Mar 30, 2009

Conficker Worm

အခုတလော နံမည်ကြီးနေတဲ့ Conficker Worm အကြောင်းကို ကြားဖူးတဲ့သူတွေလည်း ရှိကြမှာပါ။ မကြားဖူးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီပို့စ်ကို ရေးလိုက်တာပါ။

Software တွေများစွာ အနက်မှာ ကွန်ပြူတာတွေကို ဒုက္ခပေးလေ့ရှိတဲ့ Software တွေလည်း ရှိပါတယ်။ Malware လို့လည်း ခေါ်ကြပါတယ်။ အဲ Malware တွေထဲမှာ Virus, Trojan, Worm, Key Logger, Adware, Spyware စသည်ဖြင့် မျိုးစုံ ပါဝင်ကြ ပါတယ်။ ခုနံမည်ကြီးနေတဲ့ Conficker ကတော့ Worm ပါ။ Worm ဆိုတာ Program တမျိုးဖြစ်ပေမယ့် Virus နဲ့တော့ မတူပါ။

Virus က အသက်ဝင် လာဖို့ တခြား file တခုခု၊ ဒါမှ မဟုတ် program တခုခုကို ချိတ်ဆက် (attach) လုပ်ရပါတယ်။ လုပ်ပြီးတာနဲ့ Virus မိထားတဲ့ file သို့မဟုတ် program ကနေတဆင့် ကွန်ပြူတာကို တိုက်ခိုက်ပါတယ်။ ကွန်ပြူတာရဲ့ setting တွေကို ပြောင်းပစ်တာမျိုး (alterring system) ကို လုပ်ပါတယ်။

Worm တွေကတော့ ချိတ်ဆက်ဖို့ file တွေ program တွေ မလိုပါ။ သူတို့ဟာ ကွန်ယက် (Network) တခုကနေ တခုကို ကူးကြပါတယ်။ အဲလိုကူးရင်းနဲ့ အဲကွန်ယက်မှာ ရှိနေသမျှ ကွန်ပြူတာတွေထဲမှာ ခိုအောင်း နေကြပါတယ်။ ဒါပေသည့် Worm တွေက ကွန်ပြူတာရဲ့ setting တွေကို ပြောင်းပစ်တာမျိုး လို သိသာတဲ့ ဘာအပြောင်းအလဲ တခုခုကိုမှ မလုပ်ပါဘူး။ သူတို့ လုပ်တာကတော့ ကွန်ပြူတာရဲ့ လုံခြုံရေးစနစ်ကို လျှို့ဝှက် ထိုးဖောက်နိုင်တဲ့ Backdoor လို့ ခေါ်တဲ့ တံခါးတွေကို Install လုပ်သွားတာပါ။ အဲလိုနဲ့ ကွန်ယက် တခုမှာ ရှိတဲ့ ကွန်ပြူတာတွေမှာ backdoor တွေ တပ်ပြီးသွားရင် အဲကွန်ယက်နဲ့ ဆက်နေတဲ့ နောက်ထပ် ကွန်ယက် တခုကို ထပ်ပြီး ကူးစက်သွားတာပါပဲ။ သည်လိုနဲ့ backdoor တွေ တပ် ဆင်ထားတဲ့ ကွန်ပြူတာတွေ အများကြီး ပါဝင်တဲ့ bot-net လို့ ခေါ်တဲ့ စက်ရုပ် ကွန်ယက်ကြီး တခုကို ရပြီ ဆိုတာနဲ့ အဲ Worm ကို ရေးသားတဲ့ Hacker ရဲ့ အမိန့်ကို စောင့်နေကြတော့တာပါပဲ။ Hacker က ဥပမာ spam mail တွေ ပို့ဖို့ command ပေးလိုက်တာနဲ့ အဲ ကွန်ပြူတာ ကွန်ယက်ကြီးက တကမ္ဘာလုံးကို သန်းနဲ့ ချီတဲ့ မေးလ်တွေ ပို့တော့တာပါပဲ။ ဥပမာ ကိုယ့်ကွန်ပြူတာမှာ Worm က ချိတ်နေပြီ ဆိုရင် ကိုယ်ကိုယ်တိုင် မသိပဲနဲ့ ကိုယ့်ကွန်ပြူတာက spam mail တွေ deliver လုပ်နေတော့တာပါပဲ။ ဒါကြောင့်မို့လည်း အဲလိုမျိုး ကွန်ပြူတာတွေပါတဲ့ ကွန်ယက်ကြီးကို Bot-net လို့ ခေါ်ကြတာပါ။

အဲတော့ ခု နံမည် ကြီးနေတဲ့ Conficker Worm က ဘာလုပ်မှာလဲ ဆိုတော့။ ဘယ်သူမှတော့ သေချာ မသိသေးပါဘူး။ ဒါပေသည့် ကျိန်းသေတာတခုကတော့ သည် Worm သာ ကိုယ့် ကွန်ပြူတာမှာ ချိတ်မိနေရင် ကိုယ့် ကွန်ပြူတာကို အဲသည် Worm ရဲ့ ပိုင်ရှင်က ထိန်းချုပ်နိုင်နေမှာပါပဲ။ ကိုယ် ဘာရိုက်ရိုက် key ကို သူက သိနေမှာပဲလို့ ဆိုပါတယ်။ ခန့်မှန်းကြတာကတော့ သည်လိုနည်းနဲ့ သည် Worm ကို သုံးပြီး ဘဏ့် အကောင့်တွေ ပါ့စ်ဒ်ဝါ့ဒ်တွေကို ယူမယ်လို့ ဆိုကြပါတယ်။ သည် Worm ကတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလကတည်းက ပေါ်လာတာမို့လို့ မျိုးကွဲ (variations) တွေလည်း အများကြီး ရှိတယ် ဆိုကြပါတယ်။ နံမည်ကြီး Anti-virus firm တွေဖြစ်တဲ့ Symentech တို့လို Kaspersky တို့လို ကုမ္ပဏီကြီးတွေက ထုတ်တဲ့ Anti-malware တွေက ခုထက် ထိတော့ သိပြီးသမျှ Conficker ရဲ့ မျိုးကွဲတွေကို ရှာနိုင်ပေမယ့် နောက်ဆုံး ထွက်လာမဲ့ မျိုးကွဲကိုတော့ အာမမခံနိုင်သေးပါဘူး။

Conficker ရဲ့ creator တွေကတော့ ခုလာမယ့် ဧပြီလ (၁)ရက်နေ့မှာ တကမ္ဘာလုံးကို တိုက်ခိုက်မယ်လို့ ရာဇသံပေးပြီးသားပါ။ အဲနေ့မှာ တိုင်းဗုံးတလုံးကွဲသလို တိုက်ခိုက်မှာပါ။ ဒါပေသည့် ကွန်ယက်လုံခြုံရေးရာ ကျွမ်းကျင်သူတွေကတော့ တကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲကြီး အဖြစ် မြင်ရလိမ့်မယ်လို့တော့ မထင်ကြောင်းလည်း ပြောထားပါတယ်။ ၂၀၀၈ စက်တင်ဘာကတည်း ပေါ်လာခဲ့တဲ့ Conficker က ကွန်ပြူတာ အလုံးပေါင်း ၁၀ သန်းကျော်ကို တိုက်ခိုက်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ လတွေအတွင်းမှာ ကုစားခဲ့ရပြီးပြီ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေသည့် နောက်ဆုံးပေါ် Conficker မျိုးကွဲကိုတော့ မသိရသေးတာမို့ ကွန်ပြူတာ ဘယ်နှလုံးမှာ ဘယ်လို ချိတ်ဆက်ပြီး တိုက်ခိုက်မှုကို စတင်ဖို့ ဘယ်လို စောင့်ဆိုင်းနေကြောင်း ကိုတော့ ဘယ်သူမှ သေချာ မသိနိုင်ကြောင်းတော့ ပြောပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ကတော့ Conficker Worm ရဲ့ တိုက်ခိုက်မှုကို မခံရအောင် မိမိ ကွန်ပြူတာမှာ install လုပ်ထားတဲ့ Windows Operating System ကို Update လုပ်ရပါမယ်။ ပြီးရင် မိမိ ကွန်ပြူတာမှာ Anti-virus Software တွေ Install မလုပ်ရသေးရင် Anti-virus Software တခုခုကို Install လုပ်ဖို့၊ Firewall Software တခုခု Install မလုပ်ရသေးရင် လုပ်ဖို့။ အဲတာတွေ လုပ်ပြီးသား ရှိရင်လည်း အဲ Software တွေ အားလုံးကို Update လုပ်ဖို့။ ပြီးရင် ကိုယ့် ကွန်ပြူတာကို Anti-virus Software နဲ့ Full Scan လုပ်ထားဖို့ အကြံပေးထားပါတယ်။

သူငယ်ချင်းတွေ၊ စာဖတ်သူတွေလည်း ကိုယ့် Windows ကို Update လုပ်ကြပါ။ Anti-virus နဲ့ Firewall တွေကိုလည်း update လုပ်ကြပါ။ ပြီးရင် ဧပြီလ (၁)ရက်နေ့ မတိုင်မီမှာ ကိုယ့် ကွန်ပြူတာကို Anti-virus နဲ့ Full System Scan လုပ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Conficker နဲ့ ပတ်သက်လို့ အသေးစိပ်ကို သိချင်ရင်တော့ အောက်က လင့် ၂ ခုမှာ သွားဖတ်နိုင်ပါတယ်။

http://www.cbsnews.com/stories/2009/03/27/60minutes/main4897053.shtml
http://news.cnet.com/faq-conficker-time-bomb-ticks-but-dont-expect-boom/

သူငယ်ချင်းတွေ စာဖတ်သူတွေအားလုံး Conficker ဘေးမှ ကင်းဝေးကြပါစေ။

13 comments:

mama said...

ဗဟုသုတ အသစ်အတွက် ကျေးဇူးပါ

ဦးဂင်ကြီး said...

မျှဝေတာကျေးဇူးပါ ရဲဘော်ကြီးရေ လာနိုင်ရင်လဲလာဗျာ..။

:P said...

ဖတ်သွားပြီ အစ်ကို

ဖိုးသင်္ကြန် said...

အင်း အကြံတူနေပြီဗျို့
ကျွန်တော်လဲ ရေးထားတယ်ဗျ။
ကောင်းပါတယ်လေ၊ ဖလှယ်လို့ ရတာပေါ့။
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

Zephyr said...

ကိုအောင်သာငယ်ရေ ...

ကျွန်တော်တို့လို linux သုံးပါလား ...။ The Conficker Worm က လောလောဆယ်တော့ window based OS တွေရဲ့ hole တစ်ခုကနေ ၀င်လို့ရနေတာပါ ...။ အဲဒီ အပေါက်ကြီးကလည်း တော်တော်ကြာနေပြီဆိုပဲ ...။ Mac နဲ့ Linux ကတော့ အဲဒီ အပေါက်ကင်းတယ်လို့ လက်မထောင်နေကြတယ်လေ....။ April လတစ်ရက်နေ့က April Fools နေ့လည်းဖြစ်နေတော့ ... worm အတွက် ရောက်လာမယ့် instructions တွေက ... April fools လုပ်တာဖြစ်နေနိုင်သေးတယ် ... :) ...

တစ်ကမ္ဘာလုံးက password, credit card info နဲ့ bank info တွေ သူတို့ ဘယ်လိုများပြန်သိမ်းထားမလဲလို့တွေးကြည့်ပြီး ပြုံးမိတယ် ...။ အခန့်မသင့်ရင် ... သူတို့ရဲ့ backup server ကြီး hang သွားမယ် ...။ ပိုဆိုးတာက tracking တွေက တစ်ဆင့် သူတို့ရဲ့ data storage server info ကို အာဂန္တု hackers တွေက အလည်ရောက်လာကြမယ် ... ပြီးတော့ သူခိုးလက်က အလီင်္ဘာဘာ လုသလို data တွေထပ်ခိုးခံရဦးမယ် ...။

အင်းလေ ... ကျွန်တော်တို့ရဲ့ security specialists တွေကိုပဲ လောလောဆယ်ယုံကြည်ထားလိုက်ပါဦးမယ် ... ANTI-VIRUS ရေးတဲ့လူတွေကလည်း ကိုယ်တိုင် virus ရော anti-virus ရော ရေးသလားကို ထင်ရတယ် ...။ ဒီ virus ဆို ဒီ anti-virus ကကောင်းကောင်းနိုင်တယ်ဆိုတာမျိုးတွေ ခဏခဏ ကြုံရလို့လေ ...။ အဲဒီ anti-virus တွေကလည်း virus နဲ့ မရှေးမနှောင်းမှာ ဈေးကွက်ထဲရောက်ရောက်လာလို့တွေးမိတာ ...။

ကျွန်တော်ထင်ပါတယ် ...။ နောက်ထပ် anti-virus တစ်ခုက The Conficker Defender ၊ဒါမှမဟုတ် အဲဒီလိုမျိုးခပ်ဆင်ဆင် နာမည်တစ်ခုနဲ့ နာမည်ကြီးလာဦးမှာပါ ..။ :)

ခင်မင်စွာဖြင့်
Z

ATN said...

Zephyr
အကိုလည်း တခါတလေ အဲလိုတွေးမိတာပဲ...း)
ဟုတ်ရင်လည်း ဟုတ်မှာပဲ...နော်...
statements တွေက controversial ဖြစ်နေတာကိုးလေ နော...

လင်းဒီပ said...

ကျေးဇူးပါအစ်ကို ..

သက်ဝေ said...

အော်... ဂလိုကြီးလား... ကြောက်စရာ...
ဒီလိုဆို ဒီညတော့ Computer ပိတ်ပြီး အိပ်တော့မယ်။ ဒါမှ အန္တရာယ်လဲကင်း... ပြီးတော့ မနက်ဖြန် ဘယ်သူ့ကို ဘယ်လို April Fool လုပ်ရပါ့ လို့ စဉ်းစားချိန်ပိုရမှာ... သတိသာ ထားနေပါ အကိုကြီးရေ... ဟီဟိ

ကလူသစ် said...

လုပ်ရမှာတွေက များတယ်ဗျာ။ မလုပ်နိုင်တော့ဘူး။ ဟဲ။
ကွန်ပြူတာပိတ်၊ အိပ်.... ဟင်း...ငှင်း...ငှင်း
ဒီဗိုင်းရပ်လောက်တော့ အပျော့ပေါ့။

Mhu Darye said...

အင်း သတိပေးထားတာကို ၁ရက်နေ့ ဧပြီလ တိတိမှာမှ ဖတ်မိတယ်။ ကောင်းပေ့ ဖြစ်ပြီ ထင်တယ် အစ်ကိုအောင်သာငယ်ရေ...။

Anonymous said...

ကြောက်စရာကြီးပါလား ကိုအောင်ရေ၊ အခုလို သတိပေး ဖို့အတွက် မျှဝေပေးတာ ကျေးဇူးပါ၊

mgphonemyint said...

ကွန်ပျုတာ လုံခြုံရေး အကြံပေးချက်များ ..။

မည်သည့် ဝက်ဘ်ဆိုဒ် ကမဆို ဒေါင်းလုပ် မလုပ်ပါနှင့် ။

ကိုယ့် မသိသည့် မေးလ်များကို မဖွင့်ပါနှင့် .. ..(ကိုယ့်ချစ်ချစ် က မေးလ်ပို့လာရင်တောင် မသိချင်ယောင် ဆောင်နေလိုက်ပါ ) ...။

တတ်နိုင်လျှင် ကွန်ပျုတာပါ မဖွင့်ပါနှင့် ......။

ပါဝါကြိုးများကိုပါ.ဖြုတ်ထားလိုက်လျှင် ပိုမို လုံခြုံပါလိမ့်မည် .....။

ရှိနေသည့် ကွန်ပျုတာကို ရသည့်ဈေးနှင့် အမြန်ရောင်းလိုက်ပါ... ၊ ကွန်ပျုတာ မရှိသည့် အတွက် မည်သည့် ဗိုင်းရပ်စ်ကမှ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပါ......။

စိတ်အချရဆုံး fire wall စနစ်မှာ မိမိကိုယ်တိုင် ကွန်ပျုတာ ဆိုင်ရှေ့မှ ဖြတ်မလျှောက်နိုင်စေရန် အတွက်
မိမိကိုယ်ကိုယ် မီးဝိုင်းထားပါ ...၊ ဆိုင်ရှေ့မှ ဖြတ်လျှောက်
လျှင် ကွန်ပျုတာ ဝယ်ချင်နေမည် စိုးသောကြောင့်ဖြစ်ပါသည် .....။

ဤသည်တို့မှာကား မေတ္တာဖြင့် အကြံပေးချက် သက်သက်များ ဖြစ်ပါသည် ..။

Myo Win Zaw said...

အစ်ကိုအောင်သာငယ် ရဲ့မျှဝေမှုအတွက် ကျေးဇူးပါ။
မောင်ဖုန်းမြင့်ရဲ့အကြံကို လိုက်နာလိုက်ပြီ ကွန်ပျူတာရောင်းပြီး အင်တာနက် ကဖေးမှာဘဲသုံးတော့မယ်