Apr 15, 2009

ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစု






















သင်္ကြန်အတွက် ကဗျာဆရာဆရာမတွေစုပေါင်းပြီး အမှတ်တရ ရေးသားထားကြတဲ့ - ပြိုင်တူလင်းတဲ့ကောင်းကင် - သင်္ကြန်အမှတ်တရ ကဗျာစု ကို PDF format နဲ့ ထုတ်ဝေလိုက်ပါပြီ။ Download ကို အောက်ကလင့်တွေမှာ သွားလုပ်နိုင်ပါတယ်။

MediaFire

eSnips

Download လုပ်လို့မရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိခဲ့ရင်လည်း အကြောင်းကြားစေချင်ပါတယ်။

ဗမာ့ နှစ်သစ်ကူးမှာ မိတ်ဆွေ သူငယ်ချင်းတွေ စာဖတ်သူတွေအားလုံး အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

thingyan2

Apr 14, 2009

ကိုယ်တိုင်ဗျူး

သင်္ကြန်ရက်ထဲ အလုပ်များနေသော အောင်သာငယ်ကို
အလုပ်မရှိသော အားလျားနေသည့် အောင်သာငယ် ဗျူးသည်။

ဘာကြောင့် ဘလော့ရေးလဲ ပြောပြပါ။

ကိုယ့်အတွေ့အကြုံတွေကို မျှဝေချင်တာပါ။
ကိုယ်ခံစားရတာတွေကို မျှဝေချင်ပါတယ်။
ဒါကြောင့်ရေးပါတယ်။

တချို့တွေက အတွေ့အကြုံတွေဆိုတာ
ချေးခြောက်ရေနှူးတာပါပဲလို့ ပြောပါတယ်။
အဲတာကို ဘယ်လို သဘောထားပါသလဲ။

တခုပါပဲ အတွေ့အကြုံတွေဆိုတာ အလကားရခဲ့တာမှ မဟုတ်တာ။
ကလေးတွေကို မိဘတွေက ကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီး မမှားသင့်တာ မမှားရအောင်
မေတ္တာရှေ့ထားပြီး ပြောတာကို ချေးခြောက် ရေနှူးတယ်လို့ အမည်တပ်ရင်
မိဘတယောက်အနေနဲ့ စိတ်မကောင်းရုံကလွဲရင်
ဘာမှ ပြောနေစရာ အကြောင်း မရှိပါ။
အဲသည် ကလေးတွေကိုပဲ သနားပါတယ်။
ကိုယ် မတွေ့ မကြုံပဲ ပြောနေတာမှ မဟုတ်တာ။
စေတနာစကားကို လက်မခံလဲ ရှိပါစေပေါ့။

အဲသည်လိုဆို ကိုယ့်အတွေ့အကြုံတွေကို ဘလော့ရေးရင်းနဲ့ ပြောရင်
လူတကာက လက်ခံမယ်လို့ ထင်ပါသလား။

ကြံကြီးစည်ရာဗျာ။
အဲသည်လိုသာဆို နအဖကို ဒီ/ချုပ်ကို အာဏာ လွှဲပေးဖို့ ကျနော်ပြောမှာပေါ့...း)

ဒါဆို ဘလော့ရေးရင်းနဲ့ နံမည်ကြီးလာမယ် မျှော်လင့်ပါသလား။
ဘလော့ရေးတာ ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ။
ပိုက်ဆံလည်း တပြားတချပ်မှ ရတာမှ မဟုတ်တာ။
Out of question ပါဗျာ။

ဘလော့ရေးတဲ့အခါ ဘာပြသနာတွေ တွေ့ကြုံရပါသလဲ။
အလကားရတဲ့ blogspot.com မှာ ဘလော့ရေးတဲ့အခါ ဘာပြသနာမှ မရှိပါ။
အလကားရလို့ရေးတာပဲ။ ဘာပြသနာမှ ရှိမယ် မထင်ပါ။
ပိုက်ဆံပေးရရင်တော့ ပြသနာရှိမယ် ထင်တယ်။

ကိုယ့်ဘလော့ပို့စ်တွေနဲ့ ပတ်သက်ပြီး
ဆန့်ကျင်ဖက် ပေးတဲ့ ကွန်မန့်တွေကရော
ပြသနာတွေ မဟုတ်ဘူးလား။

အင်း... ဒါကတော့...
ကွန်မန့်တွေကို လွတ်လပ်စွာ မန့်ခွင့်ပေးထားတဲ့ ဘလော်ဂါ တယောက်အတွက် ပြသနာ မဟုတ်ပါဘူး။ comment moderation ပေးထားတဲ့ ဘလော်ဂါ တယောက်အတွက်တော့ ဟုတ်ရင် ဟုတ်မှာပေါ့။

ဒါဆို လွတ်လပ်စွာ ကွဲလွဲခွင့်ကို လက်ခံတယ်ပေါ့။
အချွန်နဲ့ မနေတာလား။ ကျနော့် ဘလော့မှာ anonymous နဲ့ comment ပေးလို့ရပါတယ်။ ဆဲရေးတိုင်းထွာသည့်တိုင် ကိစ္စ မရှိပါဘူး။ သည်လောက်ဆို လွပ်လပ်စွာဆိုတဲ့ စကားနဲ့ ကွဲလွဲခွင့်ဆိုတာကို ထပ်ပြောစရာ မလိုဘူး ထင်တယ်။

နောက်ဆုံးမေးခွန်းပါ။
ဖားတကောင်သို့မေတ္တာစာဆိုတာ
ဘလော်ဂါ တယောက်ကို ရည်ညွှန်းတယ်လို့ အားလုံးက ပြောနေပါတယ်။
အဲတာ ဟုတ်ပါသလား။

ခက်တော့တာပဲဗျာ။
ကဗျာဆိုတာကို ကဗျာရေးသူက အနက် အဓိပ္ပါယ်ဖွင့်ပေးရမလား။
ဒါဆို ကျနော် ကဗျာ မရေးတော့ဘူး။
စကားပြေပဲရေးတော့မယ်။
ဒါပေသည့် အဲသည်ကဗျာက
မည်သည့် ဘလော်ဂါ တယောက်ကိုမျှ မရည်ညွှန်းပါ။

ဖားတကောင်ကိုသာ တိုက်ရိုက် ရည်ညွှန်းတာပါ။

နေပါဦး ပြန်မေးပါရစေဦး။

ခင်ဗျားက ဖားလား... ငါးလား...

Apr 13, 2009

သင်္ကြန်ထဲက သံချပ်မဏ္ဍပ်

နှစ်သစ်မှာ သူငယ်ချင်းတွေ စာဖတ်သူတွေအားလုံး မင်္ဂလာပါ။ ကျနော့် မိတ်ဆွေတယောက် မဏ္ဍပ်ထောင်ထားပါတယ်။ အဲမှာ သံချပ်တွေ ထိုးလို့ရတယ်လေ။ အပျင်းပြေပေါ့။ သို့မဟုတ် အဆာပြေပေါ့။ ကျနော်လည်း ကြုံတုန်း သံချပ်ဝင်ထိုးခဲ့တယ်။ သူငယ်ချင်းတွေလည်း သံချပ်ထိုးချင်ရင် အဲမဏ္ဍာပ်ကို သွားလည်လိုက်ပါဦးလို့ တိုက်တွန်းပါရစေ။ စိတ်ထဲရှိတာတွေ အော်ခဲ့ကြပေါ့ဗျာ။

မြူမှောင်ဝေကင်း

YouTube မှာ သင်္ကြန်သီချင်းတွေရှာရင်း ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ့လို့ ကူးလာတာပါ။
(ကျနော်ဆိုတာ မဟုတ်ဘူး... )

မြူမှောင်ဝေကင်း ငွေအဆင်း ဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု
သွန်းခါရေ အေးစေကြောင်း လောင်းတဲ့ လုံမေ ထူးထူးကဲကဲ လှကြပါစေ...

မြူမှောင်ဝေကင်း ငွေအဆင်း ဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု
သွန်းခါရေ အေးစေကြောင်း လောင်းတဲ့ လုံမေ ထူးထူးကဲကဲ လှကြပါစေ...

အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ သံသာ ချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့သူရဲ့ ဂုဏ်နဲ့ညီပေ ယဉ်ကျေးသူတွေ မနှစ်ကပဲ လောင်းခဲ့တာတွေ
အေးအေးမြမြ မမေ့တဲ့နိုင်ပေ ...

အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ သံသာ ချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့သူရဲ့ ဂုဏ်နဲ့ညီပေ ယဉ်ကျေးသူတွေ မနှစ်ကပဲ လောင်းခဲ့တာတွေ
အေးအေးမြမြ မမေ့တဲ့နိုင်ပေ ...

သင်းပျံ့ဝေ ရွှေပန်းပိတောက်တွေ တွဲရွဲ နှင်းဆီ အစဉ်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်လေ...

သင်းပျံ့ဝေ ရွှေပန်းပိတောက်တွေ တွဲရွဲ နှင်းဆီ အစဉ်မြဲမြန်းကာ လှတဲ့မေ
ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာ ဝေးကွာ ကင်းစင်ပါ့မယ်
သည်ရေပွဲ သင်္ကြန်ရေ...

Apr 12, 2009

ဖားတကောင်သို့မေတ္တာစာ

မင့်ကိုယ်မင်းတော့
အမှန်တရားတခုလို့
မင်းထင်သွားမှာပေါ့...
မင့်အနားမှာ လူတွေအများကြီးကိုး...

ဒါကိုလည်း
ငါ မငြင်းပါဘူး...
မင်းကို သနားလို့....

အားလုံးမှန်တယ်...
အဲသည်အထဲကမှ
အမှန်ဆုံးတွေသာ
သမိုင်းမှာ ကျန်ခဲ့တယ်ဆိုတာပဲ
မင့်ကို ပြောလိုက်ပါရဲ့...

တကယ်တော့
မင့်ကို သနားနေတဲ့
သန်းပေါင်းများစွာ
ရှိနေပါသေး....

မင်းဟာ
မင်းပဲ
ဆိုခရေးတီး မဟုတ်
အာခီးမီးဒီးစ် မဟုတ်
ကော့ပါးနီးကပ်စ် မဟုတ်
တကယ်တော့
မင်းဟာ
ဘာဆို ဘာမှ မဟုတ်ပါဘူး....

အကျယ်ကြီး မအော်နဲ့
အသံတွေ ကုန်မယ်...
မင့်အော်သံကို
ဘယ်သူမှ ကြားလိမ့်မယ် မဟုတ်ဘူး...

ငါးတွေက ကူးတယ်
ဖားတွေက ရူးတယ်...။
ဖားကို ငါးထင်သူတွေနဲ့
မင့်အနားမှာ
ခစားနေသူတွေသာ ကြားမယ်။
ငါးမဟုတ်တဲ့
ဖားတကောင်ကို
ငါ သနားတောင် သနားမိနေရဲ့...။

ATN

(အသံကုန်အော်နေသော ဖားတကောင်သို့)

Apr 11, 2009

မရှိတော့ပြီဖြစ်သော ကျေးဇူးရှင် မိခင်သို့

အမေရင်မှာ ကြီးပျင်းခဲ့ဖို့ သားလေးတယောက်ကို ဖန်ဆင်းထား
အိပ်မက်အလား ရီသံတွေမှာ သွေးစက်များနဲ့ နီရဲသွား
တမ်းတမိတယ် အို မေမေရေ တမ်းတမိတယ်

ရာသီတွေ မိုးလင်း မိုးချုပ်မီးရထားကြီးကြောင့်အိုမင်းသွား
ဘယ်နေရာ ဘယ်ဘူတာမှာ ခရီးဆုံးမလဲလို့ ကြိုစဉ်းစား
တမ်းတမိတယ် အိုမေမေရေ တမ်းတမိတယ်

နာရီတွေ ရည်ရွယ်ချက်များ ပြီးမြောက်ဖို့အတွက် စောင့်ဆိုင်းဦး
ပြီးရင် ဟို အဝေး အမေသွားတဲ့ လမ်းက စောင့်လို့ ခေါ်ပြီးသွား
တမ်းတမိတယ် အို မေမေရေ တမ်းတမိတယ်
အို မေမေရေ ကြေကွဲပါတယ် ခရီးသည်ပီပီ သားလာနေတယ်

------------
အမေ့အတွက် အမှတ်တရ သီချင်းတပုဒ် ဆိုမိတာပါ။
မောင်သစ်မင်း ရေးပြီး ကျော်ဟိန်း ဆိုခဲ့တဲ့ သီချင်းပါ။

Apr 10, 2009

ပန်ဒိုရာနှင့် စကားပြောခြင်း

သင်္ကြန်နားနီးလာတော့
ရီးစားဦးကို သတိရတယ်...
ကလေးတွေ ဘယ်လောက်ရပြီး
ခုချိန်ဆို ဘယ်လောက် အလုပ်ရှုပ်နေ
စိတ်ညစ်နေပြီလဲ တွေးမိတယ်...
တခါတလေပါ...
ကိုယ်နဲ့ မနီးစပ်ခဲ့တာ
သူ အတော် ကံကောင်းပါတယ်လို့လည်း
ရဲရဲကြီး တွေးနေမိသေး....

သင်္ကြန်နားနီးတော့
ပိတောက်ရနံ့တွေရတယ် ...
အ၀ါရောင်တွေရဲ့ အရိပ်ကို ရင်ခုန်တယ် ...
ရန်ကုန်မြို့ကြီးရဲ့
ရေတွေစိုရွှဲနေတဲ့ ကတ္တရာလမ်းကို
ခုချိန်မှာ ပြေးနမ်းနေချင်တယ် အရူးအမူးပဲ...
မနှစ်က သင်္ကြန်ရက်ထဲ ဆုံးသွားတဲ့ အမေ့ကို
အိပ်မက်ထဲမှာ အတင်း ပွေ့ထားရတယ်...
နောက်ထပ်တခါ လွတ်ကျသွားမှာစိုးလို့...
ရွာလယ်လမ်းထိပ်က
ပိတောက်အိပ်မက်ဆိုတဲ့
ရေပက်တဲ့ နေရာလေးကို
အတွေးထဲမှာ ပြန်ရောက်တယ်....
သူငယ်ချင်းတွေနဲ့
အတူသောက်ရင်းကနေ
အိပ်ပျော်ခဲ့ဖူးတဲ့
မင်္ဂလာလမ်းထိပ်က
အရိပ်ကောင်းတဲ့အရက်ဆိုင်လေးကို လွမ်းတယ်...
တမ်းတရတာတွေကို ပြောရင်
မောတယ်...
တထောင့်တညထက်
ရှည်လျားတဲ့ ညတွေအတွက်
စိတ်ပျက်တယ်...
ခုတော့
သင်္ကြန်ကို
မသိသလိုလို အယောင်ဆောင်နေတယ်...
အောင်မြင်မယ်တော့ မထင်ဘူး...
ဘာပဲဖြစ်ဖြစ်
စကားပြောဖြစ်တာကျေးဇူးတင်တယ်
- နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်-
ရင်ခုန်ဖွယ် တေးတစနဲ့
ပြန်လည် အိပ်မောကျသွားပါပေါ့...

ATN

Apr 8, 2009

သား …..

အမေ့နှစ်လည် အထိမ်းအမှတ်အတွက် ကဗျာဆရာ ကမာပုလဲ ခံစားပေးလိုက်တဲ့ ကဗျာ တပုဒ်ပါ။

သား …..

ကျနော့်လက်ကို ဆောင့်ဆွဲပြီး
ခုန်ချသွားတယ်
လွတ်သွားလို့ မဖြစ်ဘူး
အတူ လိုက်သွားလို့လည်း မဖြစ်နိုင်ဘူး ….။

သူ့နောက်မှာ
ကျောချင်းကပ် ရပ်နေတဲ့ သူ့ရဲဘော်
အိမ်ရှေ့မှာ
ကိုတင်အောင်မနက်တိုင်း လျှောက်ခဲ့တဲ့လမ်းကလေး
မနက်ခင်းဟာ
နေခြည့် အသံလေးနဲ့ လင်းနေကြ…။

ကျနော် ဆွဲတင်လိုက်တယ်
မလိုက်ချင် လိုက်ချင်နဲ့ ယိမ်းထိုးငြင်းဆန်လို့
သူ့ရင်ဘတ်တွေ မပွန်းစေချင်ဘူး
သူ့နှုတ်ခမ်းနဲ့ ငြိမနေစေချင်ဘူး
သူ့အေးမြမှုကို
ခံစားနေရလို့ပါ …။

နွေအပူပြင်းပြင်းထဲမှာ
သားက …
ကိုယ်ကလေး တုန်ခါပြီးပျော်သွားတယ် …
သူ့ အဖိုးနဲ့ သူ့အဖွား ကျွေးတဲ့ ထမင်းကို
မျက်ရည် ၀ိုင်းအောင် တနင့်တပိုးစားတယ်
မနက်ဖြန်ကို အလှဆုံးနှုတ်ဆက်ခဲ့တယ်ပေါ့…။

သားရေ
မင်း ချိုးခဲ့တဲ့ ရေတွင်းကလေးကို
မင်းသတိ ရပါ…
ရေခြားမြေခြားမှာ …
ထမင်းတလုပ်များဆာခဲ့ရင်
မင်းရဲ့ အဖိုးအဖွားကိုသတိရပါ …
ခုချိန်မှာ
မင်းအဖိုး ကိုတင်ဦးလို ကိုအောင်သာဟာ
မြိုင့်ကို … လွမ်းနေတော့မှာပဲ ….။ ။

ကမာပုလဲ
၀၉၊ ၀၄၊ ၂၀၀၉ (နံနက် ၀၀း၀၅ နာရီ)

အရေပြားချင်းတူခဲ့တဲ့
ကဗျာဆရာ ကမာပုလဲကို ကျေးဇူးအထူးတင်ရှိပါကြောင်း ။

ဒဏ်ရာဟောင်း

နှင်းရေ့... ...
ဝေဒနာတချို့
ပြန်နိုးလာ
ရိုးမကို နောက်ထပ်တခါ
ကျော်ခဲ့...

ဒေါနအား
ချစ်ခင်နှစ်လိုတမ်းမက်
အေကေတလက်နဲ့
ငှက်ဖျားပွေ့ဖက်ခဲ့သော
တင်းတင်းကျပ်ကျပ်နေ့ရက်များ... ...
ပြန်မြင် ...

သောင်ရင်းရဲ့
ငွေရောင် စီးဆင်းသော ကမ်းထိပ်မှာ
အဆိပ်တက်ခဲ့...
စိတ်လိုလက်ရ
ဝေဒနာတို့ ဖြန့်ခင်းချခဲ့မိသည့် ညများ... ...
တမ်းတ ...

သံလွင်ရဲ့
အဟုန်ကြီးတဲ့ လှိုင်းနက်နက်ထဲ
ခါးသည်းသော နေ့ရက်တိုင်းကို
ခုတ်ပိုင်း ထိုးထည့်ခဲ့ဖူး...
လရောင်နဲ့ မူးခဲ့သော
တောင်ယာတဲ...
ပြန်တွေ့...

တစစီ
ချေမွထားသော
အချိန်နရီများ
လွင့်မျောရှည်လျား
အစင်းသား လဲလျောင်း
မဲကလချောင်းစပ်မှာ ...

ဒါကိုပဲ
ရက်ရက်စက်စက်
အမည်တခုတပ်ပစ်ခဲ့တယ် ... ...

ATN

Apr 7, 2009

အမေ့နှစ်လည်






















ခု လာမယ့် ဧပြီလ (၁၁)ရက်ဟာ မနှစ်က ဆုံးပါးသွားတဲ့ ကျနော့ မိခင် တနှစ်ပြည့်ပါ။ ဗမာပြည်မှာတော့ အမေ့ နှစ်လည်အတွက် အစီအစဉ်တွေ လုပ်နေကြပြီပေါ့။ ကျနော်ကတော့ နောက်ထပ်တခါ အမေ့ကို အဝေးကနေ ဒုတိယအကြိမ် ထပ်ကန်တော့ ရတာပါပဲ။

ကျနော့ကို ချစ်တဲ့ အမေ့အတွက် ကျနော့ကိုယ်စား ခံစားပေးခဲ့တဲ့ ကျနော် ချစ်တဲ့ ညီလေးတယောက်ရဲ့ ကဗျာကို အားလုံး ဖတ်ရအောင် တင်လိုက်ပါတယ်။

ပိတောက်တွေထက် လင်းတဲ့ကောင်းကင်

ဒါဟာ .......အသံတခု
ဟိုး.....အဝေးကြီးကလာတာ
ကျယ်ကျယ်လောင်လောင်ကြားလား
ငါ့ရင်ခေါင်းထဲက အော်ဟစ်လိုက်တာဖြစ်တယ် .........။

ပိတောက်ပွင့်ချိန် တိမ်တွေတောက်ပြီဆိုမှဖြင့်
အိမ်ပြန်ရောက်ချင်နေတယ် ....အမေရယ်....

ပိတောက်ပွင့်တာမြင်ရင်
ကသစ်ပွင့်တာမြင်တဲ့ အသူရာတွေလို
ကျနော့် ရင်မှာ ဟာကနဲပဲ အမေ.........။

အိမ်ဝေးတဲ့သူဟာ
ဝေးနေတဲ့အိမ်ကို
အဝေးတိမ်တွေနဲ့ပဲလွမ်းနေရ
တစိမ်းတွေကြားမှာ နေပျော်လှတယ်လို့တော့ မဟုတ်ဘူး...။

မျက်နှာဖုံးစွပ်ထားတဲ့လူတွေက
ဗြဟ္မစိုရ် တရားတွေကို ခိုးဝှက်သွားကြတယ်... ။

အိပ်မက်ထဲမှာပဲ ကဗျာတွေ ချရေးနေမိ
ကမ္ဘာထဲမတော့ ကျနော့်ကဗျာတွေက
စားသုံးလို့ မရတဲ့ သစ်သီးပဲ မဟုတ်လား အမေ....။

ဘာနေ့ တွေ ၊ ညာနေ့တွေအတွက် ကဗျာမရေးတော့ဘူး
ရင်ဘတ်ကိုတဲ့တဲ့ ထိတဲ့နေ့အတွက်ပဲ ကဗျာရေးမယ်...
ကြယ်စင်တွေ ရေတွက်ရင်းသီချင်းရေးတယ်...
ကြယ်တွေစုံတဲ့ည သီချင်းနားထောင်တယ်...
ကြယ်တွေကြွေကျတိုင်း ဆုတောင်းတယ်...။

နက္ခတ်စုံတဲ့ အခါရောက်မှ
အမေ့အုတ်ဂူဝမှာ
ကျနော်အကြိမ်ကြိမ်ဦးချမယ်...။

အမေ ကြွေတဲ့ကောင်းကင်ကို
ခဏ မော့ကြည့်လိုက်တော့
အဲ့ဒါက ဝေနေတဲ့ပိတောက်တွေထက်လှတယ် ..အမေ...။

(အမေဒေါ်ခင်မာအေး နှစ်လည် အမှတ်တရ)
ချစ်သော အကိုခင်ဗျား အကို့ကိုယ်စားရော ကျနော်ကိုယ်တိုင်ပါ အမေ့အတွက် ဒီ့ကဗျာလေးနဲ့ကန်တော့လိုက်ပါတယ်

ဖုန်းမြင့်

မေမေ့အတွက် ကဗျာ

နေ တွေဟာ
ကွယ်ရိုး ထုံးစံဆိုတာ မရှိ
စကြာဝဠာ ပကတိထဲ
အမြဲ လင်းလက်နေမှာ

လ ဆိုတာလဲ
လင်းမြဲ.. နေရှိတဲ့ စက်ဝန်းထဲ မှာလေ

တကယ်တော့
မေမေ က နေ
မေမေ က လ
ကောင်းကင်ဘုံ ဘ၀မှာ
စောင့်နေပါ မေမေ

မလွတ်လပ်ခြင်းတွေ ရှိနေသမျှတော့
အမျှဝေခွင့် က မရသေး..
အမျှဝေခွင့်ရရေး

အမေ့ရဲ့သားလေ..
အဲဒီ.. အမေ ထားခဲ့တဲ့ လမ်းမ ထက်မှာပဲ
ဆက်လျှောက်နေရင်း..
ဆက်စောင့်နေဆဲ ပါ အမေ...


မမသီရိ (၆.၄.၂၀၀၉)

ကြီးကြီး ရဲ့ တနှစ်ပြည့် အောက်မေ့ခြင်း အခမ်းအနား အတွက်
အကို့ ကိုယ်စား ရေးဖွဲ့ ပါရစေ..

Apr 6, 2009

တောင်ရိုးပေါ်ကသစ္စာသမားသို့














လမ်းထွင်းခဲ့တဲ့
ပန်းတခြင်းထဲ...
တင်မိုး၊ ကြည်အောင်
စွမ်းရည်၊ မောင်သာနိုး
ပန်းအမျိုးမျိုးဝေလို့...

ကဗျာ့ တပ်မှူးကြီး...
ဗိုလ်ချုပ်မှူးကြီးတွေထက်
ခမ်းနားကြီးမြတ်သပေါ့...

တံဆိပ်တွေ အထပ်ထပ်
ကိုယ်ပေါ်မှာ ဇွတ် အတင်း အဓမ္မ
ဆွဲယူ ကပ်ပြနေစရာမလို...

ပြည်သူတွေ ကိုယ်တိုင်
ဆွဲချိတ်ပေးလိုက်တဲ့
ချစ်ခြင်းမေတ္တာတွေအနန္တနဲ့
လှပနေခဲ့ပြီးသား...

သစ္စာတိုင် ဆိုတဲ့ သီချင်းက
နှလုံးသားကို ရှင်းလင်းခဲ့ပြီးသား...

မာရသွန်မှာ
သက်လုံကောင်းခဲ့တာ
ကြည်အောင်ဆိုတဲ့ ဆရာပါပဲ...

သည်တောင်ရိုးမှာ
ကျားဆိုးတွေ ဆရာ သတ်ခဲ့ ...

ခုတော့
ဆရာ့ကို
ဘယ်သူ သတ်ခဲ့ပြီလဲ...

ဆရာမသေပါဘူး...
ဒါကိုပဲ
ကျနော်တို့
ရွတ်ဖတ်နေကြတယ်...

ATN

မိုးမခမှာ ဖော်ပြခဲ့တဲ့ကဗျာပါ
ပုံကတော့ မင်းကျော်ခိုင်ဆွဲထားတာကို
မိုးမခကနေ ပြန်ယူထားတာပါ

Apr 4, 2009

ကိုယ်တွေ့-၂

ရီဝေတဲ့ အတွေးထဲ ဖြတ်ကူးလို့ရယ်
ရှေ့ဆက်မယ့် ခရီးကို အဖော်ပြုလို့ရယ်
ကြင်နာခဲ့ရသူ တယောက်တည်းနေဆဲ
ကုန်လွန်ခဲ့နှစ်တွေ ရေတွက်ရင်လေ
နွေရက်များ အခါခါလေ...

ပဒေသာ ချောင်းစပ်ဘေးက စပါးရိတ်သိမ်းပြီးသော ရိုးပြတ်ကွင်းထဲမှာ ရှင်းလင်းထားသည့် မြေပြင်ညီညီလေး တ၀ိုက်မှာ ခင်မောင်တိုး၏ နွေရက်များအခါခါ သီချင်းသံက တိုးတိုးတိတ်တိတ် လွင့်ပျံ့နေသည်။ ဘေ့စ် ဂစ်တာကို စိုးလင်းအောင်က မတီးချင် တီးချင် တီးနေပုံရသည်။ သီချင်းက အေးသည် မဟုတ်လား။ ခင်ဇော် ကတော့ သီချင်းကို စိတ်ပါ လက်ပါ ဆက်ဆို နေသည်။ မျိုးမြင့်ကတော့ သူ့ လိဒ်ဂစ်တာကို တီးရင်း လက်စွမ်း ပြနေသည်။ သူကတော့ ရစ်သမ် ဂစ်တာကို စည်းချက်ညီညီ တီးခတ်ပေး နေမိသည်။ ကျန်သည့် သူငယ်ချင်း များကလည်း တေးသွားကို လိုက်ညည်းသူက ညည်း၊ ဒူးကို လက်နှစ်ဖက်ဖြင့် ပိုက်ပြီး နားထောင်သူက နားထောင်၊ သိန်းညိုကြီး ကတော့ ဘွန်ဂို ၂ လုံးတွဲလေးကို သီချင်းနှင့် လိုက်ဖက်အောင် တီးပေးနေသည်။

ကျောင်းတွေ ပိတ်ထားသော သည်လို နွေညမျိုးမှာ သူတို့ သူငယ်ချင်းတစု နေ့တိုင်းလို ညဥ့်နက် သန်းကောင် တိုင်အောင် သည်နေရာလေးမှာ စုပြီး ဂစ်တာတီးလေ့ရှိသည်။ များသော အားဖြင့်တော့ ကိုယ့်ဂစ်တာ ကိုယ် သယ်လာပြီး တီးလေ့ ရှိသော်လည်း တခါတရံ သူငယ်ချင်းတွေဆီမှလည်း ငှားယူကာ တီးတတ်ကြသေးသည်။

ညနေစာ စားပြီးသည်နှင့် စက်ဘီးဆွဲကာ သူတို့ ညီအကို နှစ်ယောက် သူငယ်ချင်း တွေနှင့် ဆုံနေကြ မေခလာ လဘက်ရည် ဆိုင်ကို ထွက်လာကြလေ့ ရှိသည်။ လဘက်ရည် မှာသောက်ရင်း ရောက်လာမည့် သူငယ်ချင်း တွေကို စောင့်ဆိုင်းကာ နေလေ့ရှိသည်။ ညဥ့်နည်းနည်း စောင်းလာ လျင်တော့ လူလည်း စုံသလောက် ရှိပြီဆို ဆည်းဈာရိပ်လို့ သူတို့ ဘာသာ အမည် ပေးထားသည့် သည်လယ်ကွင်းပြင်ထဲက မြေညီ တလင်းလေးမှာ စုပြီး ဂစ်တာတီးကြလေ့ရှိသည်။ ဂစ်တာတွေ အဆင်သင့် မပါလာလျင်လည်း နီးစပ်ရာ သူငယ်ချင်း တွေဆီက သွားဆွဲလာ၊ နင်းလာသော စက်ဘီးများကို အနီးအနားမှာ ထောင်ထားပြီး ဆည်းဈာရိပ်၏ တညတာ တီးဝိုင်းကလေးကို စတင်လေ့ရှိသည်။ စကာစကတော့ သူတို့ ၄-၅-၁၀ ယောက်သာ ဖြစ်သော်လည်း ညဥ့်နက် လာလေလေ လူက ပိုစုံလာလေလေ ဖြစ်လာသည်။ ဖြတ်သွား ဖြတ်လာ လူငယ်များကလည်း ဂစ်တာသံကြားရာ လယ်ကွင်းလေးထဲ ဆင်းချလာကာ အနားမှာ ထိုင်ကာ နားထောင်ကြလေ့ ရှိကြသည်လေ။ သည်လိုနဲ့ ညစဉ် လူ ၂၀-၂၅ လောက်ထိ ရှိသော သူတို့၏ ဂစ်တာ ၀ိုင်းလေးက သည်ရပ်ကွက် တ၀ိုက်မှာ လူတိုင်းသိသည့် ၀ိုင်းလေးတ၀ိုင်း ဖြစ်လာသည်။

တနေ့သားတော့ သည်ကွင်းပြင်လေး အစပ်ရှိ (၁၁) ရပ်ကွက်မှ ကာလသားခေါင်း ဖြစ်သော အကိုကြီး တယောက်က ပြောလာလေသည်။ - ငါ နေ့တိုင်း နားထောင် နေတာကွ။ မင်းတို့ တီးတာ အတော် ကောင်းတာပဲ။ လက်လည်း ညီကြတယ်။ တော်တော်လေးလည်း တထပ်တည်း ကျအောင် တီးနိုင်ကြတာပဲ။ ကက်ဆက်ခွေထဲက အတိုင်းလောက် နီးနီးပဲ။ ဒါကြောင့်လည်း မင်းတို့ ၀ိုင်းမှာ ညတိုင်း ချာတိတ်တွေ လာစု နားထောင် နေကြတာကိုးကွ - ပြောတော့ သူတို့လည်း အတ်ေလေး ဘ၀င်မြင့်သွားကြလေသည်။ - အား... အကိုကြီး ကလည်း လာမြှောက်ပေးနေပြန်ပြီ။ ကျနော်တို့ လဘက်ရည် တိုက်ပါ့မယ်။ ဧကန်တ အကိုကြီးကို အမက ဒီညနေ လဘက်ရည်ဖိုး မပေးလိုက်ဘူး မဟုတ်လား... - သည် အကိုကြီးနဲ့ အိမ်ချင်း ကပ်လျက် နေသော ထွန်းလှအောင်က လှမ်းနောက်လိုက်သည်။ - အောင်မာ - ဗိုလ်ကြက် (ထွန်းလှအောင် ဆံပင်က ထောင်နေ သဖြင့် သူ့ကို ခင်မင်သူ တွေက ကြက်ဖလို့ ခေါ်ကြရင်း သူ့နံမည် ဗိုလ်ကြက် ဖြစ်လာလေသည်) ငါ နာရင်း ရိုက်ထည့်တော့မယ်... ဒီနေ့ပဲ လခထုတ်လာတာ ဟ...ခုဟာက မင်းတို့တွေကို မြေတောင် မြှောက်ပေးမလို့ ပြောနေတာ...- ပြန်ပြောလေသည်။ - ဟာ... အကိုကြီးက ကျနော်တို့ကို အခွေ ထုတ်ပေးမလို့လား... - စိုးလင်းအောင်က အားရ၀မ်းသာ မေးလေသည်။ - အာ... အဲလောက်တော့ ငါ့မှာ ဘယ် ငွေရှိမလဲဟ... ။ ခုဟာက မင်းတို့တွေ ထဲမှာ instrument တွေကို သေချာတီးနိုင်တဲ့ သူတွေ အားလုံး လိုလို ရှိနေတာကို ငါ တွေ့တယ်လေ။ အဲတော့ စတိတ်ရှိုးတခု ဖြစ်အောင် ငါ ၀ိုင်းလုပ်ပေးမယ်လေ။ မင်းတို့က တီးကြပေါ့။ ရပ်ကွက်နဲ့ မြို့နယ်ကို ငါ ညှိပေးမယ်။ မြို့နယ်ကောင်စီက ခွင့်ပြုရင် ထိုင်ခုံတွေ အကျအန ထည့်ပြီး လက်မှတ်တွေ ဘာတွေ ရောင်းပြီး စနစ်တကျ လုပ်မယ်လေ။ အဲတာ မင်းတို့ တကယ် တီးရဲသလား... - မေးလာတော့သည်။

- ဟား... လုပ်လိုက်လေ အကိုကြီးရာ... အဲလိုမျိုးစင်ပေါ်တက်ရလို့ကတော့ အသေအချာကို တီးပြမယ်...- စိုးလင်းအောင်က စပြောတော့ - ဟုတ်တယ်... ဟုတ်တယ်... အကိုကြီး... - ဘာညာနဲ့ အားလုံး ဆူညံ သွားကြလေသည်။ ထိုညက ဂစ်တာ မတီး ဖြစ်တော့ပဲ စတိတ်ရှိုး ကိစ္စများကို ပြောဆိုဆွေးနွေးပြီး လူစု ခွဲခဲ့ကြ လေသည်။

သည်လိုနဲ့ စတိတ်ရှိုးအတွက် လိုအပ်သည်များကို သည်အကိုကြီးက လုပ်ဆောင်နေသည့် အချိန်မှာ သူတို့ သူငယ်ချင်း တစုကလည်း အဆိုကောင်းသော သူငယ်ချင်းတွေကို စုပြီး သီချင်းတွေ ရွေးကြ၊ နုတ်တွေ ထုတ်ကြ၊ သီချင်း တိုက်ကြနှင့် အလုပ်တွေ ရှုပ်ကုန်ကြတော့သည်။ သည်ကြားထဲ Hollow Guitar နဲ့သာ တီးလာခဲ့ ကြသည့် အတွက် လက်တွေ့ Electric Guitar တွေနဲ့ မစိမ်းနေ အောင်လည်း Studio တခုမှာ သွားပြီး လက်တွေ့ တ၀ိုင်းလုံးသွားပြီး လေ့ကျင့်လိုက်ကြသေးသည်။

ကျယ်ကျယ် ၀န်းဝန်းရှိသော မျိုးမြင့်တို့ အိမ်မှာ နေ့တိုင်းလို သီချင်းတိုက်ဖြစ်နေသည်။ ဆိုမည့်သူတွေ ကိုလည်း အသေအချာရွေးချယ် ထားခဲ့ပြီး သီချင်းများကိုလည်း သေချာစွာ ရွေးချယ်ထားဖြစ်ခဲ့ကြသည်။ သည်လိုနဲ့ အားလုံး အဆင်သင့် ဖြစ်လာသည့် အချိန်မှာ မြို့နယ်ကလည်း permit ကျလာလေသည်။ သည်လိုနဲ့ ကာလသားခေါင်း အကိုကြီး ဦးဆောင်ပြီး သူတို့ တသိုက် လက်မှတ်ရောင်း ထွက်ကြ လေတော့သည်။ သည်ရပ်ကွက် ၀န်းကျင်မှာ ပထမဆုံး အကြိမ် လုပ်သော စတိတ်ရှိုး ဖြစ်ပေမင့်၊ တကယ့် အဆိုတော်တွေ တယောက်တလေမျှ မပါပေမင့် အားလုံးက ၀ိုင်းဝန်း အားပေးကြသဖြင့် မယုံနိုင်စရာ ကောင်းအောင်ပင် လက်မှတ်အားလုံး ရောင်းလိုက်ကြရလေသည်။ အားလုံးလည်း စိတ်ဓါတ်တွေ တက်ကြွ နေကြ လေတော့သည်။

သည်လိုနဲ့ စတိတ်ရှိုး စမည့်နေ့ မတိုင်မီနေ့တွင် သူတို့ အားလုံး နောက်ဆုံးပိတ် အချောသပ် သီချင်း တိုက်ရင်း တနေ့လုံး အလုပ် ရှုပ်နေကြလေသည်။ နောက်ဆုံးပိတ် သီချင်းတိုက်ရာတွင် Keyboard ကလွဲ၍ Drums တွေ Electric Guitar တွေ အားလုံးပါလေသည်။ Drums ကို သူ့ အကိုကြီးကတီးသည်၊ Lead Guitar ကို သူ့ ဆရာဖြစ်သော ကိုကျော်ဇောလှ၊ Second Guitar ကိုတော့ မျိုးမြင့်၊ Rythm Guitar ကို သူ၊ Bass Guitar ကို စိုးလင်းအောင် ကိုယ်စီ တီးကြသည်။ ညရောက်သည့်တိုင်လည်း သီချင်းက အချောသပ် တိုက်နေဆဲ။ သည်လိုနဲ့ မိန်းကလေးအဆိုရှင်များ အားလုံးကို မိုး မချုပ်မီ အပြီးသပ် သီချင်း တိုက်ပေးလိုက် နိုင်သော်လည်း ယောက်ျားလေးတွေ ကျန်နေသေးသည်။ သူတို့ အတီးသမားတွေလည်း မိုးချုပ်လာတော့ ညစာစားရင်း ခဏနားကြသည်။ ပြီးတော့ သီချင်း ဆက်တိုက်လိုက်ကြသည်မှာ အားလုံးပြီးတော့ ည ၂ နာရီ ထိုးတော့မည်။

- ကိုကြီးရေ ပြန်မှဖြစ်မယ်။ အိပ်ရဦးမှာ မနက်ကျရင် မထနိုင်ပဲ ဖြစ်နေဦးမယ်... - သူက ပြောရင်း သူငယ်ချင်းတွေ အားလုံးကို နှုတ်ဆက်ကာ စက်ဘီးကို ဆွဲ ထွက်လာခဲ့သည်။ သူ့ အကိုကြီးက စက်ဘီး ကယ်ရီယာ နောက်ကနေ ထိုင်လိုက်လာရင်း ဂစ်တာကို ကိုင်လာခဲ့သည်။ မိနစ် ၂၀ဆယ်ခန့် နင်းပြီးသည့် အခါ မတော့ အိမ်တံခါးဝသို့ ရောက်ပါပြီ။ တံခါးဂျက်ကို လက်လျှို ဖွင့်လိုက်ရင်း သူက စက်ဘီးကို မကာ အိမ်ထဲ သွင်းလိုက်သည်။ စက်ဘီးကို ချလိုက်ပြီးချိန်မှာ အမှောင်ထဲမှာ ထိုင်နေသော သဏ္ဍာန် တခုကို သူ သတိထား လိုက်မိသည်။ အနားကပ်ကြည့်လိုက်တော့ အမေ.... ။ အိမ်ရှေ့က ကွပ်ပြစ် ထောင့်စွန်းမှာ ဒူးနှစ်ဖက်ကို လက်နဲ့ ပိုက်ရင်း အမှောင်ထဲမှာ ထိုင်နေသည့် အမေ။ - ဟာ... အမေ... ဘာထိုင်လုပ်နေတာလဲ... - သူ မေးမိသည့်အခါ။ - သားတို့ကို စောင့်နေတာ... - အမေပြောတော့ - ဘာလို့ စောင့်နေလဲ အမေရယ်... သီချင်းတိုက်နေတာ အမေလည်း သိသားနဲ့။ ဒီနေ့က နောက်ဆုံး သီချင်း တိုက်တာမို့လို့ ကြာသွားတာ။ သားတို့ အချိန်တန်တော့ ပြန်လာမှာပဲဟာ... - သူပြောမိတော့ - အေးလေ... အချိန်တန်ရင် ပြန်ရောက်လာမှာလို့တော့ မျှော်လင့်ရတာပေါ့...။ ဒါပေမယ့် ၁၂နာရီ ကျော်လာတော့ အမေ စိတ်ပူတယ်...။ ဘာများဖြစ်လဲ...။ မတော်တဆ ကားတွေ ဘာတွေများ အတိုက်ခံရသလား...။ ခု ည တနာရီ ၂ နာရီ ထိ သားတို့ ရောက်မလာတော့ ပိုပြီး ပူလာရတာပဲ...။ အမေ့မှာလေ နှလုံးသားကို ပြုတ်တူကြီးနဲ့ အညှစ် ခံထားရသလိုပဲ...။ သားတို့ မျက်နှာတွေကို အမေ ပြန်မမြင်ရမချင်း နှလုံးသားကို အောက်ကနေ မီးနဲ့ မြှိုက်ခံထားရသလိုပဲ တလှပ်လှပ် တငွေ့ငွေ့နဲ့ တနွေးနွေး အမေ ခံစားနေရတယ်... - အမေက ပြောပြနေတော့ သူ စိတ်မကောင်း ဖြစ်သွားမိသည်။ - အမေရယ် အဲလောက် စိတ်ပူစရာ မလိုပါဘူး... ခုလည်း သားတို့ ပြန်ရောက် နေပြီပဲဟာ... - သူပြောတော့ - အေးလေ... ခုတော့ သားတို့ ပြန်ရောက်လာတာကိုး...။ ဒါပေမယ့် အမေ့ ခံစားချက်ကို သားတို့ ခုတော့ ဘယ်နားလည်နိုင်မလဲ။ သားတို့ ကိုယ်တိုင် မိဘနေရာကို ရောက်ပြီး သားတွေ သမီးတွေ ရတဲ့အခါကျမှ သိကြမှာပါ... မင်းတို့ ကိုယ်တိုင် အဖေတွေ အမေတွေ ဖြစ်တဲ့အခါ ကိုယ်တွေ့တွေကို ကြုံတဲ့အခါ သိကြ မပေါ့ကွယ်... - ပြောပြီး အမေက ကွပ်ပြစ်မှ ထကာ အိမ်ခန်းထဲ ၀င်သွားလေသည်။

ဘာပဲဖြစ်ဖြစ် ညဥ့်နက်လာတော့ အိပ်ချင်နေပြီ။ အမေ့စကားတွေကိုလည်း သိပ် အလေးအနက် သူ မစဉ်းစားမိပါ။ အိပ်ယာထဲဝင်ရင်း ခေါင်းအုံးပေါ် သူ့ခေါင်းကို တင်လိုက်သည်နှင့် သူ အိပ်မော ကျသွား လေသည်။ အိပ်မက်ထဲမှာတော့ မီးဆလိုက်ရောင်စုံတွေဖြင့် လှပနေသော စင်မြင့်ပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော် ပါးပါးကြီး ဂစ်တာတီးနေသော သူ့ကိုယ်သူ ပြုံးပြုံးကြီး ပြန်တွေ့လိုက်သေးသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ခုတလော သတင်းတွေထဲမှာ ပြန်ပေးဆွဲသည့် သတင်းတွေကို မြင်နေ တွေ့နေ ဖတ်နေရသည်။ တော်ကြာ ဘယ်နေရာမှာ ဘယ်သူ့ကို ပြန်ပေးဆွဲသွားပြန်ပြီ။ ပြီးတော့ ဘာတွေ မဖွယ်မရာ လုပ်ပြီး သတ်လိုက်ပြန်ပြီ။ စသည်ဖြင့် သတင်းတွေက ထိတ်လန့်စရာတွေချည်း။ ကြည့်လိုက်တော့ ပြန်ပေးဆွဲခံရသူ အများစုက ၁၂ နှစ်အောက် ကလေးတွေချည်း ဖြစ်နေသည်။

သည်လိုနဲ့ ပြန်ပေးသတင်းတွေကို ရုပ်မြင်သံကြားမှာဖြစ်ဖြစ် အွန်လိုင်းမှာ ဖြစ်ဖြစ် မြင်ရ တွေ့ရ ဖတ်ရသည့် အခါ မှတ်ချက် ချဖြစ်သည်က - ကလေးတွေမို့လို့ ပြန်ပေးဆွဲခံရတာကိုး - ။ ဒါပေသည့် အဲသည် မှတ်ချက်က တနေ့တော့ တစစီဖြစ်သွားသည်။ - ၁၇ နှစ်သား တယောက် ကျောင်းကနေ အိမ်အပြန်မှာ ပြန်ပေး ဆွဲခံရသည်- တဲ့...။ ပြီးတော့ မဖွယ်မရာအလုပ်ခံရပြီး အသတ်ခံလိုက်ရသည်။ သည်နိုင်ငံက ၁၇ နှစ်သား ဆိုသည်က ကျားကိုးစီး စား မကုန်နိုင်လောက်အောင် အရပ်မြင့်မြင့် အကောင် အကြီးကြီးတွေ။ သည် ၁၇ နှစ်သားကို ကျောင်းကနေ အိမ်အပြန်လမ်းမှာ ပြန်ပေးဆွဲသွားပြီး မဖွယ်မရာတွေလုပ် သတ်ပစ်လိုက်သည် ဆိုတော့။ ၁၂ နှစ်သာ ရှိသေးသော ငါ့ သားလေးသာဆိုရင် ဘယ်လို လုပ်မလဲလို့ ကိုယ့်ဘာသာကိုယ် မေးနေမိသည်။

တခါတခါလည်း သားကလေးတွေ မွေးထားတာကို ကိုယ့်ဘာသာ ကိုယ် စိတ်ချ ဂုဏ်ယူ နေမိသေးသည်။ ဘာမှ စိတ်ပူစရာ မရှိဘူး။ ဆူးတွေဆိုတော့ ဘာပူစရာလိုသလဲ။ ခုတော့ ပူရတော့မှာပါလား။ ခုတော့ ကျားကျား မမ ကလေးတွေအားလုံး စိတ်မချရတော့ပါ။ သည်တော့ ကိုယ့်သားကို ကိုယ် စိတ်မချတော့။ အမြဲတမ်းလည်း ပြောဖြစ်နေသည် - သား ဘယ်သွားသွား ပတ်ဝန်းကျင်ကို သတိထား။ သူစိမ်းတွေကို စကား မပြောနဲ့...။ တယောက်ထဲ မနေနဲ့။ လူတွေကြားထဲမှာနေ... ။ တခုခု ဖြစ်ရင် ကယ်ကြပါလို့ အကျယ်ကြီး အော်ပြီး လွတ်အောင်ပြေး... - စသည်ဖြင့် သင်ပေးနေမိသည်။ - စိတ်ချပါ ပါပါးရဲ့..သား ဘာမှ မဖြစ်ပါဘူး..- ပြောနေသော သားကြီးကို စိတ်တော့ ချမိနေသေးသည်။

သည်လိုနဲ့ ကျောင်းတွေ လွှတ်လေ့ရှိသော နေ့လည် ၂ နာရီကျော် အချိန်တွေမှာ လမ်းတွေမှာ ကျောင်းသူ ကျောင်းသားတွေနဲ့ သည် ကျောင်းသူ ကျောင်းသား တွေကို လာကြို ကြသော မိဘ ဆွေမျိုး သားချင်းများ၊ ကျောင်းသူ ကျောင်းသားတွေ လမ်းဖြတ် ကူးသည့်အခါ လုံခြုံ စိတ်ချ ရအောင် ကူညီပေးကြသော Crossing Guards တွေနဲ့ ပြည့်နှက် ဆူညံ ရှုပ်ထွေးနေလေ့ ရှိလေသည်။ ဒါကို နေ့စဉ်တွေ့နေရတော့ သားကြီး အတွက်တော့ အိမ်အပြန် လမ်းကို စိတ်ချနေမိသည်။ သူ့သားကြီး တက်သော အလယ်တန်းကျောင်းကလည်း အိမ်နဲ့ block ၂ ခုသာ ခြားသည် မဟုတ်လား။ သည်တော့ ယေဘူယျအားဖြင့် နေ့လည် ၂း၃၀ ကျော်ကျော်ဆို သားကြီးက အိမ်ကို ပြန်ရောက်လေ့ ရှိလေသည်။

သည်နေ့တော့ ၃ နာရီကျော်လည်း သားကြီး ပြန်မရောက်လာသေး။ သည့်တိုင်အောင် သူ စိတ် မပူ မိသေး။ သို့သော်လည်း ၃း၃၀ ကျော်လာသည့်အခါ သူ စိတ်ပူစ ပြုလာသည်။ ဘာကြောင့် နောက်ကျနေတာလဲ။ သည်လိုနဲ့ သားကြီးနဲ့ အတူ ပြန်လာလေ့ရှိသော Steve ကို သွားမေးသည်။ သည်နေ့တော့ သားကြီးနဲ့ သူ မတွေ့ဟု Steve ကပြောလေသည်။ အိမ်နဲ့ ကျောင်း အပြန်လမ်းမှာ သားကြီး ပျောက်နေလေပြီ။ ဘယ်ကို ရောက်သွားလဲ။ သူ့ရင်မှာ ပူလောင်နေလေပြီ။ အမှန်တော့ ၃နာရီ မတိုင်ခင် ရောက်လာရမှာ။

ဘာတွေဖြစ်ကုန်ပြီလဲ။ သားကြီးကို ဘာတွေဖြစ်ကုန်ပြီလဲ။ What happened to my beloved son? သူ့ ရင်တွေ အလွန်တရာ ပူ နေလေပြီ။ ရဲကို အကြောင်းကြားရတော့မလား။ ရဲကို အကြောင်းကြားလိုက်ရင်လည်း နောက်ဆုံး ပြန်ရတာကတော့ အလောင်းပဲ။ သည်လို တွေးမိတော့ သူ့ နှလုံးသားတွေ တဆတ်ဆတ် တုန် သွားသည်။ သည် အတွေးအတွက် ရေခဲ အိုင်တခုထဲ သူ့ကို ပစ်ချတာ ခံလိုက်ရသလို သူ့တကိုယ်လုံး အေးခဲသွားလေသည်။

မဟုတ်သေးဘူး... မဟုတ်သေးပါဘူး... မင်း ကိုယ့်ဘာသာကိုယ်.. ခေါင်းအေးအေး ထားစဉ်းစားစမ်း...။ သူ့ကိုယ်သူ သူပြန် ပြောနေရသည်။ ခုက ဘာမှဖြစ်သေးတာမဟုတ်ဘူး။ သေချာစဉ်းစားဦး။ သူငယ်ချင်းတွေ အိမ်တွေကို သူ လျှောက်သွားမိသည်။ သားကြီး ရှိလား...။ ဘယ်အိမ်မှာမှ မရှိ။ သက်တူ ရွယ်တူ တွေ အိမ်တွေမှာ ကလေးတွေ အားလုံးက အိမ်ပြန်ရောက်နေကြပြီ။ - ဘယ်မလဲ သားကြီး... - ခုထိ အိမ်ကို ပြန် မရောက်သေး။ သည်လိုလိုက် စုံစမ်းရင်း ၄ နာရီထိုးကာနီးလောက်မှာ အိမ်ကို သူုပြန်ရောက်လာသည်။ သူ့ နှလုံးသားတွေက ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေ သည်။ သူ အသက်ရှုမ၀တော့... ။

သူ့ ဘ၀မှာ အခြောက်ခြားဆုံး အချိန်အဖြစ် သူခံစားနေရဆဲမှာပင် တံခါးခေါက်သံကို သူ ကြားလိုက်ရသည်။ တံခါးဖွင့်လိုက်တော့ သူ့ သားကြီး... ။ - မင်း ဘယ်လျှောက်သွားနေတာလဲ... ငါ့မှာ ဘယ်လောက် စိတ်ပူ နေရသလဲ... မင်း သိရဲ့လား... - သူ့ စကားသံက တုန်ခါ နေသည်ကို သူ ကိုယ်တိုင် သိသည်။ - ဘယ်မှ မသွားပါဘူး ပါပါးရဲ့... Music Class မှာပဲလေ.. - အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် သူ့ကို ပြန်ပြောနေသည့် သားကြီးကို စကား တခွန်းမှ မပြောနိုင်ပဲ သူ ကြည့်နေမိသည်။

အခုတော့ အမေ့ကို သူ ပြင်းပြင်းထန်ထန် သတိရနေမိသည်။

အမေ... အမေ ပြောခဲ့တဲ့ ကိုယ်တွေ့ပါ အမေ... လို့ အသံမဲ့ သူပြောနေမိလေသည်။

အမေကတော့ ကြားနိုင်မည် မထင်တော့...



Apr 2, 2009

တက်ဂ်လို့ရေးတဲ့စာ -၇

ကိုရင်နော်နဲ့ မခင်လေးက ဒုတိယအကြိမ်ထုတ်ဝေခြင်း (သို့) ဆားချက်ခြင်း ဆိုတဲ့ ပို့စ်နဲ့ Tag လုပ်လိုက်လို့ ရေးခဲ့ဖူးသမျှတွေထဲမှာ ဘာတွေ ပြန်ပြီး ထုတ်ဝေရကောင်းမလဲ စဉ်းစားမိပါတယ်။ ဒါနဲ့ သူတို့ရဲ့ ဒုတိယ အကြိမ် ထုတ်ဝေလိုက်တဲ့ ပို့စ် ၂ ခုကို ဖတ်လိုက်တော့ ကြောင်လေးတွေ အကြောင်းနဲ့ တွေးစရာ လေးတွေ ပါတဲ့ ပို့စ် ၂ ခု ဖြစ်နေတာနဲ့။ အဲလိုမျိုး ခပ်ဆင်ဆင်ဖြစ်တဲ့ ကျနော်ရဲ့ ပထမဆုံးသော ၀တ္ထုတိုလေး တခုလည်း ဖြစ်၊ ကြောင် ဆိုတဲ့ နံမည်လည်းပါ၊ ကိုယ်တိုင်လည်း အကြိုက်ဆုံး ဖြစ်တဲ့ ၂၀၀၈ ခုနှစ် မေလ (၂၆) ရက်က တင်ခဲ့တဲ့ လူတကောင်၊ ကြောင်တယောက်နဲ့ ပြတင်းပေါက်တချပ် ဆိုတဲ့ ပို့စ်လေးကို ဒုတိယအကြိမ် ထုတ်ဝေ လိုက်ပါတယ် - သို့မဟုတ် - ဆားချက်လိုက်ပါတယ်။ ကိုရင်နဲ့ ခင်လေးလည်း ကျေနပ်မယ် ထင်ပါတယ်။ မဖတ်ရသေးတဲ့ သူတွေလည်း ဖတ်ရတဲ့အခါ ကျေနပ်မယ် ထင်ပါတယ်။ ဖတ်ပြီးသူတွေကိုတော့ တောင်းပန်ပါတယ်...း)

အလွန် အေးလွန်းသော သည် မြောက်ပိုင်းပြည်နယ်ကို သူ စိတ်ပျက်လွန်းလှသည်။ အစား အသောက်တွေက ဈေးပေါ သော်ငြား အအေးဒဏ်ကို သူ့ သားလေးတွေက မခံနိုင်ကြ။ နှုတ်ခမ်းတွေ ကွဲပြီး သွေးတွေ စို့နေ သည်မှာ မြင်လို့ မကောင်း။ ပူအိုက် စွတ်စိုသော ရာသီဥတု ရှိရာ အရပ်မှာ ကြီးပြင်းခဲ့ကြရသူများမို့ သည် ပြည်နယ်က သူတို့ မိသားစုအတွက် တခြား ကမ္ဘာ တခုလို ဖြစ်နေသည်လေ။ ရာသီ ဥတုကို သူ ဂရု မစိုက်ပေမင့် သူ ကိုယ်တိုင် သည်ပြည်နယ်ကို မကြိုက်နိုင်တာ တခု ရှိနေလေသည်။ ကားမောင်းရ ခက်ခဲခြင်း။ ရေခဲနဲ့ နှင်းတွေ အပေါ်မှာ ကားကို ဘရိတ် အုပ်လို့မရ။ ဘရိတ်သာ အုပ်ထားသည် - စတီရာရင်ကိုသာ ဆွဲထားသည် - ကားက သွားချင်ရာကို သွားနေလေသည်။ အက်ဆီးဒဲင့်တွေကိုလည်း သူ့ရှေ့မှာ မရေ မတွက် နိုင်အောင် တွေ့နေခဲ့ဖူးပြီ။ အရပ်တကာမှာ ရေခဲနဲ့ နှင်း။ ဘယ်နေရာနင်းနင်း ဒင်းတို့နဲ့ မလွတ်။ ကား မောင်းရင်လည်း မမောင်းခင် ကားဝင်းဒ်ရှီးလ်ဒ်တွေပေါ်မှာ အခန့်သား နေရာ တက်ယူ ထားတတ်သည့် ဒင်းတို့ကို အရင် ခြစ်ထုတ် ရသေးသည်။ လမ်းပေါ် ကိုယ့်ကား ရောက် အောင်လည်း ဒရိုက်ဗ်ဝေးမှာ ရှိနေသည့် ဒင်းတို့ကို အရင် မြေလှန် ရသေးသည်။ နိစ္စဓူဝ။ ကြာတော့လည်း ဒါတွေကို သူ စိတ်ပျက် လာသည်။

သည်လိုနဲ့ နီးစပ်ရာ သူငယ်ချင်းတွေကို လှမ်းဆက်သွယ် စုံစမ်းရင်း ကိုယ့်တိုင်းပြည်နဲ့ ရာသီဥတု အကြမ်းဖျင်း တူညီသည့် တောင်ပိုင်း ပြည်နယ်တခုကို သူတို့ မိသားစု ရွှေ့ပြောင်းဖြစ်ခဲ့သည်။ ရေခဲသေတ္တာပြည်နယ်နဲ့ ဝေးရာ သည်မြို့လေးက သေးငယ်သော်လည်း သပ်ရပ်သန့်ရှင်း နေသည်။ သူ နေခဲ့ဖူးသမျှ မြို့များနဲ့ တခြားဆီ။ တိတ်ဆိတ်သည်။ လူတွေ များများစားစား မတွေ့ရ။ မျက်စေ့နောက်စရာတွေလည်း သိပ်မရှိ။ ရာဇ၀တ်မှုကလည်း နည်းသည် (စာရင်း ဇယားတွေ အရ)။ ပင်လယ် ကမ်းခြေနဲ့လည်း နီးသေးသည်။ သည်လိုနဲ့ သည်မြို့လေးမှာ သူ့မိသားစုကို အခြေချဖို့ သူ ဆုံးဖြတ်လိုက်သည်။ ဇနီးသည်ကလည်း သဘော တူလေသည်။ သည်လိုနဲ့ သည်မြို့လေးကို သူပြောင်းရွှေ့ ရောက်ရှိနေခဲ့သည်မှာ ဆယ်နှစ်ပင် ရှိရော့မည်။ သည်နှစ်များအတွင်း အလုပ်တခုပြီးတခု သူ ပြောင်းလုပ်ဖြစ်ခဲ့သည်။ အလုပ်သစ် တိုင်းက ၀င်ငွေပိုများသည့် အလုပ်တွေပဲ ဖြစ်သည်။ အခုလည်း နောက်ထပ် ၀င်ငွေ ပိုရသည့် အလုပ်သစ် တခုကို သူရခဲ့သည်။

အလုပ်အသစ်ရတော့ သူ အိမ်ပြောင်းဖို့ လုပ်ရလေသည်။ သူ့ အလုပ်အသစ်နဲ့ အနီးဆုံး နေရာတခုမှာ အပတ်မဲင့်တခု ရှာတွေ့ပြီးတဲ့နောက် သူအိမ်ပြောင်းခဲ့သည်။ သူနေတဲ့ အပတ်မဲင့်နဲ့ အလုပ်သစ်က ၁၅ မိနစ်စာ လမ်းလျှောက်သွားရုံသာ ဝေးလေသည်။ အလုပ်က မနက် ၇ နာရီခွဲ စတော့ အိမ်က ၇ နာရီ ၁၅ မိနစ်ဆိုရင် သူ စထွက်ရပြီ။ အလုပ်က နေ့လည် ထမင်းစားချိန် တနာရီရသည်။ နေ့လည် ၁၂ နာရီဆိုရင် သူ အိမ်ပြန် ထမင်းစားသည်။ ခဏ နားပြီးတော့ အလုပ်ကို ပြန်သွား။ ညနေ ၅ နာရီဆို အလုပ်သိမ်း အိမ်ပြန်လာ။ သည်လိုနဲ့ သူ့ အပတ်မဲင့်နဲ့ အလုပ်ကို တနေ့တနေ့ အသွားအပြန် ၂ခေါက် နေ့တိုင်း လျှောက်ဖြစ်နေသည်။ သို့ပေမယ့် သည်မြို့မှာက လမ်းပေါ်မှာ လမ်းလျှောက်သူက နည်းပါးလွန်းလှသည်။ အလွန် ရှားရှားပါးပါး တွေ့ရခဲ လေသည်။ လူအားလုံးက ကားတွေနဲ့ချည်း သွားလာနေကြသည်။ တခါတခါ ကျန်းမာရေးအတွက် လမ်းလျှောက်သူ၊ ဂျော့ဂင်း လုပ်နေသူ တချို့က လွဲလို့ လမ်းပေါ်မှာက ကားတွေ ချည်းသာ။ သူကတော့ ကားရှိပေမယ့် အလုပ်နဲ့ အိမ်က နီးတာ တကြောင်း၊ ဓါတ်ဆီ ချွေတာရာလည်းကျ၊ ကျန်းမာရေး အတွက် လည်း ကောင်းတဲ့အတွက် အလုပ်ကို လမ်းပဲ လျှောက်သွားဖြစ်နေသည်။

အလုပ် စ၀င်ကာစကတော့ အလုပ်အသစ်ဖြစ်နေလို့ အလုပ်ကိစ္စက အဓိကဖြစ်နေတော့ သူ့ အပတ်မဲင့် ပတ်ဝန်းကျင်ကို သူ သတိ မထားမိသေး။ နောက် တပတ်လောက် ကြာလာတော့ သူလည်း ပတ်ဝန်းကျင်ကို စပြီး အကဲခတ်မိလာသည်။

အဲသည်မှာ သည်ငတိကို သူ သတိထားမိသွားခြင်းပဲဖြစ်သည်။ သူ့အလုပ်က တပတ် ၆ ရက် လုပ်ရသည်။ တနင်္ဂနွေ တရက်မှအပ နေ့တိုင်း သူ့ အပတ်မဲင့်နဲ့ အလုပ်ကြား အသွားအပြန်လုပ်တိုင်း သူ့အပတ်မဲင့်နဲ့ ကပ်ရက်ရှိနေသော ဒုတိယအပတ်မဲင့်ရဲ့ ပထမဆုံး ပြူတင်းပေါက်မှာ သူ့ကို အပေါ်စီးက ကြည့်နေသော သည်ငတိကို တွေ့နေရလေသည်။ ပြူတင်းပေါက် ဘောင်မှာ ထိုင်လျက် သူ့ကို စိမ်းစိမ်းကြီးစိုက်ကြည့်လို့။ သူ အလုပ်ဆင်းတဲ့နေ့တိုင်း အပတ်မဲင့်နဲ့ အလုပ်ကို အသွားအပြန် ၂ ခေါက် လျှောက်နေရတော့ သည်ငတိကို တနေ့ ၄ ကြိမ် သူတွေ့နေရသည်လေ။ အခုဆို အလုပ်သစ်ကို လုပ်နေခဲ့သည်မှာ တနှစ် ကျော်လာခဲ့ပြီ။ သည် ငတိကို တနေ့ ၄ ကြိမ် တွေ့နေရတာကလည်း တနှစ်ကျော်လာပြီ။ ဘယ်အချိန်ကြည့်ကြည့် သည်ငတိကို ပြူတင်းပေါက်မှာချည်း တွေ့တွေ့နေရလေသည်။ ဘယ်အချိန် တွေ့တွေ့ သည်ငတိကတော့ သူ့ကို စောင့်ကြည့် နေတာချည်း။ သူ အဲလိုပဲ ခံစားနေရလေသည်။ အဲသည် ငတိမှာ တခြားအလုပ်လည်း ရှိပုံမရလေ။

ကြာလာတော့ သည်ငတိအပေါ် သူ မနာလိုစိတ် နည်းနည်း စဖြစ်လာလေသည်။ သူ့မှာက တပတ် ၆ ရက် အလုပ်လုပ်နေရပြီး သည်ငတိကတော့ ဘာအလုပ်မှ မလုပ်ရပဲ တနေ့နေ့ ပြူတင်းပေါက်မှာနေပြီး သူ့ကို ထိုင်ထိုင်ကြည့်နေတာပဲရှိသည်။ ကြည့်ရတာ တနေ့လုံးပဲ အဲဒီမှာ လူတွေကို ထိုင်ကြည့်နေသလားတောင် မသိ။ သူ့လို ဘ၀မျိုးသာ ငါရကြည့်ပါလား။ သူ့လိုမျိုး ပြူတင်းပေါက်မှာ အချိန်ထိုင်ဖြုန်းနေမယ့်အစား တခြား ၀ါသနာပါတာတွေ အများကြီး လုပ်ဖြစ်မှာပဲလို့ သူတွေးနေမိသည်။ ကဗျာတွေရေးမယ်၊ သီချင်းတွေ စပ်မယ်၊ စာတွေလည်း အများကြီးဖတ်ဖြစ်မှာပဲ။ အမယ်လေး - ကောင်းလိုက်တာ - အဲလိုဘ၀မျိုးကို ငါကျတော့ ဘာလို့ မရတာလဲ-လို့လည်း သူ့ဘာသာ စဉ်းစားနေမိသည်။ ပြီးတော့ ဆက်စဉ်းစားရင်း သည်ငတိ ကြည့်ရတာ မိသားစုလည်း ရှိပုံ မပေါ်ဘူး-လို့လည်း တွေးမိလိုက်သေးသည်။

သည်နေ့လည်း အလုပ်ကအပြန် တာဝန်တခုလို အဲဒီပြူတင်းပေါက်ကို ကြည့်လိုက် မိသေးသည်။ ထုံးစံ အတိုင်း ငတိက သူ့ကို ငုံ့ကြည့်နေသည်။ သူကလည်း ပြန်မော့ကြည့်ရင်း ပြုံးပြလိုက်ရရင် ကောင်းမလားလို့ အူကြောင်ကြားနဲ့ စဉ်းစားမိလိုက်သေးသည်။ သည်ငတိကတော့ သူပြုံးပြသည့်တိုင် သူ့ကို ပြန်ပြုံးပြမယ့် ပုံတော့ မရှိလေ။ အိမ်ရောက်တော့ ဇနီးသည်ကို သည်ငတိ အကြောင်း ပြောပြလိုက်သေးသည်။ ဇနီးသည်ကတော့ - အို သူက ဖြတ်သွားတဲ့ လူတိုင်းကို စောင့်ကြည့်နေတာဖြစ်မှာပေါ့။ ရှင့် တယောက်တည်း ကိုပဲ စောင့်ကြည့်နေတာ မဖြစ်နိုင်ပါဘူး။ လျှောက်ပြီး အတွေးကြောင် မနေစမ်းပါနဲ့။ ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ - လို့ မှတ်ချက်လိုလို အမိန့်လိုလိုပေးလေသည်။

သည်လိုနဲ့ သူ့ရင်ထဲမှာ အစိုင်အခဲတခု ဖြစ်နေလေတော့သည်။ သည်ငတိကြောင့်ပေါ့။ သည်ငတိနဲ့သူ မတူတဲ့ ဘ၀တွေ ရှိနေတာကြောင့်။ ဘ၀တွေက ဘာလို့ မတူကြရတာလဲ၊ ဘယ်သူက မတူအောင် လုပ်လိုက်တာလဲ၊ ဘာကြောင့် လုပ်တာလဲ၊ ငါ့ကျတော့မှ လယ်ထွန်ရတဲ့ နွားတကောင်လိုပဲ ရုန်းကန်နေရတယ်။ တကယ်တော့ ငါဟာ လူတယောက် မဟုတ်တော့ဘူး။ ငါဟာ တိရိစ္ဆာန်တကောင်ပဲ၊ ငါဟာ ဘ၀အတွက် တိရိစ္ဆာန်တကောင်လို အတင်းရုန်းနေရတယ်။ ပြောရရင် ငါဟာ လူတကောင်ပေါ့။

---------

တခါတခါတော့ ရှင်သန်နေရတာကို သူလည်း စိတ်ကုန်လေသည်။ မိခင် နဲ့ ဖခင်ကိုတောင် ဘယ်သူမှန်း မသိခဲ့ရလေသော သူ့ဘ၀ကို သူ စိတ်နာသည်။ အခု သူ့ကို မွေးစားခဲ့သော မိခင်ဖြစ်သူက သူ့ကို မိဘမဲ့ ဂေဟာမှ အပြီးအပိုင် တရားဝင် စာရွက်စာတမ်းနဲ့ မွေးစားခဲ့ခြင်း ဖြစ်လေသည်။ လောကကြီးဆိုတာကို သူ စတင် မှတ်မိသော အချိန်က မိဘမဲ့ ဂေဟာမှာ သူ ရောက်နေခဲ့ပြီးပြီလေ။ မိဘမဲ့ ဂေဟာမှာတော့ အားလုံးက ဘ၀တူသူတွေချည်း။ မိဘဆိုတာကို ဖြူသလား မည်းသလား သိဖူးသူ တယောက်မျှ မရှိရ။ သည့်အပြင် သည်မိဘမဲ့ဂေဟာကိုတောင် ကိုယ်တွေ ဘယ်လို ရောက်လာခဲ့တာလဲ-ဆိုတာကိုတောင် ဘယ်သူကမှ မသိကြ။ အားလုံးက မွေးကင်းစဘ၀မှာ ဒီနေရာကို ရောက်နေခဲ့ကြရသူတွေ။

မိဘမဲ့ဂေဟာမှာတော့ အားလုံးက ကိုယ့်အခန်းလေးတွေနဲ့ ကိုယ် နေကြရသည်လေ။ ဘာကြောင့် တခန်းစီ နေကြရတာလဲတော့ သူလည်း မသိပေ။ ဖြစ်နိုင်တာက တစုံတရာ ပြသနာ ရှိလို့ပဲဖြစ်မည်။ သေချာတာ တခုကတော့ မည်သူမျှ တခန်းထဲ အတူမနေကြရခြင်းပင်။ အားလုံး ကိုယ့်အခန်းနဲ့ကိုယ်။ မိဘမဲ့ဂေဟာကို တာဝန်ယူထားကြသူများက အရာအားလုံးကို စီစဉ်လေသည်။ သူတို့အားလုံးက ထိုသူများ စီမံခန့်ခွဲသည့်အတိုင်း လိုက်လုပ်ကြရုံသာ။

သည်မှာ ရီစရာကောင်းတာလား- ၀မ်းနည်းစရာကောင်းတာလား- သူလည်း မပြောပြနိုင်သော ကိစ္စတခု ရှိသေးသည်။ သူတို့ အားလုံးမှာ မိဘမဲ့များဖြစ်ကြသည့်အလျောက် အမည်လည်း မဲ့ကြသည်လေ။ သည့်အတွက် ဂေဟာမှ တာဝန်ရှိသူများက သူတို့အားလုံးကို မတူသော နံမည်တခုစီ ပေးထားလေသည်။ ထို နံမည်များကလည်း သူတို့ရဲ့ သွင်ပြင်လက္ခဏာ၊ ထူးခြားမှုတခုခု အစရှိသည်တို့အပေါ် အကြောင်းပြုပြီး ပေးထားခြင်း ဖြစ်လေသည်။ ခပ်ဖြူဖြူ ငတိက ငဖြူ။ ခပ်မဲမဲ ကောင်က ငမဲ။ ခပ်၀၀ ပုဂ္ဂိုလ်ကိုတော့ င၀-စသည်ဖြင့်ပေါ့။ နံမည်တွေက အမျိုးစုံပါပဲ။ သူကတော့ ဒီကိစ္စအပေါ်မှာ သိပ်ပြီး ရေးကြီးခွင်ကျယ် သဘောမထား၊ ဘာကြောင့်လဲဆိုတော့ ဘယ်လိုပဲ နံမည်တွေ ပေးပေး နံမည်တွေကွဲကွဲ ဘ၀တွေက အတူတူပဲ မဟုတ်လား။ သည်တော့ သူ့ကို ဘာနံမည်ပေးထားမှန်းတောင် သူ သတိမထားမိပေ။ သူ့ကို ကြည့်ပြီး နံမည်တခုခု ရွတ်နေပြီဆို ဒါ ငါ့ကို ခေါ်တာပဲလို့ သူသိနေသည်လေ။ သူက အဲသည်လို ငတိဖြစ်လေသည်။

သည်လိုနဲ့ လောကကြီးကို သူ စတင်သိရှိခဲ့ရာ မိဘမဲ့ဂေဟာမှ မွေးစားမိခင်၏ အိမ်ဂေဟာသို့ သူ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်။ သူ့မွေးစားမိခင်က သူကို တနေ့ အစား ၃ နပ်ကျွေးလေသည်။ သူမ အလုပ်မသွားခင် သူ့ကို ထွေးပိုက်ပြီး မနက်စာကျွေးသည်။ သူ့ကို ဆံပင်တွေ ဘာတွေ ဖီးသင်ပေးသည်။ နောက် နေ့လည်စာအတွက် အဆင့်သင့် ပြင်ဆင်ပေးသွားပြီး - အမေ သွားပြီနော်။ သား- အိမ်မှာ ကောင်းကောင်းနေ။ ညနေကျရင် ပြန်တွေ့မယ် ဟုတ်လား- သူမ ပြောနေကျ စကားကို ပြောပြီး ထွက်သွားလေသည်။ သည့်နောက်တော့ သူမ ပြန်မရောက်လာမချင်း သည်အိမ်ထဲမှာ သူ လုပ်ချင်ရာ လုပ်နိုင်သည်လေ။ တခု တွေးကြည့်လျင်တော့ အတော် သက်တောင့် သက်သာရှိပြီး လွတ်လပ်သည့် ဘ၀လို့ပဲ ပြောရပေမည်။ သူ့မှာ ဘာတာဝန်မှလည်း မရှိ၊ လုပ်စရာလည်း ဘာတခုမှ မရှိ။ လုပ်ချင်တာ အားလုံးကို သည်အိမ်အတွင်းမှာ သူလုပ်နိုင်သည်လေ။ သည် အိမ်ကို စရောက်ခါစကတော့ သူ အလွန်ပျော်သည်။ ဂေဟာမှာလို မဟုတ်တော့ အတော့်ကိုပင် လွတ်လပ်မှုအရသာကို သူ ချိုမြိန်နေခဲ့မိသည်။

သည်လိုနဲ့ ရက်တွေ ဘယ်လောက် ကုန်လာမှန်း သူမသိတော့။ ကြာလာတော့ နေ့စဉ် သူဖြတ်သန်းနေရသည့် ပုံမှန်လည်ပတ်မှုများကို သူ စတင် ငြည်းငွေ့လာမိလေသည်။ နေ့စဉ် မနက်စာစား။ ပြီးတော့ နေ့လည်စာ။ ပြီးတော့ သူ့ မွေးစားမိခင်ပြန်လာရင် ညစာစား။ ပြီးရင် အိပ်။ နိစ္စဓူဝ သည်လိုပဲ လည်ပတ်နေလေသည်။

သည်လိုနဲ့ တနေ့သားတော့ မနက်စာ စားအပြီး သူနေ့စဉ် လုပ်နေကျ အလုပ်တခုကို ရပ်နားလိုက်ပြီး မနက်စာ စားနေကျ စားပွဲနားက ပြူတင်းပေါက်ဆီ သူ ချဉ်းကပ်သွားမိသည်။ ပြီးတော့ ပြူတင်းပေါက်မှာ အလှဆင်ထားသည့် ကန့်လန့်ကာတွေကြားမှ သူ့ကိုယ်ကို တိုးဝှေ့လိုက်ရင်း ပြူတင်းပေါက် ဘောင်ပေါ်မှာ သူထိုင်လိုက်မိသည်။ အိုး..... သည်တော့မှ သူ့ အိမ်ခန်းနဲ့ မတူတဲ့ တခြားကမ္ဘာတခုကို သူ စတင် တွေ့လိုက်ရလေသည်။

သူ့အရှေ့မှာ မြင်နေရသည်က ကွက်လပ်တခုနဲ့ ကတ္တရာလမ်းတခု။ ကွက်လပ်ထဲမှာ ကားတချို့ ရပ်ထားတာကို သူ တွေ့နေရသည်။ အမှန်ကတော့ သည်ကွက်လပ်က ကားတွေ ရပ်နားသည့် ပတ်ကင်းလော့ တခုသာဖြစ်သည်။ ဒါပေသည့် သူက ကား မမောင်းတဲ့ကောင်၊ ကားအကြောင်း မသိတဲ့ကောင် ဖြစ်လေတော့ ပတ်ကင်းလော့မှန်းတောင် မသိ။ ကတ္တရာ လမ်းပေါ်မှာတော့ ကားတစင်းစ နှစ်စင်းစ ဖြတ်သန်း မောင်းနှင်သွားနေသည်။ သည်လိုနဲ့ သူ့ အာရုံကို ပြူတင်းပေါက်မှ မြင်နေရသည့် အရာများဆီသို့ စူးစိုက်ထားခဲ့မိသည်။ သည်လိုနဲ့ ကမ္ဘာသစ်တခုကို ပြူတင်းပေါက်မှတဆင့် သူ စတင် ထိတွေ့ခွင့် ရသွားလေတော့သည်။ ထိုနေ့မှစပြီး သူ့မွေးစားမိခင် အိမ်မှ ထွက်သွားသည်နှင့် သူ့ နေ့စဉ်လုပ်သည့် အလုပ်က ပြူတင်းပေါက်မှ မြင်နေရသည့် ကွက်လပ်နှင့် ကတ္တရာလမ်းပေါ်မှ လှုပ်ရှားမှုများကို စောင့်ကြည့်ရခြင်း ဖြစ်သွားလေသည်။

သည်လို စောင့်ကြည့်နေရင်း နေ့စဉ် ကားမျိုးစုံကို သူတွေ့နေရသည်။ တခါတရံ ရေငှက်မျိုးစုံကို အုပ်လိုက် လျှောက်သွားရင်း အစာရှာနေကြတာ သူတွေ့နေရသည်။ တခါတခါလည်း ထိုရေငှက်များကို သူအရမ်း အားကျသည်လေ။ ကိုယ့်အစာ ကိုယ်ရှာ စားရတဲ့အရသာဟာ ဘယ်လိုနေသလဲ။ သည်မှာကတော့ ပင်လယ်ကမ်းခြေနဲ့ နီးနေတော့ ရေငှက်မျိုးစုံကို တနေကုန် တွေ့နိုင်နေသည်လေ။ ပုံမှန်အားဖြင့်တော့ သူ့ပြူတင်းပေါက်မှ နေ့စဉ် သူမြင်နေရသည်မှာ လွတ်လပ်စွာ အစာ ရှာဖွေစားသောက်နေသော မျိုးစိတ် မတူသော အမျိုးစုံသော ရေငှက်များ။ မည်သည့်အခါမျှ အရောင်၊ ပုံစံ၊ အရှိန်နှင့် နံပတ် မတူသော ကားများ။ သူမြင်နေသမျှ အရာအားလုံးက မည်သည့်အခါမျှ မတူသည်များသာ ဖြစ်နေလေသည်။ အချိန်တိုင်းမှာ အားလုံးက ပြောင်းလဲ နေကြသည်လေ။ မပြောင်းလဲသည်က သူ။

သည်လိုနဲ့ သူ့ ပြူတင်းပေါက်က မြင်နေရသော အမြဲပြောင်းလဲနေသည့် အရာများကြားမှာ တနေ့တော့ သည်လူကို သူ စတွေ့ခဲ့လေသည်။ သူ့ အိမ်ရှေ့က ကားလမ်းနဲ့ ကွက်လပ်ပေါ်မှာတောင် ကားတစီးကို တနေ့ ၂ ခါ သူမတွေ့ရ၊ သည်လူ့ကိုကျတော့ စတွေ့ခဲ့ရသည်နေ့ကစပြီး တနေ့ ၄ ကြိမ် တွေ့တွေ့နေရတော့ သူ မှတ်မိသွားလေသည်။ တရက်ပဲ သည်လူ ပျောက်သွားသည်။ သူစောင့် ကြည့်နေသော်လည်း နေ၀င်သည်အထိ သည်လူ ပေါ်မလာတော့။ ဘယ်နေ့လဲတော့ သူ မသိချေ။ နောက်တနေ့ကျတော့ သည်လူ ပြန်ပေါ်လာပြန်သည်။ သည်လိုနဲ့ နေ့စဉ်ရက်ဆက် ပြန်တွေ့ နေရပြန်သည်။ တခါ သည်လူ ပြန်ပျောက်သွား ပြန်သည်။ ညနေ နေ၀င်သွားပြီးသည်အထိ သည်လူ့ကို သူ မတွေ့ရတော့။ သူ့စိတ်ထဲ ၀မ်းနည်း သလိုလိုတောင် ဖြစ်လိုက်မိသေးသည်။ သို့သော်လည်း နောက်နေ့ မနက်ကျပြန်တော့ သည်လူ့ကို သူပြန်မြင်ရပြန်သည်လေ။ သည်လိုနဲ့ အချိန်တခုမှာ သည်လူ ပုံမှန် ပျောက်သွားတာကို သူ မှတ်မှတ် ရရ ရှိသွားတော့သည်။ စိတ်ထဲမှာလည်း ဒီလူ တရက် ပျောက်မယ်- ပြီးရင် နေ့စဉ် ပြန်ပေါ်လာမှာ-လို့ သူ နားလည်သွားသည်။

သည်လိုနဲ့ နေ့စဉ် သည်လူ့ကို သူ ထိုင်စောင့်ကြည့်ဖြစ်နေသည်။ အစောပိုင်း ရက်များကတော့ သည်လူက သူ့ကို သတိထားမိပုံ မရချေ။ သို့သော်လည်း နောက်ပိုင်း ရက်များမှာတော့ သည်လူက ဟိုကြည့် သည်ကြည့် စလုပ် လာလေသည်။ နောက်တရက်တော့ သည်လူနှင့် သူ မျက်နှာချင်း ဆိုင်မိသွားကြသည်။ သူကတော့ သူ့ ပြူတင်းပေါက်မှ တဆင့် အောက်သို့ ငုံကြည့်နေခြင်းသာ။ သည်လူကတော့ သူ့ကို မော့ ကြည့်နေလေသည်။

ထိုနေ့မှစ၍ သည်လူနဲ့သူု အကြည့်ချင်း ဆိုင်ဖြစ်နေသည်မှာ သူ့ ပြူတင်းပေါက်ရှေ့မှ သည်လူ ဖြတ်တိုင်း ဖြစ်နေလေတော့သည်။ သူ့ စိတ်ထဲမှာတော့ သည်လူက သူ့ အဖော် ဖြစ်နေလေပြီ။ သည်လူကလည်း သူ့လိုမျိုး ဖြစ်နေလေသည်လားတော့ မသိ။ သူ့ ပြူတင်းပေါက်ရှေ့ ရောက်တိုင်း သူ့ကို မော့်ကြည့်လေသည်။ သူကတော့ သည်ပြူတင်းပေါက်ပေါ်ကနေကြည့်ပြီး သည်လူ့ ဘ၀ကို အားကျမိနေသေးသည်။ စိတ်ထဲ စဉ်းစား နေမိသေးသည်က ဒီလူကတော့ တရက် ပျောက်သွားသေးတယ်။ ငါကတော့ တရက်မှ မပျောက်နိုင်ဘူး။ နေ့တိုင်း ဒီ ပြူတင်းပေါက်ကပဲ ထိုင်ကြည့်နေရတယ်။ ဒီလူ့ ဘ၀လိုမျိုးကို ငါကျတော့ ဘာလို့ မရတာလဲ။ သူစဉ်းစား မိလိုက်သည်။ အဖြေကတော့ မရှိ။ ပြူတင်းပေါက်ရှေ့မှာ တွေ့နေရသည့် ရေငှက်တွေကိုတောင် မဆီမဆိုင် သူ ကျိန်ဆဲလိုက်မိသေးသည်။ ဒီကောင်တွေကလည်း နေ့တိုင်းပဲ---ဟွန်း...။

----------

အိမ်မှန်ရင် တံခါးတပေါက်ကတော့ ရှိကိုရှိရသည်။ တံခါးမရှိရင် အိမ်မဟုတ်ရ။ ဒါကိုတော့ ဘယ်သူကမှ အဓိပ္ပါယ် သတ်မှတ်ထားခဲ့သည်မဟုတ်။ ဒါပေသည့် အခြေခံကျကျ ပြန်တွေးကြည့်လျင် အိမ်မှန်ရင် တံခါး တပေါက်တော့ ရှိရမည်။ ဒါမှလည်း သည် အိမ်ထဲသို့ ၀င်လို့ ထွက်လို့ ရမည် မဟုတ်လား။ တချို့အိမ်တွေမှာတော့ တံခါးက တခုထက်မက ရှိသည်လေ။ အိမ်ရှေ့တံခါး၊ အိမ်နောက်တံခါး-စသည်ဖြင့်။

နောက်ပြီး အိမ်မှန်ရင် ပြူတင်းပေါက် တခုတော့ အနည်းဆုံး ရှိကြရသည်။ ပြူတင်းပေါက် အရေအတွက်ကလည်း ယေဘူယျအားဖြင့် အိမ်မှာ အခန်းရှိသလောက် ပြူတင်းပေါက်တွေ ရှိကြသည်လေ။ ပြူတင်းပေါက် လုံးဝမရှိရင်တော့ ဒါ အိမ် မဖြစ်နိုင်ချေ။ တခြားတခုခုသာဖြစ်မည်။ ဥပမာ- အချုပ်ခန်း - ဒါမှ မဟုတ် အကျဉ်းထောင်- စသည်ဖြင့်။

ပြောရရင် တံခါးဆိုတာကတော့ အပြင်ကနေ အိမ်ထဲကို ၀င်ဖို့ - ဒါမှမဟုတ် အိမ်ထဲကနေ အပြင်ကို ထွက်ဖို့။ ပြီးရင် ၀င်စေချင်သူကို ၀မ်းသာအားရ ဖွင့်ပေးဖို့ - ဒါမှ မဟုတ် မ၀င်စေချင်သူကို အိမ်ထဲ ၀င်မလာနိုင်အောင် ပိတ်ဆို့ထားဖို့သာ ဖြစ်လေသည်။ ဒါက တံခါးရဲ့ အလုပ်။ တနည်းပြောရရင်တော့ တံခါးဆိုသည်မှာ လွတ်လပ် ကျယ်ပြန့်သော ပြင်ပလောကကြီးနဲ့ ကျဉ်းမြောင်း ကျပ်တည်းသော အိမ်ဆိုသည့် အရပ်တခုကို ဆက်စပ်ပေးသောအရာ - သို့မဟုတ် - အဆက် ဖြတ်ပေးသော အရာသာ ဖြစ်လေသည်။ ဒါကြောင့်မို့လည်း တံခါးပိတ်ဝါဒ၊ တံခါးပိတ်ထားသူ - စသည့် ဝေါဟာရများကို မြင်တွေ့ ကြားသိ နေကြရခြင်းဖြစ်သည်လေ။

ပြူတင်းပေါက်ကတော့ တံခါးက မလုပ်ပေးနိုင်သည့် အလုပ်များ- သို့မဟုတ် - တံခါးက လုပ်လို့ မဖြစ်သည်များကို လုပ်ပေးနေသော အရာတခုသာ ဖြစ်လေသည်။ ဥပမာ - အိမ်ထဲသို့ သန့်ရှင်းလတ်ဆတ်သော လေညင်း- သို့မဟုတ် - ကြည်လင်တောက်ပသော အလင်း-စတာတွေကို အိမ်ထဲသို့ ၀င်ခွင့်ပေးခြင်းမျိုး။ သို့သော်လည်း ပြူတင်းပေါက်နဲ့တံခါး မတူသည်များက ထူးခြားနေသေးသည်။ တံခါးက ပိတ်ဆို့နိုင်သည်၊ ဖွင့်ပေးနိုင်သည်။ တံခါးက ပြင်ပလောကနဲ့ အိမ်ကို ဆက်စပ်နိုင်သည် - အဆက်ဖြတ်နိုင်သည်။ ပြူတင်းပေါက်ကတော့ သည်လိုမဟုတ်၊ ပြူတင်းပေါက်က အိမ်ထဲမှာ ရှိနေသူကို ပြင်ပလောကကြီးကို ကြည့်ခွင့်ပေးသည်။ ပြင်ပလောကမှာ ရှိနေသူကိုလည်း အိမ်ထဲသို့ တပိုင်းတစ ရှုမြင်ခွင့် ပေးသည်။ ဒါပေသည့် ကျိန်းသေတာ တခုကတော့ ပြူတင်းပေါက်က ကြည့်ရှုယုံသာဖြစ်ပြီး ၀င်လို့ထွက်လို့မရ။

တနည်းပြောရရင် ပြူတင်းပေါက်က မတူသည့် ကမ္ဘာနှစ်ခုကို မည်သည့်အခါကမျှ ရောယှက်ခွင့် မပေးချေ။ အကျိုးဆက်အဖြစ် ပြူတင်းပေါက်တခုရဲ့ ဟိုဖက်သည်ဖက်မှာ ရှိနေသမျှ တဦးနဲ့တဦး မြင်ယုံသာမြင်ရပြီး မည်သည့်အခါမျှ နားလည်မှု ရလိမ့်မည် မဟုတ်ချေ။

(အောင်သာငယ်)

Apr 1, 2009

Conficker Worm နောက်ဆက်တွဲ

ဧပြီ (၁)ရက်နေ့လည်းကျော်သွားပါပြီ။ Microsoft Corp. က ဆုငွေ $250,000 ထုတ်ထားခဲ့တဲ့ နံမည်ကြီး Conficker Worm ကတော့ Network Security Experts တွေကို ရှုံးသွားတယ်လို့ ပြောနေကြပါတယ်။ ဧပြီ (၁) ရက်နေ့မှာ တကမ္ဘာလုံးမှာ ရှိတဲ့ သန်းနဲ့ ချီတဲ့ ကွန်ပြူတာတွေကို တိုက်ခိုက်မယ်လို့ ပေးခဲ့တဲ့ ရာဇသံကလည်း သင်္ကြန်အမြောက်သာ ဖြစ်သွားပါသတဲ့။ အသံသာကျယ်ပြီး အဆံမပါဘူးပေါ့လေ။

ဒါပေသည့် ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ပြီး သတိထားကြတာကတော့ အကောင်းဆုံးပါပဲ။ Precaution is better than saying sorry လို့ ပြောကြသလိုပါပဲ။ ကျွမ်းကျင်သူတွေကတော့ အခုထက်ထိ သတိပေးနေတုန်းပါပဲ။ တကယ်တော့ Conficker ရဲ့ Programmer တွေက ညံ့တာ မဟုတ်ပဲ Network Security Firm တွေက ၂၄ နာရီပတ်လုံး Round the clock စောင့်ကြည့်ပြီး Conficker ရဲ့ တိုက်ခိုက်မှုတွေ အားလုံးကို ပိတ်ဆို့ နိုင်ခဲ့လို့သာ အခုလို တကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲ တခု ဖြစ်မလာတာလို့ ပြောကြပါတယ်။ တချို့ကလည်း ဒါဟာ ၁၉၉၉ ကနေ ၂၀၀၀ ကို အပြောင်းမှာ တကမ္ဘာလုံး အကြီးအကျယ် ဒုက္ခဖြစ်မယ်လို့ ပြောခဲ့ကြတဲ့ Y2K bug တုန်းကလို ဖြစ်နိုင်ခြေတွေကို ချဲ့ကားပြောဆိုကြတာကြောင့်သာ ဒီလို ဖြစ်တာပါလို့လည်း ပြောကြပါသေးတယ်။

တချို့ကလည်း Conficker Programmer တွေရဲ့ ကျယ်လောင်လှတဲ့ ရာဇသံကလည်း အားလုံးကို အထိတ်တလန့် ဖြစ်သွားစေ တာမိုလို့ ကြိုတင်ပြင်ဆင်မှုတွေကို ပိုပြီး လုပ်ဆောင်လာကြတာကြောင့်လည်း အခုလို ကာကွယ် လိုက်နိုင်တာလို့ ပြောကြပါသေးတယ်။ တကယ်က Conficker ဟာ အန္တရာယ် အမှန်တကယ်ကို များတဲ့ Worm တခုဖြစ်ကြောင်း သိထားကြဖို့လိုတယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။ အခု တကြိမ်မှာ Conficker က ကြီးကြီးမားမား မထိုးနှက် နိုင်သေးပေမယ့် နောင် ဘယ်အချိန်မှာ ပြန်ပြီး ထိုးနှက်တိုက်ခိုက် လာမယ်ဆိုတာကို မသိနိုင်ဘူးလို့လည်း ပြောဆိုနေကြပါသေးတယ်။ တချို့ ကျွမ်းကျင်သူတွေရဲ့ အဆိုအရကတော့ Conficker ဖန်တီးသူတွေဟာ သည်တကြိမ်မှာ ရှုံးနိမ့်သွားတဲ့ အတွက် သည် Worm ရဲ့ ဆက်လက်ရှင်သန်မှုအတွက် ပိုလုပ်လိမ့်မယ်လို့ ပြောပါတယ်။ ဆိုလိုတာက Conficker Worm ကို ခုချိန်မှာ ဆက်လက် ရှင်သန်နိုင်အောင် ရှာမတွေ့အောင် ပိုလုပ် လိမ့်မယ်လို့ ဆိုပါတယ်။ သည်နည်းနဲ့ Conficker Programmer တွေက သူတို့ရဲ့ နည်းဗျူဟာကို ရှင်သန်ရေးဖက်ကို လှည့်သွားနေတယ်လို့ ဆိုပါတယ်။ ကွန်ပြူတာ ကွန်ယက် တွေထဲမှာ မမြင်ရနိုင်တဲ့ invisible layer ထဲမှာ ခိုအောင်းနေနိုင်အောင် လုပ်လိမ့်မယ်လို့ ဆိုပါတယ်။ အဲလို လုပ်ရင်းနဲ့ သူတို့ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို တိုးမြှင့် လာနိုင်တဲ့ အချိန် တချိန်မှာတော့ Conficker ဆိုတဲ့ အမည်ကို ကျယ်ကျယ်လောင်လောင် ပြန်ကြား လာရနိုင် ပါတယ်လို့ ဆိုကြပါတယ်။

ဘာပဲဖြစ်ဖြစ် သည်တကြိမ်တော့ Conficker ရဲ့ တိုက်ခိုက်မှုကနေ ကွန်ပြူတာ ကွန်ယက်တွေ လွတ်မြောက် သွားပြီလို့ ပြောနိုင်ပြီဖြစ်ပေမယ့် ကွန်ပြူတာ တလုံးစီမှာ ခိုအောင်းပြီးတော့ နေနိုင်သေးတယ်လို့ သတိပေး ထားပါတယ်။ ကိုယ့် ကွန်ပြူတာမှာ Conficker ရှိ မရှိကို စစ်ဆေးကြည့်ထားဖို့ အကြံပေးထားပါတယ်။

အောက်ပါနည်းလမ်းတွေနဲ့ Conficker ရှိမရှိကို စမ်းသပ်နိုင်တယ်လို့ ပြောထားပါတယ်။

၁။ အောက်မှာဖော်ပြထားတဲ့ website တွေ ကို သွားကြည့်ပါ။
www.microsoft.com; www.symantec.com; www.mcafee.com
သွားလို့ရရင် Conficker မမိထားဘူး၊ မရရင်တော့ မိထားပြီလို့ ပြောပါတယ်။

၂။ Windows ရဲ့ Control Panel ထဲက Security ကိုသွားပါ။
အဲသည်က Windows Defender ကို run ကြည့်ပါ။ run လို့ ရရင် Conficker မမိပါ။
run လို့ မရရင်တော့ မိနေပါပြီလို့ ဆိုပါတယ်။

၃။ ကိုယ့် ကွန်ပြူတာမှာ ရှိတဲ့ Windows Update Setting ကိုကြည့်ကြည့်ပါ။
Autoupdate မလုပ်ရသေးရင် Setting ကို Autoupdate ကို ပြောင်းကြည့်ပါ။
ပြောင်းလိုက်လို့ Autoupdate လုပ်တယ်ဆိုရင် Conficker မမိပါ။
ပြောင်းထားလည်း Autoupdate က disable ပြန်ဖြစ်သွားရင် Conficker မိနေပြီလို့ ဆိုပါတယ်။

၎။ နောက်တခုက ကိုယ့် ကွန်ပြူတာမှာ ရှိနေတဲ့ Anti-Virus Software ဖြစ်ဖြစ် Internet Security Program ဖြစ်ဖြစ် Setting မှာ Autoupdate ဖြစ်နေရပါမယ်။ မဖြစ်ရင် Setting ကို Autoupdate ပြန်ပြောင်းကြည့်ပါ။ ပြန်ပြောင်းလို့မှ Autoupdate မဖြစ်ပဲ အဲသည် function ဟာ disable ဖြစ်နေရင် Conficker မိနေပြီလို့ ဆိုပါတယ်။

အဲလို မိနေပြီဆိုရင်တော့ ကိုယ့် အီးမေးလ်ထဲကို Conficker Removal Tool ကို သူငယ်ချင်း တယောက်ယောက်ကို အီးမေးလ် ပို့ခိုင်းပြီး ရှင်းထုတ်ရမှာ ဖြစ်ပါတယ်လို့ ပြောထားပါတယ်။

သယ်ရင်းတွေ စာဖတ်သူတွေလည်း အထက်က အကြံပေးချက်တွေနဲ့ ကိုယ့်ကွန်ပြူတာကို စစ်ဆေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လူအများစုကတော့ Conficker Free ဖြစ်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။

အားလုံး အစစ အရာရာ အဆင်ပြေကြပါစေ။

အသေးစိပ် သိချင်ရင်တော့ အောက်မှာ ရှိတဲ့ လင့်တွေမှာသွားဖတ်နိုင်ပါတယ်။

http://www.newsday.com/business/ny-bzworm0212609830apr01,0,2376401.story
http://www.google.com/hostednews/ap/article/ALeqM5iIviwBzilECaCi-uweVTx2KeXagAD979U7IG3
http://online.wsj.com/article/SB123862599682280167.html
http://features.csmonitor.com/innovation/2009/04/01/is-the-conficker-scare-over/