးကို
ကြိုတင် နှုတ်ဆက်လိုက်ပါသည်။

ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နှင့် နှစ်သစ်ကူး ဖြစ်ပါစေ။
အစစ အရာရာ အားလုံး အဆင်ပြေကြပါစေ။
ဒီဇင်ဘာအတွက် ကဗျာတပုဒ် ရေးခဲ့ပါသည်။




အမည်မပေးလိုသော
... ... ...

ပတ်ပတ်လည်မှာ
နွေရာသီအထပ်ထပ်နဲ့...
လေးထောင့်စပ်စပ် အံစာတတုံး...

အလယ်ခေါင်မှာ...
အသေအချာ စီစဉ်ထားသည့်
ဘုရားသခင်၏ နာရီတလုံး...

အောက်ခြေမှာ...
စာတန် တပ်ဆင်ထားခဲ့
အလစ်ချောင်းနေတဲ့ ချိန်ကိုက်ဗုံး...

ရင်ထဲမှာ...
အပြာရောင် အလင်းတန်းနဲ့
လောင်ကျွမ်းနေတဲ့ ပန်းသီး တလုံး...

ဟိုး... ... အရှေ့မှာ...
အနက်ရောင် အရိပ်နဲ့
အိပ်စက်နေတဲ့ ... ... ... ...

ATN

Nov 30, 2009

အက်စ်တိုးရီးယား (၇)




















အက်စ်တိုးရီးယားရဲ့
သည်ညနေမှာ
မင့်မျက်နှာ တခုလုံးကလည်း
မြူတွေဖုံးလို့ပါလား…
လူလုံးတောင် မသဲကွဲတော့ပြီ…

သည်ညနေမှာ
မင့်ဆိပ်ကမ်းကို မတော်တဆ ရောက်လာခဲ့တဲ့
ငါကလည်း မပြုံးနိုင်…
ငါ့နှလုံးသားကလည်း လေးလံလို့…
ကယ်လီဖိုးနီးယားကို မနက်ဖန် ခဏ
ငါ ပြန်သွားရဦးမှာကိုး…
အက်စ်တိုးရီးယားရဲ့…

မြူတွေ ကြားထဲမှာ ချမ်းနေတဲ့
မင့်ဆိပ်ကမ်းကနေ…
ပင်လယ်ဝကို
မသွားချင်သလို သွားချင်သလို
မျက်နှာ အိုအိုကြီးတွေနဲ့
ထွက်သွားနေကြတဲ့…
လေးတွဲ့တွဲ့ သင်္ဘောကြီးတွေကို ကြည့်မိတိုင်း
ငါ့ရင်ထဲမှာ လှိုင်းထ
အထီးကျန်ဆန်လှချည်ရဲ့လို့ တွေးနေမိ…
သူတို့တွေ လာတုန်းကလည်း တစီးထဲ…
ပြန်ထွက်သွားတော့လည်း တစီးထဲ…
ငါ့ဘ၀ကြီးလိုပါပဲလား
အက်စ်တိုးရီးယားရဲ့…
မင့်ဆိပ်ကမ်းအနားကို
ငါ့ခြေလှမ်များး ချမိတုန်းက ငါ တယောက်ထဲ…
ခု မင်းဆိပ်ကမ်းမှာ
ခြေလှမ်း ခွာတော့လည်း
ငါ တယောက်ထဲကိုး…
အက်စ်တိုးရီးယားရဲ့…

သည်သင်္ဘောကြီးတွေဟာ
ပင်လယ်ထဲမှာ
ဘယ်လို ၀န်တွေကိုများ သယ်ဆောင်ပြီး
ဘယ်လို အထီးကျန်စွာ
သွားလာနေခဲ့ကြရပါသလဲ…
ငါ့ အတွေးတွေကပဲ
နက်နေမိခဲ့လေသလား…
အက်စ်တိုးရီးယားရဲ့…

ငါ့ သယ်ဆောင်ထားရဲ့…
ဝန်တွေ…. ၀န်တွေ…
သက်တမ်းလွန်သွားလေတဲ့
အမှောင်ထဲ ကျွံကျနေခဲ့သော နေ့ရက်များ...
တကယ်တော့
ငါဟာ…
အမှောင်ဝန်တွေ
အလွန်အမင်း သယ်ဆောင်နေမိခဲ့သော
သင်္ဘောအိုကြီး တစီးပါ့…
ငါ့ ခရီးအဆုံး တဖက်ကမ်းကို
ရောက်စမ်းချင်လှပါပြီ…
အက်စ်တိုးရီးယားရေ့…
ဘယ်နေ့ ငါ ရောက်သွားမယ်
မင်း သိလေမလား…

ခုတော့
မင့်ဆိပ်ကမ်းကနေ
ငါ့ခြေလှမ်းတွေကို
ခဏလောက်တော့ ဆုတ်ခွာရပေဦးမယ်…
ကယ်လီဖိုးနီးယားကနေ
ငါ ပြန်ရောက်လာလေတဲ့အခါ
မင်းနဲ့ ငါ
စကား ပြောကြပါဦးစို့…

ATN

Nov 29, 2009

(၂)နှစ်ပြည့် အကြိုမှတ်တမ်း

ခုတလော သူ့မှာ အလုပ်တွေ ရှုပ်လွန်းလို့ အချိန် အတော် ဆင်းရဲ နေသည်။ အရင်က နေ့စဉ် သွားလည် ဖတ်နေနေကြ ဘလော့တွေကိုပင် သိပ် မရောက်ဖြစ်တော့သည်မှာလည်း အတော် ကြာနေပေပြီ။ Google Reader နဲ့ သူ Feed ယူထားလို့သာ ဘလော်ဂါ ညီအကို မောင်နှမများ၏ ပို့စ်အသစ်များကို ဖတ်ဖြစ်နေခြင်း ဖြစ်သည်။ သို့ပေသည့် တချို့ ပို့စ်များဆိုလျှင် ကွန်မန့် ပေးချင်သည်ဆိုလျှင်တောင် အချိန်မရှိလို့ မသိချင်ယောင် ဆောင်နေရသေးသည်။ (ဥပမာ- အကိုကြီးနိုင်ဖေရဲ့ လက်စောင်းထက်လှသော ရွှေရတု ပို့စ်များဆို မသိသလိုလို သူနေနေရသည်… ခွင့်လွှတ်ပါ အကိုကြီး….း)

သူ ဘလော့ စရေးစဉ်ကတော့ ဘလော့တကာ လျှောက်လျှောက်သွား၊ ဆီပုံးတကာမှာ နှုတ်ဆက်၊ ဂျီမေးလ်တွေ လိုက်လိုက် အက်ဒ်၊ ပို့စ်တွေမှာ မှတ်ချက်တွေ ရေး။ ဂျီတော့မှာ ချက်တင်းတွေ ပေးနဲ့ တနေ့နေ့ ၄- ၅ နာရီလောက်တော့ အလုပ် ရှုပ်သည်။ ကိုယ့်ဘလော့ကို လာလည်သူ မှန်သမျှ၏ ဘလော့တွေကိုလည်း တယောက် မကျန် လိုက်ပြန်လည်၊ ကိုယ့်ကိုယ်ကို မိတ်ဆက်၊ ဆီပုံးထဲမှာလည်း ဧည့်ထောက်ခံကာ တယောက်ချင်းကို ပြန်နှုတ်ဆက်၊ ကွန်မန့်တွေ တက်လာသမျှကိုလည်း ပြန်ပြန် ပြောရသေးသည်။ သည်လိုနဲ့ ဘလော့ယဉ်ကျေးမှု မြစ်ရေစီးထဲမှာ အားရပါးရကြီး လက်ပစ်ကူးခဲ့လေသည်ပေါ့။

ခုတော့ ကိုယ့်ဘလော့ကိုတောင် ကိုယ်ပြန် မဖတ်နိုင်အောင် ဖြစ်နေသည်။ ပို့စ်အသစ်တခု တင်စရာရှိသည့် အခါမှ ပြောက်ကျားပစ်ပြေးသလို ပို့စ်အသစ်ကို ကမန်းကတမ်း ပတ်ဘလစ်ရှ် လုပ်ပေးပြီး ပြန်ပြေးရသည်က များနေသည်။ ကွန်မန့်တွေကို မပြန်ဖြစ်သည်မှာလည်း လနဲ့ချီခဲ့ပြီ ဖြစ်သလို ညီအကို မောင်နှမများ၏ ဆီပုံးထဲမှ ပဋိသန္ဓာရစကားတွေကိုလည်း ပြန်မပြောကြားနိုင် ဖြစ်နေသည်မှာ အတော် ကြာပေပြီ။ (လာရောက်လည်ပတ်ကြသမျှသော ညီအကို မောင်နှမများ အားလုံးကို သည်နေရာကပဲ တောင်းပန်လိုက်ပါသည်၊ ဧည့်ဝတ်မကျေပွန်သကဲ့သို့ ဖြစ်နေခဲ့ခြင်းအား နားလည် ခွင့်လွှတ် ပေးသွားကြပါရန်)

အွန်လိုင်းကလည်း အီးမေးလ်ဖွင့်ရုံလောက်သာပဲ တက်ကြည့် ဖြစ်သည်။ မျက်နှာစာအုပ်ကြီးထဲတောင် မရောက်တော့သလောက် ဖြစ်သွားသည်။ တချို့ ညီအကို မောင်နှမတွေကတော့ သူ့ မျက်နှာစာအုပ်ရဲ့ နံရံကြီးမှာ စာတွေ လာလာရေးသွားကြသည်။ ဘယ်ရောက်နေပြီလဲ-ပေါ့။ ခါတိုင်းလို ဂျီတော့မှာ ပွားကြလေ့ရှိသော ညီအကို မောင်နှမများနဲ့ မတွေ့ဖြစ်ခဲ့သည်မှာလည်း အတော်ကြာနေလေပြီ။ သည်အခါ တချို့ ညီအကို မောင်နှမတွေကလည်း စိုးရိမ်ကြပြီး အီးမေးလ်တွေ ပို့လာကြသည်။ ညီငယ်ဖုန်းမြင့်ဆို တွေ့ရာလူတိုင်းအား လိုက်မေးနေသည် ကြားရသည်။ (သူ့အား သတိတရ ရှိကြသော ညီအကို မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါသည်) စာတွေလည်း သူ သိပ်မရေးနိုင်သည်မှာ အတော်ကြာပြီ။ ရေးချင်စရာများ ခေါင်းထဲ ရောက်ရောက်လာသော်လည်း စာတပုဒ် ဖြစ်လာဖို့ မစဉ်းစားနိုင်အား။ သူ့မှာ ပူပင်စရာတွေ များနေခြင်းကလည်း အကြောင်း တရပ်ဖြစ်မည်လေ။ သည်လိုနဲ့ စာတွေ ဆက် မရေးဖြစ်တော့ သူ့ရဲ့ (၁)-(၂) တွေနဲ့ အဆုံး မသပ်ရသေးသော ပို့စ်တွေသည်ပင် မနဲပေ။ ညီမငယ် မကေကပင် တစ်-လစ် -တွေလို့ သူ့ကို နောက်နေချေသေးသည်။ အတွေးထဲ ရောက်ရောက်လာလို့ ကောက်ကာငင်ကာ ဖမ်းဆုပ်ယူထားမိသဖြင့်သာ ကဗျာ တချို့ကို ပို့စ်လုပ်နိုင်ခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် စာပေချစ်ကြသော ညီအကိုမောင်နှမများအတွက် ဖတ်စရာ ကဗျာလေးတချို့ ရေးလို့ဖြစ်နေသေးသည်ကိုပင် ကျေးဇူးတင်နေမိသေးသည်။

ခုဆို ရှေ့လ ဒီဇင်ဘာ (၆) ရက် ရောက်လျှင် သူ့ ဘလော့ရေးသက် (၂) နှစ်ပြည့် ဖြစ်မည်။ (၂) နှစ်ပြည့်အတွက် ပို့စ်တခုလောက် ရေးမည်လား စဉ်းစားမိသွားသေးသော်လည်း မိသားစု အရေးအတွက် ကယ်လီဖိုးနီးယားကို သူပြန်သွားရဦးမည်။ မိုင်ထောင်ချီသော ခရီးကို ကားမောင်းပြီး တရက်နေ့မှာ သွားရဦးမည်။ (၂) နှစ်ပြည့်အတွက် မစဉ်းစားအား။ သည်ပို့စ်ကို ဘလော့ရေးသက် (၂)နှစ်ပြည့် အကြိုအဖြစ် သူ ရေးထားပစ်ခဲ့ပါသည်။

သူ့ ဘလော့ကို လာရောက်ဖတ်ရှုအားပေးကြသော ဘလော့ဖတ် ပရိသတ်ကြီးအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။ (အထူးသဖြင့် - နေ့စဉ်မပျက်မကွက် လာလာဖတ်တတ်သော မီးငယ်၊ ရယ်စရာများကို ရေးရေးသွားတတ်သော မယ်ဆင်၊ ဆီပုံးထဲတွင် ဧည့်ဝတ်မကျေတဲ့ အိမ်ရှင်-ဟု ၀င်ဝင်အော်သွားတတ်သော ရည်မွန်) ဘလော့ကို လာရောက်လည်ပတ်ပြီးနောက် ဆီပုံးထဲတွင် ၀င်ရောက် နှုတ်ဆက်သွားတတ်ကြသော၊ ကွန်မန့်များကို ရက်ရက်ရောရော ပေးသွားတတ်ကြသော ဘလော်ဂါ ညီအကို မောင်နှမများအားလုံးကို သူ ကျေးဇူးတင်ပါသည်။ (ဘလော်ဂါ စာရင်းကိုတော့ သူ မလုပ်တော့ပါ၊ တစုံတယောက်သာ ကျန်နေခဲ့လျှင် မျက်နှာပျက်ချင်စရာ ဖြစ်မည်လေ….း) ထို့အတူ ဘလော့ကို လာရောက် လည်ပတ် ဖတ်ရှုသွားသော်လည်း ဆီပုံးထဲတွင် ၀င်ရောက် နှုတ်မဆက်ပဲ တိတ်တိတ်လေး ပြန်သွားရက်ကြသော၊ ကွန်မန့်များ မပေးပဲ ပြန်လစ်ပြေးသွားကြသော ဘလော်ဂါ ညီအကို မောင်နှမများ အားလုံးကိုလည်း သူ အထူး ကျေးဇူးတင်ပါသည်။ ဘလော့ကို လာရောက် မလည်ပတ်သော်လည်း ဂူးဂဲရီဒါမှ ဖိဒ်ယူကာ သူ့လိုပင် ဖတ်ရှုနေကြသော ဘလော်ဂါ ညီအကို မောင်နှမများကိုလည်း သူ အထူးကျေးဇူးတင်ပါသည်။

အထူးသဖြင့် သူ့ မိုးပြိုကျနေခဲ့သော အချိန်ကာလများတွင် သူ ဆက်လက် ဘလော့ ရေးနိုင်နေအောင် သူ့အနားမှာ စိတ်အား ရုပ်အားဖြင့် အားပေးကူညီ ရပ်တည် ပေးခဲ့ကြသော ချစ်ခင်ရသည့် ဘလော်ဂါ ကဗျာ ညီအကိုမောင်နှမများ ဖြစ်သည့် အကိုကြီး ခင်အောင်အေး၊ ညီငယ် သစ်ကောင်းအိမ်၊ ညီငယ် မောင်ဖုန်းမြင့်၊ ညီငယ် ဆောင်းယွန်းလ၊ ညီငယ် ဥယာဉ်မှူး၊ ဆရာမ မေငြိမ်း၊ ညီမငယ် မနော်ဟရီ၊ ညီမငယ် အိန္ဒြာ၊ ညီမငယ် ပန်ဒိုရာ တို့ကိုလည်းကောင်း၊ ချစ်ခင်ရသည့် ဘလော်ဂါ ညီအကို မောင်နှမများဖြစ်သော အကိုကြီး ကျောက်ခဲကြီး ရွှေရတု၊ ရဲဘော်ရဲဘက် သူငယ်ချင်း ဒေါင်းဂွင်၊ ရဲဘော်ရဲဘက် သူငယ်ချင်း ဦးဂင်ကြီး၊ ညီငယ် ကိုလူထွေး၊ ညီမငယ် ကျောက်ခဲအလတ် မိုးချိုသင်း၊ ညီမငယ် ကျောက်ခဲကလေး မကေ၊ ညီမငယ် မအယ်၊ ညီမငယ် မယ်ကိ၊ ညီမငယ် မငယ်နိုင်၊ ညီမငယ် မသီတာ တို့ကိုလည်းကောင်း၊ ဘလော့ဖတ်သူ ရဲဘော်ရဲဘက် သူငယ်ချင်း ကိုပိန်၊ ညီငယ် လုံးလေး (နယူးယောက်)၊ ညီမငယ် ဆင်ဒန်လား နှင့် အမည် မဖော်ပြစေလိုသော ညီမငယ် တဦးတို့အားလည်းကောင်း သူ့ အနေဖြင့် အထူး ကျေးဇူး တင်ရှိပါကြောင်း သူ့ဘလော့ (၂) နှစ်ပြည့် အကြိုအဖြစ် မှတ်တမ်းတင်လိုက်ရင်း ဘလော့ဖတ်သူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာပြီး အစစ အရာရာ အဆင်ပြေကြပါစေရန် သူ ဆုတောင်းလိုက်ပါသည်။

Nov 28, 2009

အက်စ်တိုးရီးယား (၆)














ကွဲအက်နေတဲ့ နှလုံးသားကြီးပေါ်မှာ
အက်စ်တိုးရီးယား ကဗျာတွေကို
ဆက်ပြီး မရေးချင်တော့ဘူး….
သို့သော်လည်း
ဆက်ပြီးတော့ ဖတ်ချင်နေပါတယ် ဆိုတဲ့
ညီလေးတွေ ညီမလေးတွေ အတွက်
ဆက်လက်ရေးဖွဲ့ပေးလိုက်ပါတယ်….
နိဒါန်းဆိုတာကိုက
ကဗျာဆန်နေလေရော့သလား…

အက်စ်တိုးရီးယား (၆)

အက်စ်တိုးရီးယားရေ့…
ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် အလှတွေပြင်ဆင်ထားတဲ့
မင့်ရဲ့ လမ်းများက
ခမ်းနားလှချည်ရဲ့…

ငါကတော့
ခမ်းနားခွင့်မရခဲ့တဲ့
ငါ့ရဲ့ဘ၀ သေးသေး သိမ်သိမ်
မှေးမှေး မှိန်မှိန်လေးကိုပဲ
အကြိမ်ကြိမ် အခါခါ တွေးတွေးနေမိ…

မင့်ရဲ့ မြို့လည်ခေါင်ဆီက
ရွှေရောင်တောက်ပနေတဲ့
ဂျင်ဂဘဲလ် ခေါင်းလောင်းများ…
ဓါတ်တိုင်အဟောင်းတွေကြားမှာ
တွယ်ဆက်ထားရရှာတဲ့ ကြိုးတချောင်းထက်က
အသစ်စက်စက် အစိမ်းရောင် ထင်းရူးရွက်များ…
ရိန်းဒီးယားတွေ ဆွဲသွားပေးနေတဲ့ စွတ်ဖား...
မြောက်ပိုင်းပြည်နယ်တွေဖက်ဆီများ
မင့်ကို သယ်ဆောင် သွားလေမလား…
အက်စ်တိုးရီးယားရဲ့…

ရာသီဥတုက
မင့်ဖက်မှာ ရှိနေတာတခုပါပဲ…
တကယ်မှာတော့
မင်းဟာ
မင့် တောင်ကုန်း လှလှလေးတွေကို
မြူတွေနဲ့ ဖုံးဖုံး ချပြီး
ပုန်းပုန်းပြနေရတဲ့ဘ၀ကို
ငါ သိတာပေါ့
အက်စ်တိုးရီးယားရဲ့…

နှင်းတွေ ဖွက်ထားတဲ့
မင်းရဲ့ မျက်နှာ
ငါ ရှာဖွေတွေ့ရှိခဲ့တဲ့ နေ့လေ…
ကိုလံဘီယာမြစ် ကမ်းခြေဟာ
မြူတွေနဲ့သာ မှိုင်းမှိုင်း မှုန်မှုန်..

အဲသည်နေ့မှာ
ငါ့ ရင်တွေ ခုန်ပါတယ်…
မင်းဟာ မြူမှုန် နတ်သမီး…
မာနကြီးပုံလည်း မရဘူးပေါ့…
ငါကတော့
အပြီးအပိုင်ပါပဲ မင်းကို ချစ်သွားမိခဲ့…
အက်စ်တိုးရီးယားရဲ့…

ခုတော့
ခရစ္စမတ်အနမ်းနဲ့
မင့် နှုတ်ခမ်းကို
ငါ နမ်းချင်နေခဲ့
အက်စ်တိုးရီးယားရဲ့…

ငါ့ကို
တဘ၀စာ
တခါလောက်ပါပဲ
နမ်းခွင့်ပေး…

ATN

Nov 27, 2009

ကောင်းကင်ကြီး ငါ့အပေါ် ပြိုတယ်














ဘယ်လိုပဲလင်းလက်နေတဲ့နေ့ဖြစ်ဖြစ်
ဘယ်လောက်ပဲ မဲနက်နေတဲ့ ညဖြစ်ဖြစ်
အချိန်ကာလတွေနဲ့ပဲ ထုဆစ်ရတာ မဟုတ်လား…

နေ့၊ လ၊ နှစ်တွေရဲ့
အမှုမဲ့ အမှတ်မဲ့ အမှား အယွင်းနဲ့…
မကြိုဆို မလိုလားအပ်တဲ့ ကျိန်စာ…
အလိုမတူပဲ တွန့်လိမ်သွားရရှာတဲ့ နာရီတလုံးပေါ်မှာ…
ရက်ရက်စက်စက် ကျရောက်လာတဲ့အခါ…
နေ့တွေဟာ ပိုမှောင်…
ညတွေဟာ ပိုပြီးနက်ပြောင်လာ…
အရာရာ လွဲချော်နေခဲ့တဲ့ မြစ်တစင်း
ရုတ်တရက်ကြီး လမ်းကြောင်းပြောင်း စီးဆင်းသွား…
တမင်သက်သက် တိုက်စားခံရရှာတဲ့ ကမ်းများ…
ကမန်းကတမ်း ပြိုကျကြ….

ငါကတော့
ငါ့ရဲ့
လမဲ့ ညတွေကိုပဲ ကြိုးစားမေ့နေမိ…
ငါကတော့
ငါ့ရဲ့
အဆုံး အစ မရှိခဲ့တဲ့ နေ့တွေကိုပဲ လိုက်လိုက်ရှာကြည့်…
ငါဟာ
အတိတ်မေ့နေသည့် ရာသီဥတု တခုလေလား...

င့ါ နှလုံးသားထဲ ကောက်ထည့်ပစ်မိတဲ့
ငါ့ရဲ့ ကောက်ကွေးနေခဲ့တဲ့ မြစ်တစင်းကိုတော့
ငါ့ဘာသာပဲ ငါ
ငါ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြောင့်တန်းစေဖို့ ကြိုးစားခဲ့…
ငါ့ရဲ့ မနက်ဖန်တွေကိုလည်း
ငါ့လိုပဲ ရိုးသားနေစေခဲ့ချင်…

မည်သို့ပင်ရှိပါစေ
ငါ့ပြက္ခဒိန်တွေရဲ့ကမ်းခြေတခုလုံးသည်လည်း
လောကဓံပင်လယ်ကြီးထဲကို
တ၀ုန်းဝုန်း ပြိုပြိုကျနေခဲ့…

အချိန်ကာလကို သိဖို့
ဘ၀ကြီးတခုလုံးနဲ့ လဲလှယ်ပြီး
ငါ ၀ယ်ယူဝတ်ဆင်ထားခဲ့မိတာ
ထာဝရ ကောက်ကွေး တွန့်လိမ်နေမယ့်
အေးစက်စက် နာရီတလုံးတဲ့လား…
ငါ…
ဖျားနာသွားပါပြီ…

ဟောသည် ကမ္ဘာမြေပေါ်မှာ
ငါဟာ
ဘယ်လိုများ အလွဲလွဲ အချော်ချော်ဖြစ်နေခဲ့တဲ့
မြစ်တစင်းပါလဲ..
ဘယ်အရပ်ကိုများ
ငါက
ရုတ်တရက် စီးဆင်း ရပါ့မလဲ…

ဟေး… …
သည်မှာ…
ကမ်းပြိုတာချင်း အတူတူတောင်
တချို့သူတွေကတော့
လူတကာရဲ့ ဂရုဏာတွေ ရရဲ့…
ငါက ကမ်းပြိုနေတဲ့ကောင် မဟုတ်ရဘူး…
ငါ့အပေါ် ပြိုပြိုကျတာ
ကောင်းကင်ကြီး…

ညီမလေးရဲ့…
“နှင်း”ရဲ့…
ငါက
မိုးပြိုကျနေခဲ့တဲ့ကောင်ပါ…

ATN

Nov 23, 2009

အက်စ်တိုးရီးယား (၅)




















အက်စတိုးရီးယားရေ…
ငါ့ အလုပ်ထဲကနေ
မင့်ရင်ဘတ်ထဲ ငါ ပြန်လာနေပါပြီ…

လူသူကင်းမဲ့နေတဲ့ မင့်ရဲ့ လမ်းများက
ခမ်းခြောက်သွားနေတဲ့ မြစ်တစင်းလိုလို…
ဘယ်လိုပဲဖြစ်ဖြစ် မင်းဟာ ချစ်စရာကောင်းတယ်…
(အနည်းဆုံး ငါ့အတွက်ပေါ့…)

အေးစက်တဲ့ မင့် ညနေခင်းတွေကို
ငါက ရင်နဲ့ရင်းပြီး ထွေးပွေ့ခဲ့ပါတယ်…
အနွေးဓါတ်တွေကိုတော့
ရှိရှိသမျှ အင်္ကျီအထပ်ထပ်နဲ့
ငါ့ဘာသာငါ ပြန်ပြီး ရစ်ပတ်ရသပေါ့လေ…

ခုညနေမှာတော့
မင့်ကို ပြောပြစရာတွေ
ငါ့မှာ အများကြီး ရှိနေခဲ့…
အက်စ်တိုးရီးယားရဲ့…

ခက်နေတာက
ဘာသာစကားပါပဲ…
ငါက နှလုံးသားကို သုံးတယ်…
မင်းက ဘယ်လိုဘာသာကို သုံးမယ် ငါမသိ…

ထားလိုက်ပါတော့လေ…
မင်း သုံးချင်ရာကို သုံးပါ့…

ကျိန်းသေတာတခုကတော့
မင့် ရင်ဘတ်ထဲ ရောက်နေတဲ့ ကဗျာဆရာဟာ
မာဂဒ ဘာသာစကားတွေကို
မဖတ်တတ်လေဘူးဆိုတာ
မင်းသိမယ် ထင်ပါရဲ့…

ဘာသာစကားကွဲလွဲမှုမှာ
မင်းနဲ့ငါ တခုတည်း မရှိတော့ဘူး ဆိုတာ
ငါသိတာပေါ့…

ဒါကလည်း
ပြဿနာ မဟုတ်ပါဘူးလေ…
ငါတို့ နှလုံးသားချင်း ရင်းနှီးနေကြတဲ့အခါ
မင်း ငါ့ကို နားလည်မှာပါ…
ဒါကို ငါက ယုံကြည်နေခဲ့ပြီးသား…

တခုပါပဲ
နှလုံးသားဆိုတာကလည်း
အရင်းနှီးဆုံး နီးကြတဲ့အခါ
ဘာသာစကားတွေ မလိုတော့ဘူး…

ငါ့နှလုံးသားနဲ့
မင်း နီးနေခဲ့ပြီလား…
အက်စ်တိုးရီးယားရဲ့…
နှလုံးသားချင်း နီးတဲ့အခါ
ချစ်ခြင်းမေတ္တာကိုလည်း ခံစားရသတဲ့…
အဲသဟာကို
ငါ ယုံကြည်ထားတယ်…
အက်စ်တိုးရီးယားရဲ့…

မင်းက
ငါ့စာမျက်နှာတွေကို ဖတ်ပေါ့…
ငါကလည်း မင့် စာမျက်နှာတွေကို ဖတ်မယ်…
ငါတို့ နှစ်ယောက်က အလွမ်း ပြဇာတ်တခုလိုလို…

နေ့တာတွေတိုစေသော မင့်ရဲ့ မနက်ခင်းတွေကို
ငါ တက်နင်း မသွားလေဘူး…
အက်စ်တိုးရီးယားရဲ့…
ညတာတွေရှည်စေခဲ့သော
ငါ့ရဲ့ နေ့လည်ခင်းတွေကိုသာ
မင်း… တိုစေလိုက်ပါ့…

ငါတို့ဟာ
တယောက်ထဲပဲ…
သို့မဟုတ်…
တနေ့ထဲပဲ…
သို့မဟုတ်…
တမျက်နှာထဲလေ…

ATN

Nov 22, 2009

အက်စ်တိုးရီးယား (၄)















ကောင်းမြတ်သော မင်္ဂလာမနက်ခင်းပါ
အက်စ်တိုးရီးယားရေ့…

အိပ်ယာဝင် နောက်ကျသွားခဲ့လေတဲ့
တေလေ တယောက်လို
မထချင်သလို ထချင်သလိုနဲ့
နိုးထလာခဲ့ရတဲ့ မနက်ခင်းလေ…
တနင်္ဂနွေနေ့ဆိုတာကိုတောင်
ငါ မေ့နေပေါ့…

မင့် မနက်ခင်းတွေကလည်း
အမြဲတမ်းပဲ မိုးတွေ စွေစွေနေပြန်တော့
လွမ်းအောင်ဖန်တယ်-ဆိုတဲ့ စကား
သတိရမိသွားသေးတယ်
အက်စ်တိုးရီးယားရေ့…

မြောက်ပြန်လေလို့ ခေါ်မလား
အေးစက်မှုများကို သယ်သယ်လာတဲ့ လေပြင်းပြင်းကြီးတွေ
မင်းရဲ့ လူသူကင်းမဲ့နေတဲ့ လမ်းများပေါ်
လမ်းသလားနေပေါ့…
ငါကတော့ ငါ့ဂျာကင်အင်္ကျီကို ဇစ်ဆွဲစေ့ရင်း
မင်းရဲ့ လမ်းတလမ်းကို နင်းလိုက်တယ်…

အေးစက်မှုကို ခံစားနေရတဲ့
ငါ့အရေပြားတွေဟာ
ဂျာကင်အင်္ကျီကို ခြုံလိုက်တဲ့အခါ
နွေးထွေးသွားကြတာပါပဲ…
သို့သော်လည်း
သည်အေးစက်မှုထက် အေးစက်တဲ့
မဲနက်စိုထိုင်းနေတဲ့
အအေးလှိုင်းတခုကို ခံစားနေရတဲ့
ငါ့နှလုံးသား
ဘယ်လို အင်္ကျီကိုများ
လွှမ်းခြုံထားရဦးမလဲကွယ့်..
အက်စ်တိုးရီးယားရဲ့…
ငါ့ကို ပြောခဲ့ဦး…

စောင် ခြုံရင် မလုံ
အချစ် ခြုံမှ လုံ-သတဲ့…

အက်စ်တိုးရီးယား ငဲ့…
ငါ့ရဲ့ ပျောက်ဆုံးနေခဲ့တဲ့ “နှင်း”…
မင်း ပြန်ရှာပေးပါလေ…
သူ့ အချစ်တွေကို ငါခြုံမှ
ငါ့ဘ၀လေး လုံတာပါ…

မင်းရဲ့ လမ်းတွေကို
လျှောက်လှမ်းမိတိုင်း
ငါ့ရဲ့ “နှင်း”ကို တမ်းတမိ…
ခုချိန်ဆို သူ ဘယ်လို ရှိနေမလဲ
သတိရနေတဲ့အခါ
ငါ့ နှလုံးသားတွေ နာကျင်…
ငါ ငိုချင်တယ်… အက်စ်တိုးရီးယားရေ့…

အလွမ်းသမား-လို့ ငါ့ကို မပြောနဲ့
အက်စ်တိုးရီးယားရဲ့…
အဖေ့ကို လွမ်းရင်း အမေက ငါ့ကို မွေးထားခဲ့တာ…
အလွမ်းဟာ ငါ မမွေးခင်ကတည်းက
ငါ့ရင်မှာ ၀င်ခိုနေပြီးသား…

မင်းရဲ့ မှုန်ရီဝေဆိုင်း
အေးစက်ထုံထိုင်းနေတဲ့ ရာသီရိုင်းရိုင်းကြီးက
ငါ့ အလွမ်းတွေကို နှိုးထနေတာပေါ့ကွယ့်…
အက်စ်တိုးရီးယားရဲ့…

မင်းရဲ့ မှောင်မဲ မှုန်ရီ အေးစက် စိုစွတ်နေတဲ့ မနက်ခင်းမှာ
လူ့ဘ၀အတွင်းမှာ မရှိတော့တဲ့ အမေ့ကို လွမ်းတယ်…
ကျန်းမာရေး မကောင်းတော့တဲ့ အဖေ့ကို လွမ်းတယ်…
ငါ့ဘ၀တခြမ်းလို ဖြစ်နေခဲ့တဲ့
ငါ့ရဲ့ အကိုကြီးကို လွမ်းတယ်…
လောကဓံ ကြမ်းကြမ်းကြီးတွေကို
ရက်ရက်စက်စက် ခါးစည်းခံနေရတဲ့
ငါ့ရဲ့ ညီမလေးကို လွမ်းတယ်…
အခန်းထောင့်တခုမှာ ငါထားပစ်ခဲ့တဲ့
ဂစ်တာလေးတလုံးကို လွမ်းတယ်…
နွေရာသီမှာ စမ်းချောင်းကလေး ဖြစ်ဖြစ်သွားတတ်တဲ့
ငါ့ရဲ့ ရွာလယ်လမ်းကလေးကို လွမ်းတယ်…
ညီအကိုအရင်းတွေလို ချစ်ခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေကို လွမ်းတယ်…
ညညတိုင်းမှာ ဂစ်တာထိုင်တီးခဲ့တဲ့
သစ်သားခုံတန်းလေးကို လွမ်းတယ်…
အပူအပင်တွေ လုံးဝ မသမ်းဖူးသေးတဲ့
ငါ့ရဲ့ ကလေးဘ၀လေးကို လွမ်းတယ်…
အနီးဆုံး ဖြစ်ပေမယ့်… ကမ္ဘာတခြမ်းစာ
အလှမ်းဝေးနေရရှာတဲ့ ချစ်သူကိုလည်း လွမ်းတယ်…

တကယ်တော့
ငါဟာ…
စိတ်ခံစားမှုတွေနဲ့ပဲ ကျွမ်းလောင်နေခဲ့တဲ့
အလွမ်းကောင်ကြီးပါ… အက်စ်တိုးရီးယားရဲ့…
ငါ့ကို စိတ်ရှည် လက်ရှည်နဲ့
ထမ်းပိုးထားပေးခဲ့တဲ့ မင်းကို
သည် မနက်ခင်းမှာ
ကျေးဇူးတင်လိုက်ပါပေရဲ့…
ညနေရောက်မှပဲ
မင်းနဲ့ တခေါက် ထပ်တွေ့မယ်လေ…

ATN

Nov 21, 2009

အက်စ်တိုးရီးယား (၃)




















အက်စ်တိုးရီးယားငဲ့…
မင့်ရဲ့ အေးစက်စက် ညနေစောင်းများက
ငါ့ရင်ဘတ် ဟောင်းလောင်းကြီးကို
ကောင်းကောင်း ဒုက္ခပေးလေတယ်…
ငါ့ ခံနိုင်ရည်တွေကို စမ်းသပ်နေခြင်းပေလား…
ငါ မအိုသေးပါဘူးကွယ့်…

တကယ်တမ်းမှာတော့
ငါဟာ ကဗျာဆရာတယောက်ရယ်ပါ
တံငါသည် တယောက် မဟုတ်ဘူးကွယ့်…
နေ့လည် ၂ နာရီဟာ ညနေ ၆ နာရီလို
မှိုင်းမှုန်ပြိုကျသွားတာကို
ငါ ဘယ်လို နားလည်နိုင်မလဲ…
ဒါကိုပဲ မင်းရယ်ပွဲဖွဲ့နေလေသလား…
အက်စ်တိုးရီးယားရဲ့…

ငါဟာ ငါး မမျှားတတ်သလို
ငါးလည်း မဖမ်းတတ်ဘူး…
ငါက အလွမ်းတွေကို အစာလုပ်ထားပြီး
အတွေးတွေချည့် လိုက်လိုက်မျှားတတ်တဲ့ကောင်ပါ…
“အောင်သာငယ်” ဆိုတဲ့
ခပ်ပုပုနဲ့ ပိန်ပိန်ပါးပါး ငတိဟာ
“ခံစားမှုတွေကိုချည့် လိုက်လိုက်မျှားနေတဲ့ တံငါပေါ့”လို့
မင်း ပြောချင်ရင်လည်း ပြောခဲ့ပေါ့…

ဒါနဲ့ ပြောရဦးမယ်…
မင့်ရဲ့ မျက်နှာနီနီနဲ့ ပင်လယ်တံငါသည်ကြီးတွေက
ငါ့ကိုတွေ့တိုင်း ပြုံးပြုံးသွားကြတာ
ဘာ့ကြောင့်လဲ…
ငါကပဲ လူရီစရာကောင်းနေလို့လား…
ဒါမှမဟုတ်
သူတို့နဲ့ ရုပ်ချင်း ခပ်ဆင်ဆင်ဖြစ်နေသလို
နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေ ထူလဗြစ်နဲ့
တံငါသည်ပေါက်စရုပ်ပဲ ဖြစ်နေလို့လား…
ဘာပဲဖြစ်ဖြစ်
သည်တံငါသည်ကြီးတွေကလည်း ချစ်ဖို့ကောင်းပါပေတယ်…
အူ ဟောင်းလောင်းတွေကို အစာ အပြည့်ဖြည့်ပေးဖို့
သူတို့ ခက်ခက်ခဲခဲ ငါးဖမ်းနေကြတာ
ငါ သိတာပေါ့…

တခါတခါမှာတော့
မင့်ဆိပ်ကမ်းက
ငါးဖမ်းစက်လှေတွေကို
ငါ ငေးရီကြည့်နေမိရင်း
မိုး၊ နှင်း၊ ရေခဲနဲ့ အေးစက်တဲ့ လှိုင်းတွေကြားထဲက
သူတို့ရဲ့ ဘ၀ရိုင်းရိုင်းကြမ်းကြမ်းကြီးတွေကို
ငါ့ စိတ်ကူးနဲ့ ငါ ဖမ်းယူ ဆုပ်ကိုင်ကြည့်နေမိသေးတယ်…
ငါ့ဘ၀ ကြမ်းတယ်ဆိုတာ
သူတို့အတွက် ရယ်ပွဲဖွဲ့စရာပါလေ…
ဒါကို ငါသိနေတာပေါ့… အက်စ်တိုးရီးယားရဲ့…
သီချင်း တပုဒ်ကိုတောင် ငါ သတိရမိသွားသေးတယ်…
တံငါသည်တွေအတွက် ဖွဲ့တဲ့တေး…
သူတို့အတွက် ငါ ဆိုခဲ့ချင်သေးတယ်…

နှစ်ထောင့် တဆယ့်တစ်မှာ
နှစ် ၂၀၀ ပြည့်တော့မယ့် မြို့အိုလေးငဲ့…
မင်းရဲ့ ရင်ဘတ်ထဲမှာ
ငါ ရောက်ရှိနေပါပြီ…
မင့်အတွက်လည်း ငါတေးသီပါဦးမယ်… အက်စ်တိုးရီးယားရဲ့…
တရက်ရက်ပေါ့လေ… …

ATN

Nov 20, 2009

အက်စ်တိုးရီးယား (၂)













အက်စတိုးရီးယားငဲ့…
မင့်ရဲ့ ညနေစောင်းများကလည်း
အေးအေးစက်စက်နဲ့ မဲမှောင် ရီဝေလှချည့်…
ငါ့ဘ၀ထက်တောင် ပိန်းပိတ်နေသလိုပဲ
အဲသဟာကို
ငါ့စိတ်ထဲက အလိုလို မုန်းတယ်…

ဟိုး မြောက်ပိုင်း ရေခဲ ပြည်နယ်များက
အအေးဓါတ် ခါးခါးကြီးတွေကို
သယ်ဆောင်ယူလာနေတဲ့
မင့်ရဲ့ ဦးခေါင်းထက်က လေစီးကြောင်း
ငါတို့ အဖော် အပေါင်း မလုပ်ရင်
ကောင်းမယ် ထင်တယ်..
မင်း ဘယ့်နှယ် သဘောရသလဲ…

အဲသည်လေစီးကြောင်းပေါ့…
ငါ့ခေါင်းပေါ် နှင်းမိုးတွေ ရွာရွာချတာ…
အေးစက်ပါတယ်ဆိုမှ
ငါ့မှာ နောက်တခါ စိုစွတ်ရသေး…
ငါက ငါ့ဘ၀လေးမှာ
မိုးပြိုလို့ ပြေးနေရတဲ့ကောင်ပါ…
ဒါတောင်
မင့်ရဲ့တောင်ကုန်းလေးတွေပေါ်မှာ
အစွမ်းကုန် ငါ ပြုံးပြနေသေးတာ
သူ ကြည့်မရဘူးထင်တယ်…

ထားပါတော့လေ…
အက်စ်တိုးရီးယားငဲ့…
မင့်ရဲ့ လမ်းများပေါ်မှာ
ငါ လျှောက်လှမ်းလာတဲ့အခါ
မင်းက ငါ့ကို ထမ်း
ငါက ငါ့ဘ၀ကြီးကို ထမ်း
“သန်းနိုင်”ရဲ့ “လမ်းဆက်လျှောက်မယ်” သီချင်းကို ငါကဆို…
“ငါ့ကို မုန်းတာ ဘယ်သူတွေလဲ သိချင်စမ်း”
ရူးနှမ်းနေတဲ့ တိရိစ္ဆာန်တကောင်လိုလို…
မင်းကတော့ ငါ့ကို နားမလည်နိုင်သလို ကြည့်နေခဲ့…

သည်မှာ
အက်စ်တိုးရီးယားရဲ့…
ငါ့ကို နားမလည်တဲ့သူတွေအထဲမှာ
“အောင်သာငယ်”ကိုယ်တိုင်ပါ ပါတာပေါ့…
ကျန်သူတွေ နားမလည်တာ
ဘာဆန်းမလဲ…
ဒါကိုပဲ မောင်ရင် သိမှ
စိတ်ဖြေသာရာ ရမှာပါ…

ရှုပ်ထွေးပွေလီနေတဲ့ သြကာသထဲမှာ
“အောင်သာငယ်”ဆိုသည့် ငတိသည်လည်း
ပွေလီရှုပ်ထွေးမှုတွေ အတိနဲ့ပဲ
ဘ၀လမ်းရှိရှိသမျှကို
နင်းလှမ်းနေဆဲဆိုတာ
မင်း သိလိုက်စမ်းပါ့…

ခုလည်း
ညဥ့်နက်နေပြီ…
သည်အခါ
မင့်မျက်နှာကို
ငါကောင်းကောင်း မမြင်ရတော့ဘူး…
ငါက အိမ်ပြန်ရဦးမယ့်သူပါ…
ငါ့အတွက်လည်း ဆုမွန်ကောင်းများ
သတိရတိုင်း တောင်းတောင်းထားပေးပါ့…
အက်စ်တိုးရီးယားရေ့…
နောက်နေ့မှပဲ ထပ်တွေ့ကြမယ်…
မင့်ကို ငါ ချစ်ပါတယ်… …

ATN

Nov 19, 2009

အက်စ်တိုးရီးယား (၁)














အက်စ်တိုးရီးယားရေ…
မြူတွေ ခိုး
မိုးတွေ စွေနေအောင် ရွာချတဲ့ တနေ့မှာ
ရွှေ့ပြောင်းတောင်ယာကြီး… ငါ…
မင့်ဆီကို ရောက်ချလာခဲ့…
တထောက်နားတယ်ပဲ ဆိုကြပါစို့…

အက်စ်တိုးရီးယား ငဲ့…
မင့်ရဲ့ ကိုလံဘီယာ မြစ်ကမ်းနံဘေးနားမှာ
အလွမ်းတေးများ ငါ မဆိုချင်ပါဘူး…
ချစ်ခြင်းနဲ့ ရူးသွပ်နေသူ တယောက်ရဲ့ နှလုံးသားဟာ
မေတ္တာတရားနဲ့ ခုန်လှုပ်နေရုံပါ…
(ဒါကြောင့်ပဲ)
ငါ အသည်းကွဲတယ်…
အချစ်သီချင်းတွေပဲ ငါ သီကျူးချင်…

ငါ… မအိုသေးပါဘူး…
သို့သော်လည်း…
လူ အိုအိုတွေ… အိမ် အိုအိုတွေ…
ကား အိုအိုတွေနဲ့… မြို့အိုအိုကလေးက…
ငါ့ သောက အိုအို ဟောင်းဟောင်းကြီးတွေကို
အလိုအလျောက် ကောင်းကောင်းမွန်မွန် အနွေးနွေး အထွေးထွေး…
ဆီးကြို ပွေ့ဖက်ပေးလိုက်တဲ့အခါ
အက်စ်တိုးရီးယားရေ့…
ငါဟာ ပြန်လည် ပျိုမြစ်
မင့်ကို ချစ်မိသွားပါပြီ…

မင့် ဆိပ်ကမ်းမှာ
မထစတမ်း ငိုက်မြည်းနေတဲ့ သင်္ဘော အိုအိုကြီးတွေက
ငါ့အတွက် ၀ိုင်နဲ့ ရောယှက်စရာ အမြည်းတွေ…
ရေခဲရေလို အေးမြ ပြစ်ခဲနေတဲ့ မြစ်ထဲမှာ
ငါ အသည်းကွဲခဲ့တာကို မသိတဲ့ ပင်လယ်ဖျံတွေ…
ခွေးတွေ ဟောင်သလို ဟောင်နေတဲ့
စီးလိုင်းယင်းဆိုတဲ့ အကောင်တွေက
“အောင်သာငယ်”ကို မသိဘူးကွယ့်…
အက်စ်တိုးရီးယားရဲ့…

အဲဒါကိုပဲ ငါက ရယ်ပွဲဖွဲ့နေခဲ့သေးတယ်…
ငါ့ အမည်ကို မသိတဲ့ ပင်လယ်ဖျံ တကောင်ကို
“အောင်သာငယ်”လို့ ငါ အမည် ပေးခဲ့တယ်…
အဲသည်အကောင်ကလည်း
ငါ့ကို ပြုံးပြနေပုံပါပဲ…
ဒါမယ့်
ငါအသည်းကွဲခဲ့တာ … ဒင်း… မသိဘူးလေ…
အဲဒီ အကောင်…
“အောင်သာငယ်” အတုပါ…
“အောင်သာငယ်” အစစ်ကိုတော့…
မင်း အခု ချစ်မှာလား…
အက်စ်တိုးရီးယားရဲ့…

ချစ်ချစ် မချစ်ချစ်
ငါကတော့ မင့်ကို ရင်ဘတ်ထဲ ပစ်ထည့်ခဲ့မိပြီ…
အက်စ်တိုးရီးယားရဲ့…

ခုညတော့ အလင်းတွေမဲ့ ခဲ့ပြီ...
မနက်ဖန်မှ… မင်းနဲ့ငါ …
နောက်ထပ်တခါ တွေ့ကြသေးတာပေါ့လေ…

ATN

Nov 13, 2009

စွန်းထင်းမှု (၃၂)

အနာဂတ်

ဘာတွေကို
သယ်ဆောင်လာဦးမယ်ဆိုတာ မသိနိုင်ပြန်ဘူး...
အတိတ်မှန်ကို ကြည့်မိတဲ့ အခါမတော့
ငါ့ ခန္ဓာကိုယ်မှာ
ဒဏ်ရာတွေချည့်...


ATN