Sep 7, 2013

ကမ္ဘာစစ်


တချို့က ရွက်လွှင့်တယ်...
ကျနော်က စွန်လွှတ်တယ်...
ပင်လယ်တွေက သူတို့ နဂိုရ်အတိုင်း...
ကွင်းပြင်ကျယ်တွေက အဆုံးအစမဲ့...
ကျနော့် စာမျက်နှာတွေမှာ
ယုန်ကလေးတွေကို တံဆိပ်ကပ်ခဲ့မိတာသာ
ကျနော့် အားနည်းချက်...

(atn)

Sep 6, 2013

စွန်လွှတ်သူ



စမ်းချောင်းလေး တစင်းကို ဖြတ်ကျော်ခဲ့တယ်…
ငါ့ ဆံပင်တွေ ရှည်လာတာပဲ အဖတ်တင်တယ်…
ပင်လယ်ကမ်းခြေက အုန်းပင်လေး တပင်ကို မနာလိုဖြစ်ခဲ့တယ်
ငါ့ (လ)ကလေးကို ပုခုံးထက်မှာ ငါလည်း တင်ထားချင်တာပေါ့…
ဟော့သည့် ကြယ်ငါးကလေးကို ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ်…
ငါ့ စူဠလိပ်ကလေးကိုလည်း ရေထဲ လွှတ်ပေးပါ… မေ…
မနက်မိုးလင်းတော့ ငါ့ မုတ်ဆိတ်တွေကို ငါ ရိတ်ရင်း
မြက်ခင်းစိမ်းနဲ့ တဲငယ်လေး-သီချင်းကို ဆိုနေမိ…
မသက်ဆိုင်မှုတွေနဲ့ပဲ… တံတားတွေ လမ်းတွေ ထိုးခဲ့တဲ့ နိုင်ငံမှာ…
ငါက အသက်အာမခံ ရောင်းနေမိသူဖြစ်နိုင်တယ်…
စွန်ကလေးတကောင်ကို လွှတ်ခဲ့မိပြီ...
ကြိုးဖြတ်သူက … ငါဖြစ်နိုင်ပါ့မလား… ကလေးလေးရဲ့…
မင့်စွန်ကလေး… လေမှာ ၀ဲနေတုန်း...
ဖြေပါ့…

(atn)

Sep 5, 2013

ဖက်ဖူးရောင် မော်ဒန် အလွမ်း



စမ်းချောင်းလေးထဲမယ် သစ်ရွက်ခြောက် တချို့ ၀ဲလည်မျောပါသွားကြ…
အရောင်ပြောင်းနေတဲ့ တောအုပ်အထက်မှာ ပျံလွှားငှက်တွေ လေလွင့်နေ…
လွင်ပြင်လေးတခုထဲမှာတော့ သိုးမည်းတွေ စားကျက်ရှာဖွေနေကြပုံ…
နေပွင့်ခွင့်မရတဲ့ ကောင်းကင်ယံမှာ သက်တံတွေလည်း မမြင်ရ…
တောင်ကုန်းကလေးပေါ်ကိုတက်လာတဲ့ လေပြည်ကလည်း မျက်စေ့တွေလည်လို့…
ဟိုးတောင်တန်းတွေဆီက ဂူကြီးတခုမှာတော့…
ကမ္ဘာဦးလူတွေ (မီး)ကို စတင်တွေ့ရှိခဲ့ကြပြီ…
ကျုပ်လား…
ကျုပ်လည်း (မီး)ကို တွေ့ရှိခဲ့တာပေါ့…

(atn)

Aug 31, 2013

Blog day post

August 31, 2013 6:44 am

တခါတခါတော့… အတိတ်ဆိုတာ ပြန်တွေးရင် ပျော်စရာကောင်းတယ်… သည်လိုဆိုလိုက်လို့… အတိတ်တိုင်းဟာ ပျော်စရာကောင်းတယ်လို့ မဆိုလိုပါ…  ကြေကွဲစရာ… စိတ်ဆင်းရဲစရာ အတိတ်တွေလည်း ရှိကြမှာပါ… ကျနော် ယေဘုယျပြောနေတာကတော့ လူတိုင်း သတိတရ ဖြစ်နေမယ့် အတိတ်-ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလတွေပဲ ဖြစ်မယ်လို့ ယုံကြည်လို့ပါ… ကျနော် မှားရင်လည်း မှားနိုင်ပါတယ်… သို့သော်လည်း… ကျနော်နဲ့ သဘောမျှမယ့်လူ… ကျနော့် အဆိုကို အားပါးတရ ထောက်ခံအားပေးမယ့်သူတွေလည်း တချို့တလေတော့ ရှိနေလိမ့်ဦးမယ်လို့ ကျနော် ယုံကြည်နေပါသေးတယ်… ပျော်ရွှင်စရာ အတိတ်ကာလတွေကိုပဲ… လူတွေ တမ်းတမှာပါ… ကြေကွဲစရာ… စိတ်ညစ်ငြူးစရာ အတိတ်ကာလတွေကို တမ်းတ လွမ်းဆွတ်မယ့်လူ ဘယ်လိုလူတယောက် ရှိဦးမလဲ… အဲ့ဒါဟာ မဖြစ်နိုင်တဲ့ အခြေအနေပဲ
ကျနော် ဘလော့စရေးတော့… ၂၀၀၇ ဒီဇင်ဘာ… … သည်အကြောင်းကို ပို့စ်တခုအနေနဲ့လည်း ရေးဖူးတယ် ထင်တယ်… ကျနော် သိပ် မမှတ်မိတော့ဘူး… အသက်တွေက ကြီးလာပြီဆိုတော့ အယ်လ်ဇိုင်းမားတွေလည်း ကျနော် ရနေပြီလား မသိတော့…
မှတ်မိနေသေးတာကတော့ ၂၀၀၈ ကနေ ၂၀၁၁ အထိ သုံးနှစ် ဆက်တိုက် ဘလော့ကို ထဲထဲဝင် အားသွန်ခွန်စိုက် ကျနော် ရေးလိုက်ခဲ့ဖူးတာတော့ သတိရတယ်…
အဲ့သည်ကာလတွေ ထဲမယ်… ဘလော့ရေးရင်း… ဘလော်ဂါမျိုးစုံနဲ့ ခင်မင်ရင်းနှီးမိသပေါ့လေ… ခု… ကျနော့်ကို အဲ့သည် ဘလော်ဂင်းအကြောင်းရေးဖို့တဂ်တဲ့ ဆြာ-ရန်အောင်-တို့လို ဘလော့-စလေစဗျစ်သီးတွေဟာ အဲ့သည်အချိန်တုန်းက မင်းသားကြီးတွေပေါ့…
ဆြာရန်အောင်ကို တွေ့ချင်ကြတဲ့ ဘလော်ဂါပေါင်းသောင်းခြောက်ထောင်… (အင်း… အဲ့သလို ရေးရင်းနဲ့ ကွမ်ယင်မယ်တော်ကြီး ခင်ဦးမေကို သွားပြီး သတိရတယ်…) ဆြာရန်အောင်ရဲ့ဒါ့ပုံကို တွေ့ချင်တဲ့ ဖြူဖြူလွလွ မည်းမည်းပုရွ… ဘလောဂါတွေဆိုတာ… ဒါ့ပုံတင်ပါ… ဒါ့ပုံတင်ပါနဲ့ပေါ့… (အဲ့သည်အချိန်တုန်းကပြောပါတယ်…) ကိုယ်တွေရဲ့ ဆြာ-ရန်အောင်ကလည်း သွေးကြီးပါ့… သူ့ပုံကို ဘယ်တင် လိမ့်မလဲ…
ထို့အတူ… ကွမ်ယင်မယ်တော်ကြီး… မမကွမ်းကလည်း… ကျား-ကျား-မ-မ-တို့ အသည်းစွဲ… သူ့ဘာသာရေးချင်ရာရေး… ကွန်မန့်ပေါင်း သောင်းနှစ်ထောင်…ရတယ်… အဲ့သလို… အဲ့သလို…
ကျနော်လား…
ကျနော်က ဘာကောင်မှ မဟုတ်ဘူး… ကဗျာလေး တပုဒ်စ- နှစ်ပုဒ်စရေးပြီး… အွန်လိုင်းတက်လာခဲ့တဲ့ကောင်… ဘယ်လို ဘယ်အကြောင်းရယ်ကြောင့်မသိ… ကျနော်နဲ့ လေပေးဖြောင့်မိတဲ့ထဲမယ်… အဲ့သည်အချိန်တုန်းက ဘလော့ စလေစပျစ်သီးတွေ ပါခဲ့တာပေါ့…

ပန်ဒိုရာ၊ ကေသွယ်၊ ခင်ဦးမေ၊ ၀ီရှီမီ၊ ကိုမောင်ရင်၊ ကိုပေါ (ကျနော်နဲ့ ရန်ဖြစ်တယ်)၊ သက်ဝေ၊ ခင်မင်းဇော်၊ ရန်အောင်၊ မောင်မျိုး၊ အောင်ခင်မြင့် (ပျူနိုင်ငံ)၊ မောင်ဖုန်းမြင့်၊ မှူးဒါရီ၊ လင်းထက်၊ မျိုးဝင်းဇော်၊ ကမာပုလဲ၊ အိန္ဒြာ၊ မနော်ဟရီ၊ လင်းဒီပ၊ အတွေးတိမ်တိုက်… စသည်ဖြင့်ပေါ့… စာရင်းလုပ်ရရင် လူတွေ ရာချီမယ်… (နံမည်တချို့တလေ ကျန်ခဲ့ရင် ကျနော့်ကို အပြစ်တင်ကြပါ)
ဘလော့ရေးချိန်တုန်းက အဲ့သည် ရေးဖော်ရေးဖက်တွေကို သတိရပါတယ်…
ခုတော့ ကျနော်လည်း ဘလော့ရေးတာကို ရပ်ထားလိုက်တော့… တချို့တလေကို မျက်နှာစာအုပ်မှာ ပြန်တွေ့တယ်… တချို့ကိုလည်း ဘယ်နေရာမှာမှကို ပြန်မတွေ့တော့ဘူး… (ဥပမာ- ကိုမောင်ရင်)
သို့သော်လည်း…ဒါကိုကလည်း… ကျနော်တို့တွေရဲ့ ဘ၀တွေနဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့… ကျနော် ယူဆတယ်…. (ကိုမောင်ရင်) ဟာ ဦးနာအောက်-ပို့စ်တွေရေးပြီး ပျောက်သွားပေမယ့်… တနေရာရာမှာတော့ သူ ပြန်ပေါ်လာနိုင်သေးတယ်လို့ ကျနော် ယုံကြည်နေသေးတယ်…
ဘယ်လိုပဲဖြစ်ဖြစ်ပါ… ဘလော့တွေ သိပ် ခေတ်မစားတော့ပေမယ့်… ဘလော်ဂါတွေဟာ မျက်နှာစာအုပ်မှာ နေရာယူပြီးကြပါပြီ… ဘလော့တွေအစား… ဘလော်ဂါတွေရဲ့နုတ်စ်တွေကိုပဲ ဖတ်ကြပါစို့လား…

(atn)

Aug 18, 2013

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…


သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
ဖတ်စရာ ရှိတာတွေ ဖတ်ပြီးရင် ကဗျာ တပုဒ် ရေးမယ်…
ညကောင်းကင်ထဲ တိမ်တွေ လှုပ်နေတယ်… 
လ-ငပုပ်ဖမ်းထားတဲ့ ကမ္ဘာကြီးကိုပဲ နဖားကြိုးထိုးလို့… ဖုတ်သွင်းရထား လှည်းလမ်း လွဲခဲ့ပုံ…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး… 
ကံကြမ္မာနဲ့ ရောကြော်ထားတဲ့ ခေါက်ဆွဲ… ပုရွက်ဆိတ်အုံထဲ ပစ်ကျွေးလိုက်တယ်…
ပင်လယ်ထဲ လက်ပစ်ကူးနေသမျှ အားလုံးဟာ မြစ်တွေချည့်သက်သက်…
တောင်တန်းတွေနဲ့ လက်ထပ်စာချုပ်ချုပ်ထားတဲ့ ကောင်းကင်လည်း အသည်းတွေ ကွဲလို့…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး… 
အင်္ကျီအသစ်ဆို ကြယ်သီးတပ်မ၀တ်ချင်တဲ့စိတ်နဲ့… အိပ်ရေးပျက်ထားတဲ့ အခူးစတစ် ဂစ်တာတလုံး…
ရင်ဆို့ဖွယ်ရာ အရေးအသားတွေ ကိုယ်ရုံ ချုပ်လုပ် ၀တ်ဆင်ထားတဲ့ စာမျက်နှာ တခု… 
အိုင်-ဖုန်းတွေ မလို… အိုင်-ပေါ့တွေ မလို… အိုင်ပက်စရာ အိုင်တအိုင်ပဲ လိုတဲ့… အိုင်-ကိုယ်တိုင်…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး… 
အိမ်ရှေ့လမ်းပေါ်ပြေးနေတဲ့ ကားတွေကို မနာလိုဘူး… ငါ့ စက်ဘီးကလေး ပြန်ပေးပါ…
ဘီးနံပတ်-အိုကေ သုံည တစ်နှစ်နှစ်-အယ်လ်… လွမ်းတယ်-ဆိုတဲ့ တံဆိပ်ကို ရင်ဘတ်မှာ ချိတ်လို့...
နှလုံးသားအိုကြီး ငြည်းငြူနေပုံရဲ့ အသံဟာ... မယ်လန်ခိုလီ ဖြစ်နေတယ်… 

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
ရည်ရွယ်ချက်ရှိရှိ… ဦးတည်ရာမဲ့ ပျံသန်းခဲ့တဲ့ တိမ်တအုပ်ဟာ… မိုးချုပ်သွားမှာ မကြောက်ဘူး…  
တယော တလက်ကို… သောကြာနေ့ ညနေခင်းလို ထိုးပစ်ခဲ့တဲ့ လ-တစင်းဟာ…
နေမင်းဆီ ပြန်လာတော့မှာ မဟုတ်ဘူး… သေချာတယ်…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
အနက်ရောင် ခန်းဆီးတွေကြားထဲမှာ သာလိကာ နှစ်ကောင်ကို ချိတ် ပစ်လိုက်တယ်…
ပန်းမပွင့်တဲ့ ဥယျာဉ်မှာ… ငါ့ ကလပ်စစ်ခယ်-ဂစ်တာကြိုး ခြောက်ချောင်းကို တပ်ထားမယ်…
ကောင်းကင်ဘုံ အ၀မှာ… ငရဲပန်းတချို့ ပွင့်သည့်တိုင်… အဘယ်သူမျှ မတို့ရ မထိရ…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
သော့ခတ်ထားတဲ့ တံခါးတွေကို မဖွင့်ဘူး… တံခါးပိတ်ထားတဲ့ သော့တွေကိုပဲ သိမ်းထားမယ်…
သေဒဏ်ကျထားတဲ့ သစ်ရွက်ခြောက်လို ဘ၀-ဆိုတော့လည်း… ကမ်းမမြင် လမ်းမမြင်တွေပဲ များတယ်…
အစပ်အဟပ်မတည့် နေ့ရက်တွေထဲ… ဆံပင်တွေ မွဲခြောက်ကျဲပါးလာကြတဲ့လမ်းမများ ကောက်ကွေးလို့…

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
ဒက်သ်မက်တယ်-တွေ နားထောင်ပြီး… မသေတဲ့ သေမင်းကို…  မသေမချင်း သတ်ပစ်လိုက်တယ်…
ဟိုးအဝေးက ချိတ်ထားတဲ့ ခေါင်းတလားမှာ… သံမှို ရှစ်ချောင်း ရိုက်ထားတာ အဓိပ္ပါယ် မရှိဘူး…
ရှစ်…. သည်လဟာ တနှစ်ရဲ့  ရှစ်လမြောက်-လပဲ… သြဂတ်စ်-လ… ရှစ်-----

သည် မနက်ခင်းကို တီးခတ်ရတာ… အရသာ မရှိဘူး…
ရှစ်… ရှစ်… ရှစ်… ရှစ်…

(atn)

Jun 18, 2013

အတိတ်မေ့ရောဂါ

စိတ်သဘော မကျလာတိုင်း တွေ့မြင်ကရာ အရွဲ့တိုက်နေတဲ့ တောင်ကုန်း တချို့က ပြုံးလို့ ရယ်...
အမြဲစိမ်းတောအုပ်တခုထဲ ရေအခါခါ ချိုးခဲ့ဖူးတဲ့ မြစ်ကလည်း တခစ်ခစ် သဘောကျ...
သင်းကွဲတိမ်တိုက် လှလှတွေနဲ့ အဖော်ရခဲ့ အထီးကျန်ပင်လယ်တွေက သူတို့ကို ထိတွေ့ ကိုင်တွယ်ခွင့် မရ...
ခေါင်းမာလွန်းတဲ့တောင်တန်းတွေလို သန့်စင်ရှားပါး မေတ္တာတရားကလည်း တွန့်ခေါက် ရွေ့လျား...
ပြန်မလာတော့ပါဘူး ကတိပေးထားတဲ့ မနက်ဖန်ဟာ ပုန်းကွယ် ကိုယ်ယောင် ဖျောက်...
ခါးကျိုးနေ ပစ္စုပ္ပန် တယောက်ကတော့ မနေ့တနေ့ကို ဆဲလို့ ဆိုလို့ အော်ဟစ်သွား...
နဂါးခေါင်းမပါတဲ့ ပြက္ခဒိန်တချပ်သာ မြွေဟောက်တကောင်လို ပါးပြင်း ထောင်...
သင်္ဘောမှောက်ခဲ့ဖူးတဲ့ သစ်ပင်ကြီးတပင်ကလည်း ဖဲကြိုးအ၀ါတွေ ကိုယ်မှာ အထပ်ထပ် ရစ်ပတ်ရင်း...
နေ့ခင်းကြောင်တောင်ကြီး မှောင်တဲ့ မနက်က မမ္မီ မမတွေလို ကျပ်စည်း...
အသက်ရှူမ၀ပါဘူးဆိုမှ ကျောက်မီးသွေးမိုင်း ပြိုကျခဲ့တဲ့တောင်အလုံးတိုင်း ငိုလို့ ရှိုက်...
ကမ်း မကပ်လိုက်ဖူးတဲ့ သမုဒ္ဒရာတစင်းလို လမင်းကလည်း ကမ္ဘာမြေကို တမ်းတနေရရှာ...

ငါ့မှာသာ ...

atn

Jun 16, 2013

တံခါးခေါက်သံ...













အိမ်လွမ်းနေတဲ့ တောင်တန်းကြီး... 
တဖြည်းဖြည်းချင်း ကျော်လွှားတက်လိုက်တော့
တိမ်လွှမ်းနေတဲ့ တောင်တန်းလေးများ 
မျက်စေ့ တဆုံးတလျား တွန့်ခေါက် ကြေကွဲ နာကျင်လို့...

နောက်လှည့်ပြန်တာ မဟုတ်ဘူး... သံလိုက်အိမ်မြောင် မှားနေတာ...
လမ်းလွဲသွားတာ မဟုတ်ဘူး... နေမုန်တိုင်းတွေ တိုက်နေတာ...
လက်လျှော့ခဲ့တာ မဟုတ်ဘူး... ၀င်ရိုးစွန်းတွေ စောင်းနေတာ...
ရှုံးနိမ့်သွားတာ မဟုတ်ဘူး... ခြေကုန်လက်ပမ်း ကျနေတာ...
ဘူတာမဲ့တာ မဟုတ်ဘူး... ရထားသံလမ်း ပျောက်နေတာ...

ဆင်ခြေဆင်လက်တွေ အစွမ်းကုန် တူးဆွထားတဲ့ မြစ်ဟာ
ပင်လယ်သေထဲမှာပဲ လှလှပပ ဖူးပွင့်သွားတော့တယ်...

ဘာပဲဖြစ်ဖြစ်... 
အမေ့ အိမ်တံခါးလေးကို အသံမမြည်သွားအောင် ဖွင့်လိုတဲ့ လက်တွေဟာ
နောက်ကျခြင်း နှင်းစက်တွေနဲ့အတူ တုန်ရီလို့...
အမေ မရှိတော့ပြီဖြစ်တဲ့ အိမ်ကို
ဘယ်လိုအကြောင်းကြောင့်မို့ကျနော်တို့ ပြန်ရောက်သွားကြပါလိမ့်...

ကျနော်တို့ရဲ့လက်ခေါက်ကလေးတွေ
မေ့လျော့ခြင်း လေထုထဲမှာ ရပ်တန့်အေးခဲရင်း... ....
atn

Jan 15, 2013

အူသံရှည် နေ့စွဲများ (၂)

















မဝေးရဲဘူး-ဆိုတဲ့ လမ်းဟာ 
အရှေ့ဖက်ကမ်းခြေကို လွင့်စင်ထွက်သွားတဲ့ 
အနောက်ဖက်ကမ်းခြေရဲ့ ကြေကွဲ ညနေ...
ကြိုးပေးခံထားရတဲ့ မနက်ဖန်ဟာ
အိပ်မက်လေးတခုကို ဆာလောင်လို့...
တမ်းတခြင်းတောင်ကုန်းလေးတခုပေါ်မှာတော့
အေးစက်မှုများက မေးခွန်းတခုကို မေးလေရဲ့..
.နှင်းတွေ ဘာလို့ ကျခဲ့ကြရတာလဲ-တဲ့...
အဲသည့် တောအုပ်ထဲမှာ
 နေရောင်ကို ထောင်ဖမ်းရင်း
ကိုယ်တိုင် သားကောင်ဖြစ်ခဲ့တဲ့ လတစင်းရှိရဲ့..
.နေ့တွေနဲ့ အကြွေစေ့တွေကို
မှားယွင်း ရေတွက်နေတဲ့ ငှက်တကောင်ကလည်း...
အဲသည့် တောအုပ်ထဲမှာ
အတောင်တွေ တဖျပ်ဖျပ်နဲ့ မရပ်မနား...
ချစ်သူရှိရာ သွားချင်နေသေးတယ်...
မိုးချုပ်ပြီ-ဆိုတဲ့လက်မှတ်ကို
အိပ်ကပ်မှားထည့်ထားတဲ့ မနက်ခင်းကတော့
ခြေကုန်လက်ပမ်းကျနေပုံနဲ့
ခေါင်းငိုက်စိုက်...
မိုက်မဲမှုတိုင်းရဲ့တံဆိပ်တွေဟာ 
အနက်ရောင်တွေနဲ့ပဲ ပုံနှိပ်ထားတာကလည်း ထူးဆန်းတယ်...
ကိုယ့်ကိုယ်ကို ကျပျောက်ခဲ့တဲ့ ဂစ်တာတလုံးအတွက်
တယောတလက်က ငိုကြွေးနေစရာ
ဘာအကြောင်းမှကို မရှိ...
မနက်ခင်းတွေကို တက်နင်းသွားလည်း ရပါတယ်-ဆိုင်းဘုတ်ထောင်ထားတဲ့ ညကို
မနက်ခင်းတချို့က ခေါင်းရိုက်ခွဲဖို့ လူစုတယ်...
သည်လိုပါပဲ...
ကျူးကျော်ရပ်ကွက်တခုထဲမှာတော့
အဲ့သလို ရုတ်ရုတ်သည်းသည်းတွေပဲ ရှိတယ်...
အစကနေ ပြန်ကောက်ရမယ်ဆိုရင်
အဆုံးကနေ ပြန်ကောက်ရမယ်...
အာရုံနောက်နေတဲ့ ၀ံပုလွေတကောင် အူသလိုမျိုး
ကဗျာတပုဒ် အူတယ်...
ခွင့်လွှတ်ပါ...
အဲ့သည့် ကဗျာကို အောင်သာငယ် ရေးတာပါ...

atn

Aug 8, 2012

ရန်ကုန်





















အဲသည့်မြို့ရဲ့ တကိုယ်လုံးဟာ... မေ့ပျောက်မရနိုင်သော အမာရွတ်တွေ အပြည့်အနှက်... ရရှိခဲ့တဲံ့ ဒဏ်ရာဒဏ်ချက်တွေကို... ဆုတံဆိပ်တွေလို သူ့ရင်မှာ နာနာကျည်းကျည်း သူ ချိတ်ဆွဲခဲ့တယ်...အဲသည့်မြို့မှာ... ရာဇ၀င်တွေကို လက်တမ်းရေးသူကရေး... သမိုင်းကို သွေးနဲ့ရေးသူကရေး... သည်လိုနဲ့ အဲသည်မြို့ရဲ့ ပုခုံးနှစ်ဖက်ဟာ... လေးလံ ညွတ်ကိုင်းလာခဲ့တော့တယ်...အဲသည်မြို့မှာ... လူတချို့က သူ့သွေးကြောတွေကို အလွယ်တကူ ဖောက်သောက် နေချိန်မှာ... လူတချို့က သူ့သွေးကြောမတွေထဲမှာ လေးလေးပင်ပင် နက်နက်ရှိုင်းရှိုင်း စီးဝင်လို့...အဲသည့်မြို့ရဲ့ ကတ္တရာလမ်းနက်နက်တွေဟာ... ညဥ့်နက်နက်တွေအကြောင်း ကောင်းကောင်း သိမ်းထားတယ်... သို့သော်လည်း သူတို့အပေါ်စီးကျခဲ့တဲ့သွေးတွေ... ဘယ်လို ရေနဲ့ဆေးခံလိုက်ရကြောင်းကို... ဘယ်သူ့ထံကိုမှ အစီရင်ခံစာ မတင်နိုင်ခဲ့ဘူး...မြို့တော်ခန်းမရှေ့က သုဿာန်တစအကြောင်း... ပေတရာပေါ်က အာဇာနည်တွေအကြောင်း... ရေမြောင်းဘေးမှာ လဲကျနေခဲ့တဲ့ ခွပ်ဒေါင်းအလံလေးတလက်အပေါ်က သွေးစက်နီနီတွေအကြောင်း... အဲသည့် ကတ္တရာလမ်းမပေါ်မှာ ဆန္ဒပြခဲ့တဲ့ အထက်တန်းကျောင်းသူလေးတယောက် ရင်ပွင့်ခဲ့ရတဲ့အကြောင်း...အဲသည်မြို့ဟာ သူ့ရင်ဘတ်ထဲက ကျပျောက်သွားခဲ့တဲ့ ကြယ်ပွင့်လေးများကို မရေမတွက်နိုင်တော့တဲ့အခါ... သူ့လမ်းမတွေအပေါ်မှာ မျက်ရည်တွေ ပြည့်လျှံနေတတ်တယ်... အဲသည်မြို့ဟာ... တခါတခါလည်း... ခင်ဝမ်းရဲ့ အဝေးရောက်ညီငယ်... အခြေအနေ ဘယ်လိုလဲ... အဆင်ပြေစပြုပြီလား... စိတ်ပျက်နေပြီလား... သီချင်းကို တီးတိုး ဆိုညည်းနေတတ်တယ်... အဲသည်မြို့ဟာ... အမှတ်ရစရာနေ့ရက်ပေါင်းများစွာနဲ့ကို နစ်မြုပ်နေခဲ့တာ... အဲသည့်နေ့ရက်တွေမှာ... အဲသည်မြို့ဟာ... မိုးမခပင်တွေကို သက်သေတည်ရလွန်းလို့... မောဟိုက်နေခဲ့တယ်...အဲသည်မြို့ဟာ... အမှတ်တရ နာကျင် ကြေကွဲမှုတွေကို သယ်ဆောင်ထားဆဲပဲ... သူ့အမှတ်တရတွေတိုင်းမှာ... သူရဲကောင်းတွေရဲ့ နံမည်တွေကို တက်တူးထိုးထားတယ်... အဲသည်မြို့ဟာ... သူ့မြို့သူမြို့သားတွေကို ချစ်တယ်... သူ့ရင်ဘတ် အိုဟောင်းဟောင်းကြီးထဲမှာ... သူ့မြို့သူမြို့သားအားလုံးကို သိမ်းကျုံး ဖက်ပွေ့ထားဆဲပါပဲ...အဲသည့်မြို့ဟာ သူ့ဘယ်ဖက်ရင်ဘတ်မှာ ၈-လေးလုံးကို တက်တူးထိုးထားခဲ့တယ်...သားပျောက် အမေတွေကို... သည်မြို့ကြီး နှစ်သိမ့်နေခဲ့ရတာ ၂၄ နှစ် ရှိခဲ့ပြီ...တမြို့လုံးက ကျသမျှ မျက်ရည်တွေကို သည်မြို့ကြီး ဆည်စည်းထားတာ ၂၄ နှစ်တာ ရှိခဲ့ပြီ...သည်မြို့ကြီးကို ဆည်မကျိုးပါစေနဲ့တော့... သည်မြို့ကြီးကို ဒဏ်ရာတွေ ထပ်မရပါစေနဲ့တော့...

atn

Aug 3, 2012

ကျနော်တို့ မြို့ကလေးဟာ... တဖြည်းဖြည်း ကျဉ်းကျဉ်းလာတယ်... မေမေ...

လမ်းတွေက ရှည်လျားသလောက်... တဖက်တချက်က လူနေရပ်ကွက်တွေကလည်း ထူထပ်တယ်...တကယ်ပြောနေတာပါ... မေမေ... ကားတစီးစီး ဖြတ်သွားလေတိုင်း... ရွှံ့ဗွက်တွေ စင်စင်နေတဲ့ ဧရိယာအကျယ်အ၀န်း-ကလည်း စကားပြောနေပေါ့... ကျနော့်သားကလေး ပြေးလွှားကစားရမယ့် နယ်နိမိတ်ကလည်း ဘာလင်တံတိုင်းလိုလို... ရပ်ကွက်ထိပ်က ညောင်ညိုပင်အိုအိုကြီးမှာလည်း... အရင်ကလို... မြင်းညိုရှင် အရုပ်တွေ မတွေ့ရတော့ဘူး...အဲသဟာက ဂျန်နရေးရှင်း ဂက်-ပေပဲလား... လူအများက... ပိုက်ဆံအလိုကျ... နံပါတ်တပ်ထားတဲ့ စာရွက်တွေကိုပဲ ကိုးကွယ်နေကြတော့တာပဲလေ...ခေတ်ကို... အပြစ်မဆိုပါဘူး... အပြစ်တင်ချင်း တင်... ကျနော့်ကို ကျနော် တင်မှာပေါ့...နေရာက-အမှား... အချိန်ကာလ-အမှား... ငါဟာ-မှားပြီးရောက်လာတဲ့သူ...မဆိုချင်တဲ့ သီချင်းကိုပဲ ကာရာအိုကေ-ဆိုမယ်...မြူမှုန်လို-ဘ၀ပဲ... ဆိုတော့... လွင့်... စင်... ကျဲ... ပါး... သေး... မွှား... ပ... ပျောက်... တယ်...အဲသည့်နောက်မတော့... မနက်ခင်း မပါလာတဲ့ ညနေခင်းတွေပဲ အရောင်းအ၀ယ်လိုက်နေတော့တယ်...ဆိုချင်တဲ့ သီချင်းကိုလည်း ကာရာအိုကေဆိုင်မှာ-ဆိုတယ်...ကီးချင်းက အတူတူဆိုရင်တော့ အားလုံးက အိုကေ-နေသလိုလိုပါပဲ... ဒါပေသည့် ကျနော့် ဘယ်ဖက် ရင်ဘတ်မှာတော့ တဆတ်ဆတ်နာနေတယ်...သေချာတာက... ကျနော့် မနက်ခင်းလေး.... ကျည်သင့်ခဲ့ပြီပဲ ဖြစ်မယ်... မေမေ...

(atn)

Jul 29, 2012

စစ်ပွဲ














ID-4 လို့ ခေါ်တဲ့ 4th of July မှာ ဗျောက်အိုးဖေါက်သံ အကျယ်ကြီးတွေကြောင့် ပြန်နိုးလာတဲ့ ညမှာ... ဟိုး လွန်ခဲ့တဲ့ ၂၃ နှစ် (၁၉၈၉ ခုနှစ်) က...သည်လို အချိန်မှာပဲ ပြန်နိုးလာတဲ့... ညတညကို... သတိရမိသောအားဖြင့်... သည်ကဗျာကို ရေးဖြစ်ပါတယ်... (atn)

လက်နက်ကြီး တလုံးရဲ့... ၀ုန်းကနဲ... ပေါက်ကွဲသံ အဆုံးမှာ... သူ့ အိပ်မက်ကလေး မျိုးတုန်းသွားမှာစိုးတဲ့... အိပ်မက်ကလေးဟာ... လက်ပစ်ဗုံးလေး တလုံးကို ... ညာဖက်လက်နဲ့... ကယောင်ကတမ်း... ဆုပ်ကိုင်ရင်း... ညအမှောင်ထဲမှာ... ကျပျောက်သွားတဲ့... အိပ်စက်ခြင်းကို... ကျန်တဲ့... ဘယ်ဖက် လက်တစုံနဲ့... ဟိုဟိုသည်သည်... ရမ်းသမ်း... လျှောက်စမ်းနေခဲ့မိတဲ့... ကတုပ်ကျင်းရဲ့... ကြမ်းပြင်ပေါ်က... ရွံ့ဗွက်အလိမ်းလိမ်းဟာ... စစ်ဖိနပ်တွေ... အဆက်ဆက်က... တက်တက်ပြီး... နင်းလွန်းလို့... ပွန်းပဲ့နေရရှာတဲ့... သူ့ကျောကုန်းကို... သက်သာလို သက်သာရာရကြောင်း... ကော့ခွက်ကာနေနေမိရင်း... ကတုပ်ကျင်း... ခေါင်မိုးပေါ်က... ကျကျလာတဲ့... မြေမှုန့်နဲ့ သဲမှုန့်တွေကို... မိုးရေနဲ့ ရောလို့... (အန္ဓတွေရဲ့... လက်နက်ကြီး တခါ ကျတိုင်း... မင့်တို့ရဲ့ တန်ဖိုးမဲ့အရာတွေ... ငါ့ကိုယ်အပေါ်... သွန်သွန်ချလို့... အဆုံးမဲ့... ရိုင်းပြလှချည်လား-လို့... ) ကျရောက်ပေါက်ကွဲသမျှ... ဗုံးတွေထက်... ကျယ်လောင်တဲ့အသံနဲ့... ပေါက်ကွဲပြီး... ကျိန်ဆဲမိတော့... အပြင်လေထုထဲမှာ... ဥဒဟို... ပြေးလွှား ပျံသန်းနေကြတဲ့... ကျည်ဆန် ထိပ်ဖူးပေါင်းစုံဟာ... လန့်ဖြန့်သွားလိုက်ကြတာ... ခေတ္တခဏမှာ... အသံတွေတောင်... တိတ်သွားပြီး... ရပ်တန့်... နားထောင်နေမိကြတဲ့အထိပဲ... အဲသည့်အခိုက်... တစုံတယောက်... တက်နင်းလိုက်တဲ့... မြေမြှုပ်မိုင်း တလုံးက... အရာအားလုံးရဲ့... တိတ်ဆိတ်မှုကို... အဆုံးသပ်လိုက်ချိန်မှာတော့... သေနတ်တွေအားလုံးဟာ... သတိ ပြန်လည်လာကြတဲ့အခါ... ကျည်ဆန်ပေါင်းစုံဟာလည်း... လားရာပေါင်းစုံနဲ့... ဆက်လက် ပျံသန်းနေလိုက်ကြပုံဟာ... တချို့လည်း ဆန့်ကျင်ဖက် အရပ်ဆီ... တချို့လည်း မျက်နှာမူရာ အရပ်ဆီ... တချို့လည်း ကျရောက်ချင်ရာ အရပ်ဆီ... တချို့လည်း လေလွင့်... တချို့လည်း မြေသင့်... တချို့လည်း ရင်ဖွင့်... တချို့လည်း ခေါင်းဖွင့်... တချို့လည်း အလောင်းဆင့်... တချို့လည်း အလဟဿ... တချို့လည်း ခြေဖြတ်ပြ... တချို့လည်း လက်ဖြတ်ပြ... တချို့လည်း မီးပွင့်... တချို့လည်း သီးပွင့်... တချို့လည်း မျက်လုံးပွင့်... တချို့လည်း ရင်ပွင့်... တချို့လည်း ဦးနှောက်ပွင့်... အဆင့်ဆင့်... ပစ်လိုက်ခတ်လိုက်ကြတဲ့... သေနတ်ပေါင်း စုံ... ကျည်ပေါင်း စုံ... အရွယ်စုံ... ဆိုက်စုံ... ဂိုက်စုံ... အရောင်စုံ... အမျိုးအစား စုံ... အရည်အသွေး စုံ... အသုံးဝင်မှု စုံ... တန်ဖိုး စုံ... (အို... ဘယ်လိုစုံစုံ... ဂုဏ်အင်္ဂါကတော့... သေနတ်မှန်ရင်... သေတာ တခုထဲလို့... ) မရဲတရဲ... ပြောနေတဲ့ ညကို... သေနတ်ပေါင်းစုံက... ၀ိုင်းဝန်းပစ်ခတ်လိုက်တဲ့... ညမှာ... အိပ်ယာက လန့်နိုးလာတဲ့... ကောင်လေး တယောက် (တကယ်တော့... သူပုန် ပေါက်စလေးတယောက်...)ဟာ... သူ့ အေကေ-သေနတ်ကို... ကောက်ကိုင်လိုက်ပြီးတဲ့နောက်တော့... အများနည်းတူ... မျက်နှာမူရာ အရပ်ဆီ... သူ့သေနတ်ကို... ချိန်ရွယ် ပစ်ခတ်လိုက်တဲ့အခါ... သူ့သေနတ်ပြောင်းဝက... ဖြာထွက်သွားနေတဲ့ မီးပွင့်တွေကြားမှာ... မြင်ရတဲ့... သူ့မျက်နှာဟာ... လူသေ တယောက်လိုပါပဲ...

atn

Jul 20, 2012

အိမ်ပြန်ချင်တယ်...

အဲသည့်လမ်းလေးတဖက်တချက်မှာ... ဖူးပွင့်လန်းဆန်းနေတဲ့... တောပန်းလေးတွေကို တွေ့မိတော့... ကျနော်က ရပ်တန့် ငေးမောနေမိသေးတယ်... ကျနော့် မျက်လုံးရှေ့မှာပဲ.... တဖြည်းဖြည်းနဲ့ နေအေးသွားနေတဲ့ ညနေခင်းက ... ခြေကုန်လက်ပမ်းတွေကျလို့... သူ့ အပူအပင်အလုံးစုံကို လျှော့ချသွားပုံရတယ်...  လှမ်းမြင်နေရတဲ့ ဟိုးအဝေးက တောင်ပေါ်မှာတော့... ကျနော် မျှော်လင့်ထားမိသလို.... ထုံးဖြူဖြူ စေတီလေး တဆူ တလေမှကို ရှိမနေခဲ့ဘူး... ပိုင်လွန်တိုင်တခုနဲ့ အင်တာနာတခုပဲ တွေ့ရတယ်... သည်မြင်ကွင်းကြောင့်ပဲ... စိတ်ထဲမှာ ၀မ်းနည်း အားငယ်သွားသလို... ကိုယ်ဟာ... ဒီနိုင်ငံသား မဟုတ်တာ... ဒီတိုင်းပြည်ဟာ... ဗမာပြည် မဟုတ်တာ... ဒီမြို့ဟာ... ရန်ကုန်မြို့ မဟုတ်တာ... ဒီလမ်းဟာ... ရွာလယ်လမ်း မဟုတ်တာ... ဒီအိမ်ဟာ... အမေ့အိမ် မဟုတ်တာ... ကျနော် ရှူနေမိတဲ့လေဟာလည်း...  လေထန်ကုန်းကို ဖြတ်သွားဖြတ်လာ လျှောက်မိရင်း... ရှူခဲ့မိတဲ့ လေ မဟုတ်တာ... ဆိုတဲ့အကြောင်း... ထုံထိုင်းပွယောင်းနေတဲ့... ကျနော့်ဦးခေါင်းထဲမှာ ... ခေါင်းလောင်းသံမျိုးစုံ... ဆူညံကျယ်လောင်ကြကုန်ပေါ့... ဘတ်စ်ကားဂိတ်မှာ လူတွေစုံနေတယ်... ကားမလာခင်လေးမှာ... ညာဖက်တင်ပါးနောက်က ဘောင်းဘီအိပ်ကပ်ထဲ ထည့်ထားတဲ့ အိုင်ဖုန်းကို ဆွဲထုတ်လိုက်မိတဲ့ ကျနော့်လက်ဟာ... တဆတ်ဆတ်တုန်ခါနေတာ... အကြောင်းတော့ ရှိမှာပါ... ဖုန်းထဲက ကွန်တက်လစ္စမှာ... ချစ်သူကို ရှာတယ်... စလုံး... ဖုန်းထဲက ကွန်တက်လစ္စမှာ အကိုကြီးကို ရှာတယ်... ယပက်လက်... ဖုန်းထဲက ကွန်တက်လစ္စမှာ ညီလေးကို ရှာတယ်... ဂငယ်... ဖုန်းထဲက ကွန်တက်လစ္စမှာ ညီမလေးကို ရှာတယ်... မ.. ဖုန်းထဲက ကွန်တက်လစ္စမှာ ကာစင် တယောက်ကို ရှာတယ်... ဗထက်ချိုက်... ဖုန်းထဲက ကွန်တက်လစ္စမှာ သမီးကိုရှာတယ်... ဒဒွေး... ဖုန်းထဲက ကွန်တက်လစ္စမှာ သားကိုရှာတယ်... ကကြီး... အားလုံးဟာ... ဗမာပြေ အပြင်အပမှာ... ချည့်... ဖုန်းထဲက ကွန်တက်လစ္စမှာ နောက်ထပ် ဘယ်သူ့ကို ရှာရဦးမလဲ... အမေကတော့ ဖုန်းထဲက ကွန်တက်လစ္စမှာ မရှိ... တာဝတိံသာ... အဖေကတော့ ဗမာပြည်မှာ... ယောယုဝ... ကျနော့်ကို ကျနော် ဖုန်းထဲက ကွန်တက်လစ္စမှာ ပြန်ခေါ်ကြည့်တော့... ပို့လန်းမှာ... ပြတ်ပြတ်သားသားပဲ ကျနော် ဆုံးဖြတ်ချက်ချလိုက်တယ်... အဲသည့်လမ်းကို... သူ့ဘာသာ ဘယ်လောက် လန်းနေလန်းနေ... ကျနော် မလျှောက်တော့ဘူး... ကျနော် အိမ်ပြန်လို့ မရသေးပေမယ့်... ကျနော့် အိမ်ပြန်ချင်တယ်... ကျနော့်မှာ အိမ်ဆိုတာ ရှိခဲ့ရင်... 

atn

May 21, 2012

ကျနော့် မကျေနပ်မှုများမှာ... ချစ်သူက ဓါးစာခံ-ဆိုတာကို သင် မယုံ ကြည်သေးဘူးလား...


















by Augustine Nge on Monday, May 21, 2012 at 2:52am ·

လမ်းတွေ မဆုံးသေးဘူးလား...
ရွာ မတွေ့သေးဘူးလား...
ငှက်ကလေးတွေ အိပ်တန်း မပြန်ကြသေးဘူးလား...
ဒီရေလည်း မတက်သေးဘူးလား...
လ မထွက်သေးဘူးလား...
ကြယ်တွေ မစုံသေးဘူးလား...
ဖိုးမောင် ပြန်မလာသေးဘူးလား...
စနေထောင့်မှာ ပန်းမလှူနိုင်သေးဘူးလား...
မျဉ်းပြိုင်နှစ်ကြောင်းက မဆုံနိုင်သေးဘူးလား...
နတ်သမီးပုံပြင်တွေ မကုန်နိုင်သေးဘူးလား...
လမ်းပြမြေပုံတွေ မစုံနိုင်သေးဘူးလား...
အမေးတွေကိုလည်း ဘယ်သူကမှ ပြန်မဖြေကြသေးဘူးလား...
ကျနော့် အိပ်မက်တွေကလည်း မကုန်ခမ်းနိုင်သေးဘူးလား...
အဲသည့်လမ်းနံဘေးက ပန်းကလေးတွေကလည်း မပွင့်နိုင်ကြသေးဘူးလား...
ဟောသည့် ကမ္ဘာကြီးကလည်း ၂၃.၅ ဒီဂရီထက် ပိုပြီး မစောင်းနိုင်သေးဘူးလား...
မြောက်ဝင်ရိုးစွန်းက ရေခဲတွေကလည်း အရည်မပျော်နိုင်ကြသေးဘူးလား...
စာတန်ကိုလည်း ဘုရားသခင်က အသေမသတ်သေးဘူးလား...
အလံတိုင်ဝက်လွှင့်ထားတဲ့မြို့တွေ မကုန်နိုင်သေးဘူးလား...
အမှန်တရားတွေ သင်းသတ်ခံရတဲ့ စာမျက်နှာတွေဟာ ဆုတ်ဖြဲလို့ကို မကုန်နိုင်သေးဘူးလား...
ဝိုင်တွေ သောက်ထားတဲ့ စာအုပ်တအုပ်ထဲက ဒဿနတွေကလည်း မကုန်နိုင်သေးဘူးလား...
ကမ္ဘာ့ရွာကြီးကို ပြားပစ်လိုက်မယ့် လမ်းကြိတ်စက်ကြီးကလည်း ဗမာပြည်ကို မပြားပစ်နိုင်သေးဘူးလား...
လူတိုင်းရဲ့ ခံနိုင်ရည်ဟာ ဗမာပြည်မှာ ဘားမဆုံးသေးဘူးလား...
ဗားဂရာချောက်ကြီးကို ဘာနဲ့မှ မဖို့ရသေးဘူးလား...
သမိုင်းတွေကို ကျနော်တို့မှာလည်း သင်လို့ကို မဆုံးတော့ဘူးလား...
ငါ့ အရိုးတွေကို ဘယ်ချောက်ထဲမှာမှ မဖို့ပါဘူးလို့ ပြောမိတာကို မယုံသေးဘူးလား...
ယင်လတ်- တောင် ၀န်ကြီးချုပ် ဖြစ်ပြီ...ဒေါ်အောင်ဆန်းစုကြည်ကလည်း ခုထက်ထိ ၀န်ကြီးချုပ် မဖြစ်သေးဘူးလား... ...
ငါ ပြောချင်ရာကို ပြောတယ်ဆိုပေမယ့်လည်း... ငါ့ နှလုံးသားနဲ့ ပြောတယ်ဆိုတာကို နင်ကလည်း ခုထက်ထိကို မယုံကြည်နိုင်သေးဘူးလား...

atn

May 7, 2012

နွေရောက်ခဲ့သည့်တိုင်အောင် မိုးမှောင်ကျနေဆဲပါပဲလား ဘ၀ဆိုတာ ....
















by Augustine Nge on Sunday, May 6, 2012 at 11:10pm ·

ကျနော်လွှင့်ပစ်လိုက်တဲ့ ပန်းတပွင့်မှာ... မူးယစ်ရီဝေ ညနေခင်း တချို့တ၀က်နဲ့... အစိတ်စိတ်အမွှာမွှာ... အဆုတ်အဖြဲ ခံထားရရှာတဲ့ လက်ထပ်စာချုပ်တရွက် ပါသွားတယ်... ။ အိပ်ကပ်ကြားထဲကနေ အမှုမဲ့အမှတ်မဲ့ နှိုက်ထုတ်လိုက်မိတော့ မြွေတကောင် တိတ်တဆိတ် ထွက်ကျလာတယ်... ။ အဆိပ် ရှိမရှိ ဆိုတာတော့ မသိပါဘူး... ။ လျှာကတော့ နှစ်ခွနဲ့ပဲလေ... ။ မေမေ့ကို - မေမေ -လို့ မခေါ်ရတဲ့နေ့တွေကို အကြွေစေ့တွေလို... ရေတွက်နေမိတာဆိုရင်... တစုံတရာကတော့... ကျိမ်းသေနေပြီ... ။ တိုင်ကပ်နာရီ တလုံးတလေကိုတောင်မှ... ဟန်ဆောင်ပန်ဆောင်... ကျနော့် ဧည့်ခန်းမှာ ချိတ်မထားဘူး... ။ အဲဒါပဲ အလွန်တရာ သေချာတယ်... ။ အပြာရောင် ပြတင်းတံခါးကို ကျနော်ဆွဲဖွင့်တော့... လွင့်စင်မှုတွေ... ကျနော့်အပေါ် ပြုတ်ကျလာခဲ့တာ... ရေတံခွန်တခုလိုပဲ... ။ ကျနော်ကတော့ သိပ် မမှုတော့ပါဘူး မေမေ... ။ မထူးဇာတ်တွေ ဆိုတာ... အရူးဇာတ်တွေနဲ့ အတူတူပဲ... မဟုတ်လား... ။ စိုးရိမ်ခြင်းအားဖြင့်... အသက်တာကို... တတောင်ခန့်မျှ... ရှည်စေနိုင်သလော-လို့ ... သမ္မာကျမ်းစာမှာ... လာတယ်... ။ မသမ္မာကျမ်းစာ-မှာတော့... ဘယ်လိုလာမလဲလို့... ကျနော်ကလည်း... တွေးနေမိပါသေးတယ်... ရှာရှာ ပေါက်ပေါက်... ။ ကျနော့် အသက် ဘယ်လောက် ရှိရှိ... မေမေ့အတွက်တော့... ကျနော်က ကလေးတယောက် .... မဟုတ်လားလေ... ။ မေမေ ကျနော့်ကို... ခွင့်လွှတ်လောက်ပါတယ်... ။ ခုတလောမှာ... တနေရာရာကိုတော့... ကျနော်ရောက်ရောက်နေတတ်တယ်... ။ ဘူတာတခုလား... ကားမှတ်တိုင်လား... ဆိပ်ကမ်းတခုလား... ဇရပ်တခုလား... တရားစခန်းလား... အကျဉ်းခန်းလား...။ ကျနော့် မြေပုံတွေကပဲ... မှားနေလေပြီလား...။ ဒါမှမဟုတ်... မြေပုံတွေအပေါ်... ရေးဆွဲခံထားကြရတဲ့ သင်္ကေတတွေကပဲ... ယုတ်မာနေကြတာလား... ။ အဲသည့် သင်္ကေတတွေကို ရေးဆွဲခဲ့ကြသူတွေကပဲ... ယုတ်မာနေကြတာလား... ။ ဘာမှ မကွဲပြားနေတဲ့ အခိုက်မှာပဲ... သံလိုက်အိမ်မြှောင်အကွဲကြီးပိုက်လို့... ရတနာသိုက် အရှာထွက်ခဲ့သူဟာ... ကျနော်ပေလား... ။ ဘာပဲဖြစ်ဖြစ်ပါ... ဆောင်းခိုငှက်များ တရွေ့ရွေ့ ပျံသန်းသွားနေကြတဲ့ ကောင်းကင်မှာ... ကျနော့်ရင်ဘတ်ကို... ချိတ်ထားလိုက်မယ်... ။ နွေရာသီရဲ့... ကြွေရွက် အမှိုက်အစတွေကို... ဖိသိပ်ထည့်ထားလိုက်မယ့် စက္ကူပုံးတပုံး... အခု ကျနော် လိုတယ်... ။ ပြီးရင်... မိုင်းဗုံးတလုံးလို... အဲသည့် အထီးကျန်ခြင်းသစ်ပင်ကို... အစိပ်စိပ်အမွှာမွှာဖြစ်အောင်... ခွဲပစ်မယ်... ။ ကျနော့် ရင်ဘတ်ထဲမှာ ညှပ်နေတဲ့... နာကျင်မှုအမျိုးမျိုးအတွက်... သွားကြားထိုးတံတချောင်းလည်း ကျနော် လိုတယ်... မေမေ ။ အဲသည် သွားကြားထိုးတံလေးကိုလေ ချစ်သူ-လို့ အမည်ပေးရရင် ကောင်းမလား... ။ ကောင်းကင်ကို... မော့ကြည့်မိတော့... မြေကြီးကို ဇောက်ထိုး ကြည့်နေမိသလိုပဲ... မေမေ... ။ ခေါင်းမော့နေတာလား... ခေါင်းငုံ့နေတာလား... မကွဲပြားဘူး... ။ ကျနော့် ဒွိဟများကို ခွဲခြားဖို့... ဖုန်းနံပါတ် တခုတလေများ ရနိုင်မလား... ။ ရုပ်ရှင်တကား ပြီးဆုံးသွားသလိုမျိုး... ကိုယ်ထိုင်ခဲ့တဲ့ ခုံကနေ... ဖုံဖက်ခါထပြီး... ဘ၀ဆိုတာကြီးထဲက ကျနော် ပြန်ထွက်လာနိုင်သလား... ။ ကျနော့်နေ့များကို.. ကျနော် မမွေးဖွားခဲ့ပါပဲလျက်ကို... ဘာလို့ သူတို့ အို-နာ-သေဆုံးကြရပါသလဲ... မေမေ... ။

atn

Apr 9, 2012

ဇာတ်လိုက်ကြီး


သူ့ကိုယ်သူတောင်အနိုင်နိုင်သယ်နေရတဲ့ကောင်...
အိမ်မြောင် အမြီးပြတ်တချောင်းလိုလည်း
ကောင်းကောင်းကြီးကို တဆတ်ဆတ်ခါတတ်သေးတယ်...
သူ့မှာပဲ အသက်ဓါတ်ရှိနေသေးသလိုလို...

အိုကြီးအိုမနေ့တွေကို စုပြုံသယ်မလာပြီး
ကမ္ဘာကြီးရဲ့ဖျားနာမှုတွေကိုကုစားမလို့-ဆိုပဲ...
ရယ်လည်း ရယ်ရတဲ့ကောင်...

သူ့အိပ်ထောင်ထဲ ထည့်ထားတာကတော့
စံဇာဏီဘို ဗေဒင်ဟောစာတမ်း...
လမ်းမှာတွေ့ရင်တော့ သူ ပြောပါလိမ့်မယ်
လမ်းကြည့်ရွေးကြပါကွယ်တို့... တဲ့...
လမ်းမှားမိလို့ ရင်ဆို့မောပမ်းနေသူတွေကိုလည်း
ဖေးကူချင်ပါတယ်-ပြောနေသေးသပ...

သူ့ရင်ဘတ်ပေါ်က တီရှပ်မှာ
အတ္တာဟိ အတ္တနောနာထော... တံဆိပ် ရိုက်ထားရဲ့သားနဲ့
မောလွန်းလို့-တဲ့
ရေအေးလေးတခွက် တိုက်လှည့်စမ်းပါ... ပြောနေ...

အင်း... ... ...
သူလည်းလေ...
ကိုယ်တိုင်...ရေမငင်တတ်သူပဲ... ဖြစ်မှာပါ...

atn