Aug 13, 2008
သောင်ရင်းမျှော်စင်
အောက်ဖော်ပြပါ စာတွေကတော့ ကိုဈာန့် ဘလော့ကနေ ကူးယူပြီး ပြန်လည် ဖော်ပြတာပါ။ ကျနော် ရေးခဲ့တဲ့ အမေ့လျော့ခံသူရဲကောင်းများနဲ့အတူတူ အလေးပြုရမယ့် သူရဲကောင်းတွေ အကြောင်းပါပဲ။
Saturday, July 14, 2007
သောင်ရင်းမျှော်စင်
ကိုဈာန်
(ဒီမိုကရေစီ သူရဲကောင်းများနေ့ အမှတ်တရ)
(၁)
ဒီဇင်ဘာ မနက်ခင်း နှင်းက ခရမ်းနုရောင်လေးတွေ ပြေးနေသလိုပင်၊ ကျနော်လည်း ၆ နာရီထပြီး ဘားတိုက် ဘေးနားမှာရှိတဲ့ မျှော်စင်လေးပေါ်ကနေ သောင်ရင်းမြစ်အလှကို ငေးကြည့်နေမိသည်။ သောင်ရင်းမြစ် လေညင်းကို တ၀ကြီး ရှူရှိုက်ပစ်လိုက်လေသည်။ နှင်းလေစိမ့်အေးက လူကို လန်းဆန်းသွားသည်။ နောက် သုခိတာ တလိပ်ထုတ်ပြီး အချမ်းပြေ မီးညှိဖွာရှိုက်လိုက်သည်။ ရဲဘော်တချို့က မီးလှုံရင်း ထွေရာလေးပါး ပြောနေကြသည်။ ကျနော်တို့ စခန်းက သောင်ရင်းမြစ်နံဘေးတွင် ရှိသည်။ သောင်ရင်းမြစ်နံဘေးဆိုပေမယ့် ကမ်းစပ်ကနေ ကျနော်တို့ ကျောင်းသားတပ်မတော် စခန်းကုန်းပေါ်ကို ခပ်မတ်မတ်လျောက်တက်ရသည်။ သောင်ရင်းရေပြင်နဲ့ ကျနော်တို့ စခန်းကုန်းပေါ်နဲ့ဆိုရင် ပေနှစ်ဆယ် အမြင့်လောက်ရှိမည်။ မျှော်စင်လေးက သောင်ရင်းမြစ်နံဘေး စခန်းကုန်းမြင့်ပေါ်နဲ့ တပြေးညီထားပြီး အစွန်းထုတ်ထားတဲ့ ရှစ်ပေပတ်လည်ရှိသည့် စင်တခုဖြစ်သည်။ သစ်သားထိုင်ခုံများ ပတ်လည်တွင် ရိုက်ထားသဖြင့် လက်ရမ်းသဖွယ် ဖြစ်နေသည်။ ကျနော် တို့ ညနေပိုင်း ဂစ်တာတီး သီချင်းဆို ရဲဘော်တွေ စကားဝိုင်း ထိုင်ပြောသည့် အပမ်းဖြေရာ နေရာတခုလည်း ဖြစ်သည်။ ကျနော်မျှော်စင်လေးအကြောင်းတွေးရင် ရဲဘော်ဝင်းကို ကို သတိရသည်။
ရဲဘော်ဝင်းကိုက ပျော်ပျော်နေတက်သည်။ အမြဲတမ်းစကားပြောရင် ပြုံးပြီးပြောသည်။ သူများနောက်ရင်လည်း တပြုံးပြုံးနဲ့ ဘယ်တော့မှ ပြန်မပြောတက်သူ၊ အသားဖြူဖြူ အရပ်မြင့်မြင့် ပိန်ပိန်ရှည်ရှည် (ဂလန်ဂလား)လို့ ပြောရမယ့် လူမျိုးတွင်ပါသည်။ လူပုံက ရိုးရိုးအအ၊ လုံချည်ကို ဒူးလောက်မရောက်တရောက် အမြဲဝတ် တတ်သည်။ ဆံပင်က ဘိုကေ၊ သပ်သပ်ရပ်ရပ်နေတက်သည်။ လမ်းလျှောက် ခါးကိုင်းကိုင်းနဲ့ ကာတွန်းထဲက အမွှာညီအမ လေးမွန်၊ ထွေးမွန်တို့ရဲ့ဦးလေး လေးလေးဇာနဲ့တူလို့ ကျနော်တို့က သူ့ကို မောင်မောင်ဇာလို့ နောက်ပြောင်၍ ခေါ်လေသည်။ သူ အပြုံးမပျက်။ ရဲဘော်တွေအပေါ် အနစ်နာခံတက်သည်။ စခန်းတွင် ချုံရှင်း၊ ထမင်းချက် ဆတ်တောက် ဆတ်တောက် လိုက်လုပ်တက်လေသည်။ ဒါကြောင့်လည်း သူမျှော်စင်လေး လုပ်ဖြစ် သည်။ ကမ်းနံဘေးက သစ်စက်မှာ သစ်တို သစ်စတွေကို မီးမွှေးဖို့ထမ်းရင်း၊ သူမျှော်စင်ဆောက်ဖို့ အကြံရတော့ သံဝယ်ခိုင်းပြီး မျှော်စင်လေးကို ရိုက်တော့တာပါပဲ။
‘ခါလပေါင်ကွ...’ သီချင်းဆိုသလို လုပ်ပြီး မျှော်စင်ပေါ်တွင် ခုန်ပြနေသည်။ ရဲဘော်ဝင်းကို သူ့မျှော်စင်ပြီးသွား လို့ ပျော်နေသည်။
“ကျနော့်စင်က ဆင်တောင် တက်ကလို့ရတယ်”
“ဟုတ်လို့လားကွာ... တော်ကြာ မင်းမျှော်စင်က မခိုင်လို့ကျိုးကြရင် အောက်ကချောက် နက်တယ်နော် သောင်ရင်းမြစ်ထဲ တလိမ့်ခေါက်ကွေး ကျသွားမှာ”
“ခိုင်ပါတယ်ဗျ သေသေချာချာ မြေတူးပြီး တိုင်စိုက်ထားတာ သစ်ပင်နဲ့လည်း တွယ်ပြီး သံရိုက်ထားသေးတယ်။” ဟုတ်သည်။ စင်ဘေးနှစ်ဘက် နှစ်ချက်မှာရှိတဲ့ သစ်ပင်နှစ်ပင်ကို တန်းထိုးပြီး သံရိုက်ထားလေသည်။“လာ.. လာကြည့် မိုက်တယ်၊ ဒီမှာ လေလည်း တိုက်တယ်”ကျနော်လည်း မရဲတရဲနဲ့ ခြေလှမ်း လေးလှမ်းလောက် စင်ပေါ်ကို တက်ကြည့်သည်။ ပထမဆုံး တက်ကြည့်လို့လားမသိ၊ မျှော်စင်က အသည်းတယားယားနဲ့ ယိုင်သလိုလို နဲ့သလိုလို စိတ်ထဲမှာ ခံစားမိသည်။ သုံးလေးခါလောက် တက်ကြည့်တော့ ရိုးသွားသည်။ ဘာမှ မဖြစ်တော့။ နောက်ပိုင်း ထိုမျှော်စင်လေးတွင် ဘားတိုက် အသီးသီးက ရဲဘော်တွေစုပြီး စကားပြောရာ၊ သီချင်း ဆိုရာ နေရာလေး ဖြစ်လာတော့သည်။
(၂)
တခါ ကျနော်တို့ မျော်စင်လေးမှာ စကားပြောနေကြတုန်း သူက ရန်ကုန် ရွှေတိဂုံဘုရားသွားဖူးတဲ့အကြောင်း ပြောပြသည်။ ရွှေတိဂုံဘုရား မြောက်ဘက်မုတ်က စက်လှေကားကို သူဘယ်လို စီးရမှန်းမသိ၊ သူများစီးတာ ထိုင်ကြည့်တာလည်း ၁၀ မိနစ်လောက် ကြာတယ်။ စက်လှေကားကလည်း စီးချင်၊ ရွှေတိဂုံဘုရား ရောက်လို့ စက်လှေကား စီးမပြန်ခဲ့ဘူးဆိုရင် ရွာရောက်ရင် သူ့ကို လူတွေက ပြောမည်။ နောက် အဲဒီကနေဆင်း ပြည်သူ့ ဥယျာဉ်လည်း သွားလည်ချင်သေးသည်။ နောက်ဆုံး မထူးပါဘူးဆိုပြီး လုံချည်ကို ဒူးလောက် တိုတိုပြင်ဝတ် လိုက်သည်။ သူ့လုံချည် စက်လှေကားထဲ ညှပ်ပါသွားမည်လည်း စိုးရိမ်သေးသည်။ ဖိနပ်အပ်သည့်နေရာတွင် အပ်ရင် ပိုက်ဆံ ကုန်မှာလည်း စိုးသည်။ ဖိနပ် မအပ်ဖြစ်။ ဖိနပ်ထုတ်ကို တဘက်ကကိုင်၊ သားပိုက်ကောင်တွေ ခုန်သလို စက်လှေကားပေါ် ခြေစုံ ခုန်တက်လိုက်တော့တာပါပဲ။ သူ ကိုးရိုးကားယားနိုင်ပုံကို ကောင်မလေး တွေက သူ့ကို ၀ိုင်းကြည့်ပြီးရယ်ကြလေရော သူလည်း ရှက်ရှက်နဲ့ ပြန်လာခဲ့ရတဲ့အကြောင်း ပြောလေသည်။ ကျနော်တို့ သူပြောတာ နားထောင်ပြီး ၀ိုင်းရယ်ကြသည်။
“အာ... အရယ်ခံရတာ အခုထက်ထိ မလွတ်သေးပါလား”လို့ သူရှက်ရှက်နဲ့ပြောတော့ ကျနော်တို့က ပိုရယ် ကြလေသည်။ သူရယ် ကျနော်ရယ် ရဲဘော် ဖိုးစည်ရယ်က တစ်ဘားတိုက်ထဲမှာ နေကြသည်။ ညအိပ်ခါနီး ကျနော်တို့ စာဖတ်ရင်ဖတ် မဖတ်ရင် စကားပြော ဖြစ်ကြသည်။ သူ့အကြောင်း သူပြောရင် ဟာသ လိုဖြစ်နေ သည်။ သူ့ကိုယ်တွေ့ ဟာသတွေက တော်တော်များသည်။ သူက ဆေးမှူးဖြစ်ချင်သူ။ ပါတာစီတမော့တို့ ဘာမီတုန်တို့ စတဲ့ဆေးတွေလည်း ဆောင်ထားတက်လေသည်။ သူရှေ့တန်းထွက်တော့ ရွာသားတယောက်က သူ့မိန်းမ ချောင်းဆိုးနေတယ် ချောင်းဆိုးသံကြောင့် ကျနော် ညဘက် ညဘက် အိပ်မရဘူး။ အဲဒါကြောင့် သူ့ မိန်းမအတွက် ချောင်းဆိုးပျောက်ဆေးလေးများရှိရင် ပေးပါဆိုပြီး ဆေးတောင်းလေသည်။ သူ့မှာလည်း ဘာမီ တွန် နဲ့ ပါတာစီတမော့ပဲ ပါလေသည်။ ချောင်းဆိုးပျောက်ဆေး မပါ။ သူက“ကျနော့်မှာတော့ ချောင်းဆိုး ပျောက်ဆေးမပါဘူး ဖထီးရေ..၊ ဖထီးမိန်းမ ချောင်းဆိုးလို့ ဖထီးညဘက်အိပ်မရရင်တော့ ဘာမီတွန်တော့ ပါတယ်၊ ဖထီးက ဘာမီတွန်သောက်ပြီးအိပ်လိုက်”ဆိုပြီး ဘာမီတွန်တွေ ပေးလိုက်တဲ့ လူစားမျိုး။
ရှေ့တန်းက ရွာတရွာမှ ကျနော်တို့တပ်စိတ်ဝင်နားတုန်း ကျနော်တို့ တပ်စိတ်က မြေပဲအစိမ်းတွေကို အခွံနွှာပြီး လှော်စားမလို့ လုပ်သည်။ ကျနော်က လှော်မယ်ဆိုပြီး မြေပဲကို ထိုင်လျော်နေသည်။ သူက ကျနော် မြေပဲလှော် နေသည့်ဘေးနားလာထိုင်ပြီး စကားစမြည်လာပြောသည်။
“ရဲဘော်ကြီး၊ ညနေကျရင် ကေအန်ယူတပ်ခွဲက ၀က်ဖော်မယ် သိလား၊ ငါတို့တော့ ညနေ ၀က်သားဟင်း စားရ တော့မယ်၊”
“ဟုတ်လား ကောင်းတာပေါ့ ၀က်သား မစားရတာကြာပြီကွ၊ ကောင်းကောင်းကြိတ်လိုက်အုံးမယ်”
ကျနော်တို့ နှစ်ယောက် စကားကောင်း နေသည်။ ဟင်းကောင်းစားရမည်ဆိုတော့ မြေပဲလှော်နေတာကို မေ့သွားသည်။ မြေပဲက တူးနံ့ထွက်လာသည်။ သူက “ဟာ.. တူးနေပြီ၊ တူးနံ့ထွက်နေပြီ”ဆိုပြီး ကယောင် ကတန်းနဲ့ ဘေးမှာရှိတဲ့ ရေခွက်ကို မြေပဲလှော်တဲ့ အိုးထဲသွန်ထည့်လိုက်သည်။ သူက အဲဒီလိုမျိုး။ ရေ၀င်သွား တော့ မြေပဲတွေက ရေပေါ်ပေါ်လာသည်။ တူးကတည်းတူး၊ မြေပဲကလည်း ရေလုံပြုတ်ဖြစ်သွား၍ စားမရတော့။ မြေပဲလှော်အိုးကို ၀က်စာကျွေးလိုက်ရသည်။
(၃)
ကျနော် သူ့ကို နောက်ဆုံးတွေ့တဲ့အချိန်က နောက်တန်းစခန်းမှာ ဖြစ်သည်။ ကျနော်ရှေ့တန်းက ဒါဏ်ရာရ၍ နောက်တန်းသို့ ပြန်ပို့ခံရသည့် အချိန်။ ကျနော် ဒဏ်ရာရတဲ့ တိုက်ပွဲမှာ သူ မပါ။ သူက စခန်းမှာ ငှက်ဖျားမိပြီး ကျန်ခဲ့လေသည်။ ကျနော် ခဏနားနေတဲ့ဆီကို သူရောက်လာသည်။ ကျနော်က ပုခက်ပေါ်မှာ ကျနော့်လက်ကို သူက ဆုပ်ကိုင်ပြီး “ရဲဘော်ကြီး ဘာမှ မပူနဲ့ ဆေးရုံ ရောက်တော့မယ်” သူကမ်းနား စက်လှေပေါ်အထိ လိုက်ပို့သည်။ ကျနော်ဆေးရုံတက်နေတုန်း သူစာလှမ်းရေးသည်။ “မင်းတို့နဲ့ တိုက်ပွဲ ဖြစ်တဲ့ ရန်သူတွေ ငါတို့နဲ့ တိုက်ပွဲဖြစ်တယ် ရန်သူတော်တော်အထိနာပြီး ဆုတ်ပြေးသွားတဲ့အကြောင်း၊ ငါတို့ ကျန်းကျန်းမာမာရှိတယ် မင်းဒါဏ်ရာကို မင်းဂရုစိုက်၊ ဘာမှအားမငယ်နဲ့” ကျနော် သူ့စာဖတ်ပြီး အားတက်မိသည်။ ကျနော့်ဒါဏ်ရာ ကြောင့် နောက်တန်းစခန်းမှာ အနားယူနေရသည်။ တညနေ ဆက်သွယ်ရေးသမားက တပ်ရင်းမှူးကို ကြေးနန်းစာ တစောင်လာပို့သည်။
"ရဲဘော် တူးနိုင်၊ ရဲဘော် ၀င်းကို၊ ရဲဘော် အောင်ကျော်စိုး ကျဆုံး။"
အပြင်မှာ မိုးတွေ တဖွဲဖွဲရွာနေတယ် ရဲဘော်ကြီး ဒါပေမယ့် ငါ့ရင်ထဲမှာ မိုးတွေ ပြိုကျလာလိုက်တာ... ပြိုကျလာလိုက်တာ၊ ငါ့ရင် တခုလုံး ကြွေ...။ သွားပြီ ရဲဘော် ၀င်းကို မရှိတော့ဘူး။ ကျနော့် မျက်ဝန်းအစုံ ရီဝေလွမ်းဆွတ်သွားသည်။
“သူက ဆေးကုတာ ၀ါသနာပါတယ်လေ။ ရဲဘော်တယောက် ခြေထောက်မှာ သဲဝဲစားတော့ ဆေးမှူးက ဆေး ထည့်ပေးနေတာ သူကဘေးနားမှာ ကြည့်နေတယ်။ ရန်သူက လက်နက်ကြီးနဲ့လှမ်းပစ်တော့ သုံးယောက် လုံး ထိတာပဲ။” သူ့ရက်လည်ဆွမ်းကျွေးမှာ ပြောသံတွေ ကြားနေရသည်။ “တိုက်ပွဲတွေဖြစ်တော့ သူ့အသံကြားနေရ သေးတယ်။ သူ့မျက်စိမှာ ရန့်သူလက်နက်ကြီးပစ်တော့ ဖုန်ဝင်သွားတယ်နဲ့တူတယ်၊ မျက်စိကို အင်္ကျီနဲ့ သုတ်နေ တာ တွေ့တယ်။ ခြေထောက်နဲ့ ရင်ဘတ်မှာလည်း ဒါဏ်ရာရထားတော့ သူမပြေးနိုင်တော့ဘူးလေ။ သူက မျက်စိ မမြင်ရတော့ဘူးဆိုတော့ သူထပြေးတဲ့အချိန်မှာ ရန်သူက သူ့ကို ကာဘိုင်နဲ့ပစ်တော့ နောက်ပြန်လှန်ကြသွား တာ။ သူ့အလောင်းကို ရန်သူက ရတော့၊ သူ့အိပ်ထဲက ကျောင်းသားတပ်မတော် ရဲဘော်လက်စွဲ စာအုပ်တွေ့ တယ်တဲ့။” တရားနာ နေတုန်း နားထဲက မထွက်။ ရဲဘော်ကြီး ဒီမိုကရေစီ သူရဲကောင်းပီသစွာ ကောင်းရာ သုဂတိလားပါစေ။
(၄)
အဲဒီနေ့ ညနေဘက် ကျနော်တို့ မျှော်စင်လေးမှာ စကားသိပ်မပြောဖြစ်ကြ သောင်ရင်းမြစ်ရဲ့ အရှိန်ပြင်းစွာ စီးဆင်းနေတဲ့ ရေအလျင်ကို ငေးမောနေကြသည်။ သီချင်းတော့ ဆိုဖြစ်ကြသည်။ ဂစ်တာတီးတဲ့တယောက်က ကမ္ဘာမကြေဘူး သံစဉ်ကို စ၀င်လိုက်လေသည်။
“ကမ္ဘာ မကြေဘူး..” ရဲဘော်တွေ အကုန်လုံး တိုင်ပင်ထားခြင်း မရှိပဲ တီးတိုးဆိုဖြစ်လိုက်ကြသည်။
“ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတွေ...၊” ရဲဘော်ဝင်းကို ရုပ်ပုံကို တဖြည်းဖြည်းမျက်စိထဲမှာ မြင်ယောင် လာမိသည်။ ရဲဘော် အားလုံးလည်း သီချင်းဆိုရင်း ငေးမော။
“တော်လှန်ရေး...၊ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော...” ကျနော်တို့ အသံတွေ ဆို့နစ်ကုန်ကြသည်။
“အို.. သူရဲကောင်းတို့ရေ..”သီချင်းဆိုရင်း မျက်ရည်တွေ ရစ်သိုင်းလာကြသည်။ အံကြိတ်မာန်တင်းပြီး အသံကုန် ဟစ်လိုက် ကြသည်။
“အာဇာနည်တွေနေတဲ့ တိုင်းပြည်”။ ။
Posted by ကိုဈာန် at 11:43 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment