Feb 13, 2012

အမှတ်တရ... အင်ဒရီယာ...














ကြိုးတကာမှာမမြင်ရတဲ့ ကြိုးတွေဟာ ပိုမို ထူထဲနေကြ...
အပင်တပင်ကို ပျိုးမိတဲ့ အခိုက်အတန့်ကျမှ
ရေလောင်းပေါင်းသင်ရတဲ့အကြောင်းကိုကောင်းကောင်း လေ့ကျက်မိ...
အတ္တနှင့် ထိတွေ့လိုက်မိသော အရာအားလုံး
မိုးဦးကျ ပန်းပွင့်များလိုလို
စိမ်းစိမ်း စိုစို လန်းလန်းဆန်းဆန်း
လန်းရင်း... လွင့်ရင်း... မနက်ခင်းကို ဆွဲဖွင့်လိုက်မိသော လက် အစုံမှာ
အပြာရောင် မှုန်နံ့သာအလွမ်း အစအနများဖြင့် ပေကျံစွန်းထင်းလျက်...

သူ့ ဆံစ ကောက်ကွေးလေးများအတွင်း
မနက်ခင်းနေကို ပန်းတပွင့်လို ကျနော် ချပ်ရပ်ပြီးသည့်အခါ...
ကျနော့် ဘ၀၏ နတ်သမီးမလေးအား ဗီးနပ်စ်-ဟု ကျနော် အမည်ပေးပါမည်...
သူပြုံးနေသည်ကို မြင်ရရုံနှင့် ကျနော့်ရင်ခုန်သံများ ပန်းရထားတစင်းဖြစ်ခဲ့ပြီ...

တမ်းတလွမ်းဆွတ်ခြင်းဆိုတာ ချစ်ခြင်းမေတ္တာ နောက်ကနေကောက်ကောက်ပါအောင် လိုက်လာခဲ့တဲ့အရာ...
အတူမဆုံနိုင်သေးသ၍ နေ့... နေ့... ည... ည...တမ်းတ လွမ်းဆွတ်နေကြရဦးမှာပေါ့...

သူ့ အပြုံးကလေးကြောင့်ပဲ... လောကကြီးတခုလုံး... ကျနော့်ကို မုန်းသွားသည့်တိုင်
ကျနော် ပျော်ရွှင်နေနိုင်ကြောင်း... သူ ကောင်းကောင်းသိပါတယ်...
ဟောသည့် မနက်ခင်းမှာ... လမင်းတစင်း ပွင့်ခဲ့မယ် ဆိုပါတော့... အဲဒါ... သူပေါ့...

အရိုးသားဆုံး... သူ့ကို ကျနော် ချစ်ခဲ့သည့် အကြောင်း...
ဟောင်းနွမ်း ဆွေးမြေ့နေသော စကားလုံး များစွာကို... ဖယ်ရှားပစ်ပြီး...
သစ်လွင် လန်းဆန်းနေသော ပန်းပွင့်ကလေးများဖြင့်သာ... အချစ် ကဗျာ တပုဒ်... ကျနော်... ယက်လုပ် ရွတ်ဆိုဖြစ်ပါပြီ...
ချစ်သူ... ကြား... သိ... ခံစား... နား... လည်... ပါ... လိမ့်... မည်... လား...

ကျနော့် နာရီများကို... သူ့ ရီမောသံများဖြင့်သာ... သံပတ်ပေးချင်ပါသည်...
မည်၍ မည်မျှ ချစ်ကြောင်းကို သူ့အားပြောပြရန်.. ခေတ်ကောင်းကောင်းတခုကို ကျနော် ထုဆစ်ရပါဦးမည်...
သူ့ ခြေရင်းမှာ... ကျနော် ချခင်းထားလိုက်ချင်သည့် အနာဂတ်သည်... ကျနော့် နှလုံးသားသာ ဖြစ်ပါသည်...
ထိုနေ့မှာ... တော်မလဲရ... လေမတိုက်ရ... တောင် မပြိုရ... ပန်းများ မငိုရ...
မည်သို့သော အကြောင်းနှင့်မျှ... ဆုနာမိများ... မထရ...
မီးတောင်များ... ထူးခြားသော အကြောင်း တစုံတရာ မရှိပဲ မပေါက်ကွဲရ...
ကမ္ဘာကြီးသည်... လေ... မတိုက်ရ... မိုး... မရွာရ... နေ... မပူရ...
ပင်လယ်များ... အော်ဟစ်ပြီး မငိုရ...
ရှိရှိသမျှသော ခြေသွားလမ်းကလေးများ.... ဖြောင့်တန်းနေရမည်...
ထို တဒင်္ဂမှာ... မည်သည့် အကြောင်းနှင့်မျှ... မကွေ့ကောက်ရ...
သူ့ကို... ကျနော် ချစ်သော နှလုံးသားနှင့်အမျှ... လမ်းကလေးများ အားလုံး ဖြောင့်တန်းကြပါစေ...
ရှိရှိသမျှသော မြစ်နဒီများ... သူနှင့် ကျနော့်အားဖြင့်... ရီမော ပျော်ရွှင်သွားနိုင်ကြပါစေ...
တောပန်းအရိုင်းလေးများ အမျိုးစုံ ပွင့်လန်းနေသော... ခြေသွားလမ်းကောက်ကောက်လေးတခုမှာ...
သူ့လက်ကို ဆွဲယူဆုပ်ကိုင်ကာ... ကျနော် လျှောက်ပါဦးမည်...
သူ့အပြုံးလေး တပွင့်အား... ကျနော့် ပခုံးထက်မှာ ပန်ဆင်ထားခွင့်... ပေးပါဦး... ဘုရားသခင်...

လမ်း-ဆိုသည်မှာ လျှောက်လှမ်းကြဖို့ပင် မဟုတ်လား....
ကျနော့် နှလုံးသားကတော့ သူ့လက်ဖျားလေးများကို ဆုပ်ကိုင်ထားချင်ပါသည်...
ကျနော်တို့ နှစ်ယောက် ရှေ့မှ လမ်းများကို လျှောက်လှမ်းဖို့ရာ... မည်သည့် အင်အားမျှ မလိုအပ်တော့ပါ...
ကျနော့် ရင်မှာ... သူ့ အပြုံးလေးများစွာကို... ချိတ်ဆွဲထားနှင့်ခဲ့ပြီးပြီ မဟုတ်လား...

ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့သွားတဲ့အခါ... အကျည်းတန်ဆုံး အရာတွေတောင် အလှအပဆုံးဖြစ်သွားတယ်-ဆိုတဲ့ စကားကို ကြားဖူးထားသူပါ... ကျနော်မှာ့ ဖြည့်စွက် ပေးစရာ စကား တချို့ပဲ ရှိပါတယ်... ဝေးကွာခြင်းနဲ့သာ ချစ်ခြင်းမေတ္တာကို ပေး မထိပါနဲ့...

ငါ့ရဲ့ ချစ်ခြင်းကိုယုံကြည်ခြင်း... မယုံကြည်ခြင်း... တံဆိပ် တခုခု ကပ်ဖို့ရာ မင်းဘ၀အဘိဓ္ဓာန်နဲ့သာ တိုက်ဆိုင် ဖတ်ရှုပါ... အင်ဒရီယာ...

သူနဲ့ ကျနော်ကတော့ ကမ်းခြေတလျောက် လမ်းလျှောက်ထွက်ခဲ့ပြီ...
ဒုက္ခနဲ့သုခ အမည်ရသော ခရုခွံများကိုသာ ကျနော်တို့ နှစ်ယောက် လိုက်ကောက်ကြမလို့ပါ...
ကျနော်တို့ ပျော်ကြပါတယ် မေမေ... အခြားအရာတွေကို ကျနော်တို့ နှစ်ယောက် ပြုမူဆောင်ရွက်မှာ မဟုတ်ဘူး...
ကျနော့်ကို သူ့ချစ်ခြင်းမှာ လိပ်ပြာရောင်စုံပျံသန်းနေတဲ့ ပန်းချီကားတချပ် ကျနော်ရတယ် မေမေ...
သူ့ကို ကျနော့် ချစ်ခြင်းမှာ သီချင်းတပုဒ်... သူကတော့ ခပ် အုပ်အုပ်ကလေး ရီမောလို့...
သက်တံ တစင်းကို ကျနော်တို့ ချစ်ခြင်းနဲ့ပဲ ချော့သိပ်လိုက်တယ်...
သဲမြေမွမွပေါ်မှာ နှစ်ယောက်အတူ ခြေရာ မချရသေးတဲ့ သောင်ကမ်းကို
ကျနော်တို့ နှစ်ယောက်အတူ ထမ်းထားတယ် မေမေ...
သူ့လက်သူကြွယ်မှာ လက်စွပ်တကွင်း ကျနော်ကိုယ်တိုင် အပ်နှင်းပြီးတဲ့အခါ
အဲသည် သောင်ကမ်းမှာ ကျနော်တို့ ဟန်းနီးမွန်းထွက်မယ်...
ကြယ်တွေ စုံလက်... လထွက်ည... ပက်ပက်စက်စက် လှပနေမှာပေါ့... မေမေ...
အဲသည့်ညမှာ သူပြုံးနေမယ့်အကြောင်း... မေမေ့ကိုပဲ သတင်းကောင်းပါးလိုက်ပါရဲ့...

သွားကြမယ် အင်ဒရီယာ... အဲသည်မှာ နေသာတယ်... ငါ ကြိုက်တတ်တဲ့ ကမ်းခြေ... သဲသောင်တွေက ပြန့်စင်းဖြူလွလို့... ဘ၀ဆိုတာကို လွတ်လပ်ခြင်း ကွင်းပြင်မှာ စိတ်ကြိုက် ဖြန့်ခင်းလိုက်ကြမယ်.. .ကောင်းကင်ပြာကို မျက်နှာချင်းဆိုင်ဖို့သဲပြင်ပေါ် အတူ ကျောချရင်း ခဏလောက် အိပ်ကြပါစို့... အင်ဒရီယာ...

သွားကြမယ် အင်ဒရီယာ... အဲသည်မှာ လထွက်တယ်... မနက်ခင်းနေကို... လတစင်းနဲ့ အတူ... တွေ့... တွေ့... နေ... နေရတဲ့... နေရာ.. .နေရယ်... လရယ်... ဘယ်တော့မှ မဆုံဘူးလို့... ဘယ်သူ ပြောသလဲ... နင်ရယ်... ငါရယ်... အဲသည်နေရာမှာ အတူဆုံကြမယ်... အင်ဒရီယာ... တို့ နှစ်ယောက် မဆုံနိုင်ပါဘူးလို့... ဘယ်သူ ပြောဦးမလဲ...

သွားကြမယ် အင်ဒရီယာ... အဲသည်မှာ ပန်းတွေပွင့်တယ်... အပြာရောင် သစ်ခွတပွင့်ကို နင့်အတွက် ငါ ခူးဆွတ်မယ့် နေရာ... ငါ့ အချစ်တွေကို ပန်းလို နင် မပန်တတ်သည့်တိုင်... သစ်ခွအပြာလေး တပွင့်ကိုတော့ ငါ့အချစ်တွေကိုယ်စားနင့် လည်မှာ ဆွဲထားမယ် မဟုတ်လား... အင်ဒရီယာ...

ကန္တာရလို... ငါ တိတ်ဆိတ်မယ်... အရိပ်တွေလို... ငါ လွင့်မျောမယ်... ပင်လယ်လို... ငါ ကျယ်ပြောမယ်..
.နောက်ထပ် ပြောစရာ... ဆိုစရာ...ဘယ်လို အကြောင်းအရာတွေ ရှိနေပါသေးသလဲ... အင်ဒရီယာ...
နေ့ရက်တရက်ကို နင့် ဟက်ဟက် ပက်ပက် ရီမောသံလေးများနဲ့ ငါ စတင်ခဲ့ဖူးရာ...ဟောသည့် သောင်ခြေမှာ...
ငါ လက်နက်ချခဲ့တယ်... ငါ့အား အဆုံးအစမဲ့လုံးဝ အနိုင်ယူပါ့ ... အင်ဒရီယာ...

(ဘယ်အချိန်ခါမဆို... ထာဝစဉ် ပြုံးရွှင်... နေတတ်တဲ့... ကိုယ့်ချစ်သူ...)
အဲ့လိုမျိုး သီချင်းတွေ ရေးပြီး နင့်ကို ဆိုပြချင်တယ်.... အင်ဒရီယာ...
သို့သော်လည်း... ကိုယ်က ကဗျာတွေပဲ ရေးတတ်တော့... ချစ်သူ- နားဆင်လို့... ပြောခွင့်ကို မသာဘူး...
ငါ ချစ်တာ... သူသိမှာပါလေ-လို့... ကိုယ့်ကိုယ်ကို အားတင်းခဲ့မိသော နေ့ရက်များသည်လည်း... တခါတခါမှာ... နှင်းတွေ... မှုန်... လို့...
အင်ဒရီယာ-ရယ်... နင့်ကို ချစ်ရတာ... ငါ့မှာ စုံထောက် ဇာတ်ကား ကြည့်နေရသလိုပါပဲ... တရားခံက ဘယ်သူလဲ.. .နောက် ဘာတွေ ဖြစ်ဦးမှာလဲ.. .မျှော်လင့်ထားတာတွေနဲ့ တကယ့် အဖြစ် အပျက်တွေက လွဲနေဦးမှာလား... အင်ဒရီယာ...

ချစ်ခင်ကြင်နာ သနားမှုများဖြင့် ငါ့အား နမ်းပါ့...
ဟောသည့် လူသားပေါင်းတသန်းနေထိုင်နေတဲ့မြို့မှာ အထီးကျန်နေတဲ့ ငါ...
အင်ဒရီယာ-သာ မရှိခဲ့ရင် ဘာတွေ ဖြစ်လာမလဲ... မတွေးဝံ့ဘူး...
Cut it out! - လို့ ငါ့ကို မအော်ငေါက်သင့်ဘူးလေ... အင်ဒရီယာ...ငါက နင့် ချစ်သူပါ...
နင့် လွဲချော်သွားခဲ့ဖူးတဲ့ ဘ၀ အဖုအထစ်တွေကိုတောင်...ငါက အခုထိ ချစ်နေနိုင်သူပါ... အင်ဒရီယာ...
လာပါ...လက်ချင်း ဆုပ်ကိုင်ပါ...ငါ့အား အနိုင်ယူပါ... အင်ဒရီယာ...
နင့် ချို့ယွင်းချက်တွေ အားလုံးကို အဆုံးမဲ့ ငါချစ်နေမိပြီ... အင်ဒရီယာ...

လုပ်ချင်တာတွေကို လုပ်ပြီးသွားတဲ့..... ပျားရေဓါးသွားပေါ်မှာ
မလုပ်ချင်တာတွေကိုလည်း..... ဘယ်တော့မှ..... ငါ မလုပ်ဘူး... အင်ဒရီယာ...
လိမ်လိမ်မာမာ မိုက်မဲနေသူဟာ... ဟောသည့် ကမ္ဘာကြီးမှာ..... ငါတယောက်တည်း ရှိရဲ့...
ဓါးသွားထက်က ပျားရည်စက်ကို.... ငါ လျက်မယ် ထင်သလား...
ဒဏ်ရာရထားတဲ့ ခြင်္သေ့တကောင်လိုပဲ..... ငါ့အနာတွေကို.... ငါ့လျှာနဲ့ ငါလျက်မယ်... အင်ဒရီယာ...
ခုညတော့.... အပြာရောင် ဒိန်ခဲ တချပ်ကို ..... အမှုမဲ့အမှတ်မဲ့ ပါးပါးလှီးစား..
.ပြီးတော့မှ... ငါ သတိရမိသွားတာ နင်ပေါ့... အင်ဒရီယာ...

နင်သာ....ငါ့ရဲ့ အလှအပဆုံး အနက်ရှိုင်းဆုံး ဒဏ်ရာ..

အသံတွေထဲမှာ အချစ်တွေ ထည့်လိုက်ပါတယ် အင်ဒရီယာ... စကား မပြောဖြစ်တာတောင် အတော်ကြာနေပြီကော...
ငါ့ ဂစ်တာကြိုးတွေထဲကနေ နင်လည်း ခဏလောက်တော့ ထွက်သွားပေးရမယ် ထင်တယ်...
ဘာသီချင်း တီး တီး...နင့် အတွက်ချည့် ဖြစ်နေတော့တယ်...
တို့ နှစ်ယောက်ရဲ့ အချစ်-ဆိုတဲ့ သီချင်းကိုအတူတူ ဆိုချင်တယ် အင်ဒရီယာ...

အောက်တိုဘာကို ဒီဇင်ဘာလို့ ငါထင်နေတယ် အင်ဒရီယာ..
.အေးစက်တဲ့ ညတွေမှာငါဟာ ဘာလို့ ပူလောင်နေရတာလဲ အဖြေမရှိ...
နင့်ကို တီးပြချင်စိတ်ဖြစ်မိတဲ့ သီချင်းတပုဒ်ကို ငါ့မျက်ရည်တွေနဲ့ ယက်လုပ်ထားမိတယ် အင်ဒရီယာ...

ငါ့ ခွက်ထဲမှာ ၀ိုင်နီတွေ... နဂိုရ်အတိုင်း...
အရိုင်းဆန်တဲ့ တေးကို အာရုံပြုနေကြဆဲ...
သည်ညကို ၀ိုင်နီတခွက်လို... ငါ... သောက်ပစ်လိုက်ရမလား...
အကြားအာရုံတွေကိုပဲ အမြင်အာရုံတွေနဲ့ အစားထိုးလိုက်ရမလား...
ကမ္ဘာ့ထောင့်ကြားတွေမှာ ညကို မူးယစ်သူတွေနဲ့သာ ပြည့်နှက်နေရော့သလား... အင်ဒရီယာ...

ငါ့ရဲ့ညတွေကို တံခါး ပိတ်ထားလိုက်ပါ့မယ် အင်ဒရီယာ...

မင့် မျက်ဝန်းလေးတွေကို မြင်တော့ သမင်လေးတကောင်ကို တွေ့ရသလိုလို...
ငါ့နှလုံးသားကို သည့်ထက် ပိုပြီး မခုန်စေပါနဲ့တော့ အင်ဒရီယာ...
ချစ်ခြင်းမေတ္တာမှာ ကံကြမ္မာ မပါဘူး... ငါသိတယ်...
မတွေ့ ... မမြင်... မကြုံ... မဆုံဆည်းနိုင်သေးသည့်တိုင်
နင့်ကို ယုံတယ်... အချစ်ကို ယုံတယ်... ကံကို မယုံပါ... အင်ဒရီယာ...

ငါ့ရဲ့ညတွေကို တံခါး ပိတ်ထားလိုက်ပါ့မယ် အင်ဒရီယာ...

atn

2 comments:

မိုးငွေ့...... said...

Happy Valentine ပါ ကိုကြီးငယ်...။

ဘိုဖြူ said...

ဟုတ်တယ်ဗျာ-------------
အတူမဆုံနိုင်သေးသ၍ နေ့... နေ့... ည... ည...တမ်းတ လွမ်းဆွတ်နေကြရဦးမှာပေါ့...