Oct 10, 2009

အလွမ်းအ၀ါ အဆွေးအပြာ

ကျနော့်ရဲ့ အချစ်ဆုံး အကိုကြီး တယောက်ဖြစ်တဲ့ အကို ခင်အောင်အေး (အဝေးရောက် ပင်လယ်) က အသည်းကွဲနေတဲ့ ကျနော့် အတွက် ရည်ရွယ်ပြီး ကဗျာ တပုဒ် ရေးပို့ပေး ပါတယ်။ ကျနော့် ရင်ဘက်ကို တည့်တည့် ချိန်ပြီး ထိုးထည့်လိုက်တာပါ။ ဒါပေမယ့် လက်သီးတလုံး မဟုတ်ခဲ့တော့ ဟတ်ထိသွားတဲ့အခါ ပိုနာတယ်...း) ကျနော့်ကိုယ်စား ပြောပေးတဲ့အတွက် ကျေးဇူးပါ အကိုကြီး...

အလွမ်းအ၀ါ အဆွေးအပြာ

ဘယ်သူယုံနိုင်မလဲ
အလွမ်းဟာ အ၀ါရောင်၊ ပိတောက်ပန်းဝါသလိုဝါတယ်
ဆယ့်နှစ်ရာသီလို ၀ါတဲ့အခါလဲ ၀ါတယ်
နှင်းဆီလို ၀ါတဲ့ အခါများမှာ ပြုံးတ၀င့်ဝင့်
ကြာဖြူ ကြာနီတွေကြားမှာ ကြာအ၀ါဟာ အငြင်းပွားစရာ
မီးပွိုင့် မီးအ၀ါလို ၀ါတော့လဲ ကိုယ်ဟာ လစ်ရင်လစ်သလိုဖြတ်မောင်းသွားမှာပဲ
ဒါပေမယ့် အလွမ်းတွေ ရင်နဲ့အပြည့်။ ။


အဆွေးကတော့ အပြာရောင်
သွေးပြန်ကြော ပြာသလိုပြာတယ် အဆွေးဆိုတာ အပြာရောင်လို့
တယောက်ယောက်ပြောခဲ့ ဘူးသလား
အေး..ဘယ်သူမှ မပြောဘူးရင် ငါပြောတယ် အဆွေးဆိုတာ အပြာရောင်
ကောင်းကင်လို မပြီးနိုင် မစီးနိုင် ပင်လယ်လို ငွေ့ရည်ဖွဲ့လို့မဆုံး
ညိုမှောင်တဲ့ တောင်၊ သစ်တောစိမ်းစိမ်းနဲ့စိမ်းမှောင်တဲ့တောင်ပေမယ့်
တောင်ပြာတန်းက ငိုမယ်…လို့ ဖွဲ့စပ်ရတဲ့ တောင်လို အပြာ
ပြာလို လောင်မြိုက်ပြီးကျန်ရစ်တဲ့ ဘေးထွက်ပစ္စည်း တွေရယ်..
အဆွေးတွေ ရင်နဲ့အပြည့်။ ။


ခင်အောင်အေး
၉၊ အောက်တိုဘာ၊ ၂၀၀၉

4 comments:

မဆုမွန် said...

ကဗျာလေးကိုဖတ်ပြီး မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့လာတယ် ဟုတ်တယ် အလွမ်းဆိုတာ အပြာရောင်..

ရွှေရတုမှတ်တမ်း said...

ကောင်းချက်ကတော့ဗျာ.....

kiki said...

Oh My God ...
အီဖေစကိုယ်ကြိုက်တဲ့  အရောင်ကျမှ ဘယ့်နှယ် ..အလွမ်း နဲ့  အဆွေး နဲ့  လာဖစ်နေရ တာဒုံးးးးး

ဒါဆိုရင် အချစ် နဲ့  အမုန်း နဲ့  အရှုံး တို့ ရဲ့  အရောင်တွေလည်း ပြော ပြ အုံး ။။
အနီရောင်က အချစ် ။ အစိမ်းရောင်က အမုန်း ။ခရမ်းရောင်က အရှုံး လို့ တော့ မလုပ်နဲ့  ....

ဒီလူဂျီးလဲ ကာလာဘလိုင်း ရှိလား မသိ .. ဟိဟိ ...

sait phay yar said...

အကိုတော် အသီးတော်ကွဲနေတာလား...
ဗြစ်ရလေ ဗျာ စိတ်မကောင်းပါဘူး
ဘယ်လိုဖြစ်ကြတာလည်း။