Apr 7, 2009

အမေ့နှစ်လည်






















ခု လာမယ့် ဧပြီလ (၁၁)ရက်ဟာ မနှစ်က ဆုံးပါးသွားတဲ့ ကျနော့ မိခင် တနှစ်ပြည့်ပါ။ ဗမာပြည်မှာတော့ အမေ့ နှစ်လည်အတွက် အစီအစဉ်တွေ လုပ်နေကြပြီပေါ့။ ကျနော်ကတော့ နောက်ထပ်တခါ အမေ့ကို အဝေးကနေ ဒုတိယအကြိမ် ထပ်ကန်တော့ ရတာပါပဲ။

ကျနော့ကို ချစ်တဲ့ အမေ့အတွက် ကျနော့ကိုယ်စား ခံစားပေးခဲ့တဲ့ ကျနော် ချစ်တဲ့ ညီလေးတယောက်ရဲ့ ကဗျာကို အားလုံး ဖတ်ရအောင် တင်လိုက်ပါတယ်။

ပိတောက်တွေထက် လင်းတဲ့ကောင်းကင်

ဒါဟာ .......အသံတခု
ဟိုး.....အဝေးကြီးကလာတာ
ကျယ်ကျယ်လောင်လောင်ကြားလား
ငါ့ရင်ခေါင်းထဲက အော်ဟစ်လိုက်တာဖြစ်တယ် .........။

ပိတောက်ပွင့်ချိန် တိမ်တွေတောက်ပြီဆိုမှဖြင့်
အိမ်ပြန်ရောက်ချင်နေတယ် ....အမေရယ်....

ပိတောက်ပွင့်တာမြင်ရင်
ကသစ်ပွင့်တာမြင်တဲ့ အသူရာတွေလို
ကျနော့် ရင်မှာ ဟာကနဲပဲ အမေ.........။

အိမ်ဝေးတဲ့သူဟာ
ဝေးနေတဲ့အိမ်ကို
အဝေးတိမ်တွေနဲ့ပဲလွမ်းနေရ
တစိမ်းတွေကြားမှာ နေပျော်လှတယ်လို့တော့ မဟုတ်ဘူး...။

မျက်နှာဖုံးစွပ်ထားတဲ့လူတွေက
ဗြဟ္မစိုရ် တရားတွေကို ခိုးဝှက်သွားကြတယ်... ။

အိပ်မက်ထဲမှာပဲ ကဗျာတွေ ချရေးနေမိ
ကမ္ဘာထဲမတော့ ကျနော့်ကဗျာတွေက
စားသုံးလို့ မရတဲ့ သစ်သီးပဲ မဟုတ်လား အမေ....။

ဘာနေ့ တွေ ၊ ညာနေ့တွေအတွက် ကဗျာမရေးတော့ဘူး
ရင်ဘတ်ကိုတဲ့တဲ့ ထိတဲ့နေ့အတွက်ပဲ ကဗျာရေးမယ်...
ကြယ်စင်တွေ ရေတွက်ရင်းသီချင်းရေးတယ်...
ကြယ်တွေစုံတဲ့ည သီချင်းနားထောင်တယ်...
ကြယ်တွေကြွေကျတိုင်း ဆုတောင်းတယ်...။

နက္ခတ်စုံတဲ့ အခါရောက်မှ
အမေ့အုတ်ဂူဝမှာ
ကျနော်အကြိမ်ကြိမ်ဦးချမယ်...။

အမေ ကြွေတဲ့ကောင်းကင်ကို
ခဏ မော့ကြည့်လိုက်တော့
အဲ့ဒါက ဝေနေတဲ့ပိတောက်တွေထက်လှတယ် ..အမေ...။

(အမေဒေါ်ခင်မာအေး နှစ်လည် အမှတ်တရ)
ချစ်သော အကိုခင်ဗျား အကို့ကိုယ်စားရော ကျနော်ကိုယ်တိုင်ပါ အမေ့အတွက် ဒီ့ကဗျာလေးနဲ့ကန်တော့လိုက်ပါတယ်

ဖုန်းမြင့်

19 comments:

မေ့သမီး said...

အာဇာနည်မျိုးသေရိုးမရှိ။ ဒီလိုအမေအတွက် ဂုဏ်ယူပါတယ်။

တောင်ပေါ်သား said...

အကိုရေ အကိုအမေလို မိခင်တွေအတွက် ဂုဏ်ယူပါတယ် ကမ္ဘာပေါ်မှာ ရှိရှိသမျှ မိသားစုတွေ ပျော်ရွှင်စွာနဲ့ တူတူပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ အကိုအမေလဲ ကောင်းရာဘုံကနေ အကိုတို့ကို စောင့်ရှောက်နေမှာပါ

လေးစားလျက်
တောင်ပေါ်သား

mirror said...

အင့်...ဆို နင့်ခနဲ..လှိုက်ခနဲ တစ်ချက်ခုန်ပြီး.. ဒီတစ်ခါတော့ ဒီဘလော့ဂ်ကို ချက်ချင်းပိတ်ချလိုက်တယ်.....အစ်ကို..

MANORHARY said...

RIP..for your mom !

Anonymous said...

ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်..... အစ်ကိုအောင်သာငယ်ရေ.

mama said...

အမေ့ နှစ်ပတ်လည်နေ့ အတွက် ဂုဏ်ပြု ဦးညွတ်ပါတယ်
ကဗျာလေးလဲ အရမ်းကောင်းပါတယ်

မေဓာဝီ said...

ကိုအောင်သာငယ်ရေ ..
ဓာတ်ပုံအောက်က စာသားလေးတွေကို ဖတ်ရင်း ကြက်သီးတောင် ထမိတယ်။

ဒဏ်ရာပိုပြင်းလေ .. သမိုင်းက ပိုချိုလေ ... တဲ့။ ရင်ထဲကို ထိသွားတယ် အကိုရေ ... ။

အကို့ အမေအတွက် ဂုဏ်ယူမိပါတယ်။
အကို့အမေ မြင့်မြတ်ရာဘုံဘ၀ကနေ သာဓု ခေါ်နိုင်မှာပါ ... ။

kay said...

ရင်ဘတ်ကို ထိတဲ့နေ့မှာ စပ်လိုက်တဲ့ ကဗျာက..တခြားရင်ဘတ်တွေကိုလဲ ထိ ခတ်သွားပါတယ်။

ဒဏ်ရာပြင်းပြင်းတွေ နဲ့ ဘ၀ က ခါးသက်ခဲ့ရပေမဲ့.. သမိုင်းက..ချိုပါတယ်- အမေဒေါ်ခင်မာအေးရေ-

Rita said...

ငြိမ်းချမ်းပါစေ

Nyein Chan Aung said...

လာရောက်ဦးညွှတ်ပါတယ်။ "ငြိမ်းချမ်းပါစေ"။ "ပိတောက်တွေထက် လင်းတဲ့ ကောင်းကင်" တဲ့ မောင်ဖုန်းမြင့်ကဗျာလည်း အရမ်းကောင်းပါတယ်။

Anonymous said...

အစ်ကို...
ထိခိုက်နာကျင်နေမယ် ဆိုတာ မြင်နေရတယ်
လေးစားမြတ်နိုးမှုနဲ့ ကန်တော့နေတာကို မြင်နေရတယ်

လူသေပေမယ့် ရင်ထဲမှာ ရှင်သန်ကျန်နေမယ့် အစ်ကို့မေမေအတွက်
ဂုဏ်ယူနေမယ့်

ရွာသားလေး

Unknown said...

အကို... အန်တီခင်မာအေးက မိသားစုအတွက်ရော သမိုင်းမှာပါ ဘယ်တော့ မှမသေဆုံးဘဲ ထာဝရ ရှင်သန်နေမှာပါ ။
နင့်နင့်သဲသဲ နာကျင်လျက်နဲ့ ပဲ.. ချိုခဲ့တဲ့သမိုင်းအတွက် ဂုဏ်ယူစွာနဲ့ ဦးညွတ်လိုက်ပါတယ် အကို။

ဝတ်မှုန်

ဆောင်းယွန်းလ said...

အကိုရေ အကို့အမေတယောက် ကောင်းရာဘုံဘဝကို ရောက်နေမှာပါဗျာ...
ကဗျာလေးက ကောင်းလိုက်တာဗျာ...

မိုးခါး said...

ကဗျာဖတ်ပြီးငိုချင်သွားပါတယ် ..

ကလူသစ် said...

:(

ဂျူနို said...

သူရဲကောင်း နိုင်ငံ့မိခင်ကို ဂါရ၀ပြုပါတယ်။

အယ်ဇီ

Moe Cho Thinn said...

အကို့အမေ ကို ချိုသင်း သိတာပေါ့။ ကောင်းကောင်း မှတ်မိတာပေါ့။ အိမ်မှာ ထောင်ဝင်စာမှာ နိုင်ငံရေးပွဲတွေမှာ အမြဲ တာဝန်ကျေကျေ တွေ့နေတဲ့ အံတီပဲ။ အခုမှ အကို့အမေဆိုတာ သိတယ်။
ကြယ်တွေ ကြွေတာကို ကဗျာနဲ့ ထပ်တူ ရင်နင့်အောင် ခံစားသွားတယ် အကိုရေ..
ကိုဖုန်းမြင့်ကလဲ ရေးတတ်လိုက်တာနော်။

တန်ခူး said...

ကိုအောင်သာငယ်ရေ… ကဗျာလေးဖတ်ပြီး ကျွန်မမျက်ရည်ကျမိတယ်… မြင့်မြတ်တဲ့သူရဲကောင်းမေမေ အစဉ်ငြိမ်းချမ်းနေမှာပါ….

Anonymous said...

အရမ်းဂွဒ် တယ် .. nice ! ! !
ဒီထက်ပိုပြောနိုင်အောင် ကျွန်တော် ရင်ဘတ်နဲ့ မဆံ့ဘူး.