ကျနော် အိမ်ထောင်ကျတော့ အသက်က မငယ်တော့ဘူး... ၃၂ နှစ် ရှိနေပြီ...။ ကျနော်တို့ တိုင်းပြည်မှာက... ယေဘူယျအားဖြင့်... အသက် ၂၀ ကျော် အရွယ်မှာ... အိမ်ထောင်ရက်သား ကျကြလေ့ရှိတော့... ကျနော် အိမ်ထောင်ပြုတာ... နောက်ကျတယ်လို့... ပြောရမယ် ထင်တယ်...။ ဘာလို့ဆို... ကျနော် အိမ်ထောင်ပြုချိန်မှာ... ကျနော့် သူငယ်ချင်းတွေဆို... သားတွေ သမီးတွေနဲ့....။ တချို့ဆို တယောက် မက ... ၃-၄ ယောက်ထိ ရှိနေကြ...။ အဲတော့... ကျနော် အိမ်ထောင် ကျတယ် ကြားကြတော့... ကျနော့်ကို... သူတို့က... ဆရာ လုပ်ကြပါလေရော...။ အိမ်ထောင်-ဆိုသည်မှာ... ဘာဘာ.. ညာညာ...။ အေး... အေး... မင့်တို့က အရင်မွေးတော့ ... မောင်ဦး ခေါ်ရမှာပေါ့လကွာ... ဒါပေသည့် ... ငါ့ အရေပြားနဲ့ပဲ... ငါ... နေပါရစေ... အဲ အပေါ်မှာ... တက်တူးတွေ... လာမထိုးကြပါလေနဲ့...။ ကျနော် ပြောခဲ့တယ်...။
နောက်တော့... အိမ်သူ မဟေသီနဲ့... အခန်းငယ်လေးတခုထဲ... တူနှစ်ကိုယ်တိုင်းပြည်... ထူထောင် ခဲ့သည် ပေါ့လေ...။ အခန်းလေးကလည်း ကျဉ်းကျဉ်း... မီးလုံးကလေးကလည်း မလင်း တလင်းနဲ့... အသက်ရှူ မ၀တဲ့... ဘန်ကောက်မြို့ထဲ... ထပ်ပြီး အသက်ရှူ မရတဲ့ အဲ အခန်းထဲ... ကျနော်တို့ နှစ်ယောက်လုံးလည်း.. အချိန်ပြည့်... မနေနိုင်...။ အချိန် ရှိသရွေ့ကတော့... အပြင်ဖက်မှာ ချည်းပဲ...။ ညရောက်မှပဲ... ကျနော်တို့ ပြန်ပြန် လာကြတယ်...။ သည်လိုနဲ့... နှစ်ယောက်ထဲ... နေ့စဉ် ကျင်လည်ရတဲ့... ဘ၀ထဲမှာ ... ပျော်သလိုလို... ဖြစ်နေ သော်ငြားလည်း... ကြာတော့... ပျင်းလာတယ်...။ အဲတာနဲ့ပဲ... သူငယ်ချင်းတွေ အိမ်တွေကို... လိုက်လည်... လိုက်သွား... လိုက်စားသောက်ရင်းနဲ့... သူတို့ရဲ့ သားတွေ သမီးတွေ ... ကလေးလေးတွေကို... တွေ့မိတာ...။ ကလေးတွေ အများစုက... အဖေ.. သို့မဟုတ်... အမေ...နဲ့ ... တခုမဟုတ်... တခုတော့... တူနေတာချည်းပဲ...။ ရုပ်ရည်လည်း... တူမယ်... အမူအရာလည်း... တူမယ်...။ အပြောအဆိုလည်း... တူမယ်...။ ဘယ်လိုပဲဖြစ်ဖြစ်... တခုခုတော့ ... တူနေတာပါပဲ...။ သားသမီးဆိုတာ... အဖေ အမေရဲ့... ကိုယ်ပွားပဲ မဟုတ်လား...။
သည်လိုနဲ့... ၂၀၀၇ ထဲရောက်လာတော့... ကျနော့် သူငယ်ချင်း အရင်းကြီး တယောက်ရဲ့ သားကလေးကို တွေ့လိုက်ရတယ်...။ ကဗျာတွေကို ဆိုနေသမှ... ချိုချိုမြမြ...။ ၀ိုင်းချစ်ကြတဲ့သူ တအုံတမနဲ့... အားကျ လိုက်တာ...။
အဲသလိုနဲ့... ကျနော်လည်း... ကျနော်နဲ့တူတဲ့... သားလေးတယောက်ကို... လိုချင်ခဲ့မိတယ်...။ တကယ့်ကို စိတ်ဆန္ဒ ပြင်းပြင်းထန်ထန်...။
သည်လိုနဲ့... သားလေးတယောက်ကို... ကျနော်... ရအောင်... ယူခဲ့တယ်...။ ကျနော့် သားလေး... မွေးတော့... ကိုယ်တိုင်ပဲ... မမွေးတတ် မွေးတတ်နဲ့... မွေးခန်းထဲကနေ... ဆွဲထုတ် ယူခဲ့ရတာ...။ နီတာရဲလေး...။ ဘ၀ဆိုတာကို... ဘာတခုမှလည်း... မသိသေး...။ လူဖြစ်ကာစ... သားကလေးကို... မွေးပြီးတာနဲ့... နီးစပ်ရာ သူငယ်ချင်းတွေကို... ကျနော် လှည့်ပတ်ပြောမိခဲ့.. ဟေး... ဒီမှာ... ကျနော့် သားလေး မွေးပြီလို့...။ တချို့တွေ လာကြည့်တယ်...။ ပြီးတော့... ပြောသွားကြ... ငယ်သေးတယ်... နင်နဲ့ မတူဘူး...တဲ့...။ ဘာပဲဖြစ်ဖြစ်... ကျနော့် သားလေးကို... သူတို့ လာကြည့်သွားတာ ကိုပဲ... ကျနော် ၀မ်းသာနေမိတယ်...။
သည်လိုနဲ့... အချိန်တွေ... ရင့်ကျက်လာ... ။ ကျနော်လည်း... သူငယ်ချင်းတွေရဲ့... အိမ်တွေကို.. အလည် သွားတိုင်း... သူတို့ သားလေးတွေ သမီးလေးတွေ... ကြီးထွားရင့်သန်နေကြတာကို... တွေ့မိ... မုဒိတာ ပွားမိ...အားကျမိ...။ တချို့ဆို... သီချင်းတွေ ဆိုလို့...။ တချို့ ကတော့လည်း... လှလှပပ... ချိုချိုမြမြ... ကဗျာလေးတွေ... ရွတ်ဆိုပြလို့... ။ တချို့ကတော့... ပုံပြင်တွေ... ကိုယ်တိုင်ကိုယ်ကျ... ပြောပြ နေတတ် လိုက်တာ... မယုံနိုင်စရာတောင် ကောင်းနေလေရဲ့...။ တချို့တော့လည်း ... အနုပညာသည်ကြီး တွေ လုံးလုံး... ပန်းချီ ဆရာတွေ... ရှုံးအောင်... ဆေးရောင်စုံနဲ့... ပုံတွေတောင် ဆွဲပြလို့...။ သူငယ်ချင်းတွေရဲ့ သားသမီးတွေ အကြောင်း တွေးမိလေ... သူတို့ရဲ့ အစွမ်းအစ လေးတွေနဲ့... လောကကြီးထဲ ရပ်ပြနေတာကို တွေ့ရလေ... ကျနော့် သားလေးကို... ပိုပြီး လူတလုံး သူတလုံး ဖြစ်စေချင်လေပါပဲ...။
သည်လိုနဲ့ ... ကျနော့် သားလေးကို... သူ့ဘာသာသူ... ထိုင်မတ်နိုင်အောင်... ပိုးမွေးသလို... ကျနော် မွေးခဲ့ ရတာ... အလွယ် တကူတော့... မဟုတ်ပါဘူးလေ...။ အလုပ် ၂ခု လုပ်ရင်း... ကျဉ်းမြောင်းတဲ့... ကျနော့် အချိန် ဇယားထဲကနေ... သူ့ကို ပြုစုခဲ့ရတာ....။ ခု အခါတော့... ကျနော့် သားလေးလည်း... စကားတွေ... ပြောတတ်နေပြီ...။ ကဗျာတွေတောင်... ရွတ်ဆိုလို့...။
ဖေဖေက... “နေ“
မေမေက... “လ“
“ကြယ်“ကလေးလို လက်ကာပ
သားလူချောလှ... ဆိုတာ သူ အနှစ်သက်ဆုံး ကဗျာပေါ့... ။
ကျနော်ကတော့ သူ့ကို ကျနော့်လိုပဲ... ရိုးသားစေချင်တယ်... ။ ဒါနဲ့ပဲ သူ့အတွက်... အ၀တ်အစားကို... ရိုးရိုး သားသားလေးပဲ... ကျနော်... ရွေးပေးခဲ့...။ ကျနော် အကြိုက်ဆုံး... အစိမ်းနုရောင် အင်္ကျီတထည်ကို... သူ့အတွက် ချပ်ဝတ်မိန်ညိုအဖြစ်... ကျနော် ၀တ် ပေးဖြစ်ခဲ့...။
ပက်လက်ကလေးကနေ... မှောက်တတ်လာတဲ့အခါ... ပတ်ဝန်းကျင်တခုလုံးကို... ပြုံးပြုံး ပြတတ်တဲ့... ကျနော့် သားလေး... လူ တချို့ ကလည်း... သူ့ကို နွေးထွေးတတ်လာပေါ့...။ သူ့ကို ကျနော် ချီပိုးလို့... ရွာရိုးကိုးပေါက်... လျှောက်သွားတဲ့ အခါ... မြင်ရတဲ့သူ တချို့ တလေက... လာလာ နှုတ်ဆက်တတ်ကြတယ်...။ ကျနော်ကတော့ သားကလေး အတွက်... ရင်တွေခုန်လို့...။
ခုတော့... ကျနော့် သားလေး... သူ့ဘာသာသူ... သူ့ခြေထောက်အပေါ်... သူရပ်လို့... လမ်းလျှောက်တတ် နေပြီ...။ ကဗျာတွေ ရွတ်ဖတ်နေပြီ... ပုံတွေ ပြောတတ်နေပြီ... သီချင်းတွေ ဆိုနေပြီ... ပန်းချီတွေ ဆွဲနေပြီ...။
သူ တနှစ်သား ဖြစ်နေပြီလေ...။
Happy Birthday ပါ သားကလေးရေ့...။
(သားကလေး မွေးမွေးချင်း ရိုက်ထားတဲ့ပုံ)
17 comments:
မပြည့်သေးပါဘူးဗျ။ ရက်ပိုင်းလိုသေးတယ်။ ဘာပဲဖြစ်ဖြစ် ကြိုဆုတောင်းပေးခဲ့မယ်။ နောက်ထပ်ကော်မန့်မှာ လာဆုတောင်းပေးကြမဲ့ အတိုင်းပဲလို့ ဆုတောင်းပေးခဲ့တယ်ဗျား။
ကလူသစ်... ဆုတောင်းအတွက် ကျေးဇူးပါဗျာ...
မွေးတဲ့နေ့က ဒီဇင်ဘာ ၅ ဗျ... မွေးမွေးချင်း ကဗျာ မရွတ်တတ်သေးဘူးလေဗျာ... နောက် ၄ ရက် ကြာမှ ရွတ်တတ်တာ...း)
အကိုကြီးသားလေး အသက်ရာကျော် ရှည်ပါစေ
လို့ ဆုတောင်းပါတယ် အကိုရေ။
အယ်...အန်ကယ့်သားလေးက အခုမှ တစ်နှစ်ပြည့်တာလား တူမောင်က ၄-၅ ယောက်လောက်၇ှိပြီထင်နေလို့  လွဲပြန်ပြီး ဟက်ပီးဘက်ဒေး တူလေးရေ့ တစ်နှစ်ပြည့်မှ စပြီး လူချင်လူခင်များတဲ့ ပညာတက်လေးတစ်ယောက် ပြီးတော့ ဖေ နဲ့ မေ့ကို ကျေးဇူးဆပ်နိုင်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ .။
ဘလော့ဂ်မွေးနေ့ကိုပြောတာလားဟင်.
အစ်ကို့သားလေး မွေးမွေးချင်းက
ကဗျာလေး ကောင်းတယ်အစ်ကိုရာ
အားပေးလျှက်ပါ......
ကျန်းမာ သက်ရှည်လို့ စိတ်ချမ်းသာပါစေ.
အကိုရေ.ဆန်းတယ်နော်.ဟဲဟဲ
ကိုအောင်သာငယ်ဘလော့က..ခုမှ တနှစ်ပြည့်တာလား။ အတော်ကြီးပြီထင်နေတာ။ တော်တော်စကားတွေ တတ်နေလို့။ ကဗျာတွေရော..၀တ္တုတွေရော..သီချင်းတွေရော..ပန်းချီတွေရော ဆိုတော့.. ကလေးက..မျိုးရိုးကိုက..အနုပညာပါပြီးသားမို့နေမယ်။း)
ကဲကဲ- Happy Birthday http://aungthenge.blogspot.com
သားကလေးက စကားလဲ တတ်၊ ချစ်စရာလဲ ကောင်း၊ အရောင်အသွေးလဲ စုံဆိုတော့ သားကိုပါမက သားကတဆင့်သိရတဲ့ သားသူငယ်ချင်းတွေကိုပါ ခင်နေပြီ။ ကိုအောင်သာငယ် ပြုစုရကျိုးနပ်ပါတယ်။ Happy Birthdayဘလော့လေးရေ..
ထိုင်းဘုရင်နဲ့ တစ်ရက်တည်းမွေးတယ်ပေါ့....:P:P:P
"ကိုယ်တိုင်ပဲ... မမွေးတတ် မွေးတတ်နဲ့" ..ဆိုတာ ခုတော့နားလည်သွားပြီ.....ဂလိုကိုး..
Happy Birthday ပါ.....
တစ်နှစ်သားကလေးမှသည် နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေဆိုရင်း လမ်းဆက်လျှောက်နိုင်ပါစေ။
ကိုအောင်ရေ...
အဲဒီတစ်နှစ်သားလေးကိုဘဲ...
ကျနော်က သ့ယောဇဉ်ဖြစ်နေတာပါဘဲဗျာ...
အကိုသားလေးက..
မမြင်မတွေ့ ဘူးတဲ့ အကို့ ကို ကြည့်နေရသလိုပါဘဲ...
ကိုယ်ပွားလေးပေါ့...။
ဟီးး ကျမတို့ တုံးပုံများ တကယ့်သားလေးပဲ ထင်နေတာ။ နေပါဦး စကားမစပ်.. ဘာလို့ သားလေးဖြစ်ရတာလဲ..။ သမီးလေးလည်း ကဗျာရေးတတ်.. သီချင်းဆိုတတ်.. ကတတ်.. ပန်းချီးရေးတတ်ပါသဗျာ..။
ဘာပဲဖြစ်ဖြစ်.. Happy Birthday !!!!!!!!
ကိုကြီးအောင်ရဲ့ တစ်နှစ်သားလေးအတွက် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ နောင်နှစ်ပေါင်းများစွာတိုင်အောင် ရင်ထဲက သံစဉ်တွေကို ကဗျာအဖြစ်ပြောင်း၊ ပုံရိပ်တွေကို ဓါတ်ပုံအဖြစ်ပြ၊ စကားလုံးတွေကို ၀တ္တုတွေ အဖြစ်ရေးချလို့  ဒီထက်မက စိမ်းလန်းပါစေဗျာ။ Happy Birthday ပါ http://aungthange.blogspot.com ရေ။
ကလူသစ်၊ ညီ ကိုအောင်၊ တူ မောင်မျိုး၊ ThuHninSee ၊ ညီအိုင်လွယ်ပန်၊ မခင်ဦးမေ၊ ညီ ဆောင်းယွန်းလ၊ မကေ၊ ညီမ ချိုသင်း၊ sin dan lar ၊ မပန်၊ ကိုသစ်၊ မမေငြိမ်း၊ ဇင်ယော်ကြီး - အားလုံးပဲ မွေးနေ့ဆုမွန်ကောင်း အတွက် ကျေးဇူးပါ။ ချမ်းမြေ့ကြပါစေ။
တစ်နှစ် ထဲနဲ့ အတောင် အလက်စုံအောင်
ကျွေးမွေးပြုစု စောင့်ရှောက် နိုင်ခဲ့တဲ့
ဖခင် တစ်ယောက် ရဲ့ စွမ်းရည်က သိပ်တော့ မသေးလှဘူးနော်...
(တော်ရုံ သာမန်လူတွေ မစွမ်းဆောင်နိုင်တဲ့
အနေအထားမျိုး..)
သားချောသားလှ အတွက် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်
အနာဂတ်မှာ..လဲ
အောင်မြင်ကျော်ကြားပြီး
လူသားအကျိုးပြုနိုင်တဲ့..သားကောင်းရတနာ
ဖြစ်စေဘို့ ဆုမွန်တောင်းပါတယ်....။
Post a Comment