Jul 18, 2010

တခုလောက်တော့ ပြောချင်တယ်

ခင်ဗျားဗျာ ဘယ်လိုကဗျာတွေ ရေးနေမှန်း မသိဘူး...
ခင်ဗျားရေးနေတာ ကဗျာတွေမှ မဟုတ်တာ...
ဘယ့်နှယ်ကြောင့် အချစ်ကဗျာတွေ ရေးနေရတာလဲ ခင်ဗျားက ကလေးမှ မဟုတ်တာ...
ခင်ဗျား ပို့စ်တွေ ဖတ်ရတာ စိတ်ပျက်တယ်...
ခင်ဗျားစာတွေက ဘာမှ လေးနက်မှု မရှိတော့ဘူး...
ခင်ဗျား ဘလော့ကို ဘယ်တော့မှ လာမဖတ်တော့ဘူး...

... ... ... ... စသည်... ဖြင့်...

ဝေဖန်စာများ... ပြစ်တင်စာများ... ဆဲစာများ... အားမလို အားမရ ဖြစ်နေသော စာများ... အကြံပေးစာများ... ချိုးနှိမ် ဖဲ့နင်းသော စာများ... အားလုံးကို သူ ဖတ်ပါသည်။

သူငယ်ချင်းများ... မိတ်ဆွေများ... ရဲဘော်များ... ညီအကိုမောင်နှမများ... စာဖတ်သူများ... ရန်သူများ... ချစ်သူများ... အားလုံးကို သူ နားလည်မိပါသည်။

စေတနာများ... မျှော်လင့်ခြင်းများ... လေးစားမှုများ... ရင်းနှီးမှုများ... ချစ်ခင်မှုများ... မုန်းတီးမှုများ... မနာလိုမှုများ... အမြင်ကပ်မှုများ... အားလုံးကို သူ လက်ခံထားပါသည်။

အီးမေးလ်မှ တဆင့်လည်းကောင်း... ဂျီတော့ခ်မှ တဆင့်လည်းကောင်း... တယ်လီဖုန်းမှတဆင့်လည်းကောင်း... စာအားဖြင့်လည်းကောင်း... တယောက်မှ တယောက် စကားလက်ဆင့် ပြောကြားခြင်းအားဖြင့်လည်းကောင်း... သူ့အား... ကောင်း/ဆိုး... ကျိုး/ပြစ်... ဝေဖန်ထောက်ပြ... အချွန်နှင့်-မ... အဆင်း ဘီးတပ်... သရဖူဆောင်း... အကောင်းချည့်ပြော... အားလုံးသောသူများအား... သူ ကျေးဇူးတင်ပါသည်။

တကယ်တော့ သူသည် လူသားဆန်သော လူ တယောက်သာ ဖြစ်ပါသည်။ သူသည် ဘုရား အလောင်း မဟုတ်ပါ။ သူသည် သူတော်စင် တယောက် မဟုတ်ပါ။ သူသည် တမန်တော် တပါး မဟုတ်ပါ။ သူသည် ဂျီးဆပ်စ် မဟုတ်ပါ။ သူသည် နိဗ္ဗာန်လမ်းကို မှန်းမျှော်ထားသူတယောက် မဟုတ်ပါ။ သူသည် လူသားများထဲမှ လူသား တယောက်သာ ဖြစ်ပါသည်။

သူသည် ပေးဝေနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။
သူသည် ဦးဆောင်နေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် နောက်လိုက် တယောက်လည်း မဟုတ်ပါ။
သူသည် လမ်းပြနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် လမ်းပျောက်နေသူ တယောက်လည်း မဟုတ်ပါ။
သူသည် အကြံပေးနေသူ တယောက်လည်း မဟုတ်ပါ။ ထို့အတူ သူသည် အကြံဉာဏ် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။

လို... တို... ရှင်း... ပြောရလျှင်... သူသည်... သူ့ လူသားဆန်မှုကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးခဲ့သော ကဗျာဆရာ တယောက်သာ ဖြစ်ပါသည်။

သူသည်... အောင်သာငယ်... ဖြစ်ပါသည်။ ထိုအမည်ကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးမှသာ သူ ရရှိခဲ့ပါသည်။
အောင်သာငယ်သည်... ကဗျာဆရာတယောက်... ဖြစ်ပါသည်။

ကဗျာဆရာတယောက်သည်... ခံစားချက်များအပေါ်တွင်... အသက်ရှင်သန်ပါသည်။ သူ့ ခံစားချက်များအပေါ် သူ အသက်ရှူသွင်း ရှူထုတ်သည့်အခါ... မုန်းတီးမှုများပါဝင်ပါမည်...။ ချစ်ခြင်းမေတ္တာများ ပါဝင်ပါမည်။

ချစ်ခြင်းမေတ္တာများ နှင်းမုန်တိုင်းလို ပိန်းပိတ်အောင် ကျနေသည့်အခါ... အချစ်ကဗျာ တပုဒ် သူ ရေးဖွဲ့မိသည်မှာ အပြစ်ပေလား...

အောင်သာငယ်-သည် သေသည်အထိ နိုင်ငံရေးဆန်သော ကဗျာများ ရေးဖွဲ့ရမည်လား... (နိုးဝေး... ဝေးစွ...)

လွန်ခဲ့သော ၂ နှစ်အတွင်းမှာ သည်အချိန်ကာလမှာ သူ တင်ခဲ့ဖူးသော ပို့စ် ၂ ခုကို သည်မှာ ပြန်တင်လိုက်ပါသည်။

သည်ပို့စ် ၂ ခုကို ဖတ်ရလျှင် အောင်သာငယ်-ဟူသော ကဗျာဆရာတယောက်၏ ဖြစ်တည်မှုနှင့် အတ္တကို နားလည်နိုင်ကြလောက်ပါသည်။

အောက်တွင် ဖော်ပြထားသည့်အတိုင်း ဖတ်ရှုကြပါ...

Jul 18, 2009
ဥသြဆွဲနေတဲ့ကဗျာ

အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

ATN

LINK

ဒါကတော့ နောက်တခုပါ...
အာဇာနည်နေ့မှာ စိတ်အနှောက်အယှက် ဖြစ်ရတာလေးပါ...
သည်မှာ ဖတ်ကြည့်ပါဦး

Jul 18, 2008

အာဇာနည်နေ့မှာ ကျနော် ၀မ်းနည်းပါတယ်ဗျာ

ရေးချင်တာလေးတခု စိတ်ထဲမှာ ပေါ်လာလို့ပါ။ ဘာရယ်လို့တော့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း တယောက်က လာပြောနေလို့ပါ။ ခင်ဗျားဗျာ အာဇာနည်နေ့မှာ ဘာပို့စ်မှလည်း မတင်ဘူး၊ ဘာမှလည်း မရေးဘူး-လို့ ပြောလာလို့ပါ။ ဒီကြားထဲ သူငယ်ချင်း တယောက်ကလည်း - ဒီနေ့ အာဇာနည်နေ့လေဗျာ။ လေးစားတဲ့ အနေနဲ့ ဂျီတော့ခ်က ပုံကို ပြောင်းပါ- လို့ ပြောလာတယ်။ သူ့တို့ ပြောတာတွေ အားလုံးကို ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။ သူတို့ ပြောစရာ ဖြစ်အောင်ကလည်း ကျနော်က အာဇာနည်နေ့မှာ ဘာပို့စ်မှ မတင်နိုင်ခဲ့ပါဘူး။ ကျနော့် ဂျီတော့ခ်က ပုံကိုလည်း မပြောင်းခဲ့ပါဘူး။

ဒါပေမယ့် သူတို့ ပြောတာတွေကို နားထောင်ပြီးတော့ (တကယ်ကတော့ ဖတ်ပြီးတော့) ကျနော့် ဘာသာ ကျနော် စဉ်းစားနေမိတယ်။ ကျနော့် ဘလော့က မဆလခေတ်တုန်းက `မြ၀တီ`တို့ `ငွေတာရီ`တို့လိုမျိုး ရေးနေရတော့ မှာလားလို့ပါ။ တန်ခူးလ ဆိုရင် သင်္ကြန် အကြောင်း ကဗျာတပုဒ်၊ ပိတောက် အကြောင်း စာတပုဒ်၊ တန်ခူးလ ဆိုသည်မှာ အစချီပြီး ဆောင်းပါး တပုဒ်။ ကဆုန်လ ရောက်ရင် ညောင်ရေသွန်း ကဗျာတပုဒ်၊ ညောင်ပင် အကြောင်း စာတပုဒ်၊ ကဆုန်လ အကြောင်း ဆောင်းပါး တပုဒ်။ ဒီလိုနဲ့ ၁၂ ရာသီအတွက် ကျနော့်ဘလော့ပေါ်မှာ ရာသီစာတွေ ရေးနေရတော့ မှာလားလို့ပါ။

ဒါနဲ့ပဲ ကျနော်တို့ရဲ့ ဘလော်ဂိုစဖီးယားထဲ လှည့်လည် သွားလာကြည့်သေးတယ်။ အာဇာနည်နေ့အကြောင်း ရေးတဲ့သူလည်း ရေး၊ မရေးတဲ့သူလည်း မရေး။ မရေးတဲ့ သူတွေထဲမှာ နံမည်ကြီး ဘလော်ဂါတွေလည်း ပါပါတယ်။ မရေးတဲ့သူတွေက အာဇာနည်နေ့ အကြောင်းကို မရေးတဲ့ အကြောင်းတွေ ရှိမှာပါ။ ဥပမာ- ခရီးလွန်နေလို့။ အချိန်မရလို့။ မအားလို့ စသည်ဖြင့်။

နောက်တခု ဘလော်ဂါတွေရဲ့ ဂျီတော့ခ်ပေါ်က ပုံတွေကို ပြောင်းသလား မပြောင်းသလားကတော့ ကျနော်လည်း မသိပါဘူး။ ကျနော်နဲ့ ပြောနေနေကျ ဘလော်ဂါ ရောင်းရင်းတွေကတော့ ပုံတွေ မပြောင်းထားကြပါဘူး။ ကျနော့်မှာလည်း ကျနော် ကြိုက်တဲ့ ပုံ ၂ ပုံပဲ ရှိပါတယ်။ ရှဥ့်ကလေး တကောင် ပုံနဲ့၊ Avatar က ဂစ်တာပုံကလေး တပုံ။ ကျနော် နောက်ဆုံး ပြောင်းခဲ့တာက အဲဒီ ဂစ်တာနဲ့ ပုံကလေးပါ။

ဒါနဲ့ ကျနော်လည်း ဆက်စဉ်းစားမိနေသေးတယ်။

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု မတင်တာနဲ့၊ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ `အောင်သာငယ်` တယောက်ကတော့ အာဇာနည်နေ့ကို မလေးစားဘူး၊ အသိအမှတ်မပြုဘူးလို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်၊

သို့မဟုတ်

ဘယ်ဘလော်ဂါပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု တင်ရင်၊ ဒါမှမဟုတ် သူတို့ ဂျီတော့ခ်က ပုံကို ပြောင်းလိုက်ရင် သူတို့ဟာ အာဇာနည်နေ့ကို လေးစားတယ်၊ အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်။

တခုခုတော့ မှားနေပြီလို့ ကျနော် ထင်ပါတယ်။

စာတွေကိုတော့ လူတိုင်းဖတ်လို့ ရပါတယ်။ ဘလော့ပေါ်မှာ ဖြစ်ဖြစ်။ အီးမေးလ်ထဲမှာဖြစ်ဖြစ်။ ဂျီချက်ပေါ်မှာ ဖြစ်ဖြစ်။ စာအုပ်တခုပေါ်မှာ ဖြစ်ဖြစ်။ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ်။

ဒါပေမယ့် ရင်ဘတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ရင်ဘတ်ရှိတဲ့သူတွေချင်းပဲ ဖတ်နိုင်ကြတာပါ။

`အောင်သာငယ့်`ရင်ဘတ်ထဲမှာ ဘာရှိတယ်ဆိုတာ အာဇာနည်နေ့မှာ ပို့စ်တခု မတင်တာနဲ့၊ အာဇာနည်နေ့မှာ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်-

ကျနော် `အောင်သာငယ်`အနေနဲ့ - ၀မ်းနည်းပါတယ်ဗျာ-လို့ကလွဲရင် -----

ဘာပဲဖြစ်ဖြစ်လေ ဒီပို့စ်ကလည်း အာဇာနည်နေ့နဲ့ ပတ်သက်နေတဲ့ ပို့စ်တခု ဖြစ်သွားပြီပေါ့ မဟုတ်ဘူးလား။

ATN

12 comments:

ywartharlay-ytu said...

အစ်ကို မရောက်ဖြစ်တာ အတော်ကြာပြီဗျာ။ စာတွေလည်း မဖတ်ဖြစ်ဘူး။

ပြောစရာစကားတွေ ပြောဖို့ အင်း ပြောဖို့ပါပဲ။

အခုလည်း စပြီးတော့ ရေးနေမိတယ်။ ကိုယ်ရေးချင်တဲ့ အကြောင်းတွေ ကိုယ့်ဖာသာကိုရေးနေမိတာ..

နေကောင်းပျော်ရွှင်ပါစေဗျာ

Nge Naing said...

တခုလောက်ပြောချင်တယ်ဆိုလို့ လာနားထောင်ခံစားသွားပါတယ်။ အဆင်ပြေပါစေ။

Anonymous said...

Blog ဆိုတာ personal online diary
လို့ မှတ်သားဖူးပါတယ်။ မြန်မာဘလော်ဂါတချို့ ကြောင့် Blog ဆိုတာပျက်စီးသွားပါပြီ။ ဟိုကဒီက သတင်းတွေ ဆောင်းပါးတွေ ကဗျာတွေစာတွေ ကူးချ၊ ခါတော်မှီရာသီစာတွေ တင်၊ ရေးသူမသိ မူရင်း source သိအောင်မကြိုးစား၊ Hit များများရအောင် ပရိသတ်
နဲ့ အဆက်မပြတ်အောင် နေ့ တိုင်းတင်၊ ကိုယ့်အတွေး ကိုယ့်ခံစားမှုနဲ့ ရေးတာ တခုမှာမပါ။ အမောင်တောင်မှန်းမြောက်မှန်းမသိ မိုးသံကြားတိုင်း အုံးဂွမ်အော်တတ်တဲ့ ဘလော်ဂါတွေကြား ခင်ဗျားပါစရာမလို။ KM(L.A)

ဖြိုးအောင် said...

အဆိုးချည်းသပ်သပ် ဖယ်ထုပ်ပြီး၊ ထင်ရာမြင်ရာ ကိုယ်လိုရာ ဆွဲပြောနေတဲ့ သူတွေကို မေ့ထားနိုင်မှ။ ကိုယ်ကသာမန်လူပဲ ကိုယ့်နှလုံးသားက ပြောလာတဲ့စကားလဲ ကိုယ့်ဘာသာ နားထောင်နိုင်ဘို့ လိုသေးတယ်။ သူများကို မထိခိုက်ရင် အသားလွတ်စော်ကားရာ မရောက်ရင်ပြီးရော၊ ကိုယ်စိတ်ချမ်းသာရာ အနုပညာကို
သာ ဖန်တီးပါအကိုရာ။

ကလူသစ် said...

အဆင်ပြေသလိုသာရေး၊ ကြည့်ကျက်ဖတ်သွားမယ် စိတ်ချ :)

ကိုပေါ said...

တခုလောက်တော့ ပြောချင်တယ် မိန်းမချောလေးရယ်...
ပိတောက်ပွင့်တဲ့ရက်ကိုလေ တွေးတွေးဆမိတယ်...
တနှစ်တယောက်မို့ မောင့်ကိုလေ ခွဲခွာတာလား.... မြူးဟ....

ခေါင်းစဉ်ကို ကြည့်ပြီး သင်္ကြန်သီချင်းအောက်မေ့လို့ဗျိုး။

အောက်က ဆောင်းပါးကို ကြိုက်တယ်။

ပင်ကိုအတိုင်း၊ နဂိုနေအတိုင်းပဲ ကောင်းပါတယ်။ ပတ်ဝန်းကျင်၊ အခြေအနေအချိန်အခါ နဲ့လိုက်အောင် စိတ်မပါဘဲ ဖျစ်ညှစ်လုပ်လို့ ဘယ်ကောင်းပါ့မလဲ။

ခင်ဗျား ဂျက် အကြောင်းရေးနေတုန်းက ကျနော်တို့က စင်္ကာပူကနေ လှမ်းပြီး သွားရည်ကျနေတာ။ အခုတော့ ကျန်းမာရေးကြောင့် ဂျက်တွေ ဂျွန်နီတွေ သိပ်မလုပ်နိုင်တော့ပြီမို့။

မယ့်ကိုး said...

ရင်ထဲက စစ်မှန်တဲ့ စာတွေကို အမြဲလာဖတ် အားပေးတဲ့သူတွေ ရှိပါကြောင်း အသိပေးပါတယ် =)

ရွှေရတုမှတ်တမ်း said...

ကိုယ်ရေးချင်တာရေးမှာပဲလေ..
ကိုယ့်လမ်းကိုယ်ဆက်သွား..ငါ့ညီ..

Maung Myo said...

ဒီပို့စ်ကိုဖတ်ပြီး လွန်ခဲ့တဲ့ ၂ လလောက်က ကဗျာတစ်ပုဒ်ကိုဖတ်ပြီး အန်ကယ့်ကဗျာတွေကိုဖတ်ရတာ အရင်လို အရသာမရှိတော့ဘူးလို့ပြောမိတာကို ပြန်ပြောင်း သတိရ နောင်တ ရသွားပါတယ် လူ့စိတ်ဆိုတာ အမြဲတမ်း ပြောင်းလဲနေနိုင်တာပဲ နေသာတဲ့နေ့ သာမယ် မိုးရွာတဲ့နေ့ ရွာမယ် ဒီလိုပဲမို့ နားလည်ပေးသင့်တာပေါ့လို့ ပြန်တွေးမိသွားတယ် ။ ဘလော့ဆိုတာဟာလည်း စိတ်ရဲ့ တံခါးပေါက်တစ်ခုမို့ ဒါကို လက်သင့်ခံလိုက်ပါကြောင်း

အန်ကယ့်ရဲ့ တူမောင်
မောင်မျိုး

ကြယ်ပြာ said...

ပထမဆုံးလာဖတ်ဖူးတာပါ ....

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု မတင်တာနဲ့၊ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ `အောင်သာငယ်` တယောက်ကတော့ အာဇာနည်နေ့ကို မလေးစားဘူး၊ အသိအမှတ်မပြုဘူးလို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်၊

သို့မဟုတ်

ဘယ်ဘလော်ဂါပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု တင်ရင်၊ ဒါမှမဟုတ် သူတို့ ဂျီတော့ခ်က ပုံကို ပြောင်းလိုက်ရင် သူတို့ဟာ အာဇာနည်နေ့ကို လေးစားတယ်၊ အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်။

ဒီစာပိုဒ်နှစ်ပိုဒ်ကို ကျွန်မတော်တော်သဘောကျမိတယ် ....

khin oo may said...

မှန်တယ်။

Moe Cho Thinn said...

အာဇာနည်နေ့ ဆောင်းပါးကို သဘောကျတယ်။ စိတ်ထဲက မပြောင်းမလဲတဲ့ ခိုင်ကျည်မှုကိုသာ အလေးအနက်ထားပါတယ် အကို။ သူများ နဲ့ မတူကွဲလွဲတာကို အပြစ်လို့တော့ မမြင်ပါလေ..