၂၀၁၂ ဟာ ကမ္ဘာကြီးရဲ့ အဆုံးသပ်တဲ့လား...။ ဟောကြားချက်များ မှန်ကြပါစေ...။ ကိုယ်ကတော့ ပူလောင်လွန်းလှတဲ့ ကိုယ့် ဘ၀ကြီး အမြန်အဆုံး သပ်ဖို့ကိုပဲ စဉ်းစားနေမိတော့ ကမ္ဘာကြီး အဆုံး သပ်မှာကိုလည်း သိပ် မပူမိတော့...။ တကယ်တော့ ဘ၀ဆိုတာကိုက ဂေါတမ ဘုရား ဟောခဲ့သလို ဒုက္ခ သစ္စာ တခုပဲ ဆိုတော့ ... ခုဘ၀မှာ သံသရာ အဆက် ပြတ်သွားရင်လည်း အေးတာပါပဲလေ...။ ဘာပဲ ဖြစ်ဖြစ် မသေခင် ကလေးတော့ ပူဆွေး သောကတွေ ကြုံနေကြရသေးတာပေါ့လေ...။ ခုတလော ကိုယ့်မှာလည်း ဟိုအရေး သည်အရေး မိသားစု အရေးတွေနဲ့ ပူဆွေး သောကတွေ များလွန်းလှပါတယ်... ။ ကဗျာ မောင်နှမတွေ ဖြစ်တဲ့ ချစ်တဲ့ ညီမလေး အိန္ဒြာက - “24 Oct 09, 06:00 AM အိန္ဒြာ: အကိုစိတ်ပြေလက်ပျောက် tag post လေးရေးကြည့်ပါလား” ဆိုလာတာနဲ့ သောကတွေ အသာ ဖုတ်ဖက်ခါရင်း ရေးကြည့်လိုက်ပါတယ်...
တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့... ကိုယ်ကတော့ ခုလိုမျိုး တည်တည်တံ့တံ့ ကြီး စဉ်းစားမိပါတယ်...။
၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ဘယ်သူတွေနဲ့မှ ရှိမနေချင်ဘူး...။ ကိုယ်ချစ်ရတဲ့သူ တယောက်နဲ့ပဲ အတူ ရှိနေချင်တယ်...။
သည်ကမ္ဘာပေါ်မှာ ကိုယ့်ကို တကယ်ချစ်ပြီး ကိုယ်ကလည်း တကယ် ချစ်ခဲ့ရသူ တယောက်ရှိတယ်...။ သူ ဘယ်သူလဲ ဆိုတာ- ဘယ်သူမှလည်း သိစရာ မလိုပါဘူး...။ ကိုယ်ကလည်း သူ ဘယ်သူလဲ-ဆိုတာ... ဘယ်သူ့ကိုမှလည်း ပြောပြနေမှာ မဟုတ်ဘူး...။ သူရယ် ကိုယ်ရယ် စိတ်တို့ ဆက်သွယ်မိသည်... - ဆိုတဲ့ သီချင်း တပုဒ်ထဲက စာသားတွေလိုပဲ... ။ ကိုယ်တို့ အချင်းချင်း နှလုံးသားချင်း ရင်းနှီး ချစ်ခင်နေခဲ့ဖူးပြီ... ။ လူချင်း မတွေ့နိုင်ကြသေးတာ တခုပါပဲလေ...။ ဟောသည် ကမ္ဘာကြီး မပျက်သေးခင် အချိန် အခိုက်အတန့် ကလေးမှာတော့ သူနဲ့ လူချင်း မဆုံ ဆုံအောင် ကိုယ် ကြိုးစားမယ်...။ မျက်နှာချင်းဆိုင် ကိုယ်တို့ တွေ့ကြတဲ့ အခါ... သူ့ မျက်လုံးတွေထဲ ကိုယ် အတင်း စူးစိုက်ကြည့်မယ်...။ ကိုယ့်ကို ချစ်တဲ့ သူ့ အချစ်တွေကို သူ့ မျက်လုံးတွေထဲမှာ ကိုယ် မြင်ရမလား... အဲဒါလေး သိချင်တယ်...။ တကယ်တော့လည်း... တို့တွေ ရူးသွပ်နေကြ တာပါလေ... လို့... ၂ ယောက်အတူ ပြောဖြစ်နိုင်မယ် ထင်တယ်...။ ပြီးရင် သူ့ ကိုယ်ခန္ဓာလေးကို ကိုယ့်ရင်ထဲ ထွေးပွေ့ ထားမယ်...။ “မသေခင်လေး ခဏလောက် တို့ အတူတူ အေးခဲနေကြရအောင် ညီမလေးရယ်...”-လို့ သူ့ကို ကိုယ် ပြောမယ်...။ “အကို ဟာလေ... ကဗျာဆရာလို့ မပြောရဘူး... သိပ် စိတ်ကူးယဉ် တတ်တာပဲ...” - လို့ သူက ပြန်ပြော လာရင်လည်း ကိုယ် ပျော်ပျော် ပါးပါးကြီး ရယ်မော ပစ်လိုက် နိုင်ဦးမယ်လေ...။ ပြီးတော့ သူ့ပါးကို ကိုယ် နမ်းမယ်...။ သူ့ဆံစ ဖြူဖြူလေးတွေကို ကိုယ်နမ်းမယ်...။ သူ့ နှုတ်ခမ်း ပါးပါးလေးတွေ ကိုလည်း ကိုယ် နမ်းရဦးမှာပေါ့... မသေခင်လေး နမ်းရမှာကိုး...။ သူ့လည်တိုင်ကို ကိုယ် နမ်းမယ်...။ သူ့ ပခုံးလေးတွေကိုလည်း ကိုယ် နမ်းမယ်..။ အို... တကယ်တော့ သူ့တကိုယ်လုံးကို ကိုယ် နမ်းချင်နေတာပါ...။
၂။ဘာတွေခံစားနေရမလဲ..
ဘာတွေကိုမှ အထူးအထွေ ခံစားနေရမယ် မထင်ဘူး...။
ဘာလို့လဲ-ဆိုတော့ အခုအချိန်မှာ ကိုယ်ကိုယ်တိုင်က သေချင်စိတ် ပေါက်နေတဲ့သူ-ဆိုတော့ ဘာမှ ခံစားနေရမယ် မထင်ဘူး...။ ပြဇာတ်တွေမှာလို - စောစောသေတော့ စောစော အိပ်ရတာပေါ့-ဆိုတဲ့ စကားလို ကိုယ်ကလည်း ကိုယ့် ဒုက္ခတွေကနေ ထွက်ပြေးချင်နေတာ ကြာပြီလေ။ ထွက်ပြေးလို့ မရနိုင်တော့ အကောင်းဆုံး ထွက်ပြေးမှုက သေခြင်းတရားပဲ မဟုတ်လား...။ သေမင်းရေ- ကိုယ့်ဆီ မြန်မြန် လာပါတော့-လို့ တောင် တခါတခါ စိတ်ထဲက အော်မြည် တမ်းတနေမိတာ... ။ ခက်နေတာက ကိုယ့်မှာ ယူစရာ တာဝန်တွေက ရှိနေသေးလို့သာ မသေဖြစ်သေးတာ... ။
၃။ ဘာတွေပြင်ဆင်ထားမလဲ
ကိုယ်ကတော့ ဘာသာမဲ့ တယောက်ဆိုတော့
ဘာတွေကို ပြင်ဆင်ထားရမလဲ... မသိပါဘူးလေ...။
ပြင်ဆင်ချင်စိတ်လဲ မရှိပါဘူး... ။ အချိန်တန်ရင်တော့ တနေရာရာကို ကိုယ် ရောက်သွားမှာပါ...။ ဒါမှမဟုတ် ဘယ်နေရာကိုမှ မရောက်ပဲ လေထဲမှာ တွဲလောင်း ကြီးလည်း ဖြစ်နိုင်နေသေးတယ်... (ရွဲ့ပြောတာ မဟုတ်ပါဘူး... တကယ်ကို စိတ်ထဲမှာ အဲလို ထင်နေမိလို့ပါ... ဥပမာ - မကျွတ်မလွတ်နိုင်တဲ့ သရဲတွေလို ပေါ့လေ... ကိုယ်ကတော့ ဘယ်တုန်းကမှ သရဲ တကောင် မဖြစ်ချင်ပါဘူး... ဖြစ်ချင်း ဖြစ်ရင် အတောင်ပံ တစုံနဲ့ ၀တ်စုံဖြူ ခြုံထားတဲ့ နတ်သား တပါးပါးပဲ ဖြစ်ချင်တယ်... လူကောင်းတွေကို ကူညီ စောင့်ရှောက်ပေးနိုင်တဲ့ နတ်သား ပေါ့လေ... တချိန်ထဲမှာပဲ လူဆိုးတွေကို နှိမ်နင်းနိုင်တဲ့ နတ်သား တပါးလည်း ဖြစ်ချင်နေသေးတယ်...) ကိုယ် သေဆုံးသွားပြီးတဲ့ အခါ နိဗ္ဗာန်ကို ရောက်မလား... (ကိုယ့်လောက် အကုသိုလ် များတဲ့သူ တယောက် အတွက်တော့ ရောက်ဖို့ လမ်း မမြင်ပါဘူး... )။ ကောင်းကင်ဘုံကို ရောက်မလား...။ အပါယ်ငရဲကို ရောက်မလား...။ အို... ရောက်ချင်ရာသာ ရောက်ပါစေတော့...။ ခုဘ၀က လွတ်ရင်ပဲ တော်ပါပြီ...။ သည်အချိန်မှာ ကိုယ် ဘာမှကို ပြင်ဆင်နေမှာ မဟုတ်တာ သေချာပါတယ်...။
၎။ ၀မ်းနည်းမိမှာက
မသေခင်မှာ အမေ့မျက်နှာကို မမြင်လိုက်ရတာ...။
ပြီးတော့ ကိုယ် မရည်ရွယ်ပါပဲနဲ့ ကိုယ့်ကြောင့် ဒုက္ခ သုက္ခ တစုံတရာ ရသွားသူတွေ အတွက်ပါ...။ ဒါ့အပြင် ကိုယ့်ကို ချစ်ခင် နှစ်သက်မိလို့ ကိုယ်နဲ့အတူ ပါလာတဲ့ ဒုက္ခ သုက္ခတွေ သူတို့ကိုယ်မှာ မြက်သီးတွေ ကပ်ပါသွား သလို ကပ်ငြိသွားရသူတွေ အတွက်ပါ... ။
၅။ကြောက်လန့်မိတာက..
ခုချိန်မှာတော့ ဘာတခုကိုမှ ကိုယ် မကြောက်လန့်တော့ဘူး...။
လူတွေ ကြောက်လှပါတယ်ဆိုတဲ့ သေခြင်းတရားကိုတောင် - တချိန် တခါက ကိုယ် ကြောက်လန့်ခဲ့ဖူး သေးတယ်...။ ခုတော့လည်း သေခြင်းတရားကိုတောင် ကိုယ်ကိုယ်တိုင်က တောင်းဆိုနေမိမှတော့ ဘာကိုမှ မကြောက်လန့်တော့ဘူး ထင်တာပဲလေ...။ သို့သော်လည်း တယောက်ထဲ သေရမှာကိုတော့ လန့်မိသလိုပဲ... ။ ဖြစ်နိုင်ရင် ကိုယ့်ချစ်သူနဲ့ လက်ချင်းတွဲပြီး သေပွဲဝင်ချင်တယ်... ။ အင်း... သေချာ စဉ်းစားမိတော့လည်း ကိုယ့်ချစ်သူ သေမှာကိုတော့ ကြောက်မိသလိုလိုပဲ... ။
၆။ဆောင်ထားချင်တာ..
နှစ်ချို့ ၀ိုင်ဖြူ တလုံးပါ...။
စိတ်ကူးယဉ်တယ်ပဲ ပြောပြော... မသေခင်လေးမှာ ချောက်ကမ်းပါးနံဘေး တခုအနားမှာ မီးပုံတခုကို ဖိုမယ်...။ ပြီး ၀ိုင်အဖြူ တလုံးကို ဖွင့်ပြီး ကိုယ့်ချစ်သူနဲ့ ဖန်ခွက် တခုထဲ အတူတူ သောက်မယ်...။ ဂစ်တာ တလုံးနဲ့ သီချင်းတွေ အတူ ဆိုကြမယ်...။ ၀ိုင်တလုံးထဲ ဆိုတော့ သူရော ကိုယ်ရော မူးကြမှာ မဟုတ်ဘူး...။ ရီဝေေ၀လေးနဲ့ပဲ တယောက် စကားကို တယောက် နားနဲ့ နားမထောင်ပဲ ရင်ဘတ်နဲ့ နားထောင်ကြမယ်...။ သူ့ ပေါင်ပေါ်မှာ ကိုယ် ခဏလောက် လှဲ အိပ်ရင်းနဲ့ သူ့မျက်နှာလေးကို မော့ကြည့်မယ်...။ သူက ကိုယ့်ကို အပေါ်စီးက ငုံ့ကြည့်ရင်း ကိုယ့်ပါးကို နမ်းရင်လည်း နမ်းမှာပေါ့လေ...။ အဲသည် အချိန်အခိုက် အတန့်အတွက် ကိုယ်ဆောင်ထားချင်တာက ၀ိုင်ဖြူ တလုံးပါပဲ...။
၇။ဘာတွေရေးမိမလဲ..
ကဗျာတွေပဲ ရေးမိမှာပါ... ။
ကိုယ်က ကဗျာရေးဖို့ မွေးလာတဲ့ကောင် ဆိုတော့ ကဗျာတွေပဲ ရေးမှာပေါ့... ။ ဘယ်လို ကဗျာတွေလဲ-ဆိုရင်... ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့နဲ့ ထိုက်တန်တဲ့ ကဗျာတွေပဲ ဖြစ်မပေါ့... ။
ဂ။တွေးမိတွေးရာ အတွေး
အို... တွေးမိနေမှာကတော့ အများကြီးပါပဲ... ။
နောက်ဘ၀ဆိုတာ ရှိခဲ့ရင် - “ငါ လူပြန်ဖြစ်မှာလား...”
“လူ ပြန်ဖြစ်ရင်ရော သည်ဘ၀လို ဒုက္ခတွေ ထပ်ခံရဦးမလား...”
“နောက်ဘ၀မှာရော ငါ တကယ်ချစ်တဲ့သူနဲ့ ဖူးစာ ဆုံရမလား...”
စသည်ဖြင့်ပေါလေ... ရေးပြရရင် ဆုံးတော့မယ် မထင်ဘူး...။
၉။ဂုဏ်ယူချင်တာက
အောင်သာငယ်ဆိုတာ “ကဗျာဆရာ”တယောက်ဖြစ်တယ်။
ဒါ့အပြင် “ဘလော်ဂါ” တယောက် ဖြစ်တယ်။ “ဒုက္ခသည်” တယောက် ဖြစ်တယ်။ “ချစ်သူကို ရိုးသားစွာ ချစ်တတ်သူ” တယောက် ဖြစ်တယ်။ ညီအကို မောင်နှမတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကြုံလျင် ကြုံသလို “ဒုက္ခပေးတတ်သူ”တယောက် ဖြစ်တယ်။
ဇနီးမယား တယောက်အတွက် လင်သားကောင်း မဖြစ်ခဲ့။ သား ၃ ယောက်အတွက် ဖခင်ကောင်း တယောက် မဖြစ်ခဲ့။ မိဘများအတွက် သားကောင်း တယောက် မဖြစ်ခဲ့။ အမိမြန်မာပြည်အတွက် နိုင်ငံသားကောင်း တယောက် မဖြစ်ခဲ့။ ကမ္ဘာမြေကြီးအတွက် လူသားကောင်း တယောက် မဖြစ်ခဲ့။
၁၀။ရှာကြံဖြေသိမ့်မိတာက
ကဗျာတွေ ရိုးရိုးသားသား ရေးခဲ့မိတယ်။
ဘ၀မှာ အရိုးသားဆုံး နေထိုင်ခဲ့တယ်။ လူတွေအပေါ် ရိုးသားခဲ့တယ်။ ကိုယ့်ကိုယ်ကိုသာ လိမ်လည် လှည့်ဖျားနေမိခဲ့တယ်။
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
“ဟောသည် ကဗျာဆရာဟာလေ...
သူ့ကိုယ်ကို လိမ်လည် လှည့်ဖျားပြီး
အားလုံး အပေါ် ရိုးသားခဲ့တာပေါ့...
သူ့နေ့တွေဟာလည်း
သူ့ရိုးသားမှုလိုပါပဲ
ရိုးသားစွာ ရောက်လာလိမ့်မယ်လို့
သူ့ကိုယ်ကို သူ ရိုးရိုးသားသား
လှည့်ဖျားနေတုန်းပဲကွယ့်... ... ... ”
(အောင်သာငယ်)
ဆက်ပြီး တာဝန်အရ Tag ချင်တာကတော့
အကိုကြီး ရွှေရတု
ညီငယ် မောင်ဖုန်းမြင့်
သမီးကြီး ဖြူစင်ကြယ်
တူမကြီး မဆုမွန်
တူမကြီး နန်းညီ
ညီငယ် ငြိမ်းချမ်းအောင်
ညီငယ် ကောင်းကင်ကို
ညီငယ် ကိုအောင် (ရေးပြီး)
ညီငယ် ရန်ကုန်သား
ညီငယ် ရေတမာ (ရေးပြီး)
ညီငယ် စမ်းချောင်းကလေး
ညီငယ် ကိုဧရာ
ညီငယ် တောင်ပေါ်သား
ညီငယ် သီဟသစ်
ညီငယ် မောင်မိုး (ရေးပြီး)
ညီငယ် ကိုပီတိ
ညီမငယ် မအယ်(ဂျူနို) (ရေးပြီး)
ညီမငယ် မမေ(စိတ်ဖြေရာ)လ (ရေးပြီး)
ညီမငယ် မယ်ကိ
ညီမငယ် မငယ်နိုင်
ညီမငယ် မကြေးမုံ
ညီမငယ် နှင်းနဲ့မာယာ (ရေးပြီး)
ညီမငယ် မသီတာ (ရေးပြီး)
ညီမငယ် သက်ဝေ (ရေးပြီး)
ညီမငယ် မမွန် (သုနှင်းဆီ)
ညီမငယ် နေနေနိုင်
ညီမငယ် မတူး (တူးတူးသာ) (ရေးပြီး)
ညီမငယ် နှင်းဟေမာ
ညီမငယ် မသိင်္ဂီ (ရေးပြီး)
ညီမငယ် ခရေညို (ရေးပြီး)
အိန္ဒြာလိုပဲ အားနာပါးနာနဲ့ အယောက် (၃၀) ကို Tag လိုက်ပါတယ်... အားလျင် ရေးပေးကြပါဦး...

31 comments:
တရေးနိုးထပြီး ဘလော့ထိုင်ဖတ်တာ ကမ္ဘာပျက်မှာနဲ့
တိုးနေမိပါရော့လား....း)
mie nge
ကျမရင်ထဲရှိတာ ပြောရရင်တော့ အဖက်ဖက်က ခြွတ်ခြုံ
ကျနေတဲ့ ပျက်ဆီးယိုယွင်းနေတဲ့ ကျမတို့ရဲ့  ဗမာပြည်ကြီး ကောင်းလာမယ့် အရိပ်အယောင်တောင်
လမ်းစ မမြင်နေမှတော့ ကမ္ဘာပျက်တော့မယ် ( ဟုတ်သော်ရှိ မဟုတ်သော်ရှိ ) ဆိုတာ ကြားမိမိချင်း
ဝမ်းမနည်းမိဘဲ ပျော်တောင်ပျော်မိသွားတယ်...
ဟုတ်တယ် ...ကိုအောင်သာငယ်...မကောင်းနေတော့မယ့်အတူတူတော့ ပျက်သွားတာ ပိုကောင်းမယ်ထင်တယ်နော့... ပျော်ပျော်ပါးပါးပေါ့း)
အကို မောင်ဖုန်းမြင့်က တက်စာ မကြိုက်လို့ မစားဘူးလို့
သတင်း ရထားတယ်နော့.... ဒါပေမယ့် သူ့အကိုကြီးဆိုတော့လည်း ရေးပေးဦးမယ်ထင်တယ်...း)
mie nge
အစ်ကို အောင်သာငယ်ကလည်း သေအံ့ဆဲဆဲ ကာလအတွက် ရေးတာတောင်မှ စိတ်ကူး ယဉ်နိုင်သေးတာ ချီးကျူးပါတယ်။ ကျွန်မကတော့ စိတ်ကူးယဉ်တတ်ပေမယ့် မဖြစ်နိုင်တာကို စိတ်ကူးထဲမှာပဲ ထားပါတယ် လက်တွေ့ ဘ၀ထဲကို ဘယ်တော့မှ မခေါ်လာတတ်ဘူး။ တကယ် တခုခုကို လုပ်ဖြစ်ရင် လက်တွေ့ကျတာကိုပဲ လုပ်တတ်ပါတယ်။ အခုတော့ Tag ထားတယ်ဆိုတော့ လက်တွေ့ကျတာ ဘာမှ စဉ်းစားလို့ မရသေးဘူး ဆိုတော့ နောက်စဉ်းစားပြီးမှ ရေးပေးမယ်နော့်။
အကိုရေ
ညီမက တခါတလေ စိတ်ကူးယဉ်တတ်ပေမယ့်
တခါတခါမှာတော့ လက်တွေ့ကျကျ တွေးခေါ်ချင်တယ်..
၂၀၁၂ မှာကမ္ဘာကြီး မပျက်ဘူးဆိုတာကို ယုံကြည်နေတယ်....
နောက်ဆုံးနေ့ကိုရောက်ခဲ့ရင်တောင်
အကို့ရဲ့ ဆန္ဒတွေအတိုင်း ကဗျာဆန်ဆန်လေး နေထိုင်ခွင့်ရပါစေနော်...
(ကမ္ဘာမပျက်ခင်လေးမှာ အကို့သောကတွေကင်းဝေးသွားမယ် လိုချင်တဲ့ ဆန္ဒတွေ ပြည့်မယ်ဆိုရင် ကဗျာဆရာကြီး ကိုအောင်သာငယ်တစ်ယောက် နောက်ဆုံးနေ့ကို
မျှော်နေအုံးမှာလား...)
ခင်မင်စွာဖြင့်
နှင်း
ဂယ်ပဲ ရက်စက်တယ်။ ကျမလည်း နှင်းဟေမာလိုပဲ ၂၀၁၂ မှာကမ္ဘာကြီး မပျက်ဘူးဆိုတာကို ယုံကြည်နေတယ်. ဒါပေမဲ့လည်းအချိန်ရရင် ရေးပေးမယ်နော်။
တာဝန်အရတက်တာကလည်းနော်.. ရေးဖို့ခက်လိုက်တာ.. အကိုတစ်ခါတက်ဂ်ထားတောင် မရေးရသေးသလိုပဲ.. အဟဲ မေ့လိုက်တော့နော်... :D
ကမ္ဘာကြီးပျက်တောင် အိပ်နေဦးမှာ ဆိုရင် မရဘူးလားဟင်.. :P
ကျနော် ရေးပါ့မယ် အကိုကြီး။ အချိန်နည်းနည်း
လောက်တော့ စောင့်ပါလို့။ အကိုကြီးရော အစစ
အရာရာ အဆင်ပြေပါစေလို့ အမြဲ ဆုတောင်းပါတယ်။
ခင်မင်လျက် ...
ကျွန်တော်လည်း ရေးရဦးမယ်...။
နောက် ၁၀ နှစ်ကျော်ကြာတဲ့ အခါ ငါတို့ဒါတွေ တွေးခဲ့ရေးခဲ့တယ် ဆိုပြီး ကလေးတွေကို ပေါ့ပေါ့ပါးပါး ပြောပြနေတာလည်း ဖြစ်နိုင်ပါတယ်။ တခါတခါတော့လည်း အတိတ်တွေက ပြန်တွေးလိုက်မှ ရယ်မောလိုက်စရာသက်သက် ဖြစ်နေတတ်တယ် မဟုတ်လား။
အစစအရာရာ အဆင်ပြေပါစေ ကိုအောင်သာငယ်။
အင်း ၂၀၁၂ ကမ္ဘာ ပျက် မပျက်တော့ မသေချာ ဘူး ။
၁၉၆၂ မှစလို့  ပျက်နေခဲ့ တာ၂၀၁၀ ကျရင် မြန်မာပြည်သားတွေ( လဒမျိုးနွယ်များမှ လွဲလို့ ) ရဲ့  ဘဝတွေ အားလုံး ပျက်သွားကြမှာတော့ သေချာနေပြီ ...
တက်လဲ တက်နိုင်လိုက်တာ ။
ဆင်းတာ လေး လဲ လုပ်ပါအုံး ဘကြီးအောင် ....
မေ့ လို့  ။။ နှစ်ချို့ ဝိုင်ဖြူလေးးး တလုံးတည်းနဲ့ လောက်ပါ့မလား လို့  ၊၊၊။ နောက်ဆုံးသောက်တာဆိုရင်လည်း အပီအပြင်သောက်သင့်တယ် လေ.. ဟီးဟီး...
ကမ္ဘာပျက်မပျက်တော့မသိဘူး...ခုတော့ရွာလည်သွားပြီ
ွှအကိုရေ..
ရိုမန်တစ်ဝတ္ထုလေးတစ်ပုဒ်လို
အကို့ကမ္ဘာပျက်ခါနီးလေးက လှ လိုက်တာ...
အခုလို သေသေချာချာ လှလှပပ ရေးပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်.အကို.။
ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို...စာရေးချင်ပြီး ဘာရေးရမှန်းမသိ ဖြစ်နေချိန် ရေးလိုက်ရလို့ ကျေးဇူးပါ ကိုအောင်သာငယ်ရေ့
ကဗျာဆရာကို အားကျအတုခိုးပြီး
ကမ္ဘာမြေရဲ့ ကဗျာကဏ္ဍအတွက်
ကြိုးစားရေးလိုက်ပါတယ်
အကိုက ကဗျာဆရာလို့မပြောရဘူး သိပ်ကဗျာဆန်တာပဲ... ငှဲ ငှဲ ငှဲး)
ဒီတခါ ကိုအောင်သာငယ် တဂ်ရင်တော့ ရေးတော့မကွလို့ စိတ်ခဲထားတာ...
အခုတော့ နှပ်လိုက်ဦးမယ်...
းဝ)
Ko Aung Tha,
In Revelation Chapter 16, verse 18 said....
Then , there came flashes of lightning, rumblings, peals of thunder and a severe earthquake.
No earthquake like it has ever occurred since man has been on the earth, so tremendous was the quake.
Also, in Revelation Chapter 16, verse 20 said...
Every island fled away and the mountains could not be found. From the sky, huge hailstones of about a hundred pounds each fell upon men.
Please search God... it's not too late yet.
He said..."If you seek me....I will be found."
ဖေကြီးရေ...
ကမ္ဘာမပျက်ခင် ဖေကြီးသောကတွေအားလုံး ပျက်စီးပြီး ဆန္ဒဆုတောင်းတွေ ပြည့်ပါစေ။
သမီးနေကောင်းတာနဲ့ ရေးမယ်နော်။
ဖေကြီး ပျော်ရွှင်ပါစေ။
သူ့ဆံစ ဖြူဖြူလေးတွေကို ကိုယ်နမ်းမယ်...။
ကောင်မလေးအသက်က ဘယ်လောက်လဲဟင်
သိပ္ပံနည်းမကျ ခရစ်ယာန် အယူအစလို့ blog တော်တော်များများမှာ တွေလို့နဲနဲဒီမှာ ရေးချင်တယ်။ ကမ္ဘာပျက်တာတွေ မပျက်တာတွေ အသာထားအုံး။ အရင်ဆုံး Rapture ဆိုတာဖြစ်မှာ။ အဲမှာ Believers တွေကမ္ဘာ ကနေ ရုက်တရက်ပျောက်ပြီး ကောင်းကင်ကို ချီဆောင်ခြင်း ခံရမယ်။ အဲဒီကနေပြီး un-believers တွေ ကျန်ခဲပြီး ကမ္ဘာမှာ 7-years စစ်တွေ ဆင်းရဲမှူ အနာရောဂါ ကပ်တွေ ခံစားရမယ်လို့ bible ကပြောထားပါဒယ်။ 7years ပီးရင် Jesus Second Becoming လာမယ်။ Rapture date ကဘယ်သူမှ predict လုပ်လို့မရပါဘူး။ ဒီနေ့လဲဖြစ်နိုင်ဒယ်။ မနက်ဖြန်လဲ ဖြစ်နိုင်ဒယ်။ နောက်နှစ်ငါးဆယ်လဲ ဖြစ်နိုင်ဒယ်။
"But of that day and hour no one knows, not even the angels of heaven, nor the Son, but the Father alone" - Matthew 24:36..
So Doomday in 2012 is nothing to do with christian theory..
ကမ္ဘာပျက်မယ်ဆိုရင်..ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကိုပြန်ပြေးမယ် ဦးလေးကြီးရေ...တက်ခ်ရေးပေးမယ်နော် ဟီး
တကယ်လို့ ကမ္ဘာပျက်ခဲ့ရင်တောင် ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့နဲ့ ထိုက်တန်တဲ့ ကဗျာတွေပဲ ဖြစ်မပေါ့... လို့ပြောတဲ့ အကို့ရဲ့ စိတ်ဓါတ်ကိုတော့ လေးစားသွားပြီ ကဗျာကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေ ကမ္ဘာမပျက်ခင်ထိ အားပေးသွားပါ့မယ်
ဟော...ဟော လုပ်ချလိုက်ပြန်ပြီ...။အခုပဲ ခရီးကပြန်ရောက်တယ်။ ကမ္ဘာပျက်ကိန်းနဲ့လာတိုးပြီ။ သမိုင်းပေးတာဝန်အရရေးရတော့မှာပေါ့လေ..။ အားတာနဲ့ရေးလိုက်ပါ့မယ်.။ အခုတော့ ပင်ပန်းလို့ နားလိုက်ဦးမယ် အစ်ကိုရေ..။
အချစ်ကြီးလှချေလား ငါ့အကိုရယ် ရေးပီးဘီနော့
အကိုရေ ဖတ်သွားတယ် ။ အကိုဘ၀မှာ လောကအခက်အခဲတွေ ရင်ဆိုင်ခဲ့ရတာတွေ မနဲသလို ဂုဏ်ယူစရာတွေလဲ အများကြီးပါပဲ။ ၀မ်းနည်းစရာမလိုဘူး တကယ်၍ ကမ္ဘာပျက်ရင်ဖြင့်ပေါ့း) ပျော်ရွှင်ပါစေ အကိုရေ။ ကျနော်လဲ ရေးပေးပ့ါမယ်
လေးစားလျက်
တောင်ပေါ်သား
အစ်ကိုရေ သတိတရ တက်တဲ့အတွက် ကျေးဇူး တင်ပါတယ် အကြွေးတွေ ထူနေလို့ နောက်ကျသွားရင်တော့ ခွင့်လွှတ်ပါဦးဗျာ
ခင်မင်လေးစားလျှက်
ရန်ကုန်သား
အကိုရေ...
ပန်ပန် တက်ဂ်လို့ ရေးထားလိုက်တယ်...
တင်လိုက်ပြီးမှ အကို တက်ဂ်ထားတာတွေ့တယ်။ အတူတူပဲပေါ့နော်...း))
အကိုက အမိုက်စား ရေးထားတာပဲ...
ကမ္ဘာကြီး မပျက်သေးခင် အချိန် အခိုက်အတန့် ကလေးမှာတော့ သူနဲ့ လူချင်း မဆုံ ဆုံအောင် ကိုယ် ကြိုးစားမယ်... ဆိုတာလေးကို အကြိုက်ဆုံးပါပဲ...
အကို စိတ်ချမ်းသာ ပျော်ရွှင်ပါစေ လို့ အမြဲ ဆုတောင်းပေးနေပါတယ်...။
အစ်ကိုရေ...ဘလော့ဂ်နဲ့ နှစ်ရက်လောက်ကွာသွားတာ ကမ္ဘာကြီးပျက်နေတာ မသိလိုက်ဘူး...အစ်ကို့ ပို့စ်လေးဖတ်ပြီး လွမ်းလွမ်းဆွတ်ဆွတ်ခံစားသွားရပါတယ်..အစ်ကိုက မကြောက်တော့လည်း ဖတ်ရတာ မကြောက်တော့ပြန်ဘူး..:)
ကမ္ဘာပျက် တဂ်ပိုစ့်ကတော့ ခုတလော တော်တော်ကို အားကောင်းနေပါလား ဒို့အစ်ကိုရေ..
ကျနော်လည်း ရေးခဲ့သမျှ တဂ်ပိုစ့် တွေထဲမှာ ဒီတဂ်ပိုစ့်ကို စိတ်အဝင်စားဆုံပဲ.. စိတ်ထဲရှိတာတွေလည်း ရေးလိုက်ရတယ်..
ဒီကမ္ဘာပျက်တဂ်ဂိမ်းက သာမန် အပျော်တဂ်နေကြတာတွေထက် ထူးခြားလေးနက်မှုတွေ ပါနေတယ်.. ဘာသာရေးသဘောတွေပါ ပါနေတယ်..
ဒီတဂ်ပိုစ့်ကို အမြင်အမျိုးမျိုးရှိနိုင်ပါတယ်..
တချို့ အပျော်ရေးနေကြတာလို့ မြင်ရင်မြင်မယ်..
တချို့လည်း လူတွေထိတ်လန့် ချောက်ချားအောင် ရေးနေကြတယ်လို့ ထင်ရင်ထင်မယ်..
တချို့တော့လည်း “ဒါဟာ သတိတရား တစ်ခု ရသင့်တာပါလား” လို့ တရားသဘောလေးနဲ့ ကြည့်ပြီး လေးလေးနက်နက် မြင်ရင် မြင်မယ်..
ဘာပဲ ဖြစ်ဖြစ် မိုးပြိုမှာ ကြောက်တာမျိုးတော့ မဟုတ်ဘူးပေါ့လေ..း)
မိုးမပြိုဘူးပဲထား.. ကမ္ဘာကြီး မပျက်ဘူးပဲထား.. လူဆိုတဲ့ အမျိုးက ပျက် (သေ) ရမှာပဲလေ.. ကမ္ဘာမပျက်လည်း ကိုယ်ပျက်ရမှာ သေချာပေါက်ပဲ..
သေကြရဖို့ အချိန်က သိပ်မလိုတော့ပါဘူး.. မနက်ဖြန်ဆိုလည်း ဖြစ်နိုင်တာပဲ.. အဲ့ဒီ မသေခင်စပ်ကြားမှာ ဘယ်လို ကောင်းအောင်နေသင့်သလဲ ဆိုတာ တွေးတော ဆင်ခြင်ဖို့က အရေးကြီးတာပဲလေ.. မဟုတ်ဘူးလား..
ကမ္ဘာပျက်၊ မပျက်.. ဆိုတာ မေ့ထားလိုက်မယ်.. ဒါပေမဲ့ ကမ္ဘာကြီး ကျန်းမာရေး မကောင်းတာတော့ သေချာတယ်.. သူ့ကို သိပ် မလေးတော့အောင် ကျနော်တို့ရဲ ရင်ထဲက လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ နည်းနည်းစီ လျော့ကြဦးစို့..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ကိုရင်နော်
ကိုအောင်သာငယ်ရေ… မသီတာ ကမ္ဘာပျက်ရာမှာ ကျွန်တော်လည်း ၀င်ပါရလို့ ကျွန်တော့်နာမည်ဘေးမှာလည်း (ရေးပြီး) လို့သာ တို့ပေးစေချင်ပါတယ် ခင်ဗျာ။
ဧရာ
အကိုကြီးရေ
ခုမှ ဘလော့ထဲ ပြန်ဝင်ဖြစ်လို့ အကိုကြီးတဂ်ထားတာကို တွေ့တာ။
အကိုကြီးလို ကဗျာဆန်ဆန်တော့ ရေးတတ်မယ်မထင်ဘူးဗျ
ရေးတတ်သလို ကြိုးစားရေးပါမယ်ခင်ဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
အကိုကြီးရဲ့ ဝိုင်ဖြူပုလင်းကို ခိုးသောက်သွားတယ် စိတ်မရှိပါနဲ့ ကျွန်တော်ကလဲ ဝိုင်ဆို အနီကို လုံးဝ မကြိုက်တာ အဖြူပဲ ကြိုက်တာနဲ့ တိုးသွားတာကိုး ဝိုင်ဖြူနဲ့ နီကီဆူရှိလေးနဲ့ ပေါ့ ဟာ ဟ..
Post a Comment