Jul 29, 2012

စစ်ပွဲ














ID-4 လို့ ခေါ်တဲ့ 4th of July မှာ ဗျောက်အိုးဖေါက်သံ အကျယ်ကြီးတွေကြောင့် ပြန်နိုးလာတဲ့ ညမှာ... ဟိုး လွန်ခဲ့တဲ့ ၂၃ နှစ် (၁၉၈၉ ခုနှစ်) က...သည်လို အချိန်မှာပဲ ပြန်နိုးလာတဲ့... ညတညကို... သတိရမိသောအားဖြင့်... သည်ကဗျာကို ရေးဖြစ်ပါတယ်... (atn)

လက်နက်ကြီး တလုံးရဲ့... ၀ုန်းကနဲ... ပေါက်ကွဲသံ အဆုံးမှာ... သူ့ အိပ်မက်ကလေး မျိုးတုန်းသွားမှာစိုးတဲ့... အိပ်မက်ကလေးဟာ... လက်ပစ်ဗုံးလေး တလုံးကို ... ညာဖက်လက်နဲ့... ကယောင်ကတမ်း... ဆုပ်ကိုင်ရင်း... ညအမှောင်ထဲမှာ... ကျပျောက်သွားတဲ့... အိပ်စက်ခြင်းကို... ကျန်တဲ့... ဘယ်ဖက် လက်တစုံနဲ့... ဟိုဟိုသည်သည်... ရမ်းသမ်း... လျှောက်စမ်းနေခဲ့မိတဲ့... ကတုပ်ကျင်းရဲ့... ကြမ်းပြင်ပေါ်က... ရွံ့ဗွက်အလိမ်းလိမ်းဟာ... စစ်ဖိနပ်တွေ... အဆက်ဆက်က... တက်တက်ပြီး... နင်းလွန်းလို့... ပွန်းပဲ့နေရရှာတဲ့... သူ့ကျောကုန်းကို... သက်သာလို သက်သာရာရကြောင်း... ကော့ခွက်ကာနေနေမိရင်း... ကတုပ်ကျင်း... ခေါင်မိုးပေါ်က... ကျကျလာတဲ့... မြေမှုန့်နဲ့ သဲမှုန့်တွေကို... မိုးရေနဲ့ ရောလို့... (အန္ဓတွေရဲ့... လက်နက်ကြီး တခါ ကျတိုင်း... မင့်တို့ရဲ့ တန်ဖိုးမဲ့အရာတွေ... ငါ့ကိုယ်အပေါ်... သွန်သွန်ချလို့... အဆုံးမဲ့... ရိုင်းပြလှချည်လား-လို့... ) ကျရောက်ပေါက်ကွဲသမျှ... ဗုံးတွေထက်... ကျယ်လောင်တဲ့အသံနဲ့... ပေါက်ကွဲပြီး... ကျိန်ဆဲမိတော့... အပြင်လေထုထဲမှာ... ဥဒဟို... ပြေးလွှား ပျံသန်းနေကြတဲ့... ကျည်ဆန် ထိပ်ဖူးပေါင်းစုံဟာ... လန့်ဖြန့်သွားလိုက်ကြတာ... ခေတ္တခဏမှာ... အသံတွေတောင်... တိတ်သွားပြီး... ရပ်တန့်... နားထောင်နေမိကြတဲ့အထိပဲ... အဲသည့်အခိုက်... တစုံတယောက်... တက်နင်းလိုက်တဲ့... မြေမြှုပ်မိုင်း တလုံးက... အရာအားလုံးရဲ့... တိတ်ဆိတ်မှုကို... အဆုံးသပ်လိုက်ချိန်မှာတော့... သေနတ်တွေအားလုံးဟာ... သတိ ပြန်လည်လာကြတဲ့အခါ... ကျည်ဆန်ပေါင်းစုံဟာလည်း... လားရာပေါင်းစုံနဲ့... ဆက်လက် ပျံသန်းနေလိုက်ကြပုံဟာ... တချို့လည်း ဆန့်ကျင်ဖက် အရပ်ဆီ... တချို့လည်း မျက်နှာမူရာ အရပ်ဆီ... တချို့လည်း ကျရောက်ချင်ရာ အရပ်ဆီ... တချို့လည်း လေလွင့်... တချို့လည်း မြေသင့်... တချို့လည်း ရင်ဖွင့်... တချို့လည်း ခေါင်းဖွင့်... တချို့လည်း အလောင်းဆင့်... တချို့လည်း အလဟဿ... တချို့လည်း ခြေဖြတ်ပြ... တချို့လည်း လက်ဖြတ်ပြ... တချို့လည်း မီးပွင့်... တချို့လည်း သီးပွင့်... တချို့လည်း မျက်လုံးပွင့်... တချို့လည်း ရင်ပွင့်... တချို့လည်း ဦးနှောက်ပွင့်... အဆင့်ဆင့်... ပစ်လိုက်ခတ်လိုက်ကြတဲ့... သေနတ်ပေါင်း စုံ... ကျည်ပေါင်း စုံ... အရွယ်စုံ... ဆိုက်စုံ... ဂိုက်စုံ... အရောင်စုံ... အမျိုးအစား စုံ... အရည်အသွေး စုံ... အသုံးဝင်မှု စုံ... တန်ဖိုး စုံ... (အို... ဘယ်လိုစုံစုံ... ဂုဏ်အင်္ဂါကတော့... သေနတ်မှန်ရင်... သေတာ တခုထဲလို့... ) မရဲတရဲ... ပြောနေတဲ့ ညကို... သေနတ်ပေါင်းစုံက... ၀ိုင်းဝန်းပစ်ခတ်လိုက်တဲ့... ညမှာ... အိပ်ယာက လန့်နိုးလာတဲ့... ကောင်လေး တယောက် (တကယ်တော့... သူပုန် ပေါက်စလေးတယောက်...)ဟာ... သူ့ အေကေ-သေနတ်ကို... ကောက်ကိုင်လိုက်ပြီးတဲ့နောက်တော့... အများနည်းတူ... မျက်နှာမူရာ အရပ်ဆီ... သူ့သေနတ်ကို... ချိန်ရွယ် ပစ်ခတ်လိုက်တဲ့အခါ... သူ့သေနတ်ပြောင်းဝက... ဖြာထွက်သွားနေတဲ့ မီးပွင့်တွေကြားမှာ... မြင်ရတဲ့... သူ့မျက်နှာဟာ... လူသေ တယောက်လိုပါပဲ...

atn

No comments: