Jul 17, 2010

သူသည် ၂၄ နှစ်သား လူငယ် တယောက်သာ ဖြစ်ပါသည်


















ယနေ့ မနက်တော့ မိုးမလင်းခင်မှာပဲ သူ နိုးလာသည်။ ခြေရင်းမှာ ထားထားသော ဆိုနီအမှတ်တံဆိပ် ဒစ်ဂျစ်တယ် နာရီကို အမှောင်ထဲမှာ လှမ်းကြည့်လိုက်တော့ အစိမ်းရောင် နံပတ်များက မနက် ၃ နာရီ ၅၅ မိနစ်ကို ဖော်ပြနေသည်။ "အင်း... အစောကြီး ရှိသေးတာပဲ... " သူ့ဘာသာတွေးရင်း ကိုယ်ပေါ်မှ စောင်ကို ခွာကာ အိပ်ယာမှ ထလိုက်သည်။ ခေါင်းရင်းမှ မီးခလုပ်ကို မဖွင့်ပဲ အိပ်ခန်း တံခါးကို အမှောင်ထဲမှာ ဖွင့်ကာ သူ ထွက်လာသည်။ ရေချိုးခန်းထဲ ရောက်တော့မှသာ နံရံက မီးခလုပ်ကို စမ်းကာ သူ ဖွင့်လိုက်သည်။ ၀ပ်-တရာ-အား ရှိသော အဖြူရောင် မီးသီး ၄ လုံးက အမှောင်နှင့် သဟဇာတ ဖြစ်နေသော သူ့မျက်လုံးများကို ရုတ်တရက် ကျိန်းစပ်သွားစေလေတော့သည်။ ( ... အမှောင်ထဲမှာ အနေကြာလာသည့်အခါ မျက်လုံးများက အလင်းကို ကျင့်သားမရပါ...  × စကားချပ်...) မျက်မှောင်ကို ကြုပ်ထားလိုက်ရင်းက လျှပ်စစ်မီး၏ အလင်းစများကို တဖြည်းဖြည်းချင်း သူ့မျက်လုံးထဲကို သွင်းယူလိုက်ရသည်။ မျက်မှောင် ကြုပ်ထားဆဲမှာပင် လက်ဆေးကန် ရှေ့က မှန်ထဲမှာ သူ့ကိုယ်သူ မြင်လိုက်ရသည်။ သူ့မျက်မှန် ပါမလာပေမင့် မျက်မှောင်ကြုပ်ထားသည့်ကြားက ၀ိုးတ၀ါး မြင်နေရသည့် သူ့မျက်နှာသည် အတော့ကို အိုစာနေလေပြီ။ ပါးရိုးတွေ ကျပြီး နားထင် နှစ်ဖက်က ချိုင့်ခွက်ဝင်နေသည်ကို သူ  မြင်နေရသည်။ ခုသည် နှစ်လ အတွင်းမှာ သူ အတော် ပိန်ကျသွားပုံရသည်။ မှန်ထဲတွင် မြင်နေရသည့် သူ့မျက်နှာက ဤအချက်ကို သက်သေပြနေသည်။ လွန်ခဲ့သော ၂၂ နှစ်က အိမ်ကို သူ ကျောခိုင်း ထွက်ခွာလာခါစ ကာလတုန်းကလို မျက်နှာမျိုး မဟုတ်တော့တာ သေချာနေသည်လေ။ လွန်ခဲ့သော ၂၂ နှစ်က ရှိခဲ့ဖူးသော မျက်လုံး တစုံကို လွန်ခဲ့သော ၂၂ နှစ်တုန်းက အိမ်ကို ကျောခိုင်းထွက်ခွာခဲ့သော မျက်နှာ တခုပေါ်မှာ သူ ပြန်မတွေ့ရတော့။ အပြာရောင် မသမ်းသည့်တိုင် အနီရောင်လည်း မသမ်းခဲ့သော ထို အဖြူရောင် မျက်လုံးများ သူ့မှာ မရှိတော့ပါ။ ခုတော့ သူ့မျက်လုံးများက အနီရောင်သမ်း-လို့... ။ သူ့ မျက်လုံးများ အောက်မှာ ဘယ် အချိန်ကမှန်း မသိ ရောက်လာနေသည့် မျက်ရစ် ၂ ခုကလည်း ဇရာကို ခြံဝင်း ခတ်ပြထားသလိုမျိုး... ။ ထို မျက်ရစ် ၂ ခုအောက်မှ ပါးရိုး ပေါ်မှာလည်း သွေ့ခြောက် ကြမ်းတမ်း လာနေသော အရေပြား တချို့က... သိသိသာသာ ဇရာကို အချက်ပြလျှက်... ။ သူ့ နဖူးပေါ်မှ အရေပြား အတွန့် ၂ ကြောင်းကလည်း ဇရာကို မောင်းခတ် ကြေငြာနေလေသည်လား... ။ သူ့ နဖူးအစပ်မှာ မြင်နေရသော ဆံပင်ဖြူ တချို့ကလည်း ဆံမည်းတွေကြားထဲမှာ ကျိုးတို့ကျဲတဲ... ဒါ... ဇရာ-ပဲကွ လို့ အလံထူပြနေသလိုမျိုး... " အိုး... ဘာပဲဖြစ်ဖြစ်... ငါ... ဟာ...၂၄ နှစ်ပဲ ရှိပါသေးတယ်... ... " သူ့ဘာသာ စိတ်ထဲမှာ ပြောရင်း သွားပွတ်တံပေါ် သွားတိုက်ဆေး တချို့ကို ညှစ်ချလိုက်ရင်း ရေချိုးကန်ထဲသို့ သူ ၀င်လိုက်သည်။ (သူသည် ၂၄ နှစ်သား လူငယ်တယောက်သာ ဖြစ်ပါသည်...)

1 comment:

Anonymous said...

ကျနော်ဟာ ဒီလလော့ကိုအမြဲတန်းလာလည်နေတဲ့ကောင်ပါ...ကွန်မန့်မရေးဘူး...လွန်ခဲ့တဲ့ ၂ နာရီလောက်က it's been 22 years...it's ok...လို့ရေရွတ်မိတယ်...ခင်ဗျား post ကလည်း ဒီလိုပါပဲ...အမေကိုလွမ်းတာပါ...အမေတောင်သေသွားပြီးလောက်ပလားမသိဘူး။ ရောက်ရာအရပ်မှာပဲ သေတော့မယ်ဗျာ...ဘယ်လိုမှပြန်မဆုံနိုင်တော့တဲ့ ဘ၀တွေပဲ...fuck!!!!