Mar 5, 2010

Jack Daniel's evening





















အလုပ်က သူ ပြန်တော့... ညက... ၉နာရီကို ခွဲပစ်လိုက်သည်။ သည့်အတွက်... သူ အတော် စိတ်တိုသည်။ သူကတော့... ၉ နာရီကို ခွဲမည့်အစား... အလုပ်ရှင်ခေါင်းကို... ခွဲပစ်ချင်သည်။ သို့မဟုတ် သူ့ရှေ့က အိပက် အိပက် မောင်းနေသော ကားဒရိုင်ဘာ၏ ခေါင်းကို သူ ခွဲပစ်လိုက်မည်... သည်လို လမ်းကျဉ်းလေးကို ပိတ်မောင်းသည့် အတွက် ... သည်လိုပါပဲလေ... ဘ၀ဆိုတာ... တနေရာရာ တချိန်ချိန်မှာ... တခုခုကို ခွဲချင်လိမ့်မည်... ကြည့်... တခုခုက တခုခုကို ခွဲ... ဒါမှ မဟုတ် တခုခုကို တခုခုက ခွဲ... ဒါမှ မဟုတ် တယောက်ယောက်က တခုခုကို ခွဲ... ဒါမှမဟုတ် တယောက်ယောက်ကို တခုခုက ခွဲ... ဒါမှ မဟုတ် တခုခုကို တယောက်ယောက်က ခွဲ... ဒါမှ မဟုတ်... တယောက်ယောက်ကို တယောက်ယောက်က ခွဲ... ဒါမှ မဟုတ် တယောက်ယောက်က တယောက်ယောက်ကို ခွဲ... ဒါမှ မဟုတ် တခုခုက တယောက်ယောက်ကို ခွဲ... အို... ၇ှုပ်ယှက်ခပ်နေကြတာပါပဲ... သူကတော့ ... လွတ်ရာ ကျွတ်ရာမှာ နေချင်နေသည်... သူကတော့ သူ့ကိုယ်သူ လွတ်ရာ ကျွတ်ရာမှာ နေနေသည်ဟု ထင်နေသည်... သူကတော့ လွတ်ရာ ကျွတ်ရာများက... သူနှင့် လွတ်ရာ ကျွတ်ရာမှာနေနေသည် ဟု ထင်နေသည်... သူကတော့ လွတ်ရာ ကျွတ်ရာများနှင့်သူ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေပြီဟု ထင်နေသည်... လွတ်ရာ ကျွတ်ရာများကလည်း သူနှင့် လွတ်လွတ်ကျွတ်ကျွတ်မှာ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေပြီဟု လွတ်လွတ်ကျွတ်ကျွတ်ကြီး သူထင်နေသည်... ဒွတ်ခပဲ... သူသည်...အတော့်ကို လွတ်ကျွတ်နေချေပြီ... ဘယ်လိုပဲ ဖြစ်ဖြစ်...လမ်းကျဉ်းလေးမှ သူ လွတ်ကျွတ်တော့... လမ်းမကြီးပေါ်ရောက်လာသည်... တနာရီ ၃၅ မိုင်နှုန်း မောင်းခွင့်ပေးထားသော လမ်းပေါ်တွင်... တနာရီ မိုင် ၅၀ နှုန်း မောင်းပစ်လိုက်သည်... ညဥ့်နက်နေလို့ပါ... လမ်းရှင်းနေလို့ပါ... ရာသီဥတု ကောင်းနေလို့ပါ... ရဲကားတွေ အနီးအနားမှာ မတွေ့လို့ပါ... အရက်ဆိုင် ပိတ်သွားမှာ စိုးလို့ပါ... အိမ်မြန်မြန် ပြန်ရောက်ချင်လို့ပါ... မိုင်ပိုမောင်းတတ်လို့ပါ... စိတ်မရှည်လို့ပါ... သည်နေ့ သူ ၀မ်းနည်းနေလို့ပါ.. သူ့ ကျားပေါက်မလေး သူ့ကို စောင့်မျှော်နေမှာမို့ပါ... အချိန်မှီရုံလေး သူရောက်သွားသည့် အရက်ဆိုင်မှာ တံခါး တချပ်ပင် စပိတ်နေပြီ... Jack Daniel's အကြီးတပြား သူ ၀ယ်သည်... အရက်ဆိုင်၏ ကျန်သော တံခါး တချပ်ကို သူကိုယ်တိုင် ပိတ်ပေးခဲ့သည်... သူ့ အပါယ်၏ ကျန်သော တံခါး တချပ်ကိုလည်း သူကိုယ်တိုင် ပိတ်ပေးနိုင်မည်လား... သူ မစဉ်းစားအားပါ... ခုတော့ သူ့ကားတံခါးကို သူကိုယ်တိုင် ပိတ်လိုက်ပါသည်... ၃၅ မိုင်နှုန်း မောင်းရမည့် လမ်းကို တနာရီ မိုင် ၅၀ နှုန်း သူ ထပ်မောင်းပါသည်... ညဥ့်နက်နေလို့ပါ... လမ်းရှင်းနေလို့ပါ... ရာသီဥတု ကောင်းနေလို့ပါ... ရဲကားတွေ အနီးအနားမှာ မတွေ့လို့ပါ... အရက်ဆိုင်ကို အချိန်မီ ရောက်ခဲ့ပြီးပြီမို့ပါ... အိမ်မြန်မြန် ပြန်ရောက်ချင်လို့ပါ... မိုင်ပိုမောင်းတတ်လို့ပါ... စိတ်မရှည်လို့ပါ... သည်နေ့ သူ ၀မ်းနည်းနေလို့ပါ.. သူ့ ကျားပေါက်မလေး သူ့ကို စောင့်မျှော်နေမှာမို့ပါ... နေထိုင်ရာ အပတ်မန့်ကို ရောက်တော့ ဆယ်နာရီ ထိုးတော့မည်... နာရီတွေကို သူမုန်းသည်... သူ့ကို မည်သည့်အခါကမျှ မစောင့်...း အမြဲတမ်း ရှေ့က သွားနေသည်... သူ့ကားကို သတ်မှတ်ပေးထားသော နေရာမှာ ရပ်လိုက်သည်... တကယ်တော့ သူက ရပ်ချင်သည့်နေရာမှာ ရပ်ချင်သူ... ခုတော့ ရပ်ချင်သည့်နေရာမှ ရပ်ချင်သူ တယာက်သည် ရပ်ရမည့်နေရာမှာ ရပ်လိုက်ရသည်... ဘ၀ဆိုသည်မှာ... လောကဆိုသည်မှာ သည်လိုပါလား... ထိုကဲ့သို့ သူ မတွေးပါ... သူက သိပ် မတွေးတောတတ်သူ ဖြစ်သည်ဟု သူ့ဘာသာ တွေးတောနေသေးသည်... ကားပေါ်မှ သူ ဆင်းလိုက်သည်... နောက်တနေ့မှာ သည်ကားပေါ်ကို သူ ပြန်တက်ရဦးမည်.. ဆင်းလိုက် တက်လိုက် ဘ၀ကြီး... ဆင်းလိုက်တက်လိုက် လောကကြီး... သည်လိုလည်း သူ မတွေးအားပါ.. ဘာကြောင့်ဆို... စာတိုက်ပုံးကို သူ ဖွင့်ရဦးမည် မဟုတ်လား... ဘာ့ကြောင့် စာတိုက်ပုံးကို နေ့တိုင်း သူဖွင့်ရမည်လဲ... သူ့ထံ စာပို့နေသူများကြောင့် ဖြစ်ပါသည်... သူ မျှော်သည်က သူ့ ကျားပေါက်မလေး ထံမှ စာ... မည်သည့် အခါကမျှ သူ့ထံ မရောက်လာခဲ့စဖူး... နေ့စဉ် သူ့ထံ မည်သူတွေက စာတွေ ပို့နေကြပြန်သည်လဲ... အကြွေးရှင် ခရက်ဒစ်ကုမ္ပဏီများနှင့် အစိုးရ အေဂျင်စီများသာ ဖြစ်မည်.. စာတိုက်ပုံးကို သူဖွင့်တော့ စာတစောင်က သူ့ကို ထိုင်စောင့်နေသည်... iPhone Bill... ပေးစရာ ရှိသည်ကို သူပေးရမည်... သူလိုချင်တာကို သူယူထားခဲ့သည် မဟုတ်လား... ဈေးကြီးသည်... ဈေးတော်သည်... ဈေးသင့်သည်... သည်လို ခဏခဏ သူကြားဖူးသည်... ဒါလိုချင်ရင်... ဒါပေးရမည်ပဲ... ဘ၀ဆိုတာကိုက အပေးနဲ့ အယူတွေပဲ မဟုတ်လား... ခက်နေတာက အချစ်တွေ ပေးခြဲ့ပီး အမုန်းတွေ ပြန်ရနေတာကပဲ ပြဿနာ... အဲဒါ ၀ဋ်ကျွေးပဲဖြစ်မည်... သူ့ ၀ဋ်ကျွေးတွေ ဘယ်လောက်တောင် ရှိခဲ့သည်လဲ... ဖုန်းဘေးလ်ကို ကိုင်ရင်း အပတ်မန့်ကို ပြန်လာသည့်လမ်းမှာ သူ စဉ်းစားနေသည်... ဘယ်ဖက်လက်မှာ ကိုင်လာသည့် Jack Daniel's ပုလင်းပြားလေးသည်ပင် ၀ဋ်ကျွေးလေလား... စဉ်းစားရင်း အိမ်တံခါးကို သူဖွင့်လိုက်သည်... သူ့ကို ကြိုဆို နှုတ်ဆက်မည့်သူ မရှိသော အိမ်သည်... အိမ်မဟုတ်... သူ့ ကျားပေါက်မလေးက သည်အိမ်မှာ မရှိပါ... သူတယောက်ထဲ နေသော အိမ်သည်... သူတယောက်ထဲ နေသော အိမ်ပင် ဖြစ်ပါသည်... ဧည့်ခန်းထဲမှာ ထားထားသော ကွန်ပြူတာကို ဖွင့်လိုက်သည်... လွန်ခဲ့သော ၃-၄ နှစ်ကတည်းက ၀ယ်ထားခဲ့သော Acer ကွန်ပြူတာသည်... ယခု အချိန်မှာ အဖိုးကြီး ဖြစ်နေပြီ... အွန်လိုင်းကို မြန်မြန်ဆန်ဆန် မသွားနိုင်တော့... သူလိုချင်သော မီးလျှံမြေခွေးကို မြင်ရဖို့အရေး နာရီ ၀က်ခန့် စောင်ဆိုင်းနေရသည်... ထားတော့... ပွင့်လာဖို့သာ အဓိက... Jack Daniel's ပုလင်းပြားလေးကို စားပွဲပေါ်တင်လိုက်ရင်း... ညစာစားဖို့ တခုခု လုပ်ရန် မီးဖိချောင်သို့ သူ ထွက်လာခဲ့သည်... ထမင်းတော့ မချက်နိုင်တော့... သူ ဆာနေပြီ... နောက်ထပ် တနာရီ သူ မစောင့်နိုင်ပါ... ဖရီဇာထဲမှ spring rolls တထုပ်ကို ဆွဲချလိုက်သည်... Microwave ထဲမှာ တမိနစ် သော (thaw) လိုက်ပြီး corn oil နဲ့ ကျော်လိုက်သည်... spring roll ဆယ်ချောင်းရပြီးတော့ သူ့စားပွဲပေါ်မှာ အားလုံး အဆင်သင်ြ့ဖစ်နေသည်... အနားက ဖန်ခွက်ထဲ jack Daniel's ကို ထိုးထည့်ပစ်လိုက်သည်... ပြီး သူ့ အာခေါင်ထဲ လောင်းထည့် ပစ်လိုက်သည်... တကြိမ် --- နှစ်ကြိမ် --- သုံးကြိမ်--- လေးကြိမ်...

6 comments:

Anonymous said...

Jack Daniel 's အတွက် ကုန်မယ့် ငွေ တွေ စု ပြီး ကွန်ပျုတာ အသစ် တလုံး ၀ယ် ပါ လား .. ကိုအောင်သာ ...... ( ဆရာ လုပ် သွား တယ် ..ဟီး..ဟီး)

mie nge

ရွှေရတုမှတ်တမ်း said...

သည်းခံသည်းခံ...
စိတ်ရှုတ်စရာတွေများလွန်းလို့...လူလဲအူနေပြီ

Zaw Myo Lwin said...

"ဒါလိုချင်ရင်... ဒါပေးရမည်... ဘ၀ဆိုတာကိုက အပေးနဲ့ အယူတွေပဲ မဟုတ်လား... ခက်နေတာက အချစ်တွေ ပေးခြဲ့ပီး အမုန်းတွေ ပြန်ရနေတာကပဲ ပြဿနာ..."

ဂျူနို said...

အရက်တလုံး ၀င်ဝယ်သည် အရက်တလုံး ၀င်ဝယ်သည်။ :))

khin oo may said...

kom: တို့ဆိုရင်တော့ခေါက်ဆွဲပြူတ်ဘဲ။

ချစ်ကြည်အေး said...

အကို...ကျားပေါက်မလေးတဲ့လား...၊ အပေးအယူတွေတဲ့လား၊ ညီမကတော့ ပေးဖို့ချည်းပဲလို့ ယုံတယ်၊ ပေးကမ်းခြင်းဖြင်း ယူတတ်ပါစေ ဆိုတာကို ကျင့်သုံးတယ်...၊ အနဲဆုံး ပီတိ ပြန်ရတာပေါ့ အကိုရေ...အချိန်မရွေး ခံစားလို့ရတယ်လေ...။