မတ်လ (၁၇) ရက်နေ့မှာ ကျရောက်မယ့် (၄၅) နှစ်မြောက် မွေးနေ့အတွက်
ကျနော့်ရဲ့ ပြက္ခဒိန်တချို့ကို မှင်တို့ထားကြည့်တာပါ -
(၁၉၆၄)
မီးလျှံတွေ သယ်ဆောင်ထားတဲ့
အနီရောင်ဂြိုဟ်သား
လက်နက်များရဲ့ သံသတ္တု
အထိမ်းအမှတ်တခု ဖြစ်ပါသတဲ့...
“Picabia”ရဲ့ “အင်္ဂါနေ့”မှာ
ကျနော့်ကို မွေးဖွား...

(၁၉၆၅)
“Sebor”ရဲ့
“လူကျပ်နေတဲ့အခန်းလွတ်တခု”အတွင်း
ကျနော် ကြီးပျင်းခဲ့... ။
လေဟာနယ်တောင်
အမှောင်နဲ့ ကျပ်ညှပ်နေပုံမျိုး...
(၁၉၆၆)
သည်လိုနဲ့
“Klee”ရဲ့
“ရုပ်သေးရုံ”ထဲ
ပြပွဲတွေ ကြည့်ခဲ့ ...
ပြဇာတ်ရဲ့ အ၀တ်အစား
အမေ လဲလှယ် ပေးထားလို့
ကျနော့် သပ်ရပ်နေခဲ့ပုံများ...

(၁၉၆၇)
ပါးကွက်အာဏာသားတသိုက်
အမေ့ကို ဖမ်းလိုက်တဲ့နေ့
“Masson”ရဲ့“အလွမ်းဇာတ်”
ကျနော် ကြည့်တတ်သွားတယ်။
(၁၉၆၈)
“Ernst”ရဲ့“နေ့နဲ့ည”ကို နံရံမှာကပ်
အလင်းနဲ့အမှောင်ကို ဖတ်တတ်တဲ့အခါ
အမေ့ကဗျာ သံတိုင်တွေကြားထဲ လန်းဆန်းလို့...
အမေ့အနမ်းလည်း
လရောင် မှုန်မွှားထဲ အေးချမ်းလို့...

(၁၉၆၉)
“Warden”ရဲ့“ဆုတောင်း”ကို
သေကောင်ပေါင်းလဲ ကျနော် ရွတ်အံ
အမေ့အသံကို ပြန်ကြားပါရစေ...
(၁၉၇၀)
အမေ အိမ်ပြန်လာတဲ့ တနေ့မှာ
“Chagall”ရဲ့“ချိုးငှက်နဲ့ကလေးငယ်”
ကျနော် ခဏ ဖြစ်သွားသေးတယ်။
ကျနော့်ကို ထွေးထားပေးပါ မေမေ
အမေ့ ကိုယ်ငွေ့နွေးနွေးနဲ့
ကျနော် ဝေးနေခဲ့တာ
ကြာပြီမဟုတ်လား...

(၁၉၇၁)
ဖေဖေ ဘယ်မလဲ- မေးတဲ့အခါ
အမေ ပြောတယ် -အဝေးကြီးမှာ- တဲ့
ပြီးတော့ “Magritte”ရဲ့“ပြတင်းပေါက်”အနားသွားကပ်
ခဏလောက် မေမေ ရပ်ကြည့်နေသေးတယ်။
ကျနော့်ကိုလည်း ပေးကြည့်ပါ မေမေ
အဲသည် ပြတင်းပေါက်ထဲ
ဖေဖေ ရောက်နေလေသလား...
(၁၉၇၂)
အဖေ ပြန်လာတဲ့နေ့ကို
ကျနော် မေ့သွားတယ်။
ဒါပေမယ့် “Tanguy”ရဲ့ ပန်းချီကား
“မေမေရေ -
ဖေဖေ ဒဏ်ရာတွေ ရထားတယ်”
အဲသည် အဓိပ္ပါယ်
ကျနော် တကယ် သိသွားပါပြီ...

(၁၉၇၃)
“Dali”ရဲ့“ရွက်လှေ”
အဖေ ခဏ ငှားခဲ့တယ်။
တမိသားစုလုံး လက်တွေနဲ့
တဖက်ကမ်းခြေအရောက် လွှင့်ခဲ့...
ခြေထောက်တွေတော့ ပဲ့ဖြစ်
ရေထဲ နစ်လို့...
(၁၉၇၄)
အမည်တခုအတွက်
“Kush”ရဲ့ “လှိုင်းဂယက်တွေ”လို
ပွက်ပွက် ဆူကြွ
မြို့ကြီးရဲ့ တံခါးဝမှာ
အိပ်ပျော်နေသူတွေ နိုးထလာတယ်။

(၁၉၇၅)
ကျောင်းတွေ ပိတ်လို့ တိတ်ဆိတ်နေတဲ့ မြို့မှာ
ငိုရှိုက်သံတွေ ကျယ်လောင်လာကြ
“Mondrian”ရဲ့“နွေည”ထက်တောင်
ပူလောင် အိုက်စပ်နေသေးတယ်။
(၁၉၇၆)
မှိုင်းရာပြည့်က မြို့ကြီးရဲ့သမိုင်းတချို့
ရေးတို့ထားလိုက်လေတယ်။
“Bak”ရဲ့“ထိုအခါမှစ၍”
နာရီလက်တံများ
မေ့လျော့ခံသွားရချိန်
ပြက္ခဒိန်ထူထူတချို့
ခရီးရှည်သွားဖို့ ပြင်ခဲ့ပြီ။

(၁၉၇၇)
“Munch”ရဲ့“လရောင်”အောက်မှာ
ညီမလေးတယောက်ကို
ကျနော့်အတွက် အမေ ခေါ်လာခဲ့တယ်။
လရောင်ရိပ်မှာ
သူ့ကို ကျနော် သိပ်ခဲ့ရတာပေါ့။
(၁၉၇၈-၇၉)
“Nesterov”ရဲ့
“ဆောင်းဦးပေါက်” ကန်ရေပြင်လို
ကြည်လင်နေတဲ့ နေ့ရက်တွေ
ငြိမ်သက်နေတဲ့ ကာလတွေ
အစား ပြန်မရနိုင်လေဘူး။

(၁၉၈၀)
လူငယ်တယောက် ဖွက်ထားတဲ့
”Magritte”ရဲ့“စာမျက်နှာအလွတ်”ပေါ်
ဂီတ သင်္ကေတတွေ
ကျနော်လွှတ်ချလိုက်တယ်။
နှင်းတွေ ပျော်ကျ
ဂစ်တာတီးတဲ့ ညတွေ များများလာ...
(၁၉၈၁)
“Chagall”ရဲ့ “အိမ်အပြာ“
ကိုယ်တိုင် ဆောက်တတ်လာပါပြီ။
နှင်းဆီရနံ့၊ သက်တန့်၊ အပြုံး
အိပ်မက်တွေကို ဖုံးရင်း ...

(၁၉၈၂)
ကံကော်တန်းထဲ
လျှောက်လှမ်းသွားရင်း
“Matisse”ရဲ့
“အပြာရောင်ပြတင်း”မှာ
ချစ်ခြင်းမေတ္တာ တွေ့လိုက်ရပုံ...
ကြယ်တွေ စုံ ည
ရင်ခုန်သံတွေ လှပလို့...
(၁၉၈၃)
ညနေခင်း ရွှေရောင်
လိပ်ပြာတကောင်
အစိမ်းနု တောင်ပံ ခတ်
နှင်းဆီ နီနီ ပွင့်ချပ်
“Kush”ရဲ့ “ရပ်တန့်သွားတဲ့အခိုက်အတန့်”
နှလုံးသား အကန့်တခုထဲ
အေးခဲထားမိ...

(၁၉၈၄)
ကံကြမ္မာ ချော်လဲခဲ့တဲ့ လမ်းတလျှောက်
အခေါက်အတွန့်တွေချည့်...
“Munch”ရဲ့ “ခွဲခွာခြင်း”မှာ
ဒဏ်ရာတွေ နက်ကြောင်း
ကောင်းကောင်း သိလာခဲ့...
(၁၉၈၅)
နေကွယ်သွားတဲ့နေ့ခမျာ
အတိတ်ကို အမေ့ခက်ပါ့...
“Ernst”ရဲ့ “တိတ်ဆိတ်ခြင်းမျက်လုံး”လိုပဲ
တခုထဲသော ပုံရိပ်
တိတ်တဆိတ် မြင်မြင်မိ ... ။

(၁၉၈၆)
ကံ့ကော်တောနဲ့ ဝေးဝေးမှာ
“Dali”ရဲ့ “အထီးကျန်”
မီးလျှံတွေဖြစ်လာ
အဓိပတိလမ်းရေ
စိန်ပန်းပြာတွေ
ငါ့ကို ပြန်ပေးပါ့... ။
(၁၉၈၇)
ကွက်လပ်တွေ သည်လောက်များတဲ့
“မြို့ပြနေရာ”ထဲ
“Jimmy Ernst”လို
ကိုယ့်အခန်းထဲ ကိုယ့်ကိုယ်ကို
ထားသိုနေနေရ
ခက်ခဲလှချည့်...

(၁၉၈၈)
နှစ် သုံးဆယ်နီးပါး
ဖောင်းကားလာခဲ့တဲ့ ပူဖောင်းတွေ...
နေရာတကာမှာ လမ်းလျှောက်လို့
“Grosz”ရဲ့ “ပေါက်ကွဲမှု”ကိုတွေ့ရတယ်...
(၁၉၈၉)
“Ernst”ရဲ့“တောအုပ်”ထဲမှာ
ကိုယ့်ကိုယ်ကို ရှာတွေ့ခဲ့တဲ့နောက်
မြို့ပြရဲ့ မျက်စေ့အောက်က
ပျောက်ဆုံးသွားသူတချို့ကိုလည်း တွေ့တယ်
အိပ်မက်တွေကို ပွေ့လို့...

(၁၉၉၀)
တောရိပ် တောင်ရိပ်
အိပ်စက်ခြင်းမဲ့ တောင်ယာတဲ
သင်တိုင်းဖြူလေးတွေနဲ့ စပါးခင်းလည်း
“Chagall”ရဲ့ “စစ်ပွဲ”မှာ လူးလိမ့်ရင်း...
(၁၉၉၁)
သေနတ်သံတွေနဲ့
သရဲခြောက်ခံရသလိုမျိုး
အိပ်မက်ဆိုးတွေ မက်တယ်။
“Dali”ရဲ့ “စစ်မျက်နှာ”
ဒဏ်ရာတွေ ပြည့်နေပုံ ...

(၁၉၉၂)
စစ်ပွဲတွေကြားထဲ
“Munch”ရဲ့“နေမင်း”ကပဲ
အက်ကွဲလာနေလေသယောင်
နည်းနည်း မှောင်လာတယ်...
(၁၉၉၃-၉၄)
သောင်ရင်း ပွေ့ဖက်
အေကေ တလက် ခေါင်းအုံး
ငှက်ဖျား မုန်းရင်း
ဒေါန တောင်ယာခင်းတွေထဲ
“ထိုးဆင်းလာတဲ့ညရိပ်”ကို
“Dali”လို တိတ်တဆိတ် ကြည့်နေခဲ့ ...

(၁၉၉၅)
ရှင်းရှင်းလင်းလင်း ညို့အုပ်
ရှုပ်ရှုပ်ထွေးထွေး ညိုမှောင်
အရောင်ရင့်ရင့် လွင့်မျော
“Magritte”ရဲ့ “သစ်တော”ကို
ကျောခိုင်းပြီးတဲ့နောက်
ဘ၀တောအုပ်ထဲ
ရောက်သွား...
(၁၉၉၆)
ပင့်သက် သောက
ခဏ မေ့ထား
ပျားရည် ၀ိုင်ချို၊ ရင်ဖို အနမ်း
“Ernst”ရဲ့ “အချစ်ည”
နှင်းတစနဲ့
ဘ၀ အမောဖြေမိခဲ့...

(၁၉၉၇)
နေတလုံး လတမင်း
ဘ၀ ခပ်ကျဉ်းကျဉ်းထဲ
ခုန်ချဆင်းလာ
ကြယ်ပြာတစင်း
“Kush”ရဲ့ ”မနက်ခင်းပွင့်ဖူး”
သားဦးကလေး...
(၁၉၉၈)
မနက်ဖန်ဆိုတဲ့ ငါးတကောင်ကို
ချုပ်နှောင်ဖမ်းယူဖို့အတွက်
ကွန် ယက်နေဆဲပါ့...
“Sanchez”လိုပဲ
“မနေ့နဲ့မနက်ဖန်အကြား”
ဗျာများနေရ...

(၁၉၉၉)
တိမ်ခဲတွေကြားထဲမှာ နှင်း
အမှောင်မဲတွေကြားထဲမှာ အလင်း
စိတ်ထင်ရာ
ဘာသာပြန်မိရင်း
“Tanguy”ရဲ့ “မနက်ဖန်”ကို
မျိုမျိုချပစ်...
(၂၀၀၀)
တပါးမြေ ခြေအချ
“Munch”ရဲ့“ညအဖြူ”
လူသုံးယောက်ကို
မလိုတမာ စူးစိုက်ကြည့်...
နှင်းနဲ့ တွေ့လိုက်ရသည့်တိုင်
မအေးမြနိုင်ခဲ့...

(၂၀၀၁)
မနက်ဖန်ကို စိုက်ပျိုးချင်မှတော့
မနေ့ကို မျိုးစေ့ကျဲပစ်မှ ဖြစ်မယ်။
“နေ့သစ်”ကို
ကျနော် တူးဖော်ခဲ့...
(၂၀၀၂)
နေတလုံး လတမင်း ကြယ်တစင်းနဲ့
ပန်းခင်းလေးထဲ
နောက်ထပ်ကြယ်ပြာတစင်း
ဆင်းသက်လာတဲ့အခါ
“Munch”ရဲ့“ကြယ်စုံည”
တံခါးဝမှာ ရပ်လို့...

(၂၀၀၃-၄-၅-၆)
ဆေးသား မှိန်ကွက်
မှိုတက်နေတဲ့ ပြက္ခဒိန်တချို့
မြို့ပြအိပ်မက်တောမှာ
“Petrov-Vodkin”ရဲ့ “တယော”လို
အိပ်မောကျခဲ့ ...
(၂၀၀၇)
မျှော်လင့်ချက်တွေ
ဖျက်ချေချိုးဖဲ့ခံရ
“မနက်ဖန်ဆိုတာ ဘယ်တော့မှ”
ပြန်မရတော့ဘူးလား “Sage”

(၂၀၀၈)
ဝေးလွင့်ခြင်း
အနှစ် နှစ်ဆယ်...
တမ်းတခြင်း
အနှစ် နှစ်ဆယ်...
အဲသည်လေဟာနယ်မှာ
ကျနော့်“လမင်းကြီး” ကွယ်ပျောက်ခဲ့...
(၂၀၀၉)
၄၅ နှစ်မြောက် နွေဦးမှာ
အတောင်ပံပါလျက်
“Magritte”ရဲ့ “အိမ်အလွမ်း”နဲ့
မပျံသန်းနိုင်တဲ့ငှက်ဟာ
ကျနော်ပါပဲလေ
တစစီ တဖဲ့စီ
ပဲ့အက် ကြေကွဲနေခဲ့ပြီ။
ATN .
(Photo sources: http://images.google.com; http://www.abcgallery.com)