Feb 18, 2009

မိဘတယောက်ရဲ့စကား

ခု ကျနော်ရေးတဲ့စာကတော့ ဒုတိယမ္ပိရေးရတာပါ... ဘာလို့လဲဆိုတော့ ပထမ ရေးနေ တာက တပုဒ်လုံး ရေးပြီး ခါမှ မီးပျက်သွားလို့ ရေးထား သမျှ စာတွေ အကုန်လုံး ပျောက်သွား ရတာ မို့ပါ။ ပထမ ရေးထား သမျှတွေ ကိုတော့ အတွေး တွေရော အရေး တွေရော ပြန်မရနိုင် တော့ပါဘူး။ ခုကတော့ ရေးထားမိ သမျှတွေကို ပြန် စဉ်းစား ပြီး ရေးရတာပါ။ သို့သော်လည်း မရေးတော့ဘူးလို့ စဉ်းစားထားတဲ့ ကြားထဲကကိုပဲ မရေးရင် မဖြစ်လောက် အောင်ကို ရှင်းပြ စရာ ရှိလာလို့ပါ။ မရေးချင်ပဲနဲ့ ရေးသင့်တယ် ထင်လို့ ရေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဘလော့က စာတွေ ကူးယူ ဖော်ပြတာနဲ့ ပတ်သက်လို့ ကောင်းကင်ကိုနဲ့ ပန်ဒိုရာ ကလည်း နောက်ဆက်တွဲတွေ ရေးပြီးကြပါပြီ။ ကျနော် ကတော့ သည်ကိစ္စနဲ့ ပတ်သက်ပြီး မရေး တော့ဘူးလို့ ဆုံးဖြတ် ထားလိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရေးပြီးသား စာတွေက save မလုပ်ခင်မှာ အားလုံး ပျောက်သွားလို့ပါ။ နောက်တခုက ကောင်းကင်ကိုနဲ့ ပန်ဒိုရာတို့ ရေးပြီးသွားတာနဲ့ ပြည့်စုံနေပြီလို့ ယူဆတာလည်း ပါပါတယ်။

သို့သော်လည်း ကျနော်ရေးခဲ့တဲ့ နောက်ဆုံးပို့စ် မှာ လာရေးသွားတဲ့ ကွန်မန့်တခုရယ်၊ ဆီပုံးထဲမှာ လာရေး သွားတဲ့ စာတွေရယ်ကို ဖတ်ပြီးတော့ ကျနော့် သဘောထားနဲ့ အမြင် ကိုတော့ ပြောဖို့ လိုလာပြီလို့ ထင်လို့ အခု နောက်ဆက်တွဲ အနေနဲ့ ထပ်ရေးပါတယ်။

ဘလော့တွေမှာ ဖော်ပြထားတဲ့ စာတွေ၊ ကဗျာတွေကို ပြန်လည် ကူးယူ ဖော်ပြကြတာက မထူးဆန်းပါဘူး။ ကျနော် ကိုယ်တိုင်လည်း ကျနော် ကြိုက်နှစ်သက်တဲ့ စာတွေ၊ ကဗျာတွေ၊ တခြားသူတွေကို ဖြန့်ဝေပေးသင့်တဲ့ အရာတွေကို ပြန်လည် ကူးယူ ဖော်ပြပါတယ်။ ကျနော့် ဘလော့မှာ ကဏ္ဍအလိုက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြန်လည်ဖော်ပြခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲလို ပြန်လည် ကူးယူ ဖော်ပြတဲ့ စာတွေ ကဗျာတွေ ရှိပါတယ်။ ဘယ်က ရယူတယ်ဆိုတာပါ ဖော်ပြထားပါတယ်။

နောက်တခုက ပြန်ပြီးတော့ ကူးယူဖော်ပြရတာကလည်း အလုပ်ရှုပ်တော့ ကျနော့် ဘလော့ ပေါ်မှာပဲ Side-bar မှာ ဖတ်စေချင်သောစာများ ဆိုတဲ့ ခေါင်းစဉ်နဲ့ Google Reader မှာ ကျနော် Feed ယူထားတဲ့ ဘလော့တွေက စာတွေကို Share လုပ်ခဲ့ဖူးပါတယ်။ ဟိုလူ့ စာကိုတော့ Share တယ်၊ ဒီလူ့ စာကိုတော့ မ Share ဘူး ဆိုပြီး ကျနော့်ကို အငြင်းပွားစရာ လာ လုပ်တာနဲ့ ပြန်ဖြုတ်လိုက်တာပါ။ Share Item တွေနဲ့ ကျနော် စိတ်အညစ် မခံနိုင်လို့ပါ။

ပြန်လည် ကူးယူ ဖော်ပြကြတာဟာလည်း Share တာပါပဲ။ သို့သော်လည်း အဲသည်မှာ ပြောစရာ အချက်တွေ ရှိလာပါတယ်။ ကောင်းကင်ကိုနဲ့ ပန်ဒိုရာလည်း ပြောသွားကြပြီးပါပြီ။ ကိုယ်ရေးတဲ့ စာတွေ ကဗျာတွေကို ပြန်လည် ကူးယူ ဖော်ပြကြတာကို မကြိုက် မနှစ်သက်တဲ့ ဘလော်ဂါရယ်လို့ ရှိမယ် မထင်ပါဘူး။ ကျနော်လည်း ကျနော့် စာတွေ ကဗျာတွေကို ပြန်ပြီး ကူးယူဖော်ပြကြတာကို တွေ့ရတဲ့အခါ ၀မ်းသာပါတယ်။ ပြန်လည် ဖော်ပြပေးသူ တွေကိုလည်း ကျေးဇူးလည်း တင်ပါတယ်။

သို့သော်လည်း ပြန်လည် ကူးယူ ဖော်ပြကြတာကလည်း ပုံစံ အမျိုးမျိုး ရှိပါတယ်။ ကူးယူ ဖော်ပြကြသူတွေ ကလည်း ကျနော့် အမြင်အရတော့ (၂) မျိုးပဲ ရှိပါတယ်။

၁။ ရိုးရိုးသားသား ပြန်လည် ကူးယူ ဖော်ပြသူ။
၂။ မရိုးမသား ကူးယူ ဖော်ပြသူ။

၁။ အုပ်စုမှာလည်း - အမျိုးစုံ ရှိနေနိုင်ပါတယ်။
(က) မူရင်း ရေးသားသူထံမှာ ခွင့်ပြုချက်တောင်းပြီး ရေးသားသူ နံမည် ဖော်ပြသူ။
(ခ) မူရင်းရေးသားသူထံမှာ ခွင့် မတောင်းသော်လည်း ရေးသားသူနံမည် ဖော်ပြသူ။
(ဂ) မူရင်းရေးသားသူနံမည် မဖော်ပြသော်လည်း ပြန်လည် ဖော်ပြရာမှာ မိမိစာ၊ ကဗျာ မဟုတ်ကြောင်း ဖော်ပြထားသူ (သူငယ်ချင်းတယောက်ထံမှ ရသည်၊ forward mail မှ ရသည်- စသည်ဖြင့်)
(ဃ) မူရင်းရေးသားသူနံမည်လည်း မဖော်ပြ၊ ပြန်လည် ဖော်ပြရာမှာလည်း မိမိစာ၊ ကဗျာ ဟုတ် မဟုတ် ကိုလည်း မဖော်ပြထားသူ။ (သို့သော်လည်း ရိုးရိုးသားသား စိတ်ဖြင့် မဖော်ပြမိသူ)

၂။ အုပ်စုမှာလည်း - အမျိုးစုံ ရှိနေနိုင်ပါတယ်။
(က) မူရင်းရေးသားသူနံမည်လည်း မဖော်ပြ၊ ပြန်လည် ဖော်ပြရာမှာလည်း မိမိစာ၊ ကဗျာ ဟုတ် မဟုတ် ကိုလည်း မဖော်ပြထားသူ။ ( မရှင်းမရှင်းဖြင့် သူ့ဟာလိုလို ကိုယ့်ဟာလိုလို မရိုးမသား ဖော်ပြသူ)
(ခ) မူရင်းရေးသားသူ နံမည်ကို ဖျောက်ဖျက်ပြီး မိမိအမည်ကို အစားထိုးထားသူ။
(ဂ) မူရင်းရေးသားသူ နံမည်ကို ဖျောက်ဖျက်ရုံမျှသာမက မူရင်း စာများကိုပါ ပြင်ဆင် ဖြည့်စွက် ဖြတ်တောက် ဖျက်ဆီးကာ ဖော်ပြသူ။

အခု ကောင်းကင်ကို၊ ပန်ဒိုရာနဲ့ ကျနော်တို့ ပြောနေကြတာက အုပ်စု (၂) က ပြန်လည် ဖော်ပြနေမှုမျိုးကိုသာ ပြောနေကြတာ ဖြစ်ပါတယ်။ အုပ်စု (၁) ကို ကျနော်တို့ နားလည်ပါတယ်။ သူတို့ကိုလည်း ကျေးဇူး အထူး တင်ပါတယ်။ သို့သော်လည်း အုပ်စု (၂) ရဲ့ လုပ်ရပ်ကိုတော့ ကျနော်တို့ နားလည်ပေးလို့ မရပါဘူး။ ဒါဟာ ခိုးယူမှုပါ။

ခိုးတယ် - ဘာကြောင့်လဲ....

သူတပါးရေးထားတဲ့ စာတွေ ကဗျာတွေကို ခိုးတယ် --- ကိုယ့်စာလို ကိုယ့်ကဗျာလို လုပ်တယ်။
ဘာကြောင့်လဲ...။
အဲစာတွေ ကဗျာတွေက ကောင်းလို့ပါ...လို့... တချို့က ပြောပါတယ်...။

ကျနော်ကတော့ အဲလို မယူဆပါ။ စာတွေ ကဗျာတွေက ခိုးချချင်စရာ ကောင်းလောက် အောင်ကြောင့် မဟုတ်ပါ။ ခိုးတယ်ဆိုတာ စာရိတ္တ (ethic) အရ အပြစ်တခုလို့ မမြင်နိုင် လောက်အောင်ကို moral value ပျက်စီးနေပြီ ဖြစ်တဲ့ အခြေအနေတွေ ကြောင့်ပါ။ ဒါဟာ စာရိတ္တနဲ့ ဆိုင်တဲ့ ပြသနာပါ။ ethical problem ပါ။ ခိုးတဲ့သူတွေဟာ သူတို့ ခိုးချင်ရာကို ခိုးမှာပါ။

နောက်တချို့ ပြောနေတာကတော့ Internet ပေါ်မှာ အားလုံးဟာ အလွယ်တကူ ရနေတာကြောင့်ပါ။ ဘာ တပြားတချပ်မှ ပေးစရာ မလိုပဲနဲ့ ရနေတာကြောင့်ပါ။ သည်လိုပဲ ... ဘာ တပြားတချပ်မှ ပေးစရာမလိုပဲနဲ့ ရေးလို့ရနေတဲ့ blogspot.com မှာ ရေးနေသမျှ တွေ ဟာလည်း ဘာ တပြားတချပ်မှ ပေးစရာမလိုလို့ပါပဲ...

သည်မှာ တခု ပြောစရာရှိပါတယ်.. ။ အလကားရတဲ့ blogspot.com မှာ ရေးနေပေမယ့် ရေးနေတဲ့ သူတွေဟာ အလကားတော့ ရေးနေတာ မဟုတ်ပါ...။ အလကားရတဲ့ နေရာတခုမှာ ရေးနေပေမယ့် ရေးနေခဲ့တဲ့ စာတွေ ကဗျာတွေဟာ ရေးနေသူတွေရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ အစိတ်အပိုင်းတွေပါ...။ အဲ စာတွေ ကဗျာတွေကို သူတို့ဟာ အလကား ရခဲ့တာ မဟုတ်ပါဘူး...။ သူတို့ရဲ့ ဘ၀တွေ... အချိန်တွေနဲ့ ရင်းပြီး ရခဲ့တဲ့ စာတွေ ကဗျာတွေပါ...။ ဒါတွေဟာ သူတို့ရဲ့ ရင်ခုန်သံတွေပါ၊ သူတို့ရဲ့ မျက်ရည်တွေပါ၊ သူတို့ရဲ့ ကြေကွဲမှုတွေပါ၊ သူတို့ရဲ့ နှလုံးသားတွေပါ၊ သူတို့ရဲ့ သားသမီးတွေပါ။ ဒါကို သူတို့က အားလုံးကို ပြန်လည် ဝေမျှပေးနေကြတာပါ။

ပြောရရင် ဗမာပြည် ထဲမှာဆို စာစောင်တွေ မဂ္ဂဇင်းတွေမှာ အဲသလိုပဲ စာရေးဆရာတွေ ကဗျာ ဆရာ တွေက သူတို့ ဘ၀တွေ သူတို့ရင်ခုန်သံတွေ သူတို့ ခံစားချက်တွေကို ဖော်ပြခဲ့ကြတာပါပဲ။ အဲသည် အတွက်လည်း သူတို့မှာ ခံစားစရာ စာမူခဆိုတာ ရှိကြပါတယ်။

ဘလော်ဂါတွေမှာတော့ အလကား မတ်တင်း ဖော်ပြကြရတာဆိုတော့ ခံစား စရာ ဆိုလို့ ကိုယ်ရေးတဲ့ စာလေး ကဗျာလေး တပုဒ်အတွက် - ကောင်းပါတယ် - ဆိုတဲ့ မှတ်ချက်လေး တခုပဲ ရှိတာပါ
သည်ကြားထဲကမှ ကိုယ့် နှလုံးသားနဲ့ ရင်းနှီးပြီး၊ ဒါမှမဟုတ် ကိုယ့်မျက်ရည်တွေနဲ့ အိတ်စိုက်ပြီး ကဗျာ တပုဒ် စာတပုဒ် ရေးပါတယ်... သားသမီးတယောက် မွေးဖွားလိုက်ပါတယ်... ဒါကို သူတပါးက ပြန်ပေး ဆွဲသွားပြီး သူ့သားသမီးပါလို့ နံမည်တပ်လိုက်ရင်... သူတို့ ဘယ်လို ခံစားကြရမလဲ...

နောက်တခါ အဲသည် ကဗျာတွေ စာတွေကို ပြန်ပေးဆွဲသွား သူတွေက သူတို့ စိတ်ကြိုက် ပြင်ဆင်ပြီး ဖြတ်ချင်တဲ့ နေရာဖြတ် ဖျက်ချင်တဲ့နေရာဖျက် ဆိုရင်... ကိုယ့်သားသမီး တယောက်ကို ပြန်ပေးဆွဲတာ ခံရပြီး ခြေဖြတ်လက်ဖြတ် ခံရတာကို ကြည့်နေရတာနဲ့ မတူနေပေဘူးလား... စဉ်းစားလည်း ကြည့်ကြပါဦး... နှလုံးသားရှိသူတိုင်း ဒါကို စဉ်းစားနိုင်ကြမှာပါ...။

ကျနော်တို့ ဘလော်ဂါတွေဆိုတာက တကယ်တော့ ကိုယ့်စာတွေအတွက် ကိုယ်တိုင်ပဲ တည်းဖြတ်ကြရတာ ဖြစ်တဲ့ အတွက် ကိုယ်ကိုယ်တိုင် စာရေးဆရာ၊ ကိုယ်ကိုယ်တိုင် ကဗျာဆရာ၊ ကိုယ်ကိုယ်တိုင် အယ်ဒီတာဆိုတော့ ပိုပြီး တာဝန် ကြီးပါတယ်။ ကိုယ်ရေးတဲ့ စာတွေကို ကိုယ့်နံမည်နဲ့ ရင်းပြီး တာဝန်ခံနေ ရတာပါ။ သည်တော့ ကျနော်တို့ ပြောနေတာကတော့ ကိုယ့်စာတွေကို ကိုယ်တာဝန်ယူချင်လို့ပါပဲ။

သည့်အတွက်ကြောင့်မို့လို့သာ ကျနော်တို့ ရေးတဲ့ စာတွေကို ကျနော်တို့ နံမည်နဲ့တကွ တွေ့ချင်တာပါပဲ။ ပြောရရင် သားသမီး မကောင်း မိဘခေါင်း ဆိုတဲ့ အတိုင်း ကိုယ့်စာတွေ ကဗျာတွေအတွက် ကိုယ်ကိုယ်တိုင် ခေါင်းခံချင်တာပါပဲ။ ဒါကိုက ကျနော်တို့ရဲ့ စာပေအပေါ်မှာ ထားရှိတဲ့ အရိုးသားဆုံး သစ္စာစကားပါပဲ။

ဒါကြောင့်မို့လို့လည်း ကိုယ်ကိုယ်တိုင် ကျွေးမွေးပြုစုလိုက်လို့ လူလားမြောက်လာတဲ့ သားသမီး တယောက်ရဲ့ အောင်မြင်မှု ဆုံးရှုံးမှုတွေလို ကျနော်တို့ ရင်ဘတ်နဲ့ ရေးဖွဲ့ သီကုံး လိုက်တဲ့ စာတွေ ကဗျာတွေကို ကျနော်တို့က တာဝန် ယူချင်တာပါ၊ ဂုဏ်ယူ ချင်တာပါ။

ကိုယ်ကိုယ်တိုင် ပိုးမွေးသလို မွေးခဲ့ပြီးမှ လူလားမြောက်လာရတဲ့ သားသမီးတယောက်ကို တစုံ တယောက်က ပြန်ပေး ဆွဲသွားပြီး နံမည် ပြောင်းကာ သူ့ သားသမီး လုပ်တာတော့ ကျနော်တို့ မခံစားနိုင်ပါ။

ဒါလောက်ပါပဲ။

(အောင်သာငယ်)

20 comments:

mgphonemyint said...

ဒီတစ်ခါ ပြန်ပေးမဆွဲတော့ဘူးတဲ့ ....
ဒမြပဲ တိုက်တော့မယ်တဲ့ .....း)

ဒါမျိုးရေးသင့်တာ ကြာပြီ အကိုရ........

ကလူသစ် said...

ဂွတော့ကျတာပဲဗျ။ ကိုယ်ကလဲ မရိုးမသားလုပ်သေးတယ်။ လူ လူ လို့လဲ ဟစ်သေးတယ်။ ပြဿနာပဲ။ :(

mama said...

မခံစား နိုင်တဲ့ အကြောင်း..
လာ ခံစား သွားပါ တယ်..
ဘလော့ဂ် လောက ကြီး ငြိမ်းချမ်း ပါစေ လို့
ဆန္ဒပြု လိုက်ပါတယ်..

MANORHARY said...

ဓါးတောင်မပြပဲယူသွားကြတာ..နော့်
အဲဒီလူတွေက ဘာအတွက် အဲလိုဘလော့ခ်
တွေလုပ်သူများစာတွေခိုးတင် လုပ်နေတာလဲ
ဆိုတာ တွေးလို့ကိုမရဘူး
အင်တာနက်မှာတင်ရှိတယ်မထင်ပါနဲ့
စာပေလောကထဲမှာလည်းရှိပါတယ်
သူများကဗျာတွေကိုခပ်တည်တည်နဲ့ကိုယ့်နာမည်
တပ်ပြီးပို့တဲ့သူတွေ..ဒါကျတော့ ချက်ချင်းသိတယ်
INPRINT ကိုး။အင်တာနက်ကျတော့သိပ်ကျယ်ပြန့်
လွန်းတယ်။ဘလောခ့်တွေကလည်းပွနေတာကိုး
မဂ္ဂဇင်းတွေကိုအထင်ကရနည်းနည်းပါးပါးပဲရှိတာမ
ဟုတ်တဲ့အတွက် လူသိပ်မသိကြဘူး
ခုလိုပြသနာဖြစ်လို့ ရှာကြမှတွေ့တော့တာ

မီယာ said...

အသစ်တက်လာလို့ အပြေးလားဖတ်တာ... သီချင်းသွင်းတာ မဟုတ်ပဲကိုး။ ဘလော့တွေ စဖတ်တဲ့ ၁နှစ်မပြည့်သေးတဲ့ အချိန်အတွင်းမှာ ကော်ပီကူးတဲ့ အကြောင်းတွေ ကြားရတာ ခဏခဏပဲ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ကို ATN...

ကိုရင်နော်ခင်လေးငယ် said...

ကိုအောင်သာရေ...

အခုတလော ရပ်ရွာမငြိမ်းချမ်းဘူးနော်..
ဟူးးးး....

ခင်မင်တဲ့.....

Kaung Kin Ko said...

ဟုတ်ပ အစ်ကိုရာ။ ပြန်ပေးဆွဲပြီး လျှာဖြတ်၊ နာမည်ပြောင်း ပြီးတော့ ကွန်မန့် တွေကို လိမ်ပြီး တောင်းစားခိုင်းတော့မယ်လေ။ တစ်ချို့ လူတွေ ဘာလို့ မစိုက်ပျိုးပဲ ရိတ်သိမ်းချင်နေကြတာလည်းမသိ။

လင်းဒီပ said...

ထောက်ခံတယ်အစ်ကို..
ရေးတယ်ဆိုတာ အချိန် ခံစားမှုတွေနဲ့ရင်းရတာ..
အချိန် ဆိုတာလည်း ဘဝပဲ..
ခံစားမှု ဆိုတာလည်း ဘဝပဲ..
ဒီလိုသာ ပရမ်းပတာတွေလျှောက်လုပ်နေကြရင် စာမရေးပဲ သူခိုးပဲလိုက်ဖမ်းနေရမလို ဖြစ်နေပြီ..

Anonymous said...

ဟုတ်တယ် သူတို့ ခလေးမွေးဖူးရင် သိမှာ ကိုယ့်သားသမီးကို အမှီးဖြတ် ခေါင်းဖြတ်လုပ်ရင် မိဘ ဘယ်လို ခံစားရမလဲဆိုတာ ...
ဟူးး...မောဒယ် အန်ကယ် ရေတိုက်ပါ ။

Anonymous said...

ခိုးကူးပြသနာက တော်တော်နဲ့ တော့ ပြီးမယ်မထင်ဘူး။
ကဗျာတွေ စာတွေ ကူးတာက တမျိုး။
သူများကြိုက်လို့ ရေးထားတဲ့ quote တွေကို ပြန်ပြီးကူးတာက တမျိုး (ref: www.maungphonemyint.co.cc နဲ့ www.zizawa.wordpress.com တို့က ဗိုလ်ချုပ်အောင်ဆန်း ပို့ စ်တွေ။)
Academia မှာဆိုရင်တော့ Aရဲ့ ဟာကို Bက ယူထားတာ C ကကြိုက်တယ်ဆို A ရေးတာကို B က ယူပါသည်လို့ ရေးရတယ်။ A ကို B ကြောင့် တွေ့ တဲ့ သဘောပြောရတယ်။
ခိုးတာတွေ၊ ကူးတာတွေက မသိလို့ လို့ ပြောလို့ ရပေမယ့် သိအောင်ကြိုးစားချင်စိတ်ရှိ မရှိကလည်း တပိုင်းပေါ့။
ဒီအကြောင်းကို လူတွေ အများကြီးသိအောင် လုံ့လထုတ်တဲ့ ကိုအောင်သာငယ်တို့ ၊ ကောင်းကင်ကိုတို့ မပန်တို့ ၊ အရင်က SMNTL နဲ့ပတ်သက်ပြီးရေးခဲ့ကြတဲ့ လူတွေအားလုံးကို လေးစားပါတယ်။

mgphonemyint said...

(ခိုးကူးပြသနာက တော်တော်နဲ့ တော့ ပြီးမယ်မထင်ဘူး။
ကဗျာတွေ စာတွေ ကူးတာက တမျိုး။
သူများကြိုက်လို့ ရေးထားတဲ့ quote တွေကို ပြန်ပြီးကူးတာက တမျိုး (ref: www.maungphonemyint.co.cc နဲ့ www.zizawa.wordpress.com တို့က ဗိုလ်ချုပ်အောင်ဆန်း ပို့ စ်တွေ။) )


အမည် မဲ့တွေက လဲ တော်တော် စိတ်ပျက်ဘို့ ကောင်းပါလား ..........

အဲ့ပိုစ့်ကို လဲ သေချာပြန်ဖတ် ကြည့်ပါဦးဆရာရဲ့ ...
အောက်မှာ ဘာရေးထားလဲ ဆိုတာ ...
ဘာမှ အငြင်း မပွားချင်လို့ကို ကိုယ်ဟာ ခိုးခံရတာတောင်
ဘာမှမပြောပဲနေခဲ့တာပါ ........

အင်းသေချာ ရေးချင်တယ်ဆိုရင်တော့ အမည်တပ်ပြီးရေးကွာ နော်.....

Anonymous said...

ကိုဖုန်းမြင့်က ဇီဇ၀ါက အကို့ဆီက ခိုးတယ်လို့ ဆိုလိုချင်တာလား။ သူက ဖေဖော်ဝါရီ ၈ရက်မှာ တင်ပြီး အကိုက ၁၃ရက်မှာ တင်တယ်ဆိုတော့ အင်တာနက်မှာ မထွက်သေးတာ ကြိုပြီးခိုးချဖို့ ဆော့ဖ်ဝဲများ ရှိသလားလို့ ပါ။

ကျွန်တော် သိသလောက် အဲဒီမိန့် ခွန်းက အရှည်ကြီးပါ။ အရှည်ကြီးမှာမှ ကူးပြထားတဲ့ အပိုဒ်လိုက် လိုက်တူနေတယ်ဆိုတာ သဘာဝမကျလို့ ပါ။ သူ့ ပို့စ်မှာလဲ မူရင်းသတ်ပုံအတိုင်း ကောက်နုတ်တင်ပြသည်တဲ့။ အကိုကလဲ အဲဒီအတိုင်းပဲ။ ရေးတဲ့ခုနှစ်နဲ့ ထုတ်ဝေသူအမည်ကျန်နေတာလဲ အတူတူပဲ။ သံသယဖြစ်စရာကောင်းလွန်းလို့ပါ။

ကြားကအမှန်သိရအောင် ကျွန်တော်က ၀င်ပါသလို ဖြစ်နေတယ်။ ကျွန်တော် ဘယ်သူဆိုတာထက် ဘယ်သူက အမှန်ဆိုတာ ပိုသိသင့်တယ်ဆိုလို့ ကြားက ကျွန်တော် နာမည် မတပ်ပဲရေးနေတာပါ။ ဘယ်သူ့ ကိုမှ မဲစရာလည်း မလိုဘူးထင်ပါတယ်။ ကူးပုံကူးနည်း မသိရင် သိအောင်လို့ လည်း အရင်ကွန်မန့် မှာ ရေးခဲ့ပါတယ်။ ဒီကိစ္စနဲ့  ကြားက ထပ်မရေးတော့ပါ။ ဘယ်သူက အမှန် ဘယ်သူက အမှားဆိုတာ စာဖတ်သူတွေ ရှင်းမယ်လို့ ထင်ပါတယ်။

Anonymous said...

တော်တော်စောက်ကြီးစောက်ကျယ်နိုင်ကြပါလား..
အင်တာနက်ခေတ်..အွန်လိုင်းခေတ်ဆိုတာ..
ဗျုံးဒိုင်းပေါ်တယ်များထင်နေလား..
မင်းတို့ရေးတာကိုမင်းတို့နာမည်မတတ်တော့ မကြိုက်ချင်ဘူး..
မင်းတို့မရေးဘဲမင်းတို့နာမည်တွေတတ်ပေးနေရင်ကော..
မကြိုက်ဘူးဘဲပြောမှာပါ..
ပိတ်နေပြီ..စိတ်ကူးတွေ..
ပင်လယ်ထဲရောက်နေမှရေကူးလာသင်နေကြတယ်..
အစောကြီးထဲက ဆင်းမလာနဲ့လေ..
ရွှာကရေကန်လေးလဲကောင်းပါတယ်..
ငါဘဲရေးရေး..မင်းဘဲရေးရေး အားလုံးအတွက် အများတွက်ဆိုတဲ့ စေတနာပါရင်ဘာငြင်းနေစရာ ရှင်းနေစရာလိုလဲ
မင်းတို့ရေးတာ ဘယ်သူမှမကူးစေချင်ရင် ရေးပြီးသားတွေကို ရင်ထဲမှာဘဲထားလေ..
ဖွင့်လဲပြချင်သေးတယ်..ငါငိုနေတာသိလား ဆိုပြီး အော်ကြီးဟစ်ကျယ် ရပ်ကွက်တကာ ကြားအောင်အော်တာ ကလေးတွေအလုပ်ပါ
မင်းတို့ဖန်တီးထားတာ မင်းတို့သားသမီးတွေ ဆိုတာတော့ကြိုက်သကွာ..
စောင့်ကြည့်သေးတာပေါ့..
ဘယ်တော့သူများလက်ထဲထိုးချမလဲဆိုတာ..
ကော်ပီ ရိုက်လို့အော်နေရအောင် သူများတွေေ၇းထားတဲ့ ကော်ပီရိုက်အကြောင်းတွေတောင် စုံအောင်ဖတ်ပြီးလို့လား
မတောက်တခေါက်တော့သွားမလုပ်လေနဲ့ ငါ့မောင်..
သူများယောင်လို့လိုက်ယောင်တယ် အမောင်တောင်မှန်းမြောက်မှန်းမသိဖြစ်နေမယ်
မင်းတို့စာတွေကို အလကားရလို့ကူးတာပေါ့ဟ..
ပိုက်ဆံပေးရရင် ဒီလိုစာတွေဘယ်ယူမလဲကွ..ပေးရတာချင်းတူ ကောင်းတာတွေဘဲ ပေးဝယ်မှာပေါ့..
မယုံရင်မင်းစာတွေ စာအုပ်ထုတ်ကြည့်လေ
သေချာတယ် မင်းမိသားစုထဲကတောင် လူအကုန်ဝယ်အားပေးမှာမဟုတ်ဘူး..
သိပ်မာန်မတတ်နေနဲ့အုံး..
အွန်းလိုင်းဆိုတာ မင်းတို့မမွေးခင်ကတည်းကပေါ်နေတာ..
ပေးချင်တာတေါပေးနိုင်ဖို့..လိုချင်တာတွေရနိုင်ဖို့ ထူထောင်ထားတာ..
မင်းဟာတွေကလည်းလောကကောင်းကျိုးတခုခုဖြစ်ရင်တော့
ဝိုင်းပြီးအားပေးမှာဘဲ..ဒါမှအခုလိုမင်းကြီးကြီးကျယ်ကျယ်ပြောနိုင်တာ
ခုဟာက မင်းက ဘာကောင်မှန်းတောင်သူတို့ကသိမှာမဟုတ်ဘူး
မင်းရေးတာက သူတို့ရဲ့ စိတ်နဲ့တခုခုတိုက်ဆိုင်နေလို့ယူတာနေမှာပါ
ပြင်တယ်ဆိုတာလဲ မင်းတို့ခံစားတာနဲ့ သူတို့ခံစားတာကွာတဲ့နေရာတော့ပြင်မှာပေါ့
ဆိုးသွမ်းနေတဲ့ကလေးကိုတော့ စေတနာကောင်းတဲ့ဆရာကပြုပြင်မှာဘဲ
မိဘကတော့ကို့ကလေးကို ဘယ်သိမှာလဲ
လောကထဲမှာကောင်းစေဖို့ ဆရာတွေမှာ တာဝန်ရှိတယ်
ကို့ကလေးကို ပြုပြင်တာမကြိုက်ရင် အစောထဲကကျောင်းမအပ်နဲ့ပေါ့
သဘောပေါက်ပါတယ်နော်
ကျောင်းလဲအပ်သေးတယ် ငါကလေးအရိုက်ခံရတယ်ဆိုတော့စိတ်ဆိုးချင်တဲ့မိဘဟာ
ကလေးကို သတ်နေတာ
နားရွက်ကိုက်ခံရမယ်
နာမည်ကျော်အနုပညာရှင်တွေနဲ့များ မင်းတို့က တတန်းထဲ မိတ္တူပေးခံချင်နေတယ်
မင်းတို့စိတ်မင်းတို့ပြန်ငုံ့ကြည့်အုံး
ဘယ်ဟာတွေရှက်ရမယ်ဆိုတာ..
သူတို့ဘာတွေ ဘယ်လိုပေးဆပ်ခဲ့တယ် ဘယ်လိုနေထိုင်ကျင့်ကြံသွားတယ်ဆိုတာတွေလေ
မင်းတို့ဆီကိုဝင်ကြည့်နေကြတာ မင်းတို့အချင်းချင်းတွေပါကွာ..
ကူးတာလဲ ဘလောက်သိန်းချီတဲ့ အထဲကမှ လေးငါးဦးပါ..
ဒါလေးတောင်စာဖွဲ့ချင်နေရင် မင်းတို့များမတော်လို့ အများအတွက်ကိုယ်ကျိုးစွန့်ခဲ့ရရင် တို့တော့မတွေးဝံ့ဘူး
ရှိသမျှနေရာအစုံမှာ ရသမျှရေးနေမှာတော့သေချာတယ်
စိတ်ကြီးမ၀င်နဲ့ ကလေးတို့ရယ်..
မင်းတို့ရောက်နေတာ ပင်လယ်မဟုတ်သေးဘူး..
ရွာထိပ်ကရေအိုင်လေးဘဲရှိသေးတယ်
မမောက်မာကြနဲ့ ရေဆိုတာကူးတတ်လဲသေတတ်တာဘဲ..
တို့စေတနာတွေကို မင်းတို့နားလည်လာတဲ့နေမှာ အနုပညာဖြင့်ကမ္ဘာကြီးကို ငြိမ်းချမ်းစေအံ့ ဆိုတဲ့နေရာမှာ တို့တွေဆုံကြမယ်
အရေမရအဖတ်မရတွေနဲ့ လိုင်းလွဲနေရင် မင်းမြေးတွေက ကျော်တတ်တော့မယ်
ဒါကိုအားလုံးသိအောင်ဖြန့်မှာလား..
မင်းဘယ်လုပ်မှာလဲ..
ဒါပေမဲ့ လူတွေက သိနေကြပါပြီ..
အမြင်ကျယ်တဲ့လောကကြီးကို ဘောင်လာခတ်ရင် လောကကြီးက ဘောင်ပြန်ခတ်ပေးတတ်တယ်
ကိုယ်တွေ့တွေနော်........

Nge Naing said...

ကိုယ်တိုင်ရေးတဲ့စာ မဟုတ်ရင် ဘယ်ကပဲရရ Bibliography လေး အပြည့်အစုံထည့်ပေးတာဟာ အကောင်းဆုံးပါပဲ။ အပေါ်က Anoynmous ပြောထားတာနဲ့ပတ်သက်ပြီး ကိုအောင်သာငယ်က သားသမီးနဲ့ ဥပမာပေးထားလို့ မိဘတွေက သားသမီးကို မွေးသာမွေးထားပြီး ကောင်းကောင်း မစောင့်ရှေက်ကြတာလည်း အများကြီး ရှိတာကိုတွေ့ရတော့ Anoynmous က မိဘနှင့်ဆရာအဖြစ် လူမှုရေးအရ ပြန်ဥပမာပေးထားတာကိုတော့ လက်ခံလို့ရတယ်။ ဒါပေမယ့် Copy right နှင့် ပတ်သက်ပြီး ကိုယ်လိုတာကိုယူပြီး ကိုယ့်ခံစားချက်နှင့် မကိုက်ညီတာကို ဖြုတ်မှာပေါ့ ဆိုတာမျိုးတော့ လုံးဝလက်ခံလို့မရဘူး။ ဒီလိုလုပ်ရင်တောင်မှ ကိုအောင်သာငယ်ရဲ့ ကဗျာကို ကျွန်တော်/ကျွန်မတို့ရဲ့ ခံစားချက်နဲ့ ကိုက်ညီအောင် ပြန်လည်ပြုပြင်ထားပါတယ် ဆိုတာမျိုးလောက်တော့ အနည်းဆုံး ဖေါ်ပြဖို့သင့်ပါတယ်။ မြန်မာပြည်မှာ ဘွဲ့လွန်တက်ဖူးတဲ့ သူတွေကလွဲရင် Bachelor Degree အသီးသီးနဲ့ ကျောင်းပြီးတဲ့သူတွေတောင် စံချိန်မီတဲ့ Assignment တွေ၊ စာတမ်းတွေ တခါမှ မလုပ်ရလို့ Copy Right ဆိုတာကို သာမာန်ဘွဲ့ရ ပညာတတ်တွေတောင် နားလည်နိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဘလော့ဂ်လောကမှာတော့ Academic Referencesတွေလို Bibliography အပြည့်အစုံထည့်ဖို့ မလိုအပ်ရင်တောင်မှ တပါးသူရဲ့ စာမူကို တိုက်ရိုက်အသုံးချတာပဲဖြစ်ဖြစ် ကိုးကားတာပဲဖြစ်ဖြစ် အများလက်ခံထားတဲ့ စံချိန်အတိုင်းတော့ မူလဖန်တီးသူကို အသိအမှတ်ပြုဖို့ လိုပါလိမ့်မယ်။

khin oo may said...

ဆရာကြီးတွေ က ရေးသွားကြလို့ မပြောတတ်တော့ပါ။
ပြန်လာခဲ့ပါဦးမယ်။

Dr Phyo Wai Kyaw said...

ဒုတိယ အမည်မဲ့ပြောတာကိုတော့ သဘောတယ်မကျဘူး။

ကျနော်နားလည်သလောက် ရှင်းရှင်းပြောရရင်တော့
ခိုးတာကခိုးတာပဲ။ ငါးမူးခိုးခိုး တစ်မတ်ခိုးခိုး။
အဲဒါကို ပြောဖို့တာဝန်ရှိတဲ့သူကပြောမှာပဲ။ ပြောရမဲ့ အလုပ်က သူ့အလုပ်ကိုး။ ခိုးတဲ့သူကလည်း ခိုးနေဦးမှာပဲ။ ဒါလည်း အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ မသိတာလည်းပါချင်ပါမယ်။ အလုပ်သဘောအရ ခိုးတာလည်း ပါမယ်။

ခိုးတာကို ကောင်းတယ်လို့ ပြောဖို့ အခွင့်အရေးတော့ မရှိပေဘူး။

လင်းဒီပ said...

အစ်ကိုရေ ထမီခြုံထဲက လက်သီးပုန်းပြတဲ့လူတွေ သိပ်များတယ်..ကွန့်မင့်လာပေးရင် Anonymous ပိတ်ထားလိုက်ပါ...စေတနာဖြင့်

Anonymous said...

ပို့ စ်အတွက် ကျေးဇူးပါ။ လူတွေ copyright ကိစ္စတွေကို ပိုပြီး အလေးထားလာအောင် ဒီလို့ပို့ စ်လိုမျိုး များများရေးပေးစေချင်ပါတယ်။ စာရေးသူတွေရော ဖတ်သူတွေပါ ပိုပြီး vigilant ဖြစ်ရင် ဘလော့လောက အများကြီး အကျိုးရှိပါတယ်။

လင်းဒီပက ဘာဖြစ်လို့ ထမီခြုံထဲကလို့ ပြောသလဲမသိဘူး။ အမည်မသိဆိုမှတော့ မိန်းမမှန်း ယောက်ျားမှန်း မသိစေချင်လို့ ရေးတာ မိန်းမလို့ စွပ်စွဲပြီး မိန်းတွေကို အဲဒိလို ရင့်သီးတဲ့သဘောမျိုးနဲ့ သုံးပြီးရေးထားလို့ ဖတ်ရတာ စိတ်မကောင်းပါ။

ကျွန်မဘလော့မှာ အရင်က ကိုယ့်စာတွေကို တဆင့်ကူးပြခွင့် copyright နဲ့ ပတ်သက်ပြီး စာဖတ်သူတွေကို အသိပေးထားတာမရှိဘူး။ အခု copyright အသိပေးစာ ဆိုက်ဘားမှာ ထည့်လိုက်ပါပြီ။ တဆင့်ပြန်ဖော်ပြချင်ရင် ဘယ်လိုဖော်ပြရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်ပြီ ထင်ပါတယ်။

Zephyr said...

ဘယ်လိုမှလက်မခံနိုင်စရာ သူခိုးအားပေးတွေရှိနေပါလား ...။ အလကားရလို့ ကူးတယ်ဆိုပါလား ကို အောင်သာငယ်ရေ ...။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယဉ်ကျေးတဲ့ အိမ်လေးကို လာပြီး ... ဆူပူနေတယ်လို့ခံစားရတယ် ... ။ ဘာမှဝင်မပြာချင်တော့ဘူး အစ်ကိုရေ ...။ တမင်သက်သက် လာဖွတယ်လို့ပဲယူဆမိပါတယ် ...။

သစ်နက်ဆူး said...

ကိုအောင်ရေ...
အကို..ရင်နဲ့ ရေးထားတာကို အလကားရလို့ ယူတယ်ဆိုရင်...
ဘာမှ မပြောနဲ့ တော့အကိုရေ..
အကိုလုပ်စရာတစ်ခုဘဲရှိတော့တယ်...
အကိုရေးတဲ့ စာတွေကို အကို့ သားသမီးလေးတွေလို
သဘောထားတယ်ဆိုရင် ခိုးယူသုံးတဲ့ ကူးယူသူတွေအပေါ်မှာလဲ...
သားသမီးချင်းကိုယ်ချင်းစာပါဗျာ...
ဒိတော့ အကိုရေးတဲ့ ပို့ စ်ရဲ့ အောက်မှာ...
အောင်သာငယ်၏ သားသမီးများခိုးယူသုံးစွဲရန်လို့  မှတ်ချက်ရေးထားလိုက်ပေါ့...။