Mar 28, 2009

ကိုယ်တွေ့

ဘာမှ မဟုတ်ပါဘူး။ ကိုယ်တွေ့ ကြုံမှ သိရတဲ့ အဖြစ်အပျက်တွေကို မှတ်တမ်း တင်တာပါ။ ကိုယ်တွေ့ကြုံမှ ကိုယ်ချင်း စာတတ်တယ် ဆိုတာကိုလည်း ပြောချင်တာပါ။ ခုတော့ ကိုယ်တွေ့ ကြုံရတဲ့ အဖြစ် အပျက်တွေကို ပြောပြရင်း သယ်ရင်းတွေကို အသိလေး တခုတော့ ပေးချင်တာပါပဲ။ လောကကြီးမှာ တကယ်တော့ ကိုယ်တွေ့ ကြုံ မှပဲ ကိုယ်ချင်းစာတတ်ပါတယ်... ကိုယ်ကိုယ်တိုင် မကြုံရသေးသရွေ့ကတော့ ၁၀၀ % ကိုယ်ချင်း စာနိုင်မယ် မထင်ပါ... (ဥပမာ.... ကိုယ်တိုင် သူပုန် မဖြစ်ဖူးပဲနဲ့ သူပုန်တွေကို category ခွဲနေ တာတွေကို မြင်ရတော့ ကျနော်က နာမကျန်း ဖြစ်ချင်တယ်...း) အဲလို ပြောဆိုနေတာတွေကို တွေ့ရတာ စိတ် မချမ်း သာဘူး... အဲလို ကျနော် ပြောလိုက်တဲ့ အတွက် လွတ်လပ် စွာရော... မလွတ်လပ် စွာရော သဘောထား ကွဲလွဲနိုင်ပါတယ်...း)

ငယ်တုန်းကဆို အဖိုးတွေ အဖွားတွေ ထိုင်ရာကထတဲ့အခါ ချက်ချင်း မထနိုင်ကြတာကို တွေ့ရတာ ခဏခဏပါပဲ။ ထိုင်ရာကနေ ထကြရင်လည်း ဖြည်းဖြည်းချင်း ထကြရတာပါ။ အဖွားဆို - ကျွတ်... ကျွတ်... ကျွတ်... - တောင် အော်နေရသေးတယ်။ ထိုင်နေရာက ထတိုင်း အဖွားကို အဲလို တွေ့နေရတာ စိတ် မချမ်းသာပါဘူး။ အဲတုန်းက ကိုယ်ကလည်း သူငယ်တန်းတက်ကာစ ၅ နှစ်ကျော် ဆိုတော့ အဖွား အဲလို ဖြစ်နေတာကို နားမလည်ပါဘူး။ ဒါနဲ့ တနေ့သားတော့ - ဖွား ဘာလို့ အဲလို ဖြစ်တာလဲ - မေးမိတော့ - သားရဲ့... အဖွား ဒူးဆစ်တွေ မကောင်းတော့ဘူး... ထိုင်တိုင်း... ထတိုင်း... နာနေတယ်... - အဖွားက ပြန်ပြောပါတယ်။ - သား ဒူးဆစ်တွေကတော့ မနာပါလား အဖွား - ကျနော် က လျှာရှည် ပါသေးတယ်။ - သားက... ကလေးကိုး သားရဲ့... ဒူးဆစ်တွေ ဘယ်နာမလဲ... - အဖွားက ပြောတော့ - ဒါဆို သား ဒူးဆစ်တွေက ဘယ်တော့မှ နာမလဲ... - ကျနော် မေးတော့ - သား.. လူကြီးဖြစ်မှ နာမှာ သားရဲ့... နာကိုနာမှာပဲ... - အဖွားက အဲလို ပြောခဲ့ တာပါပဲ။ ခုတော့ ကျနော့် ဒူးဆစ်တွေ နာနေပြီ။ ထိုင်တိုင်း ထတိုင်း နာတာပါပဲ။ ဒါဆို။ ကျနော်က အသက်ကြီးနေပြီပေါ့။ ဟုတ်တယ်လေ။ ကျနော်က အသက်ကြီးနေပြီ။ ပစ္စည်း တခုခုကို ယူဖို့ ဆောင့်ကြောင့် ထိုင်မိရင် ပြန်ထတဲ့အခါ ကျနော် ချက်ချင်း ပြန်မထနိုင်တော့ပါဘူး။ ဒူးဆစ် ကနေ နာနေတယ်။ မနာ အောင် ဖြည်းဖြည်း ထရတယ်။ ကျနော့် အဖွားလိုပဲ။ သည်လို ဆိုတော့ ခုတော့ ကျနော်က အဖွားပြောသလို လူကြီးဖြစ်နေပြီပေါ့။ ဘာလို့ဆို - ကျနော့် ဒူးဆစ်တွေက ထိုင်တိုင်း ထတိုင်း နာနေပြီလေ။ ဘာပဲဖြစ်ဖြစ် အဖွား ထိုင်တိုင်း ထတိုင်းမှာဘာကြောင့် ဖြည်းဖြည်း ထရတယ်... ဘာကြောင့် - ကျွတ်.. ကျွတ်... ကျွတ်... အော်နေရတယ်ဆို တာ ကျနော် သိနေပြီလေ...။ ဘာလို့လဲ ဆိုတော့။ အဲတာ ကျနော့် ကိုယ်တွေ့လေဗျာ...။


32 comments:

Anonymous said...

း( အဲလောက်မကြီးသေးပါဘူးလေ
mm

khin oo may said...

နွားနို့သောက်ပါ။ ကယ်လစိယမ်လိုနေလို့။။

khin oo may said...

အမ်းလီတော့မသောက်နဲ့။

မဇနိ said...

အထိုင်အထ လုပ်လာရတာ အသက်တွေ မနည်းတော့ဘူးကိုး။ ဒူးတွေလည်း နာတော့မှာပေါ့။ ညီမလည်း အခုဆို ကျွတ် ကျွတ်လေး လုပ်ပြီး ထိုင် ထ နေရတော့တာ။ အသက်လေးရလာလို့လေ။ ကိုယ်တွေ့ကြုံမှ သိတာတွေ။ ညီမမေမေက ခါးနာတော့လည်း ခါးတန်းလန်းကြီးလို့ပြောတာ။ ကိုယ်ကလည်း ကလေးဆိုတော့ တခွိခွိရယ်တာပေါ့လေ။ မေမေကပြောတယ် ကိုယ်တွေ့ကြုံမှ သိကြမယ် ဒီကလေးတွေတဲ့။

pandora said...

အင်း.. ကိုယ်တွေ့ ကိုယ်တွေ့..
တော်တော်ဆိုးတဲ့ ကိုယ်တွေ့ပါလား
အဆင်ပြေ နေကောင်းပါစေ

ဇရာအို said...

Costco က Move Easy ဆိုတဲ့ အဆစ်အမြစ်ကိုက် သက်သာဆေး ဝယ်သောက်ကြည့်ပါလား။ သုံးဖူးသူတွေပြောတော့ တော်တော်ကောင်းတယ်ဆိုပဲ။ Arthritis မျိုးများစွာရှိတော့ ဆရာဝန်နဲ့ဆက်လက်ပြသ,ကုပါလေ။

ကိုပေါ said...

အေးဗျာ…. ကိုအောင်သာငယ်ရေးတာဖတ်ရတော့ ကျနော့်စိတ်ထဲမှာ ဒူးထောက်ပြီးထွက်သွားတဲ့ အမျိုးသားရေးဦးဝင်းနိုင်နဲ့ ယခုအချိန်အထိ ရဲရဲတောက် လှေခွက်ချည်းကျန် အလံမလှဲတဲ့ ဟံသာဝတီဦးဝင်းတင် (အခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းတင်) အဘိုးကြီး နှစ်ယောက်ကို ပြေးမြင်တယ်။

ပြီးတော့ အသက် ရ၉ နှစ်မှာ ထောင်က ထွက်လာတဲ့ ဆရာကြီး ဦးဝင်းတင်က….
“ကျနော် ပြောလို့ ရတာပေါ့ဗျာ၊ တရားထိုင်ရဦးမယ်ဗျာ၊ ကျနော် စီးပွားရေးမကောင်းဘူးဗျာ၊ ပြောလို့ရတာပဲ၊ ဟုတ်လား။ ဘာလို့ သည်းခံပြီးတော့ ကျနော် ပြောနေလဲ၊ dynamism ကို ကျနော် ရှိချင်တယ်။ ကျနော် အခု ဘယ်လောက်မှားလဲ မှန်တယ်ဆိုတာ ကျနော့်ဟာ ကျနော် နားထောင်ဖို့ အချိန်မရဘူး။ ကျနော် တမနက်လုံး စကားပြောနေတာ၊ တနေ့တုန်း ကလည်း မနက်လင်း (၆) နာရီကတည်းက စပြောလိုက်တာ ညနေ(၄) နာရီမှာ ထောင်ကထွက်လာ၊ (၄) နာရီကစပြီးတော့ စကား ပြောလိုက်တာ ည (၁၁) နာရီ (၁၂) နာရီထိ၊ ဘာဖြစ်လို့ ကျနော်လုပ်နေတာလဲ။
ဒီဟာ dynamism ဖြန့် နေတာ။ ဒီထဲမှာ အညံ့တွေ၊ အဖျင်းတွေ၊ မဟုတ်တာတွေ ပါမယ်၊ ချော်တာတွေ ပါမယ်။ ကျနော့်ကို အပြစ်တင်ရင် ကျနော် ခံမယ်၊ ကိစ္စမရှိဘူး။ ဒါပေမယ့် dynamism တော့ အပြစ်မမြင်နဲ့၊ အဲဒီ dynamism တော့ ပေါ်စေချင် တယ်။ ဒါက လူနော်။”


ကိုအောင်သာငယ်က အခုမှ ၄၅ နှစ်ပဲ ရှိပါသေးတယ်။ သန်တုန်းမြန်တုန်းပါဗျ။း-)
တက်တက်ကြွကြွ လုပ်နေဆဲလူတွေကိုတော့ ဘယ်အရွယ်ရွယ်ရောက်ရောက် လေးစားပါတယ်။

အိန္ဒြာ said...

အကိုကလည်း...

၄၅ နှစ်ကလေးများ....

တာဝေးမှာ..ပြေးတုန်းလွှားတုန်း....ပါ...

Anonymous said...

အန်ကယ်ကလည်း ဆေးလေး ဘာလေး မှီဝဲပေါ့..အဘ ဆို ထမင်းစားကောင်းဆိပြီး ထမင်းစားခါင်္နီးတော့ တောအရက်တစ်ခွက်လောက်မော့လိုက်တယ် ။ အန်ကယ်လည်း စမ်းကြည့်ပါအုံးး)

ကလူသစ် said...

ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား ငါလဲမလုပ်တတ်ဘူး :)

မီယာ said...

စိတ်ပျိုကိုယ်နု အကိုကြီးရေ... စိတ်ကလေးသာ နုအောင်နေ မခင်ဦးမေပြောသလို နွားနို့လည်းသောက် အားဆေးလည်း ကူပါ။

သစ်နက်ဆူး said...

ကိုအောင်..
အသက်အရွယ်နဲ့ ဆိုင်တယ် လို့ ဘဲ ပြောရမယ်...
ကျနော်ကတော့ ခါးနာဘူးတယ်..အထိုင်များလို့ ...
ဒါပေမယ့် ကိုအောင်ရဲ့ စာကိုဖတ်ပြီးတော့ တွေးလိုက်တာ
ကိုအောင့် ဒူးခေါင်းတွေမှာ နိုင်ငံရေး စာမျက်နှာတွေ
တွေ့ လိုက်တယ်...
ကျနော်ကိုက အတွေးခေါင်တာပါ...။

mama said...

သားအငယ်ဆုံးလေးက ဟိုတလောကမှ ၁ နှစ်ပြည့်တာ မို့လား
ဘယ်နှယ်အို လို့ ရမှာလဲ
ကျမ ကြားဖူးတာ ကတော့ အမျိုးသားတွေက အသက်၅၀ ကျော် မှာ ပြန်ပြီး နုပျို လာတယ် ဆိုပဲ..း)
ကဗျာဆရာ. ၄၅ နှစ် ဆိုတော့ ..စောင့်လိုက်ပါအုံးလေ..

Anonymous said...

နာ့ကွယ်ရာမှာ နာ့အကြောင်းပြောရင်..နာ့ဖင်ကိုရှစ်ခိုးတာနော်.. သဘောပေါက်..ဟီ ဟိ..

Myo Win Zaw said...

အသက် ၄၅ နှစ်ဆိုတာ ဘ၀စတုန်းဘဲရှိပါသေးတယ် အစ်ကိုရ

mirror said...

အစ်ကိုရေ့..ခန္ဒာရှိရင် ဝေဒနာရှိ၏တဲ့..:P
ဆေးသောက်ပေါ့အစ်ကိုကြီး...နော။
ဟိုဟိုဒီဒီတွေတော့ မညွှန်တတ်ဘူးဗျာ..ပြန်တော့မယ်..။
ကြည့်ကျက်နေပေါ့..။ကျန်းမာရေးလဲ ဂရုစိုက်၊ကဗျာလဲ များများရေး..(လူကြီးကမှာသွားတယ်..:)))

ကိုလူထွေး said...

ကျနော့ အဖွားကတော့ မိုးအေးရင် ဒူးကိုက်တယ်တဲ့။ သူဒူးနာရင် မိုးရွာတော့မယ်လို့ လညိးပြောတယ်။

Nyein Chan Aung said...

ကိုယ်တွေ့ကို ဖတ်သွားပါတယ် အစ်ကို။ ၄၅ နှစ်မှာ ဒူးနာနေတာကတော့ သိပ်မနိပ်သေးဘူးထင်တယ်ဗျာ။ အချိန်အားတဲ့ အခါ ကျန်းမာရေး လေ့ကျင့်ခန်းလေး ဘာလေး လုပ်သင့်တယ် ထင်တာပဲ။

Nyein Chan Aung said...

(ဥပမာ.... ကိုယ်တိုင် သူပုန် မဖြစ်ဖူးပဲနဲ့ သူပုန်တွေကို category ခွဲနေ တာတွေကို မြင်ရတော့ ကျနော်က နာမကျန်း ဖြစ်ချင်တယ်...း) အဲလို ပြောဆိုနေတာတွေကို တွေ့ရတာ စိတ် မချမ်း သာဘူး... အဲလို ကျနော် ပြောလိုက်တဲ့ အတွက် လွတ်လပ် စွာရော... မလွတ်လပ် စွာရော သဘောထား ကွဲလွဲနိုင်ပါတယ်...း)

အဲဒီအပေါ်က ကိစကိုအစ်ကိုက ပွင့်ပွင့်လင်းလင်း ချရေးလိုက်တာ ကောင်းပါတယ်။

Moe Cho Thinn said...

ဒီလို ကိုယ်တွေ့မျိုး မကြုံဖူးတော့လဲ မသိဘူးပေါ့လေ။ သူတို့မှ မကြီးသေးဘဲ။ :)

Rita said...

အစ်ကို့ အမြင်ကို လေးစားပါတယ်။
ဒါပေမယ့် ကျွန်မအထင်...
ဘေးကကြည့်တဲ့လူက ပိုမြင်တယ်။ နီးလွန်းရင် ၀ါးတယ်လေ။
ဘောလုံးပွဲတွေဆို ပွဲကြည့်က ပိုမြင်တာ။

သူပုန်မဖြစ်ဖူးသေးတဲ့ လူက category ခွဲတာက ပိုပြီး ဆန္ဒာဂတိကင်းနိုင်တယ် ထင်တာပဲ။ ဖြစ်ခြင်း မဖြစ်ခြင်းက သူ့ရွေးချယ်ပိုင်ခွင့်နဲ့ သူ့သမိုင်းပဲ။ ရမ်းတုတ်နေတယ် တလွဲပြောနေတယ်ဆို တမျိုးပေါ့။ ဒါလဲ တကယ်တော့ သူ့သမိုင်းပဲ။

သူတလွဲလုပ်တယ် ရေးတယ်ဆို သူလွဲနေတာကို ကျန်တဲ့စာဖတ်သူတွေ သိအောင် ထောက်ပြစေချင်တယ်။ ဒီလိုမဖြစ်ဖူးလို့ ဒီလိုခေါင်းစဉ်တွေ တို့ထိခွင့်မရှိဘူး ဆိုတာကတော့ နည်းလမ်းကျတယ်လို့ မမြင်မိပါဘူး။

နားမလည်ဘဲနဲ့ ၀င်ပြောနေတယ်လို့ ယူဆရင် နားလည်အောင် ပြန်ပြောပြဖို့က နားလည်တဲ့သူရဲ့ တာဝန်ပဲ။

မဆိုင်တာတွေ ၀င်ရှုပ်သလို ဖြစ်နေရင် တောင်းပန်ပါတယ် အစ်ကို။

ုကမာနီလာ said...

ကိုအောင်ရေ ဆိုလိုချင်တာကို နားလည်ပေးလို့ရတယ်၊ လောကမှာ ကိုယ်တွေ့ကြုံမှာဘဲ ကုယ်ချင်းစာနားလည်ပေးလို့ရတာအဲါးအမှန်ဘဲ၊ ဥပမာပေးပုံလေးက လှတယ်၊ ကျမ်းမာရေးလည်းဂရုစိုက်ပါ၊

အိုင်လွယ်ပန် said...

ဘယ်လိုဖြစ်ဖြစ် အစ်ကိုပြောချင်တာကို
အစ်ကို ရအောင်ရေးသွားတယ် ....

ကိုယ်တွေ့ ပါအစ်ကိုရေ ...

ချမ်းမြေ့ပါစေအစ်ကို ....

LRDP said...

ရောက်တယ် ကိုအောင်သာငယ် ရေ ကိုယ်တွေ့ ကို သဘောကျလိုက်တာ

ATN said...

မမွန်၊ မခင်ဦးမေ၊ မဇနိ၊ မပန်၊ ဇရာအို၊ ကိုပေါ၊ အိန္ဒြာ၊ တူမောင်မျိုး၊ ကလူသစ်၊ မီယာ၊ ကိုသစ်၊ မမ၊ အမည်မဲ့၊ မကြေးမုံ၊ ကိုလူထွေး၊ ငြိမ်းချမ်းအောင်၊ မိုးချိုသင်း၊ ရီတာ၊ ကမာနီလာ၊ အိုင်လွယ်ပန်၊ မေအိခင် - အားလုံး လာဖတ်ပြီး လာမန့်သွားတာ ကျေးဇူးပါ။

ကိုပေါ - တိုက်ရိုက်ပြောတာပါ။ ကျနော့်ကိုတော့ ခင်ဗျားအနေနဲ့ လေးစားနေစရာ မလိုပါဘူး။ ယနေ့ထက်ထိ ကျနော် လုပ်ခဲ့သမျှကတော့ လူလေးစားအောင် လုပ်နေတာမှ မဟုတ်တာ။ ကိုယ် လုပ်နိုင်တာကို လုပ်နေတာပဲလေ။ မလုပ်နိုင်တဲ့အတွက် ကိုပေါက ဖြစ်စေ တစုံတယောက်က ဖြစ်စေ ကျနော့်ကို မလေးစားရင်လည်း အောင်သာငယ်က နာကျင်မှု တစုံတရာ မဖြစ်ပါလို့ ပြောလိုက်ပါတယ်။း)

မရီတာ - ငါ့ညီမရယ် ငါ့ညီမရဲ့ ကွန်မန့်ကိုလည်း ကျေးဇူး တင်ပါတယ်။ တခုတော့ ပြောချင်တယ်။ အကိုကတော့ ဘူမိဗေဒကဆိုတော့ ကျောက်တွေနဲ့ ဥပမာ ပေးမယ်ကွာ။ ငါ့ညီမက ဘေးကနေကြည့်ပြီး ကျောက်တုံးတတုံးကို ဘယ်ကျောက်က မီးသင့်ကျောက်၊ ဘယ်ကျောက်က အသွင်ပြောင်းကျောက်၊ ဘယ်ကျောက်က အနည်ကျကျောက်လို့ ပြောနိုင်မလား။ အဲလို ကျောက်တွေကို ငါ့ညီမက ဘေးလူပါဆိုပြီး Category ခွဲနိုင်မလား။ I don't think so. You need some knowledge and learning to do so. ကွဲလွဲတာတွေကို နားလည်ပါတယ်။ ဒါပေသည့် မှန်မှန်ကန်ကန် ကွဲလွဲဖို့တော့လည်း လိုပါသေးတယ်။ အတတ်ပညာဆိုင်ရာကို ပြောမယ်ဆိုရင် အဲ အတတ်ပညာကို တတ်ကျွမ်းကျင်ဖို့လည်း လိုလိမ့်မယ်လေ။ ဂစ်တာကြိုးတောင် မညှိတတ်တဲ့ သူတယောက်က ဂစ်တာအတီးသမားတွေကို category ခွဲနေတာ သဘာဝမကျဘူးလို့ ရိုးရိုးသားသား ထင်မြင်မိတာပါ။ ကျန်တာတွေ ဘာမှ မပါပါဘူး။း)

ကိုပေါ said...

အောင်သာငယ်က နာကျင်မှု တစုံတရာ မဖြစ်ပါလို့ ပြောလိုက်ပါတယ်။း)

ကြားရတာ ၀မ်းသာပါတယ် ကိုအောင်သာငယ်ရေ့။ ပို့စ်ထဲမှာတုန်းကတော့ နာမကျန်း ဖြစ်ချင်တယ်... ဆိုတာတွေ့လိုက်ရလို့ အဟုတ်ကို နာမကျန်းဖြစ်ချင်သွားတာအောက်မေ့မိလို့ပါ။း-) အမှန်တော့ အရေထူရင် အကောင်းဆုံးပေါ့ဗျာ။ အရေထူတယ်ဆိုတာ တနည်းပြောရရင် လောကဓံကို ခံနိုင်ရည်ရှိတာပေါ့။

ရီတာရဲ့ ကွန်မင့်ကို ပြန်ထားတာနဲ့ ပတ်သက်လို့လည်း ကိုအောင်သာငယ်နဲ့ ကျနော်ရှုမြင်ပုံ ကွဲလွဲပါတယ်။ လူတွေဟာ ကျောက်ကိုသာ အမျိုးအစား မခွဲတတ်ချင်ရှိမယ်။ ဘယ်ကျောက်ပွဲစားက လိမ်တတ်တယ်။ ဘယ်ကျောက်ပွဲစားက သမာသမတ်ရှိတယ်။ ဘယ်ကျောက်ပွဲစားက အမြတ်တင်တယ် ခွဲခြားသိနိုင်ကြတယ်။

သာမန်ဘောလုံးပွဲကြည့်သူတဦးအဖို့ ဘောလုံးနဲ့ ခြေထောက်နဲ့ တခါမှမထိဖူးပေမယ့်လည်း အရှော်စားဘောလုံးသမား၊ သာမန်ဘောလုံးသမား၊ အကောင်းစားဘောလုံးသမား စသဖြင့် ခွဲခြားသိနိုင်ကြပါတယ်။ ရုပ်ရှင်တကားရဲ့ ကောင်းသင့်ညံ့ကို စပီးလ်ဘာ့ဂ်မဟုတ်တဲ့ သာမန်ရုပ်ရှင်ကြည့်သူအတော်များများက ခွဲခြားတတ်ကြပါတယ်။

အလားတူပဲ….. အစိုးရတရပ်ကောင်းမကောင်းကို အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုအကြောင်း နားမလည်တဲ့ ပြည်သူလူထုက ဆုံးဖြတ်နိုင်စွမ်းရှိကြပါတယ်။

အစိုးရတရပ်ကို ကောင်း၊ သင့်၊ ညံ့ကို ပြည်သူတွေ အများစုက အကြိမ်တော်တော်များများမှာ မှန်မှန်ကန်ကန် ရွေးချယ်တတ်သလို သူပုန်တွေ ကောင်း၊သင့်၊ညံ့ကိုလည်း ဘေးက ပြည်သူတွေက မှန်မှန်ကန်ကန် ရွေးချယ်တတ်ကြပါတယ်။ အဲသည်လို ပြည်သူအများရဲ့ သဘောထား၊ အမြင်တွေကပဲ နိုင်ငံရေးစနစ်တရပ်အပေါ်မှာ ပြုပြင်သွားတာ မဟုတ်ပါလားဗျာ။

ဒါကြောင့်လည်း လူတိုင်းမှာ အရာတခုကောင်းမကောင်း၊ သင့်မသင့်ကို ယေဘူယျအားဖြင့် ခွဲခြားတတ်တဲ့ အစွမ်းသတ္တိရှိတယ်။ ဒီမိုကရေစီစနစ်မှာ အဲသည်လို လူတွေရဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို အလေးထားတာ။ ဒါကြောင့်လည်း အစိုးရတရပ်၊ အတိုက်အခံတရပ် ကောင်းမကောင်းသိဖို့ ပီအိတ်ခ်ျဒီ ဘွဲ့ရစရာမလိုဘူးဆိုတဲ့ စကားပေါ်ပေါက်လာတာပေါ့။

ဒီကမ္ဘာလောကကြီးမှာ ရှိသမျှ အရာအားလုံးကို မထိတွေ့၊ မဝေဖန်၊ မဆန်းစစ်ကောင်းတဲ့ အရာရယ်လို့ မရှိပါဘူး။ ဗုဒ္ဓတောင် သူ့တရားတော်တွေကို စွတ်ရွတ်လက်ခံခိုင်းတာမှ မဟုတ်ဘဲ။

ကိုယ်တိုင်သူပုန်မဖြစ်ဘူးပဲနဲ့ ဆိုတဲ့စကားနဲ့ ပတ်သက်လို့လည်း လူတိုင်းသည် လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်ကြသည်မဟုတ်။ လက်နက်ကိုင်မှ သူပုန်ဟု ခေါ်ဆိုနိုင်သည်လည်းမဟုတ်။ လက်နက်ကိုင်မှ ပိုပြီး စွန့်လွှတ်စွန့်စားသည် ဆိုသည်မှာလည်း မဟုတ်………လို့ပဲ နိဂုံးချုပ် မှတ်ချက်ပေးလိုက်ပါတယ်ခင်ဗျား။

စိတ်ရောကိုယ်ပါ ကျန်းမာပါစေ။

Rita said...

:) ဟုတ်ပါတယ် အစ်ကို။ ကျောက်တုံးတွေလာပြ ကျွန်မ ဘာမှမသိပါဘူး။ ဘူမိဗေဒဘွဲ့ရဆိုရုံလူတောင် ခွဲနိုင်ပါ့မလား လက်တွေ့နည်းခဲ့ရင်လေ။

ကြားက ဟနေတာလေး တစ်ခု ကျွန်မမြင်မိသလိုပါပဲ။ ပညာရပ်ဆိုင်ရာ ကိစ္စတွေနဲ့ လူအမျိုးအစားကို ဝေဖန်တာ တော်တော်ကွာပါတယ်။ ကျွန်မအရင် comment မှာတောင် ရုက္ခဗေဒပညာရှင်တွေက အသီးတွေကို ခွဲခြားတယ်ဆိုပါတော့ သူတို့မှ အသီးမဖြစ်ဖူးဘဲလို့ ထည့်ရေးမလို့။ သဘောတရားက ဘာမှ မှ မဆိုင်တာဆိုပြီး ချန်ပစ်ခဲ့ပါတယ်။

ကျွန်မဆိုလိုချင်တာက သူလွဲနေရင် ကျန်တဲ့ ကျွန်မတို့လို ဘာမှမသိတဲ့ စာဖတ်သူတွေ သိအောင် လွဲချက်ကိုသာ ထောက်ပြစေချင်ပါတယ်။ သူဒီလို မဖြစ်ဖူးလို့ ဒါမျိုးဝေဖန်ပိုင်းခြားခွင့်မရှိ ဆိုတာကတော့ ကျွန်မ လက်မခံချင်ဘူး။ တကယ်ပြောတာ။

ဒီလိုကြေးဆို မြန်မာပြည်က တချို့ကလဲ ပြောမှာပေါ့ရှင့်။ ဆိုကြပါစို့ "... က တိုင်းပြည်အတွက် တံတားတစင်းဆောက်ပေးဖူးလို့လား။ ဘာတစ်ခု ပေးဖူးလို့လဲ...ဘာမှ လုပ်မပေးဖူးပဲ တိုင်းပြည်ကိုခုမှ လာချစ်ပြ..ငါတို့ကတော့ တိုင်းပြည်ကို ဘယ်နှခုနှစ်တည်းက....ဘာညာ ဘာညာ"

ဘူမိဗေဒ မသင်ဖူးလဲ သူခွဲနိုင်တယ်ဆို ခွဲပါစေ။ မဟုတ်တရုတ်ခွဲနေရင် အမှန်ကို အစ်ကိုက ပြောလိုက်ပါ။ သူပြောတာ ဟုတ်နေရင်တော့ ဘူမိမေဂျာက မဟုတ်လို့ ခွဲခြားခွင့်မရှိ မလုပ်ပါနဲ့။

:)
ကျွန်မက ဆွေးနွေးချင်တာပါ အစ်ကို အောင်သာငယ်။ ပြန်ဆွေးနွေးပေးခဲ့တာကိုလည်း တကယ် ကျေးဇူးတင်တာပါ။ တို့ထိခွင့်မရှိတဲ့ နယ်ပယ်ဆိုတာ မရှိစကောင်းဘူးထင်ပါတယ်။ မှားနေရင် တစ်ချက်ခြင်းသာ ထောက်ပြပါ။ အမှန်တရား ဘယ်လိုလဲ သိချင်ပါတယ်။

ဂစ်တာသမားနဲ့ ပတ်သတ်လို့လဲ ထို့အတူပါပဲ အစ်ကို။ သူတီးတာနားထောင်ပြီး အမျိုးအစားခွဲတာ ကြိုးညှိတတ်နေဖို့မလိုပါဘူး။

ဂျူး ကတော့ feminist ဖြစ်တယ်။ ကြည်အေး ကတော့ existentialism ဖြစ်တယ် တံဆိပ်ကပ် ငြင်းကြဖို့လဲ ကျွန်မတို့ သူတို့လို စာရေးတတ်ဖို့ မလိုပါဘူး။ သူတို့လို မတတ်ဘဲ သူတို့ကို တံဆိပ်တပ်လို့လဲ အဂါရ၀ ဖြစ်တယ် မထင်ပါဘူး။ ကျောက်တုံးကို တံဆိပ်ကပ်တာနဲ့ ကွာချင်တိုင်းကွာပါတယ်။ ပညာရပ်နဲ့ လုပ်ရတာမှ မဟုတ်တာ အစ်ကို။ ခံစားမှုနဲ့ တိုင်းတာ သတ်မှတ်လိုက်တာပဲ။

ကျွန်မ အခု ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးတဲ့ အစ်ကို နဲ့ ခုလို ဆွေးနွေးပြောဆိုတာလဲ အဂါရ၀နဲ့ မဟုတ်ပါဘူး။ သိချင်စိတ်ရယ် လွတ်လပ်ချင်စိတ်ရယ် ဒါပါပဲ။

Rita said...

တစ်ခုကျန်သွားလို့ပါ အစ်ကိုရေ။
ကျွန်မပြောတဲ့ ခံစားမှုဟာ နှလုံးသားသာပါတဲ့ ကလီစာသက်သက် ခံစားမှု မဟုတ်ပါဘူး။ ဦးနှောက်အတွေး ပါပါတဲ့ ခံစားမှုပါ။

လေးစားချစ်ကြည်စွာ
Rita

မမလေး said...

.......

mamalay said...
This comment has been removed by the author.
မမလေး said...

...

မမလေး said...

..