Nov 30, 2008

လွမ်းသင့်ဝေသီ

ကြွေပြီ... ပုန်းညက်...
လွမ်း... ခ... သင့်... ရက်... စွေ...
ဖြေ... သိမ့်... ထွေး... နွေ... နေနိုင်စေသား...
နွမ်းလျတဲ့... ဘ၀... နွေ...
ချွေး... သိပ်ခဲ့ပြီ...မေ...
ညှိုးလျော့ခဲ့... ခြေ... တလှမ်းဟာ...
ရင်နာ... ရွာ... ပြန်... မလှည့်ဘူး...မေ...
ချစ်... ခွင့်ထူးခံ... ဆု... ပန်မယ့်... ယောက်ျားထဲ ...
ကိုယ်... မပါနေဆဲပါ...

လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...
လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...

ဝေသီ... ညှိုး... ရက်...
စိုး... သက်... ပင့်... ရှိုက်... ငင်...
နွေ... စိမ့်... စမ်း... ရေ... သွင်နိုင်စေသား....
ဖူးဆဲ... အပွင့်... လန်းနေရှာ...
လွမ်း... စကား... သင့်... နွမ်း... သည်လေ...
ဆန်းပြားခဲ့... အတိတ်... လမ်းမှာ...
ဝေဒနာ... ရွာ... တည်ဆောက်.. ဆဲ... လေ...
အမုန်း... ခွင့်ထူးခံ... ဆု... ပန်မယ့်... ယောက်ျားဟာ...
ကိုယ်... တယောက်ထဲပါ...

လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...
လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...
လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...

ကျနော် ကြိုက်တဲ့ ကဗျာဆန်တဲ့ နောက်ထပ် သီချင်း တပုဒ်ကို မျှဝေတာပါ။
(ထုံးစံအတိုင်း) - မင်းဒသ - ရေးပြီး - ဖိုးချို - ဆိုခဲ့တာပါ။

video

ပျံသန်းရင်းက ... လွမ်း... သင့်... ဝေ... သီ... သွားကြတဲ့ ငှက်ကလေးတွေရဲ့ အသံလည်း ကြားကြမယ် ထင်ပါရဲ့ ....

ကမ်းခြေမှာ အပမ်းဖြေသူများအတွက် ပေးစာ

ကျနော်က ပင်လယ်ကို ကြိုက်တယ်။ သို့သော်လည်း ကိုယ့်တိုင်းပြည်မှာ ရှိနေတုန်းကတော့ အကြောင်း ကြောင်းတွေကြောင့် ပင်လယ်အနား သွားခွင့်... ပင်လယ်လေကို ရှုရှိုက်ခွင့်... မရခဲ့ဖူးပါဘူး။ ကျနော့်ဘ၀မှာ ပထမဆုံး အကြိမ် ပင်လယ်ကို ကိုယ့် မျက်စေ့နဲ့ တွေ့ခဲ့ ရတာကတော့ ၁၉၉၇ ခုနှစ် အောက်တိုဘာလမှပါ။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဗမာ ဒုက္ခသည် တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တခုမှာ လုပ်အားပေး ၀င်လုပ်ရင်းနဲ့ အဲ အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ရင်း ပင်လယ် အနား ရောက်ခွင့် ရခဲ့တယ် ဆိုပါတော့။ နေရာကတော့ ထိုင်းနိုင်ငံက ဟွာဟင်-လို့ ခေါ်တဲ့ မြို့ပါ။ ကမ်းခြေ(Beach)လည်း ရှိပြီးတော့ နိုင်ငံတကာ ဧည့်သည်တွေ အလွန်များတဲ့ မြို့တမြို့ပါပဲ။

သည့်နောက်တော့ ဖလော်ရီဒါကို ကျနော် ရောက်လာတော့ ကမ်းခြေတွေနဲ့ အမြဲ တွေ့နေ ရတော့တာပါပဲ။ မြို့တိုင်းဟာ ကမ်းခြေ (Beach)တွေ ချည်းပဲကိုး။ အဲလိုနဲ့ အချိန်ရတိုင်း ပင်လယ်အနား ကျနော် ရောက်ရောက် သွားလေ့ရှိတယ်။ ကမ်းခြေမှာ လမ်းလျှောက် ရတာ ကျနော် ကြိုက်တယ်။ ကမ်းခြေမှာ အပမ်းဖြေရတာ ကျနော် ကြိုက်တယ်။

ပင်လယ်ကြီး ရှိရှိသမျှ... ကမ်းခြေတွေဟာလည်း... မတွက် မရေနိုင်အောင်... ရှိကြပါပေရဲ့...။ ကမ်းခြေတွေ... ကမ်းခြေတွေ...။ တချို့လည်း... လူသိ... သူသိ... နံမည်ကြီး...။ တချို့လည်း လူမသိ သူမသိ... နံမည် မရှိ...။ သို့သော်လည်း... ကမ်းခြေတွေကို... လူတွေ... သိခြင်း... မသိခြင်းဟာ... အဲကမ်းခြေရဲ့... ပင်ကိုယ် အလှနဲ့ ဆိုင်တယ် ထင်ပါရဲ့...။ သို့မဟုတ်... အဲကမ်းခြေကို... လှပအောင် တန်ဆာတွေဆင်.... လှပတယ်လို့... လူတကာ ထင်အောင်... လုပ်ထားတာနဲ့လည်း... ဆိုင်မယ် ထင်ပါရဲ့...။

ကျယ်ပြော ပြန့်ပြူးတဲ့... သဲ မွမွ ဖြူဖြူ နုနုလေးတွေနဲ့ .... လေညှင်းလေးတွေနဲ့... ဇင်ယော်လေးတွေနဲ့... ရေငှက်ကလေး မျိုးစုံနဲ့... လှပနေတဲ့ ကမ်းခြေဆို... လူတိုင်း... လျှောက်ချင် ကြမှာပဲလေ...။ အဲကမ်းခြေကို သွားမယ်...။ အဲကမ်းခြေက... ကိုယ့် မျက်ဝန်းထဲ... တွန်းထိုး ထည့်ပေးလိုက်တဲ့... ဆည်းဆာကို... အမှောင်... မလာခင်... ရင်ဘတ်ထဲ... တခဏပဲ ဖြစ်ဖြစ်... သိမ်းပစ်လိုက်မယ်...။ အဲကမ်းခြေက... ယူလာပေးတဲ့... လေညှင်းလေးနဲ့... ကိုယ့်ရင်ထဲက ပူလောင်မှုတွေကို... ခဏတဖြုတ်ဖြစ်ဖြစ်... မောင်းထုတ် ပစ်လိုက်မယ်...။ ပြီး... အဲကမ်းခြေမှာ ... ဦးတည်ရာမဲ့... လျှောက်သွားနေရင်းနဲ့... သူ ထမ်းပိုးထားတဲ့... ငှက်ကလေးတွေ... တေးဆိုနေတာကို... နားထောင်မယ်... ။ ဒါမှမဟုတ်... အဲကမ်းခြေက... ဖြန့်ခင်းချထားတဲ့... သဲမွမွ ဖြူဖြူ နုနုလေးတွေပေါ်မှာ... ခဏတာ လဲလျောင်းရင်း... သူ့ ရင်နှစ်သည်းချာ... ကမာလေးတွေ... ခရုလေးတွေကို... တခုချင်းစီ... နှလုံးသားနဲ့... ကိုင်တွယ် ကြည့်ကြည့်မယ်...။ ကံကောင်းတဲ့အခါ... ချစ်စရာကောင်းတဲ့... လှလှပပ ကမာကောင်လေး တခုကို... ကိုင်တွယ်ကြည့်ရှုခွင့်... သင့်အတွက်... ရချင်လည်း ရနိုင်သေးတယ်... ။ ပြီးတော့... ခရုခွံလေးကို... အသာမလို့... ကိုယ့်နားအ၀မှာ... ကပ်ထားတဲ့အခါ... သူ သယ်လာတဲ့... ပုံပြင် တခု ဖြစ်ဖြစ်... ကဗျာ တပုဒ်ဖြစ်ဖြစ်... ကြားရနိုင်ပါသေးတယ်လေ... ။

သည်လိုနဲ့... လူတွေ အားလုံးက... ကမ်းခြေမှာ... အပမ်းဖြေကြတာပါ...။ လူသိများတဲ့ နံမည်ကြီး ကမ်းခြေတွေဆို လူတွေ ပိုများ သပေါ့လေ...။ လူသိနည်းတဲ့ ကမ်းခြေတွေမှာတော့ လူတွေ ခြောက်ချက် နဲ့....။

ဘယ်လိုပဲဖြစ်ဖြစ်... ကမ်းခြေတိုင်း... အပမ်းဖြေ လမ်းလျှောက်လို့ ကောင်းတာ... မဟုတ်ပါဘူး...။ တချို့ ကမ်းခြေ တွေဟာ... ကမ်းခြေ ဖြစ်နေသည့်တိုင်... ကျောက်ဆောင် ကျောက်သားတွေနဲ့ပြည့်နှက်... လမ်းလျှောက်ဖို့ ခက်ခဲ... လဲလျောင်းဖို့ ခက်ခဲ... ဘာကြောင့်... ကမ်းခြေ လာဖြစ်နေသလဲ... ကျနော်လည်း... ဝေခွဲရ ခက်...။

တချို့ ကမ်းခြေတွေကတော့ ... ၀တ်လစ်စလစ်မှသာ... ၀င်ခွင့်ပြုသည်...တဲ့... စာရေးထားခဲ့ သေးတယ်... အဲလို ကမ်းခြေမှာ... ဘယ်လို လူတွေများ... အပမ်းဖြေနေကြပါလိမ့်... ကျနော်လည်း... တွေဝေ...။

တချို့ ကမ်းခြေတွေကတော့ ... ပုဂ္ဂလိကပိုင်ဖြစ်သည်... မဆိုင်သူ မကပ်ရ... ဆိုလား...။

တချို့ ကမ်းခြေတွေကတော့... အခွင့်မရှိ... မ၀င်ရပါ... အဖွဲ့ဝင်များအတွက်သာ... ဆိုပဲ....။

တချို့ ကမ်းခြေတွေကတော့... ဘာ... အဆင်တန်ဆာမှ... မရှိ...။ ဒါတောင်... ကြည့်ကောင်းနေတာ... ပင်ကိုယ် အလှ မဟုတ်လား...။ သူ့ရင်ခွင်ထဲ ၀င်ကြည့်... သူ့ အလှအပတွေကို... လူတွေ... သိသွားပြီဆို... နံမည်ကြီး... ကမ်းခြေတခု... ဖြစ်သွားပေါ့... ။ အဲကမ်းခြေမှာ... အပမ်းဖြေနေသူတွေ... အပုံလိုက်...။

တချို့ ကမ်းခြေတွေကတော့... တကယ် မလှပေမယ့်... တောက်တောက်ပပနဲ့... အဝေးက မြင်အောင်... အဆင် တန်ဆာတွေ... အထပ်ထပ် ၀တ်လို့... လူတကာ နူးညွတ်အောင်... လုပ်ထားလေရဲ့...။ အလံရောင်စုံလွှင့်... ဆိုင်းဘုတ်ကြီးတွေ... မြှင့်လို့... ။

ဘယ်လိုပဲ ဖြစ်ဖြစ်... ပင်လယ်... ရှိနေသမျှ... ကမ်းခြေတွေ... ရှိနေမှာ မဟုတ်လား... ။
ဘာပဲဖြစ်ဖြစ်... ကမ်းခြေတွေ... ရှိနေသမျှ... အပမ်းဖြေသူတွေ... ရှိနေမှာ... မဟုတ်လား...။

သို့သော်လည်း... ကမ်းခြေမှာ... အပမ်းဖြေကြသူများကို... တခုတော့... ပြောချင်ပါတယ်...။

ဆိုကြပါစို့... ပင်လယ်ဟာ... Blogosphere... ကမ်းခြေတွေဟာ... Blog တွေ... ။
ဒါဆိုရင် ... တချို့ ကမ်းခြေတွေမှာ... အပမ်းမဖြေကြပါနဲ့...လို့...။

ဥပမာ... သည် ကမ်းခြေ မှာတော့ အပမ်းမဖြေကြပါနဲ့... သင့် အချိန်တွေ ကုန်ရုံသာ... (seriously) နော်...း) ကလစ်လည်း လုပ်မကြည့်ကြပါနဲ့... ကိုယ့် mouse ကလေးကို Link ပေါ် တင်ပေးတာနဲ့ ကိုယ့် Browser ရဲ့ ဘယ်ဖက်ထောင့်မှာ ဘယ် ကမ်းခြေလဲ ဆိုတာ မြင်နေရတယ်လေ...

လူအချင်းချင်း လိမ်လည်ခြင်း ကင်းရှင်းကြပါစေ။

Nov 29, 2008

အလွမ်း


ဒုက္ခနဲ့... တခါကြုံရတိုင်း...
အချစ်ရဲ့ လက်ကို ...
တခါ... ဆုပ်ကိုင်ပါရစေ...တဲ့...

ငါ့နေ့တွေ... ထွန်းလင်းခဲ့တာ...
မင့်... ချစ်ခြင်းတွေနဲ့ပါကွယ်...
မင့်... လက်ကို... ထာဝရ...
ဆုပ်ကိုင်ထားပါရစေ...
ညတွေကို ...
ပို... မမှောင်ပါစေနဲ့တော့...

(ဗမာပြည်တ၀ှမ်းလုံးမှ
အကြောင်းကြောင်းကြောင့်
ဝေးကွာနေကြရသော
ချစ်သူများ အားလုံးကိုယ်စား
ခံစားရေးဖွဲ့ပါသည်)

ATN

(ဓါတ်ပုံကို ကိုယ်တိုင် ရိုက်ကူးထားပါသည်)

Nov 28, 2008

LA က အမျိုးသားနေ့ စာပေဟောပြောပွဲ

(ဒီပို့စ်မှာ ဖော်ပြထားသမျှ ဓါတ်ပုံတွေအားလုံးကို - ဘကြီးအောင် -ခေါ်- ကိုအောင်နိုင်လင်း - ရိုက်ကူး ပေးထားကြောင်း အရင်ဆုံး မှတ်တမ်းတင်ပါတယ်)

ကျနော်က စာပေဟောပြောပွဲတွေ အနီးအနားမှာ ရှိရင် သွားနားထောင်တတ်ပါတယ်။ အရမ်း ဝေးတဲ့ နေရာတွေမှာ ဆိုရင်တော့ သွားချင် သော်လည်း မသွားနိုင်ဘူးပေါ့လေ...။ ခုဆို စာပေ ဟောပြောပွဲတွေ နား မထောင်ရတာ အနှစ် ၂၀ တောင် ရှိခဲ့ပါပြီ။ မှတ်မိတာ ကတော့ ၁၉၈၇ က နောက်ဆုံးပဲ ထင်တယ်။ ဆရာ စိန်ခင်မောင်ရီ၊ ဆရာအောင်သင်း နဲ့ နောက် စာရေးဆရာ တယောက်ပါ...။ စိန်လွင်လေးလို့ ထင်တာပဲ... မမှတ်မိတော့ဘူး။ မှတ်မိနေတာကတော့ အဲတုန်းက အဲစာပေဟောပြောပွဲ ကျင်းပရာ မြို့နယ်က မြို့နယ် ပါတီယူနစ် ဥက္ကဌလား အတွင်းရေးမှူးလား မသိပါဘူး စင်ပေါ်မှာ အမှာစကား အတင်း တက်ပြောပါတယ်။ ဆရာ စိန်ခင်မောင်ရီကို သူကပဲ ပရိတ်သတ်နဲ့ မိတ်ဆက် ပေးနေသေး ... မိတ်သာ ဆက်ပေးနေတာ ဆရာ့နံမည်ကိုတောင် သူ မသိပါဘူး။ ဆရာ ... စိန်... ..... ..... ..... အဲ..အဲ... တဲ့ ... ပြီးတော့မှ နောက်ဖက်က စာတမ်းကိုပြန်လှည့်ကြည့်.... စာရေးဆရာ နံမည်တွေ ဖတ်ပြီးတော့မှ ... ခင်မောင်ရီ.... လို့ ဆိုသဗျ...။ အဲလို ပုဂ္ဂိုလ် တယောက်က စင်ပေါ်တက်ပြီး အမှာစကား မိတ်ဆက်စကား ပြောနေသေး...။ ကျနော်တို့မှာတော့ ရင်ထဲမှာ ကျလိ ကျလိနဲ့...။ ဆရာ စိန်ခင်မောင်ရီ ဟောတဲ့ အလှည့်ရောက်တော့ ဆရာက ကလိ သွားပါသေးတယ်... ရုပ်ရှင်တွေမှာ ပါတဲ့ မစိန်ခင် ကိုတော့ ခင်ဗျားတို့ သိမှာပေါ့... ကျနော့် နံမည်ကို မသိရင်... မှတ်ထား ကြပေါ့ဗျာ .... ရီနေသော မစိန်ခင်၏မောင် ... တဲ့... ပရိသတ်ဆို တအုံးအုံးနဲ့... ရီကြရတာပေါ့။ အဲလိုမျိုး ရီလည်း ရီရ... ဗဟုသုတ တွေလည်း ရတဲ့ စာပေ ဟောပြောပွဲတွေနဲ့ ကျနော် ဝေးနေခဲ့တာ ကြာပြီဆိုတော့ LA မှာ လုပ်မယ့် စာပေ ဟောပြောပွဲကိုတော့ ရောက်အောင် သွားဖို့ အားခဲထားတာပါ။

ဒီစာပေဟောပြောပွဲကို အမျိုးသားနေ့အထိမ်းအမှတ်အတွက် Mandalay Gazette နဲ့ LA Organisers အဖွဲ့ ပေါင်းပြီး စီစဉ်တာ ဖြစ်ပါတယ်။ ကျနော်ကတော့ သွားနားထောင်ဖို့တင် မကပါဘူး.. ဟောပြောပွဲ အတွက်ပါ ၀ိုင်းဝန်း လုပ်ကိုင်ပေးဖို့ပါ...။ သို့သော်လည်း ကျနော့် အလုပ်က အဲနေ့မှာ မအားဘူး။ ခွင့်လည်း ယူလို့မရတော့ အလုပ်ရှင်ကို စောစောပြန်ဖို့သာ ခွင့်တောင်းလို့ ရပါတယ်။

နိုဝင်ဘာ ၂၃ မှာ မနက်ပိုင်း စောစောသွား အလုပ်ဆင်းပြီး အလုပ်ပြီးတာနဲ့ ပြန်လာခဲ့ပါတယ်။ ကျနော်က ဒီကို ပြောင်းလာတာ မကြာသေးတဲ့ အပြင် ဒီဘက်က ဖရီးဝေးတွေနဲ့လည်း သိပ် မရင်းနှီးသေးပါဘူး... ဒါကြောင့်မို့ သူငယ်ချင်းတွေနဲ့ ကပ်လိုက်ဖို့ စဉ်းစားထားတာပါ။ အိမ်ရောက်တော့ တနေ့ညက ပြောထားတဲ့ သူငယ်ချင်းကို ဖုန်းလှမ်းဆက်တော့ သူက သွားနှင့်ပြီ။ တခြား သူငယ်ချင်း တယောက်နဲ့ပဲ လိုက်ခဲ့တော့လို့ ကျနော့်ကို ပြောပါတယ်။ ဒါနဲ့ ကိုယ့်ဖာသာပဲ မောင်းသွားဖို့ စဉ်းစားပြီး လိပ်စာကို ဂူးဂဲလ်မှာ ရိုက်ထည့်ပြီး မြေပုံ ကြည့်လိုက်ပါတယ်။ ဒီလိုနဲ့ Driving Direction ကို ကြည့်လိုက် Traffic ဆိုင်းဘုတ်တွေ ကြည့်လိုက်နဲ့ မောင်းလိုက်တာ တနာရီလောက် မောင်းလိုက်တော့ စာပေဟောပြောပွဲလုပ်မယ့် Monterey Park ကို ချောချော မောမော ရောက်သွားပါတယ်။ သို့သော်လည်း ထုံးစံအတိုင်း မြို့ထဲမှာ ရွာလည်နေပါသေးတယ်။ ဟောပြောပွဲ ကျင်းပမယ့် East-West Dental Function Hall ရှိတဲ့ Garvey Avenue ကြီးကို ရှာတွေ့တော့လည်း အရှေ့နဲ့ အနောက် ပြောင်းပြန်ကြီး မောင်းနေမိလို့ လမ်းမှန်ပေါ် ရောက်နေ တာတောင် ရွာလည်နေပါသေးတယ်။ ဒါနဲ့ ကားခဏရပ်ပြီး လမ်းဘေးက တွေ့တဲ့လူတယောက်ကို မေးတော့မှ ပြောင်းပြန် မောင်းနေမှန်း သိတော့တာ။ ဒါနဲ့ ကားပြန်လှည့်ပြီး လာခဲ့တဲ့လမ်းအတိုင်း ပြန်မောင်း.... နောက်ဆုံးမတော့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားပါတယ်။ ကျနော်ရောက်တော့ နေ့လည် ၁၂ နာရီ ကျော်နေပြီ။ ဟောပြောပွဲကတော့ နေ့လည် ၂ နာရီမှ စမှာပါ။

နောက်တော့ Hall ရှေ့မှာ ကားရပ်ခဲ့ပြီး LA Organizers အဖွဲ့က ကျနော့် သူငယ်ချင်း ကိုသူရထွန်းမော်ကို လှမ်းမြင်လိုက်ရတဲ့ ရိုးမ မြန်မာ စားသောက်ဆိုင်ကို လိုက်သွားပါတယ်။ ဆရာ မောင်သာရကိုလည်း အဲမှာ နေ့လည်စာ စားနေတာတွေ့လိုက်ပါသေးတယ်။ မနက်ကတည်းက ဘာမှ မစားရသေးလို့ ဆာနေရတဲ့ကြားထဲ မြန်မာထမင်းဆိုင်နဲ့ လာတွေ့နေပြီဆိုတော့ ဗိုက်ကလည်း တဂွီဂွီပေါ့...။ ဒါနဲ့ ကိုသူရကို - ကျနော် ဘာမှ မစားရသေးဘူးဗျ... တခုခု စားချင်တယ် ... ဆိုတော့ - အေးလေ... ကိုယ်တို့လည်း စားကြမှာပဲလေ... ဒီမှာ မီနူးရှိတယ်... စားချင်တာ မှာလေ... ဆိုတာနဲ့ မြန်မြန်ဆန်ဆန် စားလို့ရမယ့် မစားရတာလည်း အတော်ကြာနေပြီဖြစ်တဲ့ အုန်းနို့ ခေါက်ဆွဲ တပွဲကို ပဲကျော်နဲ့ မှာ လိုက်တယ်။ တပွဲ $ 4.50။ ကောင်းမှကောင်းပေါ့ဗျာ...။ အုန်းနို့ ခေါက်ဆွဲက အများကြီးပါပဲ... ဆာနေတဲ့ အချိန် စားတာတောင် အကုန် မစားနိုင်ဘူး...။

စားပြီးတော့ ကျနော်တို့ ခေါင်းစည်း သွားလုပ်ကြပါတယ်။ ကိုမျိုးရယ်၊ ကျနော်ရယ်၊ ကိုခိုင်ရယ်။ စာလုံးတွေနဲ့ ပုံတွေကိုတော့ ကိုခိုင် (Mandalay Gazette)က လုပ်လာတာပါ။ အောက်ခံပိတ်ဖြူမှာ စာရွက်တွေ ကပ်ပြီးလုပ်ကြတာပါ။ တိပ်တွေနဲ့ ကပ်ပြီးမှ စာရွက်တွေ ပြန်ပြန်ကွာကျလို့ Stapler နဲ့ ပြန်ချုပ်ရပါသေးတယ်...



ခေါင်းစည်းပြီးသွားတော့ တခြား လုပ်စရာလည်း မရှိတော့ ကျနော်လည်း ဟိုဟိုသည်သည် လျှောက်သွား လျှောက်ကြည့်ပေါ့လေ...။ အခန်းကတော့ သိပ် အကျယ်ကြီး မဟုတ်လှပါဘူး။ သို့သော်လည်း လူ ၂၀၀ လောက်တော့ ဆန့်နိုင်ပါတယ်။ အခန်းလည်မှာ ထိုင်ခုံ တရာလောက် ချခင်းထားပါတယ်။ အခန်းရဲ့ ပတ်ပတ်လည်မှာကတော့ ပစ္စည်းမျိုးစုံနဲ့ ရှုပ်ပွနေတာပါပဲ။ ဟောပြောပွဲလုပ်မယ့် စင်မြင့်မှာတော့ ဗုံတွေတွေ့လို့ အကိုအောင်ဝေးကတောင် ဖျော်ဖြေရေးအစီတွေပါ ရှိသလား မေးနေပါသေးတယ်။

နောက်တော့ နေ့လည် ၂ နာရီမှာ စာပေဟောပြောပွဲကို စတင်ပါတယ်။ presenter တွေ အဖြစ် ဦးကိုလေးနဲ့ မနီလာစိန် တို့က ဆောင်ရွက်ပေးပါတယ်။ သူတို့ နှစ်ယောက် အပြန်အလှန် စကားပြောတဲ့ပုံမျိုးနဲ့ စာပေဟောပြောပွဲ စတင်ပြီဖြစ်ကြောင်း ပရိတ်သတ်ကို ပြောရင်း နေရာယူပေးကြဖို့ ဖိတ်ခေါ်လိုက်တာပါ။ စာပေဟောပြောပွဲ တလျှောက်လုံးမှာ ပရိတ်သတ်ကို ရီမောအောင် လုပ်ရင်း ပွဲထိန်းသွားခဲ့ကြတဲ့ တကယ်တော်တဲ့ presenter တွေ ဖြစ်ပါတယ်။



နောက်တော့ အခမ်းအနား အစီအစဉ်တွေဖြစ်တဲ့ အမျိုးသား သီချင်း သီဆိုမှု။ ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်လုံးမှာ ကျဆုံး သွားကြတဲ့ အာဇာနည်များကို အလေးပြုခြင်း၊ တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာ ဇော်ထွန်းရဲ့ အဖွင့် အမှာစကား ပြောကြားခြင်း။ ကဗျာဆရာ ဝေဖန်ရေးဆရာ ဆရာမောင်စွမ်းရည်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာ မောင်စွမ်းရည်ရဲ့ ဟောပြောမှု အစီအစဉ်ဖြစ်တဲ့ - ၀တ္ထုအကြောင်း ကဗျာအကြောင်း- ဟောပြောမှု၊ ကဗျာဆရာ ဆရာအောင်ဝေးရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာအောင်ဝေးရဲ့ ဟောပြောမှုအစီအစဉ်ဖြစ်တဲ့ - လွမ်းမိတဲ့တရား - ဟောပြောမှု၊ အခမ်းအနား ခေတ္တရပ်နားပြီး အကျွေးအမွေး အစီအစဉ်။ စာရေးဆရာ ဆရာမောင်သာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာမောင်သာရရဲ့ ဟောပြောမှု အစီအစဉ်ဖြစ်တဲ့ နာမည် (နံမည်) - ဟောပြောမှု၊ စာဖတ်ပရိသတ်နဲ့ ဆရာကြီးများရဲ့ မေးသူ ဖတ်သူ ဆွေးနွေးပွဲ၊ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ဆရာကြီးများကို ဥာဏ်ပူဇော်ခ ချီးမြှင့်ခြင်း၊ အခမ်းအနား အောင်မြင်စွာ ပြီးစီးမှုအတွက် ကျေးဇူးတင်စကား ပြောကြားခြင်း - စတဲ့ အခမ်းအနား အစီအစဉ်တွေကို presenter ဦးကိုလေးနဲ့ မနီလာစိန်တို့က ပြောကြားကြပါတယ်။



ပထမဆုံး အစီအစဉ်ဖြစ်တဲ့ အမျိုးသားသီချင်းကို ဦးကိုလေး၊ ဆလိုင်းလော်မာ၊ ကိုမျိုး၊ မလေးနိုင်အိ၊ ကိုသူရထွန်းမော်တို့က သီဆိုကြပါတယ်။



အဲဒီနောက်မှာတော့ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲစဉ်တွေ တလျောက်လုံးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို တမိနစ် ငြိမ်သက်ပြီး အလေးပြုကြပါတယ်။



နောက်တော့ စာပေဟောပြောပွဲကျင်းပရာ အဆောက်အဦးကို အသုံးပြုခွင့်ပေးတဲ့ တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာဇော်ထွန်းက အမှာစကားပြောပါတယ်။



အဲနောက်တော့ ဆရာမောင်စွမ်းရည်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ကိုဘုန်းရောင်ဦးက ဖတ်ကြားပါတယ်။



ကိုဘုန်းရောင်ဦးရဲ့ ဆရာမောင်စွမ်းရည် အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြာအပြီးမှာတော့ ဆရာ မောင်စွမ်းရည်ကို- ၀တ္ထုအကြောင်း၊ ကဗျာအကြောင်း - ဟောပြောဖို့စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာစွမ်းရည်က အမျိုးသားနေ့ဟာ ၁၉၂၀ ကျောင်းသားသပိတ် ပေါ်ပေါက်လာရာကနေ ဖြစ်ပေါ်လာတဲ့ အကြောင်းနဲ့ အစချီပြီး ဟောပြောမှုကို စတင်ပါတယ်။ ၀တ္ထုအကြောင်း ကဗျာအကြောင်း ဟောပြောတဲ့အခါ ရသ (၉) ပါး အကြောင်းဟောပြောရင်း စာပေပညာရှင်ဆိုတာ ရသစာပေတွေကိုရေးတဲ့... ကဗျာ၊ ပြဇာတ်၊ အက်ဆေးနဲ့ ၀တ္ထု တွေကို ရေးတဲ့သူတွေကိုသာ ခေါ်ဆိုကြောင်း...၊ သတင်းစာ ဆရာတွေ မပါကြောင်း...ကို ပြောပြလို့ ဗဟုသုတအဖြစ် မှတ်သားရပါတယ်။ ကဗျာအကြောင်း ဟောပြောရင်းနဲ့ ဆရာကိုယ်တိုင်ရေးခဲ့တဲ့ ကဗျာ သုံး ပုဒ်ကိုလည်း ရွတ်ဆိုပြပါသေးတယ်။ မှတ်မှတ်ရရ ဖြစ်မိတဲ့ ကဗျာကတော့ ...

အင်တာနက်ကနေ ...
စင်တကာတက်ပြီး အော်သံက
”တော်လှန်ကြလော့”တဲ့။
.......... အစချီပြီး

သင်သာ မရှက်ပဲ
အင်တာနက်ထဲ
ထင်ရာအတွက်လွဲနေရင်
မင်္ဂလာ ပျက်မြဲ ပျက်ရုံသာ။
... လို့.. အဆုံးသပ်ထားတဲ့
- အင်တာနက်ပေါ်က နိုင်ငံရေးသမားများသို့ - ဆိုတဲ့ ကဗျာပါ။

ကဗျာအကြောင်းဟောပြောရင်း ကဗျာရွတ်ရင်း ဆရာစွမ်းရည်ပြောသွားတဲ့ စကားလေးတခုကိုလည်း ကျနော် သဘောကျ နေမိပါသေးတယ်။ - အကြမ်းဖက်ဖက်.. အနုဖက်ဖက်... တခုခုကို ဖက်နေဖို့... - ဆိုတာလေးပါ။

ဆရာစွမ်းရည် ဟောပြောအပြီးမှာတော့ ဆရာအောင်ဝေးရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို စာရေးဆရာမ ညိုခက်ကျော်က ဖတ်ကြားပါတယ်။



ဆရာအောင်ဝေး အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြား အပြီးမှာတော့ ဆရာ အောင်ဝေးကို- လွမ်းမိတဲ့တရား - ကို ဟောပြောဖို့ စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာအောင်ဝေးကတော့ ကဗျာဆရာပီပီ ကဗျာတွေချည်း ရွတ်ပြတာပါ။ သူ့ ဟောပြောမှု စစခြင်းမှာပဲ ... ဟေ့.... လို့ မိုက်ကရိုဖုန်းထဲက အကျယ်ကြီး ကြားလိုက်ရတဲ့ ဆရာ့အသံကို တချို့တွေလည်း လန့်သွားကြပါသေးတယ်။ တိတ်ဆိတ်မှုကို အဲသလို ရုတ်တရက် ဖောက်ခွဲမှုနဲ့ ပရိတ်သတ်ရဲ့ အာရုံစူးစိုက်မှုကို ဆွဲယူလိုက်တာ ကိုကလည်း ကဗျာ တပုဒ်လိုပါပဲ။ ရွတ်ပြတဲ့ ကဗျာတွေထဲမှာ ဆရာဇော်ဂျီရဲ့ - ထလော့ မြန်မာ အို.. မြန်မာတို့... အစချီတဲ့ - တို့တိုင်းပြည် - ကဗျာလည်း ပါပါတယ်။ ဖု ထစ် ရွတ် တွ ငှက် ဠင်းတ သို့ ... အစချီတဲ့ - ပျဉ်းမငုတ်တို - ကဗျာလည်း ပါပါတယ်။

ဆရာအောင်ဝေး ဟောပြောရင်း အမေရိကန် သမတ ဂျွန်အက်ဖ်ကနေဒီရဲ့ သမတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမေရီကန် ကဗျာဆရာကြီး Robert Frost ကို ဖိတ်ကြားပြီး Stopping By Woods ဆိုတဲ့ သူအင်မတန် ကြိုက်တဲ့ ဆရာကြီးရဲ့ ကဗျာကို ဆရာကြီး ကိုယ်တိုင် ရွတ်ဆိုပြပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း... ဆရာကြီးကလည်း အသက် ၈၀ ကျော် ဖြစ်နေလို့ သူ့ကဗျာတွေကို မမှတ်မိတော့လို့ ကဗျာကို စာရွက်မှာ ရေးပြီး ဖတ်ကြားကြောင်း.... ဖတ်နေရင်း ကဗျာရဲ့အဆုံးပိုဒ် အရောက်မှာ လေကတိုက်ချလိုက်လို့ စာရွက် လွင့်ပါသွားတဲ့အခါ ဆရာကြီးခမျာ ဆက်မဖတ်နိုင်ဖြစ်နေချိန်မှာ သမတသစ် ဂျွန်အက်ဖ်ကနေဒီ အပါအ၀င် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်လာသူတွေက မတ်တတ်ထရပ်ကြပြီး ကဗျာရဲ့ ကျန်တဲ့ အပိုဒ်ကို အတူတကွ ရွတ်ဆိုပေးကြကြောင်း... နောက်တခါ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်တဲ့ နေရူး သေဆုံးချိန်မှာလည်း သူခေါင်းအုံးအောက်က ခေါက်ရိုးကျေနေတဲ့ စာရွက်ခေါက်လေးတခု တွေ့ရကြောင်ူ.... ဖွင့်ကြည့်တဲ့အခါ Robert Frost ရဲ့ Stopping By Woods ကဗျာ ဖြစ်နေကြောင်း .... ကဗျာ တပုဒ်ကို ကမ္ဘာကျော် နိုင်ငံခေါင်းကြီး နှစ်ဦးက ကြိုက်နှစ်သက်နေတဲ့ အကြာင်းကို စိတ်ဝင်စားဖွယ် ဟောပြောသွားခဲ့ပါတယ်။

အားလုံးဖတ်နိုင်အောင် ကျနော် ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။

Stopping by Woods on a Snowy Evening

Whose woods these are I think I know.
His house is in the village, though;
He will not see me stopping here
To watch his woods fill up with snow.

My little horse must think it queer
To stop without a farmhouse near
Between the woods and frozen lake
The darkest evening of the year.

He gives his harness bells a shake
To ask if there is some mistake.
The only other sound's the sweep
Of easy wind and downy flake.

The woods are lovely, dark, and deep,
But I have promises to keep,
And miles to go before I sleep,
And miles to go before I sleep.

Robert Frost

ဆရာအောင်ဝေးရဲ့ ဟောပြောမှု အဆုံးသပ်အဖြစ် နောက်ဆုံးရွတ်ပြတဲ့ ကဗျာကတော့ ဆရာမောင်သာရ ဟောပြောမယ့် ခေါင်းစဉ်ဖြစ်တဲ့ နာမည်နဲ့ တထပ်တည်း သွားဖြစ်နေပါသေးတယ်။

နာမည်

ကျနော့်သားက မေးတယ်။

‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’ တဲ့။

မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။

ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။

အေး ...
မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
... ... ... ...
... ... ... ...။

အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။

ဖေဖေ ... ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။

ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။

သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။

ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။

အောင်ဝေး
(၁၉၉၉)

ဆရာအောင်ဝေး ဟောပြောမှု အပြီးမှာတော့ စာပေဟောပြောပွဲကို တက်ရောက်လာသူတွေအတွက် ကျွေးမွေးမှု အစီအစဉ်ပါ။ ကောက်ညှင်းပေါင်း၊ စမူဆာသုပ်နဲ့ လဘက်ရည်ကို စပေဟောပြောပွဲကို ရောက်လာတဲ့ လူတရာကျော်လောက် တန်းစီပြီး သုံးဆောင် ကြပါတယ်။ တန်းစီနေရင်းနဲ့ကျနော်နဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်နေတဲ့ ဆရာမောင်ရစ် (မိုးမခ)က မိုးမခ မီဒီယာ ဇာနယ်ဇင်းအဖွဲ့က ထုတ်ဝေတဲ့ စာအုပ် ၂ အုပ်ကို သူကိုယ်တိုင် လက်မှတ်ထိုးပြီး အမှတ်တရ လက်ဆောင် ပေးသွားပါသေးတယ်။

သည့်နောက်မတော့ ဆလိုင်းလော်မာက ဆရာမောင်သာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားအပြီးမှာတော့ ဆရာ မောင်သာရကို - နာမည် (နံမည်) - ဟောပြောဖို့စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာဟောပြောတာကတော့ လူနံမည်ကို ဖတ်လိုက်တာနဲ့ ဘယ်နေ့မှာ မွေးတယ်လို့ တန်းပြောနိုင်တဲ့ တကမ္ဘာလုံးမှာ မရှိတဲ့ မတွေ့ဘူးတဲ့ ဗမာ့ရိုးရာ အမည်ပေးတဲ့ စနစ်ကို ဆက်လက်ထိန်းသိမ်းကြဖို့.... ကိုယ့်သားသမီးတွေကိုလည်း အဲသလို အမည် ပေးကြဖို့ တိုက်တွန်းပါတယ်။ အမည်ပေးပုံကိုလည်း လိုက်မှတ်ဖို့ စာရွက်နဲ့ ခဲတံတွေ လိုက်ဝေပေးပါသေးတယ်။ ကျနော့် အထင်တော့ အားလုံးလိုလို သိပြီးသား ဖြစ်မှာပါ။ မသိကြသူများရှိရင် သိရအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

က ခ ဂ ဃ င - တနင်္လာ = ၂
စ ဆ ဇ စ် ည - အဂၤါ = ၃
တ ထ ဒ ဓ န - စေန = ၇
ပ ဖ ဘ ဗ မ - ၾကာသပေတး = ၅
ယ ရ လ ၀ - ဗုဒၶဟူး = ၄
သ ဟ - သောကြာ = ၆
အ - တနင်္ဂနွေ = ၁

နောက်တခု ဆရာမောင်သာရ ဆက်လက် ဟောပြောတာကတော့ မိဘ ၂ ပါးရဲ့ မွေးနေ့ ၂ ခု ကိုပေါင်း ... ပေါင်းလို့ ရတဲ့ ဂဏန်းက မ ဂဏန်း ဖြစ်ရင် သားဦးက ယောက်ျားလေး ဖြစ်မယ်... စုံ ဂဏန်း ဖြစ်ရင် သားဦးက မိန်းကလေး ဖြစ်မယ်... ၉၉ ရာခိုင်နှုန်း မှန်ရမယ်။ အဲတာ မြန်မာ့နည်း ဘယ်မှာမှ မရှိတဲ့ အကြောင်းလည်း မှတ်သားရပါသေးတယ်။ စာပေဟောပြောပွဲတက်လာတဲ့ သူတွေလည်း ပွစိပွစိနဲ့ အားလုံးလိုလို တွက်ချက် ကုန်ကြပါတယ်။ ကျနော် တွက်ကြည့်တော့လည်း .... ဟာ ... မှန်သဟ... ဖြစ်သွားပါတယ်။

ဆရာကတော့ ဒုတိယကလေးကို တွက်ချင်ရင်လည်း မိဘ ၂ ပါးရဲ့ မွေးနေ့နဲ့ သားဦးရဲ့မွေးနေ့ကို ပေါင်း ... ပေါင်းလို့ ရတဲ့ ဂဏန်းက မ ဂဏန်း ဖြစ်ရင် ယောက်ျားလေး ဖြစ်မယ်... စုံ ဂဏန်း ဖြစ်ရင် မိန်းကလေး ဖြစ်မယ်...၇၅ ရာခိုင်နှုန်း မှန်ရမယ်လို့ ပြောပါသေးတယ်။ ဆရာ့မှာလည်း သားသမီး ၈ ယောက်ရှိတဲ့ အကြောင်း... နဲ့ အဲသည်နည်းအတိုင်း ရာနှုန်းပြည့် မှန်ကြောင်း ပြောပါသေးတယ်။ ဒါနဲ့ ကျနော် ထပ် တွက်ကြည့်တော့လည်း .... ဟာ ... မှန်သဟ... ထပ် ဖြစ်သွားပါတယ်။ ကျနော့်မှာက သား ၃ ယောက် ရှိတာကိုး...။

ဆရာမောင်သာရ ဟောပြောမှုအပြီးမှာတော့ ဆရာကြီးတွေကို ဥာဏ်ပူဇော်ခ ချီးမြှင့်ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်။







အဲသည်နောက်မှာတော့ စာဖတ်ပရိသတ်နဲ့ ဆရာကြီးများရဲ့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲပါ။ မေးသမျှကို ဆရာကြီးတွေ အားလုံးက စိတ်ရှည်စွာ အကျယ်တ၀င့် ရှင်းလင်း ဖြေကြားပေးကြပါတယ်။

နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ အခမ်းအနားဖြစ်မြောက်ရေးအတွက် ကြွရောက် ချီးမြှင့်ဟောပြောပေးကြတဲ့ ဆရာကြီးများ၊ ၀ိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသူများနဲ့ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားကို LA Organisers အဖွဲ့က ကိုသူရထွန်းမော်က ပြောကြားပါတယ်။



ည ၈ နာရီကျော်အကြာမှာတော့ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာလိုက်ပါတယ်။



အခမ်းအနားပြီးတော့ ညကလည်း မှောင်နေပြီဖြစ်လို့ ကျနော်လည်း အိမ်ကို ပြန်မမောင်းတတ်တာနဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုညီညီအောင်ကို ကားသော့ပေးပြီး သူ့ကိုပဲ မောင်းခိုင်းရပါတယ်။

Nov 26, 2008

တက်ဂ်လို့ရေးတဲ့စာ-၂

တူမ နန်းညီ တက်ဂ်ထားတဲ့ အကြိုက်ဆုံး ကာတွန်းကား အကြောင်းပါ။

မရေးခင်မှာ ပြောစရာလေးတချို့ကိုလည်း ပြောပြချင်ပါသေးတယ်။ ကီးဘုတ် ရှည်တာလည်း မဟုတ်ပါဘူး။ ကာတွန်း-လို့ ဆိုလိုက်တာနဲ့ လူအများစုက ရီစရာဆိုတာနဲ့ တွဲပြီး မြင်တတ်ကြတယ်။ မှန်ပါတယ်... ကာတွန်းတွေက လူတွေကို ရီအောင် လုပ်တတ်တာကိုး။ သို့သော်လည်း ကာတွန်းကားလို့ ဆိုလိုက်ရင်တော့ လူအများစုက ကလေး- နဲ့တွဲပြီး တွေးကြတော့တာပါပဲ၊ ကလေးတွေ အတွက် ရိုက်ကူးတဲ့ ရုပ်ရှင်တွေ ... ကလေးတွေပဲ ကြည့်တဲ့ ရုပ်ရှင်တွေလို့... မြင်တတ်ကြပါတယ်။ ကာတွန်းကား-ဆိုတာ ကလေးတွေ ကြည့်တာလို့ လူ အတော်များများက နားလည်မှု လွဲနေတယ်။ ဒါကြောင့်လည်း တယောက်ဆို ကာတွန်းကားတွေကို ကြိုက်သော်ငြားလည်း ၀ယ်ရမှာတောင် ရှက်တယ် - ကျနော် ဖတ်လိုက်မိတယ်။ ဘာလို့လဲ... ဘာလို့ ရှက်ရတာလဲ...။ ကာတွန်းကား တခွေကို ၀ယ်တာ ရှက်စရာ မဟုတ်ပါဘူးဗျား.... အပြာကား (porn DVD) တွေ ၀ယ်တာမှ မဟုတ်တာ။ ရှက်စရာကို အပြာကားတွေ ၀ယ်တဲ့သူတွေ... ကြည့်တဲ့သူတွေအတွက်... ထားလိုက်ပါ။ ကျနော်တို့ ခင်ဗျားတို့ ကာတွန်းကားတွေ ကြည့်လို့.. ကာတွန်းကားတွေကို ကြိုက်လို့... ကျနော်တို့ လူ့အဖွဲ့အစည်းကြီး မပျက်စီးသွားပါဘူး။ အပြာကားတွေကြောင့်သာ လူ့အဖွဲ့အစည်းကြီး ပျက်စီးသွားမှာ...။

ထို့အတူ အားလုံးကို ကျနော် ပြောချင်ပါတယ်... ကာတွန်းကားတွေကို ကြိုက်ရင်... ပျိုပျို အိုအို မည်သူမဆို ကာတွန်းကားတွေ ၀ယ်ကြပါ... ကြည့်ကြပါလို့ ... ။ ကျနော်တို့ လူ့အဖွဲ့အစည်းကြီးက ခင်ဗျားတို့ကို ကာတွန်းကားတွေ ၀ယ်ကြည့်လို့ ရှက်စရာ ကောင်းတယ်လို့ ဘယ်သောအခါမှ ပြောမှာ မဟုတ်ကြောင်း ကျနော် အာမခံပါတယ်။

နောက်တခု ပြောစရာရှိတာက ကာတွန်း-ဆိုတာက ဖတ်တဲ့သူတွေ ရီမောကြရတာပေါ့။ ပြောရရင် ရီမောခြင်းအားဖြင့် အသက်ရှည်စေတယ်လို့ ပြောကြသလို ကာတွန်းဆရာက ကာတွန်း ဖတ်သူတွေကို ဘ၀ အမောတွေကနေ ခဏတဖြုတ်ပဲ ဖြစ်ဖြစ် ပြေသွားအောင် လုပ်ပေးတာပါပဲ။ ကာတွန်းကားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြီးတော့ ကာတွန်းကားတွေ ဆိုတာက အကွက်ပေါင်း ပုံပေါင်းများစွာ ပါတာဆိုတော့ ကားတကားလုံးမှာ ကြည့်သူတွေကို သာမန် ကာတွန်းတွေထက်ကို ပိုပြီး ရယ်မောအောင် လုပ်နိုင်တာပါပဲ။ တကယ်တော့ လူတွေ အလွယ်ပြောနေတဲ့ ကာတွန်းကားဆိုတာ အမှန်တော့ သာမန် ရုပ်ရှင် တကားကို ရိုက်ကူးရတာထက် ပိုပြီး ခက်ခဲပါတယ်။ Animation လို့ခေါ်တဲ့ မလှုပ်ရှားနိုင်တဲ့ အရုပ်တွေကို သက်ဝင် လှုပ်ရှားလာအောင် ခက်ခက်ခဲခဲ ဖန်တီးရတဲ့ အနုပညာပါ။ ဘာလို့လဲ-ဆိုတော့ ကျနော်တို့ ကြည့်နေမြင်နေရတဲ့ ရုပ်ရှင်ကားတခု၊ ဗီဒီယို တခုလိုမျိုး ဖြစ်အောင် ကာတွန်းကား တခုကို ဖန်တီးမယ်ဆိုရင် 30 fps (30 frame per second)လို့ ခေါ်တဲ့ တစက္ကန့်စာ ရုပ်ရှင်အတွက် ကာတွန်းပုံ ၃၀ ကို ဆွဲယူရတာပါ။ ဥပမာ- ကာတွန်း ဇာတ်ကောင် တခုက သူ့လက်ကို မြှောက်ပြီး စကားပြောတဲ့ ပုံကို ရုပ်ရှင်ထဲမှာ ၁ စက္ကန့် ဖော်ပြမယ်ဆိုရင် အဲ တစက္ကန့်အတွက် လှုပ်ရှားမှုအားလုံးကို ပုံ ၃၀ ဆွဲရတာပါ။ အဲတော့ တမိနစ်အတွက်ဆို ကာတွန်းအကွက်ပေါင်း ၃၀ x ၆၀ = ၁၈၀၀ ။ တနာရီဆို ၁၈၀၀ x ၆၀ = ၁၀၈၀၀၀။ ယေဘူယျအားဖြင့် တနာရီခွဲစာ ကြာလေ့ရှိတဲ့ ရုပ်ရှင်တကားအတွက် ပုံပေါင်း ၁၆၂၀၀၀ ကို ကာတွန်းဆရာတွေက ဆွဲကြရတာပါ။ ဘယ်လောက်ခက်ခဲမလဲ စဉ်းစားကြည့်ကြပါဦး။

နောက်တခါလည်း ပြောစရာရှိတာက Animation တွေမှာက MGM ကုမ္ပဏီက ထုတ်လုပ်တဲ့ Tom & Jerry လို ကာတွန်းကားတွေ၊ ဂျပန်ကလာတဲ့ Pokemon လို ကာတွန်းကားတွေကတော့ just entertainment သက်သက်ပါပဲ။ သို့သော်လည်း Walt Disney တို့ Dream Works တို့လို ကုမ္ပဏီတွေက ရိုက်တဲ့ Animation တွေမှာ message တွေ ပါပါတယ်။ ဘ၀အဓိပ္ပါယ်တွေပါတယ်။ သာမန် အပျင်းပြေ အပျော်ကြည့် (ကိုယ့်ကိုကိုယ် ကလေးမဟုတ်ဘူးလို့... ပြောနေတဲ့ ... ထင်နေတဲ့ ... လူကြီးတွေ ...ကြည့်လေ့ရှိတဲ့) လူ့ဘ၀အတွက် ဘာတခုမှ မပေးတဲ့ Horror တို့ Suspense တို့ Reality တို့ ဆိုတဲ့ ခေါင်းစဉ်တွေအောက်က ရုပ်ရှင်တွေထက် Walt Disney Animation တွေက ဘ၀အတွက် တခုခုကို အမြဲ ပေးလေ့ရှိပါတယ်။ ဓမ္မနဲ့ အဓမ္မရဲ့ တိုက်ပွဲ..မှာ နောက်ဆုံးတော့ ဓမ္မက အနိုင်ရ...ပုံမျိုး။ ပြီးတော့ ဘ၀ကိုလည်း လေးလေးနက်နက် ပုံဖော် တတ်သေးတယ်...။ ဘ၀ဆိုတာ ရုန်းကန်ခြင်း... ဆိုတာမျိုး...။ ချစ်ခြင်း မေတ္တာနဲ့ လူသားဆန်မှုကိုလည်း အဲကာတွန်းကားတွေမှာ တွေ့နိုင်ပါသေးတယ်...။

အဲတော့ ကာတွန်းကားတွေကို ကျနော်ကတော့ ချစ်ပါတယ်... ကြည့်ပါတယ်... ၀ယ်ပါတယ်... လို့ပဲ ပြောပါရစေတော့။
----------------------------
လိုရင်းကိုတော့ ခုမှပဲ ပြန်ကောက်ရတော့တာပါ။ နန်းညီ တက်ဂ်ထားတဲ့ အကြိုက်ဆုံး ကာတွန်းကား-ကတော့ ကျနော့်အတွက်၂ ခု ဖြစ်နေပါတယ်။ Walt Disney's Animation တွေကို Jungle Book ကနေ စပြီး ကြည့်ရတာပါ။ ငယ်စဉ်ကတည်းကနေ ခု အသက်အရွယ်အထိ တကား မပြတ် ကျနော် ကြည့်လာခဲ့တာပါ။ အဲအထဲမှာ ကျနော့် အကြိုက်ဆုံးကားက Cinderella နဲ့ Bambi ပါ။ သို့သော်လည်း Cinderella ကတော့ လူတကာ သိနေပြီးသားမို့ Bambi ကိုပဲ ရေးပါ့မယ်။

Bambi ဟာ Walt Disney က ထုတ်လုပ်တဲ့ Feature Film ခေါ်တဲ့ Animation ဇာတ်ကားရှည်တွေထဲမှာ ပဉ္စမမြောက် ဇာတ်ကားဖြစ်ပါတယ်။ Bambi ကို ထုတ်လုပ်တဲ့ ခုနှစ်က ၁၉၄၂ ပါ။ ကျနော်တို့ နိုင်ငံတောင် လွတ်လပ်ရေး မရသေးပါဘူး။ Bambi ဆိုတာကတော့ သမင်ကလေးတကောင်ရဲ့နံမည်ပါ။ လူ အတော် များများက မသိတဲ့ သမင်ကလေး ဖြစ်မယ် ထင်ရဲ့။ သြစတြီးယားက စာရေးဆရာ Felix Salten ၁၉၂၃ ခုနှစ်မှာ ရေးခဲ့တဲ့ Bambi, A Life in the Woods ကို ကျောရိုးပြုထားတာပါ။ အသေးစိတ် သိချင်ရင်တော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။



ဇာတ်လမ်း အနှစ်ချုပ်ကတော့ တောနက်ထဲမှာ ရှိတဲ့ သမင်အုပ် တခုမှာ သမင်လေး တကောင်ကို မွေးဖွား လာရာကနေ အဲဒီ သမင်အုပ်ရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့အထိ ကြုံတွေ့ရတဲ့ ခရီးလမ်းပေါ်က သမင်တကောင်ရဲ့ ဘ၀ကို ခြယ်မှုန်းထားတာပါ။ သို့သော်လည်း အဲသည်မှာ သက်ရှိတွေ မှန်သမျှ ကြုံကြရတဲ့ လောကဓံတရားကို မြင်ကြရမှာပါ။ Bambi က လူတယောက်လို ဘ၀ကို ကိုယ်စားပြုပြခဲ့တယ်။



Bambi ကို ထုတ်လုပ်တဲ့ အချိန်ဟာ ၁၉၄၀ ကျော် ဆိုတော့ ခုခေတ်လို မဟုတ်ဘူး။ ခုခေတ်လို Animation တွေကို 3D Program တွေ CG ခေါ်တဲ့ Computer Graphic တွေနဲ့ အစစ အရာရာကို ဒစ်ဂျစ်တယ်နဲ့ ပြီးပြည့်စုံနေစေတာ မဟုတ်ဘူး။ ဘာတခုမှ အလွယ်တကူ မဟုတ်ဘူး။ Bambi ခေါင်း တချက် ခါဖို့ ... ခြေ တချက်... ဆတ်ဖို့ ပန်းချီဆရာ ရာကျော်က ပြူးပြဲနေအောင် ဆွဲခဲ့ရတာ.... အဲတော့ ခုချိန်မှာ ကျနော်က Bambi ကို ပိုပြီးတောင် တန်ဖိုးထား နှစ်သက်ပါသေးတယ်...



Bambi မွေးဖွားတာကို တောထဲမှာ ရှိသမျှ တိရိစ္ဆာန်လေးတွေက လာကြည့်ကြတဲ့ အခန်းနဲ့ ဇာတ်လမ်းကို စဖွင့်ထားတာပါ။ အဲ အခန်းလေးကို ကျနော် ကြိုက်ပါတယ်။ အဲသည်မှာ သူ့ကို လာကြည့်ကြသူတွေထဲမှာ နောက်ပိုင်းမှာ သူ့သူငယ်ချင်းဖြစ်လာမယ့် နှာသီးနီနီလေးနဲ့ အရမ်း ချစ်စရာ ကောင်းတဲ့ ယုန်ကလေး Thumper လည်း ပါပါတယ်။ Thumper က Bambi ကို သက်ရှိ သက်မဲ့ တွေရဲ့ နံမည်အခေါ်အဝေါ်တွေကို သင်ပေးရာကနေ Bambi က Flower လို့ နံမည် မှားခေါ်တဲ့ Skunk လေးတကောင်နဲ့ပါ သူငယ်ချင်း ဖြစ်ကြတဲ့ အခန်းလေးဆို ကျနော် အတော် ကြိုက်တာပါ။

နောက်တခုက သူတို့ သူငယ်ချင်း သုံးယောက် ချစ်ခြင်းမေတ္တာနဲ့ တယောက်ပြီးတယောက် တွေ့သွားကြတဲ့ အခန်း။



Bambi မှာ sound track တွေ အများကြီးထဲမှာ ကျနော်ကြိုက်တဲ့ April shower song ကို YouTube မှာ ရှာတွေ့ထားပါတယ်။ နားထောင်ကြည့်ကြပါဦး။



Bambi မိခင် သေဆုံးတဲ့ အခန်းကတော့ သူ့ကိုယ်စား မျက်ရည်ကျရတဲ့ အခန်းပါပဲ။



Bambi ကို The Platinum Edition DVD ဆိုပြီး ၂၀၀၇ မှာ Walt Disney က ပြန်ထုတ် ထားပါသေးတယ်။ ရှာဖွေကြည့်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Nov 24, 2008

တက်ဂ်လို့ရေးတဲ့စာ-၁

ကျနော်ကတော့ ကျနော် ခင်မင်ရာ ဘလော်ဂါ ဘော်ဘော်တွေကိုပဲ သွားပြီး ဦးနှောက်စားခဲ့ဖူးတာ.... ကျနော့်ကိုတော့ ဘယ်သူမှ လာ မစားဘူး ... အဲလို မှတ်နေတာ... ခုတော့ လာစား ခံနေရပြီပေါ့ ...။

ဟိုးတရက်က တူမ နန်းညီ ဘလော့မှာ Walt Disney က Lion King ရုပ်ရှင်လေးအကြောင်း သူ ရေးထားတာ ဖတ်မိတော့ ကျနော်ကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက Walt Disney Animation တွေဆို အရူးအမူး ကြိုက်ခဲ့... ခုထိလည်း ထွက်လာသမျှ Walt Disney ကားတွေဆို သားတွေနဲ့ အတူ ထိုင်ကြည့်ဖြစ်တဲ့အထိ ကြိုက်နေဆဲ... ဆိုတော့ ကိုယ်ကြိုက်ခဲ့မိတဲ့ ကားလေးတွေ အကြောင်း ကွန်မန့်သွားရေးမိပါတယ်။ သူက ဆီပုံးထဲ လာအော်သွားလေရဲ့... (21 Nov 08, 00:01 နန်းညီ: ကာတွန်းကားအကြောင်း ပြောပြပါဦး.. ဦးအောင်သာငယ်ကိုလည်း tag ပါတယ်) ...တဲ့... လျှာရှည်... အဲ... ကီးဘုတ် ရှည်မိတဲ့ အကျိုးအားဖြင့် ပထမဆုံး အကြိမ် tag ခံရပါတော့တယ်။ ကျနော် ကိုယ်တိုင်ကလည်း အခုတလော အလုပ်များနေတာနဲ့... ရေးပေး ရမှာကလည်း... နည်းနည်း ရှည်ရှည် ဝေးဝေးလေး ဖြစ်နေတော့ - အားတာနဲ့ ရေးပေးပါ့မယ် -လို့ တောင်းတောင်းပန်ပန် သွားပြောထားရတာ...။ ခုမှပဲ ကျနော် အားအား လျားလျား ဖြစ်နေတုန်းက သယ်ရင်း ဘလော်ဂါတွေကို သိမ်းကျုံး tag ထားခဲ့မိတာကို ကိုယ်ချင်းစာမိတော့တယ်...း)

ပြီးတော့ (နှစ်တိုင်း စာပေဟောပြောပွဲတွေ သွားနားထောင် တတ်တဲ့) ကျနော့်အတွက်တော့ အနှစ် ၂၀ အတွင်းမှာ ပထမဆုံး အကြိမ် ပြန်နားထောင်ရတဲ့ စာပေ ဟောပြောပွဲ ဖြစ်တဲ့ အယ်လေက အမျိုးသားနေ့ စာပေဟောပြောပွဲ အကြောင်းလေးကိုလည်း ဘော်ဘော်တွေကို မျှဝေပေးဖို့ အားခဲနေတာနဲ့ နောက်မှပဲ tag အတွက် ရေးမယ်ပေါ့လေ...။ စာပေဟောပြောပွဲမတိုင်ခင် တညက မိုးချိုသင်းတို့ အိမ်မှာ စုဆုံကြရင်း ကျနော် အရမ်းတွေ့ချင်ခဲ့တဲ့ ဆရာစွမ်း၊ အကိုအောင်ဝေး၊ ကိုဇာနီဝင်း အပြင် နှစ်ပေါင်းများစွာ (ဆယ်နှစ် ၁၅ နှစ် နီးပါး) မတွေ့ခဲ့ ရတဲ့ ရဲဘော် သူငယ်ချင်းတွေနဲ့ တနေရာတည်း တချိန်တည်းမှာ အားလုံးကို ပြန်တွေ့ရလို့ ကံကောင်းလိုက်တာလို့ စဉ်းစားမိလို့ ပို့စ်လေးတခုတောင် တင်လိုက်မိသေးတယ်။

ခုမှ အလုပ်ကပြန်ရောက်လို့ စာရေးမလား စဉ်းစားပြီး ကွန်ပြူတာ ဖွင့်... ကိုယ့်ဘလော့လေး ဘယ်သူတွေ လာလည်... ဘာတွေ ပြောသွားကြသတုန်း ကြည့်မိပါတယ်.. (24 Nov 08, 13:56 tututha: အစ်ကိုကြီးရေ ကံကောင်း လက်စနဲ့ ဆက်ကောင်းပြီသာ မှတ်တော့။ တခု တက်ဂ်ထားတယ် ရေးပေးနော် :)

မတူး ကျနော့်ကို ဦးနှောက်လာစားသွားလေရဲ့...

ဒါနဲ့ ဘာများလဲလို့ သွားကြည့်မိတော့ - ကိုယ့်ကိုကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက်- တဲ့။ ဒါနဲ့ ပြန်စဉ်းစားကြည့်မိတော့ ရေးရမှာ သိပ်မခက်ဘူးလို့ စဉ်းစားမိတာရယ်... နောက်ပြီး မြန်မြန်ရေးရင် မြန်မြန်အေးမယ်... (မဟုတ်ရင် ဆီပုံးထဲ လာအော်နေဦးမှာလေ...) ဆိုပြီး ရေးဖြစ်လိုက်ပါတယ်။

----------
သို့သော်လည်း ပေရှည် ... အဲ .... ကီးဘုတ် ရှည်နေတယ်လို့ မထင်ကြစေချင်ပါ... နည်းနည်းလောက် ပြောပြစရာ ရှိနေလို့ပါ။

ခက်နေတာ တခုက ကျနော်က ကိုယ့်ကိုကိုယ် တခါမှ မမုန်းဖူးဘူး...။ ဆိုတော့... ရေးရတာ ခက်နေတယ်။ ကျနော်က ကိုယ့်ကိုကိုယ် ချစ်ပဲ ချစ်တယ်။ ကိုယ့်ကိုကိုယ် သိပ်ချစ်ပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်မောင်နှမ၊ ကိုယ့်သားသမီး၊ ကိုယ့်အဆွေအမျိုးတွေ ဆိုလည်း အရမ်း.. အရမ်း...ကို ချစ်တတ်ပါတယ်။ အဲဒါကြောင့်လည်း တနှစ်မှာ ၁၂ လ... နေ့ည နာရီ... ရာသီ ၃ ရပ်... မိနစ် စက္ကန့် ... မပြတ်မလပ်... သူတို့ အတွက်ပဲ ရပ်တည်ခဲ့တယ်... ။ သူတို့ ကောင်းစားရာ ကောင်းစားကြောင်းပဲ... စဉ်းစား လုပ်ဆောင်လေ့ရှိပါတယ်...။ အဘတို့အုပ်စုလိုပေါ့ဗျာ...း)

သို့သော်လည်း... ကျနော် နောက်တခု ချစ်တာရှိသေးတယ်... ကျနော့် တိုင်းပြည်လေးကိုလည်း ကျနော် ချစ်ပါသေးတယ်... ။ ဒါကြောင့်လည်း ကျနော့် ဘလော့ရဲ့ ဘန်နာလေးမှာ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူတွေအားလုံး ချစ်ကြတဲ့ ချီလီ ကဗျာဆရာကြီး ပတ်ဗလိုနီရူဒါရဲ့ ကဗျာတပိုဒ်ကို ကျနော့် အလံအဖြစ် လွှင့်ထားခဲ့တာပါ

အဘတို့အုပ်စုကရော ကိုယ့်တိုင်းပြည်ကို ချစ်သလား။


အဲဒါကတော့ ကျနော်နဲ့ အဘတို့အုပ်စု မတူတဲ့ ကွာခြားချက် တရပ်ပါပဲ ခင်ဗျာ.... ကိုယ့်ကိုကိုယ်လည်း မမုန်းတတ်... ဘယ်သူ့ကိုမှလည်း... မမုန်းတတ်တဲ့ ကျနော်ကတော့ အဘတို့အုပ်စုကိုတော့ မုန်းမှ... မုန်းပဲဗျာ...။ အဲတော့ - ကိုယ့်ကိုယ်ကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက် - အစား - အဘတို့အုပ်စုကို မုန်းရခြင်း အကြောင်းအရင်း တသန်း - ဆိုပြီးတော့သာ ကျနော် သိသိသမျှ ဘလော်ဂါတွေကို tag လိုက်ချင်တော့တာပါပဲ... ။ အဲလိုဆို ဘယ်လိုနေမလဲလို့ စဉ်းစားမိတယ်...။ tag မခံရတဲ့ ဘလော်ဂါတွေကတောင် လိုက်ရေးကြဖွယ်ရာ ရှိပါတယ်... ။
----------
ထားပါတော့လေ... အခုတော့ တက်ဂ်ထားတာကို တကယ်ရေးပါပြီ...
အထက်က ဆိုခဲ့သလို ကျနော်က ဘယ်သူ့ကိုမှလည်း မမုန်းတတ်... ကိုယ့်ကိုကိုယ်လည်း မမုန်းတတ်တော့...
ကိုယ့်ကိုကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက်- အစား - ကိုယ့်ကိုကိုယ် မကြိုက်သော အကြောင်းရင်း ၁၀ ချက်- လို့ ရေးပါရစေ ... မတူးရေ့ ...
----------
၁။ ကိုယ့်အဖို့ ခိုင်လုံသော ယုံကြည်လောက်သော အကြောင်းအချက် တစုံတရာ မရှိလျှင် မည်သည့် အရာကိုမျှ မယုံကြည်တတ်ခြင်း။
၂။ မည်သည့် အကြောင်းပြချက်မျှ မရှိပဲ ချစ်ခြင်းမေတ္တာကို အကြွင်းမဲ့ ယုံကြည်တတ်ခြင်း။
၃။ ၀မ်းနည်းစရာရှိလျှင် မျက်ရည် မဆည်နိုင်အောင် ၀မ်းနည်းတတ်ပြီး ၀မ်းသာစရာရှိလျှင် မည်သည့် စကားမျှ ပြောမထွက်အောင် ၀မ်းသာတတ်ခြင်း။ (စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခြင်း)
၎။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အတတ်ပညာများအားလုံးကို တတ်မြောက်လိုခြင်း။
၅။ အလွန်အကျွံ လွမ်းဆွတ်တတ်ခြင်း။ (ကျနော် ငယ်တုန်းက အဖွား-သို့မဟုတ်- အဒေါ် တယောက်က - သီချင်းဆိုသိပ်ရင် - လူကလေးရဲ့ အိပ်ချိန်တန် ... ပဲ ရှိသေး... ဗျိုင်း - တောင် မပျံ ရသေး ကျနော် ငိုနေပြီ... လို့ ပြောပြဖူး... ခုလည်း အဲလိုပဲလား မသိ... ကျနော့် သူငယ်ချင်းတွေကတော့ ကျနော့်ကို ဧရာဝတီတိုင်းက ဘောလုံးသမားလို့ ခေါ်ကြတယ် -း)
၆။ အရွဲ့တိုက်တတ်ခြင်း။
၇။ ဒေါသကြီးလွန်းခြင်း။
၈။ လောဘကြီးလွန်းခြင်း။
၉။ တခါတရံ ကြမ်းတမ်းသော စကားများ (ဆဲဆိုသော စကားများ) ပြောတတ်ခြင်း။
၁၀။ အရာရာ အားလုံးကို နေသားတကျ စနစ်တကျ သပ်သပ်ရပ်ရပ် ရှိနေ ဖြစ်နေစေလိုခြင်း။
----------
ခုတော့ ကိုယ့်ကိုကိုယ်ဖော် မသူတော်တွေထဲ ကျနော်လည်း ပါသွားပြီလား မသိ...။
----------
မသူတော်ဖြစ်စေဦး ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူတယောက်ဆိုတာတော့..... ..... ..... ..... .....

Nov 22, 2008

ကံအကောင်းဆုံးလူတယောက်ရဲ့ဖွင့်ဟ ၀န်ခံချက်

ဆရာဂျမ်းနဲ့ဆရာစွမ်း
အလုပ်လုပ်နေတုန်း စားပွဲဘေးမှာ ချထားတဲ့ ဆဲလ်ဖုန်းက မြည်လာတယ်။ ကျနော့် သူငယ်ချင်း ကိုသန်းဝင်း (ABSDF ရဲ့ ပထမဆုံး အထွေထွေ အတွင်းရေးမှူး) က ကျနော့်ကို ဖုန်းခေါ်လာတာ။ ”ဟေ့ကောင်... ဆရာတင်မိုးရော ဆရာစွမ်းရည်ရော ခု ငါနဲ့ အတူ ရှိနေတယ် အဲဒါ မင်း စကား ပြောလိုက်ဦး...”
----------
ဆရာဂျမ်း (ဆရာတင်မိုး) မဆုံးခင်တုန်းက ၂၀၀၁ ထဲမှာ ဆရာနဲ့ ဆရာစွမ်းရည် မိုင်ယာမီကို စာပေဟောပြောပွဲ လာတော့ ဆရာတို့ ၂ ယောက်ကို လိုက်ပို့ပေးတဲ့ ကိုသန်းဝင်းက ကျနော့်ကို ဖုန်းခေါ်လာတာပါ။ ကျနော် ကတော့ အလုပ်မအားတာနဲ့ မသွားနိုင်ဘူး။ ဒါနဲ့ပဲ ဆရာတို့ ၂ ယောက် အပြန်လမ်းမှာ ကျနော့်ဆီ ခေါ်လာလို့ ရမလားမေးတော့ သူတို့ အချိန်က မရဘူး ဆိုတော့ ဖုန်းထဲမှာပဲ ဆရာ ၂ ယောက်နဲ့ စကားပြောဖြစ်ခဲ့ရတယ်။ ဆရာတို့ ၂ ယောက်လုံးက ကျနော့် ဖခင်ရဲ့ သူငယ်ချင်းတွေ ဆိုတော့ ကျနော်ကလည်း တွေ့ချင်နေတာ။ ဆရာတို့ကလည်း ကျနော့်ကို တွေ့ချင်နေကြတယ်။ သို့သော်လည်း အခြေအနေက မပေးတော့ ကိုသန်းဝင်းရဲ့ ဆဲလ်ဖုန်းထဲကပဲ ဆရာတို့နဲ့ စကားပြောခဲ့ရတာ။ သာကြောင်းမာကြောင်း မေးမြန်းပြီး ဆရာတို့ ၂ ယောက်က ကျနော့်ကို စိတ်ဓါတ်ရေးရာအရ အားပေးကြတာပါ။ မိဘတွေလိုပါပဲ။ ကျနော့်မှာလည်း စိတ်ခွန်အားတွေ ရလို့...။ ဒီလိုနဲ့ပဲ စိတ်ထဲမှာ တေးထားခဲ့တယ်... တနေ့နေ့တော့ ဆရာတို့နဲ့ တွေ့မှာပါ...

အကိုအောင်ဝေး
”ဟဲလို...”
”ဟဲလို...ဘယ်သူတုန်း...”
”ကျနော်ပါ... ကိုလွမ်းဏီရဲ့...”
”ဟား.... ဟေ့ကောင်... တိုက်ဆိုင်နေပြီ.... ခု... ငါ့နားမှာ... ဘယ်သူရှိနေလဲ သိလား...”
”အကို့နားမှာဆို... မအေးမာပဲ ဖြစ်မှာပေါ့... ဘယ်သူရှိမတုန်း...”
”လခွီး... ” ကိုလွမ်းဏီ ကျနော့်ကို ဆဲရော
”ခရမ်းပြာ မြင်းရိုင်းကြီး...ဟ...”
”ဟာ...တကယ်လား... ပြောမယ်ဗျာ... တင်ပေး...”
အဲလိုနဲ့ ကိုလွမ်းဏီက အကိုအောင်ဝေးကို လိုင်းပေါ်တင်ပေး...။
”ဟဲလို... ”
”အကို... ကျနော်... အောင်ခိုင်ပါ....”
”အေးလေ... သိတယ်လေ... အဆင်ပြေရဲ့လား... ညီလေး...”
နောက်တော့ စကားတွေ အများကြီးပြောကြပေါ့ .... ...... ...... .....
တကယ်တော့ သူ့ကဗျာတွေကို ဖတ်ပြီး ကဗျာဆရာ တယောက် ဖြစ်ချင်ခဲ့တဲ့ ကျနော်က သူ့ကို အပြင်မှာ တခါမှ မတွေ့ခဲ့ဖူးဘူး။
”တွေ့ချင်တယ် အကိုရာ...”
”တနေ့နေ့တော့... တွေ့မှာပေါ့ကွာ...”....

ကိုဇာနီဝင်း
ကျနော့် ဘောင်းဘီအိတ်ထဲက ဆဲလ်ဖုန်းက မြည်လာတယ်။
ဒါနဲ့ ဆွဲထုတ်ပြီး ”ဟဲလို....” လုပ်လိုက်တော့
”ဇာနီဝင်းပါ” ...
”ဟေး... ကိုဇာနီ... နေကောင်းလား”
”ကျနော် ခု ဆန်ဖရန်ကနေ အယ်လေကို ထွက်လာပြီ...”
”အိုကေ... ကျနော်က မနက်ဖန် အလုပ်ဆင်းရဦးမှာ.. ညနေမှ ချိုသင်းတို့ အိမ်ကို လာမယ်လေ...အဲကျမှ တွေ့တာပေါ့...”
”ဟုတ်ပြီ... တွေ့မယ်လေ...”
----------
ဒီနှစ် ဧပြီလမှာ ကျနော့် မိခင် ဆုံးသွားတော့ အမေ့ အကြောင်းကို မိုးမခမှာ တင်ထားတာတွေကို ဖတ်ရင်းနဲ့ ကိုဇာနီဝင်းနဲ့ ကျနော် မေးလ်ထဲကတဆင့် အဆက်အသွယ်ရခဲ့တယ်။ သူပဲ အမေ့ ဈာပနအခမ်းအနား ဓါတ်ပုံတွေ၊ ဗီစီဒီတွေ ကျနော့်ဆီ ပို့ပေးခဲ့တာ။ ကျနော်က ကျနော့် အိမ်နဲ့တောင် အဆက်အသွယ်လုပ်ဖို့ အခက်အခဲ မျိုးစုံရှိနေခဲ့တာ။ သူ့ကျေးဇူးနဲ့ အမေ့ဈာပန အခမ်းအနားကို မျက်ရည်တွေကြားက ကြည့်ခဲ့ရတာ။ ဒီလိုနဲ့ ကိုဇာနီဝင်းနဲ့ ကျနော် ညီအကိုရင်းလို ရင်းနှီးလာလိုက်တာ ဖုန်းထဲမှာ ဂျီတော့မှာ စကားတွေ အများကြီး ပြောခဲ့ကြတာပေါ့။ တယောက်နဲ့ တယောက် တခါမှတော့ မတွေ့ခဲ့ဖူးကြ။

မိုးချိုသင်း
ကျနော်က ဘူမိဗေဒနဲ့ ကျောင်းပြီးခဲ့တယ်။ ဘူမိဗေဒ ကျောင်းသားတိုင်း ဘူမိဗေဒကဆိုရင် တယောက်နဲ့တယောက် မောင်နှမအရင်းလို စိတ်ထဲမှာကို ဖြစ်မိတာ။ ကျနော် ဘလော့ စရေးတော့ ပထမဆုံး ခင်ခဲ့တဲ့ ဘလော်ဂါ မကေသွယ် - ဆို ဘူမိဗေဒက ဆိုတော့ မောင်နှမရင်းတွေလို ခင်မိ။ နောက်တော့ မိုးချိုသင်းဘူမိဗေဒကပဲ။ သူ့ကိုလည်း ကိုယ့် ညီမတယောက်လို ခင်နေမိတယ်။ လူချင်းတော့ မတွေ့ဖူးသေး။ ပြီးတော့ ဆရာဂျမ်းရဲ့ သမီး ဆိုတော့လည်း မောင်နှမလို ပိုခင်နေမိပေါ့....။ နောက်တော့ ဖလော်ရီဒါကနေ ကယ်လီဖိုးနီးယားကို ကျနော်တို့ မိသားစု ပြောင်းချလာတော့ ကျနော့် ရဲဘော်ရင်းတယောက်ဖြစ်တဲ့ ကိုသူရထွန်းမော်က မိုးချိုသင်းတို့နဲ့ ရင်းနှီးနေတော့ တရက်မှာ မိုးချိုသင်းနဲ့ ကျနော် ဖုန်းပြောရတယ်။ လူချင်းကတော့ မတွေ့ဖူးသေး...။ တရက်ရက်တော့ တွေ့မှာပေါ့။
-----------------------------------------------------------------------------------------------
သည်လိုနဲ့ ဖုန်းထဲမှာပဲ တွေ့ခဲ့ရတဲ့ လူချင်းတခါမှ မတွေ့ဖူးခဲ့တဲ့ ကိုယ်တွေ့ချင်နေတဲ့သူတွေကို ကျနော်ဟာ... အချိန်ကာလ တခု ရောက်တော့ အားလုံးကို တနေရာတည်းမှာ တခါတည်း တွေ့လိုက်ရတဲ့အခါ.... (စိတ်မကောင်း အလွန်တရာ ဖြစ်မိတာကတော့ ကျနော် တွေ့ရတဲ့ သူတွေထဲမှာ ဆရာဂျမ်း မပါနိုင်တော့တာကိုပါ) ... ကျနော် စကားတွေတောင် ပြောမထွက်တော့ဘူး...
-----------------------------------------------------------------------------------------------
မိုးချိုသင်းတို့ အိမ်ကိုရောက်တော့ ပထမဆုံး ကျနော် ပြေးလွှားရှာမိတာကတော့ မိုးချိုသင်းပဲ... ဧည့်ခန်းထဲကနေ မီးဖိုချောင်ထဲ ရောက်လာတော့ ဆရာတင်မိုး အသေးစားလေးကို ကျနော် တွေ့လိုက်ရပါပြီ... မီးဖိုချောင်ထဲမှာ သူ အလုပ်များနေတယ်။ သူ့အနား သွားတော့ သူကလည်း ပြန်ကြည့်တဲ့အခါ ကျနော့် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက် မိတယ်... ”အောင်သာငယ်ပါ..ညီမ.” ... သူ... ဘာပြန်ပြောလည်းတောင် ကျနော် မမှတ်မိတော့ဘူး... ၀မ်းသာလွန်းလို့... မှတ်မိတာကတော့ ကျနော့် ညာလက်နဲ့ ဆုပ်မိထားတဲ့ သူ့ ဘယ်ဖက်လက်ပါပဲ... နောက်တော့ ကျနော်ပြောမိတာက ”ကိုကျော်ဝဏရော... ” ဆိုတော့ သူ လှမ်း..ခေါ်လိုက်တယ်... ကိုကျော်ဝဏနဲ့ ကျနော် လက်ချင်းဆုပ်မိကြ... ”အကို့ ဘလော့ကို ကျနော်တို့ နေ့တိုင်းဖတ်တယ်...”တဲ့ ... သူပြောနေတာ။ ကျနော်ကတော့ ဘာပြန်ပြောမိမှန်းတောင် မမှတ်မိတော့ဘူး။ ၀မ်းသာလို့...။

နောက်တော့ ဧည့်ခန်းထဲ ကျနော်သွားထိုင်တယ်။ ဆရာစွမ်းနဲ့ အကိုအောင်ဝေးကိုလည်း တွေ့လိုက်တယ်။ သူတို့လည်း လူတွေနဲ့ စကားတွေ ပြောနေကြတာဆိုတော့ အနှောက်အယှက် ကျနော် မပေးချင်ဘူးလေ။ ပြီးမှ နှုတ်ဆက်မယ်ပေါ့။ သို့သော်လည်း ကျနော် ရင်တွေတော့ ခုန်နေပြီ။ စိတ်တွေ အရမ်း လှုပ်ရှားနေမိပြီ။ ကျနော် တွေ့ချင်ခဲ့တဲ့သူတွေအားလုံးကို ဒီမှာ အားလုံးတွေ့နေရပြီကိုး...။

ဒီလိုနဲ့ ကျနော့်အရှေ့က ဆိုဖာပေါ်မှာ စကားပြောနေတဲ့ ကိုကျော်ဝဏကို ”မိုးမခက ကိုဇာနီလည်း လာမယ်ပြောတယ်... ခု ဒီမှာ သူ ရှိလား...” ဆိုတော့ ”ဟိုးမှာလေ... ကိုဇာနီ...” လို့ သူပြောနေတုန်းမှာပဲ လက်ပ်တော့ တလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ရုပ်ချောချော လူငယ် တယောက်က လည်ပြန်လှည့်ကြည့်တယ် (ကိုဇာနီရေ့ မြှောက်ပေးလိုက်ပြီ) သူ့ ညာဖက်လက်ကို ဆွဲဆုပ်ရင်း သူ့ကို ကျနော် ဆွဲဖက်မိ...။

နောက်တော့ မိုးမခက ကိုမောင်ရစ်နဲ့ ကိုဇာနီက ကျနော့်ကို မိတ်ဆက်ပေးတယ်။ ကျနော်ကတော့ စိတ်လှုပ်ရှားနေရင် စကား သိပ်မပြောတတ်တာဆိုတော့ ကိုမောင်ရစ်ကတော့ ကျနော့်ကို ဘယ်လို ထင်မလဲ မသိ။

နောက်တော့ ကိုဇာနီက ကျနော့်ကို ဆရာတွေ ထမင်းစားနေတဲ့ဆီ ခေါ်လာတယ်။ အကို အောင်ဝေးနဲ့ သူက ကျနော့်ကို တွေ့ပေးတာလေ။ ခရမ်းပြာမြင်းရိုင်းကြီးရဲ့ ညာဖက်ခွာကို ကျနော် တင်းတင်းဆုပ်လိုက်မိတယ်။ ”အကိုနဲ့ ကျနော် ဖုန်းထဲမှာ စကားပြောခဲ့ဖူးတယ်လေဗျာ... ကိုလွမ်းဏီဆီမှာ အကို ရှိနေတုန်းကလေ... မှတ်မိလား... ခု တွေ့ရတာ အရမ်း ၀မ်းသာတယ်ဗျာ...” “မှတ်မိတယ်လေကွာ“

အဲလို ကျနော် ပြောနေရင်း ထမင်းစားပွဲ တဖက်က ဆရာစွမ်းက ကျနော့်ကို လှမ်းကြည့်နေသေး..... ဒါနဲ့ ကျနော် ဆရာ့ဆီ သွားရပ်တယ်။ ဆရာစွမ်းက သူ့လက်ကို ကျနော့်ဆီ ကမ်းပေးတယ်။ ကျနော် လှမ်းဆုပ်လိုက်တဲ့လက်ကို ဆုပ်ကိုင်ရင်း ”ခုမှတွေ့တယ်ကွာ...”

ဖုန်းထဲမှာပဲ တွေ့ဖူးတဲ့သူတွေ အားလုံးကို အပြင်မှာ တချိန်တည်း တပြိုက်နက်တည်း တွေ့ရတာ အတော် ပျော်စရာကောင်းသလို အတော် ကံကောင်းတဲ့ ကိစ္စပါပဲ။ ကျနော်ဟာ အတော့ကို ကံကောင်းတဲ့သူပေါ့။ ပြောရရင် ကျနော်ဟာ ကံအကောင်းဆုံး လူတယောက်ပါပဲ။

Nov 21, 2008

စိမ်းလဲ့ရီဝေ

ယိမ်းနွဲ့ညီ...
အရှေ့တောအုပ်... အပျိုမ ပါးဆီ...
အနမ်းငှက်တို့... ဂုဏ်ပြုမိုးနဲ့အတူ...
စည်းချက်... လေနုအေး... ကျီစယ်ချိန်...

အလင်း... တံခါးဟာ...
ဘ၀ထဲမှာ... အသာယာဆုံးဖွင့်...
ပစ္စုပ္ပန်... လွင်ပြင်ထဲမှာ... ကံတရား... အိပ်မက်နေစဉ်...
စိတ်ဓါတ်စေ... ရွက်လွှင့်မယ်မေ...

ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...
ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...

တိမ်းခဲ့ပြီ...
မုသားစကား... အနောက် မြှားတပ်ညီ...
တမ်းတမြစ်... တောင်လို... နက်ရှိုင်းနေ...
ကြိုးလျော့တေး... ခြောက်သွေ့... အနိုင်ယူချိန်...

အလင်း... တံခါးဟာ...
ဘ၀ထဲမှာ... အသာယာဆုံး... ဖွင့်ကာလေ...
အနာဂတ်... တိမ်လွှာထဲမှာ... ကံတရား... ချုပ်ငြိမ်းရင်လေ...
အတိတ်ကနေ... သတိရမယ်မေ...

စိုပြေခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...
စိုပြေခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...

စိမ်းလဲ့ရည်...
နှုတ်ခွန်းထက်... ပုံရိပ်...နွမ်းပြီ...
လွမ်းချက်က... ရင်မှာ... အုပ်ဖွဲ့... ပျံ...
မမုန်းခင်က... အချစ်တော့... ပြန်ချေ... မေ...

အလင်း... တံခါးဟာ...
ဘ၀ထဲမှာ... အသာယာဆုံး... ဖွင့်ကာလေ...
အတွေးများ... ရင်ခွင်ထဲမှာ... နိမိတ်ဟောင်း... ချို... ခဲ့ရင်လေ...
အရိပ်မဲ့လမ်းမှာ... တို့... ရှိမယ်... မေ...

ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...
ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...

စိုပြေခြင်း ရာသီနဲ့အတူ... ရင်ထဲမှာ... စိမ်းလဲ့ရီဝေ...
စိုပြေခြင်း ရာသီနဲ့အတူ... ရင်ထဲမှာ... စိမ်းလဲ့ရီဝေ...

စိတ်ကြည်လင်တဲ့ တနေ့မှာ
ရှုံးနိမ့်ခြင်းကို အောင်မြင်ခြင်းနဲ့ ထေလိုက်တယ် - လို့ ခင်ဝမ်းက သူ့ သီချင်း တပုဒ်ထဲမှာ ဆိုခဲ့ဖူးရဲ့...

ကျနော်ကတော့ စိတ်မကြည်လင်တဲ့ နေ့တွေမှာ သီချင်းတွေ နားထောင်တယ်။ (အော်ဟစ်ပြီး) သီချင်းတွေ ဆိုတယ် ။ ကဗျာတွေ ဖတ်တယ်။ ကဗျာတွေ စပ်တယ်။ သို့သော်လည်း ကျနော် နားထောင်တဲ့ သီချင်းတွေ ထဲမှာ တချို့သီချင်းတွေက ကဗျာတွေနဲ့ တူတယ်။ အဲလို သီချင်းတွေ ထဲမှာ မင်းဒသ-ရေးခဲ့ပြီး ဖိုးချို-ဆိုခဲ့တဲ့- စိမ်းလဲ့ရီဝေ- လည်း တပုဒ် အပါအ၀င်ပေါ့။

အဲ သီချင်းကို ကဗျာတပုဒ်လို ကျနော် ဖတ်တယ်။ နားထောင်တယ်။
အားလုံးကို တိုက်တွန်းချင်တာကတော့ စာသားတွေကို ၂ ခေါက် ၃ ခေါက်လောက် ဖတ်ကြည့်ပါ။
ပြီးရင် သီချင်းကို အခေါက်ခေါက် အခါခါ နားထောင် ကြည့်ပါ။
ရင်ထဲကို တခုခု မရောက်လာရင် ... ကျနော့်ကို ပြော ...

(သီချင်းကို တင်ပေးဖို့ ခက်ခဲနေတာနဲ့ Ulead Video Studio နဲ့ MPEG File တခု လုပ်ပြီး တင်ပေးလိုက်ပါတယ်။ Video ကတော့ Vista က video file တခုကို လျှောက်ကလိထားတာပါ။
video ကို မကြည့်ကြပါနဲ့ - သီချင်းပဲ နားထောင်ကြပေါ့။)

video

Nov 20, 2008

စီရင်ရာနေ့
















(source:http://ftp.gnome.org/pub/GNOME/teams/art.gnome.org/backgrounds/ABSTRACT-Shatter)

ချိုင်းထောက် တဖက်နဲ့
လမ်းလျှောက်ထွက်ခဲ့ရတဲ့ ကဗျာပါ...

ထုံ့ပိုင်း..ထုံ့ပိုင်း...နဲ့
မုန်တိုင်းထန်တဲ့ ပင်လယ်ဆီ
ခံစားခဲ့သမျှတွေ တေးသီဖို့...

ကမ်းခြေအရောက်မတော့
နောက်ကျနေတဲ့ နေ့တနေ့ကိုပဲ
ဘုရားသခင်အလိုကျ
အဲသည် ကဗျာ ဖြန့်ခင်းပေးခဲ့ရ...။

လူတကာ နင်းသွားလို့
အစင်းသားပြန့်နေတဲ့ အဲဒီနေ့ကို
ဝေဒနာတွေ အထပ်ထပ်နဲ့
ဆေးစပ်မှားသွားတဲ့
ပန်းချီကားတချပ်လို တွေ့ခဲ့ရတဲ့အခါ...
ကဗျာခမျာ... အသက်ရှူလို့ မ၀တော့ဘူး...
ငါ့..ကို...အောက်စီဂျင်ပေးပါ့....ဘုရားသခင်....
နေ၀င်တာ ငါ.. မကြည့်ချင်ဘူး....
သွေးရူးသွေးတမ်းနဲ့ ပြောခဲ့...

ဘုရားသခင်ကတော့
သူ့ထုံးစံအတိုင်းပဲ
ပြုံးမြဲ..ပြုံးလို့...

သည့်နောက်မတော့
လေရူးလို
မြင် မြင်ရာတွေကို
ကဗျာ... ဖြိုချပစ်....
ဘုရားသခင်ကိုတောင်
လည်မျိုက ကိုင်ညှစ်
ကဗျာ... သတ်ပစ်ခဲ့တယ်။

အဲသည်နေ့မှာ
ကဗျာရော
ဘုရားသခင်ရော
သေခဲ့ပေါ့.... ..... .....

ATN

Nov 19, 2008

ဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး

ဒီနေ့ ကျနော် အလုပ်က စောစောပြန်လာတယ်။ သားတယောက်ကို နှစ်စဉ် medical check-up အတွက် ဆေးခန်း သွားပို့ပေးရမှာမို့။ ထမင်းစားနေရင်းနဲ့ အွန်လိုင်းခဏလေး တက်လိုက်တယ်။ ဂျီမေးလ်ထဲမှာ မခင်မင်းဇော် - အကောင့်မှာ message တခု တွေ့လိုက်ရတယ်။ ရင်ထဲမှာ -ဒုံး- ကနဲ ဖြစ်သွား....
ကျောင်းသားတပ်မတော်က ဘလော်ဂါ ကိုဖိုးဇေ တယောက် ဆုံးရှာပြီ..

ဘယ်လိုဖြစ်ကုန်တာလဲ။ ရုတ်တရက်ကြီး။ မခင်မင်းဇော်ကို အဖြစ်အပျက်တွေ လှမ်းမေးရင်း ကျနော့် ရင်ထဲမှာ ကြေကွဲနေမိတယ်။
----------
ကျောင်းသားတပ်မတော်မှာ ကျနော် ရှိနေခဲ့စဉ် အချိန်ကာလများမှာ ဒေါင်းအိုးဝေ စာမျက်နှာတွေပေါ်က စာရေးသူတွေ ကဗျာဆရာတွေကို ကျနော်က လူချင်း တော်တော့ကို တွေ့ချင်ခဲ့တာပါ။ ကျနော် လူချင်းတွေ့ချင်တဲ့သူတွေထဲမှာ နှင်းခါးမိုး၊ တိုက်မောင်း၊ ထက်မိုးနဲ့ ပွင့်သစ် (ကရိန်ကန်) လို့ ခေါ်ကြတဲ့ ကိုဖိုးဇေလည်း ပါတာပေါ့။ သူတို့ စာတွေကို ဖတ်ရတယ်။ သူတို့ ကဗျာတွေကို ဖတ်ရတယ်။ သူတို့ နှလုံးသားတွေကို ကျနော် ဆုပ်ကိုင်လို့ရတယ်။ သူတို့ အိပ်မက်တွေက ကျနော့် အိပ်မက်တွေနဲ့ ထပ်တူကျတယ်။ သူတို့ အားမာန်တွေက ကျနော့် သွေးကြောတွေထဲ စီးဆင်းတယ်။ သူတို့ ရှူတဲ့လေတွေက ကျနော့် အဆုပ်ထဲမှာ အပြည့်။ မှန်ထဲမှာ - သို့မဟုတ် - ရေပြင်တခုမှာ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်ရင် သူတို့ မျက်နှာတွေကို ကျနော် မြင်နေရတယ်။ သို့သော်လည်း အကြောင်းကြောင်းတွေကြောင့် အခြေအနေ၊ အချိန်ကာလနဲ့ နေရာဒေသတွေက လူတွေကို တွေ့ဆုံခွင့် မပေးခဲ့ဘူး။
----------
အဲသည်လူတွေထဲမှာ ကျနော် ပထမဆုံး တွေ့ချင်တာက
နှင်းခါးမိုး။ ဒေါင်းအိုးဝေ၊ အတွဲ-၂၊ အမှတ်-၂၊ နိုဝင်ဘာ၊ ၁၉၉၀-မှာ ပါခဲ့တဲ့

”အမှန်တရားအတွက် အသက်စွန့်ခဲ့တာမှာ
ကျနော်ဟာ အရင်ဆုံးလည်း မဟုတ်သလို
နောက်ဆုံးလည်း မဟုတ်ပါဘူး အဖေ”တဲ့...
အဲဒီ စာတစောင်ကို ဖတ်ရင်း
ဝိညာဉ်ရဲ့ တင်းနေတဲ့ကြိုးတွေအပေါ်
ငါ့ ဘ၀ကို တင်ခဲ့တာပေါ့..

-ဆိုတဲ့ သူ့ရဲ့ ကဗျာကို ဖတ်ပြီး သူ့ကို ကျနော် အရမ်းတွေ့ချင်ခဲ့တာပေါ့။ သူ့ဝိညာဉ်တင်းခဲ့တဲ့ ကြိုးတွေပေါ်ကို ကျနော့် ဘ၀ကိုလည်း အတူတူ တင်ခဲ့တာပေါ့။ ခုတော့ သူက နော်ဝေမှာ။
----------
နောက်တယောက်ကတော့ ကိုတိုက်မောင်း။ ဒေါင်းအိုးဝေတိုင်းမှာ သူ့ကဗျာတွေ ပါတယ်။ သူ့ကဗျာတွေက အားကောင်းမောင်းသန်။ ဆူဆူညံညံ၊ ထန်ထန်မာမာ၊ ပေါက်ပေါက်ကွဲကွဲ၊၊ ရဲရဲရင့်ရင့်။ သည်လိုနဲ့ တောအုပ်ခင်ညိုထဲမှာ ဒေါင်းအိုးဝေကတဆင့် ကိုတိုက်မောင်းရဲ့ မခင်သီကို ကျနော် ရင်းနှီးခဲ့ရတယ်။ အဲသလိုပဲ သူ့ရဲ့ - ပုရစ်တွေ-ဆိုရင် ကျနော် အတော် နှစ်ခြိုက် သဘောကျခဲ့တဲ့ ကဗျာပေါ့။ (သူက တိုက်မောင်း၊ ကေကေးဇံ၊ ရဲထိန် - စတဲ့ ကလောင်တွေနဲ့ ကဗျာတွေ ရေးတယ်)

ပုရစ်တွေ

အသံနဲ့ပျော်
ပုရစ်တွေ အော်ကာစဲ။

လူ့အကျိုး သူမဖြည့်နိုင်ဘု။
ဟိုရွှေ့ထိုင် ဒီခုန်ကူးနဲ့
ကြည်နူးကာ သံကုန်ဟဲတော့
နားညည်းတဲ့ပွဲ။ ။

(ကမ္ဘာတ၀ှန်းလုံးရှိ အာသမားများအတွက်
တိုက်ရိုက်ရည်ညွန်းသည်။)

ရဲထိန်

၂၈/၁၂/၈၈ တောင်ကုန်း အမှတ် ၃

သည်လိုနဲ့ ၁၉၉၅ ဧပြီလ-၂၆ ရက်နေ့မှာ တောအုပ်ခင်ညိုထဲမှာပဲ ကိုတိုက်မောင်း ကျဆုံးသွားခဲ့တယ်။ ကျနော် တွေ့ချင်ခဲ့တဲ့ ကျောင်းသားတပ်မတော်က တပ်ရင်းမှူးကောင်းတယောက်၊ ခေါင်းဆောင်ကောင်းတယောက်၊ ကဗျာဆရာကောင်းတယောက် ကျနော် မတွေ့လိုက်ရတော့ဘူး။
----------
နောက်တယောက်ကတော့ ကိုထက်မိုး။ သူ့ကိုတော့ ပတ်သက်ရာ ပတ်သက်ကြောင်းမို့လို့ လူချင်း မတွေ့ခဲ့ဖူးပေမင့် လူကို သိနေတယ်။ ပြီးတော့ နှင်းခါးမိုး နောက်ပြီး ပြောပြောနေတဲ့ - ဗမာပြည်က မိုးကြီး-၃ မိုး (ဆရာတင်မိုး၊ နှင်းခါးမိုး၊ ထက်မိုး) ဆိုတဲ့ အထဲက တတိယမြောက် မိုး - မို့လို့လည်း သူ့ကို လူချင်းတွေ့ချင်နေတာ။

ပြီးတော့ ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး)နယ်မြေထဲမှာ သူရှိနေတုန်း ကျနော့်ဆီ စာတိုလေးတွေ ပို့ပြီး သူ ဆက်လာခဲ့တယ်။ အချိန်ရရင် အခွင့်အရေးရရင် လူချင်းတွေ့ချင်ကြောင်း။ သည့်တိုင်အောင် ကလလတနယ်ထဲ ကျနော် ရောက်သွားခဲ့တော့လည်း အခွင့်အရေး အခြေအနေမပေးလို့ လူချင်း မတွေ့ခဲ့လိုက်ရ။ သို့သော်လည်း သူ့ကဗျာတွေကိုတော့ မကြာခဏဆိုသလို ဖတ်နေရ။ တပုဒ် ဖတ်ရတိုင်းလည်း တပုဒ် ကြိုက်ခဲ့ရ။ နောက်တော့ ၂၀၀၄ အကျော်မှာ သူ့ သတင်းကို ကျနော်ကြားရ။ တောအုပ်ညိုမဲရဲ့ အနက်ရှိုင်းဆုံးထဲ သူ့ရဲ့ နောက်ဆုံးစာမျက်နှာကို ထည့်သွားခဲ့။ သူ့ကို လူချင်းတွေ့ဖို့ အခွင့်အရေး - ကျနော့်မှာ ရာသက်ပန် မဲ့သွားခဲ့။
----------
သည်လိုနဲ့ ကျနော် ဘလော့ စရေးတယ်။ ၂၀၀၇ ဒီဇင်ဘာမှာ။ ဘလော့ရေးရင်းနဲ့မှ ကျနော် တွေ့ချင်နေခဲ့တဲ့ ပွင့်သစ် (ကရိန်ကန်)ကို ဘလော့ စာမျက်နှာတွေမှာ ပြန်တွေ့ရတယ်။ ကိုဖိုးဇေ ဆိုပြီး။ ကဗျာတွေ ဖတ်ရတယ်၊ စာတွေ ဖတ်ရတယ်။ ကျနော် ၀မ်းသာခဲ့သပေါ့။ သို့သော်လည်း လူချင်းတွေ့ဖို့ကတော့ ဝေလာဝေးပါ့။ အိုး... ဘာပဲဖြစ်ဖြစ် တနေ့နေ့ပေါ့.. တွေ့ကို တွေ့ရမှာပဲ... စိတ်ထဲမှာ အဲလို ယုံကြည်နေတုန်း....

ဗြုန်း... ဆို သတင်းဆိုးကြီး ကျနော် ကြားလိုက်ရတယ်...

ပွင့်သစ်ရေ့...ကိုဖိုးဇေရေ့...ဂုရုရေ့... ခင်ဗျားကို ကျနော် မတွေ့ဖူးရပါပဲနဲ့ ကျနော့်မှာ လွမ်းဆွတ်နေရပါပေါ့။

အခုတော့ ကျနော် ဘယ်သူ့ကိုမှ မတွေ့ချင်တော့ပါဘူး။
အခုတော့ ကျနော်တွေ့ချင်ခဲ့တဲ့သူတွေအားလုံးကို
ဘယ်သူ့ကိုမှ ကျနော် မတွေ့ချင်တော့ဘူးဗျာ။

Nov 18, 2008

ကြေမွနေတဲ့ကဗျာ
















အပျင်းပြေရေးတဲ့ ကဗျာတပုဒ်ကို မကြိုက်တဲ့အခါ
စာရွက်တရွက်ဟာ လုံးချေ ပစ်ချခံရ-
နေ့ရက် တရက် ကြေမွ...

ဟင်းတခွက် ပြီးမြောက်ဖို့
ဂျင်း၊ ငရုတ်သီးခြောက်နဲ့အတူ ကြက်သွန်နီဟာ ပါးပါးလှီး ထုထောင်း ခံရ -
နေ့ရက် တရက် ကြေမွ...

မွေးနေ့ လက်ဆောင်တခုကို မြင်ရဖို့
လှလှပပ စက္ကူတရွက် ဆွဲဖြဲ ဖြည်ချခံရ-
နေ့ရက် တရက် ကြေမွ...

အတွင်းထဲက မမြင်ရတဲ့ အဆံ
လူတယောက် အရသာ ခံဖို့ ဗံဒါသီး အက်ကွဲပေးရ-
နေ့ရက် တရက် ကြေမွ...

ရေဟာ လင်မနစ် ဖြစ်ဖို့
ဆား၊ သကြား၊ သံပုရာနဲ့အတူ ရောဖျော်ခံရ -
နေ့ရက် တရက် ကြေမွ...

သည်လိုနဲ့
ထူသည်ထက် ထူလာတဲ့ ပြက္ခဒိန်မှာ...
စာရွက်တရွက်...
ကြက်သွန်နီတလုံး...
စက္ကူအဖုံးတခု...
တလုံးသော ဗံဒါသီး...
လင်မနစ်ဖြစ်ပြီးသောရေ...
ပြည့်နှက်လွန်းနေပြီ။

အကိုကြီးရေ...
အမကြီးရေ...
ညီလေးရေ...
ညီမလေးရေ...
ငါတို့တွေ...
ကမ္ဘာမကျေဘူး...ဟေ့....

ATN

Nov 17, 2008

သစ်ခုတ်သမား နိုးကြားလော့ (အပိုင်း-၃ + ၄ + ၅)

စာရိုက်ရင်းနဲ့ စိတ်မရှည်တော့ဘူး။ အားလုံး အစအဆုံး ဖတ်နိုင်အောင် တထိုင်တည်း အပြီးရိုက်ပေးလိုက်ပါတယ်။

၃။
အမေရိက... သင့်နယ်မြေမှ တဖက်အစွန်
တိုင်းနိုင်ငံများကို ငါ ရောက်ခဲ့ဖူးပြီ။
အဲဒီနေရာတွေမှာ ရက်ပေါင်းများစွာ
ငါ ပျံသန်းခဲ့၊ ခရီးသွားခဲ့၊ တေးဆိုခဲ့၊ စကားပြောခဲ့
လှည့်လည်နေတဲ့ အိမ်ရာ လုပ်ခဲ့ဖူးရဲ့။
အာရှမှာ၊ ရုရှားမှာ၊ ယူရဲလ်တောင်တန်းတွေမှာ
ငါ ရပ်နားပြီး အထီးကျန်မှုနဲ့ ထင်းရှူးဆီနံ့ စိမ့်ပျော်ဝင်နေတဲ့
ငါ့ဝိညာဉ်ကို ဆန့်ထုတ်ခဲ့ဖူးရဲ့။
တိုက်ပွဲရဲ့ ရိုက်ပုတ်ချက်နဲ့ ချစ်မေတ္တာတို့ဖြင့်
အာကာသ ဟင်းလင်းပြင်ထဲမှာ
လူဖန်ဆင်းထားတဲ့ အရာမှန်သမျှကို ငါ ချစ်တယ်။
ယူရဲလ်တောင်တန်းတွေပေါ်က ငါ့ အိမ်ကလေးဟာ
မြင့်ဝေးသီခေါင်တဲ့ ပျားအုံတအုံလို
အိုမင်းတဲ့ ထင်းရှူးတော ညများနဲ့ တိတ်ဆိတ်မှုတို့
ယခုတိုင် ၀န်းရံနေတုန်းပါပဲ။
အဲဒီမှာ ဂျုံနဲ့ သံမဏိဟာ
လူရဲ့လက်ထဲက လူရဲ့ ရင်ထဲက မွေးလာခဲ့ကြတယ်။
လူတွေရဲ့ တေးဆိုသံတွေ ဟာ အိုမင်းလှပြီဖြစ်တဲ့ သစ်တောတွေကို
အပြာရောင် အရိပ်တခုလို သက်ဝင်လာစေတယ်။
အဲဒီကနေပြီး လူတွေရဲ့ ဒေသရပ်ဝန်းတွေ
ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ ပထ၀ီဝင်တွေ၊ စက်ရုံတွေ
အချစ်နဲ့ တေးသီချင်းတွေ
မနေ့ကအထိ
မြေခွေးရိုင်းတွေ နေသွားကြသေးတဲ့
သစ်တောကြီးတွေထဲမှာ ဗွိုင်အိုလက်ပန်းတွေလို
တောက်ပနေတဲ့ ကျောင်းတွေကို ငါ ကြည့်မိတယ်။
မြေပုံတချပ်ကို ထောက်သလို ငါ့လက်ဟာ အဲဒီ အမှတ်ကနေပြီး
မြက်ခင်းပြင်တွေရဲ့ အစိမ်းရောင်
အလုပ်ရုံတထောင်ရဲ့ မီးခိုးနဲ့ အထည်အလိပ်တွေရဲ့ ရနံ့
ဇက်ကြိုးခွံ့ထားတဲ့ စွမ်းအင်ကို ငါ ထောက်ကြည့်တယ်။
ညနေခင်းများမှာ အသစ်ဖောက်ထားတဲ့ လမ်းတွေအတိုင်း
ငါ လျှောက်လာခဲ့ပြီး မုန်လာထုပ်တွေ ပြုတ်နေရာ
မီးဖိုချောင်တွေထဲကို ငါ ၀င်ခဲ့တယ်။
ကမ္ဘာကြီးအတွက် စမ်းချောင်းသစ်တခုဟာ
အဲဒီ မီးဖိုချောင်တွေထဲက စီးဆင်းလာလိမ့်မယ်။

ဒီမှာလည်းပဲ လူငယ်တွေဟာ အိမ်ကိုတော့ ပြန်လာခဲ့ကြပါရဲ့။
ဒါပေမယ့် သန်းပေါင်းများစွာတို့ဟာ
စက်တိုင်မှာ တွဲလောင်းကျ ပုပ်ပွပြီး
အထူး မီးဖိုတွေထဲမှာ လောင်မြိုက်ခံရလို့
ကျန်ရစ်ခဲ့ကြရတယ်။
သုတ်သင် ဖျက်ဆီးခံခဲ့ကြရလို့
မှတ်ဥာဏ်ထဲမှာ သူတို့နံမည်မှတပါး
တခြား ဘာမှ မကျန်ရစ်ခဲ့ကြရှာဘူး။
သူတို့ရွာတွေဟာလည်း အသတ်ခံခဲ့ကြရတယ်။
ဆိုဗီယက်မြေကြီးဟာလည်း အသတ်ခံခဲ့ရတယ်။
အသိန်းအသန်းရှိတဲ့ မှန်ကွဲစတွေနဲ့ အရိုးတွေဟာ
ရောထွေးနေကြတယ်။
ကျွဲနွားတွေနဲ့ စက်ရုံတွေသာမက
နွေဦးတောင်မှပဲ စစ်ရဲ့ ၀ါးမျိုခြင်း ခံလိုက်ရတဲ့အတွက်
ပျောက်ကွယ်သွားခဲ့ကြရတယ်။
ဒါပေမယ့်လည်း လူငယ်တွေကတော့ အိမ်ကိုရောက်အောင် ပြန်ခဲ့ကြတယ်။
သူတို့ တည်ဆောက်ခဲ့တဲ့ တိုင်းပြည်ကြီးကို ချစ်တဲ့ စိတ်ဟာ
သူတို့ ကိုယ်ထဲမှာရှိတဲ့ သွေးနဲ့ ရောသွားကြတယ်။
တို့တိုင်းပြည်ဆိုတဲ့ စကားလုံးကို သွေးကြောတွေနဲ့ ပြောကြတယ်။
တို့တိုင်းပြည်ဆိုတဲ့ သီချင်းကို သွေးနဲ့ ဆိုကြတယ်။
မြို့တွေ၊ ကျွဲနွားတွေနဲ့ နွေဦးတို့
ပြန်လည် မွေးဖွားရာမှာ ကူညီဖို့ သူတို့ ပြန်လာတဲ့အခါ
ဘာလင်က ကျူးကျော်သူတွေရဲ့ အသံဟာ
ကျယ်လောင်စွာ ပဲ့တင်ထပ်နေတုန်းပဲ။
အို... ဝေါ့ ၀ှစ်တမင်း။
ပေါင်းမြက်ရိုင်းပမာ ရှုပ်ထွေးနေတဲ့ မုတ်ဆိတ်ကို မော့ပြီး
ငါနဲ့အတူ တောထဲကို လှမ်းကြည့်လိုက်စမ်းပါ။
မွှေးပျံ့တဲ့ အမြင့်ကနေပြီး ငါနဲ့အတူ ကြည့်လိုက်စမ်းပါ။
ဘာကိုမြင်ရသလဲ ဝေါ့ဝှစ်တမင်း။
သေသူတို့က တရတဲ့၊ တောက်ပသစ်လွင်တဲ့
စတာလင်ဂရက်မြို့ကြီးထဲမှာ စက်ရုံတွေ ဘယ်လို ဆောက်ပြီး
လမ်းတွေကို ဘယ်လို ဖောက်နေတယ် ဆိုတာကို
ဥာဏ်ပညာရှိတဲ့ ငါ့ညီ ပြောပြလို့
ငါ မြင်ရတယ်။
စစ်တလင်း ဖြစ်ခဲ့ရတဲ့ လွင်ပြင်တွေထဲက ဒုက္ခတွေ
မီးလျှံတွေကြားထဲက
စိုစွတ်တဲ့ မနက်ခင်းမှာ ထွန်စက်တစင်း မွေးလာပြီး
မြည်ဟည်းသံများနဲ့အတူ လယ်ကွင်းထဲကို ဆင်းလာတာကို
မြင်လိုက်ရတယ်။
ဝေါ့ ၀ှစ်တမင်း၊ သင့်အသံနဲ့
မြေမြှုပ်ခံရတဲ့ သင့်ရင်ထဲက ခွန်အားကို
ငါ့အား ပေးလော့။
ခိုင်မြဲတဲ့ အမြစ်တွေ ဖြစ်တဲ့ သင့်မျက်နှာကို
ငါ့အား ပေးလော့။
ခိုင်မြဲတဲ့ အမြစ်တွေ ဖြစ်တဲ့ သင့်မျက်နှာကို ငါ့အား ပေးလော့။
ဒီအရာများနဲ့ ဒီပြန်လည် ထူထောင်ရေးအကြောင်းကို
ငါ တေးသီအံ့။
ပူဆွေးဒုက္ခကြားထဲမှ ပေါ်ပေါက်လာသောအရာများ တိတ်ဆိတ်သောငြိမ်သက်မှုမှ ကုန်းထလာသောအရာများ တည်ငြိမ်သည့်အောင်ပွဲမှ ပေါ်ထွက်လာသော အရာများအကြောင်းကို ငါတို့ ဦးညွတ်ကြကုန်အံ့။
အို... စတာလင်ဂရက်။
သင့်ရဲ့ သံမဏိအသံဟာ ပေါ်ထွက်လာခဲ့တယ်။
စုပေါင်းအိမ်တလုံးလို
မျှော်လင့်ချက်ဟာ တထပ်ပြီးတထပ် တည်ဆောက်လာခဲ့တယ်။
နောက်တဖန် နက်ရှိုင်းတဲ့ တုန်ခါမြည်ဟည်းမှုဟာ
ချီတက်လာနေပြီ။
စာသင်ကြ
တေးဆိုကြ
တည်ဆောက်ကြရင်းနဲ့ပဲ
စတာလင်ဂရက်ဟာ သွေးထဲက ပေါ်ထွက်လာခဲ့တယ်။
ကျောက်တုံးနဲ့ သံမဏိတို့ပါတဲ့ သံစုံတီးဝိုင်းကြီးပမာ
စတာလင်ဂရက်ဟာ သွေးထဲက ပေါ်ထွက်လာတယ်။
မုန့်ဖိုတွေထဲမှာ ပေါင်မုန့်ဟာ ပြန်လည် မွေးဖွားလာခဲ့ပြီး
နွေဦးဟာလည်း ကျောင်းသင်ခန်းတွေထဲမှာ
မွေးဖွားလာခဲ့တယ်။
ခက်ထန်အိုမင်းတဲ့ ဗော်လ်ဂါမြစ်ကြီး တငြိမ့်ငြိမ့် စီးနေဆဲမှာ
လေဟာ ငြမ်းစင်သစ်တွေနဲ့
သစ်ပင်တွေပေါ်ကို တက်လာခဲ့တယ်။
တောက်ပသစ်လွင်တဲ့ ထင်းရှူးသားနဲ့ ၀က်သစ်ချသား
စာအုပ်စင်များပေါ်က စာအုပ်တွေဟာ
သေဆုံးသွားတဲ့ လူသတ်သမားရဲ့ သင်္ချိုင်းတွေပေါ်မှာ
ပြန်လည် စည်းလုံး ညီညွတ်နေကြတယ်။
အပျက်အစီးပုံတွေကြားထဲက တည်ဆောက်ထားတဲ့ ဇာတ်ရုံတွေဟာ
အာဇာနည် ပီသမှုနဲ့ တော်လှန်မှုကို ဖော်ပြနေကြတယ်။
စာအုပ်တွေဟာ ကျောက်စာတိုင်လို ထင်ရှားကြတယ်။
သူရဲကောင်းတိုင်း၊ သေခြင်းတရားရဲ့ မီလီမီတာတိုင်း
ပြောင်းပစ်လို့မရတဲ့ ဂုဏ်ကျက်သရေရဲ့ ၀တ်လွှာတိုင်းအတွက်
စာအုပ်တအုပ် ရေးဖွဲ့ကြတယ်။
အို... ဆိုဗီယက်ယူနီယံ။
သင့်တိုက်ပွဲတွေ ကြားထဲမှာ ကျခဲ့ရတဲ့ သွေးတွေ
လွတ်လပ်ရေးနဲ့ သေအံ့ဆဲသူတို့ ရှင်အောင်
ကမ္ဘာကြီးကို ပေးခဲ့တဲ့ သင့်သွေးတွေကို စုလိုက်ရင်
ငါတို့မှာ အခြား သမုဒ္ဒရာတွေထက်ကြီးတဲ့
သမုဒ္ဒရာသစ် တစင်းပင် ရလောက်ရဲ့။
မြစ်အပေါင်းတို့ တုန်ဟည်းစီးဆင်းရာ
အခြားသော သမုဒ္ဒရာထက်
နက်ရှိုင်းတဲ့ သမုဒ္ဒရာတစင်းပင် ရလောက်ရဲ့။
အာရောကန်နီယန် မီးတောင်များက
မီးလျှံများလို လှုပ်ရှားပြီး
မြစ်အပေါင်းတို့ရဲ့ တုန်ဟည်းမှုမျိုးကို ရလောက်ရဲ့။
တိုင်းပြည်တိုင်းမှ ပြည်သူအပေါင်းတို့
သင်တို့ရဲ့ လက်များကို အဲဒီ သမုဒ္ဒရာကြီးထဲမှာ နှစ်လိုက်ပါ။
ပြန်ထုတ်ပြီး ပြန်နှစ်လိုက်စမ်းပါ။
မေ့လျော့ခံ၊ အစော်ကားခံ၊ အခိမ်ခံရတဲ့ အစွန်းအထင်းတွေ။
အနောက်ဘက်က အမှိုက်ပုံက လူလေလူလွင့်တွေ
သင့်သွေးကို စော်ကားခဲ့တဲ့ အရာတွေကို
အဲဒီ ပင်လယ်ကြီးထဲမှာ နှစ်မြှုပ်ပစ်လိုက်ပါ့။
မွှေးထုံတဲ့ ယူရဲလ် ထင်းရှူးတောတွေထဲကနေပြီး
ရုရှားမြေ အလယ်ကောင်မှာ အသစ်မွေးလာတဲ့
စာကြည့် ပိဋကတ်တိုက်တွေကို ငါကြည့်နေတယ်။
တိတ်ဆိတ်ခြင်း အလုပ်လုပ်ရာဖြစ်တဲ့ ဓါတ်ခွဲခန်းတွေကို
ငါကြည့်နေတယ်။
သစ်တုံးတွေနဲ့ တေးချင်းတွေကို
မြို့သစ်တွေဆီ သယ်ဆောင်သွားကြတဲ့
မီးရထားတွေကို ငါကြည့်နေတယ်။
ရင်ထဲမှာ နှလုံး ခုန်သလို
ပူနွေးတဲ့ ငြိမ်းချမ်းခြင်းထဲမှာ ခုန်နေတဲ့
အရာသစ်တခု ပေါ်လာတယ်။
မိန်းကလေးတွေနဲ့ ချိုးငှက်တွေ
စတက်လွင်ပြင်တွေထဲကို ရောက်လာပြီး
ဖြူဖွေးမှုကို ဖျက်ဆီးလိုက်တယ်။
လိမ္မော်ပင်တွေမှာ ရွှေတွေသီးလို့။
အရုဏသစ်တိုင်းမှာ
ဈေးကွက်ဟာ ရနံ့သစ်နဲ့ ထုံနေတယ်။
ရနံ့သစ်လာရာ တောင်ကုန်းတွေဆီမှာတော့
အာဇာနည်အစွမ်းဟာ ပိုလို့ကြီးမားပြီး
အင်ဂျင်နီယာများက
တောင်ကုန်းအမှတ်တွေကို ရေးနေကြတဲ့အတွက်
မြေပုံစာရွက်တွေဟာ တုန်ယင်နေကြတယ်။
မြူသစ်ဝေဆောင်းရဲ့ မြေကမ္ဘာတခွင်မှာ
ရေတံခါးကြီးတွေဟာ လင်းမြွေကြီးများသဖွယ်
တွန့်လိမ်နေကြတယ်။
အို... အာကင်ဆတ် နယ်သား
အို... ၀က်စပွိုင့် စစ်တက္ကသိုလ်ကျောင်းဆင်း ရွှေပိန်းချ လုလင်
အို... ဒက်ထရွိုက် မက္ကင်းနစ် အလုပ်သမား
အို... ဟောင်းနွမ်းတဲ့ နူးအော်လီယွန်း ပြည်နယ်က ကူလီခေါင်း
မြဲမြဲ မြန်မြန် လျှောက်ကြ။
ကျယ်ပြောတဲံ လူ့လောကကြီးဆီကို နားစွင့်ထားကြလို့ ငါ ပြောချင်တယ်။
သင်တို့ကို စကားပြောနေသူဟာ
အိမ်ဖြူတော်က ထည်ဝါတဲ့ လူကြီးလူကောင်းများ မဟုတ်။
ရက်စက်ကြမ်းကြုတ်တဲ့ သံမဏိ ဘုရင်တပါး မဟုတ်။
အမေရိကတိုက် တောင်အစွန်အဖျားက
ကဗျာဆရာတဦး
ပါတာဂိုနီးယားက
မီးရထား အလုပ်သမားတယောက်ရဲ့ သားတဦး
အင်ဒီးယန်းတောင်ပေါ်က လေလို အမေရိကန် ဆန်ပြီး
မကျဉ်းထောင်၊ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ သောကတို့ ကြီးစိုးရာ
နိုင်ငံခြား အရှင် သခင်များအတွက်
ကြေးနီနဲ့ ရေနံကို ရွှေတုံးများ အဖြစ်
ပြောင်းလဲပေးရာ ဖြစ်တဲ့
တိုင်းပြည်တပြည်က ထွက်ပြေးတိမ်းရှောင်နေရတဲ့
ဝရမ်းပြေးတဦးသာဖြစ်တယ်။
သင်တို့ဟာ
ရွှေတုံးတဖက်၊ ဗုံးတဖက် ကိုင်ထားတဲ့
ရုပ်တုများ မဟုတ်။
သင်တို့ဟာ
ငါ့လို လူသားဖြစ်ခဲ့ကြ၊ ဖြစ်နေကြပြီး
လမ်းမကြီးတွေ၊ လမ်းသေး လမ်းမွှာပေါ်က
ရိုးသားတဲ့ ပြည်သူတွေကို
အကာအကွယ် ပေးရမယ့် လူတွေ ဖြစ်တယ်။
သင့်အကို ဂျွန်လို ငါ့ညီ ဂျုံဟာလည်း
ဖိနပ် ရောင်းရတာပဲ။
သင့်အမ ဂျိမ်းလို ငါ့ညီမ ဂျုံနာဟာလည်း
အာလူးပဲ အခွံ သင်ရတာပါပဲ။
ပီတာရယ်၊ ငါ့သွေးဟာလည်း မင့်သွေးလို
သတ္တုတွင်းတူးသမားနဲ့ သင်္ဘောသား သွေးပါပဲ။
မင့် ကန့်လန့်ကာကြီးကို ဖောက်ထွင်းပြီး
ယူရဲလ်တောင်တန်းဆီက လေညင်းတိုက်လာအောင်
မင်းနဲ့ငါ တံခါးတွေကို ဟင်းလင်း ဖွင့်ကြပါစို့။
ဒေသထွက်နေသူများကို
''ခင်ဗျားတို့ လွန်လွန်းပြီ။ တော်ကြတော့''လို့
မင်းနဲ့ငါ တသံတည်း ပြောကြပါစို့။
အနာဂတ်မှာ မြေကြီးကို တို့သာပိုင်တယ်။ အဲဒီမြေကြီးပေါ်မှာ စက်သေနတ်တွေရဲ့ လေချွန်သံ မရှိစေရဘူး။ တေးသံတွေ၊ နောက်ထပ် တေးသံတွေ နောက်ထပ် တေးသံတွေသာ ရှိစေရမယ်။


၎။
အို... အမေရိကတိုက်၊ သန့်စင်တဲ့ နယ်နိမိတ်ကို ဖျက်ဆီးဖို့
သင့်အိမ်သည်တွေကို လက်နက် တပ်ပေးနေရင်
ငါတို့ချစ်တဲ့ ဂီတနဲ့ စနစ်ကျမှုကို အုပ်စိုးဖို့
ရှီကာဂိုက သားသတ်သမားကို လွှတ်ပေးခဲ့ရင်
ငါတို့ဟာ လေနဲ့ ကျောက်တုံးတွေထဲက ထလာပြီး
သင့်ကို ကိုက်ဖြတ်ပစ်မယ်။
ငါတို့ဟာ နောက်ဆုံး ပြတင်းပေါက်က ထွက်လာပြီး
သင့်ကို ပစ်သတ်မယ်။
ငါတို့ဟာ အနက်ရှိုင်းဆုံး လှိုင်းလုံးတွေထဲက ထလာပြီး
သင့်ကို ဆူးခက်တွေနဲ့ ထိုးပစ်မယ်။
ငါတို့ဟာ ထွန်ရေးကြောင်းတွေထဲက ထလာပြီး
ကိုလံဘီယန် လက်သီးချက် မိသလိုရှိအောင်
မျိုးစေ့တွေနဲ့ ထိုးဖောက်မယ်။
ငါတို့ ထလာပြီး သင့်ကို ပေါင်မုန့်နဲ့ရေ ပေးဖို့ ငြင်းဆန်မယ်။
ငါတို့ ထလာပြီး သင့်ကို လောင်တိုက် သွင်းပစ်မယ်။

နူးညံ့တဲ့ ပြင်သစ်ပြည်ပေါ်ကို ခြေမချနဲ့တော့။
အဲဒီမှာ စပျစ်နွယ် စိမ်းစိမ်းတွေက
စပျစ်ရည်တွေ ထွက်အောင် တို့ရှိနေမယ်။
ဆင်းရဲသူ ပြင်သစ်မကလေးဟာ
ဂျာမန်တို့ရဲ့ သွေးတွေ ယနေ့တိုင် စိုရွှဲရာ
မြေမာမာကို ပြလိမ့်မယ်။
စပိန်ပြည်က ခြောက်သွေ့တဲ့ တောင်ရိုးတွေပေါ်ကို
မတက်လေနဲ့တော့။
အဲဒီမှာ ကျောက်ဆောင်တိုင်းဟာ မီးလျှံ ဖြစ်လာလိမ့်မယ်။
အဲဒီမှာ ရဲရင့်သူအပေါင်းဟာ
နှစ်အထောင်အသောင်းကြာအောင် တိုက်ခဲ့ကြတယ်။
သံလွင်ပင်တွေကြားမှာ မျက်စိ မလည်စေနဲ့တော့။
မျက်စိလည်ခဲ့ရင်တော့ အိုကလာဟိုးမားကို
သင် ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူး။
ဂရိပြည်ထဲကို မ၀င်ပါလေနဲ့။
အဲဒီမှာ ဒီနေ့ ဖြာကျနေတဲ့ သင်တို့ရဲ့ သွေးတွေက
ရုန်းထပြီး သင်တို့ကို တားလိမ့်မယ်။
တိုကိုပီလာကို လာပြီး ငါးမမျှားလေနဲ့။
အဲဒီက ၀ါးဓါးမြောင်ဟာ သင်တို့ရဲ့ လုယက်မှုကို သိလိမ့်မယ်။
အာရောကန်နီယန်က အညတရ သတ္တုတွင်းတူးသမားဟာ
မြေမှာ မြှုပ်ထားတဲ့ ရှေးဟောင်းမြှားကို ပြန်ရှာပြီး
ခေတ်သစ်နယ်သစ် ရှာသူများကို စောင့်နေတယ်။
နွားကျောင်းသား သီချင်းကို ဆိုနေတဲ့
နွားကျောင်းသားကို အထင်မသေးပါလေနဲ့။
ကုန်လှောင်ရုံက ကူလီကိုလည်း အထင် မသေးပါလေနဲ့။
သူတို့ဟာ မျက်လုံးတွေ၊ လက်သီးတွေနဲ့
နေရာတကာမှာ သင်တို့ကို စောင့်နေကြတယ်။
သင်တို့ကို စောင့်နေတဲ့ ဗင်နီဇွဲလား ပြည်သူများလို
သူတို့ဟာလည်း တဖက်မှာ ဂီတာ
တဖက်မှာ ရေနံဆီပုလင်းကို ကိုင်ပြီး
သင်တို့ကို စောင့်နေကြလေရဲ့။
နီကာရာဂွာ ပြည်ထဲကို မ၀င်လေနဲ့။
အဲဒီမှာ ဆန်ဒီနိုဟာ သစ်တောအုပ်ထဲကနေပြီး
သင့်အလာကို စောင့်နေတယ်။
သူ့ရိုင်ဖယ်သေနတ်က မိုးစက်တွေ၊ နှင်းစက်တွေ ဖုံးလို့
သူ့မျက်လုံးမှာ မျက်ခွံမရှိ။
ဒါပေမယ့်
ဓါးရောင်ဖွေးဖွေးကို စောင့်နေကြတဲ့
ပျူတိုရီကို ပြည်သူများလို
သူ့ကိုယ်မှာ သင်ပြုခဲ့တဲ့ ဒဏ်ရာများဟာလည်း
မသေသေးဘဲ အသက်ရှင်နေကြသေးတယ်။
ကမ္ဘာကြီးမှာ သင့်အဖို့ နေရာမရှိ။
သူချစ်တဲ့ ဒီစကားများကို ကြားတဲ့အခါ
သောင်ကျွန်းများသာမက လေပင်လျှင် လူသူ တိတ်ဆိတ်နေလိမ့်မယ်။

လူသားကို တောင်းရဲရင် တောင်းကြည့်စမ်း။
ရှေးဟောင်းမြို့ပျက်တွေကြားထဲက
ဝိုးတ၀ါး နှင်းမြူထဲမှာ
ငါတို့ သွေးသားရဲ့ အဘိုးအဘေးများဟာ
သင့်ကို ပိုင်းဖြတ်ဖို့ သူတို့ရဲ့ မဟူရာ ဓါးသွားကို
ပြောင်လက်အောင် သွေးနေကြပြီ။
တောင်ကြားတွေထဲမှာ ကြမ်းတမ်းတဲ့
စစ်ခရာသံ မြည်ဟီးပြီး အာမာခူရဲ့ သားကောင်များဖြစ်တဲ့
လောက်လွှဲကိုင် စစ်သည်တို့ကို ခေါ်နေကြပြီ။
မက္ကဆီကိုက တောင်တန်းတွေပေါ်မှာလည်း
အရုဏ်ကို တိုက်ခိုက်ဖို့ သင် လူလာ မစုလေနဲ့တော့။

ဇပါးတားရဲ့ ရိုင်ဖယ် သေနတ်များဟာ အိပ်မပျော်သေးဘဲ
ပြောင်လက်နေအောင် တိုက်ထားပြီး
တက္ကဆက်လွင်ပြင်တွေဆီကို ချိန်ရွယ်ထားတယ်။
ပင်လယ်ထဲမှာ စိုက်ကြည့်နေတဲ့
ကျူးဘားပြည်ထဲကိုလည်း မ၀င်လေနဲ့။
ချွေးသံစိုရွှဲတဲ့ ကြံခင်းတွေထဲမှာ
မည်းမှောင်တဲ့ အကြည့်တခုဟာ သင့်ကို စောင့်နေပြီး
အသံတချက်ဟာ သင့်ကိုရင်လည်း သတ်လိမ့်မယ်။
ဒါမှမဟုတ် သူ့အသက်ကိုရင်လည်း စွန့်လိမ့်မယ်။
အုန်းအုန်းကျွက်ကျွက် ညံနေတဲ့
သန်းခေါင်ယံ ပြောက်ကျားနယ်မြေထဲကို
အရဲစွန့်ပြီး တိုးမလာလေနဲ့။
ရောမမြို့မှာ သင်ထားတဲ့
သားနားတဲ့ ယူနီဖောင်းတွေ ၀တ်ထားတဲ့
စစ်သားတွေရဲ့ ရှေ့ကို တိုးမလာလေနဲ့။
စိန့်ပီတာရင်ပြင် ဒီဘက်ကိုလည်း လွန်မလာလေနဲ့။
တဖက်အစွန်မှာ ကျေးရွာကို စောင့်တဲ့နတ်
ငါးကို စောင့်တဲ့နတ်၊ ရေကို စောင့်တဲ့နတ်တွေဟာ
ကမ္ဘာကြီးအသစ် ပွင့်ဝေရာဖြစ်တဲ့
လွင်ပြင်တွေပေါတဲ့ သူတို့ တိုင်းပြည်ကြီးကို
အသက်ပေးပြီး ချစ်ကြတယ်။
ဘူလ်ဂေးရီးယား ပြည်ထဲက
တံတားတွေနားကို သင် မလာခဲ့နဲ့။
သူတို့ဟာ သင့်ကို ဖြတ်သန်းခွင့် ပေးမှာ မဟုတ်။
ကျူးကျော်သူများ မလာနိုင်အောင်
ရူမေးနီးယားက မြစ်တွေထဲကို
ဆူပွက်နေတဲ့ သွေးတွေနဲ့ လောင်းချပစ်မယ်။
သူ့ ပဒေသရာဇ် အရှင်သခင်ရဲ့ သင်္ချိုင်းကို သိနေပြီဖြစ်တဲ့
လယ်သမားတွေကို စစ်ထဲ ဆွဲမသွင်းနဲ့။
သူတို့ဟာ လက်တဖက်မှာ ထယ်သွားကို ကိုင်
တဖက်မှာ ရိုင်ဖယ်သေနတ်ကို ကိုင်ပြီး
အသင့်စောင့်နေကြလေရဲ့။
သူတို့ကို သင်သွားပြီး မကြည့်လိုက်လေနဲ့။
ကြယ်တလုံးလို လောင်ကျွမ်း ပျက်စီးသွားမယ်။
တရုပ်ပြည်ကို သင်္ဘော သွားမဆိုက်လေနဲ့။
ကြေးစား ချန်ဟာ မရှိတော့ဘူး။
အဲဒီမှာ လယ်သမားတွေရဲ့ တံစဉ်တောအုပ်ကြီးနဲ့
ယမ်းမီးတောင်ကြီးကိုသာ သင် တွေ့ရလိမ့်မယ်။

အခြားသော စစ်ပွဲတွေမှာ
ရေတွေပြည့်နေတဲ့ ကတုပ်ကျင်းတွေ
သံကြိုးစတွေ၊ အစွယ်ကြီးတွေ ထောင်နေတဲ့
သံဆူးကြိုးတွေ ရှိခဲ့ကြတယ်။
ဒါပေမယ့် ဒီစစ်ပွဲမှာတော့ ကတုပ်ကျင်းက
အရင်ကထက် ပိုကျယ်တယ်။ ရေတွေက ပိုနက်တယ်။
သံဆူးကြိုးတွေကလည်း အမာဆုံးဆိုတဲ့ သတ္တုနဲ့ လုပ်ထားတယ်။
အဲဒီ သတ္တုတွေကတော့ လူအဏုမြူဆိုတဲ့ သတ္တုတွေပဲ။
ဆက်ထုံးတွေကတော့ သန်းပေါင်းများစွာသော အသက်တွေပဲ။
အစွယ်တွေကတော့ ပြည်သူတွေရဲ့ ပူဆွေးနာကြည်းမှုတွေပဲ။
ဝေးလံတဲ့ တောင်ကြားတွေနဲ့ နယ်မြေတွေရဲ့
အလံအားလုံးနဲ့ သင်္ဘောအားလုံးရဲ့
လိုဏ်ဂူအားလုံးရဲ့
မုန်တိုင်းကို အန်တုခဲ့ကြတဲ့ ပိုက်ကွန်အားလုံးရဲ့
ကမ္ဘာမြေကြီးရဲ့ ထွန်ရေးကြောင်းအားလုံးရဲ့
ဆူပွက်နေတဲ့ ဒယ်အိုးကြီးတွေရှိရာ ငရဲဘုံအားလုံးရဲ့
ရက်ကန်းစင်နဲ့ သံရည်ကျိုရုံအားလုံးရဲ့
ပျက်စီးသွားတဲ့ အသစ် ပြန်တည်ဆောက်ထားတဲ့
မီးရထားစက်ခေါင်းအားလုံးရဲ့
ပြည်သူတွေရဲ့ ပူဆွေး နညကြည်းမှုတွေပဲ။
အပြင်ပန်းအားဖြင့် ကြည့်ရင်
အဲဒီ သံဆူးကြိုးကြီးဟာ တစစီ တပိုင်းစီ ထင်ရပေမယ့်
ရုတ်တရက် သံလိုက်ဓါတ်တွေနဲ့ ရစ်ပတ်ပြီး
ကမ္ဘာမြေကြီး တခုလုံးကို ဖုံးအုပ်သွားနိုင်တယ်။

ဒါတောင် ရှေ့ဆက်သွားရင်
ရွှင်လန်းပြတ်သားပြီး
သံမဏိလို ခိုင်မာတဲ့အပြင် အပြုံးတွေ တဝေေ၀နဲ့
တေးဆိုဖို့ဖြစ်ဖြစ်၊ တိုက်ပွဲဝင်ဖို့ ဖြစ်ဖြစ်
အသင့်ဖြစ်နေကြတဲ့ တွန်ဒရာနဲ့
တိုက်ဂါတောကြီးတွေထဲက
လူငယ်မောင်မယ်တွေဟာ သင်တို့ကို စောင့်နေလေရဲ့။
သေခြင်းကို အောင်နိုင်ခဲ့တဲ့
ဗော်လ်ဂါမြစ်တရိုးက စစ်သည်တွေ
စတာလင်ဂရက်က ကလေးငယ်တွေ
ယူကရိန်းက လူထွားကြီးတွေဟာ
သွေးနဲ့ ကျောက်တုံးနံရံကြီးတခု
သံနဲ့ သီချင်း၊ မျှော်လင့်ခြင်းနဲ့ သတ္တိ
နံရံကြီးတခုအဖြစ်
ပေါင်းစည်းနေကြတယ်။
သည်ခံတပ် တံတိုင်းကြီးကို သင်သွားထိရင်
သင် ကျဆုံးသွားပြီး စက်ရုံထဲက ကျောက်မီးသွေးများလို
လောင်ကျွမ်းသွားလိမ့်မယ်။
ရော့ချက်စတာက အပြုံးတွေဟာ အရိပ်တွေ ဖြစ်သွားလိမ့်မယ်။
အဲဒီ အရိပ်တွေဟာ စတက်လွင်ပြင်က လေထဲမှာ ပျံ့လွင့်သွားပြီး
နှင်းတွေထဲမှာ ထာဝရ မြေမြှုပ်ခံရလိမ့်မယ်။
ပီတာဘုရင်ကြီးရဲ့ သူရဲကောင်းသစ်များလို
ကမ္ဘာတလွှားကို အံ့သြစေမယ့်
တိုက်ခိုက်ရေးသမားတွေ ပေါ်လာပြီး
သင်တို့ရဲ့ ဆုတံဆိပ်တွေကို
အေးစက်တဲ့ ကျည်ဆန်များအဖြစ် ပြောင်းလဲစေလိမ့်မယ်။
ပျော်စရာကောင်းတဲ့ ကမ္ဘာမြေကြီးပေါ်မှာ
တရွှီရွှီမြည်တဲ့အသံများကို ဖြစ်စေလိမ့်မယ်။
ထင်းရှူးတောဖုံးနေတဲ့ ဓါတ်ခွဲရုံထဲက
နှောင်ကြိုးမဲ့တဲ့ အဏုမြူကို
ဝင့်ကြွားတဲ့ သင့်မြို့များဆီကို ဖြေလွှတ်လိုက်လိမ့်မယ်။


၅။
ဒီအဖြစ်မျိုး နောက်ထပ် မဖြစ်ကြပါစေနဲ့တော့။
သစ်ခုတ်သမားကို နိုးကြားပါစေတော့။
အေဘီဟာ သူ့ပုဆိန်နဲ့ သစ်သားခွက်ကို ကိုင်ပြီး
လယ်သမားတွေနဲ့အတူ ထမင်းစားပါစေတော့။
သူ့ခေါင်းဟာ သစ်ခေါက်လို ဖြစ်စေပြီး
သူ့မျက်လုံးဟာ ပျဉ်ချပ်ပေါ်က မျက်ကွင်းဖြစ်စေကာ
ဝက်သစ်ချပွေးပေါ်က သစ်ကွက်လို ဖြစ်ပါစေတော့။
ပြသာဒ်တွေထက် မြင့်မားပြီး
သစ်ရွက်တွေ အခက်အလက်တွေပေါ်က တိုးထွက်နေတဲ့
ကမ္ဘာကြီးကို ကြည့်ပါစေတော့။
ကုန်စုံဆိုင်မှာ သူ ၀ယ်ချင်တာ ၀ယ်ပါစေတော့။
ဘတ်စကားစီးပြီး တန်ပါကို သွားပါစေတော့။
မှည့်ရွှမ်းတဲ့ ပန်းသီးကို ကိုက်ပါစေတော့။
သာမန် ပြည်သူတွေနဲ့ စကားစမြည် ပြောနိုင်အောင်
ကြုံရာ ရုပ်ရှင်ရုံတရုံထဲကို ၀င်ပါစေတော့။

အို... သစ်ခုတ်သမား နိုးကြားလော့။

အေဘီကို လာပါစေတော့။
ရင့်နေတဲ့ သူ့ မုယောစပါးကို
အီလီနွိုက်စ်နယ်က မြေကြီးမှာ
ရွှေသီးပါစေတော့။
ကျွန်ပိုင်ရှင်သစ်ကို ဆန့်ကျင်ပြီး
ကျွန်နှင်တံသစ်ကို ဆန့်ကျင်ပြီး
အဆိပ်မိနေတဲ့ ပုံနှိပ်စက်များကို ဆန့်ကျင်ပြီး
သူတို့ အစွံထုတ်နေတဲ့ သွေးစွန်း ကုန်စည်များကို ဆန့်ကျင်ပြီး
သူ့မြို့ကလေးမှာ သူ့ပုဆိန်ကို မြှောက်ပါစေတော့။
ငယ်ရွယ်တဲ့ လူဖြူ၊ ငယ်ရွယ်တဲ့ လူမည်း
သူတို့အားလုံးကိုလည်း ပြုံးစေ၊ တေးဆိုပါစေတော့။
ရွှေတံတိုင်းကြီးများကို ဆန့်ကျင်ပြီး
အမုန်း ထုတ်လုပ်သူကို ဆန့်ကျင်ပြီး
သွေးကုန်ကူးသူကို ဆန့်ကျင်ပြီး
သူတို့အားလုံးကို တေးဆိုပါစေတော့၊ ရယ်မောစေ၊ အောင်နိုင်ပါစေတော့။

အို... သစ်ခုတ်သမား နိုးကြားလော့။

လာမယ့် ဆည်းဆာချိန်များအတွက် ငြိမ်းချမ်းရေး
တွတားများအတွက် ငြိမ်းချမ်းရေး
ဝိုင်အရက်များအတွက် ငြိမ်းချမ်းရေး
ငါ့ကို လိုက်နေတဲ့ ကဗျာ စာပိုဒ်များအတွက် ငြိမ်းချမ်းရေး
မြေကြီးနဲ့အချစ်တို့ လိမ်ယှက်ရာ ငါ့ကဗျာသွေးအတွက် ငြိမ်းချမ်းရေး
ပေါင်မုန့် နိုးကြားချိန်ဖြစ်တဲ့
မြို့လယ်ကောင် မနက်ခင်းအတွက် ငြိမ်းချမ်းရေး
မြစ်တကာတို့ရဲ့မြစ်ဖြစ်တဲ့ မစ္စစ္စပီမြစ်ကြီးအတွက် ငြိမ်းချမ်းရေး
ငါ့ညီငယ်ရဲ့ ရှပ်အင်္ကျီအတွက် ငြိမ်းချမ်းရေး
လေကောင်းလေသန့်နဲ့တူတဲ့ စာအုပ်တွေအတွက် ငြိမ်းချမ်းရေး
ကိယက်ပြည်နယ်က စုပေါင်းလယ်ယာတွေအတွက် ငြိမ်းချမ်းရေး
သေသူတို့ရဲ့ ပြာမှုန်တွေအတွက် ငြိမ်းချမ်းရေး
ဘရွတ်ကလင်တံတားက
ပေရေနေတဲ့ သံဘောင်တွေအတွက် ငြိမ်းချမ်းရေး
နေ့ရက်များလို အိမ်ပေါက်စေ့ လျှောက်သွားနေတဲ့
စာပို့သမားအတွက် ငြိမ်းချမ်းရေး
စပျစ်ချုံဘက်ကို လှည့်ပြီး အော်လံတခုနဲ့ အော်နေတဲ့
ကချေသည်အတွက် ငြိမ်းချမ်းရေး
ရိုစာရီယို အကြောင်းကိုသာ ရေးချင်နေတဲ့
ငါ့ညာဘက်လက်အတွက် ငြိမ်းချမ်းရေး
သံဖြူခဲ တခဲလို လျှို့ဝှက်တတ်တဲ့
ဘိုလီဗီယန်ပြည်သူတွေအတွက် ငြိမ်းချမ်းရေး
သင် လက်ထပ်နိုင်ဖို့အတွက် ငြိမ်းချမ်းရေး
ဘီယိုဘီယိုက သစ်စက်တွေ အားလုံးအတွက် ငြိမ်းချမ်းရေး
ပြောက်ကျား စပိန်ပြည်ရဲ့
ကွဲအက်နေတဲ့ နှလုံးသားအတွက် ငြိမ်းချမ်းရေး
နှလုံးသားပုံ ရွှေခြည်ထိုးထားတဲ့ ခေါင်းအုံးကလေးဟာ
ချစ်စရာ အကောင်းဆုံး ပစ္စည်း ဖြစ်နေတဲ့
ဝိုင်ယိုမင်းပြည်နယ်က ပြတိုက်ငယ်ကလေးအတွက် ငြိမ်းချမ်းရေး
ဂျုံအတွက် ငြိမ်းချမ်းရေး
မွေးဖွားတော့မယ့်
ကောက်နှံတွေ အားလုံးအတွက် ငြိမ်းချမ်းရေး
ပန်းပွားမြိတ်ဝေတဲ့ ရိပ်မြုံကို လိုက်ရှာနေတဲ့
အချစ်အတွက် ငြိမ်းချမ်းရေး
အသက်ရှင်သူအားလုံးအတွက် ငြိမ်းချမ်းရေး
ကုန်းမြေနဲ့ ရေပြင်အားလုံးအတွက် ငြိမ်းချမ်းရေးသည်
ရှိစေသတည်း။

ငါ သင့်ကို နှုတ်ဆက်လိုက်တယ်။ ငါ ပြန်တော့မယ်။
ငါ့ အိပ်မက်တွေထဲမှာ ငါဟာ
ပန်နာဂိုးနီးယားက အိမ်ကို ပြန်ရောက်နေတယ်။
အဲဒီမှာ လေက စပါးကျီကို ခေါက်နေတယ်။
ပင်လယ်က ရေခဲတွေကို ပက်နေတယ်။
ငါဟာ ကဗျာဆရာတယောက်သာ ဖြစ်တယ်။
သင်တို့အားလုံးကို ငါချစ်တယ်။
ငါချစ်တဲ့ ကမ္ဘာကြီးထဲမှာ ငါလျှောက်သွားတယ်။
ငါ့တိုင်းပြည်မှာ သူတို့ဟာ သတ္တုတွင်းတူးသမားတွေကို
ထောင်သွင်း အကျဉ်းချထားပြီး
သူတို့တွေက တရားသူကြီးတွေကို
အမိန့်တွေ ပေးနေကြတယ်။
ဒါပေမယ့် အေးစက်တဲ့ ငါ့တိုင်းပြည်ကလေးမှာ
သစ်မြစ်တွေကိုတောင် ငါချစ်တယ်။
တကယ်လို့ အကြိမ်ပေါင်း တထောင် သေလို့ရှိရင်
အဲဒီမှာပဲ ငါသေချင်တယ်။
တကယ်လို့ အကြိမ်ပေါင်း တထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
မြင့်မားတဲ့ ထင်ရှူးရိုင်းပင်ကြီးတွေ နားမှာ
မုန်တိုင်းထန်တဲ့ တောင်လေမှာ
အသစ်ဝယ်ထားတဲ့ ခေါင်းလောင်းတွေ နားမှာ
ဘယ်သူမှ ငါ့အကြောင်းကို မတွေးပါစေနဲ့တော့။
ကမ္ဘာမြေကြီး အကြောင်းကိုပဲ တွေးပြီး
စားပွဲကို အချစ်နဲ့ ထုကြပါစို့။
ပေါင်မုန့်ကို နှစ်ဖို့၊ ပဲတောင့်ကို နှစ်ဖို့၊ ဂီတကို နှစ်ဖို့
သွေးတွေကို နောက်ထပ် မလိုချင်တော့ဘူး။
သတ္တုတွင်းတူးသမားရယ်၊ သူငယ်မလေးရယ်
ရှေ့နေရယ်၊ သင်္ဘောသားရယ်
အရုပ်လုပ်တဲ့သူရယ်
သူတို့ကို ရုပ်ရှင်ရုံထဲ ၀င်ကြည့်စေချင်တယ်။
ပြန်ထွက်လာတော့ အနီရဲဆုံး ၀ိုင်ကို သောက်စေချင်တယ်။
ငါဟာ ပြသာနာကို ဖြေရှင်းဖို့ လာတာမဟုတ်ဘူး။
တေးဆိုဖို့ လာတာဖြစ်တယ်။
သင်တို့လည်း ငါနဲ့အတူ တေးဆိုစေချင်တယ်။

(အမေရိကတိုက် တနေရာ၊ ၁၉၄၈ ခုနှစ်၊ မေလ)

သစ်ခုတ်သမား နိုးကြားလော့ (အပိုင်း-၂)

ဟိုး..နေ့က တင်ပေးလိုက်တဲ့ - သစ်ခုတ်သမားနိုးကြားလော့- အပိုင်း ၂ ပါ။

၂။
ဒါပေမယ့်
အိမ်ဂေဟာကို ရောက်တော့
ဧည့်သည်တယောက်ကို သူတို့ တွေ့ရတယ်။
သူတို့မှာ မျက်လုံးသစ်တွေ ရနေလို့လား။
ဒါမှမဟုတ် အရင်ကတည်းက
မမြင်မစမ်း မျက်စိကန်းခဲ့ကြလို့လား။
ဒါမှမဟုတ် ကြမ်းရှတဲ့ သစ်ကိုင်းတွေက
သူတို့ရဲ့ ၀ိုင်းစက်တဲ့ မျက်ခွံတွေကို ဆုတ်ဖြဲပစ်ခဲ့ကြလို့လား။
ဒါမှ မဟုတ်သေးရင်လည်း အမေရိကန် မြေကြီးပေါ်မှာ
အသစ်အသစ်တွေ ပေါ်လာခဲ့လို့လား။
အခက်အခဲတွေထဲမှာ
အပြုံးအရယ်မပျက်
သင်တို့နဲ့ လက်တွဲတိုက်ခိုက်ခဲ့ကြတဲ့
လူမည်းတွေကို ကြည့်လိုက်ပါ့။
လူမည်းရပ်ကွက်တွေ
မီးလျှံတောက်တဲ့ လက်ဝါးကပ်တိုင်ကိုင် လူစုတွေဟာ
တအူတုံဆင်း ညီနောင်ရင်းတွေကို
ကြိုးကွင်းသျှိုသတ်ရန်၊ မီးလောင်တိုက် သွင်းနေကြတယ်။
တခါတုန်းကတော့
အဲဒီလူမည်းတွေကို စစ်တိုက်ခိုင်းပြီး
ခုကျတော့ သူတို့ကို ၀ိုင်းပယ် ငြင်းဆိုနေကြတယ်။
ပါးစပ်ကိုပိတ် ပိုင်ခွင့်ကို ဘေးချိတ်ပြီး
တိတ်တိတ် အနေခိုင်းကြတယ်။
ညကျတော့
ခေါင်းစွပ်ပွကြီးတွေ ဆောင်းထားတဲ့ လူသတ်သမားတွေဟာ
ကြိုးကွင်းနဲ့ လက်ဝါးကပ်တိုင်ကို ကိုင်ပြီး
ရောက်လာကြတယ်။
(ပင်လယ်ရပ်ခြား တိုက်ပွဲတွေ ကြားမှာတုန်းကတော့ ဘယ်မှာ ဒီလို ဟုတ်ပါ့မလဲ)
အသင် လူမည်းစစ်သား
သင် မျှော်လင့်မထားတဲ့ ဧည့်သည်ဟာ
အ၀ါးသန်တဲ့ ရေသရဲအို တကောင်လို
တောင်လိုကြီးမား သင့်အိမ်တံခါးဝကို ရောက်နေပြီလေ။
စာနယ်ဇင်းတွေက ဘာလင်မှာ ချက်လုပ်တဲ့
အဆိပ်ပြင်းတွေကို မှုတ်ထုတ်နေကြတယ်။
တိုင်း၊ နယူးစ်ဝိခ် စတဲ့ မဂ္ဂဇင်းတွေဟာ
သင့်အဆင်း ဂုဏ်သရေကို
ပေရေ ညစ်နွမ်းအောင် လုပ်ဆောင်နေကြတဲ့
ကျယ်လောင်တဲ့ စာရွက်ဝါတွေ ဖြစ်တယ်။
(စာနယ်ဇင်း သူဌေးကြီး) ဟတ်စ်ဟာ
နာဇီတွေရဲ့ ဘုန်းတော်ဘွဲ့တွေကို သီကုံးရင်း
သင့်အိမ်ထဲမှာ ၀င်ပုန်းနေတဲ့ ဧည့်သည်အတွက်
စတက် မြက်ခင်းတွေဆီကိုပဲ ဖြစ်ဖြစ်
သန္တာကျောက်တန်းတွေဆီကိုပဲ ဖြစ်ဖြစ်
သင့်ကို စစ်တိုက်ထွက်ခိုင်းဖို့
မိုက်ရိုင်းတဲ့ သူ့လက်သည်းကြီးတွေကို ပြုံးပြီး သွေးနေတယ်။
သူတို့တွေဟာ သင်တို့ကို
တခဏကလေးမှ အနားမပေးကြပါလား။
သူတို့တတွေဟာ
သူတို့ရဲ့ သံမဏိနဲ့ ကျည်ဆန်ကို အမြဲတစေပဲ
ရောင်းဝယ် ဖောက်ကား နေချင်ကြပါကလား။
သူတို့ဟာ သူများတွေ လက်နက်သစ် မထုတ်ခင်မှာ
သူတို့ ယမ်းဘီလူးမှုန့်တွေကို မပုပ်အောင်
အမြန်ဆုံး အစွန်ထုတ်ချင်ကြပါကလား။
ဘယ်နေရာကိုပဲ ကြည့်ကြည့်
အဓိပတိ အရှင်သခင်တွေဟာ
သင်တို့ အိမ်တွေထဲမှာ အကျအန ၀င်နေပြီး
သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို တိုးချဲ့နေကြပါကလား။
သူတို့ဟာ ဖရန်ကိုရဲ့ စပိန်ပြည်ကို ချစ်ကြသတဲ့။
ချစ်ကြလို့ ထင်ရဲ့။
သင် သောက်ဖို့ ဆိုပြီး
သွေးခွက် တခွက်ကို ကမ်းပေးနေပါကလား။
လူတယောက်က တရာကို သတ်သတဲ့။
အဲဒီက စိမ်းဆတ်တဲ့ သွေးတွေဟာ
မာရှယ်အရက်စုံ ကော့တေးလ် ဖြစ်လာသတဲ့။
အဲဒီ အရက်ကော့တေးလ်ကို
နုပျိုတဲ့ လူငယ်တွေရဲ့ သွေးနဲ့စပ်ချင်သတဲ့။
တရုပ်ပြည်က လယ်သမားတွေ
စပိန်က အကျဉ်းသားတွေ
ကျူးဘား ကြံခင်းတွေထဲက သွေးနဲ့ ချွေးတွေ
ချီလီ ကြေးနီတွင်းတွေနဲ့ ကျောက်မီးသွေးတွင်းတွေထဲက
အမျိုးသမီးတွေရဲ့ မျက်ရည်တွေ
အဲဒါတွေကိုရော ကော့တေးလ်အရက်စုံ စပ်ပြီး
နံပတ်တုတ် စုပ်တံနဲ့ မွှေသတဲ့။
ပြီးတော့ ရေခဲတုံးကလေးတွေနဲ့
''ခရစ်ယာန် ယဉ်ကျေးမှုကို ကာကွယ်ကြ'' ဆိုတဲ့ အနံ့ကို ထည့်သတဲ့။
ဘယ့်ကလောက်များ ပြင်းထန် ခါးသီးတဲ့ စပ်နည်းလဲ။
မိတ်ဆွေ (အမေရိကန်)စစ်သား။
နောက်များကျတော့ သင်လည်း အရသာ တွေ့သွားလိမ့်မယ်။
အဲဒီ အရက်စုံ ကော့တေးလ်ကို သောက်လော့။
ကမ္ဘာတ၀ှမ်းမှာ
လရောင်ဆမ်းထားတဲ့ ညချမ်းမှာ
စိမ်းလန်းတဲ့ မနက်ခင်းမှာ
ဒါမှမဟုတ် ဇိမ်ခံ ဟော်တယ်ကြီးတွေထဲမှာ
သင့်အင်အားကို ပြည့်ဖြိုး လန်းဆန်းစေမယ့်
အဲဒီ ကော့တေးလ် အရက်စုံကို မှာပါလေ။
ပြီးတော့ ၀ါရှင်တန်တံဆိပ် ခတ်ထားတဲ့
ဒေါ်လာပြားကို ပေးပါလေ။

ကမ္ဘာမှာ နူးညံ့ကြင်နာခြင်းရဲ့ နောက်ဆုံး ဖခင်ဖြစ်တဲ့
ချာလီချက်ပလင်ဟာ
အသရေ ဖျက်ခံရတာကို သင် တွေ့အံ့။
သင်တို့တိုင်းပြည်ရဲ့ စာရေးဆရာများနဲ့ သိပ္ပံပညာရှင်များ
''အမေရိကန် မဆန်သော အတွေးရှိသူ'' အဖြစ်
အစွပ်စွဲခံရတာကို သင် တွေ့အံ့။
ကမ္ဘာ့အဝေးဆုံး ထောင့်စွန်းမှာပင်
အကြောက်တွေ ၀င်ကုန်ကြပြီ။
ကြောက်တတ်တဲ့ ငါ့အရီးဟာ
အဲဒီ အမင်္ဂလာ သတင်းကြီးကို ဖတ်ပြီး
ရင်တဆတ်ဆတ် တုန်ခဲ့ရတယ်။
ကမ္ဘာက မျက်လုံးတွေဟာ
အရှက်မဲ့မှုနဲ့ လက်စားချေမှု စီရင်ထုံးကို သုံးတဲ့
အဲဒီရုံးတွေကို စောင့်ကြည့်နေကြတယ်။
အဲဒီ တရားဥပဒေဟာ
သွေးစွန်းတဲ့ လူမိုက်တွေ၊ ကျွန်ပိုင်ရှင်တွေ
လင်ကွန်းကို သတ်သူတွေရဲ့ တရားဥပဒေသာ ဖြစ်တယ်။
ခုလုပ်နည်းဟာ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်အတွက် မဟုတ်။
လူယုတ်တွေရဲ့ ညှဉ်းပမ်းရေး ဇာတ်ထုပ် ဖြစ်တယ်။
ပြည့်တန်ဆာအိမ်တွေနဲ့ ဘဏ်တိုက်တွေက စားပွဲတွေပေါ်မှာ
ချွင်ချွင်မြည်နေတဲ့ ရွှေပြားတွေအတွက်သာ ဖြစ်တယ်။
အမှန်ကတော့ ဒီအရာတွေဟာ
ဘာမှ ဆုံးဖြတ် စီရင်ပိုင်ခွင့် မရှိဘူး။

မိုရိုနီဂို၊ ရူဂျီလို၊ ဂွန်ဇာလေ့ ဗီဒယ်လာ
ဆိုမိုဇာ၊ ဒူတရာ စတဲ့ အာဏာရှင်များဟာ
တိုဂိုဘာမှာ ဆုံတွေ့ကြတယ်၊ လက်ခုပ်တီးကြတယ်။
သင်တို့ အမေရိကန် လူငယ်များဟာ
အဲဒီ ပုဂ္ဂိုလ်တွေကို သိမယ် မဟုတ်။
သူတို့ဟာ ငါတို့ကောင်းကင်မှာ ကြီးစိုးနေကြတဲ့
ကြောက်ဖွယ် အာဏာရှင်ကြီးတွေ ဖြစ်တယ်။
သူတို့ တောင်ပံတွေရဲ့ အရိပ်တွေဟာ
ရှည်လျား ခါးသီးလွန်းလှတယ်။
အကျဉ်းထောင်တွေ၊ အစတေးခံရသူတွေ
သေခြင်းတရားနဲ့ အမုန်းတရားတွေရဲ့ အရိပ်တွေ ဖြစ်တယ်။
ရေနံနဲ့ နိုက်ထရိတ် ပေါတဲ့ တောင်ပိုင်း တိုင်းပြည်များဟာ
ဘီလူးသဘက်တွေကို မွေးဖွားပေးလိုက်ကြတယ်။
ချီလီပြည်ရဲ့ ညမှာ
ပါးကွက် အာဏာသားရဲ့ အမိန့်ဟာ
စိုစွတ်စုတ်ချာတဲ့ သတ္တုတွင်းတူးသမားရဲ့
တဲကုပ်ကလေးကို ရောက်လာခဲ့တယ်။
ကလေးတွေက
အိပ်ရာက လန့်နိုးပြီး အော်ဟစ် ငိုယိုကြတယ်။
အကျဉ်းထောင်တွေထဲက လူထောင်ပေါင်းများစွာဟာ
ရွှေပြည်သာကို တွေးတော ငေးမောနေကြတယ်။
ပါရာဂွေးက
နက်ရှိုင်းတဲ့ သစ်တောရိပ်တွေဟာ
အသတ်ခံရရှာတဲ့ မျိုးချစ် တယောက်ရဲ့
အရိုးတွေကို ဖုံးကွယ်ပေးထားကြတယ်။
နွေရာသီရဲ့ မီးစုန်းရောင်ထဲမှာ
သေနတ်သံ တချက် ပေါ်လာခဲ့တယ်။
အဲဒီမှာ အမှန်တရားဟာ
သေခဲ့ရရှာပြီ။
မစ္စတာ ဗင်ဒင်ဗတ်၊ မစ္စတာ အားမား
မစ္စတာ မာရှယ်နဲ့ မစ္စတာ ဟတ်စ် တို့ဟာ
အနောက်တိုင်းကို ကာကွယ်ဖို့ ဆိုပြီး
စန်တိုဒိုမင်ဂိုမှာ ဘာဖြစ်လို့
လက်ပိုက်ကြည့်နေကြသလဲ။
နီကရာဂွာ သမ္မတကို
ညကြီးမင်းကြီးမှာ အတင်းဆွဲနှိုးပြီး
သေမင်းကြီးစိုးရာကို ဘာဖြစ်လို့ နယ်နှင်ဒဏ် ပေးရတာလဲ။
(လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ မဟုတ်ဘဲ
ငှက်ပျောသီးကို ကာကွယ်ဖို့ ဆိုတာတော့
ဆိုမိုဇာ ကောင်းကောင်းသိတယ်)
ဒီ ''ကြီးမြတ်ပြီး ဂုဏ်ရောင်ပြောင်'' တဲ့ အတွေးအခေါ်ဟာ
တခြားနိုင်ငံများကိုပါ ရောက်သွားပြီး
ညစ်ပတ်တဲ့ ကော်ဇောများလို
ပေကျံ စွန်းထင်းနေတဲ့
အစိုးရများကို ကူညီ မှိုင်းမနေလေရဲ့။

(ဆက်လက် ဖော်ပြပါမည်)

Nov 16, 2008

သစ်ခုတ်သမား နိုးကြားလော့ (အပိုင်း-၁)

Let the rail splitter awake - by Pablo Neruda

မောင်သစ်တည် (ဆရာမြသန်းတင့်ရဲ့ ကလောင်ခွဲတခု) ဘာသာပြန်ခဲ့တဲ့
- ခေတ်ပေါ် နိုင်ငံတကာ ကဗျာရှည် ၃ ပုဒ် - ထဲက
ချီလီ ကဗျာဆရာကြီး ပတ်ဗလိုနီရူဒါရေးခဲ့တဲ့
- သစ်ခုတ်သမားနိုးကြားလော့ -
ဆိုတဲ့ ကဗျာမှာ
အပိုဒ်တခုကို ကျနော်က အရမ်းကို နှစ်ခြိုက်မိခဲ့ပါတယ်။

အဲတာကတော့ -

(အေးစက်တဲ့) ငါ့တိုင်းပြည်လေးမှာ..
သစ်မြစ်တွေကိုတောင် ငါချစ်တယ်...
တကယ်လို့ အကြိမ်ပေါင်းတစ်ထောင်သေရင်
အဲဒီမှာပဲငါသေချင်တယ်။
တကယ်လို့
အကြိမ်ပေါင်းတထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။

အဲတာကိုပဲ ကျနော့် ဘလော့ ဘန်နာမှာ သုံးခဲ့ပါတယ်။ နောက်တော့ ဆရာမ မနော်ဟရီက အဲတာလေးကို ကြိုက်နှစ်သက်လို့ သူ့ဘလော့မှာ ယူသုံးချင်လို့ ခွင့်ပြုဖို့ ကျနော့်ကို ပြောလာပါတယ်။ အမှန်က ကျနော့်ကိုတောင် ခွင့်တောင်းစရာမလိုပါဘူး ယူသုံးလို့ရတာပါပဲ။ ကိုယ့်နိုင်ငံကို ချစ်တဲ့သူတိုင်းအတွက် ဆရာကြီး နီရူဒါက အကြွင်းမဲ့ သုံးခွင့်ပေးလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့်လည်း -သုံးလို့ရပါတယ် ကျနော့်ကိုတောင် ခွင့်တောင်းနေစရာမလိုပါဘူး- လို့ သူ့ကို ကျနော် ပြောခဲ့တာပါ။

နောက်တော့ အဲကဗျာပိုဒ်လေး တပိုဒ်ကြောင့်ပဲ ဆရာမ မနော်ဟရီ နဲ့ မအေးမြတ်မြတ်ကို နားလည်မှုလွဲတာတွေ ဖြစ်လာတာကို ဆရာမရဲ့ အကြိမ်ပေါင်းတထောင် ပို့စ်နဲ့ မအေးမြတ်မြတ်ကိုရဲ့ 1000 Times! ပို့စ်တွေမှာ တွေ့ရ ဖတ်ရတော့ ကျနော် စိတ် မကောင်းဖြစ်တယ်။

ဒါနဲ့ပဲ ကြားထဲက သူတို့ရဲ့ သက်ဆိုင်ရာ ပို့စ်တွေမှာ ကွန်မန့်ရေးပြီး ကျနော် ရှင်းပြပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ - သစ်ခုတ်သမားနိုးကြားလော့-ကဗျာကို အစအဆုံး ဖတ်ဖူးကြရအောင် ကျနော် ပြန်တင်ပေးလိုက်ပါတယ်။

အဲကဗျာက ကဗျာရှည်ကြီးဖြစ်နေလို့ - အပိုင်းလိုက်ပဲ ကျနော် တင်ပေးနိုင်ပါတယ်။ အဲကဗျာမှာ အပိုင်း (၅) ပိုင်းရှိပါတယ်။ ကျနော် ယူသုံးထားတဲ့ - အကြိမ်ပေါင်း တထောင်- ပါတဲ့ အပိုင်းက နောက်ဆုံးပိုင်း အပိုင်း (၅) မှာပါ။

ဒီနေ့အဖို့တော့ အပိုင်း (၁) ကိုပဲ တင်ပေးပါရစေ။

၁။
ကိုလိုရာဒိုမြစ် အနောက်ဘက်ဟာ
ငါ ချစ်တဲ့ နေရာဖြစ်တယ်။
ငါ့ခန္ဓာကိုယ်ထဲမှာ ရှိသမျှ အရာဝတ္ထုအပေါင်းနဲ့
ငါ့မှာ ရှိခဲ့တဲ့၊ ငါ့မှာ ရှိနေတဲ့
ငါ ယုံကြည် သက်ဝင်နေတဲ့ အရာဝတ္ထုအပေါင်းနဲ့
(အဲဒီနေရာ) ငါ ခညောင်း ၀ပ်တွားလိုက်တယ်။
အဲဒီမှာ
ကြမ်းကြုတ်တဲ့ လေရိုင်းက
အပြိုင်းပြိုင်းထနေတဲ့
သူ့ရဲ့ လက်ပေါင်း တထောင်နဲ့
အဆောင်ဆောင် အခန်းခန်း ဖြစ်အောင် ဆောက်လုပ်ထားရာ
ကျောက်ဆောင် နီနီမြင့်မြင့်ကြီးတွေ ရှိရဲ့။
နရက်က တိုးထွက်လာတဲ့
မရမ်းပြာရောင် ကောင်းကင်ကြီးဟာ
ကြေးနီ မီးလျှံနဲ့ အားမာန်ဖြစ်ဖို့
အဲဒီ ကျောက်ဆောင်နီနီတွေ အထက်ကို
တွားတက်လာခဲ့တယ်။
အမေရိကတိုက်ဟာ
ကျွဲရေတချပ်ကို ခင်းထားသလို
အစင်းသား ပြန့်နေတယ်။
သန့်စင် လေရူးသုန်သုန် တိုက်ပြီး
ကဆုန်စိုင်းတဲ့ ညမှာ
ကြယ်တာရာအပေါင်း ခညောင်းတဲ့
တောင်စောင်း တောင်ထွတ်တွေကို
ပူဇော် ဦးညွတ်ရင်း
သင့်ရဲ့ ဆွတ်ပျံ့ စိမ်းမြတဲ့ နှင်းရည်ခွက်ကို ငါ သောက်ခဲ့ရတယ်။

ဟုတ်တယ်၊ ခြောက်သွေ့တဲ့ အရီဇိုးနားမှာ
အဖုအထစ်တွေ များလှတဲ့ ၀စ္စကိုဆန်မှာ
ထန်ပြင်းတဲ့ နှင်းတွေကြားက
ကုန်းထနေတဲ့ မီလ်ဝေါ့ကီမှာ
ပူလောင်အိုက်စပ်တဲ့ ၀က်စပန်းက
စိမ့်တောတွေတ၀ှန်းမှာ
တာကိုးမားက ထင်းရှူးတောတွေထဲမှာ
သင့်တောအုပ်တွေရဲ့ သံမဏိ ရနံ့တွေ ကြားထဲမှာ
မိခင်မြေကြီးပေါ်
အပြာရောင် သစ်ရွက်တွေအပေါ်
ရေတံခွန် စိမ့်စမ်းတွေ အောက်က ကျောက်တုံးတွေပေါ်
ဂီတလို တုန်ယင်နေတဲ့ လေပွေ မုန်တိုင်းတွေပေါ်
ဘုန်းကြီးကျောင်းများမှာလို
ဘုရားရှိခိုးစာကို ရွတ်ဆိုနေကြတဲ့ မြစ်နဒီတွေပေါ်
တောငန်းရိုင်းတွေနဲ့ ပန်းသီးတွေပေါ်
မြေပြင်နဲ့ ရေပြင်ပေါ်
ကောက်နှံတွေကို မွေးဖွားပေးလိုက်တဲ့
အဆုံးမရှိသော တိတ်ဆိတ်မှုပေါ်ကို
ငါ ကျော်နင်းပြီး လျှောက်ခဲ့တယ်။
င့ါ ခန္ဓာကိုယ် ငါ့ဘဝ
ဗဟိုချက်မ ကျောက်ဆောင်ကြီးထဲကနေပြီး
ငါ့မျက်လုံးတွေ၊ ငါ့နားတွေနဲ့ ငါ့လက်တွေ
လေထဲမှာ ဆန့်တန်း မျှော်ကြည့်လိုက်ရင်
အင်ဂျင်တွေ၊ ဟာအုပ်တွေ၊ နှင်းပွင့်တွေ၊ တိုက်ပွဲတွေ
အလုပ်ရုံတွေ၊ သင်္ချိုင်းတွေ၊ စက်ရုံကြီးတွေ၊ ခြေသံတွေကို
ငါ ကြားနေရတယ်။
မင်ဟက်တန်ကနေ မျှော်ကြည့်လိုက်ရင်
လှေတစင်းနဲ့ ရွက်လွှင့်နေတဲ့ လမင်းရယ်
ရက်ကန်းစက်တွေရဲ့ တေးဆိုသံတွေရယ်
မြေကြီးကို ၀ါးမျို စားသောက်နေတဲ့
သံမဏိ ဇွန်းကြီးတွေရယ်
မြွေတကောင်လို ပေါက်လိုက်တဲ့ လွန်ပူတွေရယ်
ဖိတဲ့အရာ၊ ဖြတ်တဲ့အရာ၊ ချုပ်တဲ့အရာ၊ ပြေးတဲ့အရာတွေကို
ငါကြားရတယ်။
အတောမသတ် လည်ပတ်ပြီး အတောမသတ် မွေးဖွားနေတဲ့
ဘီးတွေနဲ့ လူတွေကို ငါမြင်တယ်။
လယ်သမားတွေရဲ့ တဲကုပ်ကလေးတွေကို ငါ ချစ်တယ်။
မန်ကျည်းဖျော်ရည်လို ရနံ့ချိုနေတဲ့
မီးပူတိုက်ပြီးသား အ၀တ်တွေလို လတ်ဆတ်နေတဲ့
မိခင်ပျိုတွေက အိပ်ပျော်လို့
ကြက်သွန်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့
ထောင်ပေါင်းများစွာသော အိမ်တွေထဲမှာ
မီးလင်းဖိုတွေက တောက်လောင်လို့။
မြစ်ကမ်းနားက ယောက်ျားတွေက တေးဆိုကြတော့
သူတို့ရဲ့အသံဟာ မြစ်ကြမ်းပြင်က
ကျောက်ခဲတုံးများလို ကွဲရှ ကြမ်းတမ်းနေတယ်။
ပြန့်ကားနေတဲ့ ဆေးရွက်ခင်းကြီးထဲက
ဆေးရွက်နံ့က ထောင်းထောင်းထလို့။
ဒီအရာတွေ အားလုံးဟာ အိမ်ထဲကို သရဲသဘက်ဝင်သလို
ငါ့ အတွေးထဲကို တိုးဝှေ့ ၀င်လာကြတယ်။
မစ်ဇိုရီပြည်နယ်ကို လာခဲ့ပါ။
အဲဒီက ဒိန်ခဲနဲ့ အဲဒီက ကောက်နှံ
တယောပြားတွေလို နီရဲပြီး
မွှေးပျံ့နေတဲ့ ပျဉ်ချပ်တွေ
မုယောခင်းတွေထဲမှာ ရေကင်းလှည့်နေတဲ့ ယောက်ျားတွေ
ပေါင်မုန့်နံ့နဲ့ ကောက်ရိုးနံ့သင်းနေတဲ့
နက်ပြာရောင် မြင်းပေါက်ကလေးတွေကို ကြည့်ပါ။
ခေါင်းလောင်းတွေ၊ ပေါ်ပီပန်းတွေ၊ ပန်းပဲဆရာရဲ့ မီးပုံတွေကို ကြည့်ပါ။
ညစ်ညမ်းတဲ့ ရုပ်ရှင်ရုံတွေထဲမှာ
မြေကြီးက ဖွားလာတဲ့ အိပ်မက်ထဲမှာ
အချစ်ဟာ သူ့သွားကြီးတွေကို ဖြဲပြနေလေရဲ့။

အို…မြောက်အမေရိကတိုက်
ငါတို့ ချစ်တာဟာ သင့်မျက်နှာ မဟုတ်
သင့် ငြိမ်းချမ်းရေးသာ ဖြစ်တယ်။
သင်ဟာ အပြောကျယ်တယ်၊ အဆင်းလှတယ်။
သင့်မျိုးရိုးဇာတိဟာ
ခ၀ါသည်မရဲ့ မျိုးရိုးဇာတိလို
နိမ့်ကျဆင်းရဲတယ်။
သင့် မြစ်ကမ်းဘေးတွေဟာ
ဖြူစင်တယ်။
မသိနိုင်တဲ့ နေရာမှာ ဖွဲ့စည်းလာတဲ့
သင့်ငြိမ်းချမ်းရေး ပျားသလက်ဟာ
ထာဝစဉ် အချိုမြိန်ဆုံး ဖြစ်တယ်။
အိုရီဂွန်နယ်က ရွှံ့စေးနီနီတွေလို
နီရဲတဲ့ လက်တွေရှိတဲ့
သင့်ပြည်သူတွေကို ငါ ချစ်တယ်။
ဆင်စွယ်ရပ်ဝန်းများမှာ မွေးဖွားလာတဲ့
တေးဂီတကို ယူဆောင်လာသူ
သင့်ရဲ့ လူမည်း သားသမီးတွေကို ငါချစ်တယ်။
သင့်ရဲ့မြို့၊ သင့်ရဲ့ အနှစ်သာရ
သင့်ရဲ့ အလင်းရောင်၊ သင့်ရဲ့ စက်ယန္တယား
အနောက်ပိုင်း ပြည်နယ်များက သင့်ရဲ့ ခွန်အားတွေကို
ငါတို့ချစ်တယ်။
ငြိမ်ဆိပ်တဲ့ ပျားရည်နဲ့ တောမြို့ကလေးတွေ
ထွန်စက်မောင်းနေတဲ့ အသံပြာပြာနဲ့ ကောင်လေးတွေ
ဂျက်ဖာဆန်ဆီက အမွေရခဲ့တဲ့ မုယောခင်းတွေ
သင့်သမုဒ္ဒရာ အကျယ်အ၀န်းကို တိုင်းထွာနေတဲ့
ဂျုံးဂျုံးမြည်ဟီးတဲ့ ဘီးကြီးတွေ
စက်ရုံမီးခိုးတွေနဲ့ ပြည်နယ်သစ်တွေရဲ့
အနမ်းရာထောင်တွေကို ငါချစ်တယ်။
ငါတို့ချစ်တာဟာ
ကြိုးပမ်းအားထုတ်နေတဲ့ သင့်သွေးနဲ့
စက်ဆီတွေ ပေကျံနေတဲ့ သင့်အလုပ်သမားတွေရဲ့
လက်ကြီးတွေ ဖြစ်တယ်။

ရှေးပဝေသဏီကတည်းက
ပရေရီ ညကောင်းကင်အောက်မှာ
ကျွဲရေ တချပ်ကိုခင်း
ငါတို့ ဘိုးဘေးတွေနဲ့ ငါတို့အကြောင်းကို စပ်ဆိုတဲ့
ကဗျာလင်္ကာတွေ၊ တေးသီချင်းတွေကို
ငါနားထောင်ခဲ့ဖူးတယ်။
(စာရေးဆရာ) မဲလ်ဗီးဟာ
ရေမှာ ကြီးပြင်းတဲ့ ထင်းရှူးတပင် ဖြစ်ပါတယ်။
သူ့အကိုင်းအခက်ကနေပြီး
လှေဦးတခု၊ သစ်သားလက်တချောင်းနဲ့
လောင်းလှေတစင်း ပေါ်လာခဲ့တယ်။
(ကဗျာဆရာ) ၀ှစ်တမင်းဟာ
ဂျုံခင်းကြီးတွေလို အဆုံးအစမရှိသူ ဖြစ်တယ်။
(စာရေးဆရာ) အဂ္ဂါအလန်ပိုးဟာ
သင်္ချာဗေဒဆိုင်ရာ ဆည်းဆာထဲမှာ
အဆုံးမရှိ တောက်ပသူ ဖြစ်တယ်။
(စာရေးဆရာ) ဒရက်ဇာနဲ့ ၀ုလ်ဖ်ဟာ
ငါတို့ မရှိမှုထဲမှာ
မပျောက်သေးတဲ့ ဒဏ်ရာသစ်တွေ ဖြစ်နေသေးတယ်။
မကြာခင်က ကွယ်လွန်ခဲ့တဲ့ လော့ခ်ရစ် ဟာ
နက်ရှိုင်းတဲ့နေရာကို ရောက်သွားပြီ။
သူ့လိုပဲ အရိပ်ထဲမှာ ပျောက်ကွယ်သွားကြရသူတွေ
ဘယ်လောက်များများ ရှိနေပြီလဲ။
ဘယ်လိုပဲဖြစ်ဖြစ်
သူတို့ခေါင်းပေါ်မှာတော့
မြောက်ဘက်ခြမ်း အရုဏ်ဟာ တောက်ပဆဲပါပဲ။
သူတို့ကြောင့် ငါတို့ရယ်လို့ ဖြစ်လာခဲ့ကြတယ်။
ခွန်အားကောင်းတဲ့ ခလေးငယ်တွေ
မျက်စိမမြင်တဲ့လူကြီးတွေ
တခါတရံ ကြောက်မက်ဖွယ်ကောင်းတဲ့
သစ်ရွက်စိမ်းစိုတွေနဲ့ တိုက်ပွဲတွေကြားမှာ
ပျော်ရွှင်မှုနဲ့ ၀မ်းနည်းမှုက ပုဒ်မဖြတ်ပေးနေတဲ့
ယာဉ်ရထားတွေ ဖြတ်သန်းသွားတာ
ပရေရီ မြက်ခင်းပြင်ကြီးရဲ့အောက်မှာ
တခါတရံမှ လူသူမရောက်ဖူးတဲ့ လွင်ပြင်တွေအောက်မှာ
လူတွေ ဘယ်လောက်များ သေခဲ့ကြရပြီလဲ။
ပရေရီ မြက်ခင်းပြင်ထဲက ကျွဲရေတွေပေါ်မှာ
စိတ်သောက ရောက်ကြရတဲ့ အပြစ်ကင်းသူတွေနဲ့
အသစ်ပုံနှိပ်လိုက်တဲ့ ပဏ္ဍိတ်တွေ
ဘယ်လောက်များ ရှိခဲ့ကြပြီလဲ။

ပျိုရွယ်တဲ့ စစ်သားငယ်များဟာ
ပြင်သစ်ပြည်က၊ အိုကီနာဝါကျွန်းက
ပင်လယ် သန္တာကျွန်းတွေဆီက
ဒေါမာန်ထနေတဲ့ လှိုင်းတွေ လေတွေထဲက
အားလုံးလိုလို ပြန်ရောက်လာခဲ့ကြပြီ။
သူတို့ရဲ့ဘ၀က နာကြည်းစိမ်းဆတ်
ရွှံ့တွေ၊ ချွေးတွေနဲ့ ရစ်ပတ်နေတဲ့ ထုပ္ပတ်။
သန္တာ ကျောက်တန်းတွေရဲ့ တေးဆိုသံများကို
သူတို့ နားမထောင်အား။
အသေခံရုံမှတပါး လက်နှင့်ပင် တို့ထိ မသွားခဲ့ကြရ။
အို....ရဲရင့် မွှေးပျံ့တဲ့ ပန်းပွင့်များ။
သွေးနဲ့ အညစ်အကြေးတွေ
ညစ်ပတ်မှုနဲ့ ကြွက်တွေက
သူတို့နောက်ကို ပြေးလိုက်လာကြတယ်။
သြော်... သူတို့ရဲ့ ပင်ပမ်းနွမ်းနယ်
အထီးကျန် ဖြစ်နေရတဲ့ တိုက်ပွဲဝင် နှလုံးသား။
ခုတော့ သူတို့ ပြန်လာကြလို့ သင်တို့ကလည်း ဆီးကြိုနေကြပြီလေ။
ရောက်ခဲလှတဲ့ သင်တို့ တိုင်းပြည်ကို
ပြန်ရောက်လာခဲ့ကြပြီလေ။
အမည်မသိတဲ့ ပန်းပွင့်များပမာ
ဝတ်လွှာကို ပိတ်ပြီး သူတို့ အတိတ်ကို သူတို့ ပြန်မေ့ထားရင်း
အသစ်ပြန် မွေးဖွားလာခဲ့ကြရပြန်တယ်။

(ဆက်လက်ဖော်ပြပါမည်)