Dec 23, 2009

ဒီဇင်ဘာ အတ္ထုပ္ပတ္တိ

မင့် အကြောင်း
ပြန်ပြောင်း ပြောပြရဦးမယ်...
တခြား ဘာရည်ရွယ်ချက်မှလည်း မရှိပါဘူး...

တကယ်မှာတော့
မင်းဟာ ရှုပ်ရှက်ကို ခတ်လို့...

ရှုပ်ရှက်ခတ်မှုတွေ အကြောင်းကို
ပြောလို့ ကောင်းနေတာလည်း မဟုတ်ဘူး...

ဒီဇင်ဘာဆိုတဲ့ မင့်အကြောင်း တချက်ကိုပဲ
ရှုပ်ရှက်ခတ်အောင် ပြောနေရတာပါ...

နေပါဦး...
ဒီဇင်ဘာက ရှုပ်တာ မဟုတ်ပါဘူး...
ဒီဇင်ဘာကို
ဟိုဟာ သည်ဟာတွေက လာရှုပ်တာပါ...

သည် ဒီဇင်ဘာဟာ
ကိုယ့်ဘာသာကိုယ်... နေပါတယ်...

အစားနည်းနည်း...
ကဗျာတွေများများနဲ့
ကျင့်သားရနေတဲ့ သည်ဒီဇင်ဘာဟာ
လုပ်ကြံခံရရှာတယ်...

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ဟာ
ဒီဇင်ဘာ တရက်... တဲ့...

အဲသလို ကြားလိုက်တဲ့အခါ
ဒီဇင်ဘာ စိတ်မကောင်းဘူး...

အဲ့သည်နေ့မှာပဲ
ဒီဇင်ဘာဟာ စ သေပြီ...
ဗဟိုကော်မတီ မသိလိုက်ခဲ့...

အာရပ်ပြည်ထောင်စုအတွက် အမျိုးသားနေ့အဖြစ်
ဒီဇင်ဘာ နှစ်ရက်...သတ်မှတ်ပစ်သတဲ့...
ဒီဇင်ဘာ ပက်လက်ဖြစ်သွားပါပြီ...

ထိုင်းနိုင်ငံရဲ့ ဖခင်များနေ့ဟာ
ဒီဇင်ဘာ ငါးရက်...တဲ့...

ဒီဇင်ဘာ အဖျားတက်နေပြီ...
၁၀၈...၁၀၉...၁၁၀... ၁၁၁... ၁၁၂...
ထိုင်းနိုင်ငံကို လွှင့်ပစ်လိုက်ပါတော့ကွယ်...

စကင်ဒီနေးဗီးယားတွေထဲက
လွတ်လွတ်လပ်လပ် ရှင်သန်နေတဲ့
ဖင်လန်နိုင်ငံရဲ့ လွတ်မြောက်ရေးနေ့က
ဒီဇင်ဘာ ခြောက်ရက်...

ပုလဲဆိပ်ကမ်းကို အလစ်အငိုက်
ဗုံးကျဲခံလိုက်ရသောနေ့မှာ
ဒီဇင်ဘာ ခွန်နှစ်ရက်...

အဲလ်ဘတ်နိုဘဲလ် သေဆုံးတဲ့ နှစ်လည်မှာ
နိုဘယ်ဆုစပေးတာ
ဒီဇင်ဘာ တဆယ်...

လူ့အခွင့်အရေးနေ့ဟာလည်း
တဆယ်ပါပဲ...

ခရစ္စမတ်အိဗ်...
ဒီဇင်ဘာ နှစ်ဆယ့်လေး...
ခရစ္စမတ်... ဆိုတာ...
ဒီဇင်ဘာ နှစ်ဆယ့်ငါး...
အထုပ်ဖြည်တဲ့ ဘောက်စ်ဆင်းဒေး...
ဒီဇင်ဘာ နှစ်ဆယ့်ခြောက်...
နှစ်သစ်ကူး အကြိုညအဖြစ်...
ဒီဇင်ဘာ သုံးဆယ့်တစ်...

ဘာပဲဖြစ်ဖြစ်...
အားလုံးကို ပေါင်းပစ်လိုက်ပါ ဒီဇင်ဘာ...

ငါတို့ဟာ...
လွတ်မြောက်ရေးဆိုတာကိုပဲ....
အသည်းအသန်...
လိုအပ်နေခဲ့တဲ့ ကောင်တွေပါ...

ငါ့ကို
လွတ်မြောက်ရေးပဲ ...
မင်း...
ပေး... ...
ပါ့... ...
ဒီဇင်ဘာ...

မင့် အတ္ထုပ္ပတ္တိဟာ ပြည့်စုံသွားပါပြီ... .... ...

ATN

9 comments:

မိုးမောင် said...

ဒီဇင်ဘာရဲ့ အထ္တုပတ္တိကို ဖြည်ချသွားတာလေး သဘောကျတယ် ချစ်ကိုရေ။ သူများတွေ နှုတ်ဆက်သလို Merry Christmas and Happy New Year လို့ ပြောရင် ပေါ့ပါတယ်လေ။ အမြဲထာဝရ အဆင်မပြေနိုင်သော်ငြားလည်း သာယာတဲ့အလှည့်အကြိမ်တွေသာ စိုးမိုးပါစေ။

ခင်မင်လျှက်...

ချစ်ကြည်အေး said...

ငါ့ကို
လွတ်မြောက်ရေးပဲ ...
မင်း...
ပေး... ...
ပါ့... ...
ဒီဇင်ဘာ...

မင့် အတ္ထုပ္ပတ္တိဟာ ပြည့်စုံသွားပါပြီ... .... ...
....................
....................

ကိုရင်နော်ခင်လေးငယ် said...

ဒီဇင်ဘာက ရှုပ်တာ မဟုတ်ပါဘူး...
ဒီဇင်ဘာကို
ဟိုဟာ သည်ဟာတွေက လာရှုပ်တာပါ...

ငါ့ကို
လွတ်မြောက်ရေးပဲ ...
မင်း...
ပေး... ...
ပါ့... ...
ဒီဇင်ဘာ...

မင့် အတ္ထုပ္ပတ္တိဟာ ပြည့်စုံသွားပါပြီ... .... ...


ကိုကြီးရေရရ...
ဒီဇင်ဘာဟာ သနားစရာလေးပါလား..!!

。° 。 ° 。˚ ˛ • ˚ ˚ ˛
MERRY 。 • ˚ ˚ ˛ ˚ ˛ • •
。CHRiSTMAS 。 。° 。 ° ˛ ˚ ˛
Π___ 。 ˚ ˚ ˛ ˚ ˛ •˛ •˚
/_____/ \。˚ ˚ ˛ ˚ ˛ •˛ •˚
| 田田|門| ˚ ˛ ˚ ˛ •
Merry Christmas and a Happy 2010 New Year

((အကိုကြီး ပျော်ရွှင် ငြိမ်းချမ်းပါစေ))

shwezinu said...

ငါ့ကို
လွတ်မြောက်ရေးပဲ ...
မင်း...
ပေး... ...
ပါ့... ...
ဒီဇင်ဘာ...

မင့် အတ္ထုပ္ပတ္တိဟာ ပြည့်စုံသွားပါပြီ... .... ...

တချိန်မှာတော့ ဒီဇင်ဘာ အတ္ထုပ္ပတ္တိ ပြည့်စုံရမှာပေါ့

နွေဆူးလင်္ကာ said...

ဒီဇင်ဘာကို နောကြေလှပါလားဗျာ
အဲဒီဒီဇင်ဘာလေးထဲက တစ်ရက်ကို ကျနော်လည်း အပျော်ဆုံးနေ့အဖြစ် သတ်မှတ်ချင်တယ်ဗျာ

Anonymous said...

ဒီဇင်္ဘာ ခေတ်သစ်တောလားကြီးဖတ်သွားတယ်။ တခုကျန်သွားတယ် (ဒီဇင်္ဘာ) ကျနော့ မွေးလပါ...။


လေးစားစွာဖြင့်
ကန

သွယ်လင်းဆက် said...

သေချာခံစားဖတ်မှတ်သွားပါတယ်။ Marry Christmas ပါ အကိုအောင်သာငယ်။

ကိုအောင် said...

ကဗျာလာဖတ်သွားတယ် အကိုကြီး၊ ခရစ်စမတ်ပိတ်ရက်
မှာ ပျော်ရွှင်ပါစေ။

သက်ဝေ said...

ဒီဇင်ဘာ....
ကဗျာလေး ကြိုက်တယ်
၂၀၁၀ နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပြေနဲ့ ချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်...