May 10, 2009

လေးသလား၊ ပေါ့သလား

ကမ္ဘာပေါ်တွင် သက်ရှိသတ္တ၀ါ အမျိုးမျိုး ရှင်သန် နေထိုင်နေကြပေသည်။ သည်သတ္တ၀ါများ အနက် ဦးနှောက်၏ အလေးချိန်နှင့် ခန္ဓာကိုယ်၏ အလေးချိန်တို့ကို အချိုးချလိုက်လျှင် ရရှိလာသည့် ကိန်းဂဏန်းတခု ပမာဏအားဖြင့် ကမ္ဘာပေါ်ရှိ သက်ရှိ သတ္တ၀ါများ၏ အသိဥာဏ် ရှိမှု မရှိမှု စွမ်းအားကို တိုင်းတာနိုင်ပါသည်ဟု လေ့လာတွေ့ရှိချက်တရပ်က ဆိုလေသည်။ ဥပမာ- ခန္ဓာကိုယ်အရ တန်ချိန် အချို့ ရှိသည်အထိ လေးလံနေသော ဆင်တကောင်တွင် ပေါင်ချိန် တချို့စာမျှသာ ရှိသော ဦးနှောက်ကို တွေ့ခဲ့ကြလေသည်။ သည်အခါ ဆင်တကောင် (သို့မဟုတ်) ဆင်အားလုံးသည် အသိဥာဏ်ဇယားတွင် အနိမ့်ဆုံးသို့ အလို အလျောက် ရောက်ရှိ သွားလေတော့သည်။ သို့သော်လည်း ဆင်ထက် ခန္ဓာကိုယ်အားဖြင့် ငယ်ရွယ် ပေါ့ပါးပြီး ဆင့် ဦးနှောက်ထက် အလေးချိန်အားဖြင့် ကြီးမားလေးလံသော ဦးနှောက်ကို ပိုင်ဆိုင်သည့် လူသား ဆိုသော သတ္တ၀ါက မြေပြင်ရှိ သက်ရှိ အားလုံးတွင် အကြီးဆုံးသော ဆင်ကို သူ့လိုအပ်ချက်များအတွက် ခိုင်းစေ အသုံးချနိုင်နေသည့် အချက်ကို ကြည့်ခြင်းအားဖြင့် သည် အဆိုက မှန်သည်-ဟု ယူဆ လက်ခံရမည် မဟုတ်လော။ သည် အချက်အလက်ကို အကြောင်းပြုပြီး လူသားများက သတ္တလောက (သို့မဟုတ်) သက်ရှိ လောကတွင် စွမ်းအား အကြီးဆုံး ဥာဏ်ပညာ အမြင့်မားဆုံး သတ္တ၀ါများ ဖြစ်သည် ဟု၎င်း၊ လူသားသည် သည်ကမ္ဘာကို အစိုးရသည် ဟူ၍၄င်း အဆိုအမိန့်များစွာ ရှိနေလေတော့သည်။
-------------------------------------------------------------------

အပေါ်က စာတွေက ကျနော် ပြောတာ မဟုတ်ပါ။ ပညာရှင်တွေ ပြောခဲ့သမျှ စကားတွေကို ဖတ်ထားခဲ့ဖူးသမျှတွေထဲက ကိုယ်နားလည် သလောက် အနှစ်ချုပ်ကြည့်တာပါ။ ဒါတောင် ဘာသာရေးအရတွေ ဘာမှ မပါသေးပါဘူး။ ကျနော် ပြောချင်တာကတော့ အဲသည်လို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့တဲ့ အချက် အလက်တွေက တကယ်ရော မှန်ကန်ရဲ့လား။ ကျနော်ကတော့ အဲသည် အချက်အလက်ဆိုတာတွေကို မယုံပါဘူး။

တကယ့် ဘ၀မှာ လူတယောက် ထက် သစ္စာပိုရှိတဲ့ ခွေး။ ခွေးလောက်တောင် သစ္စာမရှိတဲ့လူ။ ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ မယုံစရာ၊ နားမလည်စရာ အဖြစ်အပျက်တွေကိုပဲ စဉ်းစားမိတယ်။ အဲဒါတွေကလည်း ကိုယ်တွေ့တွေပေါ့။ ပြန်စဉ်းစားမိတိုင်း တချို့ အဖြစ်အပျက်တွေ ဆိုတာက ကိုယ်တွေ့ ကြုံမှပဲ သိမယ်လို့ ခံစားမိတာပါ။

အထက်က အဆိုအမိန့်တွေ၊ တွေ့ရှိချက်တွေအရဆိုရင် ဦးနှောက်ချင်း အလေးချိန် တူရင် ကိုယ်ခန္ဓာအရ လေးလံတဲ့သူတွေက ဆင်တွေ ဖြစ်နေလေမလား။
ဆင်တွေကို ကျနော် သနားတယ်...း)

May 9, 2009

More than words

အခုရက်ထဲ The Love Guru ဆိုတဲ့ Comedy ရုပ်ရှင် တကားကို ကြည့်မိပါတယ်။ တချို့လည်း သည်ကားကို ကြည့်ဖူးကြမှာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ အိန္ဒိယက Guru Pitkta အဖြစ် Austin Power ဟာသ ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Mike Myers က သရုပ်ဆောင် ပါတယ်။ မင်းသမီးကတော့ Jessica Alba ပါ။ ရုပ်ရှင်ထဲမှာ ပါတဲ့ သီချင်းတပုဒ်ကို သူတို့ ဆိုနေပုံကို ကြည့်ရတာ ရီရလွန်းလို့ ဂီတ ကြိုက်တဲ့ ဦးဂင်ကြီးတို့လို သူငယ်ချင်းတွေနဲ့ ကျန်သူတွေအတွက် မျှဝေပေးလိုက်တာပါ။ ကြည့်ဖူးသူတွေအတွက်တော့ ရီရမယ် မထင် တော့ဘူး။ သည်သီချင်းရဲ့ မူရင်းကတော့ Extreme ရဲ့ More Than Words ဖြစ်ပါတယ်။ (ကြည့်လို့ မရီရရင်တော့ ဒါရိုက်တာကိုပဲ အပြစ်ဖို့ကြပါ...း)



May 6, 2009

Garfield

ခုရက်ထဲ ဘာစာမှလည်း မရေးဖြစ်။ ကဗျာဟောင်းတချို့ပဲ တင်ဖြစ်ပါတယ်။ စာရေးချင်စိတ် ကလည်း မပေါ်လာဘူး ဖြစ်နေတယ်။ သည်နေ့တော့ အိမ်မှာ ရှုပ်ပွနေတဲ့ စာရွက် စာတမ်းတွေ ပြန်ရှင်းရင်းနဲ့ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက သိမ်းထားမိခဲ့တဲ့ ကာတွန်းဖြတ်ပိုင်းလေးတွေ ပြန်တွေ့တာနဲ့ ထိုင်ဖတ်ရင်း ရီနေရသေးတယ်။ အဲသည်လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်တုန်းက ဘန်ကောက်ပို့စ် သတင်းစာမှာ ပါတဲ့ ကာတွန်းတွေထဲမှာ Garfield, Beetle, the Wizard of Id, B.C. စတဲ့ ကာတွန်းတွေ ဆိုရင် ကိုယ် သဘောကျ တာလေးတွေ တွေ့ရင် ဖြတ်ဖြတ်ပြီး သိမ်းထားမိတယ်။ နောက်ပိုင်း ကျတော့လည်း မသိမ်းဖြစ်တော့ပါဘူး။ အခု စာရွက်တွေ စာအုပ်တွေ ရှင်းရင်း ပြန်တွေ့ရတဲ့ ကာတွန်း ဖြတ်ပိုင်းလေးတွေ ကတော့ စာအုပ်ကြီး တအုပ် ကြားထဲ ညှပ်ထားမိလို့ သည်အထိ ပါလာတာပါ။ သည်ဖြတ်ပိုင်းတွေထဲက လောလောဆယ် ကိုယ့် အဖြစ်နဲ့ လာတိုက်ဆိုင်နေတဲ့ Garfield ကာတွန်းကို တွေ့တော့ ပြုံးမိလို့ သူငယ်ချင်း တွေကို ပြန်မျှဝေပေးလိုက်ပါတယ်။ ၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က ကာတွန်းပါ။ ဆားချက်တာ လို့လည်း ပြောလို့ရပါတယ်...း)

May 5, 2009

အတ္ထုပ္ပတ္တိ


















ငှက်မွှေး တစကတောင်
ကျောက်ခဲ တလုံးလို လေးလံပြရင်း
ပိပိရိရိ ဟန်ဆောင်နေနိုင်တဲ့ ည...
အဲသည်ညမှာ
ပေါ့ပါးနေတဲ့ ငှက်မွှေးတစကို
ကျောက်ခဲတွေက ဘာပြောရပါ့...

အစိုးမရတဲ့ တိမ် တအုပ်က
တောင်တန်း တခုလို မျက်လွှာတွေချ
တည်တည်ငြိမ်ငြိမ် အိနြေ္ဒရနေတဲ့ နေ့...
အဲသည်နေ့မှာ
လွင့်ချင်ရာလွင့်နေတဲ့ တိမ် တအုပ်ကို
ကျောက်ချထားတဲ့ တောအုပ် တအုပ်က ဘာပြောရပါ့...

သဲပွင့်တွေကလွဲလို့ ဘာမှ မရှိတဲ့ ကန္တာရ
အမြဲစိမ်းတော တအုပ်လို အေးအေးမြမြ
အလွန်တရာ စိုစွတ်ပြနေတဲ့ ဒေသ...
အဲသည် ဒေသမှာ
ပူလောင် ခြောက်သွေ့နေတဲ့ ကန္တာရကို
မြက်ခင်းစိမ်းနဲ့ တဲငယ်လေးက ဘာပြောရပါ့...

သွေးအေးတဲ့ လူသတ်သမား တယောက်က
မေတ္တာတရားကို ချပ်ဝတ်တန်ဆာလို ၀တ်ဆင်ရပါမယ့်အကြောင်း
အကြိမ်ပေါင်း ထောင်သောင်း ဟောပြောနေတဲ့ နိုင်ငံ...
အဲသည်နိုင်ငံမှာ
သွေးဆာနေတဲ့ လူသတ်သမားကို
အပြစ်မဲ့ အသတ်ခံလိုက်ရသူက ဘာပြောရပါ့...

သစ်ရွက်ခြောက် တရွက်က
လေအတိုက်မှာ အပင်က ကြွေကျခဲ့ရတာကို
အနစ်နာခံလိုက်တာပါလို့ အဓိပ္ပါယ်ဖွင့်နေတဲ့ စာမျက်နှာ...
အဲသည်စာမျက်နှာမှာ
အချိန်တန်လို့ ကြွေကျတဲ့ သစ်ရွက်ခြောက်ကို
ရွက်နုသစ်တွေနဲ့ စိမ်းစိုနေတဲ့သစ်ပင်က ဘာပြောရပါ့...

အလင်းတွေကို ခိုးဝှက်လုယူရင်း
တစမကျန် စားသောက်ပစ်ပြီး အောင်ပွဲခံနေတဲ့ညက
နေ့တနေ့ဟာ သူ့ အလုပ် သူ မလုပ်ဘူးလို့ စွပ်စွဲနေတဲ့ ကာလ...
သည်ကာလမှာ
စဉ်းလဲနေတဲ့ညကို
အချိန်ကာလက ဘာပြောရပါ့...

ကြက်တကောင်က
အမည်သာကွဲတာပါ
ငှက်ချင်းအတူတူပါပဲလို့ လင်းယုန်တကောင်ကို တန်းညှိလိုက်တဲ့ အခါ...
သည်အခါမှာ
တိမ်တွေထဲ မပျံသန်းနိုင်တဲ့ ကြက်ကို
သိန်းစွန်ငှက်တကောင်က ဘာပြောရပါ့...

ဘယ်မှာပဲ အညှာကို စစ မစစ
အရှိန်အဟုန် ကြီးကြီး မကြီးကြီး
ရေတံခွန်လို ဇောက်ထိုး ဆင်းဆင်း မဆင်းဆင်း
သောင်ထွန်းထွန်း မထွန်းထွန်း
ကျွန်း ခံခံ မခံခံ
ချောင်းမှန်ရင် မြစ်ထဲ စီးဆင်းရ...
မြစ်မှန်ရင် ပင်လယ်ထဲစီးဆင်းရ...
သည်ဓမ္မမှာ
ချောင်းဟာ မြစ် မဟုတ်တာ
အသေအချာပေါ့...

ATN

Photo Source:http://abstractart.blogdrive.com/

May 4, 2009

အသေမွေးခဲ့တဲ့နေ့












အခန်းတွေတိုင်းမှာ ဘာတခုမှမရှိတဲ့ အိမ်တွေက
အရိပ်တွေနဲ့သာ ပြည့်ကျပ်နေတဲ့အခါ...
ဖန်ခွက် ဟောင်းလောင်းတွေနဲ့ပဲ
ပြည့်နှက်နေရှာတဲ့ အခန်းလွတ်တွေကလည်း
တခြားအရာတွေအတွက် နေရာမပေးနိုင်တော့တဲ့အခါ...
နေ့တွေကို မျိုမျိုချပစ်ခဲ့တဲ့ ညတွေဆိုတာကလည်း
ပက်ပက်စက်စက်ကို လင်းလက်နေတဲ့အခါ...
ရင်ဘတ်ထဲမှာ တိုးတိုးတိတ်တိတ် ကျိတ်မှိတ် သိမ်းဆည်းထားခဲ့ရတဲ့ အသံတွေသာ
ဘယ်သူမှ မကြားရအောင် ကျယ်ကျယ်လောင်လောင် ပေါက်ကွဲရရှာ...

သူ့ပန်းတိုင်ရှိရာ ဒုံးစိုင်းပြေးသွားတဲ့
ငါ့အိမ်ရှေ့က လမ်းကလေးက ဖြောင့်တန်းနေဆဲမှာ...
အမူးသမားတယောက်က ကွေ့ကောက် ယိုင်ထိုးရင်း
မျဉ်းဖြောင့်တကြောင်းကို တွန့်လိမ်သွားအောင် ရေးဆွဲခဲ့တာ...

သည်လိုနဲ့
တစ်နဲ့ တစ် ပေါင်းလို့ နှစ် မရခဲ့တဲ့အကြောင်း
ဂဏန်းပေါင်းစက်တခုက ကောင်းကောင်း သိသွားတဲ့အခါ
သိင်္ဂါရအလင်္ကာတွေ သေသွားပါပြီ...

သည်လိုနဲ့
စာတအုပ်ရဲ့ စာမျက်နှာတွေကို
စိတ်မပါ လက်မပါ တရွက်စီ တရွက်စီ အပျင်းပြေ လှန်သလိုမျိုး
ညတွေကို တညစီ တညစီ ဆွဲယူလို့
သစ်ရွက်တွေလို တညပြီး တည ထပ်ကြည့်လိုက်တဲ့အခါ
ည နှစ်ည အကြား အညှပ်ခံထားခဲ့ရတဲ့ နေ့ရက်တရက်
ထွက်ကျလာပါပြီ...

ငုံ့ကြည့်လိုက်တော့...
အဲသည်နေ့မှာ
နေရောင်ဆိုတာ
ပါကို ပါမလာခဲ့ဘူး...

ATN

May 3, 2009

နာဂစ်တနှစ်ပြည့်ဆုတောင်းမေတ္တာပို့ပွဲ

၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့ပြီး လူပေါင်း တသိန်းခွဲကျော် အသက် ဆုံးရှုံးစေရုံမျှမက လူဦးရေတသန်းနီးပါးကို အိုးအိမ်မဲ့ဖြစ်စေခဲ့သည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်ခဲ့ကြရသော မြန်မာပြည်သူပြည်သားများနှင့် အသက်ဆုံးရှုံးခဲ့ရသူများ အတွက် တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆုတောင်း မေတ္တာပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွင် ၂၀၀၉ ခုနှစ် မေလ ၂-ရက် စနေနေ့က ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီးတ၀ိုက်ရှိမြို့များမှ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက်စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့ခဲ့ကြသည်။
















ဆုတောင်းပွဲသို့တက်ရောက်လာကြသော မြန်မာမိသားစုဝင်အချို့












ဆုတောင်းမေတ္တာပို့နေစဉ်















တရားနာယူနေကြသော မြန်မာမိသားစုဝင်အချို့

Photo Credit: Maung Myo Naing

May 2, 2009

အဖြူရောင်အပေါ် အိပ်စက်ခြင်း







ငါ့သစ်ရွက်တွေက အစိမ်းရောင်ရင့်ရင့်…
ငါစီးထားတဲ့ ဖိနပ်က အနက်ရောင်…
ငါ့အင်္ကျီကတော့ အပြာရောင်…
ငါ့နေ့တွေက လိမ္မော်ရောင် သမ်းနေ…
ငါ့မှနှ်တွေ ခမျာမတော့ အရောင်မဲ့…
ငါ့နှလုံးသား ကတော့ မိုးသားလို ပြာရင်း…
ငါ့ပြတင်းပေါက်ကလေးက အစိမ်းရောင် ဖျော့ဖျော့…
ငါ့လမ်းကလေးကတော့ သဲနုနုတွေ ဖြူမွလို့…
ငါ့အိမ်ကလေးက အ၀ါရောင်ရင့်တယ်…
ငါ့ကောင်းကင်က လောလောဆယ်ဆယ် ခရမ်းရောင်…
ငါ့အရိပ်တွေ ခမျာမတော့ မီးခိုးရောင်တွေ အူထလို့…
ငါ့မနက်ဖန်ကို လှမ်းကြည့်တဲ့အခါ ပုဇွန်ဆီရောင်တွေ တောက်ပနေ…
ငါ့ချစ်သူကို လှည့်ကြည့်မိတော့ ပါးမို့မို့မှာ ပန်းရောင်ကလေး ပြေးလွှား…
ငါ့ရင်ဘတ်ငါ ငုံကြည့်လိုက်တဲ့အခါ အပြာရောင်ရင့်ရင့်တွေ စီးဆင်း…
ငါ့လက်ထဲက ဂစ်တာလေးကတော့ အဖြူရောင်တွေနဲ့ စေးပျစ်လို့…
ငါ့ အနီးက ကမ္ဘာကြီးကို ကြည့်လိုက်တော့ အနီရောင်တွေ တောက်လောင်နေ…
ငါ့ သူငယ်ချင်းတွေကတော့ ရောင်စဉ် ခုနှစ်သွယ် လက်ဖြာလို့…
ကြာလာတော့ အရောင်တွေကို ငါ စိတ်ညစ်တယ်…
တညတာ အိပ်စက်ဖို့ ငါ ဆွဲယူလိုက်မိတဲ့ ခေါင်းအုံးကလေးကတော့
အဖြူရောင်နဲ့ သန့်ရှင်းလို့…
“သည်တညတော့ မင့်ရင်ခွင်မှာ အိပ်ဖို့ရောက်လာပြီ… ”
ခင်မောင်တိုး သီချင်းတပုဒ်ကို တီးတိုးဆိုငြည်းရင်း
နှစ်နှစ်ခြိုက်ခြိုက် ခေါင်းအုံးလေးအပေါ် အိပ်စက်လိုက်ပါတယ်…
နောက်တနေ့မှ
ငါ့ဘ၀ရဲ့ အရောင်တွေကို
စာရင်းပြုစုပါရစေကွယ်…

ATN

Apr 30, 2009

ငါတို့ပြန်ဆုံကြတဲ့အခါ












ငါတို့ ပြန်ဆုံကြတဲ့အခါ....
ကမ္ဘာမြေဟာ အတောက်ပဆုံး လင်းလို့
တဦးက ဂစ်တာတီးရင်
တယောက်က သီချင်း ငြည်းလိမ့်မယ်.......

ငါတို့ ပြန်ဆုံကြတဲ့အခါ...
လေစီးကြောင်းထဲ ပန်းရနံ့တွေ ချိုသင်း ထုံအီလို့
တယောက်ရဲ့ ဒဏ်ရာကို
တဦးက ကြင်နာစွာ အနာဖေးခွာလိမ့်မယ်.......

ငါတို့ ပြန်ဆုံကြတဲ့အခါ........
တောက်ပတဲ့ မီးလင်းဖို နံဘေး
သူရာရည် ယစ်မူးရင်း
ငါ့တို့ရဲ့ နာကျင်ခဲ့မှုတွေကို
ရယ်သွမ်းဖွဲ့ ပြန်ပြောင်းပြောကြလိမ့်မယ်.......

ငါတို့ ပြန်ဆုံကြတဲ့အခါ
စီးဆင်းနေတဲ့ မြစ်ရေတွေကို ကြည့်ရင်း
တဦးရဲ့ အောင်မြင်မှုကို
တယောက်က ထောပနာ ပြုလိမ့်မယ်........

ငါတို့ ပြန်ဆုံနိုင်မယ့်အခါ.........
ငါ့လည်ပင်းရှည်ကလေးကိုသာ
ညောင်ရေအိုးလေးလို
အသာအယာ ပွတ်သပ်ပေးနေမိတော့တယ်......။

မောင်ဖုန်းမြင့်

ကိုအောင်သာ ငယ်က သူ့ပို့စ်ထဲမှာ သူမြင်ချင် ဆုံချင်နေတဲ့ လူတွေအကြောင်းကို ရေးထားပါတယ်။ ကျနော်တို့ တွေ ပြန်ဆုံဖြစ်ကြရင် ဖြစ်လာမယ့် ချစ်ခြင်း မေတ္တာတွေ အတွက် သူ့ကိုယ်စားခံစား ပြီး ရေးလိုက်မိတာပါ...။

Apr 29, 2009

စလောင်းရွဲ့နေတဲ့ကဗျာ





















ဘုရားက အောက်
မျောက်က အထက်...
ဖြစ်ချင်တာတွေ ဖြစ်ပျက်နေတဲ့ ခေတ်ကြီးမှာ
ညည်းငြူမနေနဲ့တော့ ညီမလေးရေ့...

ဘ၀ကို ဘ၀လို မြင်ကွယ့်...
လူကို လူလို မြင်ကွယ့်...

သို့သော်လည်း
လူကို လူလို မမြင်နိုင်တဲ့
တိရိစ္ဆာန်တွေလည်း ရှိသတဲ့...
အမှတ်တရတွေက အမှတ်တမဲ့ ဖြစ်နေသတဲ့...
အမှတ်တမဲ့တွေက အမှတ်တရ ဖြစ်နေသတဲ့...
သမိုင်းမရှိတဲ့သူတွေက သမိုင်းအသစ်ကို ရေးနေသတဲ့..
သမိုင်းရေးနေသူတွေက သမိုင်းမရှိသူတွေ သတ်တာခံရသတဲ့...
နှပ်ချေးတွဲလောင်းနဲ့လူတွေက
စင်မြင့်တွေပေါ်မှာ လူတကာကို တရားချနေသတဲ့...
ငါ... တရားကျနေပါပြီ ညီမလေးရေ့...

အရေးမပါတွေက အရေးပါ
အရေးပါတာတွေက အရေးမပါ...
မေတ္တာသမားတွေက သစ္စာမဲ့သူဖြစ်
သစ္စာမသိသူတွေက မေတ္တာသမားတွေဖြစ်...
ငါလည်း... စိတ်ညစ်လှပါပြီကွယ်...

ခရီးသွားတွေထဲမလည်း
စဉ်းလဲသူတွေ ပါသပေါ့လေ...
လူတွေ လစ်ပြီဆိုရင် ခါးပိုက်နှိုက်ဖို့...
လူတွေ မစစ်ဆေးဖူးဆိုရင် လှေကြုံလိုက်ဖို့...
လွယ်ကူတယ်ဆိုရင် အရင်းမစိုက်ဖို့...
လွယ်ကူတယ်ဆိုရင် အချောင်နှိုက်ဖို့...
တတ်နိုင်ရင်
ကိုယ့်အလံတိုင်ကို ထင်သာမြင်သာနေရာမှာ အမြင့်ဆုံးလွှင့်ထူဖို့
မြင်မြင်ကရာ လူတကာကို တိုက်ခိုက်နေ...

ကောင်းပါလေရဲ့...
ကောင်းပါလေရဲ့...
အားလုံးကောင်းကြပါသည်ခင်ဗျား...
သည်အော်သံအဆုံးမှာ
အင်းစိန်ထောင်ရဲ့
နိဗ္ဗာန်တံခါးကြီး ပိတ်ခဲ့ပါပြီ...

ခုတော့
စိတ်ပျက်နေတဲ့ ငါ
ဘယ်ကိုသွားရပါ့မလဲ...

ATN

Apr 28, 2009

တက်ဂ်လို့ရေးတဲ့စာ-၈ (သို့မဟုတ်) ကျနော်တွေ့ဖူးချင်သူများ

ခုတလောမှာ လူက စာရေးချင်စိတ် မရှိဘူးဖြစ်နေတယ်။ စိတ်မကြည်လင်တော့ စာတွေ မကြည်လင်မှာ စိုးတယ်။ ဒါကြောင့် မရေးချင်လို့ ဘလော့ရေးတာ ခဏတော့ နားမယ် ပြောခဲ့တာပါ။ သည်ကြားထဲက ကဗျာ ဖတ်ချင်လို့ လင့်ထားပါတယ်ဆိုတဲ့ မယ်ကိုး နဲ့ ကဗျာတွေ ဖတ်ချင်လို့ လာတဲ့ မိတ်ဆွေတွေ စာဖတ်သူတွေ အတွက် ရေးထားတဲ့ ကဗျာ အဟောင်းလေး တပုဒ် တင်ပေးလိုက်ပါတယ်။ အလျဉ်းသင့်သလိုလည်း ထပ်တင် ပေးပါဦးမယ်။ တကယ်ကတော့ ခုချိန်မှာ ဘာစာ၊ ဘာကဗျာမှ မရေးချင်သေးပါဘူး။

ကျနော့်ရဲ့ တူမောင်မျိုးက မြင်ဖူးချင်တဲ့လူ ၁၀ ယောက် ဆိုပြီး Tag လာလို့ သူ့အတွက် ရေးပေးဖို့တောင် ချက်ချင်း မရေးချင်လို့ ခဏစောင့်ပါဦး သွားပြောထားသေးတယ်။ ခုတော့ ညီငယ် ဥယာဉ်မှူး ကလည်း Tag လာတာဆိုတော့ သူတို့အတွက် ရေးပေးရပါဦးမယ်။

ကဲ... အခုတော့ ရေးလိုက်ပါပြီဗျား...

မြင်ချင်တာနဲ့ တွေ့ချင်တာက မတူဘူးလို့ ကျနော်ကတော့ ထင်တယ်။ မြင်ဖူးချင်တဲ့သူ ဆယ်ယောက်ကို ဘိုလိုပြောရင် Ten people I like to see ဖြစ်မယ်။ တွေ့ဖူးချင်တဲ့သူ ဆယ်ယောက်ဆိုရင်တော့ Ten people I like to meet with ဖြစ်မယ်။ မြင်ချင်တယ် ဆိုတာက အဝေးက လှမ်းမြင်ရတာမျိုး၊ အနီးကပ် မြင်ရတာမျိုး၊ ဓါတ်ပုံကို မြင်ရတာမျိုး၊ ရုပ်ရှင်ထဲ ဗီဒီယိုထဲမှာ မြင်ရတာမျိုးကို ဆိုလိုတာလို့ နားလည်နေမိတယ်။ တွေ့ချင်တယ် ဆိုတာကတော့ လူကိုယ်တိုင် (see in person) မျက်နှာချင်းဆိုင် တွေ့ပြီး စကားစမြည် ပြောဆိုရတာမျိုးလို့ နားလည် နေမိပါတယ်။

ကျနော့်အတွက်တော့ သည်အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်းဆိုရင် ကျနော် မြင်ဖူးချင်သူတွေ ကလည်း အများကြီး၊ တွေ့ဖူးချင်သူတွေကလည်း အများကြီးပါပဲ။ အခုကတော့ တူမောင်မျိုး တို့တွေ ရေးနေတဲ့ Tag ပို့စ်တွေကို လိုက်ကြည့် လိုက်တော့ သူတို့ ရေးနေ ပြောနေတာတွေက မြင်ဖူးချင်တာ မဟုတ်ပဲ တွေ့ဖူးချင်တာ ဖြစ်နေ ပါတယ်။ သည်တော့ ကျနော် မြင်ဖူးချင်တဲ့ သူတွေကို ခဏထားပြီး တွေ့ဖူးချင်တဲ့ သူတွေကိုပဲ စာရင်း လုပ်ကြည့် မိပါတယ်။ တကယ် စဉ်းစားကြည့်တော့ ကျနော် တွေ့ဖူးချင်နေတဲ့ သူတွေကလည်း အများသားပဲ။ အခု လောလောဆယ်မှာကို ကျနော် တွေ့ဖူးချင်နေတဲ့ သူတွေဟာ တရာတောင် မကဘူး ရှိနေတယ်။

သူပုန်တကာတို့ရဲ့ သူရဲကောင်းကြီး ချေဂွေဗားရားကို တွေ့ချင်တယ်။ ဇီဝကတကာထက် ဇီဝက ပိုဆန်တဲ့ ဒေါက်တာ နော်မန်ဗက်သွန်းကို တွေ့ချင်တယ်။ အပြစ်သားတွေအတွက် ပေးဆပ်ခဲ့တဲ့ ဂျီးဆပ်စ်နဲ့ တွေ့ချင်တယ်။ မေတ္တာတရားရဲ့ အရှင်သခင် သိဒ္ဓတ္ထနဲ့ တွေ့ချင်တယ်။ ခေတ်သစ် တရုပ်ပြည်ကြီးအတွက် လယ်သမားတွေကို စည်းရုံးခဲ့တဲ့ မော်စီတုန်းကိုတွေ့ချင်တယ်။ ကြိုးစင်ကို ထီမထင်ခဲ့တဲ့ ငုယင်ဗန်ထရွိုင်းကို တွေ့ချင်တယ်။ ငှက်တေလေတွေ ချစ်တဲ့ ကူးတို့ သမားကြီး ရာဘင်ဒြာနာ့သ် တဂိုးကို တွေ့ချင်တယ်။ နေကြာပန်းတို့ရဲ့ အရှင်သခင်၊ ကြယ်စုံညရဲ့ ဖခင် ဗင်းဆင့် ဗန်ဂိုးကို တွေ့ချင်တယ်။ နိုင်ငံတွေ နယ်နိမိတ်တွေ မရှိပါဘူးဆိုတဲ့ အိပ်မက်ရှင် ဂျွန်လင်နွန်ကို တွေ့ချင်တယ်။ သူ့ရဲ့ အေးစက်တဲ့ တိုင်းပြည် ကလေးကို ချစ်တဲ့ ဗမာပြည်ကိုလည်း ရောက်ဖူးတဲ့ ကဗျာဆရာကြီး ပတ်ဗလို နီရူဒါကို တွေ့ချင်တယ်။ သိမ်သိမ်မွေ့မွေ့ ဆဲတတ်တဲ့ ဆရာကြီး ဒေါက်တာ သခင် ကိုယ်တော် မှိုင်းကို တွေ့ချင်တယ်။ အရိုင်းဆန်တဲ့ ဗိုလ်ချုပ် အောင်ဆန်းကို တွေ့ချင်တယ်။ တောအုပ်ကလေး နံဘေးအနားမှာ ခဏတာ ရပ်နားနေခဲ့ဖူးတဲ့ ကဗျာဆရာ ရောဘတ်ထ် ဖရော့စ်ကို တွေ့ချင်တယ်။ တရုပ်ပြည်သူ့ သူရဲကောင်းများထဲက - သေနတ်မရှိရင် ဓါးနဲ့ခုတ်မည်၊ ဓါးမရှိရင် ဒုတ်နဲ့ ရိုက်မည်၊ ဒုတ်သာ ကျိုးရင် လက်သီးစာ ကျွေးမည်၊ လက်ကို ချုပ်ရင် ခြေနဲ့ ကန်မည်၊ ခြေတွေ ဖြတ်လည်း ခေါင်းရှိသေးသည်၊ ခေါင်းနဲ့ ဝှေ့ရမည်-ဆိုတဲ့ ရဲမေ ချောအိတို့၊ ရထားလမ်းပေါ် ရောက်နေတဲ့ မြင်း တကောင်ကို သူ့ကိုယ်နဲ့ အတင်း တိုက်ချပြီး လူ့ အသက်ပေါင်း များစွာကို ကယ်ဖို့ ရထား အတိုက်ခံလိုက်တဲ့ ရဲဘော် အို့ယန်ဟိုက်တို့ကို တွေ့ချင်တယ်။ ဆာရီယဲလ် ပန်းချီကား တွေကို ဆွဲခဲ့တဲ့ ဆယ်လ်ဗေဒို ဒါလီကိုလည်း တွေ့ချင်တယ်။ အများအတွက် အနစ်နာ ခံတတ်တဲ့ ကျနော့် သူငယ်ချင်းတယောက်နဲ့ ရုပ်အတော် ဆင်တူတဲ့ ဗိုလ်အောင်ကျော်ကိုလည်း တွေ့ချင်နေတယ်။ ခက်နေတာက သူတို့အားလုံး လူ့လောကမှာ မရှိကြတော့ဘူး။

သည်တော့ လူ့လောကမှာရှိနေသေးတဲ့ ကျနော်တွေ့ချင်တဲ့လူတွေကို နောက်တခါ စာရင်း လုပ်မိပြန်တယ်။ အဲသည်အခါ ဂစ်တာမှာ မှော်ပေါက်နေတဲ့ အဲရစ်ခ်ကလက်ပ်တန်ကို တွေ့ချင် တယ်။ တီးသမျှ အသံတွေတိုင်းကို ကိုယ်ရောစိတ်ပါ ထည့်တီးတတ်တဲ့ သည်အီးဂဲလ်စ် တီးဝိုင်းက လိဒ်ဂစ်တာသမား ဒွန်ဖယ်လ်ဒါကို တွေ့ချင်တယ်။ ကိုယ့်အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ စွန့်စားခဲ့တဲ့ မစုစုနွေးကိုတွေ့ချင်တယ်။ အောက်ခြေဘ၀ကနေ သမတ ဖြစ်လာတဲ့ ဘားရက်ခ် အိုဗားမားကို တွေ့ချင်တယ်။ ၃လသား သမီးလေး ကိုတောင် မငဲ့ပဲ ဗမာပြည်က ပြည်သူတွေ အားလုံးအတွက် ကိုယ့်မိသားစုဘ၀ကို ရင်းခဲ့တဲ့ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ သူရဲကောင်း ဇနီး မောင်နှံကို တွေ့ချင်တယ်။ ဗဲန်ဟဲလင်ရဲ့ လိဒ်ဂစ်တာသမား Tapping တွေရဲ့ ဖခင် အက်ဒီ ဗဲန်ဟဲလင်ကို တွေ့ချင် တယ်။ ကျောင်းနံရံ တ၀ိုက် ဒေါင်းအလံ ပြန်စိုက်မယ် ဆိုတဲ့ စကားနဲ့ အညီ ဒေါင်း အလံ စိုက်ဖို့ သူ့ဘ၀ တခုလုံးကို ထိုးထည့် ခဲ့တဲ့ ကိုမင်းကိုနိုင်ကို တွေ့ချင် တယ်။ ဇီမာ လမ်းဆုံက စောင့်နေတဲ့ ကဗျာဆရာ ယက်ဖ်တူရှင်ကိုကို တွေ့ချင်တယ်။ အသက် ၇၀ ကျော်နေတာတောင် စစ်တပ်ကနေ အငြိမ်းစား မယူသေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့ချင်တယ် (တွေ့ခွင့်ရရင် ဗမာတပြည်လုံးက ပြည်သူတွေကိုယ်စား ဘုရား၊ တရား၊ သံဃာ လို့ အော်ပြီး နားရင်း သုံးချက်လောက် ရိုက်ချင်လို့ပါ)။ Forest Gump အဖြစ် သရုပ်ဆောင် ကောင်းခဲ့သူ ရုပ်ရှင်မင်းသား တွမ်ဟန့်ခ်ကို တွေ့ချင်တယ်။ လူချင်း တခါမှ မတွေ့ခဲ့ဖူးသေးတဲ့ ကျနော့်ညီလေး မျိုးအောင်နိုင်ကို တွေ့ချင်တယ်။ ကျနော့် တူမလေး ၃ ယောက်ကို တွေ့ချင် တယ်။ ကျနော် လွတ်ကျခဲ့တဲ့ မြို့တော်ရဲ့ မြို့စားကြီး ကိုနေဘုန်းလတ်ကို တွေ့ချင် တယ်။ ကျိန်းသေတာက သူတို့အားလုံး အသက်ရှင်လျက် ရှိနေကြပါသေးတယ်။ မကျိန်းသေတာ ခက်နေတာက သူတို့ကို ကျနော့် အနေနဲ့ ဘယ်တော့ ဘယ်လို တွေ့နိုင်ရမှန်း မသိတာပါ။

ထားပါတော့။ ခုတော့ တူမောင်မျိုးTag ထားတာကိုပဲ ပြန်စဉ်းစားရတော့မှာပါ။ ခုတော့ တွေ့ချင်တဲ့ ဘလော်ဂါတွေကိုပဲ စဉ်းစားမိပါတယ်။ ခက်တာက ကိုယ်တွေ့ချင်နေတဲ့ လူတွေက များတော့ ဆယ်ယောက်နဲ့ မလောက်ဘူး။ သည်တော့ ကျနော့်ဘာသာ ကိုယ်တွေ့ချင်တဲ့ လူတွေကို category တွေ ထပ်ခွဲလိုက်ပါတယ်။ အရေအတွက်ကလည်း ဆယ်ယောက် မက များချင်လည်း များပါမယ်။ နည်းချင်လည်း နည်းပါမယ်။ ဒါကိုတော့ တူမောင်မျိုးလည်း နားလည် ခွင့်လွှတ်နိုင်မယ် ထင်ပါရဲ့... ။

ထို့အတူ အခု ကျနော့် စိတ်ထဲ ရှိသလောက် ရေးလိုက်တဲ့ စာရင်းမှာ မပါသူများရှိရင်လည်း စိတ်မကောင်း မဖြစ်ကြစေချင်ပါ။ တကယ်တော့ အားလုံးကို တွေ့ချင်တာပါပဲ။ အခုကတော့ စိတ်ထဲ စဉ်းစားမိသလောက် ရေးလိုက်တာမို့ပါ။

ကျနော်တွေ့ချင်တဲ့ ဘလော်ဂါကဗျာဆရာတွေ
၁။ နှင်းခါးမိုး
သူကတော့ -
အမှန်တရားအတွက် အသက်ကို စွန့်ခဲ့တာမှာ...
ကျနော်ဟာ ပထမဆုံး မဟုတ်သလို
နောက်ဆုံးလည်း မဟုတ်ခဲ့ပါဘူး အဖေ...
အဲသည်စာကို ဖတ်ပြီး...
ဝိဥာဉ်ရဲ့ တင်းနေတဲ့ ကြိုးတွေအပေါ်
ကျနော့် ဘ၀ကို တင်ခဲ့တာပေါ့... -လို့
ရေးခဲ့တဲ့ ကျနော့် အကိုကြီးပါ။ သူ့ကဗျာတွေ ဖတ်ပြီး ကျနော် အားတက်ခဲ့ရတဲ့နေ့တွေ ရှိခဲ့ဖူးတာပေါ့။ ယနေ့ထက်ထိတော့ လူချင်း မတွေ့ရသေးဘူး။
၂။ မောင်ဖုန်းမြင့်
ကျနော်နဲ့ စကားတွေ အများကြီးပြောဖူးတယ်။ သူ့မျက်လုံးက ကျနော့် မျက်လုံးဖြစ်လို့၊ ဒဏ်ရာရခဲ့တဲ့ကျနော့် လက်တဖက်အတွက် မယုံနိုင်စရာ ကောင်းအောင် သူက နာကျင်လို့၊ ကျနော်ကလည်း သူ့ အသက်ရှူသံ တွေကို ကျနော့် နှာခေါင်းထဲ ထည်ခဲ့မိလို့၊ ခုတော့ ကျနော်တို့ နှစ်ယောက်က အမွှာ ညီအကိုပေါ့။ ဖြစ်ချင်တော့ တယောက်နဲ့တယောက် တခါမှ မတွေ့ဖူးကြသေး။ သူ့ကို ကျနော် တွေ့ချင်တယ်။
၃။ ဆောာင်းယွန်းလ
တလှေထဲမှာ ရှိနေခဲ့တာတောင် တယောက်နဲ့ တယောက် မတွေ့ဖြစ်ခဲ့ကြဘူး။ ခုတော့ ဘလော်ဂိုစဖီးယားမှာ လာတွေ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရေပြားချင်းတူနေတဲ့ သူ့ကိုတော့ ကျနော် လူချင်း တွေ့ချင်နေတာ အမှန်ပါပဲ။
၎။ ကောင်းကင်ကို
ကဗျာကို ကျနော် ချစ်တယ်။ ကျနော့်ထက် ကဗျာကို ချစ်တဲ့သူ တယောက်ကိုလည်း တွေ့ဖူးခဲ့ပြီ။ လေပြင်းတွေလာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင်၊ ကဗျာတွေကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ ကမ္ဘာမြေကို နှုတ်ဆက်နမ်းခဲ့မယ် - ဆိုတဲ့ ကဗျာဆရာတယောက်။ သူ့ကို ကျနော် တွေ့ဖူးချင်တယ်။
၅။ သစ်ကောင်းအိမ်
သူ့ စကားလုံးတိုင်းမှာ ကဗျာတွေ ပါနေလေသလားထင်ရတယ်။ အချိန်တိုင်း ကဗျာတွေကို ရှုသွင်းပြီး ကဗျာတွေကို ရှုထုတ်နေတဲ့ သည်ကဗျာဆရာတယောက်ကိုတော့ ကျနော် တွေ့ဖူးချင်တယ်။
၆။ ကမာပုလဲ
ရေးသမျှကဗျာတိုင်းက ထိရှနေအောင် သူ ဘယ်လို ခံစားနေသလဲ ကျနော် မသိ။ ကျနော် သိတာကတော့ သူ့ ကဗျာတွေရဲ့ စကားလုံးတိုင်းက ကျနော်ကို ဖြတ်ရှနေတာပဲ သိတယ်။ သည်တော့ သူ့ကို ကျနော် တွေ့ဖူးချင်တယ်။
၇။ ငြိမ်းချမ်းအောင်
သူ့ကဗျာလေးတွေကို ကျနော် နှစ်သက်တယ်။ ရိုးသားမှုကို သူ့ကဗျာလေးတွေမှာ မြင်ရတယ်။ တခါတခါ ကျနော် သိပ်ကြိုက်လို့ သူ့ ကဗျာလေးတွေ ကျနော့် ဘလော့မှာ ပြန်ဖော်ပြဖြစ်တယ်။ ဖြစ်နိုင်ရင် သူ့ရဲ့ ဘယ်ကဗျာလေးတွေကို ဘယ်လို ကြိုက်ကြောင်း ပြောပြချင်လို့ လူချင်း တွေ့ချင်တာပါပဲ။
၈။ လင်းဒီပ
သူ့ရဲ့ ချစ်သူရှိတဲ့မြို့ ဆိုတဲ့ ကဗျာလေးက ကျနော့် နှလုံးသားကို တဆတ်ဆတ် တုန်ခါစေ ခဲ့တယ်။ အချစ် ကဗျာတွေ ထဲမှာ သည်လို ရိုးသားစွာ တုန်ခါနေတဲ့ ကဗျာတွေ သိပ် မရှိဘူး။ သည်လိုနဲ့ သည် ကဗျာဆရာလေးကို ကျနော် လူချင်း တွေ့ချင်နေခဲ့တယ်။ ကျနော့် ချစ်သူ အကြောင်း သူ့ကို ပြောပြချင်လို့ပါ။
၉။ အိုင်လွယ်ပန်
ကဗျာတွေချည်း ရေးနေတဲ့သူတွေ သိပ်မရှိပါ။ သည်အထဲကမှ ကဗျာတွေကို ပြင်းပြင်းထန်ထန် ရေးနေတဲ့ လက်ချိုးရေလို့ရတဲ့ ညီငယ်တွေထဲမှာ သူလည်း တယောက် အပါအ၀င်ပါ။ သူ့ကဗျာတွေကို ကျနော် ကြိုက်တယ်။ တနေ့နေ့ လူချင်းတွေ့ပြီး ကဗျာတွေအကြောင်း ပြောဦးမယ်။
၁၀။ ဗသားချော
ကဗျာတွေကို လှည်းနဲ့သယ်မယ်ဆိုရင် ကျုပ်တို့ နွားလိုပဲရုန်းရစေတော့- ဆိုတဲ့ ကဗျာ လှည်းလေးရဲ့ ပိုင်ရှင်။ ကျနော်က အသိ နောက်ကျသွားတယ်။ အဲသည်လို လှည်းကလေး တစင်း ရှိနေမှန်း သိကို မသိခဲ့ဘူး။ ခုတော့ သူတို့ရဲ့ လှည်းကလေးကို လိုက်ပါစီးနင်းရင်းနဲ့ သူ့ကိုလည်း လူချင်း တွေ့ချင်ပါရဲ့။
၁၁။ ကိုရင်နော်
ပျော်ပျော်ပါးပါးလည်း နေတတ်သလို ကဗျာလေးတွေလည်း ရေးတတ်တဲ့ ကိုရင်ကို ခင်မိပါတယ်။ သူ့ရဲ့ အက္ခရာ တလုံးတည်းနဲ့ ရေးတဲ့ ကဗျာလေးတွေကို ဖတ်မိရတော့ ပြုံးမိ ပျော်မိတယ်။ သည်လိုနဲ့ သည် ကဗျာ ဆရာကို တွေ့ချင်မိတော့တာပါပဲ။
၁၂။ Zephyr
သည်ဆရာကတော့ လက်လျှိုထားတဲ့ ကဗျာဆရာပါ။ အများကြီး မရေးပေမယ့်လို့ ရေးသလောက်မှာ အနု ပညာတွေ လက်လက်ထနေတယ်။ ကျနော် ထင်နေတာကတော့ သူ့ရင်ထဲမှာ ကဗျာတွေ အများကြီး ဖွက်ထား နေသေးတယ်။ သည်တော့ လူချင်းတွေ့ပြီး သူ့ကဗျာတွေကို ကျနော် နှိုက်ထုတ်ချင်တယ်။

ကျနော်တွေ့ချင်တဲ့ ဘလော်ဂါကဗျာဆရာမတွေ
၁။ ပန်ဒိုရာ
မပန်ကတော့ တကယ်ဆို စွယ်စုံကဝေပါပဲ။ ဒါပေသည့် သူရေးသမျှတွေမှာ သူ့ကဗျာတွေကို ကျနော်က ပိုကြိုက်တယ်။ သည်တော့ ကဗျာဆရာမတွေထဲမှာ သူ့ကို ကျနော့်ဘာသာ စာရင်း တို့လိုက်တယ်။ တနေ့နေ့တော့ တွေ့ကြမပေါ့လေ။
၂။ မနော်ဟရီ
သည်ဖက်ခေတ်မှာ ကဗျာဆရာမတွေ သိပ်မရှိတဲ့ အထဲမှာ မနော်က တတပ်တအားပါပဲ။ သူ့ကဗျာတွေမှာ အားကောင်းလွန်းတဲ့ နိမိတ်ပုံတွေ သင်္ကေတတွေကို ကျနော် ကြိုက်တယ်။ အဲသည်အရာတွေကို သူ ဘယ်လို ရလာခဲ့သလဲ ဆိုတာကိုလည်း ကျနော် စိတ်ဝင်စား နေမိသေးတယ်။ သည်လိုနဲ့ လူချင်းတွေ့ပြီး မေးချင်မိပါရဲ့။
၃။ အိန္ဒြာ
ရှားရှားပါးပါး ကဗျာဆရာမတွေထဲမှာ သူလည်း တယောက် အပါအ၀င်ပေါ့။ စကားလုံးတွေ၊ နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ အသံတွေ ဒါတွေနဲ့ အားကောင်းမောင်းသန်နေတဲ့ သူ့ကဗျာတွေကို ကျနော်က ချစ်ခင် နှစ်သက် အတုယူ လေးစား အားကျနေမိပါရဲ့။ ကဗျာ လှလှလေးတွေကို ရေးနေတဲ့ သည် ညီမ လှလှလေးကို အပြင်မှာလည်း တွေ့ဖူးချင်နေမိတာပါပဲ။
၎။ ခင်လေးငယ်
ကိုရင်နော်နဲ့ အတူတူ ကဗျာတွေ စာတွေကို ချစ်တတ်တဲ့ သည် ညီမ တယောက်ကလည်း ကဗျာ အရေး ကောင်းတာပါပဲ။ တခါတခါ ကျနော့်ကို ဂျီတော့မှာ လာလာ နှုတ်ဆက်တတ်တဲ့ သည် ညီမ တယောက် ကိုတော့ အပြင်မှာလည်း တွေ့ဖူးချင်မိပါရဲ့။
၅။ မှူးဒါရီ
ကဗျာတွေကို အတော် ချစ်ပုံရတဲ့ ညီမငယ် တယောက်ပါ။ ရိုးရိုးသားသား ကဗျာတွေကို ရေးတယ်။ ကဗျာတွေ အတွက်ပဲ လူဖြစ်လာသလိုလို။ ကဗျာချစ်တဲ့ ကျနော့်အတွက် သည်ညီမ တယောက်ကိုလည်း လူချင်း တွေ့ဖူးချင်ပါရဲ့။
၆။ မမသီရိ
old fashion လို့ပဲ ပြောစေဦး သူ့ ကဗျာလေးတွေက ချစ်ခင် နှစ်လိုဖွယ်ရာ။ ကဗျာလေးတွေထဲမှာ ဟန်ဆောင်မှု မပါတဲ့ အကြောင်းအရာလေးတွေကို တွေ့နေရစမြဲ။ ပွင့်လင်း ရိုးသားတဲ့ ကဗျာလေးတွေကို ရေးနေတဲ့ မမသီရိကို ကျနော် တွေ့ချင်ပါတယ်။

ကျနော်တွေ့ချင်တဲ့ ဘလော်ဂါ ကိုကိုတွေ
၁။ ဦးဂင်ကြီး
လူချင်း မတွေ့ဖူးပေမယ့် နှလုံးသားချင်း ရင်းနှီးနေသူ။ ညီအကိုလို ရဲဘော်ရဲဘက်လို ဖြစ်နေသူ။ အရေပြားချင်း အသက်ရှူပုံချင်း တူနေသူ။ သူ့ကို လူချင်း တွေ့ဖူးချင်ပါတယ်။
၂။ ကလူသစ်
စာတွေထဲကနေ တယောက်ရင်ဘတ်ကို တယောက် မြင်ရပါတယ်။ သူ့ရင်ဘတ်ကို ကျနော် မြင်ပြီးသွားတဲ့အချိန်မှာ ညီအကိုလို ခံစားမိတယ်။ သူက ပုန်းနေသော်လည်း ကျနော်ကတော့ သူ့ကို တွေ့ချင်နေတာပါပဲ။
၃။ ကိုအောင်
အသက်အားဖြင့် ငယ်ရွယ်သော်လည်း စာပေတွေနဲ့ ပြည့်နှက်နေတဲ့သူ။ သမိုင်းတခုကို စနစ်တကျ လေ့လာနေတဲ့သူ။ သူ့မှာရှိသလောက်လည်း အားလုံးကို မျှဝေပေးနေသူ။ သည် ညီတယောက်ကိုလည်း ကျနော် လူချင်းတွေ့ချင် မိသပေါ့လေ။
၎။ သားထူး
ဗမာပြည်ထဲမှာပဲ လူက ရှိနေပြီး စိတ်ကတော့ တကမ္ဘာလုံးကို လှည့်လည်နေသူ။ တယောက်တည်း ဘလော့အများကြီးကို လောဘတကြီး ရေးချင်နေသူ။ သူ့စိတ်ထဲမှာ ဗမာပြည်အတွက် စေတနာတွေ ပြည့်လျှံနေတာ ကျနော်က ဖတ်မိနေတယ်။ သည်လိုနဲ့ လူချင်းတွေ့ပြီး သူ့ကို စိတ်လျှော့ဖို့ ကျနော်က ဖြောင်းဖျချင်နေတာပါ။
၅။ မောင်မျိုး
စာအရေးကောင်းတဲ့ လူချစ်လူခင်ပေါတဲ့ ဘလော်ဂါပါ။ သူ့စာလေးတွေက ပွင့်လင်း ရိုးသားသလို သူပေးတဲ့ ကွန်မန့်တွေကလည်း ပွင့်လင်းရိုးသားတယ်။ လူငယ်ပေမယ့် စိတ်ဓါတ်က ရင့်ကျက်နေတဲ့သူ တယောက်ပါ။ သူ့ဘ၀ကိုသူ ရိုးရိုးသားသား ဖြတ်သန်းနေတာကို ကျနော်က အားကျပါတယ်။ တချိန်မှာ တွေ့ကြမယ် ထင်ပါရဲ့။
၆။ လင်းထက်
ကျနော်နဲ့ အနေမနီးပေမယ့် နှလုံးသားချင်းနီးနေသူတွေထဲမှာ သည် ညီတယောက်လည်း ပါပါတယ်။ အွန်လိုင်းမှာ စကားတွေ ပြောဖူးတယ်။ အပြင်မှာ ဆုံပြီး ဘီယာအတူသောက်ရင်း စကားတွေ ပြောချင်သေးပါရဲ့ ကိုယ့်ညီရေ့။
၇။ ရွာသားလေး-၀ိုင်တီယူ
ရှေးဘ၀က ရေစက်ပဲ ပါလာလေသလား။ မထင်မှတ်ပဲနဲ့ ညီအကိုလို ရင်းနှီးလာရသူတွေထဲ သည် ရွာသားလေးလည်း ပါသပေါ့လေ။ တရက်ရက်တော့ လူချင်းဆုံကြမှာပါလို့ စိတ်ထဲ တေးထားမိပါသေးတယ်။
၈။ ကျော်သိင်္ခ
ကျောင်းဆရာလုပ်ရင်း ဘလော့ရေး၊ လူမှုရေးလုပ်ငန်းတွေ လုပ်ရင်း ကလေးတွေကို စာသင်၊ သည်လိုနဲ့ အမြဲ အလုပ်ရှုပ်နေတဲ့ ကြားထဲက စာတွေရေး၊ အင်္ဂလိပ်လို အရေးကောင်းတဲ့ သည် ညီတယောက်ကိုလည်း တွေ့ဖူးချင်ပါတယ်။
၉။ ကိုဝင်းဇော်
အချိန်ရတိုင်း ကျနော့်ဆီ ရောက်ရောက်လာတတ်တဲ့ ညီငယ်တွေထဲ သူလည်း တယောက် အပါအ၀င်ပေါ့လေ။ သူ့ကိုလည်း လူချစ်လူခင် အများသားလား။ သူကလည်း ခရီး ခဏခဏ သွားနေရပုံပါပဲ။ အခွင့်အရေး ရခဲ့ ရင်တော့ သည် ညီငယ်နဲ့လည်း လူချင်း ဆုံတွေ့ချင် ပါသေးတယ်။

ကျနော်တွေ့ချင်တဲ့ ဘလော်ဂါ မမတွေ
၁။ မကေ
ကျနော့် မိခင် ဆုံးချိန်တုန်းက အွန်လိုင်းမှာ ကျနော့်ကို ပထမဆုံး နှစ်သိမ့်စကားပြောလာသူ။ တပါးသူ မျက်ရည် ကိုယ့် မျက်လုံးက ကျတတ်သူ။ ကျနော် အတွေ့ချင်ဆုံး ဘလော်ဂါ တယောက်ပါ။
၂။ သက်ဝေ
သူ့စာတွေ ဖတ်ရင်း စိတ်ထဲက ရင်းနှီးနေမိခဲ့ပေမယ့် တကယ့်တကယ် အရင်းနှီးဆုံးလူတွေ ဖြစ်နေမှန်းကို မသိခဲ့ဖူးတဲ့ ညီမတယောက်ပါ။ ခုတော့ အရင်းနှီးဆုံး မောင်နှမတွေ ဖြစ်နေပါပြီ။ လူချင်းကတော့ မတွေ့ဖူးကြသေး။ ခုတော့ စာရင်းထဲမှာ ပါနေပြီပေါ့လေ။
၃။ တူးတူးသာ
စကားပြောပွင့်လင်းသလောက် ခင်ဖို့ အရမ်းကောင်းတဲ့ ညီမလေး တယောက်ပါ။ အွန်လိုင်းမှာ တခါတရံမှ တွေ့ကြသော်လည်း မောင်နှမအရင်းလို ပြောမနာ ဆိုမနာ ခင်မင်နေမိတဲ့ ညီမတယောက်ပါပဲ။ လူချင်း တွေ့ချင်နေမိတဲ့ ညီမတွေထဲက တယောက်ပါ။
၎။ မကြေးမုံ
အသက်အားဖြင့် ငယ်ရွယ်သော်လည်း ဘ၀အားဖြင့် ရင့်ကျက်နေတဲ့ ညီမငယ်တဦးပါ။ သူ့ စာတွေနဲ့ သူ ဖြတ်သန်းနေရတဲ့ ခေတ်ကို အတိအကျ ထင်ဟပ်ပြနေနိုင်တဲ့ သူတဦးပါ။ စကားတွေ ပြောဖူးသော်လည်း လူချင်း မျက်နှာချင်းဆိုင်တွေ့ပြီး စကားတွေ ပြောချင်နေပါသေးတယ်။
၅။ မခင်ဦးမေ
သူ့ရဲ့ ရိုးသားတဲ့ ဟန်ဆောင်မှု မပါတဲ့ စာတွေကို နှစ်သက်မိပါတယ်။ သည်လိုနဲ့ ခင်မင်ရင်းနှီးသူတွေ ပေါများလှတဲ့ သူ့ကို ခင်မင်ရင်းနှီးလိုသူတွေထဲမှာ ကျနော်လည်း တယောက် အပါအ၀င် ဖြစ်သွားပါတယ်။ တနေ့နေ့မတော့ လူချင်း တွေ့ချင်ပါတယ်။
၆။ သုနှင်းဆီ
မမွန်လို့ အားလုံးက ခေါ်ကြတဲ့ သုနှင်းဆီကို ကျနော်လည်းတွေ့ဖူးချင်တာပါ။ ကျနော့်ဆီ အမြဲလို လာတတ်သူ။ လာပြီးတိုင်းလည်း ခြေရာချန်ထားခဲ့တတ်သူ။ ကျနော့်က သူ့ ခြေရာတွေအတိုင်း ပြန်ပြီး လိုက်ရှာတော့မှ သုနှင်းဆီဆိုတာ မမွန်မှန်း သိခဲ့ရတာ။ စိတ်မဆိုးရင် လူချင်း တွေ့ချင်ပါတယ်။
၇။ မီယာ
အမြဲလို ကျနော့် ဘလော့ကို လာလည်တဲ့ကျနော် ညီမတွေထဲ သူလည်း တယောက် အပါအ၀င်ပေါ့။ သူ့ကိုလည်း လူချင်းတွေ့ချင်ပါရဲ့။

ကျနော်တွေ့ချင်တဲ့ ကျနော့်ဘလော့ကို လာဖတ်သူများ
၁။ sin dan lar
နေ့တိုင်းလို ကျနော့် ဘလော့ကို လာဖတ်သူ။ သူ ဘာကြောင့် ကျနော့် ဘလော့ကို လာဖတ်နေမှန်း မသိပေမယ့် ညီမငယ် အရင်းတယောက်လို ရင်းနှီးနေမိပြီ။ သည်တော့ အခွင့်အရေးရရင် အပြင်မှာ လူချင်း ဆုံတွေ့ချင်မိပါတယ်။
၂။ nge naing
ကျနော့်လိုပဲ လက်နက်ကိုင်တော်လှန်ရေး ခရီးကို တစုံတရာ အချိန်ကာလတခုအထိ ဖြတ်သန်းခဲ့ဖူးသူ။ ကျနော့် ဘလော့ကိုလည်း လာဖတ်လေ့ရှိသူ။ လာဖတ်တိုင်းလည်း ကျနော့်ဘလော့ကို ဖွင့်ရင် အင်တာနက် ပြုတ်ကျတယ် ပြောလေ့ရှိသူ။ တကြိမ်လောက်တော့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဖူးချင်ပါရဲ့။
၃။ mie nge
ကျနော့် ဘလော့ကို အမြဲဖတ်လေ့ရှိသူ။ ကွန်မန့်တွေ မရေးပေမယ့် ဆီပုံးထဲ အမြဲ အော်သွားတတ်သူ။ သူ့ကိုလည်း ကျနော် တွေ့ဖူးချင်ပါတယ်။
၎။ ညီမလေး
ကျနော့် သီချင်းတွေကို အားပေးလေ့ရှိသူ။ စာတွေလာဖတ်လေ့ရှိသူ။ မေ့တတ်တဲ့ ကျနော်က စာရင်းထဲ သူ့ကို မထည့်လိုက်မိဘူး။ ခွင့်လွှတ်ပါ ညီမလေးရေ့။ တွေ့ချင်တဲ့ သူတွေထဲ ညီမလေးလည်း ပါပါတယ်..။


Apr 26, 2009

ဘောလုံးသမားကဗျာ

ကျနော့်ညီငယ်တယောက်ဖြစ်တဲ့ ကဗျာဆရာ ငြိမ်းချမ်းအောင်ရဲ့ ကဗျာ တပုဒ်ပါ။ ကျနော် ကြိုက်နှစ်သက်လွန်းလို့ သူ့ကို ခွင့်တောင်းပြီး ဘလော့မှာ ပြန်လည်ဖော်ပြလိုက်တာပါ။















ဘောလုံးသမားကဗျာ

ကျနော့်ကို ချ,ထားတဲ့ကောင်တွေကို
ကျနော်က ပြန်ချတယ်
ကျနော်က ချ,ထားတဲ့ကောင်တွေက
ကျနော့်ကို ပြန်ချတယ်
ဘောလုံးကစားတယ်ဆိုတာ
ပန်းနဲ့ပေါက်တန်းကစားတာမဟုတ်တော့
ထိခိုက်ဒဏ်ရာကိုယ်စီတော့ ရှိကြတယ်
လက်ရည်မမျှတဲ့ စိန်ခေါ်သံတွေကို
ကျနော် မကြားချင်ယောင်ဆောင်ခဲ့တယ်
ခရာတွတ်နေတာတောင်
ကျနော့်နားရွက်ကို တံတွေးလာစွတ်နေလို့
ဒေါသနဲ့ ဂိုးအပြတ်သွင်းပစ်ခဲ့တယ်
လူမကျွံအောင် ကျနော်သတိထားကစားတယ်
ကိုယ့်ဂိုးကိုယ်ပြန်မသွင်းမိအောင်
ကျနော် အလေးထားတယ်
အနီကဒ်ပြပြီး အထုတ်ခံရလောက်အောင်လည်း
ကျနော် စည်းကမ်းမဖောက်ဘူး
ရာသက်ပန်အနားယူရလောက်တဲ့ ဒဏ်ရာမျိုးရအောင်လည်း
ကျနော် သတိလက်လွတ် မကစားဘူး
အရံခုံမှာ ထိုင်နေရတဲ့အခါ
အသင်းဖော်တွေကို အားတက်သရော အားပေးတယ်
ကိုယ်တိုင်ဝင်ကစားရတဲ့အခါ
အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ အားမွေးတယ်
တသင်းတည်းသားချင်း ခြေခွင်မလှဲဘူး
နောက်ကျောကနေ လက်သီးပုံးမထိုးဘူး
ကျနော်ပါဝင်ကစားခွင့်ရတဲ့ အသင်းမှာ
ကျနော် အကောင်းဆုံးကစားခဲ့ပါတယ်။ ။

ငြိမ်းချမ်းအောင်

Apr 23, 2009

အပြစ်ကင်းသူ

မိုးမခမှာ ကိုဇာနီဝင်း တင်ထားတဲ့ ဆရာငွေကြည်ရဲ့ ကာတွန်း တကွက်ပါ။ သဘောကျတာနဲ့ ဘလော့မှာ ပြန်တင်လိုက်တာပါ။

Apr 22, 2009

မြစ်တစင်းကို ချစ်ခင်ခြင်း






















မြစ်တစင်းကိုချစ်ခင်ခြင်း

လေ မငြိမ်တဲ့ မြစ်
ရေ တိမ်တဲ့ မြစ်...
အနေ မတတ်တဲ့ မြစ်
ရေ ငတ်တဲ့ မြစ်...
ထီ မထင်တဲ့ မြစ်
ကြည် လင်တဲ့ မြစ်...
နေ မထိုးတဲ့ မြစ်
ရေ ဆိုးတဲ့ မြစ်...
ရင် တကယ် မကွဲဖြစ်တဲ့ မြစ်
ပင်လယ်ထဲ နစ်တဲ့ မြစ်...
လေ ချွန်နေတဲ့ မြစ်
ရေတံခွန်တွေနဲ့ မြစ်...
အချိန် ပေါများတဲ့ မြစ်
တိမ်ကောသွားတဲ့ မြစ်...
အမှိုက် မျောတဲ့ မြစ်
ဒိုက်သရောနဲ့ မြစ်...
အချိန် ပိုနေတဲ့ မြစ်
အရှိန် လိုနေတဲ့ မြစ်...
အိမ် မရှိတဲ့ မြစ်
အချိန် မသိတဲ့ မြစ်...
ငါး မနေတဲ့ မြစ်
ဖား သေတဲ့ မြစ်...
အလင်း မရှိတဲ့ မြစ်
ပျင်းရိတဲ့ မြစ်...
ချောင်း ဖြစ်သွားတဲ့ မြစ်
အလောင်း နစ်သွားတဲ့ မြစ်...
လောဘ ကြီးတဲ့ မြစ်
ဒေါသ မီးနဲ့ မြစ်...
ရန်ဖြစ်ချင်နေတဲ့ မြစ်
ပြန်ချစ်ခင်နေတဲ့ မြစ်...
စိတ်ပျော်နေတဲ့ မြစ်
အိပ်ပျော်နေတဲ့ မြစ်...
မြေပုံပေါ် ရောက်နေတဲ့ မြစ်
မြေပုံတွေ ပျောက်နေတဲ့ မြစ်...
မြစ်တွေ...
မြစ်တွေ...
အမျိုးမျိုးပါပဲလေ...

ကျနော်ကတော့
ဘ၀ ကမ်းပါး၊ စကား တိုးညှင်း
နှင်းပွင့် ထွေးပွေ့၊ သိမ်မွေ့ ညင်သာ
သောင်ပြင် လွလွ၊ သဲဖြူ မွမွ
လှတ ပတ၊ ငွေလရောင် ဆမ်း
ည အနမ်းမှာ၊ ပန်းတို့ စီးမျော
သောက ချန်ရစ်၊ မြစ်ပြန်ဖြစ်တဲ့
ရိုးရိုးသားသား မြစ်ကလေးတစင်းကိုပဲ
ချစ်ခင်ရင်းနှီးနေပါပေါ့...

ATN

ခေတ္တခဏနားပါမည်

လာရောက်လည်ပတ်ကြတဲ့ ညီအကိုမောင်နှမများ၊ မိတ်ဆွေများ၊ စာဖတ်သူများအားလုံး မင်္ဂလာပါ။
အကြောင်းကြောင်းကြောင့် ဘလော့ရေးခြင်း ခေတ္တရပ်နားပါမည်။
လာရာက်လည်ပတ်ဖတ်ရှုကြသူများအားလုံးကို ကျေးဇူးတင်ပါသည်။
အားလုံး အစစ အရာရာ အဆင်ပြေ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Apr 16, 2009

တတိယနေ့






















မတော်တဆနဲ့
လမ်းချော်ကျခဲ့တဲ့ ပြက္ခဒိန်တွေ
ရေတိမ်နစ်...

သံသယနဲ့
နောက်ပြန်လှည့်ကြည့်တဲ့အခါ
နာရီတွေ ပိုမြန်...

တမင်သက်သက်
မိုးနဲ့မြေကို ပြောင်းပြန်လှန်ကြည့်ရင်
ကင်းမြီးကောက်ထောာင်တယ် အထင်ခံရ...

နန်းကြိုးပြတ်နေတဲ့ ဘတ်သီးနဲ့
လျှပ်စစ်မီးမလာတဲ့ အိမ်တလုံးက ရေခဲသေတ္တာ
စာမျက်နှာ အတူတူပါပဲလေ...
ထုထည်တွေသာ
ကွာခြား...

ရေတံခွန်လို
ဇောက်ထိုးဆင်းလာခဲ့တဲ့
နေ့တွေဆိုတာကလည်း
အဟောင်းနဲ့အသစ် နှစ်မျိုးသာ...
ရိုးနေပါပေါ့...

အို... ထာဝရဘုရား
ငါ့အား
အခြားနေ့တမျိုးမျိုးသာ
ရှာကြံပေးပါ့ ...

ATN