Jan 30, 2008

ကမောက်ကမပညာရေးအကြောင်း

ဟိုးတရက်က ဘလော့တွေရှောက်လည်ရင်းနဲ. မကေသွယ့် ဘလော့က ဂေး ဆိုတဲ့ပို.စ်တခုကို ဖတ်မိရင်း ဒီစာကို ရေးဖြစ်တာပါ၊ ကျနော့်မှာက မိသားစုအတွက် အလုပ်နှစ်ခု လုပ်နေရသူဖြစ်လေတော့ အချိန်ပိုက အင်မတန်နည်းလှပါတယ်၊ နားရက်ကလေး တပတ်မှာ တခါရတဲ့အချိန်ကျမှ အွန်လိုင်းသွားနိုင်တာပါ၊ ဒီတော့ ပို.စ်အသစ်တခု တင်ဖို.အချိန်နည်းလှပါတယ်၊

မကေသွယ်ရည်ညွှန်းတဲ့ ဆရာအကြောင်းဖတ်မိရင်းနဲ. စစ်အစိုးရလက်အောက်မှာ ကမောက်ကမဖြစ်နေရတဲ့ ကျနော်တို.မျိုးဆက်ရဲ. ပညာရေးအကြောင်း တစွန်းတစတွေးမိပါတယ်၊

မကေသွယ်ပြောတဲ့ ဆရာရယ်၊ ဆရာဦးချိုဦးရယ်ဟာ ၁၉၈၃ခုနှစ် ကျနော်တို. တတိယနှစ် ဘူမိဗေဒကျောင်းသားတွေ ကွင်းဆင်းတော့ ရေပေါင်းစုံစခန်းကို အုပ်ချုပ်ခဲ့တဲ့ဆရာတွေပါ၊ ဆရာက ကျောက်ဖြစ်ရုပ်ကြွင်းပညာ သင်ပါတယ်၊

၁၉၇၉-၈၀ ပညာသင်နှစ်မှာ ကျနော် ဆယ်တန်းအောင်ပါတယ်၊ အဲဒီအချိန်မှာ ဒေသကောလိပ်စနစ်ကို စစ်အစိုးရက ကျင့်သုံးနေတဲ့အချိန်ပါ၊ ဆယ်တန်းအောင်ရင် တက္ကသိုလ်ဆက်မတက်ရသေးဘဲ ဒေသကောလိပ်တွေမှာ (၂)နှစ် အရင်တက်ရပါတယ်၊ စနစ်ကိုလည်း သိပံ္ပနဲ. ၀ိဇ္ဇာဆိုပြီး နှစ်မျိုးခွဲထားပါတယ်၊ အဲဒီအထဲမှာမှ သိပ္ပံ (ဇီဝ) နဲ. သိပ္ပံ (သင်္ချာ)၊ ၀ိဇ္ဇာ (ရိုးရိုး) နဲ. ၀ိဇ္ဇာ (သင်္ချာ) ဆိုပြီး ထပ်ခွဲထားပါတယ်၊ ဆရာဝန်လိုင်းကို သွားချင်သူများအဖို. သိပ္ပံ (ဇီဝ)ကို ယူရပါတယ်။ အင်ဂျင်နီယာလိုင်းသွားချင်သူများကတော့ သိပ္ပံ (သင်္ချာ)ယူရပါတယ်၊ ဒီလိုနဲ. ကျနော်က သိပ္ပံ (သင်္ချာ)ယူခဲ့ပါတယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်ပေါ့။ သိပ္ပံ (သင်္ချာ)နဲ. ဒုတိယနှစ်အောင်တဲ့အခါကျတော့ တက္ကသိုလ်ဝင်လျှောက်လွှာမှာ ကိုယ်လိုချင်တဲ့လိုင်း(ဘာသာ)ကို ထိပ်ဆုံးကနေတင်ပြီး လျှောက်ကြရပါတယ်၊ စစ်အစိုးရရဲ.စနစ်အရ အမှတ်အနည်းအများနဲ. လိုင်းကိုခွဲခံရပါတယ်၊ ကျနော်လျှောက်လွှာဖြည့်စဉ်မှာ အရှေ.ကနောင်တော်များက သူတို.အတွေ.အကြုံတွေအရ `မင်းအမှတ်က ဒါမ၀င်နိုင်ဘူး။ ဒါဝင်နိုင်တယ်၊ ဒါကို ဦးစားပေးလျှောက်` စသည်ဖြင့် အကြံဉာဏ်တွေပေးကြပါတယ်၊ သူတို.က ကျနော့်ကို အာခီတက်က်ခ် (ပိသုကာ) ဦးစားပေးလျှောက်စေချင်ကြတယ်၊ ဒါပေမယ့် ကျနော်က နားမထောင်ပါဘူး။ မက်ကဲန်နစ်ကယ်ကို ပထမဆုံးရေးတယ်၊ ပြီးတော့ အီလက်ထရစ်ကယ်လ်၊ စသည်ဖြင့် ဖြည့်လိုက်တယ်၊ စိတ်ထဲမှာ ထင်နေတာက -ငါအနည်းဆုံးတော့ မက်တယ်လော်ဂျီ ၀င်မှာပါ၊-ဆိုပြီး အာခီတက်ခ်ကိုတောင် လျှောက်လွှာထဲမှာ မထည့်လိုက်ဘူး၊ ပြီးမှ လျှောက်လွှာကို ပြန်ဖတ်ပြီး ဘာစိတ်ကူးပေါက်မိတယ်မသိပါဘူး နောက်ဆုံးနှစ်ခုအနေနဲ. ဘူမိဗေဒနဲ. အီးမေဂျာ ကိုထည့်ရေးလိုက်တယ်၊

နောက်တော့ ကိုယ်တက်ခွင့်ရတဲ့လိုင်းတွေကို ကြေညာတော့ - အလိုလေး- ကျနော်က ဘူမိဗေဒထဲ ရောက်နေပါရောလား။ အဲဒီအချိန်ကျမှ နောင်တော်တွေလျှောက်ခိုင်းတဲ့ အာခီတက်ခ်ကို လွမ်းလိုက်ရတာ၊ ငါလျှောက်လိုက်မိရင် အာခီတက်ခ်တော့ ရမှာပဲလို. နောင်တရလိုက်သေးတယ်၊ အမှန်ကတော့ ကျနော့အမှတ်နဲ. အာခီတက်ခ်လည်း ရနိုင်မယ်မထင်ပါဘူးလေ။

ပြောရဦးမယ်။ ဘူမိဗေဒဆိုတာ ဘာမှန်းတောင် အဲဒီအချိန်က ကျနော်မသိပါဘူး၊ ဒါပေမယ့် ဘူမိဗေဒတို. သစ်တောတို.က တက်ခွင့်ရတဲ့စာရင်းထဲမှာ ကိုယ့်နံမည်ပါရုံနဲ. တက်ခွင့်မရသေးပါဘူး၊ မိုင်(၂၀) အရင်လမ်းလျှောက်ပြရပါသေးတယ်၊ (၆)နာရီအတွင်း မိုင်(၂၀)လျှောက်ပြီးတော့မှ တရားဝင်တက်ခွင့်ရတာပါ၊ တချို.တွေဆို မလျှောက်နိုင်လို. မေဂျာပြောင်းသွားကြရပါတယ်၊

ဒီလိုနဲ. ဘူမိဗေဒတတိယနှစ်ကို ရာဇူးက မန္တလေးဆောင်မှာ တက်ရပါတယ်၊ ကျနော် မှတ်မိသလောက် တတိယနှစ်မှာ ဘူမိဗေဒဘရန်.ခ်ျတွေ (၁၃)ခုလားမသိ သင်ယူရပါတယ်၊ မကေသွယ်ပြောတဲ့ ဆရာက အဲဒီဘရန်.ခ်ျတွေထဲက တခုဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာကို သင်ပါတယ်၊ ကျနော့်အတွက်တော့ အလွန်စိတ်ဝင်စားစရာ ဘာသာရပ်ဖြစ်သွားပါတယ်၊ အဲဒါကြောင့်ပဲထင်ပါတယ် တတိယနှစ်စာမေးပွဲမှာ ကျောက်ဖြစ်ရုပ်ကြွင်းပညာ ကျနော် ဂုဏ်ထူးရလိုက်ပါသေးတယ်၊

၁၉၈၄မှာ နောက်ဆုံးနှစ် ဘူမိဗေဒကျောင်းသားတွေကွင်းဆင်းတော့ ကျနော်က ပင်းတယစခန်းမှာ ကွင်းဆင်းရပါတယ်၊ လူရွှင်တော် ပိန်ပိန် (ကိုအောင်ကျော်ဦး)တို.စခန်းနဲ. ကျနော်တို.စခန်းနီးပါတယ်၊
ကွင်းဆင်းရင်း ကျနော်တို.ရဲ့ပါမောက္ခ ဆရာကြီးဦဘသန်းဟက်က ပြောပါတယ်။ - မင်းတို.တွေကို ငါသနားတယ်ကွာ- တဲ့၊ ​​မင်းတို.ဟာ (၄) နှစ်စားရမယ့် ထမင်းကို (၂) နှစ်ထဲနဲ.ပြီးအောင်စားနေကြရတော့ ထမင်းနင်နေကြတယ်-လို.ပြောရှာပါတယ်၊ ကျောင်းပြီးအောင် မြန်မြန်လုပ်ကြကွာ၊ မင်းတို.မျက်နှာတွေ နောက်နှစ်မှာ ငါမကြည့်ချင်တော့ဘူး - လို.ပြောသွားလေရဲ.၊

အမှန်ကတော့ စစ်အစိုးရဟာ ပလ္လင်ပေါ်ကို သူတက်လာကတည်းက သူ.ကို ဆန်.ကျင်ခဲ့တဲ့ ကျောင်းသားတွေကို အာဃာတကြီးကြီးထားခဲ့တဲ့အလျောက် နောက်ထပ်ပေါ်လာမယ့် ကျောင်းသားမျိုးဆက်တွေကို Degenerate (အရည်အချင်းတွေလျော့ကျအောင်) ဖြစ်အောင် ကမောက်ကမပညာရေးကို ပေးခဲ့တာပါ၊ အထကအဆင့်မှာကိုပဲ ကျောင်းစစ်လုပ်လိုက်။ အစိုးရစစ်လုပ်လိုက်။ ၀ိဇ္ဖာနဲ.သိပ္ပံတွဲလိုက်၊ ခွဲလိုက်။ နည်းမျိုးစုံသုံးပြီး စနစ်မကျတဲ့ပညာရေးကိုပဲ ကျနော်တို.မျိုးဆက်တွေ ရရအောင် စနစ်တကျကို လုပ်ခဲ့တာပါ၊

တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်၊ အဲဒီခေတ်တွေ တလျှောက်လုံးမှာ စစ်အစိုးရအဆက်ဆက်ကို ရှေ.ဆုံးက ဆန်.ကျင်ခဲ့တဲ့ ကျောင်းသားမျိုးဆက်အားလုံးဟာ ကမောက်ကမ ပညာရေးကိုသာ ရခဲ့ကြရတာပါ၊
ဥပမာ-ကိုယ်သင်ယူလိုတဲ့ ဘာသာရပ်ကို လွတ်လပ်စွာ သင်ကြားခွင့် မရခဲ့ကြပါဘူး၊ အနောက်နိုင်ငံတွေ - ဥပမာ - အမေရိကမှာ ကိုယ် ထူးချွန်ရင်ထူးချွန်သလို ဘွဲ.တွေကို ကြိုက်သလောက်ယူလို.ရတယ်၊ ကိုယ်နှစ်သက်ရာ ဘာသာကို သင်ကြားလို.ရတယ်၊ ဒါမှလည်း ကိုယ့်ဘာသာရပ်မှာ တဘက်ကမ်းခပ်တော့မှာပေါ့၊ ကျနော်တို. မျိုးဆက်တွေမှာတော့ ရရာယူကြရင်းနဲ. -ဘွဲ.ရရင်ပြီးရောကွာ-ဆိုတဲ့ စိတ်တွေဝင်လာကြပါတယ်၊ ကိုယ်ရတဲ့ ဘာသာရပ်ကိုလည်း စိတ်မ၀င်စားတော့ စာမေးပွဲမှာ အောင်ရင်ပြီးရောကွာ ဖြစ်လာကြတယ်၊ ဘွဲ.ရ ပညာရှင်တွေသာ ဖြစ်လာတယ် ကိုယ့်ပညာရပ်မှာ ကျွမ်းဝင်မှုဆိုတာ မရှိတော့ဘူး၊ ပြီးတော့လည်း ဘွဲ.သာရတယ် အသုံးချစရာ နေရာဆိုလို. - အိမ်နံရံမှာ မှန်ဘောင်သွင်းပြီးချိတ်တာရယ်၊ မင်္ဂလာဆောင်ဖိတ်စာမှာ ထည့်တာရယ်၊ နာရေးကြော်ငြာမှာထည့်တာရယ် - ဆိုပြီး (၃) နေရာပဲရှိတယ်၊

ကြုံကြိုက်လို. ကျနော်တို.ခေတ်မှာ ယူခဲ့ရတဲ့ စစ်အစိုးရရဲ. ကမောက်ကမပညာရေးအကြောင်း တပိုင်းတစ မျှဝေကြည့်တာပါ၊

2 comments:

Kay said...

ကိုအောင်သာငယ်ရေ.. သိရတာ ၀မ်းသာပါတယ် လို့ ပထမ ပြောပရေစေ။
ကျ မ တို့ကတော့..အများကြီး နောက်ကျ ပါတယ်။ ဒီစာ ကို ဖတ်ပြီး..ကျမ..ဘူမိဗေဒ ဘာသာရပ် ကြီးကို သနား လိုက်တာ..း))

ဘယ်သူမှ..၀ါသနာ ပါလို့ တက်တာ မဟုတ်ဘူးလား ဟင်..( အတူတူပဲ) အင်းးးးး ဆရာ ဘသန်းဟက် တို့..ဦး ကျော်ထင် တို့သာ ကြားရင်..ကောင်း၂ ဆဲခံရမှာ။

ဘာပဲပြောပြော.. ချိုမြိန် တဲ့ အတိတ် နဲ့..ကွင်းဆင်း ချိန် လေး တွေ..စည်းလုံးမူ လေး တွေ... ကတော့..တကယ် လွမ်းစရာပါ။

ခင်မင်လျက်

MaMa said...

ခုများ မတော့...အဲဒီ ၁၉၈၀ - ၉၀ ကျော် ကာလတွေ ကနဲ့ နှိုင်းလိုက် ရင်
ပို ဆိုး တဲ့ အနေအထား ကြီး လေ...
ပညာရေး လောက ကြိး တစ်ခုလုံး
အမှောင် ကမ္ဘာကြီး ထဲ မှာ..
...................
ကလေးတွေ ရဲ့ ၉၈ % လောက် က
သူတို့ ဘာကြောင့် ကျောင်းတက်ပြီး စာသင် ကြရ သလဲ ဆိုတာ မသိကြ ဘူး
ရပ်ကွက်ထဲတွေ မှာ ..ရေဒီယို ကမာရွတ် အသံတွေ မကြားရတာ ၁၀ စုနှစ်တွေ မက ကြာခဲ့ပြီ...
...............
ခုခေတ် တက္ကသိုလ် ပညာရေး ဆိုလဲ..
စာမေးပွဲမှ ပါ မဲ့ စာ... ဆရာမ ဆီ သွားဝယ်ပြီး
ဖြေ ကြတာ လေ..
...........................
ကမ္ဘာ မှာ တော့ ဒီခေတ်ကို
ပညာ ခေတ်လို့ ပြောကြ တာပဲ
မြန်မာ ကတော့... နှစ် ၃၀ (ပြင်ညာရေး) စကားလုံး လှလှ ကြီးနဲ့... မသိနားမလည်သူ အများ စု ကို ညာ..
ကိုယ့်ဆွေ မျိုးတွေ က နိုင်ငံခြား ကျောင်းတွေမှာ.....