Apr 28, 2011

ကံကြမ္မာကောင်းဘွိုင်...















စီးဆင်းကျလာရပြီဆိုရုံနဲ့တင်...
ဇာတ်က နာနေပြီး
ငါဟာ အသက်ငင်နေပြီပေါ့...

ကိုယ်တွေက--
ငွေ့ရည် ဖွဲ့ချင်နေသူကိုး...
အုံ့ဆိုင်း ပြာလဲ့နေချင်သူကိုး...
ဝင်းလက် ဖြူလွနေချင်သူကိုး...
တောက်ပ လင်းစိုနေချင်သူကိုး...
နှင်းမှုန် ဝေ့၀ဲနေချင်သူကိုး...

ကိုယ်တွေက--
ဓါးတချောင်းလို အေးစက်နေချင်သူကိုး...
သေနတ်မောင်းလို ဖြောင့်တန်းနေချင်သူကိုး...
ဗုံးတလုံးလို ပေါက်ကွဲနေချင်သူကိုး...
မိုင်းတတွဲလို အုန်းဒိုင်းကျဲချင်နေသူကိုး...

စကားလုံးတွေ သိပ်မသုံးပါနဲ့လေ...
အရှုံးအနိုင်ဆိုတာ တကယ့်တကယ်မှာ မရှိဘူးဆိုတာ...
အခက်ဒမစ်တွေ...
ပသက်တစ်တွေ...
ဝါ့ဒ်ဂျပ်ဂလာတွေ...
နင်တို့တွေ သိပါတယ်...

အချစ်နဲ့ သီကုံးထားတဲ့အရာမှန်သမျှ ပြာလွင်လို့...
အမုန်းနဲ့ ဖြိုချထားတဲ့အရာမှန်သမျှ လဲပြိုလို့...
အရှုံးနဲ့ ငိုပြထားတဲ့အရာမှန်သမျှ ရွှဲစိုလို့...
အပြုံးနဲ့ အလိုကျသွားတဲ့အရာမှန်သမျှ အကဲပိုလို့...

မိုးပြိုဖူးတဲ့ ငှက်ဟာ
တောင်ပြိုမှာလောက်ကို စာမဖွဲ့တော့ဘူး...
သူ့မှာ ပျံသန်း ပြေးလွှားဖို့ရာ ကောင်းကင် ကျန်နေသေးတယ်...ဆိုတာ...
သူ ကောင်းကောင်း သိတာပေါ့...

ငါကတော့ ကဗျာဆရာပါ...
တောင်ပြိုမှာလည်း စိုးရွံ့ရ...
မိုးပြိုမှာလည်း စိုးရွံ့ရ...
ပင်လယ်ပြိုမှာလည်း စိုးရွံ့ရ...

ငါ့မှာက-
ပြေးလွှားစရာ -
မြေမှ မရှိတော့တာ...
ပျံသန်းစရာ -
လေမှ မရှိတော့တာ...
ကူးခပ်စရာ -
ရေ မှ မရှိတော့တာ...

ငှက်တကောင် မဟုတ်တော့...
အတောင် နှစ်ဖက် မရှိဘူး...
ကမ်းကုန်...
လမ်းကုန်...
စခန်းကုန်ပါပဲ...

သို့သော်လည်း
နှစ်ဖက်ပဲရှိတဲ့ လက်နှစ်ချောင်းမှာ
ကံကြမ္မာရဲ့ မောင်းတင်ထားတဲ့ သေနတ် နှစ်လက်ကို
ငါဖွက်ထားတာ ဘယ်သူသိမလဲ...

တလက်က သေမင်းကို ငါ ပစ်ဖို့...
တလက်က သေမင်းက ငါ့ကို ပစ်ဖို့...

ATN

လွဲမှား တိမ်တိုက်များ...













ငါတို့ဟာ
ဘ၀ရဲ့ အဓိပ္ပါယ် မရှိမှုတွေ ကြားထဲမှာ
လွဲမှားမှုတွေရဲ့ အဓိပ္ပါယ်ကို အဓိပ္ပါယ် ရှိရှိ ရှာခဲ့ရ...

နင်ရော ငါရော...
လွှင့်ချင်ရာကို လွှင့်ရင်း... က...
လွင့်ချင်ရာကို လွင့်ခဲ့ရတဲ့... ကြိုးပြတ် စွန် နှစ်ကောင်...

ဒဏ်ရာ တထောင်ကို ထမ်းပိုးထားတဲ့ စာမျက်နှာ တခုစီသာ...
မရီမောနီုင်သော စိုထိုင်းဆတွေ အကြီးကြီးနဲ့...
ငါတို့ ရင်မှာ သိပ်သည်းနေတော့တယ်...

နာကျင်ခြင်းများ နှင်းလို ခုန်ချလာကြတဲ့အခါ....
ပျော်ရွှင်ခြင်းများစွာ ရင်ခွဲ အသည်းထုတ် နေလှန်းရ...

ကြေကွဲခြင်းများ မိုးလို ပြိုကျလာကြတဲ့အခါ...
စိုပြည်ခြင်းများကို အကြေးလှန် အရေဆုတ် မီးနဲ့ ဖုတ်ရ...

ဟုတ်-ဟုတ် မဟုတ်-ဟုတ်...
ဟုတ်တော့ ဟုတ်နေခဲ့ပါပြီ-ဟု အမည်ရသော ဘ၀...
ငါ့ လက်ထဲမှာ...
နင့်လက်ထဲမှာ...

နင့် ကော်ဖီ သောက်ချိန်က..
ငါ့ ဘီယာ သောက်ချိန်...

နင် ၀ိုင်တခွက် သောက်နေစဉ်မှာ...
ငါက အင်နာဂျီဒရင့်တလုံး သောက်နေ...

နင် မနက်စာ စားတော့...
ငါက ညနေစာကို ဘီယာများနဲ့ မျှောချ...

ငါ နိုးထ ချိန်မှာ...
နင်က အိပ်ပျော်နေ...

ငါ အလုပ်သွားချိန်မှာ...
နင်က အိမ်ပြန်ပြီ...

ငါ့နေ့က နင့်ညတွေထဲမှာ လှပပြီး
ငါ့ညတွေက နင့်နေ့ရက်ထဲမှာပဲ ပျော်ဝင်နေ...

တို့နှစ်ယောက်အကြားမှာ
ဘယ်အခါများမှ
ညီမျှခြင်း တခုက ပြုတ်ကျလာပါ့...

ATN

Apr 11, 2011

ကောင်းရာ သုဂတိမှာ ခုထိ အမေ ပြုံးနေဆဲ...

တကယ်တော့
သည်နေ့တနေ့ခင်းလုံးလုံး
ကျနော့် နှလုံးသားကို
မျက်ရည်များ ဖုံးအုပ်ထားတာပါမေမေ...

ကျနော် မငိုချင်ဘူး...
အမေ့လို သံမဏိချောင်းတချောင်း
ကျနော် ကောင်းကောင်း ဖြစ်ချင်ခဲ့တာပေါ့...

ဒါပေမယ့်...
အမေရယ်...
အမှန်တရားကို ချစ်တဲ့ အမေ့ အခါးတွေ
သား စဉ်းစားမိတိုင်း....
ရင်မှာလှိုင်းထ...

ချိုတဲ့ ရက်လေး ရောက်ချင်တဲ့ ကျနော့်အမေ...
ချိုတဲ့ရက်ကလေး မရောက်ခင်...
အသက်ပျောက်သွားခဲ့...

နောက်ဘ၀များမှာတော့...
အခါးတွေကြားထဲ မလာမိပါစေနဲ့ အမေ... ရယ်...
ကျနော်လေ
သည်နေ့ တနေ့လုံးလုံး ဆုတောင်းနေမိပေါ့...

အမြဲ ပြုံးနေတတ်တဲ့ ကျနော့်အမေ...
ရေကြည်အိုင်ထဲက
ငရဲ နေ့ ညတွေ
ကျနော့်ကို တကြိမ် တခါမှ မပြောပြခဲ့လေဘူး...
သူ့ သားကလေး ရူးသွားမှာ စိုးလို့လား အမေ...

သူတပါး ပြောပြမှ
ကျနော် သိရတဲ့ အမေ့ညတွေ
ကျနော့် သားလေးတွေကိုလည်း
ကျနော် မပြောပြရဲဘူးအမေ...
သူတို့တွေ နာကျင်ကြေကွဲသွားမှာ
ကျနော်လည်း မလိုလားဘူးလေ...

ချိုတဲ့ရက်ကလေး မရောက်ခင်
အမေ လက်မြှောက်သွားတာ မဟုတ်ဘူး...
အောင်မြင်မှုဆီ အမေ ရောက်ရှိသွားတာ...

ခါးသည်းနေ့ရက်များကို
အမေ ကျောခိုင်းသွားတာ မဟုတ်ဘူး...
ချိုမြသော မနက်ခင်းများဆီ
အမေ ပျော်ရွှင်ချီတက်သွားတာ...

အမေ... ငြိမ်းချမ်းသွားတာ...
အမေ... လွတ်မြောက်သွားတာ...
အမေ... ငြိမ်သက်သွားတာ...
ဒါကိုပဲ ကျနော် အကြိမ်ကြိမ်.... ပျော်ရွှင်နေမိပါရဲ့... မေမေ...

ကောင်းရာ သုဂတိမှာ
ခုထိ အမေ ပြုံးနေဆဲ...
ဒါကိုပဲ ကျနော် အကြိမ်ကြိမ်.... ပျော်ရွှင်နေမိပါရဲ့... မေမေ...

ATN

Mar 22, 2011

ရှာကြံနာ

အချိန်ကာလမဲ့သော ပိုးဟပ်များကလည်း
ညစ်ထေးနံဟောင်လို့
အဲသည့် ကောင်းကင်နံရံမှာ တွယ်ကပ်ခိုင်မာ...

ငါ့ဒဏ်ရာတွေကလည်း
တက်တူးတွေလို... အရောင်မျိုးစုံ... ရှိ...
လူတကာ၏ ရင်ခွင်တိုင်းးကိုတောင်
ရစ်ခ်ျတာစကေး ၈.၆ လို
အားလုံး လဲပြိုကျသွားရလောက်အောင်
မက်မော ဖြစ်ညှစ်ပစ်ချင်ဖွယ်ရာ
တင်းတင်းပြည့်ပြည့် ရင်သား နှစ်လုံးနဲ့
အားလုံး လဲပြိုကျသွားစေပေါ့...
သို့ကလို... မိုက်ရိုင်း...

ဘာမှ မဟုတ်ဘူး...
ရူးသွပ်မှုတခုသာ-လို့
ငါထောင်ခဲ့ဖူးတဲ့ ဆိုင်းဘုတ်တခုကလည်း
ဆူနားမီ ထိုးခွဲသွားတဲ့
ကမ္ဘာ့ မျက်နှာပြင် အပြဲကြီးထဲမှာ...
စိတ်ရှိလက်ရှိ
မျောလွင့်လို့...

ငလျင် ဆိုတဲ့ကောင်တွေ...
သူတို့ လွှင့်ချင်ရာ လွှင့်နေတာကိုပဲ
ငါတို့ကလည်း ထိုင်ကြည့်နေရ...

ဘာမှ ထပ်မပြောနဲ့ကွာ...
ငါလည်း နာပါတယ်...

ငါ့ဘ၀ကိုနာတယ်...
ငါ့ အသည်းကိုနာတယ်...
ငါ့ကိုယ်ကိုနာတယ်...
မနေ့ ဆိုတဲ့ နေ့ရက်ကိုနာတယ်...
သည်နေ့ကို နာတယ်...
မနက်ဖန်ကို နာတယ်...

ဘုရားရေ...
နင့်ကိုပါ
ငါ စိတ်နာနေပြီ...

ATN

Mar 21, 2011

ကျနော့် ဧဒင်

ပန်းသီး သီးတဲ့ အပင်တွေ
ကျနော့် ဥယျာဉ်ထဲမှာ...မရှိပါဘူး... မေမေ...
(ဘာလို့လဲဆိုတော့...
ပန်းသီးတလုံးအတွက်နဲ့
ကျနော့်ရဲ့ နံရိုးတချောင်း
ကျနော့်ကိုယ်ပေါ်က ပျောက်ရှသွားစရာ မကောင်းဘူး မဟုတ်လား... )

ကျနော့် အိမ်တံခါးဝမှာ
လိမ္မော်ရောင် ရှဉ့်ကလေး နှစ်ကောင်ကို
ထောင်ထားလိုက်ရရင် ကောင်းမလားမေမေ...
(တကောင်က အထီး တကောင်က အမပေါ့...
သူတို့ကို ထောင်ထားလို့တော့ ရမှာ မဟုတ်တာ သေချာတယ် ...
သူတို့က  ပြေးချင်ရာ လျှောက်ပြေးနေကြမှာ မြင်ယောင်သေး)

ဒါမှ မဟုတ်...
အပြာရောင် အဆိပ်ပြင်း ရေဘ၀ဲတကောင်ကို
ကျနော့် အိမ်ခေါင်မိုးမှာ တပ်ထားမယ်...
(ဘာမှ မဟုတ်ပါဘူး...
ကျနော့် အိမ်ပေါ်မှာ
ကျီးကန်းတွေ လာမနားစေချင်လို့...)

ကျနော့် ဧည့်ခန်းထဲမှာတော့...
အနက်ရောင် သာလိကာတကောင်ကို
အိမ်စောင့် လုပ်ကို လုပ်ခိုင်းရမယ်...
(လူယုတ်မာ တကောင် လာနေပြီ...
သူတော်စင်အယောင်ဆောင်တွေ လာနေပြီ...
စသည်ဖြင့် အော်ခိုင်းမလို့...)

ကျနော့် ခြံဝင်းထဲမှာတော့
အဲန်နာကွန်ဒါမြွေကြီးတွေ
ကျနော် လွှတ်ထားမယ် မေမေ...
(ကျနော့် အိမ်ကလေးထဲမှာ
မြွေသေးသေးလေးတွေကို မမြင်ချင်လို့ပါ...
တခြား ဘာအကြောင်းမှ မရှိဘူး...)

ကျနော့် အိပ်ခန်း မှောင်မှောင်လေးထဲမှာတော့
ငါးကလေး တကောင်ပဲ ကျနော် မွေးထားမယ် မေမေ...
(သူ့ ဖန်ပေါင်းချောင်ကလေးထဲကနေ
ကျနော့်ကို သူ မော့ကြည့်နေတာကို
ကျနော်က ပြန် ငုံ့ကြည့်ချင်နေတာမျိုး...)

ကျနော့် ဂစ်တာ ၇ လက်အပေါ်မှာ
သံကြိုးတွေအစား
လိပ်ပြာ ဖြူုဖြူလေးများကိုသာ
တပ်ထားပါရစေတော့ မေမေ...
(ဘာလို့ဆို...
ဂစ်တာတွေအပေါ် ကျနော် ငိုကြွေးတဲ့အခါ...
သူတို့ လွတ်လပ် လှပစွာ ပျံသန်းနိုင်ကြမှာမို့လို့ပါ...)

ကျနော့် ကဗျာတွေကြားထဲမှာလည်း
သိုးမဲတွေကို ကျနော် ညှပ်ထည့်ထားခဲ့တယ်...
(ဘုရားကျောင်းရဲ့ ခေါင်းလောင်းကလေးတွေ မြည်လာစေဖို့ပါ...
တခြားသော ရုတ်ရုတ်သည်းသည်း ရည်၇ွယ်ချက်မျိုးဆိုတာ
ကျနော့်မှာ ဘယ်လိုမှကို မရှိခဲ့ပါဘူး... မေမေ...)

ကျနော့် ဧဒင် ထဲမှာ
ကျနော် ငိုကြွေးတဲ့အခါ...
ကျနော့် အနားမှာ
ကျနော့် ငါးကလေး တကောင်များ ရှိနေမလား...
ကျနော် မသေခင်မှာ
သေချာသွားချင်တယ်... မေမေ...

ATN

Mar 7, 2011

ပို့လန်း (၃)

သည်လောက်အေးတဲ့ ရာသီထဲမှာကို
အရူးလို လျှောက်ပြေးနေတဲ့
အင်္ကျီမပါတဲ့ အပြေးသမားတွေ
မွေးထားတာ ပို့လန်း...
မွေးဖွားတာ ပို့လန်း...

ဘယ်နေရာသွားသွား
ရှောင်ရှားလို့ကို မရဘူး...
ကျားနဲ့မ မဟုတ်တဲ့
ကျားကျား... မမ...အတွဲတွေ...
ကဲလည်း ကဲနိုင်ကြပါတဲ့ မြို့...

ရှေ့ကားက ဘယ်ကွေ့မယ်ဆို
နောက်ကားပေါ်က ကိုယ်တွေမှာ
ဘုရား နှစ်ဆူ ပွင့်စာလောက်
နောက်ကနေ စိတ်မရှည်စွာ စောင့်စားပေးနေရတဲ့
လမ်းကျဉ်းကျဉ်းလေးတွေကို
ပိုက်ကွန်ယက်သလို
ဥဒဟို
သူလိုသလို
တမင်တကာကို
ငါ သောက်မြင်ကပ်အောင်
ဟိုသည် လျှောက်ပက်ထားတဲ့မြို့...

လမ်းထောင့်တိုင်းမှာ
နေရာတကာမှာ
အိမ်ခြေ ယာခြေမရှိ
အရက်သောက်ဖို့တော့
ပိုက်ပိုက်ရှိနေတဲ့ ဟုမ်းမလက်စ်များကို
အပြုံးမပျက်သွားပဲ
အဟုတ် လက်ခံထားတဲ့မြို့...
ကျုပ် လက်လန်သွားတဲ့ မြို့...

ဆက်ပြောရင်
ဒေါသထွက်တယ်...
လောဘတက်သူများ နေတဲ့ မြို့...
မောဟ ဖက်သူများ နေတဲ့ မြို့...
စောဒကတက်သူ ငါနေတဲ့ မြို့...

အဲဒါ ပို့လန်း...
အဲဒါ ပို့လန်း ပေါ့...

ATN

Mar 6, 2011

အရောင်တခုရဲ့ ရာဇ၀င်

အမိုးတို့ ရွာကလေး ပြာကျသွားတယ်...
ဟိုကလေးမ အပြာကားရိုက်တယ်...
သူငယ်ချင်း ပန်းချီဆရာတယောက်ရဲ့ ကင်းဗတ်စမှာ
အပြာရောင်တွေချည့် မှောက်ကျနေ...

ကျနော့် အနှစ်သက်ဆုံး
အပြာရောင်ဖန်ခွက်ကလေးဟာ
တမင်တကာကို ကျကွဲသွားတာပါ မေမေ...

ATN

Mar 4, 2011

ငါဟာ... ပင်လယ်ထဲမှောက်ကျသွားတဲ့ ဆားတပွင့်ဟာ...

ငှက်တကောင် ဆိုပါစို့...ပျံသန်းစရာရှိနေလို့ အဲသည့်ခရီးတွေကို
ပျံသန်းပြီးတဲ့အခါ
ငါဟာ အိမ်ပြန်လို့ မဖြစ်တော့ဘူး...
ဒါမှမဟုတ်
အိမ်ပြန်လို့မရတော့ဘူး...

ပန်းတပွင့် ဆိုပါစို့...
စွင့်ကားစရာဖြစ်နေလို့ အဲသည့်မနက်ခင်းတွေမှာ
မိန်ညိုတချို့နဲ့ လတ်လတ်ဆတ်ဆတ် ချပ်ရပ်ပြီးတဲ့အခါ
ငါဟာ မစိမ်းလန်းနိုင်တော့ပါဘူး...
ဒါမှမဟုတ်
မငြိမ်းချမ်းနိုင်တော့ဘူး...

ကြယ်တပွင့်ဆိုပါစို့...
ငရဲမီးလိုလောင်မြိုက်နေရလို့ အဲသည့်ဘ၀ကြီးကို
ဆူပါနိုဗာလို ပေါက်ကွဲပြီးတဲ့အခါ...
ငါဟာ မတည်ရှိတော့ဘူး...
ဒါမှမဟုတ်
ထပ်မံ မသေဆုံးတော့ဘူး...

ငါ့အား...
ဆားတပွင့်ပမာ... ... ... ...

 ATN

သည်လိုညများ မတွေ့ပါရစေနဲ့တော့

အဲသည့် ညက
လတစင်း ကွယ်လွန်ပြီး
နေတစင်း ခရီးထွက်သွားခဲ့တယ်...
အဝေးဆုံး အရပ်ဆီ...

မနက်လင်းတော့
အိမ်ရှေ့လမ်းမပေါ်မှာ
ခရေပန်းတွေ ဖွေးဖွေးလှုပ်ပေါ့...

ATN

Feb 28, 2011

ဓါးအိမ်

မင်း မရှိတဲ့ နေ့ရက်တွေမှာ
ငါ့ ဘေး ဘယ် ညာ နှစ်ဘက်
ဟာလာဟင်းလင်း...

ငါ့ကို တင်းကျပ်စွာ ထွေးပွေ့ပေးထားဖူးသော မင့်ရင်ခွင်
တမ်းတမိ...
နွေးထွေးမှုဆိုတာ
နွေးထွေးစွာခံစားခဲ့ဖူးပါမှ...

ခုတော့
ငါဟာ
ကွေးလိမ်ခွေခေါက်လို့
ကျောက်တုံးပေါ်တင်သွေးလည်း မထက်မြနိုင်တော့ဘူး...

တသက်တာလုံးမှာ
ငါလိုချင်ခဲ့တာ
အဲသည်
ကျဉ်းမြောင်းမှောင်မဲသော နေရာကလေး
အဲသည်မှာပဲ
ငါ နွေးထွေးတယ်....
မင့်ရင်ခွင်...

ငါဟာ
မင့်ရင်ခွင်ထဲမှာဆို
ဓါးတစင်း...

ATN

Feb 27, 2011

အဲသည်အရာကို အမည်ပေးစရာ မလိုဘူး....

ရှာခဲ့တယ်
တဘ၀တာလုံးလုံး...

တွေ့ပြီ...

အဲသည် ချောင်းကွေ့လေး နံဘေးမှာ
အဲဟို စွယ်တော်ရွက်ကလေး အနားမှာ
အဲက အပြောရောင် သစ်ခွလေး တပွင့် အပေါ်မှာ
ဟောသည့် အစိမ်းရောင် လွင်ပြင်လေး တခု အလယ်မှာ
ဟောဟို အညိုရောင် တောင်ကုန်းလေး တခု အနီးမှာ

ပြီးတော့
သည်က
အနီရောင် ငါ့ ရင်ဘတ်ထဲမှာ...

ATN

Feb 20, 2011

ပို့လန်း (၂)

ငါတို့က
ဘယ်လိုပဲ
အကောင်းပဲ-လို့ ပြောပြော...
အဲသည်မြို့က
ဗလောင်းဗလဲ မြို့...

မိုးမလင်းခင်လေးမှာ...
နှင်းတွေကို ကျဲချတယ်...

မနက်ခင်းနေကို မမြင်ရအောင်ကို
နှင်းတွေကို ကျဲချပစ်တဲ့မြို့...
ငါတို့မှာ အလူးအလဲ...
အရိုးတွေတောင် ကွဲမတတ်...

အဲသလို ဖြစ်နေတာတောင်
ငါတို့ကို မသိချင်ယောင် ဆောင်နေတဲ့... မြို့...

နေ့လယ်ခင်းကျတော့
နေရောင်တွေ... တိမ်တောင်တွေနဲ့....
ပြိုးပြောင်လက်ပလို့...
မနက်ခင်းတုန်းကလိုမျိုး
လူဆိုးကြီး မဟုတ်ခဲ့ဖူးဘူး သလိုလို...
ဟောသည်ကမ္ဘာကို
သူဘာမှကို မရက်စက်ခဲ့ဘူးသလိုလို...
မယုံနိုင်စရာကို ဟန်ဆောင်ကောင်းတဲ့... မြို့...

ညနေစောင်း ရောက်တော့...
ကောက်ခါ ငင်ခါ... ထ... ငိုလေတော့တယ်...
မိုးရေ-ဆိုတာ အဖွေးသားနဲ့...
ငါတို့ ကားတွေ အားလုံးဟာ
ဝိုက်ပါတွေ တလှုပ်လှုပ်နဲ့...
သူ့ရဲ့ မျက်ရည်ေ အဆုပ်ဆုပ်တွေကို
ငါတို့ ကားမှန်တွေပေါ်ကနေ လှုပ်ခါချပစ်နေရတော့တာပဲ...
အဲသည်လိုမျိုးလည်း လုပ်ရက်တဲ့... မြို့...

အဲဒါ... ပို့လန်း...
အဲဒါ... ပို့လန်းလေ...

ATN

Feb 16, 2011

ပို့လန်း (၁)

နင်းတက်သွားလိုက်
ဆင်းချသွားလိုက်နဲ့
ကတ္တရာ လမ်းမများက...
ကောက်ကွေး ကော့တက်...
မိုးပေါ် ကော့ပျံ
ရိုးပေါ် အော့အန် နေတဲ့မြို့...

စက်ဘီးစီးသူတွေက
နေရာတကာ...
နင်းလိုက်... တက်လိုက်
ဆင်းလိုက်... သက်လိုက်နဲ့...
ရင်ခုန် မောဟိုက်...
ရယ်မော ပျော်မိုက်...
အဲသလို...အဲသလို...
လှိုက်ဖိုကြီးငယ် တောင်ကုန်း အသွယ်သွယ်ကို
သူ့ခါးမှာ...
တမင်တကာကို
စလွယ်သိုင်းထားပါတဲ့... မြို့...

နှာခေါင်းမှာ...
နားရွက်မှာ...
မျက်ခုံးမှာ...
ပါးမှာ...
နှုတ်ခမ်းမှာ...
အို... ကွာ....
ဟို... နေရာပါ... မကျန်လောက်အောင်....
အပေါက်ပေါင်းများစွာ
ဖောက်ထားသူမျိုးစုံ...နဲ့...
သူပုန်ထနေခဲ့တဲ့... မြို့...

မိန်းမလည် သိန်းကြွယ်ကို...
နံမည် ဖျက်ဦးမယ့်.. မြို့...

မိန်းမ မာယာ သဲ ကိုးဖျာလောက်ကိုတော့...
နော့ကောက် ထိုးချပစ်ပြမယ့်... မြို့...

ခင်ဗျားတို့ကို...
ကျုပ်... လက်တို့ထားလိုက်မယ်...
ဗျို့...

ပို့လန်းဆိုတာ...
မာယာ အတိ တထောင်နဲ့... မြို့...
မာယာ မရှိယောင်ဆောင်တဲ့... မြို့...
လဘာဂျာ ငတိတကောင်ရဲ့... မြို့...

ATN

Feb 13, 2011

ဗယ်လန်တိုင်းမှာပဲဖြစ်ဖြစ်... နှစ်သစ်ကူးမှာပဲဖြစ်ဖြစ်... လွှတ်တော်မှာပဲဖြစ်ဖြစ်... မျက်နှာစာအုပ်မှာပဲဖြစ်ဖြစ်...

အမှန်တရားကို ချစ်မိလာပြီဆိုမှဖြင့်
ဒဏ်ရာတွေ ရကြတော့တာပဲ...
မင့် အပြဲက ဘယ့်လောက် ကျယ်ပြီး...
ငါ့ အကွဲက ဘယ့်လောက် များလဲ...
အငြင်းပွားမနေနဲ့တော့...
တရားနဲ့ပဲ ဖြေ...

ATN

Feb 9, 2011

ဆရာ အကို လွမ်းဏီ လက်ပေါ်မှာ ကျနော် သေမယ် …

ဇော်ဂျီ… မသိ…
ဂေါ်ကီ… မသိ…
ကော်နီကိုပဲ သိတဲ့အထဲ…
ကျနော် မပါဘူး… အကို လွမ်း…

စွမ်းရည်… မသိ…
လွမ်းဏီ… မသိ…. တဲ့ အထဲ…
ကျနော်လည်း မပါဘူး… အကို လွမ်း…

အကို့ အမေကို
အကို ဆုံးရှုံး သွားခဲ့ရတုန်းက…
ကျနော့် အမေကို ဆုံး ရှုံး သွားရသလို
ကျနော် ငိုခဲ့ဖူးတယ်…
ငါ့ကို မသနားနဲ့…
နင့်ကိုယ်ကို နင်သနားတဲ့…
အကို့ အမေ့ အမှာစကား…
ကျနော့် နားထဲမှာ ဆူကျယ်အူလောင်…
အကိုရယ်… …
ကျနော် ဘာပြောရမယ် မသိတော့ဘူး…

ဂျက်ပင်ထိုးတယ်…
ဝတ်မှုန်ချင်း ထုံကူးတယ်…
စကားလုံးတွေက ဟုန်နေပြီ…

ကျနော်ကတော့ ရိုးသားချင်တယ်…
စကားလုံးတွေကြားမှာ ကျနော် မနေချင်ဘူး အကို…
မာယာတွေ… ကျနော် မုန်းတယ်…
စကားလုံး မာယာတွေကို ကျနော် အမုန်းဆုံးပဲ….

ကျနော့် ခံစားမှုများမှာ
ကျနော် ရိုးသားခဲ့တယ်…
ဘုရားသခင့် သက်သေ…

ကျနော့် နေ့ရက်တွေ ဘယ်လောက် ကျန်နေသေးလဲ…
ကျနော် ရေတွက်မနေပါဘူး….အကို…
အကို့ကို စိန်အေးမာက ချစ်တာထက် ကျနော် ပို ချစ်တယ် …
မောင်လွမ်းဏီရဲ့ ကဗျာတွေကို
စိန်အေးမာ ချစ်တာထက် အောင်သာငယ်က ပို ချစ်ခဲ့တယ်…

မောင်လွမ်းဏီ ကဗျာတွေကို
ကွန်ပြူတာနဲ့
အောင်သာငယ် စာစီ စာရိုက်လုပ်ခဲ့တဲ့နေ့ရက်တွေမှာ
စိန်အေးမှာဟာ…
တခြား ကမ္တာမှာ…

ကျနော့် မဖြစ်ညစ်ကျယ် စာတွေကို
ကဗျာတွေ ဖြစ်အောင် လုပ်ခဲ့တာ
မောင်လွမ်းဏီ…

အောင်သာငယ်ကို
ကဗျာဆရာဖြစ်အောင် လုပ်ခဲ့တာ
မောင်လွမ်းဏီ…


ခုတော့ ကျနော် ကဗျာဆရာဖြစ်ပြီ…
မောင် လွမ်းဏီ…

တခုပဲ…
ကျနော် သေရင်…
အကို့ လက်ပေါ်မှာ သေချင်တယ်…
ကျနော့်ကို ဖက်ပြီး
အကို ငိုတာ ကြားချင်လို့…
အဲသလိုမျိုး…

ATN