Jun 26, 2011

အနောက်အရပ်အား ကျောက်ချထားပေးပါ့ ဘုရားသခင်...
























ပင့်သက် ခပ်တိုးတိုးကို ပင်လယ်များ ကြားအောင် ကျယ်လောင်စွာ ကျနော် ရှိုက်ခဲ့မိပြီ...
ရူးသွပ်မိုက်မဲစွာ သူ့ကို လိမ်လိမ်မာမာ ချစ်ခဲ့မိသောအခါ
ကျနော့် ကောင်းကင်ပြာပြာကြီးမှာ စိမ်းစိမ်း စိုစို လန်းလန်းဆန်းဆန်း ပွင့်လန်းနေပါတော့သည်...
အရှေ့အရပ်က ထွက်သော နေသည် သူနှင့်ကျနော် သိမ်းပိုက်ထားသောမြို့မှာ လုံးဝ လက်နက်ချခဲ့လေသည်...
အနောက်အရပ်မှာ မည်သို့သော အကြောင်းနှင့်မျှ နေမ၀င်စေရတော့...
သူ့ ဆံစ ကောက်ကွေးလေးများအတွင်း မနက်ခင်းနေကို ပန်းတပွင့်လို ကျနော် ချပ်ရပ်ပြီးသည့်အခါ...
ကျနော့် ဘ၀၏ နတ်သမီးမလေးအား ဗီးနပ်စ်-ဟု ကျနော် အမည်ပေးပါမည်...
သူပြုံးနေသည်ကို မြင်ရရုံနှင့် ကျနော့်ရင်ခုန်သံများ ပန်းရထားတစင်းဖြစ်ခဲ့ပြီ...
ထိုရထားသည် အရှေ့ မြို့ရိုးဆီသို့သာ ဦးတည်ပါမည်...
အနောက်အရပ်အား ကျောက်ချထားပေးပါ့ ဘုရားသခင်...

atn

Jun 25, 2011

နွေဦး နှင်းတို့ဖြင့် ကြွင်းရင်း...


















ကြိုးတကာမှာ
မမြင်ရတဲ့ ကြိုးတွေဟာ ပိုမို ထူထဲနေကြ...
အပင်တပင်ကို ပျိုးမိတဲ့ အခိုက်အတန့်ကျမှ
ရေလောင်းပေါင်းသင်ရတဲ့အကြောင်းကို
ကောင်းကောင်း လေ့ကျက်မိ...
အတ္တနှင့် ထိတွေ့လိုက်မိသော အရာအားလုံး
မိုးဦးကျ ပန်းပွင့်များလိုလို
စိမ်းစိမ်း စိုစို လန်းလန်းဆန်းဆန်း
လန်းရင်း... လွင့်ရင်း...
မနက်ခင်းကို ဆွဲဖွင့်လိုက်မိသော လက် အစုံမှာ
အပြာရောင် မှုန်နံ့သာအလွမ်း အစအနများဖြင့် ပေကျံစွန်းထင်းလျက်...
နှင်း မမှုန် ဆောင်း မရောက်ရသေးသော်ငြား
နှလုံးသား တံခါးပေါက်မှာ ရေခဲများ ကျောက်ဖြစ်ရုပ်ကြွင်း ဖြင့်သာ...
သည်လိုနဲ့ပဲ
အရာရာမှာ နောက်ကျနေခဲ့တဲ့ နွေဦးဟာ...
မောင်ပေါ့...
သစ်ရွက်ကလေးတရွက်ကြွေကျသွားမယ်ဆိုတာ မသိခဲ့ဘူး...

atn

Jun 16, 2011

အေတီအန်လည်း အများနည်းတူပါပဲ...





















ဖြစ်နိုင်သမျှအရာအားလုံးကို နှုတ်ဆက်လိုက်စမ်းပါ...

နောက်တနေ့ မနက်မှာ ပန်းနီနီ တပွင့်ကို မနက်ခင်း နှင်းဖြူဖြူတွေကြားထဲမှာ ရှက်သွေးပြာပြာနဲ့ နင် ပန်ဆင်လာနိုင်တယ်... ငါ့အတွက်...

ငါ့မှာ ငါကိုယ်တိုင် ပစ်လို့ခတ်လို့ကောင်းခဲ့ဖူးတဲ့ သေနတ် အဟောင်း တလက်လည်း ပြန်လည်ပြီး ရှိကောင်း ရှိလာနိုင်ပါ့... ငါ့ရန်သူတွေအတွက်...

ဒီမိုကရေစီ ရွှေသီး... ငတို့မြေကြီးမှာ ကောင်းကောင်း သီးပွင့်လာမှာ... စိတ်ရှည်ရှည်ထားစမ်းပါ...ကွယ့်... သင်တို့ အားလုံးအတွက်...

မိန်းကလေးတယောက်ရဲ့ အချစ်ကို တမိနစ်နဲ့ မရနိုင်ဘူး... နှစ်၂၀ ကြာချင်ရင်လည်း ကြာမှာပေါ့... ဖြစ်နိုင်ချေရှိနေတာပဲကို... မင်းတယောက်ထဲအတွက်...

ဟို နယ်စပ်က အမိုးတို့ရွာလေး ပြာကျသွားခဲ့တယ်... သို့သော်လည်း နောက်နှစ် ၂၀ ကြာရင် မြို့တမြို့ ဖြစ်ချင်ရင်လည်း ဖြစ်သွားမှာပေါ့... ဖိုးခွားတို့ အတွက်...

အသက် ၇၀ ပြည့်တဲ့ နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ... သမ္မတ ဖြစ်လာမှာ မဟုတ်ဘူးလို့ နင် ပြောနိုင်သလား...ဗမာပြည်အတွက်...

ATN

သရုပ်ဖော်ပုံကို ညီမငယ် ပန်ဒိုရာ(http://pandora-and-pandora.blogspot.com)က ကျေးဇူးပြုပါသည်။

Jun 13, 2011

အရိန္ဒမာ တလက်သာ ကျနော့်ကို ပေးပါ့ မေမေ...




















ကျနော့်ကို အသစ်တဖန် ပြန်မွေးပေးပါမေမေ...
ကျနော်ဟာ ဖေဖေ့သား မဖြစ်ချင်တော့ဘူး...
ကျနော်ဟာ မေမေ့သားပဲ ဖြစ်ချင်တယ်...

နှင်းတွေ ရေတံခွန်လို ထိုးဆင်းလာတဲ့နေ့မှာ ကျနော်ဟာ ရပ်တန့် ငေးမောနေမိတယ် မေမေ...
အချိန်ကာလတွေဟာ တံစိုးလက်ဆောင်လို ကံကြမ္မာကို အယောင်ဆောင်မှုတွေနဲ့ လာဘ်ထိုးတယ်...
အဆိုးအကောင်းတွေဟာ မျက်နှာဖုံးမျိုးစုံနဲ့ တိုးတိုက်လာခဲ့တဲ့ လေဟာနယ်မှာ
ကျနော် ရွေးချယ်စရာတွေ သိပ်များစွာ မရှိဘူး မေမေ...
ကျနော့် စာမျက်နှာကို မျက်နှာ မမူဘူးရင်
ကျနော် ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပင်လယ်ကို ဘယ်လို ဖြတ်ကူးမလဲ ဘယ်သူ သိနိုင်မှာလဲ မေမေ...
အမြဲ ရှုံးနိမ့်ခဲ့ပေမယ့် စစ်မျက်နှာတိုင်းမှာ ကျနော်ဟာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေဆဲပါပဲ မေမေ...
ကျနော့် လက်ထဲမှာ ရှိနေနေတာကတော့ လဲကျသွားလည်း ပြန်ထလာခဲ့ သားရဲ့... ဆိုတဲ့ မေမေ့ စကားလေး တခွန်းပဲ...
ကျနော်ဟာ အကြိမ် ဘယ်လောက်များစွာ လဲကျခဲ့ပြီးပါပြီလဲ မေမေ...
ကျနော်သိနေတာကတော့ ကျနော်ဟာ ခုထက်ထိ ကျနော့် ခြေထောက်အပေါ်မှာ ရပ်နေမိတုန်းပဲ...
ကျနော် အတောင်ပံတွေ ဘယ်သူ့ဆီကမှ မငှားမိသလို...
ဘယ်သူ့ နှာခေါင်းကိုမှလည်း ကျနော့် ခေါင်းမှာ မတပ်ထားမိပါဘူး မေမေ...
တခါတခါမှာ ကျနော်ဟာ ငိုကြွေးရင်းကကို စစ်ရထားတစင်းလို ကံကြမ္မာကို တက်နင်းပစ်ခဲ့ပါတယ် မေမေ...
ကံကြမ္မာကို လှံနဲ့ ထိုးပစ်ခဲ့ဖို့ရာ ကျနော့်မှာ အရိန္ဒမာ-တလက်လောက်တော့ ပက်ပက်စက်စက်ကို လိုအပ်နေပါပေါ့ မေမေ...

ATN

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၄)

















အပိုင်း (၃)

မိတ်ဆွေ သူငယ်ချင်း ဆိုသည်မှာ မည်သို့သော အရာနည်း။ မသိပါ။ တယောက်တည်း ရှင်သန်နေနိုင်သူသည် မိတ်ဆွေ သူငယ်ချင်း အဖြစ် တစုံတယောက်ကို လိုအပ်လိမ့်မည်လား။ မသိပါ။ တစုံတယောက်ကို မိတ်ဆွေ သူငယ်ချင်း အဖြစ် လိုအပ်နေသူသည် တယောက်တည်း မရှင်သန်နိုင်နေသူလား။ မသိပါ။ အထီးကျန်နေသူ တယောက်သည် မိတ်ဆွေသူငယ်ချင်းတယောက်ယောက် ရှိကိုရှိရလိမ့်မည်လား။ မသိပါ။ လောလောဆယ်ဆယ် မိတ်ဆွေ သူငယ်ချင်း တစုံတဦးမျှ မရှိသူသည် အထီးကျန်နေသူလား။ မသိပါ။ တယောက်တည်း မရှင်သန်နိုင်သူသည် အထီးကျန်နေသူ တယောက်ဖြစ်မည်ထင်သည်။ မသေချာပါ။ အထီးကျန်မှုကို ခံစားနေရသူသည် သူ့ပတ်ဝန်းကျင်ထဲသို့ မည်သို့သော မက်ဆေ့များကို လွှင့်ထုတ်မည်လဲ။ မသိပါ။ တယောက်တည်း မရှင်သန်နိုင်ကြောင်း၊ မိတ်ဆွေ သူငယ်ချင်း တစုံတဦးကို လိုအပ်နေကြောင်း သတင်းပို့ချက်များ လွင့်ပြန့်နေမည်လား။ မသေချာပါ။ မိတ်ဆွေ သူငယ်ချင်းအဖြစ် တစုံတဦးကို ရရှိနေသည့်အခါ အထီးကျန်မှုများ သေဆုံး ပျောက်ကွယ် သွားလိမ့်မည်လား။ မသိပါ။ သေချာသိသည်မှာ မိတ်ဆွေ သူငယ်ချင်းများစွာ မရှိခဲ့ခြင်းသော အဖြစ်ကိုသာ ၀တ်ရုံတခုလို ခြုံခဲ့ဖူးသော အတိတ်ကာလသည် ကျန်ရစ်ခဲ့ပြီ။ သေချာသိသည်မှာ မိတ်ဆွေ သူငယ်ချင်း တစုံတဦးမျှ မရှိသော ဘ၀မှာ ရင်ထဲမှ ရှိသမျှသော ခံစားချက်များ ဝေဒနာများကို လွှင့်ထုတ် ဖြန့်ကျဲပစ်လိုက်ဖို့ရာ စကားပြောစရာ ရင်ဖွင့်စရာအဖြစ် ဘလော့ တလုံးကို တည်ဆောက်မိခြင်းသာ ဖြစ်သည် မဟုတ်လား။ သေချာပါသည်။ တယောက်တည်း ရှင်သန် မနေနိုင်သူသည် အထီးကျန်နေသူ ဖြစ်သည်။ အထီးကျန်နေသူများသည် ဘလော့ တလုံးလောက်တော့ အနည်းဆုံး ပိုင်ဆိုင်ကြသည်။ မဟုတ်လား။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း(၃) အစ

- (မေ)ပါ အကို... နေကောင်းလား... -
- ဟုတ်ကဲ့... ကောင်းပါတယ်... မမေရော နေကောင်းလား... -
- ဟုတ်ကဲ့ အကို... မေ-လို့ပဲ ခေါ်ပါနော်... ညီမက အကို့ထက် အများကြီးငယ်ပါတယ်... ၁၉၇၄ မှ မွေးတာဆိုတော့ အကို့ထက် ၁၀ နှစ် ငယ်ပါတယ်... -
- အင်း... ဟုတ်ပါပြီ... -
- မေ-က မကာအိုမှာပါ အကို... -
- သြော်... ဟုတ်လား... ကျနော်က စလုံးလား- ဟောင်ကောင်လား- ထိုင်ဝမ်လား - တခုခုပဲ ထင်နေမိတာ... ကျနော် ထင်ရင် လွဲတာချည့်...း( ....
-း) .... အင်းလေ... မေ-ရေးတဲ့ စာတွေ ဖတ်မိရင် အဲလိုပဲ ထင်မှာပေါ့... အကို့စာတွေ ဖတ်ရင်တော့ အမေရိကမှာမှန်း တန်းသိတာပဲ... အကိုက ပေါ်တင်တွေ ရေးတင်နေတာကိုး... -
- အင်း မသိတော့ပါဘူးဗျာ... -
- အကို့ စာတွေ ကဗျာတွေကို မေ- အတော် နှစ်သက်တယ် အကို... -
- ကျေးဇူးပါ ဗျာ... နောက်မှ တွေ့မယ်ဗျာ... ကျနော် သွားစရာ တခုရှိသေးလို့... -
- ဟုတ်... -
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း(၃) အလယ်

- အကို နေကောင်းလား... -
- ကောင်းပါ့... အဲမှာ ည သန်းခေါင်ကျော်နေပြီ မဟုတ်လား... မအိပ်သေးဘူးလား မေ... -
- အိပ်တော့မလို့ပဲ... ခုတော့ အိပ်သေးဘူး... အကို လိုင်းပေါ်တက်လာတာတွေ့လို့ လှမ်းခေါ်လိုက်တာ... အကိုနဲ့ စကားပြောရတာ စိတ်ချမ်းသာတယ်... -
- အဲ... ဘိုဖြစ်လို့လဲ... စိတ်ချမ်းသာအောင် ဘာမှလည်း မပြောမိပါဘူး... -
- မဟုတ်ဘူးလေ... မေ-က သည်မှာ ကြုံတွေ့နေရတာတွေကို ပြောပြရမယ့်သူက မရှိတော့ ပြီးတော့ အွန်လိုင်းမှာ ခင်တဲ့ ဘလော်ဂါဆိုတာကလည်း အကို တယောက်ပဲ ရှိတော့ အကို့ကိုပဲ ပြောပြနေမိတာ... အကိုက စိတ်ရှည်လက်ရှည် နားထောင်ပေးတယ်... ပြီးတော့ မေ- စိတ်ဓါတ်ကျတဲ့အခါ အားလည်း ပေးတတ်တယ်... မေ- စိတ်ညစ်နေတဲ့အခါ ရီစရာတွေ ပြောပြီး မေ့-ကို ပျော်အောင် လုပ်တတ်တာ ဆိုတော့ အကိုနဲ့ စကား ပြောရရင် စိတ်ချမ်းသာတယ်..-
- အင်းလေ... အကို ခုလို ကြားရတာ ၀မ်းသာပါတယ်... မိတ်ဆွေ သူငယ်ချင်းတွေ ဆိုတာ တယောက်ကို တယောက် အားပေးရမှာပေါ့ မဟုတ်ဘူးလား... -
- ဟုတ်တယ်လေ... ဒါကြောင့်လည်း အကို စိတ်ဓါတ်ကျနေတယ် ထင်တဲ့အခါ အကို့ကို မေ့ အချိန်တွေပေးပြီး အနားမှာ စကား လာပြောပေးနေတာ အကို မသိဘူးလား... -
- အင်း... သိပါတယ်... အဲ အတွက်လည်း ကျေးဇူးပါ မေ... -
- ကျေးဇူးတင်စရာ မလိုပါဘူး အကို... အဲဒါကမှ သူစိမ်းဆန်တာ... -
- အယ်.. အဲလိုတော့ မဟုတ်ပါဘူး... ဒါပေမယ့် အကိုနဲ့ မေနဲ့က စကားတွေ အများကြီး ပြောဖူးတယ်... ဖုန်းနဲ့ တခါတလေ စကား ပြောဖူးတယ်... ဓါတ်ပုံတွေ အပြန်အလှန် ပို့ဖူး မြင်ဖူးတယ်... ဗီဒီယိုချက် ၂ ခုမှာ တယောက်ကို တယောက် စက္ကန့် ၂၀ စီလောက် တွေ့ဖူးတယ်... လူချင်းကတော့ တခါမှ မတွေ့ဖူးတော့ အလွန်ရင်းနှီးသောသူစိမ်းတွေပဲ မဟုတ်လား... ဒါကြောင့် ကျေးဇူးတင်တယ် ပြောတာ... -
- ဟမ်... ဘယ်လို ပြောလိုက်တယ် အကို...  အလွန်ရင်းနှီးသောသူစိမ်း ဟုတ်လား... အကို့ကို တော်တော် အမြင်ကပ်နေပြီနော်... -
- မဟုတ်လို့လား... ကပ်ချင်လည်း ကပ်ပေါ့... -
- ကပ်တယ် ကပ်မယ်...ဒါပေမယ့် သူစိမ်း-ဆိုတာကြီးကို အကို ဖြုတ်ပေးပါ... အလွန်ရင်းနှီးသော-ဆိုတာကိုပဲ ချန်ထားပါ... ဒါပဲ... -
- အား... ရာဇသံ-လား... အမိန့်-လား... -
- တခုမှ မဟုတ်ဘူး... အကို့ကို မေ- တောင်းခံနေတာပါ... -
- အလိုဗျာ... ပေးစရာ ပိုက်ပိုက် တပြားမှ မရှိဘူး... -
- အကိုနော်... လျှောက်နောက်မနေနဲ့... မေ-က အတည် ပြောနေတာ... မေ့-ကို ၀မ်းနည်းအောင် မလုပ်နဲ့..-
- အာ... ဘာလုပ်လို့လဲ... ပျော်အောင် စနေတာကို... -
- သူစိမ်း မဖြစ်အောင် မေ-လုပ်ရတော့မှာပေါ့... -
- အမ်... ဘာလဲ.. -
- အကို့ကို မေ-ချစ်တယ်... အလွန်ရင်းနှီးချင်တယ်... သူစိမ်းမဖြစ်ချင်ဘူး... ဒါပဲ... သွားပြီ... သူစိမ်းဖြစ်ချင်ရင် နောက် ဘယ်တော့မှ စကားလာမပြောနဲ့တော့... -
- ဟယ်... -
May did not receive your chat.

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၃) အဆုံး

Love is a language spoken by everyone, but understood only by a heart.
~ Shirley Rindani ~

မိတ်ဆွေ အပေါင်းအသင်း ဖြစ်သွားကြတာတွေ... စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ... ဒါတွေ တကယ်တော့ မဆန်းပေ... သည်လို အဖြစ်မျိုးထဲမှာ... ချစ်ကျိုးနည်းရမှာလားလေ... တက္ကသိုလ်ကျောင်းက ငွေလမင်းရေ... ဘယ်ကမ္ဘာသွား... ဘယ်မှာများ သာနေပလဲလေ...

သီချင်း အချို့သည် စိတ်ကို တက်ကြွလာစေသည်။ ဥပမာ - စစ်ချီသီချင်းများ၊ ကြိုးကြာသံ- ကဲ့သို့သော ဘ၀အားမာန်ကို ဖွဲ့ဆိုသော သီချင်းများ။ သီချင်းအချို့သည် ပျော်ရွှင်စရာ ကောင်းသည်၊ ထကချင်စရာ   ကောင်းသည်။ ဥပမာ... ဒိုးကလေး နှင့် နပမ်းဆံ -ကဲ့သို့သော သီချင်းများ။ သီချင်းအချို့သည် ချစ်ခင်မြတ်နိုးစရာ ကောင်းသည်။ ဥပမာ - ဇော်ဝမ်း-ဆိုခဲ့သော ကြယ်ကလေး သီချင်းမျိုး။ သီချင်း အချို့သည် ၀မ်းနည်းစရာ ကောင်းသည်။ ဥပမာ - နောက်ဆုံးအိပ်မက်-ကဲ့သို့သော သီချင်းမျိုး။ သီချင်း အချို့သည်   ကြေကွဲစရာ ကောင်းသည်။ ဥပမာ - မုန်းရစ်လေဦး။ သီချင်းများကို    နှစ်သက်သူတိုင်း ပျော်ရွှင်စရာ သီချင်းများကိုသာ သီဆို နားဆင်လိုကြမည်သာ။ သို့သော်လည်း ဘ၀သည် ပျော်ရွှင်စရာ သီချင်းများကို ခံစား သီဆို နားဆင် ပြီးသွားသော အခါ ၀မ်းနည်း ကြေကွဲစရာ သီချင်းများကို နာကျင် သီဆို နားဆင်နေရသည့် ဖြစ်စဉ်ကြီးတခု မဟုတ်လား။ မိတ်ဆွေ သူငယ်ချင်းများကို ရရှိပြီးမှ မိတ်ဆွေ သူငယ်ချင်း အဖြစ်မှ ဆုံးရှုံးရသည့် အဖြစ်ကိုလည်း မလိုချင်။ ချစ်ပြီးမှ မုန်း-အဆုံးသပ်ကိုလည်း မလိုချင်။ ကြေကွဲစရာ သီချင်းများကိုလည်း နားမဆင်ချင်ပါ။
----------------------------------------------------------------------------------
မုန်းလျင် အပြစ်... ချစ်လျင် အကျိုး... မြတ်နိုးတော့ သဒ္ဓါ... အိပ်မက် သံသရာမှ နိုးထစေချင်သည်... ဖြိုးဖျ ရွှေရင် ဘ၀င်သိမ့်သိမ့် ငြိမ့်ငြိမ့်ရည်... ကျမတို့ ငယ်ငယ် အမိရယ် အဖရယ် ဘ၀၀ယ် စုံစုံညီ... ချစ်သဒ္ဓါလောင်း လှစ်ကာပြောင်း... ချစ်ကြောင်း ကုန်စင်သည်... ချစ်ကြောင်း ကုန်စင်သည်... တမိတ၀မ်း ချမ်းမြလျှမ်းပ... ဘယ်သူ့မှ မမျှမဝေ... ရလေ လိုလေ... ချစ်ခဲ့မိပါသည်...


သစ္စာအမြဲ မရမနေအထိသာ... မေတ္တာအသည်း မျှဝေကြည့်ကာ.. သိရတာ စာနာပြီ... သနစ်ဇာတ်နမူ စုံလျှင် မမေ့ပြီ... အချစ်-ငတ်သူတွေ တပုံတပင် တွေ့ရပါပြီ... ချစ်တတ်သူ အဆွေ... ဘ၀င် ဟာဒယထဲ... အသည်းတွေ ခွဲဝေ... ပေးနိုင်ရပါမည်... မေတ္တာ ယူတော့... မေတ္တာပေး... တေး အဓိပ္ပါယ် အသွယ်သွယ် ထူးတလီ... ကျေးဇူး တင်ရပါလေမည်...


ကျေးဇူးသခင် အရှင်များပြား... ဝေးကွာငြားလည်း အသည်းက မေတ္တာ အခါခါရည်... မောင်လေး-ညီမလေးများကိုဖြင့်... ခွန်းဆင့်ကဗျာ... မှာပါမည်... ကျနော်တို့-ကျမတို့သည်... ကျနော်တို့-ကျမတို့သည်... ချစ်လေသူကို... ချစ်လေသူကို... ကိုယ်က တဖန် ပြန်လည် ချစ်တတ်ကြပါစေအတည်... ဘ၀တေးဆိုလျင်... ခဏကလေး မဆိုချင်... ကျော့ကျော့လွင်လှ... အသွင် လှပါစေမည်... သို့သော်လည်း... မုန်းတေးတခါ ကျော့လျင်... ချစ်တေး တရာ နှစ်ရာ သုံးရာ လေးရာ... အခါခါ ကျော့စေချင်ပါသည်... အခါခါ ကျော့စေချင်ပါသည်...

(ဆက်လက်ဖော်ပြပါမည်)

Strayed Heart

Jun 10, 2011

မီရှဲလာသို့...




















မီရှဲလာ... ညည်း မျက်လုံးပြာပြာလေးတွေဟာ ချစ်ဖို့ကောင်းတယ်... ညည်း ဆံပင် တွန့်လိမ် ကောက်ကွေးလေးတွေဟာ ပွတ်သပ် ဆော့ကစားချင်စရာကောင်းတယ်... ညည်းက ဂစ်တာတလုံး လွယ်လာတော့မှသာ ငါက ညည်းကို စကား ပြောဖြစ်တာ... နင် ဂစ်တာတီးသလား... ဆိုတော့... အင်း... တဲ့... နင်ကရောတဲ့... ငါ့ကို ပြန်မေးတဲ့ နင့်မျက်လုံးလေးတွေဟာ ကလေး တယောက်လိုပဲ... ပြာလဲ့နေရော... တီးတာပေါ့... နင့် အသက်ထက်တောင် ကြီးဦးမယ်လို့ ငါပြောတော့... ကျမ အသက် ၂၀ ပြည့်ပြီးပြီ-တဲ့... ငါ့ သမီးလေးသာ ညည်းဖြစ်လိုက်ပါတော့လား... မီရှဲလာ... သား ၃ ယောက် ရှိတဲ့ ဖခင်တယောက်ဟာ သမီးလေး တယောက်တော့ လိုအပ်နေပါတယ်... အဖေကို နွဲ့ဆိုး ဆိုးမယ့် သမီး ဆိုးဆိုးလေး တယောက်ကို ငါလိုအပ်နေတော့တာပေါ့... မီရှဲလာ... ညည်းကြည့်ရတာကလဲ ခပ်ဆိုးဆိုးလေးပဲ မဟုတ်လား... မျက်နှာထား တင်းတင်းနဲ့ လောကကြီးထဲ ခပ်ရဲရဲ နင်းချလာတဲ့ ညည်း ခြေလှမ်းတွေကို ငါ ကြိုက်တယ်... ခပ်မိုက်မိုက် သမီးဆိုးတယောက်ကို ဖခင်က မျက်ထောက်နီနဲ့ ကြည့်သလိုမျိုး ငါကြည့်မိတော့ ညည်းက ငါ့ကို မေးပါလေရော... ဘာလို့ ငါ့ကို အဲသလောက် ကြည့်နေရတာလဲ... တဲ့... အေး... နင်သာ ငါ့သမီးဆိုရင် ညည်းလက်မောင်းက တက်တူးကို အရေခွံနဲ့ပါ တွဲပြီး ခွာပစ်လိုက်ပြီးပြီ-ဆိုတော့ နင်ရီတယ်... ဟက်ဟက်ပက်ပက်... ပြီးတော့မှ ပြောတယ်... အဲသည် တက်တူးဟာ ဒေါ်လာ ၂၀၀ တန်သတဲ့... ဘုရားရေ... မီရှဲလာ... နင့်လုပ်စာ နာရီ ၂၀...ကို နင့်လက်မောင်းမှာ စုဆောင်းထားတယ်လား... အဲသလို ငါပြောတော့... နင့် ရီမောသံလေးတွေဟာ တော်တော် ချစ်ဖို့ ကောင်းတာပဲ... ညည်းလိုမျိုး သမီးလေး တယောက်ကို ဘာကြောင့် ငါမရခဲ့တာလဲ... မီရှဲလာ... ငါ့သားကြီးဟာ ခုမှ အသက် ၁၄ နှစ်ပြည့်မှာ... ညည်းသာ ငါ့သမီးဆိုရင် သားကြီးဟာ သူ့ အမကြီးကို သိပ်ချစ်မှာပဲ... ... လို့ ငါ ဆိုတော့... ငါ့မှာ မောင်နှမ ၁၄ ယောက် ရှိတယ်-တဲ့... ဟယ်... တကယ်လား ဆိုတော့... ဟုတ်တယ်-တဲ့... ငါတို့ကို အစိုးရက မွေးစားထားတာလေ-တဲ့... ငါ့အဖေနဲ့ အမေကို ငါကိုယ်တိုင် ဘယ်သူမှန်း မသိဘူး-တဲ့... မီရှဲလာရယ်... ဒါကြောင့်ပဲ နင့်မျက်နှာလေးက အမြဲပဲ တင်းမာနေတာကိုး... ဒါကြောင့်ပဲ နင့် ခြေလှမ်းတွေက အမြဲပဲ ရဲရင့်နေတာကိုး... မီရှဲလာ... နောက် တနှစ်ဆိုရင်... အမေရိကားမှာ တရားဝင် နင် အရက် ၀ယ်သောက်လို့ရပြီ... မီရှဲလာ... ငါ စိတ်ပူတယ် မီရှဲလာ... နင်သာ ငါ့သမီးလေးဆိုရင်... မီရှဲလာရယ်... ... အိုး... မီရှဲလာရယ်... နင်... နင်.. လိမ်လိမ်မာမာနေပါ သမီးရယ်...

ATN

Jun 6, 2011

အပြာရောင်ဒိန်ခဲ (Blue Cheese)


















ဒိန်ခဲ တတုံး ၀ယ်ခဲ့ပါတယ်... အပြာရောင်... အိမ်ပြန်တော့ မှောင်နေပြီ... သေသွားတဲ့ ကြောင်ကြီးတကောင်ကိုလည်း သတိရနေမိပေါ့... ကဗျာတွေကိုတော့ မရေးဖြစ်တာကြာပြီ... အရှေ့ဆီမှာ ရောင်နီလေး သမ်းလို့လာပြီ မိုးလင်းတော့မယ် ထတော့ ညီမလေးရယ်-ဆိုတဲ့ ထီးဆိုင်သီချင်းကလည်း ညကြီးမှောင်မဲထဲ မျှော်လင့်ချက်ပေပဲလား... ကားရှေ့ မီးရောင်မှာတော့ နက်ပြောင်နေတဲ့ ကတ္တရာလမ်းမ... လူတကာကို ပြောင်ပြ နေသလိုလို... အမေရိကရဲ့ ညများက အရောင်စုံတယ်ဆို... ကိုကာကိုလာ တခွက်သောက်ရင်း မူးသွားတဲ့ညက ရမ်းကားနေပုံ... ဂျက်ကို လည်ပင်း မဖက်ရသေးတဲ့ ရင်တွေ ခုန်သွားကြ... အမူးသမားည... တွေ့သွားရင်... ဆက်မတွေးချင်တော့ဘူး... မမူးရသေးလို့ပါပဲ... ၀ယ်ခဲ့တဲ့ ဒိန်ခဲကို တဖဲ့ဖဲ့တယ်... အပြာရောင်တွေ လက်ဖ၀ါးအပေါ် ကျိုးပဲ့ကြေကျသွား... အပြာရောင် ဒိန်ခဲထဲမှာ... အချိန်ကာလတွေကို အေးခဲထားတဲ့ သိပ္ပံခေတ်လွန် ၀တ္ထုတိုတွေထဲက စကားလုံးတွေ ပါသလား... ဘုရားသခင် ကယ်မပါ... ဒိန်ခဲအပြာက အော်တယ်... ကျနော် ဘာလုပ်မိလို့လဲ-တဲ့... ဟဲ့... နင်က- ဒိန်ခဲ... ပြီးတော့- အပြာ ... ပြီးတော့ နင့်မှာ Gender ရှိတာ မဟုတ်ဘူး-တဲ့... တစုံတယောက်က ပြာပြာသလဲ ၀င်ပြောနေပေါ့...ဒုက္ခပါပဲဗျာ...ဒိန်ခဲတွေမှာလည်း အပြာဆိုတာ ရှိမပေါ့... ခင်ဗျားတို့ကတော့ ဒိန်ခဲတွေကို ဘာအရောင် ဖြစ်စေချင်နေလို့လဲ... ဒိန်ခဲဆိုတာ ဒိန်ခဲပဲ... မိန်းမလည်း မဟုတ်ဘူး... ယောက်ျားလည်း မဟုတ်ဘူး... ဒိန်ခဲ အပြာက ကက်ကက်လန်အောင် ရန်ထောင်နေပေါ့... ဒိန်ခဲ အပြာတွေကို ၀ယ်မိတာ မှားပြီ ထင်တယ်...

ATN

Jun 5, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၃)
















အပိုင်း (၂)

နားလည်မှု ဆိုသည်မှာ မည်သို့သော အရာနည်း။ မသိပါ။ လူ တယောက်တည်း ရှိနေသည့်အခါ နားလည်မှုကို မလိုပါ။ ၂ ယောက်နှင့် ၂ ယောက်အထက် ရှိမှသာ လိုအပ်လာသည့် အရာဟု ထင်သည်။ ထိုအရာသည် မည်သို့နည်း။ မသိပါ။ တယောက်တည်း ရှိနေသည့်အခါ ထိုအရာကို မလိုအပ်သည်ကိုသာ သိသည်။ သို့သော်လည်း တယောက်တည်း ရှိမနေသည့်အခါ ထိုအရာကို လိုအပ်လာနေသည်ကိုလည်း သိလေသည်။ နားလည်မှု ဆိုသော ထိုအရာသည် မည်သည့်အရာနည်း။ အပေး အယူလား။ တဖက်သပ်ပေးခြင်းလား၊ တဖက်သပ် ယူခြင်းလား။ အပြန်အလှန်လား။ Give & take လား။ သို့တည်း မဟုတ် တခြား တစုံတရာရာလား။ နားလည်မှုသည် လူ ၂ ယောက် ရှိသည့် အခါ လိုအပ်သည်ကိုတော့ သိနေသည်။ တယောက်တည်း မဟုတ်။ ၂ ယောက်။ သည်အခါ နားလည်မှုဆိုသည့် စကားလုံးက ရှေ့မှောက်သို့ ရောက်ကို လာတော့သည်။ ခက်တော့လည်း ခက်သည်။ နားလည်မှုကိုပင် နားလည်မှုပေးနေရသည်ကို ခက်ခဲနေသည့်အခါ... နားလည်မှုဆိုသည်မှာ နားမလည်မှု တခုပင် ဖြစ်နေလေတော့မည်လား မသိ။ ကိုယ်တိုင် နားမလည်မှုများကို နားလည်နိုင်လျှင် နားလည်မှုကို နားလည်နိုင်လိမ့်မည်လား။ မသိပါ။ ယခုလောလောဆယ်တော့ နားလည်မှုသည် ယူဇနာ တသိန်းကျော် အကွာမှာ ရှိနေသည်ဟု နားမလည်နိုင်စွာ နားလည်နေမိခြင်းသည်ပင်လျှင် နားလည်မှု၏ နိဒါန်းအစလားဟူသော အမေးကိုလည်း နားမလည်နိုင်တော့ပြီ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂) အစ

- နေစမ်းပါဦး... အဲကောင်မက နင့်ကို နေ့တိုင်း နှုတ်ဆက်နေရတာ ဘာကြောင့်လဲ... -
- ဟ... ငါဘယ်သိမလဲ... နင်သိချင်ရင် သူ့သွားမေးပေါ့... -
- နေ့တိုင်း ငါ စောင့်ကြည့်နေတယ်... Good Morning လုပ်ရတာနဲ့... How are you လုပ်ရတာနဲ့... -
- အဲတာ ဘာဖြစ်သလဲ... အဲကောင်မမှ မဟုတ်... ဟိုး customer service က အချောက်ကလည်း အဲလိုပဲ ပြောတာပဲ မဟုတ်လား... ပြီးတော့ Meat Department က အဖိုးကြီးကလည်း နေ့တိုင်း အဲလိုပဲ ပြောတာပဲ... -
- အေး... အဲတာကိုပဲ ပြောမလို့... အဲ အချောက်ပဲ ပြောပြော... အဖိုးကြီးပဲ ပြောပြော... ဘာမှ မဖြစ်ဘူး... အဲကောင်မ ပြောလိုက်ရင် နင့်မှာ... မနေတတ် မထိုင်တတ်နဲ့... ဘာဖြစ်တာလဲ... -
- ဘာဖြစ်လဲ ဆိုတော့... ရှင်းရှင်းလေးပဲလေ... နင်က ငါ့ကို အဲကောင်မနဲ့ ပြဿနာရှာနေတာကိုး... အဲတော့ သူ နှုတ်ဆက်ရင် ငါ့မှာ နင့်မျက်နှာကို ကြည့်ရတော့တာပေါ့... နားမလည်ဘူးလား... -
- အော... နားလည်လို့... ပြောနေတာပေါ့... နင့်ဘာသာ ရိုးသားရင်... ဘာမှ ဖြစ်နေစရာမလိုဘူး... -
- ငါ့ဘာသာ ရိုးသားတယ်... ဘာမှ မဖြစ်ဘူး... နင့် စွပ်စွဲချက်တွေ... ပြဿနာလုပ်တာတွေနဲ့သာ... ငါ့မှာ ခြောက်ခြားနေရတာ... -
- ရှင်းရှင်းလေးပဲ... နင်သာ ရိုးသားရင် ဘာမှ ခြောက်ခြားနေစရာ မလိုဘူး... မရိုးသားလို့ ခြောက်ခြားနေတာပေါ့... -
- ဟား... ပြောလေ ဆိုးလေပါလား.... နင့်မှာ နားလည်မှု ဆိုတာရော ရှိသေးလို့လား... -
- ငါက နင့်ကို ဘာနားလည်ပေးရဦးမလဲ... အဲကောင်မ လာတော့မယ့် ၉ နာရီ ထိုးကာနီးရင်... နင် မနေတတ် မထိုင်တတ်တွေ ဖြစ်နေပြီ... ဟိုဟာ ကိုင်သလိုလို သည်ဟာ ကိုင်သလိုလို... -
- နင် ငါ့ကို မစွပ်စွဲနဲ့... နင်ထင်တာတွေကို နင်ပြောပြီး အမှန်တရား မလုပ်နဲ့... -
- ငါ စွပ်စွဲတာ မဟုတ်ဘူး... နင်ကိုက အဲသလို ဖြစ်နေတာ... -
- နင် အဲသလို ထင်နေတော့... ဒါက နားလည်မှု လွဲနေတာပဲ... ငါက အဲသလိုမှ မဟုတ်တာ... အဲကောင်မကို ငါ့မှာ ဘာစိတ်မှလည်း မရှိဘူး... ဒါမယ့် နင် ငါ့ကို သူနဲ့ စွပ်စွဲနေတော့... အဲကောင်မ အလုပ် ၀င်ကာနီးဆို နင်ငါ့ကို ကြည့်တဲ့ အကြည့်တွေကို ငါ မခံနိုင်ဘူး... I am innocent. But I feel your fault finding look. အဲသည် အကြည့်တွေကို ငါ မခံနိုင်ဘူး... I feel nervous, OK! -
- နင့်မှာ အပြစ် မရှိရင် နင့်ဘာသာ သည်အတိုင်းနေပေါ့... ခုတော့ အဲကောင်မလာပြီဆို နင့်မှာ ပြာနေတာပဲ... အဲဒါကိုလည်း ငါ နားမလည်ဘူး... -
- ကဲ... အဲဒါဆိုလည်း ပြောရဦးမယ်... အဲကောင်မနဲ့ နင်ပြောသလို ဇာတ်လမ်း လုပ်ရအောင်... ဘယ်မှာလဲ... ငါ့ အချိန်... မနက် ၈ နာရီ ငါ လာတယ် အလုပ်ကို တက်သုတ်ရိုက်ပြီး လုပ်ရတာ... နေ့လည် ၁၂ နာရီ ထိုးရင် နောက်တနေရာကိုသွား... နေ့လည် ၂ နာရီကျတော့ သည်ကို ပြန်လာ... လုပ်စရာရှိတာတွေ လုပ်...ညနေ ၅ နာရီဆို အိမ်ပြန်ရောက်နေပြီ... အဲကောင်မက မနက် ၉ နာရီမှ အလုပ်ဝင်တာ နောက်ထပ် ၉ နာရီ ပေါင်း ၁၈ နာရီ... ၁၈ - ၁၂ = ညနေ ၆ နာရီ.... ကဲ စဉ်းစားကြည့်လိုက်ဦး... သူ့ အလုပ်ချိန် ထဲမှာ သူက ဘယ်ကို သွားလို့ ရလို့လဲ... သူ့ အလုပ်ချိန်ပြီးတော့ ညနေ ၆ နာရီ ... ငါက အိမ်ပြန်ရောက်နေပြီ... နင် စွပ်စွဲသလို အဲကောင်မနဲ့ ငါက ဘယ်နားမှာ ဘယ်အချိန်မှာ သွားကျူနေရမလဲ... -
- နင်တို့ မျက်လုံးချင်း flirting လုပ်နေတာကြတော့ ဘာပြောမလဲ... ဟမ်... -
- အား... ငါ စိတ်တိုလာပြီ... -
- ငါ့ မျက်စေ့နဲ့ကို တပ်အပ်မြင်တာ... ဟဲ... လို... ... ဂွ...ဒ်... မောနင်း... အော်ဂတ်စတင်း... မျက်လုံးလေးကလည်း စင်းလို့... -
- အား.... -
- မောနင်း... ရီနေး... ဆိုတဲ့ နင့် အသံကလည်း ငါ မပြောလိုက်ချင်ဘူး... -
- ဒါက နင် သက်သက် စွပ်စွဲနေတာချည့်ကို... -
- ငါလည်း မျက်လုံးတွေကို ဖတ်တတ်ပါတယ်... နင်တို့ မျက်လုံးတွေကို ငါသိတာပေါ့... -
- မဟုတ်သေးဘူး... ဒါဟာ... နားလည်မှု လွဲတာ သက်သက်ပဲ... နင် နားလည်မှု လွဲနေတာ...-
- မလွဲဘူး... နင်တို့ မျက်လုံးတွေထဲက အဓိပ္ပါယ်တွေကို ငါက သိပ်ကို နားလည်တယ်... -
- ဟား... ခက်တော့ နေပြီ... -
- မခက်ဘူး... နင် ယောကျာ်း မဟုတ်လား... ၀န်ခံလိုက်... -
- အေး... ဟုတ်တယ်... ဟေ့... ရီနေးကို ငါ ယူမယ်... နင့်ကို ငါ ကွာမယ်... ဟုတ်ပြီလား... -
- ငါလည်း ကွာမယ်... -
- ကွာ ကွာ... -

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၂) အဆုံး

အစိပ်စိပ်အမွှာမွှာ အဆုတ်ဖြဲခံလိုက်ရသော စာရွက်တရွက်သည် လက်ထပ် စာချုပ် ဖြစ်လေသည်။ ဘုရားသခင့် ရှေ့မှာ ရေးထိုးထားသော လက်မှတ် ၂ခုသည် မည်သည့် အဓိပ္ပါယ်ကို ယခုအခါ ဆောင်ယူနေပါသနည်း။ စာရွက်များကို မယုံကြည်သော စိတ်သည် ယခုအခါ ပိုမိုနက်ရှိုင်းသွားသည်သာ အဖတ်တင်လေသည်။ စာအားဖြင့် ချုပ်နှောင်ခဲ့သည်များအား စာရွက် တရွက်အား ဆုတ်ဖြဲလိုက်ရုံမျှဖြင့် အားလုံး အဆုံးသပ်သွားလိမ့်လေမည်လား။ ဘုရားသခင်... ဖြေကြားပါ့... သို့မဟုတ်... ဆုတ်ဖြဲဖူးသူများ ဖြေကြားပါ့...။

(ဆက်လက်ဖော်ပြပါမည်)

May 29, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၂)
















အပိုင်း (၁)

တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲဖျက်ဆီးနိုင်သည်မှာ အသံများသာဖြစ်လေသည်။ အော်သံ တခုခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နာရီသံတခုခုလည်း ဖြစ်နိုင်သည်။ မီးရထားတစီး ခုတ်မောင်းသွားသော အသံလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ငှက်ကလေးများ၏ တေးဆိုသံနှင့် တူရိယာတခုခုထံမှ ထွက်ပေါ်လာသော အသံများကသာ တိတ်ဆိတ်ငြိမ်သက်မှုကို ဖျက်ဆီးလိုက်သည့်တိုင် လက်သင့်ခံဖွယ်ရာ သာယာနာပျော်ဖွယ်အသံများ ဖြစ်သည် မဟုတ်လား။ တိတ်ဆိတ် ငြိမ်သက်မှုနှင့် သာယာနာပျော်ဖွယ် အသံများ။ အော်ဟစ်ငြည်းငြူသံနှင့် တိတ်ဆိတ်ငြိမ်သက်မှုများ။ သဘာဝပတ်ဝန်းကျင်၏ အသံများ။ လူတို့၏ ရွေးချယ် ဖန်တီးမှုများ။ တကယ်တော့ အသံများသည် အသံများသာ ဖြစ်ပြီး စိတ်ခံစားမှုများသည် စိတ်ခံစားမှုများသာ ဖြစ်သည် မဟုတ်လား။ ဆိတ်ဆိတ်ငြိမ်သက်မှုထဲမှ ဆူညံပေါက်ကွဲနေသော အသံများကို ကြားရသူတချို့ ရှိနေပြီး ဆူပွက်ကျယ်လောင်နေမှုများထဲမှ တိတ်ဆိတ်သော အသံများကို ကြားနေရသူများလည်း ရှိနေသေးသည် မဟုတ်လား။ စစ်အာဏာရှင်တို့၏ စစ်ကြောရေးစခန်းများထဲမှ ဆူကျယ်အူလောင်နေသော အသံများကြားမှ ယုံကြည်ချက်ဖြင့် အသက်ရှင်နေကြသော တိတ်ဆိတ်မှု အသံများ။ အသံများသည် တိတ်ဆိတ်မှုများကို ကျယ်လောင်စွာ သယ်ဆောင်လာကြသည်။ တိတ်ဆိတ်မှုများကြောင့် အသံများကို ကျယ်လောင်စွာ ကြားနေကြရသည်။ ဘုရားကျောင်း၏ ခေါင်းလောင်းသံကို နံနက်ခင်း၏ တိတ်ဆိတ်မှုကြားထဲမှာ ကျယ်လောင်စွာ ကြားလိုက်ပါသည်။ နေ့ခင်း၏ သက်ပျင်းချသံကို ညနေခင်း လေပြေအေးထဲမှာ ကျယ်လောင်စွာ ကြားလိုက်ပါသည်။ နားရှိသောသူမည်သည်ကား အသံများကို ကြားပါစေ... အာမင်... ။ ဆုတောင်းဝတ်ပြုသံများ... တိတ်ဆိတ်နေသော ပတ်ဝန်းကျင် ထင်ရှူးပင်တန်းများကြားမှာ ကျယ်လောင်စွာ ကြားမိပါသည်။ ကမ္ဘာမြေသည် တိတ်ဆိတ်ခြင်းဖြင့် ငြိမ်းအေးခြင်း ရှိပါစေသတည်း... ဟု ဆူညံကျယ်လောင်စွာ ဆုမွန်ကောင်းများ တောင်းကြပါရန် တိတ်ဆိတ်စွာ ပြောကြားလိုက်ရပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၁) အစ

- အကို့ အတွက် ဆုတောင်းပေးနေတယ်... -
- အမ်... ဘာအတွက်လဲ.... -
- သြော်... အကို့ ဘ၀မှာ ငြိမ်သက်ခြင်းရစေဖို့ပါ... -
- ကျေးဇူးတင်တယ်... ဒါမယ့် အကို့အတွက်တော့ ဆုမတောင်းပါနဲ့လေ... ညီမလေးအတွက်သာ ဆုတောင်းပါ... -
- အေးရဲ့ ဘ၀အတွက်က ဘာမှ ဆုတောင်းနေစရာ မလိုဘူးလေ... အားလုံး ပြီးပြည့်စုံနေပြီးသား... အကို့ရဲ့ ပူလောင်ကျွမ်းမြိုက်နေတဲ့ ဘ၀အတွက်ပဲ ဆုတောင်းပေးချင်တာပါ... အေးချမ်းငြိမ်သက်ခြင်း ရှိပါစေ-လို့... -
- Tranquility လား... -
- အင်း... အဲဒါရော... calmness... peacefulness... -
- အင်း... အိုကေ... အဲလို ဆုတောင်းပေးတော့ အကိုက ရသွားရောလား... -
- အယ်... ရမှာပေါ့... ဆုတောင်းပေးတာပဲ... -
- အင်း... အဲလို ဆုတောင်းပေးလို့သာ ရမယ်ဆိုရင်... တခုပဲ ဆုတောင်းပေးပါ... ခု သန်း ၈၀ ဖလော်ရီဒါ လော်တို ပေါက်ပါစေ-လို့... -
- အာ... အကိုက လုပ်ပြီ... -
- ဟုတ်တယ်လေ... အဲလိုဆုတွေပဲ တောင်းပေးလေ... -
- တောင်းပေးမယ်... ဖလော်ရီဒါ လော်တို အကို ပေါက်ပါစေ... -
- မပေါက်ရင်ကော... -
- အာ... သိတော့ဝူး... -
- အင်း... ရှိပါစေတော့... -
- ဘာလဲ... အေး... ဆုတောင်းပေးတာ မယုံဘူးပေါ့... -
- ညီမလေး ဆုတောင်းပေးတာကို ယုံပါတယ်... ဆုတောင်းပေးတိုင်း ရမယ်ဆိုတာကို မယုံကြည်တာပါ... -
- အကိုက သိပ်ခက်တာပဲ... စကားလည်း ကပ်တယ်... တခါတခါလည်း အေးကို ပြန်ပြန် အော်တယ်... -
- အဲ... ဘယ်တုန်းက စကားကပ်မိလို့လဲ... အကြောင်းအရာတခုကို အခြေတင် ပြောကြတာကို ညီမလေးက အကို ပြောတာကို ပြန်မပြောနိုင်တော့ အကိုက စကား ကပ်တယ်လို့ ပြောချင်တာလား... -
- အကို့ အတွက် အေး ဆုတောင်းပေးတဲ့ အသံကို အကို မကြားတာလား... ဒါမှ မဟုတ် မကြားချင်ယောင် ဆောင်နေတာလား....-
- ညီမလေးရဲ့ ဆုတောင်းသံက.. ဒက်ဆီဘယ် ၁၈၀ ကျော်ရင်တော့ အကို ကြားမှာ မဟုတ်တော့ဘူး...း) -
- အမ်... ဘာလဲ အဲဒါ... -
- အသံကို တိုင်းတဲ့ ယူနစ်လေ... -
- သိဘူး... ဒက်ဆီဘယ်တွေ... အေးသိတာက အကို့ကို ချစ်တာပဲ သိတယ်... အကို့ကို တည်ငြိမ်အေးဆေးတဲ့ ဘ၀လေးမှာ ငြိမ်သက်အေးချမ်းနေစေချင်တယ်... အဲဒါပဲ ... အဲဒါ... အေး စေတနာ... အကို့ အပေါ် ထားတဲ့ စေတနာ... ဒက်ဆီဘယ် ဘယ့်လောက်ရှိသလဲတော့ မသိဘူး... ၁၅၀၀ ထက်တော့ မနည်းလောက်ဘူးထင်တယ်... -
- အင်း ... အဲဆို အကို့နားတွေလည်း ကန်းပြီ... နားကွဲပြီး သေလောက်ပြီ...း)) -
-း)) ... အေးကြောင့်တော့ အကို မသေရပါဘူး... ဗော်လျူန်းတွေ လျှော့လိုက်မှာပေါ့...း)) -
- အင်း... အန်ဒါ ၁၂၀ အထိ လျှော့မှဖြစ်မယ် ညီမလေး...း)) -
-း)) အိုကေ... -
- ဒါဆို ခု အသံနဲ့ ပြောချင်တယ်လေ... -
- အာ... ခုတိုင်း ပြောနေလည်း ရတာပဲဟာ... -
- ဟုတ်ဖူးလေ... ညီမလေး... စကားသံက ဒက်ဆီဘယ် ၁၂၀ အောက် ရှိမရှိသိချင်လို့... -
- ဟင်း... အလကား... လူလည်ကြီး... အေး အသံကို ကြားချင်နေတာမို့လား... -
- ဟုတ်တယ်... ဟုတ်တယ်... အသံနဲ့ မပြောချင်ရင်လည်း နေလေ... နောက်လည်း ဘယ်တော့မှ စကား မပြောတော့ဘူး.. -
- အာ... ဘာမှ မဆိုင်ဘူး... အကျပ်ကိုင်လှချည်လား... အိုကေ... အိုကေ... အေး... ခေါ်ရမလား... အကို ခေါ်မှာလား... -
- အကို ခု ခေါ်နေပြီ... ပြန်ထူးဦး... -

++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၁) အဆုံး

အသံတချို့သည် ဆူညံသံ ဖြစ်သည်။ အသံတချို့သည် တိတ်ဆိတ်သော အသံများဖြစ်သည်။ တချို့ အသံများကို လူသားတို့ မကြားရ။ ပုဇင်းရင်ကွဲတို့၏အသံများကား စိတ်ညစ်စရာကောင်းသည်။ သို့သော်လည်း ချစ်သူတို့အဖို့မှာ ချစ်သူ့အသံသာ အချိုမြိန်ဆုံး... ။ အမှန်တရားကလည်း ရှိနေသေးသည်။ သာယာနာပျော်ဖွယ် အသံနှင့် စိတ်ညစ်ညူးဖွယ် အသံများ... ။ သီချင်းသံတိုင်းပင် သာယာနာပျော်ဖွယ် မရှိသော ဤကမ္ဘာကြီးမှာ အသံများကို ခွဲခြမ်းစိတ်ဖြာ စားသုံးနေရသည်မှာလည်း အလုပ်တခုပင် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မမြင် မတွေ့ရနိုင်သည့် အချိန်မှာ ချစ်သူ့အသံကို ကြားချင်ကြမည်မှာ လူ့ ဓမ္မတာ... ။ အသံများ ချိုသာပါစေ...။ အသံကြားရသောဘ၀များ ချိုမြပါစေ... ၊ ဟု တိုးတိတ်စွာ တစုံ ၂ ယောက်၏ ဆုတောင်းသံများကို လူအများ ကျယ်လောင်စွာ ကြားပါစေ... အာမင်... ။

(ဆက်လက်ဖော်ပြပါမည်)

May 28, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး...
















 
နိဒါန်း

နေ့နှင့် ည ဆိုကာ အချိန် ၂ မျိုးသာ ရှိသော ဤကမ္ဘာပေါ်မှာ ညဆိုသည်မှာ အိပ်စက် အနားယူဖို့ မဟုတ်လား။ အိပ်စက်၍ မပျော်နိုင်သော ညများသည် အလွန် မုန်းတီးစရာ ကောင်းသည်။ ထို့အတူ အိပ်မပျော်နိုင်ခြင်းသည်လည်း အလွန် မုန်းတီးစရာ ကောင်းလေသည်။ သိုးများကို ရေတွက်ဖူးသည်။ စာမျက်နှာပေါင်း မြောက်များစွာကို ဖတ်ခဲ့ဖူးသည်။ ငှက်ပျောသီးများ စားဖူးသည်။ နွားနို့ ပူ့ပူများကိုလည်း သောက်ဖူးသည်။ တရားထိုင်ဖူးသည် (ကြီးကြီးကျယ်ကျယ်တော့မဟုတ်)။ (ဂုဏ်တော် ၉ ပါး ကို) ပုတီးစိတ်ဖူးသည်။ ရှိသမျှ မီးများ ပိတ်ကာ ကြိတ်မှိတ် အိပ်ဖူးသည်။ စိတ်ပျက်စရာ ညများ နှိပ်စက်သမျှ နောက်တနေ့ အလုပ်ထဲမှာ အဆင်မပြေ ဖြစ်ရသည်။ နောက်ဆုံးတော့ ဘီယာ တကဒ် ၀ယ်ကာ သောက်ပစ်လိုက်သော ညမှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ နောက်တနေ့ အလုပ်ကို ၃ နာရီ နောက်ကျပြီးမှ ရောက်သွားသည်။ အလုပ်ရှင် သဘောကောင်းသဖြင့်သာ အလုပ် မပြုတ်။ နောက်ဆုံးအကြိမ် သတိပေးခြင်းကိုတော့ အိပ်ကပ်ထဲ ထည့်ပြီး ပြန်လာခဲ့ရသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

နိဒါန်း (အစ)

နှစ်သက် သဘောကျရာ ပန်းချီကား တချို့ကို စာကြည့်တိုက်မှ ငှားလာသော ပန်းချီစာအုပ်များထဲမှ ကာလာကော်ပီ ကူးလိုက်သည်။ ကာလာပရင့်အောက် ထုတ်ပြီးသောအခါ အသင့် ၀ယ်ထားသည့် သစ်သားမှန်ဘောင်များကြားမှာ ထည့်သွင်းရင်း ဂစ်တာတွေ ချိတ်ထားသည့် နံရံတွေကြားမှာ ခံစားချင်သလို သံနှင့် ရိုက်ကာ ချိတ်ထားပြီးနောက် ပန်းချီကားများကို လက်ပိုက်ကြည့်နေမိသည်။

- ဒီ ပန်းချီကားတွေကို ဘာလို့ သည်မှာ ချိတ်ထားရတာလဲ... -
- ဟေ... ဒါ ငါ့ စတူဒီယို အခန်းပဲ ... ငါ ချိတ်ချင်သလို ချိတ်မှာပေါ့... ငါ စိတ်ချမ်းသာသလို ချိတ်မှာပေါ့... -
- နင့် ဂစ်တာတွေနဲ့ တင် နံရံတခုလုံး ပြည့်နေပြီ... ပန်းချီကားတွေပါ ဂစ်တာတွေကြား လျှောက် ချိတ်တော့ မျက်စေ့ မနောက်ဘူးလား... ဘယ်လိုမှ ကြည့်မကောင်းဘူး... ဖြုတ်လိုက်ပါ... ဧည့်ခန်းမှာပဲ ချိတ်... -
- ဟ... ဧည့်ခန်းမှာ နင့် ဘွဲ့ရ ဓါတ်ပုံ... နင့် မိဘ ဓါတ်ပုံ... ငါ့မိဘ ဓါတ်ပုံ... မိသားစု ဓါတ်ပုံတွေနဲ့တင် ပြည့်နေပြီ.... ပန်းချီတွေပါ ထပ်ချိတ်ရင်... ရှုပ်ကုန်တော့မပေါ့... -
- ပတ်လည်မှာ နေရာတွေ အများကြီး ရှိနေတာပဲ... အဲမှာ ချိတ်မှာပေါ့... ကဲပါ... ပန်းချီတွေကို ဖြုတ်လိုက်ပါ... (ပြောပြောဆိုဆို သူချိတ်ထားသည့် ပန်းချီများအားလုံး နံရံမှာ မရှိကြတော့...)
- ဟေ့... ဒါတော့ တဆိတ်လောက် လွန်နေပြီ... ဧည့်ခန်းထဲက ပုံတွေကို ချိတ်တော့လည်း... ငါပဲ စ ချိတ်တာ... နင်ဘာမှ စလုပ်တာ မဟုတ်ဘူး... ငါ အမြဲ ပြောခဲ့တယ်... ဧည့်ခန်းမှာ ၂ ဖက် မိဘ ပုံတွေ ချိတ်ထားမယ်... အလည်မှာ နင့် ဘွဲရ ဓါတ်ပုံ ချိတ်ထားမယ်... အဲတုန်းကတော့ နင် ဘာမှလည်း ပြန်မပြောဘူး... နင်ကိုယ်တိုင်လည်း ဘာမှ မလုပ်ဘူး... ငါပဲ မှန်ဘောင်တွေ ၀ယ်... ပုံတွေ အကြီးချဲ့ကူး... မှန်ဘောင်သွင်းပြီး နံရံပေါ် ချိတ်တော့... နင် ဆရာလုပ်တယ်... ဟိုလို ချိတ် သည်လိုချိတ်... အိုကေ နင့်ဘာသာ နင် စိတ်ကြိုက် ချိတ်လို့ ငါ ထားပေးခဲ့တယ်... ဧည့်ခန်းမှာ နင် စိတ်ချမ်းသာသလို ချိတ်တယ် မဟုတ်လား... -
- ငါက ဒီဇိုင်းသဘောအရ ကြည့်ကောင်းအောင် စီစဉ်ပေးတာပါ... -
- ဟေ... အဲဒါဆို... စကတည်းက နင်က ငါ့ထက် ဒီဇိုင်းသဘော သိရင် တတ်ရင် နင့်ဘာသာ နင် လုပ်လိုက်ပါလား... ငါ လုပ်မှ ဘာလို့ လာပြီး ဆရာ လုပ်ရတာလဲ... -
- ငါ ဆရာ လုပ်တာ မဟုတ်ပါဘူး... ကြည့်ကောင်းအောင်လို့ ပြောပြတာပဲ... -
- အာ... ခက်တော့နေပြီ... ငါ ကြိုပြောထားပြီးသားပဲ... နင့်ဘာသာ နင် လုပ်ချင်တာလုပ်... နင်စိတ်ချမ်းသာရင်ပြီးရော... ငါဘာမှ... ၀င်မပြောဘူး... နင့်ဘာသာနင်တော့ ဘာမှ မလုပ်ဘူး... ငါလုပ်မှ... ဟိုဟာ ၀င်ပြော သည်ဟာ ၀င်ပြော... ငါမကြိုက်ဘူး ပြောထားပြီးသားပဲ... -
- နင့်ကို ငါက အကြံပေးလို့တောင် မရဘူးလား... -
- မရဘူး... ငါ မလုပ်ခင်ကတည်းက နင့်ကို ပြောသားပဲ... ငါ့ဘာသာငါ စိတ်ချမ်းသာသလို လုပ်မယ်... ငါ့ကို လာ အကြံ မပေးနဲ့ မကန့်ကွက်နဲ့... အဲဒါကို နင်မကြိုက်ရင်... နင်ကြိုက်သလို စိတ်ချမ်းသာသလိုလုပ်... ငါ ဘာမှ မကန့်ကွက်ဘူး... အကြံမပေးဘူး... နင်စိတ်ချမ်းသာရင် ပြီးရော... နင်စိတ်ချမ်းသာရင် ငါ စိတ်ချမ်းသာတယ်...
- နင် ဟာ ပြောလေ ခက်လေပဲ... -
- ငါက ခက်တာ မဟုတ်ဘူး... နင်က ခက်နေတာ... နင် လုပ်တာပဲ မှန်တယ်... နင်လုပ်တာပဲ ကောင်းတယ်... နင့် chapel လေးကို ငါက စေတနာနဲ့ လုပ်ပေးတယ်... လှလှပပလေး ပြင်ဆင်ပေးတယ်... ငါ ပြင်ဆင်ပေးထားတာတွေ နင်လက်မခံဘူး... တကယ်ဆို ငါက အဲသည် ဘာသာကို မကိုးကွယ်သည့်တိုင်အောင်... နင့်ကို ငါ ချစ်လို့ ငါ့ ချစ်ခြင်း မေတ္တာတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ငါ လှလှပပ ပြင်ဆင်ပေးခဲ့တာပဲ... ဒါမယ့် နင် လက်မခံဘူး... နင့် စိတ်တိုင်းကျပဲ နင်လိုချင်နေတာကိုး... -
- ဟာ... ခက်တာပဲ... - 
- ဘာမှ မခက်ဘူး... နင်နဲ့ ငါနဲ့ အမြဲ သဘောထားက ကွဲလွဲနေတော့ ငါ့မှာ ရွေးစရာ လမ်းက ဒါပဲ ရှိတယ်... ဆိုဖာတွေ အရောင်ရွေးတာကအစ... ဈေးရွေးတာက အစ... သဘောထားက ကွဲလွဲနေရတယ်... မီးဖိုချောင်သုံး ပန်းကန်တွေ ၀ယ်မလား... ခန်းဆီးတွေ ၀ယ်မလား... နောက်ဆုံး အမှိုက်ပုံး အရွယ်အစားနဲ့ အရောင်အဆုံး... နင်နဲ့ငါ ကွဲလွဲနေတော့... ငါ လက်လျှော့လိုက်ပြီ... သည်တော့ နင်ကြိုက်တာ စိတ်ချမ်းသာတာကိုပဲ ၀ယ်ပါ လုပ်ပါ... ပြောထားပြီးပြီ... ခုတော့ တအိမ်လုံး... နင်ကြိုက်တာ နင် စိတ်ချမ်းသာတာတွေချည့်ပဲ... ငါကြိုက်တာ ငါစိတ်ချမ်းသာတာ ဘာတခု ရှိလဲ... နောက်ဆုံး... ငါ့စတူဒီယို အခန်းလေးထဲ ငါ့ ဂစ်တာတွေ ချိတ်တာ အဆုံး နင့် စိတ်ကြိုက် လိုက်ချိတ်ပေးထားရတာ... ခုတော့ သည် ပန်းချီကားတွေတောင် ငါ့စိတ်ကြိုက် မချိတ်ရရင်တော့ အေး... နင့် စိတ်ကြိုက်လည်း မချိတ်စေရဘူး... OK? We are even. ပေး ငါ့ကို အဲဒီ ပန်းချီကားတွေ... -
(ပန်းချီကားများအားလုံး ရိုက်ခွဲခံရပြီး အိမ်ရှေ့ အမှိုက်ပုံးကြီးထဲသို့ အားလုံး ရောက်သွားကြလေသည်။)

++++++++++++++++++++++++++++++++++++++++++++++++++++++

နိဒါန်း (အဆုံး)

အိပ်မပျော်သော ညမှာ အဝေးမှ အရေးပေါ် မောင်းသွားနေသော မီးသတ်ကား (သို့မဟုတ်) ရဲကား တစီးစီး၏ အရေးပေါ် အချက်ပေးသံ Siren များကို ကြားနေရလေသည်။ ထို အသံများကို မည်သို့ အသံဖလှယ်ရမည်မသိပါ။ ဥပမာ... ကြက်ဖတကောင် နံနက်ခင်း တွန်သံကို လူတိုင်းလိုလို ကြားဖူးကြမည်။ သို့သော်လည်း လူမျိုး အလိုက် ထိုကြက်ဖတွန်သံကို အသံဖလှယ်ကြရာမှာ ကွဲပြားကြလေသည်။ ဘာကြောင့် ကွဲပြားကြလေသည်လည်း မသိပါ။ ဥပမာ... ဗမာတို့က အောက်အီးအီးအွတ်-ဟု ကြားသည့် ကြက်ဖတွန်သံကို ဂျပန်တို့က အီးအော့အော့အော့-အဖြစ် ကြားသည်ကို ဖတ်ရဖူးသည်။ အင်္ဂလိပ်လူမျိုးတို့ကတော့ cock-a-doodle-doo ဟု ကြားကြလေသည်။ လူမျိုး ကွဲပြားခြင်းကြောင့်လား - ဘာသာစကား ကွဲပြားခြင်းကြောင့်လား - နေရာဒေသ ကွဲပြားခြင်းကြောင့်လား။ မသိပါ။ ယခုအခါတော့ နားထဲမှာ အရေးပေါ် အချက်ပေးသံများကို မကြားရပါ။ သို့သော်လည်း နှလုံးသားထဲမှာတော့ အရေးပေါ် အချက်ပေးသံများကို စူးရှကျယ်လောင်စွာ ကြားနေရလေပြီ။

သို့သော်လည်း ထိုနေ့ညက တအိမ်လုံး ထူးဆန်းစွာ တိတ်ဆိတ် ငြိမ်သက်နေလေသည်။

(ဆက်လက်ဖော်ပြပါမည်)

May 25, 2011

နာတာလျာနှင့် စကားပြောခြင်း (၂)
















ဟောသည့် ညမှာတော့...
စီးယူ...ဆိုတဲ့...
အသံသာသာလေးတခုက
ငါ့... သောတ အာရုံမှာ.... ပဲ့တင်ထပ်... ခဲ့... ပါ...  ပေါ့...
နာတာလျာ...

ညည်းကို
ငါက ဆည်းယူရမလား...
နာတာလျာ...

တနေ့တာအတွက် နှုတ်ဆက်စကား...
ရက်ပေါင်း ဘယ်လောက်များစွာ...
ဆူကျယ် အူလောင် နေဦးမှာလဲ...
နာတာလျာ...

ငါ့အား...
နင်...
နှုတ်မဆက်စေချင်ပါ...
နာတာလျာ...

ငါကလည်း
ရိုးသားပွင့်လင်းတယ်...
နင်ကလည်း
ရိုးသားပွင့်လင်းတယ်...
သူငယ်ချင်းလို့လည်း
နင်နဲ့ငါ အချင်းချင်း ခေါ်ကြပါတယ်....
နာတာလျာ...

နင့် မျက်နှာစာအုပ်ထဲမှာ...
ငါ... မရှိဘူး...
ငါ့မျက်နှာစာအုပ်ထဲမှာ...
နင်... မရှိဘူး...
ဒါမယ့်...
နင်နဲ့ငါက သူငယ်ချင်းလေ...
နာတာလျာ...

မျက်နှာစာအုပ်မှာ
စာမျက်နှာကိုယ်စီရှိပေမယ့်...
သူငယ်ချင်းဖြစ်ကြဖို့...
ငါတို့ ၂ ယောက်ဟာ
တယောက်ကို တယောက် Add ဖို့ မလိုဘူး...
Accept ဖို့ မလိုဘူး...
နာတာလျာ...

တခုခုကတော့
တခုခုပါပဲ...
နာတာလျာ...

စီးယူ အရောင်း...
နာတာလျာ...
ငါ့ကဗျာတွေကိုပဲ ကောင်းကောင်းဖတ်ပေါ့....
သူငယ်ချင်းလေး...

ATN

May 24, 2011

နာတာလျာနှင့် စကားပြောခြင်း (၁)




















အော်ရီဂွန်ရဲ့ ပို့လန်း နံနက်ခင်းဟာ
လင်း ကျင်း ဖြူ လွလို့ပါလား...
နာတာလျာ...

ငါ့ အလုပ်ကို လာတဲ့ လမ်းမှာ
ပန်းတွေ မပွင့်ဘူး...

မင့် အပြုံးလေး တပွင့်သာ
သစ်ခွပန်းတပွင့်လို စွင့်ကားလို့ပါ...
နာတာလျာ...

ကောင်းသော နံနက်ခင်းပါ-တဲ့
မင်းက... ငါ့ကို ပြောသွား....

အလန့်တကြား....
ငါက... တွေးတောသွားမိ...
ငါ့မှာ... နံနက်ခင်း ကောင်းကောင်းတွေ ရှိသလား...

သူငယ်ချင်းလေးရယ်....
ငါက အူကြောင်ကျားတွေ မေးမိရင်...
နင် မရီနဲ့..

ငါထင်တာကတော့...
ငါ့မှာ နံနက်ခင်းဆိုတာ ရှိကို မရှိတော့ဘူး...
ငါ့မှာက ညတွေပဲ ရှိတယ်...

အေးစက်စက်.... ညတွေ...
နှလုံးသားတွေ... သေနေ...
အပြုံးတွေ... သေနေ...
အမည်နာမတွေလည်း... သေကြတာပေါ့...

သေတဲ့အထဲမှာ...
ငါက ထိပ်ဆုံးကပေါ့...

ငါ့နောက်မှာ....
ကြောင်တကောင်သေတယ်...
နှစ်ယောက်အတူ ဖူးပွင့်မယ်ဆိုတဲ့ မနက်ခင်းလေး တခုပါ အဆစ် ပါသွားတယ်...
နာတာလျာ....

ငါ ငိုဖူးတယ်...
နာတာလျာ....

အမေ့အတွက် ငါ ငိုဖူးတယ်...
ကြောင်ကလေး တကောင်အတွက် ငါငိုဖူးတယ်...
ငါးကလေး တကောင်အတွက် ငါငိုဖူးတယ်...

ငါ့ ဘ၀ကိုက
ငိုနေရတာပါပဲ.... နာတာလျာ...

ကောင်းသော နံနက်ခင်းပါ-လို့
မင်းပြောသွားတဲ့ နံန့က်ခင်းမှာ...

ငါဟာ
.... ငါဟာ....
နာတာလျာရယ်....
....

နာတာလျာရယ်....

မင့်အပြုံးလေးကို ကြည့်မိပြီး...
ငါဟာ...
ဆွံ့အနေမိပေါ့...
နာတာလျာ.... ... ...

သည်ကဗျာကိုလည်း
နံနက်ခင်း တခုမှာ ရေးမိပါတယ်... နာတာလျာ...

ATN

May 14, 2011

ဘူတာပျောက် ရထား



















မောင်းနှင်ခဲ့တယ်...
အရှေ့ရဲ့အရပ်ဆီ...
အဲသည်မှာက... နေမင်း... ရှိတယ်...
အလင်း အောက်ခြေက..
သဲမြေလွလွအပေါ် ကျဲဖြန့်ခင်းကျင်းထားသော
နှင်းဆီပန်းဖြူဖြူများ...
စိမ်းလို့ လန်းလို့...
ချစ်သူ့ အနမ်းများကိုသာ
ရထားတစီး ဆိုက်ချလာသလို...
ဘူတာတခုမှာ
ကိုယ်လိုအပ်နေခဲ့တယ်...

ရထားကို ငါရပ်တယ်...
ဖြတ်ခဲ့ရတဲ့ မြို့တိုင်းမှာ
ရပ်နားခဲ့တဲ့ အကြိမ်များ အားလုံး
ဘူတာအမှားတွေနဲ့သာ အဆုံးသပ်ပေါ့....

မိုင်ပေါင်းထောင်ချီခဲ့တဲ့ ငါ့ခရီးဟာ
အချီးအနှီးသက်သက်ပေပဲလား...

ဘူတာပျောက်သွားတဲ့
ရထားတစီးဟာ...
ငါပေါ့... ကွယ်...

ATN

May 1, 2011

မသေသေးတာဆိုလို့ အောင်သာငယ်နဲ့ ချစ်ခြင်း မေတ္တာပဲ ရှိတယ်...























နေ့တွေ သေတယ်...
ညတွေ သေတယ်...
ချစ်တဲ့သူတွေ သေတယ်...
မုန်းတဲ့သူတွေ သေတယ်...

နောက်ဆုံး
နှိုင်းရတရားတွေ သေတယ်...

ဗုဒ္ဒဘာသာလည်း သေတယ်....
အစိပ်စိပ်အမွှာမွှာကိုသေတာ....
ဟိနယန... မဟာယန...
ထေရ၀ါဒ... ဇင်... တာအို...
ဘာဂိုဏ်း... ညာဂိုဏ်း...

ခရစ်ယာန်တွေလည်း သေတာပဲ...
ရိုမန်ကက်သလစ်...
ပရိုတက်စတင့်...
အင်ဂလီကန်... ဘက်ပတစ်စ်...
အိုး... ယူ... နိမ်းမစ်...
ဆန်းဒေး တူ မန်းဒေး အသင်းများ....

ကွန်မြူနစ်တွေလည်း သေတာပဲ...
ဆိုဗီယက်မှာသေတယ်...
ဘာလင်တံတိုင်းမှာသေတယ်...
တရုပ်-ဗီယက်နမ် နယ်စပ်မှာသေတယ်...
ကျူးဘားမှာသေတယ်...
ယူနန်-မြန်မာနယ်စပ်မှာသေတယ်...

သေကြ... သေကြ...
အားလုံး သေကြတာ ကောင်းတယ်...

ကမ္ဘာမြေမှာ
အားလုံး သေကြ...

မသေသေးတာဆိုလို့...
အောင်သာငယ်နဲ့ ချစ်ခြင်း မေတ္တာပဲ ရှိတယ်...

ATN