Dec 31, 2008

အလင်းရှိရာ လာခဲ့တယ်





















၂၀၀၈ ရဲ့
မဲမှောင်ပေညစ်တဲ့ တိမ်တအုပ်
နှလုံးသားနဲ့ထုပ်
၂၀၀၉ ရဲ့ မုခ်မှာ
ငါ... မြှုပ်ခဲ့ပါတယ်...

ခုတော့
တောအုပ်ခင်တန်းထဲကနေ
တလှမ်းချင်း...
တလှမ်းချင်း...
အလင်းရှိရာ

ATN

Happy New Year!!!

No more champagne
And the fireworks are through
Here we are, me and you
Feeling lost and feeling blue
It's the end of the party
And the morning seems so grey
So unlike yesterday
Now's the time for us to say...

Happy new year
Happy new year
May we all have a vision now and then
Of a world where every neighbour is a friend
Happy new year
Happy new year
May we all have our hopes, our will to try
If we don't we might as well lay down and die
You and I

Sometimes I see
How the brave new world arrives
And I see how it thrives
In the ashes of our lives
Oh yes, man is a fool
And he thinks he'll be okay
Dragging on, feet of clay
Never knowing he's astray
Keeps on going anyway...

Happy new year
Happy new year
May we all have a vision now and then
Of a world where every neighbour is a friend
Happy new year
Happy new year
May we all have our hopes, our will to try
If we don't we might as well lay down and die
You and I

Seems to me now
That the dreams we had before
Are all dead, nothing more
Than confetti on the floor
It's the end of a decade
In another ten years time
Who can say what we'll find
What lies waiting down the line
In the end of eighty-nine...

Happy new year
Happy new year
May we all have a vision now and then
Of a world where every neighbour is a friend
Happy new year
Happy new year
May we all have our hopes, our will to try
If we don't we might as well lay down and die
You and I




Happy New Year!!!

အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ


Dec 30, 2008

တက်ဂ်လို့ရေးတဲ့စာ-၎

သည် ဒေသလေးကတော့... အတော့်ကို... ချစ်စရာကောင်းလေသည်။ ဘာလို့ဆို... တသက်လုံး... ရူးသွပ်လာခဲ့ သမျှသော... အိပ်မက်တွေကို... သည်မှာ... အားလုံး ရရှိ နေသောကြောင့်သာ... ဖြစ်ပါသည်။

ကြည့်ပါဦး... အရှေ့အရပ် တည့်တည့်မှာ... တည်တည်တန့်တန့်... ကျယ်ပြန့် ဖြူဖွေး နေသော... သဲမွမွ သောင်ပြင်နဲ့... ပင်လယ်ကမ်းခြေ... တခု...။ တိမ်တွေ... ကင်းစင် နေသော... တည်တည် ငြိမ်ငြိမ်... ကောင်းကင် ပြာကြီးနဲ့ အပြိုင်... အနိုင်မခံ... ပြာလဲ့ နေသည့်... ပင်လယ် ရေထုကလည်း... သူ့လှိုင်းတွေကို... အချိန်တိုင်း... အစုအရုံး အလိုက်... ကမ်းခြေကို... လာပြီး... ဦးခိုက်စေနေလေသည်။ ကမ်းခြေမှ... အနောက်ဖက်ကို... ပြန်လှည့်ကာ... လျှောက်လာ လျင်လည်း... တဖြည်းဖြည်းချင်း... မြင့်တက်လာသည့်... မြေပြန့် တခုကို... တွေ့ရမည်...။ Rock Concert တခုမှာ... စည်းချက် လိုက်ပါနေသည့်... လူတွေလို... လှုပ်ရှားနေသည့်... မြက်ပင်... စိမ်းစိမ်းလေး တွေကလည်း... သည် မြေပြန့် တခုလုံး... အပြည့်... ချစ်စရာကောင်းအောင်... ရှိနေလေသည်...။ ဖက်ဖူးရောင်နု... ကတ္တီပါ ခြုံလွှာကြီးတထည်... လူးလွန့် နေသလိုမျိုး... ဖြည်းညှင်းငြင်သာ... တိုးတိုက်လာသော... လေပြည်ထဲမှာ... ငြိမ့်ငြောင်းနေသော... မြက်ခင်းက .. အမြင် အာရုံအတွင်းမှာ... နူးညံ့ အေးချမ်းလို့... ။ သည်မြေပြန့်ပြီးတော့... တောင်ကုန်း၏... အမို့ အမောက်တွေ အတိုင်း... လိုက်လျော ညီထွေစွာ... ကွေ့ကွေ့ကောက်ကောက်... သွယ်ဖောက် ထားသည့်... လမ်းကလေးတခုက... မမောနိုင် မပမ်းနိုင်... အပြေး တက်သွားရာ... ကုန်းမို့ မြေမြင့်ကလေး... တခုကို... တွေ့ရလိမ့်မည်။ သည် ကုန်းမြေမြင့် ကလေးကလည်း... သူ ချစ်ခင် နှစ်သက်ရာ... ဖက်ဖူးရောင်... လွင်ပြင်... စိမ်းနုလေးကို... အရိပ်... မိုးပေး... နေသလိုလို...၊ စောင့်ကြပ် .. ကြည့်ရှု... နေသလိုလို...၊ အန္တရာယ်... အပေါင်းမှ... ကာကွယ်ပေး... နေသလိုလို... ။ ကုန်းမြေမြင့်၏... ညီညာသော... ပြန့်ပြူးသော... နေရာတခုမှာတော့... တထပ် အိမ်ကလေးတွေက.. အစီအရီ...။ ပင်လယ်ဆီကို... မျက်နှာ... ကိုယ်စီပြုလို့...။ ကျယ်ဝန်းသော... ခြံကလေး တခုစီက... သူတို့ သယ်ပိုးထားရာ... အိမ်ကလေး အားလုံးကို... နှလုံးသား... အတိုင်း... ခြေဆန့် နိုင်အောင်... လွတ်လပ်မှု... ပေးနေ သယောင်ယောင်...။

သည်အရာတွေ... အားလုံးက... သူ့ ကမ်းခြေလေး... ဖြစ်ပါသည်။ သူ့ ပင်လယ်လေး... ဖြစ်ပါသည်။ သူ့ လွင်ပြင်လေး... ဖြစ်ပါသည်။ သူ့ တောင်တန်းလေး... ဖြစ်ပါသည်။ သူ့ မြို့ပြကလေး .. ဖြစ်ပါသည်။ သူ့ နိုင်ငံကလေး... ဖြစ်ပါသည်။ သူ့ အိပ်မက် ကလေးလည်း... ဖြစ်ပါသည်။

တိတ်ဆိတ်... ငြိမ်သက်... အေးချမ်း... သာယာ... စိမ်းလန်း... ပြာလဲ့... ချစ်စရာ ကောင်းနေ ခဲ့သော... သည် မြို့ကလေးမှာ... သူ့ အိမ်နီးချင်းတွေက... ဘယ်သူနည်း။ ပြောပြလျှင်... ယုံကြည်ကြလိမ့်မည်... မထင်ပါ...။

သူ့ဘယ်ဖက်က အိမ်မှာ... ကဗျာဆရာ ယောဟန်အောင် နေပါသည်။ သူနဲ့ ကပ်လျက် အိမ်မှာ .. နေသူကတော့ ကဗျာဆရာ နှင်းခါးမိုး ဖြစ်ပါသည်။ သူ့ ဘယ်ဖက်က အိမ်တွေကို... ဆက်လက်ရေတွက်... ပြောပြရလျှင်... ကဗျာဆရာ ကိုငြိမ်းဝေ၊ ကဗျာဆရာ မောင်ဖုန်းမြင့်၊ ကဗျာဆရာ ကောင်းကင်ကို၊ ကဗျာဆရာ ဆောင်းယွန်းလ၊ ကဗျာဆရာ ငြိမ်းချမ်းအောင်၊ ကဗျာဆရာ လင်းဒီပ အစရှိသည့် ကဗျာဆရာများ။ သူက... ကဗျာဆရာတွေနဲ့ အတူ... နေချင်သည်ကိုး...။ အခြား ကဗျာဆရာတွေလည်း... အဲသည် ဖက်မှာ... အများကြီး နေထိုင်နေပါသည်။

သူ့ ညာဖက်ကအိမ်မှာတော့... မကေသွယ် တို့ မိသားစု... နေပါသည်...။ ထိုမှ စပြီး... ရေတွက် ပြောပြ ရလျှင်တော့... ပန်ဒိုရာတို့ ဇနီးမောင်နှံ၊ နောက်တော့ မခင်မင်းဇော် နဲ့ ကိုမင်းဇော်တို့ မိသားစု၊ မမေငြိမ်း တို့ မိသားစု၊ မိုးချိုသင်း နဲ့ ကိုဝဏတို့ ဇနီးမောင်နှံ၊ မနော်ဟရီတို့ အိမ်၊ တူးတူးသာတို့အိမ်၊ မစ်ရာ တို့အိမ်၊ စသည့်ဖြင့်... အိမ်တွေက အစဉ်လိုက်...။ သည်မိသားစုတွေကလည်း... အိမ့်ဆည်းလဲလေးတွေ... ကိုယ်စီနဲ့... ညနေ.. ညနေဖက်တွေဆို... နီးစပ်ရာ... အိမ်တွေမှာ.. ကလေးတွေ... အားလုံးကို ခေါ်လာပြီး... စုပြုံ ပျော်ပါးကြလို့... ညဥ့်နက်သည့်တိုင်... ရယ်မောသံတွေ မစဲနိုင်တဲ့... ပျော်ရွှင်စရာ အ ချိန်လေးတွေ... ပိုင်ဆိုင်ကြလို့...။

သူ့အနောက်ဖက်က လမ်းမှာတော့ ကလူသစ်၊ ပျူနိုင်ငံ ကိုအောင်၊ ဘ၀တွေ စုံတဲ့ ဆူးပြတိုက် ကိုသစ်၊ ကိုယ့်ဘလော့မှာ ကိုယ်သခင် ဆိုတဲ့ ကိုဇာနီ၊ ဒိုင်ယာရီထဲက လင်းထက်၊ အတွေးကွန်ရက်ထဲက ကိုမောင်ရင်၊ ဆိပ်ကမ်းမှာ လိပ်ဖမ်းတဲ့ ဇင်ယော်၊ လူတကာကို ကြိုဆိုနေတဲ့ ကိုဝင်းဇော်၊ မနောမြေကို ချစ်တဲ့ ဒူကဘာ၊ ဂစ်တာအတီးကောင်းတဲ့ ကိုဂင်ကြီး၊ ကရင်မဟုတ်တဲ့ ကလိုစေးထူး၊ ပြခန်းဖွင့်ထားတဲ့ ချစ်ညီကြီး သားထူး၊ ခရမ်းရောင် အိုးပုပ်ပန်းတွေ ပွင့်တဲ့ မြေက လာတယ်ဆိုတဲ့ ဂျပိန် တူမောင်မျိုး၊ စသည့်... ဘလော်ဂါများ၏... အိမ်များက... အစီအရီ... ရှိနေလေသည်...။

အခြားလမ်းများပေါ်မှာလည်း... အတွေးတိမ်တိုက်၊ သက်ဝေ၊ ကိုဇနိနဲ့မဇနိ၊ ကိုဧရာနဲ့မသီတာ၊ အမှတ်တရ လေးများနဲ့ လင်း၊ ကဗျာချစ်တဲ့ ခေးအော့စ်၊ ဂျပန်ရောက် ကမာနီလာ၊ ကိုရင်နော်ခင်လေးငယ်တို့ မိသားစု၊ ခေါင်ခေါင်၊ ပန်းခရမ်းပြာ မချို၊ ကိုပီတိ၊ ၀ိုင်တီယူက ရွာသားလေး၊ ကန့်သတ်ချက် မရှိတဲ့ ကောင်းကင်ပေါ်က မှူးဒါရီ၊ မခင်ဦးမေ၊ လင်းလက်ကြယ်စင်၊ အိုးဝေအောင်၊ တောကျောင်းဆရာ၊ မျက်ဝန်းနက်၊ လေနုအေး၊ အမှတ်တရများနဲ့ အယ်လ်ဇီ၊ ရေခဲပြင်မှာ ပွင့်တဲ့ပန်း ခွန်မြလှိုင်၊ နုသွဲ့၊ နန်းညီ၊ သူနင်းဆီ၊ မိုးပျံငှက်၊ မေမိုး၊ ကာရန်မဲ့ အတွေးစများနဲ့ စိုးဝှပ်၈၈ရဲ့ နော်မန်၊ အိပ်မက်နက်၊ ကိုရင်ညိန်း၊ စကင်ဒီနေးဗီးယားက ကိုသက်ဦး၊ ကိုမျိုးဝင်းဇော်၊ JulyDream အစရှိသည့် ဘလော်ဂါတို့၏ အိမ်များနှင့်... အခြားဘလော်ဂါများ၏... အိမ်များကို... အစီအရီ... တွေ့ရမည်... ဖြစ်ပါသည်။ (မိမိ အမည် မပါသူများ... ကျွန်ုပ်အား... စိတ်မဆိုးကြ စေချင်ပါ....း)

အမှန်တကယ်မတော့... သည်လှပသာယာသော ကမ်းခြေမြို့ကလေးတခုလုံးက... ဘလော်ဂါ များချည်းသာ... နေထိုင်ပါသည်...။ ဘလော်ဂါများသာ... နေထိုင်သော ကြောင့်လည်း... သည်မြို့ကို... blogosphere ဟုလည်း ခေါ်ကြပါသေးသည်... ။

လမ်းကြုံလျင်... သည်မြို့ကလေးသို့... အလည်တခေါက်... လာရောက်ကြစမ်းစေ ချင်ပါသည်...။ ဘလော်ဂါ တို့၏... အထူး ဧည့်သည်တော်များ... (ဥပမာ- Ma Ma နှင့် Sin Dan Lar) အတွက်လည်း... ဧည့်ဂေဟာ အကြီးကြီး တခု... ရှိပါသည်...။

(mirror က စိတ်ကူးယဉ်အိပ်မက် ဆိုပြီး Tag လို့ ရေးတာပါ...။)

(သူငယ်ချင်းများ... စိတ်မကောင်း ဖြစ်ကြသဖြင့်... ပို့စ်ကို... အနည်းငယ်... ပြန်လည် .. ပြင်ဆင် လိုက်ပါသည်...။ နှစ်သစ်မှာ... အားလုံးကို... ပျော်ရွှင်စေချင်ပါသည်...း)

Dec 27, 2008

ပြန်ဖွင့်ဖတ်တဲ့စာအုပ်ဟောင်း












နှစ်သစ်ကူးတော့မယ်...။

ပြက္ခဒိန်အသစ်တချပ်
နံရံမှာ ကပ်ရတော့မလား...။

ဆယ့်နှစ်ကြိုးတပ်
ငါ့ ဗြပ်စောင်းကတော့
ဂစ်တာဟောင်းအိုကြီးပါ...
အသံသာဖို့ကိုပဲ ကြိုးညှိညှိနေရ
ခက်ခဲလှချည့်...။

ကြိုး အဟောင်း
သီချင်း အဟောင်း
တူရိယာ အဟောင်း
လူကြီးလူကောင်းဆန်ရတာ
သံစဉ်တွေခမျာ
ပင်ပမ်းရှာပေတယ်...။

ကြိုး အသစ်
လဲ ဖြစ်တဲ့ နေ့တော့
အကြိုက်ဆုံး ပေါ့ပ် သီချင်းတပုဒ်ကို
ပြောင်းပြန်လုပ်ဆိုပစ်ဦးမယ်...။

ATN

Photo Source: http://www.rawstrategies.com/pntg/!guitar.jpg

Dec 25, 2008

Leave Me Alone, Please!

အကို့ကို... ကျနော် မဲပေးထားတယ်... ဆုရရင်... ဆူရှီ ကျွေးရမယ်... ဘီယာလည်း... ပါရမယ်နော် - ညီငယ် တယောက်က... လှမ်းပြောလာတယ်...။ - ဟ... ဟ... နေပါဦး... ဘာမဲလဲ... ဟ...။ ငါလည်း... ဘယ်ရွေးကောက်ပွဲမှ... မ၀င်မိပါဘူး... - ကျနော် ပြန်ပြော မိတော့... - အာ... အကိုကလည်း... မသိဘူးလား... အဲမှာ သွားကြည့်ကြည့်ဦး... - ဆိုပြီး လင့်ခ် တခု ပေးလာပါတယ်။ သူ ပေးတဲ့ လင့်ခ်... သွားကြည့်နေတုန်းမှာပဲ... နောက်ထပ် ညီငယ် တယောက် ကလည်း... ပြောလာပြန်သေးတယ်... - အကို့ကို... ကျနော် Vote လုပ်ထားတယ် နော...-တဲ့... ။ အား... လာ ပြန်ပြီတယောက်...။

ဒီလိုနဲ့... အဖြစ်အပျက် အလုံးစုံကို... နားလည်သွားမိတဲ့နောက်တော့... ဒီ ညီငယ် နှစ်ယောက်ကို... ပြောမိပါရဲ့... အကို ဘလော့ ရေးနေတာ... ရေးချင်လို့ ရေးနေတာ... ဆုလိုချင်လို့... ရေးနေတာမှ... မဟုတ်တာ... ငါ့တော့... မပေးနဲ့ကွာ... - ကျနော်... ပြောတော့... သူတို့ကလည်း... သူတို့ထင်တာတွေ... blah blah blah ... ပြောနေပါသေးတယ်...။

ကျနော်ကလည်း... - အေး... ဒါဆိုလည်း... ငါလည်း... ကိုယ့်လူတွေ... စုလိုက်မယ်ကွာ... ပြီးတော့... ဘာ အဖွဲ့... ဆိုပြီး... လုပ်မယ်ကွာ...။ ပြီးတော့... ဘာ အတွက်ပါ... ဆိုပြီး... ကြေငြာမယ်ကွာ...။ အဲအတွက်... ဘာ ပရိုပိုဆယ်... ဆိုပြီး... တင်မယ်ကွာ...။ ပြီးတော့... ပိုက်ပိုက်... ဘယ်လောက် ဘယ်လောက်... ရရင်... ဘာ ဆုတွေ... ပေးမယ် ဆိုပြီး... ကြေငြာမယ်ကွာ...။ ဘလော့ဂါတွေ... လိပ်စာပါသိရင်... အိမ်တံခါး... အတင်း သွား ခေါက်ပြီး... လည်လို့ရတာပေါ့... - ကျနော် ပြောချင်တာတွေ... ဆက်ပြောနေတော့... သူတို့လည်း... လက်လျှော့ သွားပုံ ရပါတယ်...။

ဘာပဲဖြစ်ဖြစ်ပါ... ကျနော့်... စာတွေက... တဆင့်... ကျနော့်ကို... ခင်မင်လာကြတဲ့... သူတွေကို... ကျနော်... လေးစား ပါတယ်...။ သူတို့ရဲ့... ထင်မြင်ချက်တွေ၊ အကြံ ပေးချက် တွေကိုလည်း... အမြဲ တန်ဖိုးထားပြီး... ဂရု တစိုက်... ပြန်လည်... ဆွေးနွေးလေ့... ရှိပါတယ်...။

ခုတော့... မိတ်ဆွေ သူငယ်ချင်းတွေ... ညီအကို...မောင်နှမတွေ... စာဖတ် သူတွေ... အားလုံးကို... တခု တော့... သိစေချင်လို့... ဒီစာကို... ရေးပါတယ်...။

ကျနော်... ဘလော့ရေးနေတာ... တနှစ်ပဲ... ရှိပါသေးတယ်...။ ကျနော်... ဘာလို့... ဘလော့ရေးနေလဲ... ဆိုတာ ဒီပို့စ် နဲ့ နောက်တခုမှာ... ဖော်ပြထားပြီးသားပါ...။ အဲ ပို့စ် နှစ်ခုကို... သွားဖတ်ကြည့်ကြစေ ချင်ပါတယ်။ ကျနော်... ခံစားရတာတွေ... ရေးတယ်...။ ခံစားရတာတွေကို... ဘလော့ပေါ် တင်တယ်...။ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့... ။ ကဗျာ ဖြစ်ချင်ဖြစ်မယ်... ၊ ပန်းချီ ဖြစ်ချင်ဖြစ်မယ်...၊ ၀တ္ထုတိုတွေလည်း... စမ်းပြီး ရေးခဲ့တယ်...၊ ဂီတ ဖွဲ့စည်းမှု... တခုခုလည်း... ဖြစ်ချင် ဖြစ်မယ်...၊ ဓါတ်ပုံတချို့... ဖြစ်ချင်ဖြစ်မယ်...၊ ဆောင်းပါး တစောင် လည်း... ဖြစ်ချင်ဖြစ်မယ်...၊ သို့သော်လည်း... ကျိန်းသေတာ... တခုကတော့... အားလုံးဟာ... ကျနော့်... ရင်ထဲက... တကယ်... ထွက်လာတာတွေ ချည်းပါပဲ...။ ဒါမဲ့... ခံစားရတာ... တခုခုကြောင့်... ရေးချင်လို့... ရေးနေ သော်လည်း... ကျနော် ရေးနေသမျှကို... လာရောက်... ဖတ်ရှုတဲ့သူ... အားလုံး... တခုခုတော့... ရသွားနိုင်ဖို့... စေတနာ ထားပြီး... ကြိုးစားခဲ့တာချည်းပါပဲ...။ ဒါပေသည့်... ဒါက... ဆုတဆုရဖို့... ကျနော်... လုပ်နေခဲ့တာ... မဟုတ်ပါ...။

သည်လိုနဲ့... ဘလော့ရေးသက်... တနှစ်အတွင်းမှာ... အသက်ရှူပုံချင်း... တူတဲ့... ရင်ခုန်သံချင်း... တူတဲ့... ဘလော်ဂါ... သူငယ်ချင်း ရောင်းရင်းတွေ... ရခဲ့ပြီးပါပြီ...။ တဦးနဲ့... တဦး... လူချင်း... မမြင်ဘူးကြသော်လည်း... စာတွေက... တဆင့်... တဦး နှလုံးသားကို... တဦး... ထိတွေ့ဖူးပြီ...။ တဦး ခံစားရတာကို... အခြား တဦးက... နားလည်နိုင်နေခဲ့ပြီ...။ ပြောရရင်... ရင်ဘတ် တူရာ... ရဲဘော်... မိတ်ဆွေ... မောင်နှမတွေ... ရှိနေခဲ့ပြီးပြီ...။

နောက်တခါ... ကျနော်.. ရေးသမျှ... စာတွေကို... ပုံမှန်လာဖတ်နေတဲ့... စာဖတ်သူတွေလည်း... ရှိနေခဲ့ပြီ...။ အပြန်အလှန်... ဆက်သွယ်မှုတွေလည်း... ရှိနေခဲ့ပြီးပါပြီ...။ စာဖတ်တဲ့သူတွေဟာ... ဘလော်ဂါတွေ... မဟုတ်ကြသော်ငြားလည်း... ဘလော်ဂါတွေရဲ့... နှလုံးသားကို... သိနေကြသူတွေပါပဲ...။

သည်အခါ... ကျနော်တို့ရဲ့... ဘလော်ဂိုစဖီးယားလေးဟာ... သူ့သက်ဆိုင်ရာ သက်ဆိုင်ရာ... အ၀န်းအ၀ိုင်းလေး တွေနဲ့... အလို အလျောက်... လည်ပတ် နေပြီးပါပြီ...။ ကျနော့် အတွက်ဆို... တခြားဘာမှ... ထပ် မလိုတော့ ပါဘူး...။ ခုလို... ကျနော် ပြောနေရတာ... အဓိပ္ပါယ် ရှိပါတယ်...။

ကဗျာ... ဖတ်တဲ့... ကြိုက်တဲ့... စာဖတ်သူတွေက... ကဗျာရေးတဲ့... ဘလော့တွေဆီ... သွားမှာပါပဲ...။ သည်လိုပဲ... ဓါတ်ပုံ စိတ်ဝင်စားသူတွေက... ဓါတ်ပုံ ဘလော့တွေဆီ...။ ပန်းချီ... စိတ်ဝင်စားသူတွေက... ပန်းချီ... ဘလော့တွေဆီ...။ တေးဂီတ... နှစ်သက်သူတွေကလည်း... သီချင်းတွေ ရှိရာဆီ...။ ဆိုတော့... ... ... ...

လိုရင်း... တိုရှင်း... အားလုံးကို... ပြောရရင်တော့... ကျနော်က.. ဘာဆုမှ... မလိုချင်ပါ...။ အဲ အတွက် ကြောင့်... ကျနော့... သူငယ်ချင်း ဘလော်ဂါ တွေရော... ကျနော့် ဘလော့ကို ဖတ်သူတွေကိုရော... ဘာ ဆု တစုံတရာ... အတွက်နဲ့မှ... ကျနော့်ကို... မဲမပေးကြဖို့နဲ့... ထို့အတူ... ဆုပေးမယ် ဆိုတဲ့... ဆရာသမားများကိုလည်း... အဲစာရင်းထဲက... ကျနော့်ကို... ဖယ်ထုတ် ပေးပါ...လို့... ပြောပါရစေ...။

ဘိုလိုပြောရရင်တော့.... Leave me alone, please!!!!!! Will you?

Dec 24, 2008

Merry Christmas!!!!



မိတ်ဆွေ ဘလော်ဂါ အားလုံးနဲ့
လာရောက် ဖတ်ရှုသူ အားလုံး အတွက်
ပျော်ရွှင်စရာ ခရစ်စ်မတ်စ် အချိန်ကာလ ဖြစ်ကြပါစေ။

ခရစ်စမတ်လက်ဆောင်လေးတွေကတော့ ဒီမှာပါ






Dec 22, 2008

စောင့်လို့တော့နေရစ်ဦး

ငိုသံတွေ... တိတ်လို့... သွားမှ... ပြောပါရစေ... မေ...
ငိုနေရင်... ကိုယ်ဘယ်လို... ရှင်း... ရှင်း... မင်း... လက်ခံမှာ... မဟုတ်ဘူးလေ...
ရင်ခွင်မှာ... ခံစားရတာချင်း... အတူတူ... ဘယ်သူက... ဘယ်သူ့ထက်...
ပိုမိုလို့... ပူနိုင်မှာတုန်း... အချစ်ရေ... ရွဲ့ကာ... မပြောလိုက်နဲ့ဦး...
---------------------------------------------------
ပျင်းရိငြည်းငွေ့နေပုံရသော... ဆောင်းနှင်းတချို့... စိတ်မပါ... လက်မပါ... ခပ်ပါးပါး ကျနေသည့်... ပြာမှိုင်းမှိုင်း... ညဥ့်ဦး၏... ခြောက်ကပ်... တိတ်ဆိတ်နေသော... နံရံကို... ဖြေးဖြေးညင်သာ... ဖြိုဖျက် ချလိုက်သည့်... လေးတွဲ့တွဲ့... သီချင်းသံက... သူ့... နားထဲသို့... ဓါးသွားတခုလို... စူးရှနေသော... လေနှင့်အတူ... ၀င်ရောက် လာသည်...။ သည်ညအဖို့... ပထမဆုံး... လွင့်မျော လာသော... သည်သီချင်းသံကြောင့်... ခိုးလို့ခုလု... ၀ါးကြမ်းခင်း ပေါ်မှ... အေးစက်စက်... အိပ်ယာပေါ်တွင်... လဲလျောင်းကာ... အိပ်ဖို့... ကြိုးစားနေရင်းက... အိပ်မပျော်နိုင် သေးသည့်... သူလည်း... ဂွမ်းစောင်ပါးကို... ကိုယ်ပေါ်တွင်... သိုင်းခြုံ လိုက်ရင်း... သူ့... ပြတင်း တံခါးမှ... ၀ိုးတ၀ါး... အလင်းရောင်ဖြင့်... မသဲမကွဲ... မြင်နေရသော... စစ်ရေး ပြကွင်းကို... လှမ်းကြည့်လိုက် မိသည်...။ လရောင်... မရှိသော်လည်း... အားနည်းနေသော... ကြယ်ရောင် အလင်းများကြားမှ... ခပ်ဝါးဝါး... လှမ်းမြင် နေရသော... တပ်ရင်း (၂၀၅)ဖက် အခြမ်းမှ.... ခွဲ(၂) ဘားတိုက် အရှေ့... စစ်ရေး ပြကွင်း အစပ်ရှိ... သစ်တုံး များပေါ်တွင်... ထိုင်နေကြသော... အရိပ်များကို... သူ... လှမ်းမြင်နေရသည်...။ တခါတရံ... အားရပါးရ... ဖွာရှိုက် လိုက်သော... ဆေးလိပ် မီးဖွားများ၏... အနီရောင် မီးများမှ တဆင့်... အမှောင်ထုထဲမှာ... ဆွေးမြေ့ နေသော... မျက်နှာများ ကိုလည်း... မသဲမကွဲ... မြင်လိုက်ရသေးသည်...။ အော်... ညတညကို... လွန်မြောက်ဖို့... သူတို့... ကြိုးစားနေကြ တာပါလေ...။ ရင်ထဲက... ဝေဒနာတွေကို... သံစဉ် တချို့နဲ့... ချွေးသိပ် အိပ်စက်ဖို့... သူတို့... အိပ်မက်... မက်နေကြတာပါလေ...။

သူ့... အေကေ ၄၇ သေနတ်ကို... ညာဖက်ပုခုံးစောင်းမှာ... အောက်စိုက်လွယ်ရင်း... ဘာရယ်မဟုတ်... ဘားတိုက် ပေါ်ကနေ... အလိုအလျောက်... သူ... ဆင်းမိလျက်သား... ဖြစ်သွားသည်...။ အေးစက် နေသော... စစ်ဖိနပ်ထဲသို့... သူ့ခြေထောက်ကို... ထည့်လိုက်မိမှ... သူ့ခြေဖ၀ါးက... စစ်ဖိနပ်၏ ကြမ်းတမ်းမှုကို... ထိတွေ့ရမှ... ခြေအိတ်မပါသည်ကို... သူ... သတိရလိုက်သည်...။ ရှိစေတော့...။ စစ်ဖိနပ်ကို... သည် အတိုင်း... စီးပြီး... စစ်ရေးပြကွင်းကို... သူ... ဖြတ်လျှောက်... သွားနေမိသည်...။ စစ်ရေးပြကွင်းကို... အမှောင် ထဲမှာ... တိတ်တဆိတ်... သူ... ဖြတ်လျှောက်သွားနေစဉ်မှာ... သူ့... စိတ် အလျဉ်တွေကလည်း... သည် ဒေါန တောင်ရိုး တခုလုံးကို... ဖြတ်ကျော်ပြီး... မြေပြန့်ဆီ... ပြေးလွှားသွားနေပြီ... မဟုတ်လား...။
---------------------------------------------------
၁၉၈၅ မှာ... သိပ္ပံဘွဲ့တခု... သူ... ရသည်...။ ထုံးစံအတိုင်း... ဗမာပြည်မှ... ဘွဲ့ရ လူငယ်များ၏... အစဉ် အလာ အရ... သူလည်း... ဘွဲ့ရ အလုပ်လက်မဲ့... ဖြစ်ပြီ...။ သည်လိုနဲ့... အဲသည် အချိန်က... စတင် ခေတ်စား နေသော... ၀ိုင်း ကျူရှင်... ခေါ်သည့်... စာသင်ဝိုင်းလေးတွေမှာ... အင်္ဂလိပ်စာ ဆရာအဖြစ်... သူ့... ပထမ ဆုံးသော... အသက် မွေးဝမ်း ကြောင်းမှုကို... စတင်ရသည်လေ...။ သူက... အဲသည်အချိန်က... အသက် ၂၀ ကျော်စ...။ သူ့ တပည့်တွေက... ၁၅-၁၆ နှစ် ၀န်းကျင်တွေ...။ တပည့်တွေက... သူ့ကို... ဆရာဟု... ခေါ်သည်...။ သူကတော့... တပည့်တွေကို... ခင်ဗျားတို့... ကျနော်တို့နဲ့... ပြောသည်...။ ရှုပ်တော့... အတော်... ရှုပ်ကုန် သည်...။ တပည့်တွေက... နောက်တော့... ဆရာ... ပြောချင်သလိုသာ... ပြောပါတော့...လို့... ပြောလာ ကြတော့... ယောက်ျားလေး တပည့်တွေကို... မင်းနဲ့... ငါ... ပြောသည်...။ မိန်းကလေးတွေကိုတော့... ညည်းတို့... လို့... သူ... ပြောသည်...။ ဘာပဲဖြစ်ဖြစ်... တပည့်တွေ အားလုံးက... သူ့ကို... လေးစားမှုရှိသည်...။ သူ့... စေတနာကို... သိသည်...။ သည်လိုနဲ့... နောက် တနှစ် အကြာမှာတော့... သူ့... တပည့်တွေနဲ့... သူက... မောင် နှမ တွေလို... ဖြစ်နေကြ တော့သည်...။ သည်လိုနဲ့... ညီမလေးကို... သူ... တွေ့ခဲ့ရခြင်းပါပေ...။

တရက်သားမှာ... သူ့ဝိုင်းကျူရှင်ရှိရာ အိမ်တွင်... စားပွဲဝိုင်းတွင်... ငိုနေသော... သည် ညီမလေးကို... သူ... တွေ့ခဲ့ရသည်...။ သည် ညီမလေးက... ကျောင်းသူအသစ်...။ သည်လိုနဲ့... ကျန်သည့်... တပည့်များကို မေးစမ်း ရင်းမှ... ငိုနေရသည့် အကြောင်းကို... သိရတော့သည်...။ ဖခင်ဖြစ်သူ... အဖမ်းခံရသဖြင့်... ငိုနေခြင်း ပါပေ...။ သည်လိုနဲ့... မေးမြန်း ပြောဆိုရင်း... သည်ညီမလေးရဲ့... ဖခင်က... သူ့ဖခင်နဲ့... ရဲဘော် ရဲဘက်တွေ... ဖြစ်နေ ကြောင်းကိုပါ... သူ... ထပ်မံသိရှိလာရသည်...။ - အေး... ညည်း... ဘာမှ စိတ်အား ငယ်စရာ မလိုဘူး...။ အမှန် တရား အတွက်... ရပ်တည်တဲ့ သူတွေကို... အားလုံးက... ချစ်ကြပါတယ်...။ ငါ့... အဖေလည်း... အဲလိုပဲ... အဖမ်းခံရ... အထိန်းသိမ်းခံရ တာပဲလေ... ။ တို့တွေက... ဘ၀တူတွေပါပဲ... ။ ဘာမှ အားငယ်နေစရာ မလိုဘူး...။ အကိုတို့မှာ... အသိုင်းအ၀ိုင်း ရှိနေတာပဲ... ။ အားလုံးက... အချင်းချင်းကို... ၀ိုင်းဝန်း စောင့်ရှောက် နေကြတာပါ...။ ဘာမှ အားမငယ်နဲ့... ဟေ့... - သူ... သည်လို... ပြောနေချိန်မှာ... မျက်ရည်လည်နေသော... မျက်လုံးများနဲ့... သူ့ကို... မော့ကြည့်နေသော... မျက်နှာလေးတခုက... သူ့ရင်ကို... လှုပ်ခါ သွားခဲ့စေသည် ကိုလည်း... သူ... အထိတ်တလန့်... သိရှိခဲ့သေးသည်...။

သည်လိုနဲ့... အတိုချုပ်... ပြောရလျင်... ဘ၀တူနေသော... လူ ၂ ယောက်... ချစ်ခြင်း မေတ္တာကို... အတူတကွ... တွေ့ရှိ သွားကြသည်မှာလည်း... မထူးဆန်းလှ-ဟု... ပြောရမည် ထင်သည်...။

သည်လိုနဲ့... ချစ်သူသက်တမ်း ၃ နှစ် မပြည့်သေးခင်မှာ... ခွဲခွာရဖို့ အကြောင်းက... ရှိလာခဲ့သည်လေ...။ ၁၉၈၈ ခုနှစ်... ဒီမိုကရေစီ တောင်းဆိုသော လူထုအရေးတော်ပုံကြီးမှာ... သူက... ထဲထဲဝင်ဝင်... ပါဝင်နေခဲ့ပြီ...။ စစ်အာဏာ သိမ်းသည့်... စက်တင်ဘာလ (၁၈) ရက်နေ့ညမှာတော့... လက်နက်ကိုင် တိုက်ပွဲထဲမှာ... ကိုယ်တိုင် ကိုယ်ကျ... ပါဝင်ဖို့... သူ... ဆုံးဖြတ်ခဲ့သည်...။ သည်အခါ... မြို့ပြဘ၀ကို မစွန့်လွှတ်ခင်... သူ... တွေ့ရမည့် သူတွေကို... သွားတွေ့သည်...။ သူမိခင်ဖက်မှ.. အဖိုးနဲ့ အဖွားကို... သူ... သွားကန်တော့သည်...။ အဖေနဲ့ အမေကိုတော့... သွားမတွေ့နိုင်တော့...။ ဖုန်းထဲမှတဆင့်... ပြောဆို... နှုတ်ဆက်ခဲ့သည်...။ အဖေကတော့... တခွန်းပဲ ပြောသည်... မင့်လမ်းကို... မင်းပဲရွေးရမှာ... ငါရွေးပေးလို့မရဘူး...။ အမေကလည်း... တခွန်းပဲ ပြောသည်... လက်နက်ချတဲ့ အလုပ်နဲ့... သစ္စာဖောက်တဲ့ အလုပ်ကိုတော့... ဘယ်တော့မှ မလုပ်နဲ့... ဟေ့... တဲ့...။ ဘာပဲဖြစ်ဖြစ်.. အဖေနဲ့ အမေက... ပေးလိုက်သော... စိတ်ခွန်အားတွေ... သူ့... နှလုံးသားနဲ့... သွေးကြောတွေထဲ... လှည့်ပတ်စီးဆင်းနေပါပြီ...။

ခရီးထွက်ဖို့... အစစ... အရာရာ... စီစဉ်ပြီးသည့်အခါ... ညီမလေးကို... နောက်ဆုံးအကြိမ်အဖြစ်... တွေ့ရသည်...။ သူငယ်ချင်းဖြစ်သူ... ကိုမောင်မောင်နဲ့ ကိုဇော်ကြီးတို့... စီစဉ်ထားပေးသည့်... အိမ်တအိမ်မှာ... တွေ့ရသည်...။ ပြောစရာ... စကားကလည်း... သူ့အတွက်... တခွန်းပဲ ရှိသည်...။ - ငါ... ပြန်လာခဲ့မယ်... ညီမလေး...။ အဲဒီနေ့ကို... နင်... သစ္စာရှိရှိ... စောင့်နေပါ...။ - ငိုပြီးရင်း... ငိုနေသော... ညီမလေးကို... သူ... မကြည့်ခဲ့ပါ...။ ဘာလို့ဆို... သူ့ခြေလှမ်းတွေကို... ပြန်ဆွဲထားမည့်... မျက်ဝန်းတစုံကို... သူ... မကြည့်ရဲသော ကြောင့်သာ... ဖြစ်ပါသည်..။ - ဘာလို့... သွားမှာလဲ...။ ဘာလို့... သွားမှာလဲ... အကို...။ အကို... သွားစရာမလိုပါဘူး...။ ဘာကြောင့်... တခြားသူတွေက... မသွားပဲ... အကိုက... သွားရတာလဲ...- အထပ်ထပ်... မေးနေသော... ညီမလေး... အမေးတွေကို... - ငါ... သွားမှ... ဖြစ်မှာလေ...။ ကျန်တဲ့သူတွေက... ဒီမှာနေလို့.. ရသေးတယ်...။ ပြီးတော့... လုပ်စရာရှိတာတွေ... သူတို့... ဆက်လုပ်လို့ရသေးတယ်လေ... - သူ... ပြောနေမိ သော်လည်း... ညီမလေးကတော့... လက်ခံမည်... မဟုတ်မှန်း... သူ...သိနေသည်ပဲလေ...။ - အဲလောက်တောင်... သွားချင်နေရင်လည်း... အကို... ဘယ်တော့မှ... ပြန်မလာနဲ့တော့... - ရွဲ့ပြောနေသော... စကားကို... နားခါးနေမိသော်လည်း... ခံစားချက်တို့ကို... သူ... သိနေပါသည်...။ - ငါ... ပြန်လာမှာပါ... ညီမလေး... ။ နင်... ယုံကြည်ထားလိုက်... - သူ... ပြောပြီး... အိမ်ထဲမှ... ထွက်လာမိသည်...။ ခွဲခွာခြင်းကို... နှစ်သိမ့်နိုင်သည့်... အပြုံးတခုပင်... သူ... မရခဲ့ပါချေ...။ သူ့... နောက်ကို... ကပ်ပါလာခဲ့သည်က... ငိုရှိုက်သံ သဲ့သဲ့သာ...။
---------------------------------------------------
ဆောင်းည၏... အေးစက်နေသော... လေပြေထဲတွင်... ဆက်လက်... လွင့်မျောနေသော... သီချင်းသံကို... နာခံရင်း... စစ်ရေးပြကွင်းကို... တလှမ်းချင်း... လျှောက်ကာ... ဂစ်တာတီးနေကြသည့်... ရဲဘော်တွေဆီ... သူ... ရောက်လာ ခဲ့သည်...။ မည်သူကမျှ... ပရိသန္တာရ... စကားတွေ... ပြောပြီး... သူ့ကို... ဆီးကြို... မနေကြပါ...။ သူ... ဘာ့ကြောင့်... ဂစ်တာတီးနေသည့်ဆီကို... ရောက်လာကြောင်း... အားလုံးက... သိနေကြသည်လေ...။ ဂစ်တာ သံနှင့်... သီချင်းသံမှ... လွဲ၍... မည်သည့်... စကားကိုမျှ... မဆိုကြသော... လူတစုသည်... နှလုံးသားချင်း... တူနေသော... ၊ အိပ်မက်... တခုကို... အတူတူ... မက်နေသော... ၊ အလင်းရောင်... တခုကို... အတူတကွ... တူးထုတ် နေသော... ၊ ကြေကွဲ မေတ္တာပုံပြင် တပုဒ်စီကို... နှလုံးသား၏... အနက်ရှိုင်းဆုံး... နေရာတခုမှာ... လူမသိ... သူမသိ... လျှို့ဝှက်စွာ... မြှုပ်နှံထားကြသော... ၊ .... သော ၊ ..... သော၊ .... သော။
---------------------------------------------------
လွတ်နေသော... သစ်တုံးတခုအပေါ်... သူ... ထိုင်လိုက်ရင်း... သူ့နှုတ်ခမ်းဖျားမှ... တေးသွားတချို့ကို... တီးခတ် နေသော... ဂစ်တာသံနှင့်အတူ... လိုက်လျောညီထွေစွာ... သူ့... နှလုံးသားအတိုင်း... ဟစ်ကြွေး လိုက်ပါသည်...။ အားလုံးကလည်း... အတူတကွ... တညီတညာတည်း... သီဆိုနေကြသည်လေ...။

လူသံတွေ... ဆိတ်လို့သွားမှ... ခွဲပါရစေ... မေ...
မြင်နေရင်... ကိုယ်ဘယ်လို... ပြေး... ပြေး... အဝေး... ရောက်နိုင်မယ်... မထင်ဘူးလေ...
ပြန်လည်ကာ... ဆုံစည်းရတော့ဦးမလိုလို... ထင်ရုံပဲ...
သည့်ထက်တော့... သေချာလို့... မရရာနိုင်ဘူး... အချစ်ရေ... မဲ့ကာ... ပြုံးစမ်းပါဦး...

ယာယီတော့... ခွဲရမှာပဲ... အချစ်ရေ... နေနှင့်ဦး...
ပြန်မလာရင်... ထာဝရခွဲခြင်းလို့... မှတ်လိုက်ကွယ်...
စောင့်လို့တော့... နေရစ်ဦး... မမုန်းသရွေ့တော့... စောင့်လိုက်ဦး... ...
စောင့်လို့တော့... နေရစ်ဦး... မမုန်းသရွေ့တော့... စောင့်လိုက်ဦး... ...

Dec 21, 2008

Canon in D

သူငယ်ချင်း တယောက်က... သီချင်း တပုဒ်လောက်... ထပ်တီးပါဆိုလို့... တွေ့တဲ့ သီချင်းတပုဒ်... ကောက်တီး လိုက်တာပါ...။ ဘယ်ဖက်... လက်ခလယ်က... ဟိုး... တနေ့က... ဓါး... ထိထားလို့... နည်းနည်းနာနေတယ်...။ အတတ်နိုင်ဆုံးတော့... ကောင်းအောင်... တီးထားပါတယ်...။ (ကိုသစ်ရေ့... တီးလိုက်ပြီနော...း)

ဒီသီချင်းက... အမှန်တော့... Chamber Music ပါ။ Johann Pachelbel... စပ်ဆို သီကုံးခဲ့တာ... ဖြစ်ပါတယ်။ ခု ကျနော် တီးထားတာကတော့... Classical Guitar Version ပါ...။ သီချင်းက ရှည်တော့... Vid ကလည်း... File Size ကြီးနေပါတယ်..။ 100 MB ထက် ကြီးနေရင်... Blogspot မှာ... တင်လို့ မရပါဘူး...။ ဒါနဲ့... တ၀က်လောက်... ဖြတ်ချပြီး... တီးထားတာပါ...။ Original Chamber Music ကို... နားထောင်ချင်ရင်တော့... ဒီမှာ... နားထောင်နိုင် ပါတယ်... ။ အကယ်၍... ဆူဆူညံညံလေးတွေ... နားထောင်ချင်တယ် ဆိုရင်တော့... New Version ဖြစ်တဲ့... Rock Style နဲ့... Canon Rock ကို... ကျနော့် ပို့စ်တခုမှာ... နားထောင်နိုင်ပါတယ်...။ ကျနော်... တီးထားတာတော့... မဟုတ်ပါ...း)

အောက်မှာ... စိတ်ဝင်စားလို့... ပြန်တီးချင်တဲ့သူတွေ... တီးနိုင်အောင်... ကျနော့် သီချင်း စာအုပ်ထဲက... စာမျက်နှာတွေကို... မျှဝေပေးလိုက်ပါတယ်...။

အပိုင်း (၁)























အပိုင်း (၂)























အပိုင်း (၃)





















video

အနှစ် နှစ်ဆယ်၊ မပြယ်သေးတဲ့ ဒဏ်ရာနဲ့ သင်ခန်းစာ တချို့

အနှစ် နှစ်ဆယ်

အိမ်က... ထွက်လာသည်မှာ... ကြာပြီ...။ ကြာပြီ...ဆို... အတော့ကို... ကြာနေပြီ...။ ဘယ်လောက်တောင်... ကြာနေပြီလဲ...ဆိုတော့... ထွက်လာခဲ့တဲ့... ရက်ကနေ... ပြန် တွက်ရပေ မပေါ့...။ အိမ်က... ထွက်လာတဲ့နေ့က... ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်...။ ခုဆို... ဒီဇင်ဘာလ (၁၈) ရက်၊ ၂၀၀၈ ခုနှစ် ဆိုတော့...။ အနှစ် ၂၀ တောင်... မကတော့ဘူး...။ လတောင်... စွန်းနေပြီ...။

အနှစ် ၂၀ ဆိုတာ... နည်းနောတဲ့... အချိန် ကာလတွေ... မဟုတ်...။ လူသားတယောက်... မွေးဖွား လာရာကနေ... လူ့ဘ၀မှာ... အတွေ့ အကြုံတွေ... အတတ် ပညာတွေနဲ့... ကိုယ့် ခြေထောက်အပေါ်... ကိုယ် ရပ်တည် နိုင် လောက်အောင်... ပြီးပြည့်စုံသည် အထိ... လုံလောက်တဲ့... အချိန်ကာလ...။ သည်ကာလအတွင်းမှာ... ကိုယ်... လိုက်စားရာ... သို့မဟုတ်... ကိုယ် ရူးသွပ်ရာ... အတတ် ပညာ... တခုခုမှာ... တဖက်ကမ်း... ခပ်နိုင်လောက် အောင်ကို... လုံလောက်တဲ့... အချိန် ကာလပေပဲ...။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်မှာ... မွေးတဲ့... ကလေးတယောက်ဟာ... ကျားကျား...... မမ... ခုဆို... အသက် ၂၀ ပြည့်ပြီးပြီ...။ တနှစ်တတန်း.. မှန်မှန်... အောင်ခဲ့ရင်... ဘွဲ့ရတယောက်... ဖြစ်နေပြီ...။ လေ့လာ လိုက်စား ခဲ့တဲ့... အတတ် ပညာ တခုကို...လိုက်လို့... ခုဆိုရင်... ပညာရှင် တယောက်... ဖြစ်နေလောက်ပြီ...။ ဘ၀... တခုကို... ကိုယ်တိုင် ကိုယ်ကျ... စတင်... တည်ဆောက် နေသူတယောက်... ဖြစ်နေလောက်ပြီ...။ လက်တွဲဖော်... တယောက်နဲ့တောင်... ဘ၀... တခုကို... အတူတကွ... တည်ဆောက် နေကြမဲ့... အချိန် ကာလ တောင်... ဖြစ်နေပြီ...။

ပြန်စဉ်းစားကြည့်မိတော့... ၁၉၈၈ ခုနှစ် မတ်လ၊ ဖုန်းမော် အရေးအခင်းကနေ... စတင်လိုက်တဲ့... ၁၃၅၀ ပြည့်... ဒီမိုကရေစီ... အရေးတော်ပုံကြီးဟာ... ခုဆို... အနှစ် ၂၀ ရှိခဲ့ပြီ...။ ဒီမိုကရေစီ... ရရှိရေး... လှုပ်ရှားမှုကြီး... တခု လုံးရဲ့... သက်တမ်းဟာ... ခုဆို... အနှစ်... ၂၀... ရှိနေခဲ့ပြီးပြီ...။

ဒါဆို... ၁၉၈၈ ခုနှစ် မတ်လကတည်းက... မွေးဖွားဖို့ကြိုးစားခဲ့ကြတဲ့... ဒီမိုကရေစီ... ကလေးလေးဟာ... ၂၀၀၈ ခုနှစ်ရဲ့... ခုချိန်ဆို... လူလားမြောက်နေပြီပေါ့...။ သူ... ကိုယ်တိုင် ကိုယ်ကျ... ဒီမိုကရေစီ... နိုင်ငံတော်... ဘ၀... တခုကို... တည်ဆောက်... နေပြီပေါ့...။

တကယ့်... အဖြစ်အပျက်မတော့... သည်လို ... မဟုတ်သေး...။ ကလေးလေးက... အနှစ် နှစ်ဆယ်... သက်တမ်း ရှိခဲ့ပြီး... အတွေ့ အကြုံတွေ... စုံနေခဲ့သည့်တိုင်... ကိုယ့် ခြေထောက်ပေါ် ကိုယ်... မရပ်နိုင်သေး...။ ကိုယ်ပိုင် ဘ၀... တခုကို... မထူထောင် နိုင်သေး...။ ပြောရရင်... လူလား... မမြောက်နိုင်သေး....။

ဘယ်သူမှ... မငြင်းဆိုနိုင်တဲ့... အချက်အလက်ကတော့... ဒီမိုကရေစီ... ကလေးလေးဟာ... အနှစ် နှစ်ဆယ်... ကြာသည့်တိုင်... ကိုယ်တိုင်... လမ်းမလျှောက်နိုင်သေးတာပါပဲ...။

ဘာပဲဖြစ်ဖြစ်... သည်အနှစ်နှစ်ဆယ်...ဆိုတာကို... ကျနော်တို့အားလုံး... မှတ်မှတ်ရရ... နာကျင်နေခဲ့ကြပါပြီ...။

မပြယ်သေးတဲ့ ဒဏ်ရာ


၁၉၈၈ ခုနှစ်ကစပြီး... ဗမာပြည်မှာ... ရှိရှိသမျှ... မိသားစုတွေ အတော်များများရဲ.့.. ဘ၀တွေဟာ... ပြောင်းလဲ သွားပါတယ်...။ မိဘတွေက... သား သမီးတွေနဲ့... ကွဲ...။ သားသမီးတွေက... မိဘတွေနဲ့...ကွဲ...။ တချို့ မိသားစု တွေမှာ... မိဘတွေက... သား သမီးတွေကို... ဆုံးရှုံး...။ တချို့ မိသားစုတွေမှာတော့... သား သမီးတွေက... မိဘတွေကို... ဆုံးရှုံး....။

ထားပါတော့...။

ကျိန်းသေတာ တခုကတော့... ၁၉၈၈ ဟာ... ဗမာပြည်မှာ ရှိရှိသမျှ... မိသားစု အတော် များများရဲ့... ဘ၀ကို... ပြောင်းပြန် လှန်ပစ်ခဲ့တာပါပဲ...။

မိသားစုဝင်တွေ... တချို့ဟာ... ငရဲသားတွေရဲ့... အကျဉ်းစခန်းတွေမှာ... ကိုယ့်ကိုယ်ကို... ရှာဖွေ တွေ့ရှိ သွားတယ်...။ တချို့ကတော့... သုသာန်မှာ... စကား... တလုံးတလေမှကို... မဆိုနိုင်အောင်... နှုတ်ပိတ်... တိတ်ဆိတ်လို့...။ တချို့ကတော့... တောကြို အုံကြားထဲမှာ... လက်နက် တစုံတရာကို... အံကြိတ်... ကိုင်စွဲရင်း...။ တချို့ ကတော့... အိမ်နဲ့... ဝေးရာမှာ... ခြောက်ခြား မျက်လုံးတွေနဲ့... ပတ်ဝန်းကျင်တခုလုံးကို... ကျီးကန်း တောင်းမှောက်... ကြည့်လို့...။ တချို့ကတော့... ကိုယ့်အိမ်ထဲမှာ... ကိုယ်နေရင်း... ကိုယ့်နှုတ်ခမ်းတွေကို... ကိုယ်... တင်းတင်း... စေ့လို့...။

သည်လိုနဲ့... အမှန်တရားအတွက်... ကိုယ် နိုင်ရာ နိုင်ရာ... တာဝန်ကို... ထမ်းရွက် ခဲ့ကြသူတွေ... နေရာတိုင်း... ၀န်းကျင်တိုင်း... မြို့တိုင်း... နယ်တိုင်းမှာ... တွေ့ခဲ့ကြ... တွေ့နေရ... တွေ့နေရဦးမှာပါပဲ...။ သမိုင်းက... ကိုယ့် ပခုံးပေါ်ကို... တင်ပေးလိုက်တဲ့... တာဝန်ကို... ထမ်းရွက် သယ်ပိုးရင်း... အချိန်ကာလတွေကို... မေ့ထား ခဲ့ကြ ရတယ်။ တချို့လည်း... ဥပဒေဘောင်အတွင်းမှာ... ပါတီအဖွဲ့အစည်းတွေထဲ... ပါဝင်ဆောင်ရွက်ရင်း...။ တချို့ တော့လည်း... လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွင်းမှာ... ။ တချို့ တော့လည်း... မြေအောက် လုပ်ငန်းတွေ... လုပ်ဆောင်လို့...။ တချို့ တလေ တော့လည်း... ပြည်ပမှာ...။ အားလုံးဟာ... ကလေးငယ်လေး တယောက်... လူလား မြောက်ဖို့... ကြိုးစားနေခဲ့ကြ...။

သည်လိုနဲ့... အချိန်ကာလက... အနှစ်နှစ်ဆယ်... ဆိုတဲ့... အရေအတွက် တခုကို... ရောက်လာတဲ့အခါ... သည် ကလေးငယ်လေးဟာ... လမ်းလျှောက်ဖို့... မပြောနဲ့... ထိုင်တောင် မထိုင်နိုင်သေး... ပက်လက်လေး... ဖြစ်နေတုံး ဆိုတော့... အားလုံးက... ရင်နာနေရတယ်...။

ဘာပဲဖြစ်ဖြစ်... အမှန်တရားကို... ချစ်တတ်တဲ့သူတွေ အားလုံးဟာ... ဒဏ်ရာရခဲ့ပါပြီ...။

ခုတော့... သည်ဒဏ်ရာဟာ... အနှစ် နှစ်ဆယ် ကြာခဲ့ပြီ...။ အိုင်းအမာ... တခုလို... ဗမာပြည်ရဲ့... ရင်ဘတ် ပေါ်မှာ... ဖုထစ်နေတဲ့... သည်ဒဏ်ရာဟာ... အားလုံး... နာကျင်နေရတဲ့... အနာတခုပါပဲ...။ သည်အနာဟာ... မပြယ်သေးတဲ့ ဒဏ်ရာ... ပါပဲ...။

သင်ခန်းစာ တချို့

ဒဏ်ရာတွေ... ရတော့... ကြောင်တွေလို... ကျားတွေလို... ကိုယ့်ဒဏ်ရာတွေကို... ကိုယ့်လျှာနဲ့... ကိုယ်... လျက်ရတယ်...။ အနှစ် နှစ်ဆယ် ကြာလာတော့... ဒဏ်ရာတွေက... ပြင်းလာတယ်...။ ကျားနာတွေလိုပဲ... သည် ဒဏ်ရာတွေကို... ထိမိရင်... ဘယ်သူမှ... မခံနိုင်ဘူး...။ အလိုအလျောက်ကို... ပြင်းပြင်းထန်ထန်... တုန့်ပြန် တတ်လာ ကြတယ်...။

တချို့က... ဥပဒေဘောင်အတွင်းက... တိုက်ပွဲဝင်နေသူတွေကို... လက်ညှိုးထိုးတယ်...။ တချို့က... လက်နက်ကိုင် အဖွဲ့အစည်းတွေကို မေးငေါ့တယ်...။ တချို့က... ပြည်ပ ရောက်နေသူတွေကို... အပြစ်ဖို့တယ်...။ တချို့က... ပြည်သူလူထုကြီးကို... မျက်စောင်း ထိုးတယ်...။

ဘယ်လိုပဲ... ဖြစ်ဖြစ်... အားလုံးဟာ... အနှစ်နှစ်ဆယ်ကပေးလိုက်တဲ့... ဒဏ်ရာတွေ... ကိုယ်စီနဲ့ပါ...။ ပြင်းထန်လာတဲ့... ဒဏ်ရာတွေမှာ... သင်ခန်းစာတချို့ကို... တွေ့ရတယ်...။ အဲ သည်အခါ... ကိုယ့်ဘာသာ ကိုယ်.. လျှာနဲ့ လျက်လို့ မရတော့ဘူး...။

၁၉၈၈ ခုနှစ်... လူထုတိုက်ပွဲတွေ... အမြင့်ဆုံး အမှတ်ကို... ရောက်နေချိန်မှာ... အပြင်းထန်ဆုံးသော... လူထု တိုက်ပွဲကို... လက်နက်ကိုင် တိုက်ပွဲနဲ့ ... မပေါင်းစပ်နိုင်ခဲ့ကြဘူး။ ဒါဟာ... တကယ့်... အဖြစ် အပျက်ပါ..။ အဲဒါကြောင့်ပဲ... ၁၉၈၈... လူထု အရေးတော်ပုံကြီး... အောင်ပွဲနဲ့ ဝေးခဲ့တယ်။

လက်နက်ကိုင်... အဖွဲ့အစည်းတိုင်းမှာ.. အဲအခြေအနေနဲ့... ပတ်သက်လို့... အကျိုး အကြောင်း... အချက် အလက်တွေ... ရှိနိုင် ပါတယ်။ ဘာလို့ပြောနိုင်လဲ... ဆိုတော့.. ကျနော် ကိုယ်တိုင်... လက်နက်ကိုင် တော်လှန်ရေး ထဲမှာ... ပါဝင်ခဲ့ဖူးတာ ကြောင့်ပါပဲ...။ သို့သော်လည်း... လူထုတိုက်ပွဲကို... လက်နက်ကိုင် တိုက်ပွဲနဲ့... မပေါင်းစပ် နိုင်ခဲ့တဲ့... ချို့ယွင်းချက်ကြီးကို... အနှစ်နှစ်ဆယ်တိုင်... မသိချင်ယောင်... ဆောင်နေ လို့တော့... မရပါဘူး...။

နောက်တခုကတော့... ဘုံရန်သူကို... အားလုံးက... သိနေကြသည့်တိုင်... လက်တွေ့မှာ... အဖွဲ့ အစည်း တိုင်းဟာ... ကိုယ့်အဖွဲ့ အစည်း အတွင်းမှာကို... ၀ါဒရေးရာ... အယူအဆရေးရာ... ပုဂ္ဂိုလ်ရေးရာ... ဘာသာရေးရာ... အတွင်း ပဍိပက္ခတွေနဲ့... နပမ်းလုံးနေခဲ့ကြတယ်...။ စည်းရုံးရေးအရ... ပြိုကွဲနေခဲ့ ကြတယ်...။ ကွန်မြူနစ်တွေ... ဆိုရှယ်လစ်တွေ... မဆလဟောင်းတွေ... တပ်ထွက်တွေ... ဦးနုလူတွေ... ဖဆပလတွေ... ခရစ်ယာန်တွေ... ဗုဒ္ဓဘာသာတွေ... အကြမ်းမဲ့တိုက်ပွဲ... လက်နက်ကိုင်တိုက်ပွဲ... သေနတ် တချက်မှ မဖေါက်ဖူးခဲ့တဲ့ကောင်... ထောင်မကျခဲ့ဖူးတဲ့ကောင်... တောင်ကျော်တွေ.... သင်္ဘောသားတွေ... စာအုပ်သမားတွေ... စသည်ဖြင့်... စကားလုံးတွေ ထောင်ချီ နေခဲ့တယ်..။ တဖွဲ့ချင်းစီမှာ... ပြသနာတွေ... အမျိုးစုံနေခဲ့ကြပြီး... မှန်မှန်ကန်ကန်... မဖြေရှင်းနိုင်ခဲ့ ကြတဲ့အခါ... ဘုံရန်သူ ပျောက်နေခဲ့တာ... အမှန်ပါပဲ...။

သည်လိုနဲ့... အဖွဲ့အစည်းတွေဟာ... အနှစ်နှစ်ဆယ်အကြာမှာ... တဖြည်းဖြည်း... အားနည်း လာတာပါပဲ...။ အုပ်စုတွေ ကွဲတယ်... အဖွဲ့ဝင်တွေ နှုတ်ထွက်တယ်... နိုင်ငံရပ်ခြားတွေကို ထွက်သွားတယ်... စသည်ဖြင့်... အဖွဲ့တွေဟာ... အားနည်း လာတာပါပဲ...။ တဖွဲ့ချင်းစီမှာ... အားနည်း လာတဲ့အခါ... အဲအဖွဲ့တွေ... စုစည်း ထားတဲ့... တပ်ပေါင်းစုတွေမှာလည်း... အားနည်းမှုတွေ... ဖြစ်လာတော့တာပဲ မဟုတ်လား...။ လက်နက်ကိုင် အဖွဲ့တွေ... အားနည်း လာတဲ့အခါ... ရန်သူ့ဖိအားကို... တစုံတရာ... ခံစားလာရတာ... အမှန်ပါပဲ...။ သည် အခါမှာ... ငြိမ်းအဖွဲ့တွေ... ပေါ်ပေါက် လာတော့တာပါပဲ...။ သည်အခါ... လက်နက်ကိုင် အင်အားစုတွေမှာ... ပိုလို့တောင်... အခက်အခဲ... ကြီးလာကြရတာပါပဲ...။

နောက်တခုကလည်း... တလျှောက်လုံးမှာ... ငြင်းခုန်နေခဲ့ကြတဲ့... အကြမ်းမဖက် (Non-violence Action) နဲ့ အကြမ်းဖက် (Armed Struggle).. ကွဲလွဲ နေမှုကလည်း... ဒီမိုကရေစီရေး... လှုပ်ရှားမှုကြီးတခုလုံးကို... ရိုက်ခတ်ပါတယ်..။ LA က အမျိုးသားနေ့ စာပေဟောပြောပွဲမှာ... ဆရာစွမ်းရည် ပြောသွားခဲ့တဲ့... စကားကို... ကျနော်... အတော် သဘောကျပါတယ်...။ အကြမ်းဖက်ဖက်... အနုဖက်ဖက်... အရေးကြီးတာက... တခုခုကို... ဖက်နေဖို့ပါပဲ... ဆိုတဲ့... ဆရာ့စကားက... အလွန်တန်ဖိုးရှိတဲ့... စကားပါ...။

ကျိန်းသေတာတခုကတော့... လက်နက်ကိုင် တိုက်ပွဲနဲ့... လူထုတိုက်ပွဲကို... မပေါင်းစပ်နိုင်သမျှ...၊ စည်းရုံးရေး ပြိုကွဲနေမှုတွေကို... မဖြေရှင်းနိုင်သမျှ... ၊ လက်နက်ကိုင် တိုက်ပွဲနဲ့... ကျန်တဲ့ တိုက်ပွဲ ပုံသဏ္ဍာန်တွေကို... မှန်မှန် ကန်ကန်... မပေါင်းစပ်နိုင်သမျှ... ကျနော်တို့... မြင်ချင်တဲ့... ကလေးလေး တယောက်... သူ့ ခြေထောက်ပေါ်... သူ ရပ်နေတာကို... မြင်ရဖို့... ဝေးပါသေးသည်...ဟု... ယူဆမိပါကြောင်း...။ ။

(အောင်သာငယ်)

မိုးမခမီဒီယာ - မှာ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။





Dec 17, 2008

ပေါက်ကွဲတဲ့နေ့

link to this post မှာ... မဆိုင်တဲ့... ပို့စ်တွေ... လာချိတ်နေတာကစပြီး... စိတ် အနှောက်အယှက်... ဖြစ်လိုက် တာ... ခုထိပဲ...။ ခုတော့... ဘာကြောင့်ဖြစ်မှန်း... မသိသေးပေမယ့်... ကိုယ်တယောက်တည်း... ဖြစ်နေတာ... မဟုတ် မှန်း တော့... သိသွားပြီလေ..။ နည်းနည်းတော့... စိတ်အေးသွားတယ်...။ အကြံဥာဏ်... လာပေးကြတဲ့... ညီ အကို မောင်နှမတွေ... အားလုံးကို... တကယ်ပဲ... ကျေးဇူးတင်ပါတယ်။

ဒါမယ့်... အချိန်တွေတော့... အတော့ကို... ကုန်သွားတယ်...။ အဲဒါကိုလည်း... စိတ်တိုနေမိသေးတယ်...။ ဘာလို့ ဆို... စာရေးရမယ့်... အချိန်တွေမှာ... အဲတာနဲ့... အချိန်တွေ... ကုန်သွားလို့...။ နို့မို့ဆို... ပို့စ်... ၂ ခုလောက် တောင်... တင်ပြီး... သွားလောက်ပြီ။ ဒီကြားထဲ... အလုပ်က... ပြန်လာ တော့... ကား Dashboard မှာ... Brake Lamp -ဆိုတဲ့ Indicater က... ပေါ်နေတယ်...။ ကား Brake ကို နင်းတာနဲ့... လင်းလာရမယ့်... ဘရိတ်မီးက... မလင်းဘူးလေ...။ ကိုယ်... ဘရိတ်အုပ်နေမှန်း... မသိရင်... ဘရိတ် မီးကို... မမြင်ရရင်... နောက်ကားက... ကိုယ့်ကို... ၀င်ကျုံး နိုင်တယ်လေ...။ ဘာပဲဖြစ်ဖြစ်... မျက်စိ မှိတ်ပြီး... အိမ်ကို... ဒီအတိုင်းပဲ... ပြန်မောင်း လာတယ်...။ ကျုံးချင်တဲ့ ကောင်... ၀င်ကျုံးပေတော့... ဆိုပြီး။

အပါတ်မန့်ကို... ပြန်ရောက်တော့... ကားကို... ပတ်ကင်းမှာ ထိုးရင်းနဲ့... ကားခေါင်းကို... တွေ့လိုက်မိတော့... တယောက်ယောက်က... အကြွေစေ့... တခုခုနဲ့... (ဒါမှမဟုတ်... တခြား တခုခုနဲ့)... ကားခေါင်းပေါ်မှာ... စာရေး သွားတယ်...။ SINC ... ဆိုပဲ... ။ အကြီးကြီး...။ ဘောနက်ပေါ်မှာ... အောက်က ဆေးသားတွေတောင်.. ပေါ်နေ တယ်...။ ဘာ... အဓိပ္ပါယ် လည်းတော့... မသိ...။ ဒါမဲ့... ဒါဟာ Vandalism ပဲ...။ Hate Crime မှာ... Vandalism က ထိပ်ဆုံးကပဲ...။ ကိုယ့်ကို ဘယ်သူတွေက မုန်းနေပါလိ့မ့်မလဲ...။ စဉ်းစားလို့တော့... မရဘူး...။ ကိုယ်က.. အာရှသား ဖြစ်နေလို့လား...။ ဒါဆိုလဲ... အာရှသားတွေ... အများစု... နေနေတဲ့... ဒီ အပါတ်မန့်မှာ... ကိုယ့်ကို... ဘယ် အာရှသားက... မုန်းနေပါလိမ့်...။ ဦးနှောက် ခြောက်သွားတယ်...။

ဒါကြောင့်မို့လည်း... ဟိုးနေ့က... Apartment Management ဆိုပြီး... အိမ်တံခါးမှာ... စာတစောင်... လာကပ် သွားတာကိုး...။ There were some cars belongings to the residents of this apartment sufferred vandalism. If you have children please keep them away from any car that dosen't belong to their family. ... ဆိုပဲ...။

ကိုယ့်ကားခေါင်းပေါ်မှာ... အဲလို... စာမျိုးကို.. ဘယ်ကလေးကမှ... ရေးနိုင်လိမ့်မယ်.. မထင်ပါဘူး...။ လူကြီး တယောက်ပဲ... လက်လှမ်းမီနိုင်မယ့်... နေရာမှာ... ဘယ်လို... ကလေးမျိုးက... စာရေးနိုင်မလဲ... စဉ်းစား နေမိ တယ်...။ ဒေါသလည်း ထွက်တယ်...။ ဒေါသထွက်လို့မှ ... မဆုံးသေး... ကားနောက်ပိုင်းကို... ရောက်တော့... နောက်က... Defogger ကို... တယောက်ယောက်က... ချိုးထားပုံရတယ်... တွဲလောင်းကြီးကျလို့...။ အဲတာနဲ့... ပြန် မတင်ပြီး... နောက်မှန်ပေါ်ကို ... ဒီအတိုင်းပဲ... ပြန်တင်ခဲ့ရတယ်...။ စိတ်ထဲမှာတော့... နုံ့နုံ့ နုံ့နုံ့ ဖြစ်နေပြီ...။

အိမ်ပြန်ရောက်တော့... မဟေသီက... ထမင်း... မချက်ရသေးဘူး...။ လူက... ဆာလောင်နေပြီ...။ စိတ်... ထပ် တိုတယ်...။ ဒါနဲ့... ပေါက်ကွဲချင်နေတဲ့... စိတ်ကို... ထိန်းချုပ်ထားသေးတယ်...။ ဘာမှ မပြောဖြစ်ဘူး...။ အခန်းထဲ ၀င်ပြီး... ကွန်ပြူတာကို... ဖွင့်လိုက်မိတယ်...။ အိမ်ရောက်တာနဲ့... အင်တာနက်.. တန်းဖွင့်တော့တာပဲ.. ဆိုတဲ့... စကားကို... မကြားတကြား... ကြားလိုက်မိတဲ့... နောက်တော့... လေအပြည့်... ဖြစ်နေတဲ့... ပူဖေါင်းက... ပေါက်ကွဲ သွားပြီ...။

ဒါမဲ့... ဘယ်လို... ပေါက်ကွဲတာလဲ... ဆိုတော့... ဒီမှာ... သွားပေါက်ကွဲတာပါ...
http://www.hardradio.com/streaming/hardradio.asx ...။
အကျယ်နိုင်ဆုံး... Volume အကုန် တင်ပြီး... ဖွင့်ပစ်လိုက်တာ...။ တခန်းလုံးတော့... ဆူညံသွားတာပဲ...။
အော်ကြစမ်းကွာ... အကျယ်လောင်ဆုံး....။ ပေါက်ကွဲစမ်းကွာ... အပြင်း ထန်ဆုံး...။
Hard Rock တွေ...၊ Metal တွေ...၊ Acid ... တွေ။
ဖေါက်ခွဲ... ပေါက်ကွဲ... တိုက်စား... သွားကြစမ်းကွာ...။

တခါတခါ... ဘ၀ဆိုတာကြီးကို... ကျနော်... မုန်းတယ်...။


Dec 16, 2008

ကယ်ကြပါဦးဗျို့

အခု... ကျနော့် ပို့စ်တွေတိုင်းမှာ... အောက်ဆုံးက link to this post ရဲ့ အောက်မှာ... သူငယ်ချင်းတွေရဲ့ ပို့စ်တွေ... အလို အလျောက်... ပေါ်လာနေပါတယ်...။ ကျနော့်... ပို့စ်တွေနဲ့... သူတို့... ပို့စ်တွေက... ဘယ်လို နည်းနဲ့မှ... အဆက်အစပ်... မရှိ... ဖြစ်နေတော့... တခုခု... မှားနေပြီလို့... ထင်တာနဲ့... အဲ Link တွေကို... ပြန်ပြီး... ဖျက်ချပစ်လိုက်တယ်...။ ဖျက်ချပြီးတော့လည်း... နောက်တခါ... ပြန်ဖွင့်ကြည့်ရင်... နောက်ထပ်... သူငယ်ချင်းတွေရဲ့... ပို့စ်တွေ... ထပ်ပြီး... ရောက်နေပြန်ရော...။ ဒါနဲ့... Kaspersky ကို... မေးကြည့်တော့... အောက်ပါ အတိုင်း... ပေါ်လာပါတယ်...။

FireFox : Loading object http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.

ဒါနဲ့... FireFox နဲ့ပဲ... တခြား သူငယ်ချင်းတွေရဲ့... ဘလော့တွေကို... သွားကြည့်တယ်...။ ဘာမှ... မဖြစ်ဘူး...။ ဘာမှလည်း... မတွေ့ဘူး...။ ကျနော့်... ဘလော့ကို... သွားလိုက်တာနဲ့... အဲလို... ဖြစ်နေတော့တာပဲ...။ ကျနော့်... ဘလော့မှာပဲ... ဖြစ်နေတာ...။

ခုတော့ ကျနော့် ဘလော့ မှာ Trogan တခု... မိနေပြီ...။
Kaspersky ကလည်း... မရှင်းပေးနိုင်ဘူး... ဆိုပဲ...။


ဒါနဲ့... FireFox ကို မသုံးတော့ဘူး... ဆိုပြီး... Google Chrome ကို... ဒေါင်းလုပ်ချပြီး... သုံးကြည့်တယ်...။ ဒီအတိုင်းပဲ... ဘာမှ မပြောင်းလဲဘူး...။ အောက်ပါအတိုင်း... တွေ့ရတယ်...။ FireFox နဲ့ Google Chrome ပဲ... ကွာသွားတယ်...။



Google Chrome : Loading object http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.

ဒါနဲ့... Opera ကို... ဒေါင်းလုပ်ဆွဲပြီး... ဖွင့်ကြည့်တယ်...။ သူလည်း... ထိုနည်းလည်းကောင်းပဲ...။ ဒီလိုပဲ... ထပ်ပြီး ပေါ်လာတယ်...။



Opera Internet Browser : Loading object http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.

ဒါနဲ့... Microsoft Internet Explorer ကို... သုံးကြည့်တော့... ပထမတော့... ဘာမှ မဖြစ်ဘူး...။ ဒါပေသည့်... ကျနော့် ဘလော့ရော... သူငယ်ချင်းတွေ... ဘလော့တွေကိုရော... လေးထောင့်အတုံးတွေပဲ... မြင်နေရတော့ တယ်...။ ကောင်းရော...။ ဒါနဲ့... ဘလော့တော့... ရေးလို့ရမှာပဲဆိုပြီး... ဖွင့်ကြည့်တော့... ဒီလို... ထပ်ပြီး... ပေါ်လာပြန်ရော...။



Internet Explorer : Loading object http://error.000webhost.com/not_found.html, containing Torjan program Exploit.JS.XMLPars.a. Detected.

ဒါနဲ့... နောက်ဆုံး... တခုတည်းကျန်တော့တဲ့... Apple က... Safari ကို.... စမ်းကြည့်ဦးမယ်... ဆိုပြီး... ဒေါင်းလုပ် ဆွဲပြီး... အင်စတောလ်... လုပ်လိုက်တယ်...။ Safari... ကို... ဖွင့်ကြည့်တော့လည်း... ထူးမခြားနား... ဖြစ်နေ တယ်...။ ထူးတာလေး... တခုပဲ... ရှိတယ်... Safari မှာတော့... detected ... လို့... မပြဘူး...။ denied... တဲ့...။



Safari Web Browser : Loading object http://error.000webhost.com/npt_found.html, containing Torjan program Exploit.JS.XMLPars.a. Denied.

(ဒါမဲ့... အကျိုးအမြတ်တခုတော့... ရှိသွားတယ်...။ ရှိရှိသမျှ... Web Browser တွေကို... သုံးမိဖူးသွားပြီ...။ အဲအထဲမှာ... Apple ရဲ့... Safari ကတော့... ဘလော့ပေါ်က... စာတွေကို... ဖတ်ဖို့... အကောင်းဆုံးပဲ...။ အတော်... သပ်ရပ်... လှပနေတာပဲ...။ ကျနော့ဘလော့ကို... မြင်ရတာ... ပုံနှိပ်ထားတဲ့... စာရွက်ကလေးတွေကို... မြင်နေရသလိုပဲ... ဗမာစာလေးတွေဆို... သပ်သပ်ရပ်ရပ်နဲ့... ထူထူထဲထဲနဲ့... လှလို့... ပလို့... ဗျား...)

လိုရင်း... ပြန်ပြောရရင်...
ကျိန်းသေတာ... ကျနော့်ဘလော့က... တခုခု... ဖြစ်နေပြီ...။
ဘာလုပ်ရမှန်း... မသိဘူး... ဖြစ်နေတယ်...။
Technology ကလည်း... savvy မဖြစ်တော့...
- ကယ်ကြပါဦး - လို့ပဲ.... အော်လိုက်တော့တယ်...။
သယ်ရင်းတွေ... ကယ်ကြပါဦး...ဗျို့...

Dec 13, 2008

တက်ဂ်လို့ရေးတဲ့စာ-၃

တူမတော် မေသူပိုင် Tag ထားလို့ ရေးတဲ့ စာပါ...။

12 Dec 08, 03:32 မေသူ: ဦအောင်သာငယ် ရေ တတ်ထားပါတယ် ရေးပေးပါ - လို့ ဆီပုံးမှာ တွေ့ လိုက်တယ်။ လာပြန်ပဟ...ဆိုပြီး သွားကြည့်ရတော့တာ...။ ဘာလဲ..ဆိုတော့... နှစ်သက်မိသောကဗျာတပုဒ်... ဆိုပဲ...။ ကျနော်က... ကိုယ်တိုင်လည်း... ကဗျာလေးတွေ ရေးတယ်... ကဗျာလေးတွေကိုလည်း... ချစ်တတ်တဲ့သူ ဆိုတော့... ကဗျာတွေ... အားလုံးလိုလိုကို... နှစ်သက်နေတတ်တော့တာ .. ။ နှစ်သက်မိသော ကဗျာတပုဒ်ကို... ဘယ်လို ရွေးထုတ်ပေးရပါ့...။ ဦးနှောက် ခြောက်သွားပါသဗျား....။ ဒါနဲ့ ကလေး ဘ၀ ကတည်း... ဖတ်မိလာသမျှ... ကဗျာတွေကထဲကနေ... ပြန်စဉ်းစား ရတာပေါ့လေ...။ စဉ်းစား မိတော့... နှစ်သက်တဲ့ ကဗျာတွေကလည်း... အများကြီးပါပဲ...။ အများကြီးထဲမှာပဲ... အနှစ် သက်ဆုံး ဖြစ်နေတဲ့... ကဗျာတွေကကို... တော်တော်လေး... များနေလေရဲ့...။ ဒီတော့ လည်း... အဲဒီအထဲက... ထပ်ပြီး... ဆန်ကာတင်... ရွေးရတော့တာပေါ့လေ...။ အဲလို ရွေး လိုက်မိတော့... ကဗျာ (၃) ပုဒ် ကို... အနှစ်သက်ဆုံး ကဗျာတွေအဖြစ်... ရလိုက်ပါတယ်... ။

ခုတော့... နှစ်သက်မိသော ကဗျာတပုဒ်... ဆိုတဲ့ Tag အတွက်... အဲ ကဗျာ (၃) ပုဒ် လုံးကိုပဲ... ဖော်ပြပေးလိုက် ပါတယ်...။
----------------------------------------

အဲကဗျာ (၃) ပုဒ်လုံးမှာ... ကျနော်... အနှစ်သက်ဆုံး ဖြစ်တဲ့ ကဗျာကို... အရင်ဆုံး... ဖော်ပြ ပါရစေ... ။

ဒီကဗျာကို ကျနော့်ရဲ့ ပို့စ်တခု မှာလည်း... ထည့်သွင်း ဖော်ပြခဲ့ဖူးပါတယ်...။ ကဗျာ အမည်ကတော့... “မိသားစု” ပါ...။ စစ်အာဏာရှင်တွေက... ဖမ်းဆီးပြီး... ထောင်သွင်း အကျဉ်းချတာကို... ခံခဲ့ရတဲ့... ကျနော့်မိခင်က... ကျနော်တို့... ညီအကို ၂ ယောက်... ဖတ်ဖို့... ထောင်ထဲကနေ... ရေးပို့ပေးတဲ့... ကဗျာတွေအနက်... ကျနော့် ကလေးဘ၀မှာ... ပထမဆုံး ဖတ်ခဲ့ရပြီး... တသက်လုံး... မမေ့နိုင်တော့မယ့်... ကဗျာတပုဒ်ပါ...။ သည် ကဗျာကို... အကျဉ်းခန်းထဲကနေ... အမေ ရေးနေတဲ့ အချိန်မှာ... ကျနော့်ဖခင်ကတော့... မြစ်ဝကျွန်းပေါ်... တောနက် တနေရာမှာ... အာဏာရှင်တွေကို... လက်နက်ကိုင် ဆန့်ကျင် နေတဲ့... အချိန်ပါ...။ ကျနော်တို့... ညီအကို ၂ ယောက်က... အဖိုးအဖွားတွေ လက်ပေါ်မှာ... ။ တကွဲတပြားစီ... ဖြစ်နေတဲ့... ဘ၀တွေကို... အတူတကွ... ပေါင်းစည်းနိုင်ခွင့်... ရမှ... မိသားစုဆိုတာ... အဓိပ္ပါယ် ရှိမှာ... မဟုတ်လား...။

“မိသားစု”

ဖေဖေက... “နေ”
မေမေက... “လ”
“ကြယ်”ကလေးလို... လက်ကာပ
သားလူချောလှ...။


ဘာပဲဖြစ်ဖြစ်... “မိသားစု...” ဆိုတဲ့... စကားလုံးတခုရဲ့... လေးနက်တဲ့... အဓိပ္ပါယ်ကို... ကလေး ဘ၀ကတည်းက... ကျနော်... နားလည်ခဲ့ပါတယ်။
----------------------------------------

နောက်ထပ်... ကျနော် အနှစ်သက်ဆုံး... ကဗျာတပုဒ်ကတော့... ဆရာမောင်သာရ... ရေးခဲ့တဲ့... ကဗျာ တပုဒ်ပါ...။ အမည်ကတော့... “တော်လှန်ရေး”... ပါ...။ အကြောင်း အရာ တခုကို... လို... တို... ရှင်း... ကွက်ကွက် ကွင်းကွင်း... မြင်သာအောင်... ဖော်ပြတဲ့ အပြင်... အားမာန်တွေပါ... ရရှိ ခံစား ခဲ့ရတဲ့ အတွက်ကြောင့်... ဒီကဗျာကို... နှစ်သက်ခဲ့ပါတယ်...။

“တော်လှန်ရေး”

“ဆူး” စူး၍လျှင်
“အပ်”နှင့် ထွင်သည်
အသင် ဘာပြောချင်သနည်း... ။


ဒီကဗျာကြောင့်ပဲ... “ဆူး” နဲ့ “အပ်”ရဲ့... အဓိပ္ပါယ်ကိုလည်း... ငယ်စဉ်ကတည်းက... လေးနက်ခဲ့မိကြောင်းပါ...။
----------------------------------------

နောက်... ကျနော်... အနှစ်သက်ဆုံး ကဗျာတပုဒ်ကတော့... ကျနော်တို့... အားလုံး... ချစ်ကြတဲ့... ဆရာဂျမ်း (ဆရာတင်မိုး)ရဲ့... နံမည်ကျော် ကဗျာတပုဒ်ပါ...။ စာပေ ဟောပြောပွဲ တခုမှာတောင်... အဲကဗျာ အကြောင်း... ဆရာက... အရွှမ်း ဖောက်ခဲ့ဖူး ပါသေးတယ်...။ ရေးမိတာက... သုံးကြောင်း... မေးခွန်းပေါင်းက... သုံးသောင်းလောက်... ရှိတယ်...လို့... ပြောခဲ့ဖူးပါတယ်...။ ဘာလို့ဆို... အဲကဗျာက... တိုတိုလေးနဲ့... ကောင်းလွန်းလှ သမို့ပေါ့ဗျာ... ။ ပြီးတော့... တွေးရင် တွေးသလောက်... အင်မတန် ကျယ်ဝန်းတဲ့... ဆင့်ပွား ခံစားချက်တွေကို... ပေးနိုင်ခဲ့တဲ့... ကဗျာမို့လို့ပါ...။ ကဗျာ အမည်ကတော့... “ဧည့်သည်ကြီး”... ဖြစ်ပါတယ်...။

“ဧည့်သည်ကြီး”

ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ...။


“ဆေးလိပ်” နဲ့“နေ”ကို... အဓိပ္ပါယ်ဖွင့်ကြ... ။ “တို” နဲ့ “ညို”ကို အဓိပ္ပါယ်ဖော်ကြ...။ အဲသလိုနဲ့... ကဗျာ... သုံးကြောင်းက... မေးခွန်းပေါင်း... သုံးသောင်းကို... ပေါ်လာစေခဲ့တာပါ...။
----------------------------------------

ခုတော့... ပြောလက်စနဲ့မို့... ဆက်ပြီးပြောလိုက်ပါဦးမယ်...။ ဘ၀နဲ့ ပတ်သက်တဲ့... ကဗျာတွေပြီးတော့... အချစ် ကဗျာလေး တွေလည်း... ရှိပါသေးတယ်...။ အခုတလော... ဘလော့တွေပေါ်မှာ... ဖတ်မိတဲ့... အချစ် ကဗျာလေးတွေ ထဲမှာ... ကျနော် နှစ်သက်တဲ့... ကဗျာတပုဒ်ကတော့... ကဗျာဆရာ လင်းဒီပ ရေးစပ်ခဲ့တဲ့ “ချစ်သူရှိတဲ့မြို့” ဆိုတဲ့... ကဗျာလေးပါ...။ အတော့ကို နှစ်သက်မိပါတယ်..။ ကဗျာက... နည်းနည်း ရှည်လို့... ဒီမှာ... မဖော်ပြတော့ပါဘူး...။ Link ကိုပဲ... နှိပ်ပြီး... ဖတ်ဖြစ်အောင်... သွားဖတ်ကြပါလို့... တိုက်တွန်း လိုက်ပါတယ်...။ အဲကဗျာလေးက... ရင်ထဲကို... သိင်္ဂါရ... သန္တ... ပန်းပွင့်လေးတွေ... ခူးထည့်ပေးလိုက် သလိုပါပဲ...။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ...။



Dec 12, 2008

နောက်ထပ် ခရစ်စမတ် လက်ဆောင်

ဦးဂင်ကြီး ကို အားကျတာလည်း ပါတယ်... ။ ပြီးတော့ ... Acoustic Guitar ကြိုက်တယ်ဆိုတဲ့... အချစ်ဆုံး သူငယ်ချင်း တယောက်အတွက်လည်း... X'Mas လက်ဆောင် အဖြစ်... တခုခု... ပေးချင်တယ်...။ အဲဒါနဲ့... စိတ်ကူး ပေါက်လာတော့... ထိုင်ရာက... ထပြီး... Nylon-Stringed Acoustic Guitar (Classical Guitar) ကို... ဆွဲ... ။ တထိုင်တည်း... တီးပြီး... record လုပ်ထား လိုက်တာပါ။ (စိတ်ကြိုက်တော့ မဟုတ်ဘူး.. Dead Spot တွေ အများကြီးပါနေတယ်...)

တကယ်တော့... ကျနော်ကလည်း... ကိုဂင်ကြီးလိုပါပဲ... ၀ါသနာရှင်ပါ... ။ ပညာရှင် မဟုတ်ပါဘူး...။ ပြီးတော့... ဂစ်တာ မတီး ဖြစ်တာကလည်း... နှစ်ပရိစ္ဆေဒ... ကြာနေပြီ ဆိုတော့... touching တွေလည်း... သိပ် မကောင်းတော့ပါဘူး...။ (အရင်တုန်းကတော့.. ကောင်းသလိုလို... ) သို့သော်လည်း... ကျနော့် သူငယ်ချင်းကို... ပျော်ရွှင်ကြည်နူးစေချင်တဲ့... စေတနာနဲ့တော့... တီးထားတာပါ...။ တတ်နိုင်သမျှ... mood လေးတွေ.. ထည့်ပြီး.. တီးထားပါတယ်...။

ဘာပဲဖြစ်ဖြစ်.. သူငယ်ချင်းရေ... ဒီ ခရစ်စမတ် လက်ဆောင်ကိုတော့... သည်းညည်းခံပြီး... ယူလိုက်ပါနော...း)


ကျန်တဲ့... သူငယ်ချင်းတွေအတွက်လည်း... ကျနော့်ရဲ့... နောက်ထပ်... ခရစ်စမတ် လက်ဆောင်အဖြစ်... သည်းခံ... ခွင့်လွှတ်... (နားပိတ်...) နားဆင်ကြပါဗျာ... ။ ဘာပဲ ဖြစ်ဖြစ်... စေတနာက... အရင်းခံ မဟုတ်လား...း)

ကြုံတုန်းလေး... keyboard ရှည်ပြီး... ပြောပြရရင်တော့... ဒီသီချင်းကို... ဂစ်တာတီးသူတိုင်း... နှစ်နှစ်သက်သက်... မက်မက် မောမော... ရာစုနှစ်ပေါင်းများစွာ... ကြာအောင်... တီးခဲ့ကြပေမယ့်လည်း... ဒီသီချင်းရဲ့ဖခင်ဖြစ်တဲ့... composer အမည်ကိုတော့... ဘယ်သူမှ... မသိကြပါဘူး...။ Romance by Anonymous လို့ပဲ... အားလုံးက... သိခဲ့ကြပါတယ်...။ ၀မ်းနည်းစရာ တခုပေါ့လေ...။

ပြန်တီးချင်ကြသူများ... ပြန်တီးနိုင်အောင်... ကျနော့်... သီချင်းစာအုပ်ထဲက... ဒီသီချင်းရဲ့.. စာမျက်နှာ ၂ ခုကို.လည်း.. ပြန်လည် ဝေမျှပေးလိုက်ပါတယ်...။

အချစ်ဆုံး သူငယ်ချင်း အပါအ၀င်... သူငယ်ချင်း... အားလုံးပဲ... ချမ်းမြေ့ကြပါစေ။






video

Dec 10, 2008

ခရစ်စမတ်လက်ဆောင်


ကျနော့်ရဲ့ညီမတယောက် ဖြစ်တဲ့... ပန်းချီဆရာမ... မသီရိက... ပေးခဲ့တဲ့... ခရစ်စမတ်... လက်ဆောင်ပါ။ ဘယ်သူမှ... မပေးခင်... သူ... အရင်ဆုံး... ပေးချင်တယ်ဆိုပြီး... ပေးလာလို့... အစောဆုံးရခဲ့တဲ့... လက်ဆောင်ပါ။ အဲလက်ဆောင်ကို... သူငယ်ချင်းတွေ... အားလုံးကို... ခရစ်စမတ် လက်ဆောင်အဖြစ်... ပြန်ပေးပါရစေ...။
ကျနော်နဲ့... ၁၀၀% တူတယ်လို့... ထင်တာပဲ။

အိပ်မက်ထဲက အိပ်မက်























စကားတွေထဲမှာ...
အရိပ်တွေကိုပဲ... ကြားနေမိတယ်။

အရိပ်တွေထဲမှာ...
အရောင်တွေကိုပဲ... မြင်နေမိတယ်။

အရောင်တွေထဲမှာ...
အရုပ်တွေကိုပဲ... တွေ့နေမိတယ်။

အရုပ်တွေထဲမှာ..
ရနံ့တွေကိုပဲ.. ရှူနေမိတယ်။

ရနံ့တွေထဲမှာ...
အိပ်မက်တွေကိုပဲ... မက်နေမိတယ်။

ခရစ်စမတ်ကာလ
အဆင်တန်ဆာတွေလို...
အိပ်မက်တွေ... အိပ်မက်တွေ.....ဆိုတာ
လှလှပပကြီးကို...
တွဲလွဲခိုနေကြလေရဲ့...
ဘ၀ဆိုတဲ့... သစ်ပငိမှာ...။

နေနှင့်ဦး... ဟေ့...
နှစ်သစ်ကူးတဲ့အခါ...
အိပ်မက်တွေကို... ငါ...
အပြီးအပိုင်...
သိမ်းထုပ်ပိုင်စိုးပစ်ဦးမယ်...

ATN

Dec 9, 2008

ကံကြမ္မာ


ရင်တပွေ့စာ... တိမ်တအုပ်နဲ့...
အိပ်မက်တဆုပ်ကို... မျှားမိခဲ့…
ရေခမ်းသွားတဲ့... ပင်လယ်မှာ… ။

ATN

Dec 7, 2008

မြို့တမြို့၊ နှစ်ချို့ဝိုင်တခွက်နဲ့အိပ်မက်ဆိုးတခု (အစအဆုံး)




မြို့တမြို့


သည်မြို့ရဲ့ အမည်ကို ကြားရတိုင်း... ဖတ်ရတိုင်း... တွေ့ရတိုင်း... ရင်ထဲမှာ သိမ်းထားခဲ့ဖူးသော... ကောင်လေး တယောက်ကို... သတိရသည်။ ကြာတော့ ... ကြာခဲ့ပြီ...။ ဘယ်လောက်ကြာပြီဆိုသည်ကို... နှလုံးသားက... အတိ အကျ... မှတ်မိ နေသည့်တိုင်... အချိန်ကာလ... အတိုင်း အရှည်တွေကို... အမှတ်ထားကာ... ပြောမပြချင်တော့..။ ကြာပြီ... ဆိုသည့်... စကားလုံး... တခုကိုပဲ... ခုချိန်မှာ... သုံးနေ ချင်တော့သည်...။ ကြာပြီ...။ ရာသီတွေ... အလီလီ ပြောင်းခဲ့သော်လည်း... အတိတ်ဆိုသည့်... အရိပ်တခုကို... ခန္ဓာကိုယ်ပေါ်က... အမာရွတ်တခုလို... သယ်ပိုး ထားနေဆဲ... ။ ထို အရိပ်ကို... ပြန်တွေ့ရတိုင်းလည်း... ရင်ထဲမှာ... အမျိုးစုံသော... ခံစားမှုတွေကို... ခံစားနေရမြဲ..။
--------------------------------------------------
ပြန်စဉ်းစားမိတော့... ၁၉၈၀ ကျော် နှစ်များဆီကို... ခြေဦး ပြန်လှည့်မိသည်...။ အဲသည်အချိန်က... သည်မြို့ကို.. မိသားစုနှင့်အတူ... ရွှေ့ပြောင်း ရောက်ကာစသာ... ။ သည့်နောက်တော့... မိဘများ အခြေချသည့်... သည်မြို့က... သည် ရပ်ကွက် ကလေးကိုပဲ... မွေးဇာတိလို... ဖြစ်ခဲ့ရသည်လေ...။ သည်လိုနဲ့... နှလုံးသားချင်း... ခင်မင်.. အလွမ်းသင့်ရာ... သူငယ်ချင်း ၂ ယောက်ကိုလည်း... သည် ရပ်ကွက်ကလေးမှာပဲ... ရခဲ့သည်... ။ နိုင်နိုင်နဲ့ မသင်း...။ နိုင်နိုင်ကတော့... ၁ နှစ် လောက်... ငယ်မည်...။ မသင်းကတော့... အသက်တူတူ...။ အထက်တန်းကျောင်းတလျှောက်လုံး... အတူတူ.. တတွဲတွဲ... မခွဲပဲ နေခဲ့သော သူငယ်ချင်း ၃ ယောက်...။

နောက်... ဆယ်တန်းအောင်တော့လည်း... အတူတူ...။ အမှတ်(၁) ဒေသကောလိပ် (ဗိုလ်တထောင် နယ်မြေ) ကု.ိ.. တက်ခွင့်... ရကြတော့လည်း... အတူတူ...။ ဒေသကောလိပ်... ပထမနှစ် အတန်းတင် စာမေးပွဲတွေ... ဖြေချိန်မှာ... မိသားစု အခက်အခဲတွေ... တွေ့ခဲ့ကြတာလည်း... အတူတူ...။ သည်လိုနဲ့... ပထမနှစ်..အတန်းတင် စာမေးပွဲကို... မဖြေနိုင်ကြတာလည်း... အတူတူ...။ ပထမနှစ် စာမေးပွဲကို... ကျကြတာ လည်း အတူတူ...။ (နိုင်နိုင့် အမေက... အဲသည်အချိန်မှာ... အကြီးအကျယ် ဖျားနာသည်...၊ မသင်းက... မိခင်..ဆုံးသည်..၊ သူမက.. ဖခင်.. ဆုံးသည်လေ...) သည်လိုနဲ့... ပထမနှစ်ကို... နောက်တခါ Repeater အဖြစ် .. ပြန်တက်ကြရတော့လည်း ... အတူတူ...။ သည်လို အချိန် ကာလ တခုကို... မည်သူက... မေ့လျော့နိုင်လိမ့် မည်လဲ...။

သို့သော်လည်း... မမေ့လျော့နိုင်ဆုံး... အချိန်ကာလကတော့... နောက် စာသင်နှစ်သာ... ။ နောက် စာသင် နှစ်တွင်... သူငယ်ချင်း ၃ ယောက်ထဲမှ... တယောက်ဖြစ်သူ... နိုင်နိုင်၏... မောင်ငယ်ဖြစ်သည့်... ပထမနှစ် Fresher များအဖြစ် ရောက်လာသော... ကိုအောင်နှင့်... သူ၏သူငယ်ချင်းများ (သားကြီး၊ ဇော်ဇော်၊ နောင်နောင်၊ အောင်မင်း)ကို... ခင်မင်ဖို့... အကြောင်း ဖန်လာခဲ့ရပြီး... ကိုအောင့် သူငယ်ချင်းများထဲမှ... နောင်တွင်.. ချစ်သူဖြစ်လာခဲ့သော... နောင်နောင်-ဆိုသည့် မောင့်ကို... ဆုံတွေ့ ခဲ့ရသောကြောင့် ဖြစ်ပါသည်..။

ပြောရရင်... ကိုအောင်တို့ တအုပ်လုံးက (မောင်ကလွဲရင်)... ငပြောင်တွေချည်းသာ... အမြဲတမ်း နောင်ပြောင် ဟားတိုက် နေကြသော ချာတိတ်တွေ...။ ကိုအောင်တို့ အားလုံးကြားထဲမှာ... သူတို့က.. ငနောင်... လို့ ခေါ်သော... သူက... မောင်လေး တယောက်လို.. ချစ်သောကြောင့်... နောင်လေး... လို့ ခေါ်သော... မောင် ကသာ... မျက်နှာ စူပုပ်ပုပ်နဲ့ စကားတလုံးမျှ... မပြောပဲ... နှုတ်ဆိတ် နေတတ်သူ...။ ဒါကြောင့်ပဲ... သည် ငနောက်တွေ ကြားထဲက... အေးဆေးစွာ... တိတ်ဆိတ် နေတတ်သော... မောင့်ကို... တခြားသူတွေထက် ပိုပြီး... သတိ ထားခဲ့မိတာ ဖြစ်မည်...။ ဘာ့ကြောင့်များ... ဒီ ငနောက်တွေကြားထဲ... ရေခဲတုံး ကလေးက... ရောက်နေပါလိမ့်... ။ သို့သော်လည်း... ကိုအောင်တို့... တခါတခါ ပြောသလို... ကဗျာရူး... ဆိုသော... မောင်... ရေးထားသည့် ကဗျာတွေကို... သူ့အတွက် စာတွေ ကူးရေး ပေးရင်း... သူ့ဗလာစာအုပ်မှာ... သူ ရေးထားသည့် ကဗျာတွေကို... ဖတ်မိသည့်အခါ... ကဗျာ အရေး ကောင်းသူ... ဖြစ်ကြောင်းကိုလည်း... သတိ ထားခဲ့မိ သေးသည်...။

သည်လိုနဲ့... အမကြီး ၃ ယောက် ... မောင်လေး ၅ ယောက်... ပါဝင်ဖွဲ့စည်းထားသော... သူတို့ လူမှု အဖွဲ့ အစည်းလေးက... ပျော်ရွှင်စွာ... ရှင်သန် နေခဲ့သည်လေ...။ အမတယောက်သာရှိပြီး... ညီမတွေ... အကိုတွေ... မောင်တွေ... မရှိသော... သူ့အတွက်... သည် မောင် လေး ၅ ယောက်ကို... ခင်တွယ်မိသည်လေ...။ အထူး သဖြင့်... အလိုက်သိတတ်သော... မောင့်ကိုပေါ့...။ ဘာကြောင့်ဆို... အမြဲ အတန်းပြေးကြသည့်... သည်ချာတိတ် ၅ ယောက် တဖွဲ့လုံးအတွက်... အမြဲအတန်းတက်သော သူတို့ အမကြီး ၃ ယောက်က... စာတွေ ကူးပေးကြသည့် အခါ... မောင်က... သူကိုယ်တိုင် အတန်း မတက်သော်လည်း.... ၀ိုင်းကူပြီး.... စာတွေ ကူးပေးတတ်သည်လေ...။ - ဟဲ့.... ခုမှ... ပဏာ... လာလုပ်မနေနဲ့... ငါတို့... ၃ ယောက်... လုပ်လို့ရတယ်...- သူပြောတိုင်း - ပဏာ လုပ်တာ မဟုတ်ပါဘူး အမရယ်... ကျနော်တို့... ပြေးချင်ရာပြေးတိုင်း... အမတို့က... လိုက်ဖြည့်ပေးနေရတာ... မတရားဘူး ထင်လို့ပါ.... - သည်လိုပြောရင်း... သူနဲ့အတူ... အားလုံးအတွက်... စာတွေ ၀ိုင်းကူးပေး တတ်သော... အလိုက်သိတတ်သော... သည်ကောင်လေးကို... သူ့ မောင်လေး အရင်းလို ချစ်သွားခဲ့သည်လေ။ သည်လိုနဲ့... သံယောဇဉ်တွေ... ရင့်ကျက်လာတာဖြစ်မည်...။

တရက်မှာတော့... နိုင်နိုင်ရော ... မသင်းရော... ကျောင်းမလာကြ...။ သူ... အတန်းထဲ ရောက်တော့.... မည်သူမျှ မရှိသော အတန်း ထဲမှာ... နောက်ဆုံး ခုံတန်းမှာ ထိုင်နေပြီး... အတန်းရှေ့က... သင်ပုန်းကို... စိုက်ကြည့် နေသော... မျက်နှာလေး ညှိုးနေသည့်... မောင့်ကို... သူတွေ့ရသည်..။ - ဘာဖြစ်နေလဲ... နောင်လေး - သူ မေးမိတော့.... - အဖေ့ကို... ညက... သူတို့... ဖမ်းသွားတယ်... အမ...- ဟဲ့... ဘာဖြစ်လို့လဲ... ဘယ်သူက ဖမ်းသွား တာလဲ... နင့်အဖေက... ဘာလုပ်လို့လဲ... - ကဘောက်တိ ကဘောက်ကချာ... သူမေးမိတော့ - ထောက်လှမ်းရေး တွေလေ အမ... အဖေက ဘာလုပ်မလဲ... တိုင်းပြည်အတွက်ပဲ လုပ်မှာပေါ့ - သည်လို ပြောသော... မောင့် စကားကို... အဲသည်အချိန်က နားမလည်ပါ...။ သည့်နောက်တော့... မောင့် မိသားစု အကြောင်းကို သိနေသည့် ကိုအောင်က... မောင်တို့ မိသားစုအကြောင်း... အဖြစ်အပျက် အစအဆုံးကို... ပြောပြမှ... မောင့်ကို သနား နေမိတော့သည်...။

ညဖက်ရောက်တော့... သူငယ်ချင်းအားလုံး.. အတူတက်နေကြဖြစ်သည့်... ဆရာ ရောဘတ်တန်... ဓါတုဗေဒ ကျူရှင်မှာ... မောင့်ကို မတွေ့ရ...။ ကျူရှင်လွှတ်တော့... သူငယ်ချင်းတွေအားလုံးကို... အတူတူ တင်ခေါ်ပြီး... ပြန်နေကြဖြစ်သည့်... မောင်နဲ့ တရပ်ကွက်တည်း ဖြစ်သော... အေးစန်းတို့ကားပေါ်မှာ... အရက်မူးနေသော... မောင်နဲ့ သားကြီးကို... တွေ့ရသည်။ စိတ်ဆိုး လိုက်သည့် ဖြစ်ခြင်း...။ ခုလို အချိန်မှာ ဘာလို့... ကျူရှင် လာမတက်ပဲ... အရက် သွားသောက်တာလဲ... ဘာလို့... အဲလို လုပ်တာလဲ...။ ကားပေါ်မှာ.. သူ့ကို... စိုက်ကြည့်နေသော... မောင့်မျက်လုံးတွေကို... မသိချင်ယောင်ဆောင်ရင်း... စကား မပြောပဲ... သူနေခဲ့သည်...။

သည်လိုနဲ့... နောက်နေ့တနေ့လုံးမှာလည်း... သူ့ကို... စကားလာပြောနေသော... မောင့်ကို... ဘာတလုံးမှ... စကား... ပြန်မပြောခဲ့.. ။ မောင့်... မျက်နှာကိုလည်း ... သူ... တချက်မျှ... ပြန်မကြည့်ခဲ့ချေ...။ (သည် အဖြစ် အပျက် ကပဲ... မောင်နဲ့... ချစ်သူတွေ ဖြစ်သွားခဲ့စေသည်လား... မသိတော့...) မှတ်မိလိုက်သည်မှာတော့... သူ့ရှေ့မှ... မောင်... ပျောက်သွားသည်...။ သည့်နောက်မတော့... နိုင်နိုင်နဲ့ မသင်း... အတန်းထဲသို့... ရောက်လာသည့်အခါ... သူ... ငိုချလိုက်မိခြင်းပါပဲ...။ - ဟဲ့... ဟဲ့... ဘာဖြစ်တာလဲ...နိုင်နိုင်နဲ့ မသင်း မေးလို့ မဆုံးခင်မှာပဲ... သားကြီးက အတန်းထဲ ရောက်ချလာပြီး မေးပါတယ်...။ - အမ ငနောင့်ကို ဘာ လုပ်လွှတ် လိုက်သလဲ... ဒီကောင် ငိုပြီး ပြန်သွားတယ်... ဘာဖြစ်လဲ မေးတော့လည်း မပြောဘူး... အမက... သူ့ကို... စကား မပြောဘူးဆိုတာပဲ ပြောတယ်...။ သူ.. ဘာ တခွန်းမှ ပြန်မဖြေနိုင်ပါ...

သည့်နောက်မှာတော့... သူ့လက်ကို... ဆွဲပြီးခေါ်သွားသည့်... နိုင်နိုင်နဲ့ မသင်း... နောက်ကို.. လိုက်သွားရင်း... ကိုအောင်တို့... သားကြီးတို့ပါ... ပါသည့်... သူငယ်ချင်း ၈ ယောက် အုပ်စုကြီးတခုလုံး... နောင်နောင့် အိမ်ကို ရောက်သွားကြတော့သည်...။ အိမ်ရှေ့ ကွပ်ပြစ်မှာ... ဆန်ပြာရင်း... စပါးလုံးထိုင်ရွေးနေသည့်... နောင်နောင့် မိခင်က.. သူတို့ကို တွေ့တော့... သားရေ... မင့် သူငယ်ချင်းတွေ... ဒီမှာ... ရောက်နေကြတယ်... ဆိုတဲ့ စကားအဆုံး... အိမ်ခန်းထဲက... ထွက်လာသည့်... နောင်နောင့်ကို... တွေ့တော့... သူ... ထပ် ငိုချလိုက်မိ တော့သည်...။ -ဟဲ့... ဘာဖြစ်ကြတာလဲ... နားမလည်နိုင်တဲ့ နောင်နောင့်မိခင်ရဲ့ အမေးကို သူငယ်ချင်းတွေ ၀ိုင်းဖြေ နေကြတဲ့ အချိန်မှာ... သူ လုပ်မိတာကတော့... နောင်နောင့် လက်ကို... ဆွဲပြီး... သူ့ရင်ဘတ်မှာ ကပ်ထားမိခြင်းပါပဲ...။

သည်လိုနဲ့... ချစ်တယ်...ဆိုသည့်... စကားကို... မပြောပဲ... သူနဲ့... နောင်နောင်... ချစ်သူတွေ ဖြစ်ခဲ့ကြ...။ သူထက် ၅ နှစ် ငယ်သော်လည်း... အတွေးအခေါ်တွေမှာ .. သူ့ထက် ၅ နှစ် ပိုကြီးနေတဲ့... နောင်နောင့်ကို... နောင်လေး-လို့ ခေါ်ရာကနေ - လေး - တလုံး ပြုတ်သွားခဲ့ပြီး - နောင် - ဖြစ်သွားခဲ့သလို သူ့ကို - အမ -လို့ ခေါ်သော နောင်နောင်ကလည်း -အ - တလုံး ပြုတ်ပြီး - မ - လို့ ခေါ်ခဲ့...။ နောက်တော့လည်း - မ - ရှေ့မှာ - ချစ် - တလုံးပါ တိုးလာ ခဲ့သည် အထိ... ။

သို့သော်လည်း... ဇာတ်လမ်းက... သည်မှာ မပြီးသွားပါ...။ ချစ်ခြင်းမေတ္တာ... အကြားတွင်... ယုံကြည်ချက်များ... ကံကြမ္မာများ... ၀င်ရောက်လာသောအခါ... စာအုပ်တအုပ်ကို... ဖွင့်လှန်လိုက်သည့်အခါ.. ဝေးကွာသွားရသော စာမျက်နှာ ၂ ခုလို... အနီးကပ်ဆုံး ဝေးကွာ သွားရသော... စာရွက် ၂ ရွက် အဖြစ်... နောင်လေးနှင့် ကိုယ့် ကိုယ်ကို... သူ ... တွေ့ရှိ ဖြစ်လေ တော့သည်။
-------------------
ဒဏ်ရာရထားသော လူသား ၂ယောက်ကို သယ်ဆောင် ထားခဲ့ဖူးသည့် မြို့တမြို့ကသာ ...
နာကျင်မှု... ဆိုသော... စကား တလုံး၏.. အဓိပ္ပါယ်ကို... သိပါလိမ့်မည်...။
ထိုမြို့ကို... သူ... လွမ်းပါသည်...။

--------------------------------------------------------------------------------------

နှစ်ချို့ဝိုင်တခွက်

အရက် အပြင်းစားတွေ... ဘီယာတွေကို... မသောက်ဖြစ်တော့သည်မှာ... အတော် ကြာနေပြီ...။ ခုတလော... စာ ရေးရင်း... ကဗျာ ရေးရင်း... ၀ိုင် တခွက် နှစ်ခွက် လောက်တော့... သောက်ဖြစ်နေသည်။ ခုရက်ထဲ... သူငယ်ချင်း တယောက်က... လက်ဆောင် ပေးထားသည့်... ၀ိုင် တလုံးကို... ဖောက်သောက်နေမိခြင်း ဖြစ်သည်။ ၀ိုင်တွေ... အမျိုးစုံ ထဲမှာ... ၀ိုင်အနီကိုမကြိုက်သော... သူ့အတွက်... သူငယ်ချင်းက... ၀ိုင်အဖြူ (Chardonnay) တလုံး ... လက်ဆောင် ပေးသွားခြင်းဖြစ်သည်။ ၀ိုင်အနီကို... သူ... မကြိုက် ရခြင်း ကတော့... သွေးတွေကို သောက်နေရ သလိုမျိုး... စိတ်ထဲမှာ ဖြစ်လို့သာ... အခြား ထူးခြားသည့် အကြောင်း တစုံတရာတော့... မရှိချေ..။

ဝိုင်ဖြူကို... ခွက်ထဲထည့်ရင်းက... ၀ိုင်ပုလင်းကို... ခုမှ သေချာ ကြည့်ဖြစ်မိတော့... သည် ၀ိုင်က ၆ နှစ်သား ရှိနေပြီပဲ...။ (Chardonnay) ထဲမှာ... ရှားရှားပါးပါး ဖြစ်သည်။ သူငယ်ချင်းကို... အံ့သြနေမိသေးသည်... ဘယ်ကများ... သွားရှာဝယ်ခဲ့ပါလိမ့်။ သည်ဝိုင်ကို... ဈေး အတော် ပေးခဲ့ရပုံလည်း... ရသည်လေ...။ တွေ့ဖူးသမျှ... (Chardonnay) တွေက... အလွန်ဆုံး... ၂ နှစ် ၃ နှစ်တွေချည်းသာ...။ သြော... ခုတော့... နှစ်ချို့ ၀ိုင်ဖြူ တခွက်... သောက်နေရ သည်ပေါ့...။ ၀ိုင်ခွက်ထဲမှ... ၀ိုင်ဖြူကို... ကြည့်ရင်း... ။ နှစ်ချို့ဝိုင်.... နှစ်ချို့ဝိုင်....။ အချိန်ကာလ... အတော်ကြာ... သိမ်းဆည်း ထားရသော ၀ိုင်...။ စဉ်းစားရင်း... ရင်ထဲမှာ... နှစ်ချို့နေသည့်... ၀ိုင်.... တခွက်ကို... တိုက်တိုက် ဆိုင်ဆိုင်... သူ... သတိရ သွားတော့သည်.... ။
---------------------------------------
တိုက်တိုက်ဆိုင်ဆိုင်... ဆိုသည့်... စကားလုံးမှာ...
နာကျင်မှုတွေလည်း... ပါလာတတ်ပါသေးသည်...

---------------------------------------
ကွန်ပြူတာ စားပွဲရှေ့အရောက်... ဘာရယ်မဟုတ်... တွေ့ရာ ခလုပ်တခုကို... နှိပ်လိုက်မိသော လက်ကိုပဲ... စိတ်ဆိုးချင်မိတော့သည်...။ စားပွဲဘေးနားမှ... Casetteမှ... Play ခလုပ်ကို ... ဘာရယ် မဟုတ်... နှိပ်ချ လိုက်မိသည်...။ တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရသည်က...

သတိရလို့နေမယ်... အေးချမ်းလှတဲ့... မချိုမချဉ် အပြုံးလေးကို...
အတိတ်တခုက... အတွယ်တာရဆုံး...
ဘ၀တကွေ့မှာ... တွေ့ရှိလို့လာ... ရေစက်လေလား...
မမချစ်... မမချစ်...
အမိုက်မဲကလေးကို... ခင်တွယ်ခဲ့တဲ့... မောင့်ရဲ့... မမချစ်....

သူ့တကိုယ်လုံး... နာကျင်သွားလေသည်...။ ၀ိုင်ခွက်ထဲမှ... ရှိသမျှ... ၀ိုင်တွေအားလုံးကို... တခါတည်း... အကုန် သောက်ချ ပစ်လိုက်မိသည်...။ ပြီး မီးဖိုချောင်မှာ... ထားခဲ့သော ၀ိုင်ပုလင်းကို... သွားပြန်ဆွဲပြီး... ဖန်ခွက်ထဲ... နှစ်ချို့ ၀ိုင်ဖြူတွေ... ဒလဟော... လောင်းချနေမိ လေတော့သည်...။ သို့သော်လည်း... သူ့ အနာအကျင်များ... ပျောက်မသွားပါ...။
-----------------------------------
အကိုတယောက်သာ ရှိသော... သူ့ဘ၀မှာ... အမ တယောက်ဖြစ်ဖြစ်... ညီမ တယောက် ဖြစ်ဖြစ် ... လိုချင်ခဲ့မိ သည်လေ...။ ဘာလို့လဲတော့... သူ မသိပါ...။ သည့်အတွက် ကြောင့်လည်း.. ဆယ်တန်းအောင်ပြီး... ဒေသ ကောလိပ်... တက်ရချိန်မတော့... သူငယ်ချင်း ဖြစ်သူ... ကိုအောင်၏ အမဖြစ်သော... အမနိုင်... အပါအ၀င်... အမ သုံးယောက်ကို... သူ တွေ့တွေ့ခြင်းမှာ... သူ့ အမ အရင်းတွေလို... သံယောဇဉ်... ဖြစ်မိတာဖြစ်မည်...။ အမနိုင်က... အဆိုတော် မေဆွိနဲ့ ခပ်ဆင်ဆင်မို့... သူက မေဆွိလို့ပဲ ခေါ်ခဲ့သည်...။ သူ့ကို ထောက်ခံ ကြလို့လား မသိ... အားလုံးက မေဆွိလို့ပဲ... အမနိုင်ကို... ခေါ်ကြလေ တော့သည်...။ နောက် အမ ၂ ယောက် ဖြစ်သော... မသင်းနဲ့ မစံကိုတော့... သူတို့ အားလုံး ထဲမှာ... အသက် အကြီးဆုံးတွေ မို့လို့... အမကြီး အမိအရာ ဆိုသော စကား အတိုင်း... အမိသင်းနဲ့ အမိစံလို့... သူတို့ အားလုံးက... နောက်ပြောင်ပြီး... ၀ိုင်းခေါ်ကြ သည်လေ...။ နောက်တော့... မမိသင်းနဲ့ မမိစံ...လို့... အားလုံးက... ခေါ်ကြတော့သည်။

အမနိုင်နဲ့ မမိသင်းက... ရီးစားကိုယ်စီ ရှိကြသည်မို့... သူတို့ မောင်တော်တွေလာလျင်... ပျောက်သွား တတ်ကြလေ့ ရှိသည်။ မမိစံ တယောက်တည်းသာ.. ကျန်နေတတ်သည်...။ သည်အခါ... ယောက်ျားလေးတွေ ချည်းပဲ ဖြစ်သော... သူတို့ သူငယ်ချင်းအုပ်တွေထဲ... မိန်းကလေး တယောက်ထဲမို့ ... မမိစံက... မပါတော့...။ သည်အခါ... သူက... မမိစံကို... အဖော် သွားလုပ်ပေးနေ တတ်သည်...။ ဘာရယ် မဟုတ်... ။ မမိစံ ... အထီးကျန်နေမှာ... စိုးလို့...။ နောက်တော့ ... သူတို့ ကျောင်းပြေးပြီး... လွတ်သမျှသော စာတွေကို... ဒိုင်ခံ ကူးပေးနေသော... မမိစံကို... သူ သနားသည်...။ သည့်အတွက်... သူ အချိန်ရတိုင်း... မမိစံကို... စာတွေ ၀ိုင်းကူး ပေးလေ့ရှိသည်။ စာတွေ ၀ိုင်းကူး ပေးသော သူ့ကို... မမိစံကလည်း... မောင်လေး အရင်း တယောက်လို... ချစ်ပုံရပါသည်။ ငနောင်လို့... သူ့သူငယ်ချင်းတွေ ခေါ်တာကိုပင် - ဟဲ့... လူတယောက်ကို နံမည် အရှေ့မှာ... င ... တပ်ခေါ်တာ... အရမ်းရိုင်းတယ်... နင်တို့အားလုံး... သူ့ကို... နံမည်ရင်း အတိုင်းပဲ... နောင်နောင်လို့ ခေါ်...- သို့သော်လည်း... သူ့နံမည်ကို မမိစံခေါ်တော့... နောင်လေး... ။ မောင်လေးနဲ့ နောင်နောင်နဲ့ ပေါင်းလိုက်တာလို့.. မမိစံပြောတော့... အားလုံးက... သဘောကျ သွားကြ လေသည်လား မသိ... သူငယ်ချင်းအားလုံးက... နောက်တော့... သူ့ကို -နောင်လေး-လို့ပဲ... ခေါ်ကြတော့သည်လေ...။
-------------
သည်လိုနဲ့... မနိုင်နဲ့ မမိသင်း မရှိလေ... သူနဲ့ မမိစံ... အတူတူ ရှိနေဖြစ်သည့် အချိန် ကာလ တွေက... များလာ လေလေ.. ဖြစ်ခဲ့သည်...။ သည်လိုနဲ့ တတွဲတွဲ... တသွားသွား... ဖြစ်လာသော ... အချိန်တွေက... များလာသလို... သူ့ အတွက်တော့... မောင်နှမရင်းထက် မကသော... သံယောဇဉ်တွေ... ရင်မှာ ဖြစ်တည်လာခဲ့ သည်လေ...။ သူ့ နေ့တွေက... ကျောင်းတက်ဖို့ လာတာ... မဟုတ်တော့ပဲ... မမကို ကြည့်ဖို့... ကျောင်းလာ နေသော နေ့တွေ... ဖြစ်နေခဲ့တော့သည်။
--------------------
ကျောင်းတက်ဖို့... လာတော့...
ကျောင်းခန်းထဲက... လည်ပြန်ကြည့်နေတဲ့...
သူ့အကြည့်က... ရင်အခုန်ရဆုံး...
ဘ၀တကွေ့မှာ... ရရှိလို့လာ... ဆုတောင်းလေလား...
--------------------
သည်လိုနဲ့ တရက်သားမှာ... ၂ ယောက်အတူ လမ်းလျှောက် လာတုန်း... ဗြူန်းကနဲ... ရွာချခဲ့သော... မိုးအောက်မှာ... သူ ဖွင့်ဆောင်းလိုက်သော ချာလီထီး အောက်... မိုးဝင်ခိုရောက်လာသော... မမက... ထီးကို ကိုင်ထားသော... သူ့လက်မောင်းကို... တမင်တကာလား အမှတ်တမဲ့လား မသိ... ခိုတွယ်ထားခဲ့ဖူးသည်...။ ကားမှတ်တိုင်မှသည်... ကျောင်းခန်းထဲ ရောက်သည်အထိ...။ သူ့ရင်တွေ... မကြုံစဖူး ခုန်ခဲ့ရသော... အဲသည် နေ့လေးကို... သူ့ ဂစ်တာ ကျောဖက်မှာ... ဘောပင်ဖြင့်... သူ မှတ်ထားခဲ့ဖူးသည် ... ဇူလိုင် ၂၆။ ၁၉၈၁ ခုနှစ်။
---------------------
တရက်မတော့... သူ့ဖခင်မှာ... နိုင်ငံရေးလှုပ်ရှားမှုဖြင့်... အိမ်တွင် လာရောက် ဖမ်းဆီးခြင်းကို... ခံရလေသည်။ နောက် တနေ့ ... ကျောင်းကို... သူ သွားရသော်လည်း... စိတ်မပါတော့...။ အဖေ မရှိလျင်... ရင်ဆိုင် ရတော့မည့်... အခက်အခဲများကို... သူက သိနေပြီး ဖြစ်ပါသည်...။ သည်လိုနဲ့... စိတ်ပျက်လက်ပျက်... ကျောင်းကို... အစောကြီး ရောက်လာသော... သူ့ကို.. မမက တွေ့တွေ့ချင်း ... တခုခု ဖြစ်နေမှန်း... သိလေသည်။ ဘာဖြစ်နေလဲ...လို့ သူ့ကို... မေးတော့.... သူပြန်ပြောပြနေသည့် စကားတွေကို... နားမလည်သလို... ကြည့်နေ ခဲ့သော မမကို ... လွမ်းမိပါသေးသည်။

အဲသည်နေ့ကြောင့်ပဲ..
သူနဲ့ မမ နှစ်ယောက်အကြားက... တံတိုင်း တခု...
ပြိုကျ သွားခဲ့သည် မဟုတ်လား...။

ညနေရောက်တော့... သူငယ်ချင်းတွေ အားလုံး... အတူတကွ တက်နေကြသည့်... ဆရာ ရောဘတ်တန် ကျူရှင် အ၀မှာ... သားကြီးနှင့် သူ... အရင်ဆုံး... ဆုံလေသည်။ သားကြီးနှင့် သူက... ဒေသကောလိပ် ရောက်မှ သိကြ သော်ငြား... ဂစ်တာ တီးကြသူချင်းမို့... ရင်းနှီးလေသည်။ သူနဲ့ သားကြီးတွေ့တော့... သူ့အဖေ သတင်းကို ကြားပြီးသား ဖြစ်သည့် သားကြီးက... သူ့ကို အားပေးလေသည်။ အားပေးခါမှ... သူက ပိုပြီး ၀မ်းနည်းသွားမိ သည်လား မသိ...။ ငါ အရက် သောက်ချင်တယ်ကွာ... သူပြောတော့... သားကြီးက... တကာခံပြီး... ၂၁ လမ်း ထိပ်မှာ... အရက်သွား... သောက်ကြသည်လေ...။ နောက်တော့... ကျူရှင် အလွှတ်မှာ... အေးစန်းတို့ ကားထဲ... သူတို့ ၂ ယောက်... သွားထိုင်နေကြသည်...။

ည ၉ နာရီကျော်... ကျူရှင်လွှတ်တော့... သူငယ်ချင်း အားလုံး... ကားရှိရာဆီ ရောက်လာကြသည်...။ - အော... ကျောင်းပြေးတဲ့ နှစ်ကောင်က... ကားပေါ် ရောက် နေတယ်ဟေ့.... - မနိုင်... ပြောတာကို .. သူကြားလိုက်သည်။ နောက်တော့ သူငယ်ချင်းတွေ အားလုံး... ရောက်လာပြီး .. ကားပေါ်တက်ကြသည်။ - ဟား... အရက်စော် နံတယ်... - မမိသင်းက ပြောတော့ ... သားကြီးနဲ့ သူ့ကို အားလုံးက... ၀ိုင်းကြည့်ကြလေသည်။ သူကတော့... မမူး တမူး ဖြစ်နေပြီ...။ သို့သော်လည်း... သူငယ်ချင်းတွေ... ပြောနေ သမျှတော့... မှတ်မိနေသေးသည်။ သားကြီးကတော့... - ဟုတ်တယ်... နောင်လေး... အရက် သောက်ချင်တယ် ဆိုလို့ ကျနော် လိုက်တိုက်တာ.. -လို့ အပြောမှာတော့ မနိုင်က... သားကြီးခေါင်းကို... သူ့လက်နဲ့... ဒေါင်ကနဲ... ခေါက်ချလိုက်သည်ကို... သူ မြင်ရသည်။ အမ ၃ ယောက် ထဲမှာတော့ မနိုင်က... ခြေမြန်လက်မြန်။ အား... မေဆွိ... ဘာလုပ်တာလဲ... - သူ့ ခေါင်းကို လက်နဲ့ ပွတ်ရင်း ... သားကြီး အော်တော့... မမိသင်းက ၀င်ပြောသည်...။ မှတ်အောင်လို့.. ဟဲ့... ဘယ့်နှယ် သူက တားရမှာကို မတားတဲ့အပြင် အရက် ၀ယ်တိုက်ရတယ်လို့...။

သူကတော့... မမ မျက်နှာကိုသာ... ကြည့်နေမိသည်...။ မမကတော့...သူ့ကို မကြည့်ပါ...။ ထိုညမှာ မမူးတမူး ဖြစ်နေသော သူ... အိပ် မပျော်ခဲ့ပါ။

နောက်နေ့ ရောက်တော့လည်း... စာသင်ခန်း ရှေ့ဆုံးမှာ... သူတို့ တဖွဲ့သားလုံး... ထိုင်နေကြဖြစ်သည့် ခုံမှာ... မမ တယောက်ထဲ... ထိုင်နေလေသည်။ သူက... မမဘေးမှာ... ၀င်ထိုင်ရင်း... - အမ.. မနေ့က... ကျနော် အရက် သွား သောက်မိတာ... ခွင့်လွှတ်နော်... မမက... ဘာစကားမျှ... ပြန်မပြောသလို... သူ့ကိုလည်း... မကြည့်ချေ...။ သူ့ဘာသာသူ... ရေးလက်စ စာကိုသာ... ဆက်ရေး နေလေသည်။ - အမ ကျနော့်ကို စကား ပြန်မပြော ဘူးလား...- သူ မေးနေသည့်တိုင်... သူ့ကို... အနားမှာ ရှိနေသည့်ပုံပင် မပြသော... မမကြောင့်... သူ ၀မ်းနည်း လာမိသည်။ သည့်နောက်တော့... သူမှတ်မိသည်မှာ... သူ့အိမ်သို့ သူပြန်ရောက်နေသည်ကိုပဲ... သတိ ထားမိတော့သည်။ အမေကတောင် - ဟဲ့... သား... ဒီနေ့ အစောကြီး ပြန်လာပါလား...။ အမေ့ကို... ဘာပြန်ပြောမိ မှန်းလည်း... သူ... မမှတ်မိတော့...။ နောက်တော့... သူ့ အခန်းထဲ ၀င်ပြီး... ကုတင်ပေါ်မှာ ထိုင်လိုက်ရင်း... ခေါင်းရင်းမှာ ထောင်ထားသည့် ဂစ်တာကို... ဆွဲယူကာ... တွေ့ကရာတွေ... တီးနေမိသည်...။ အချိန် ဘယ်လောက် ကြာသွားသည်လဲ... သူ... မသိ...။ သားရေ... မင့် သူငယ်ချင်းတွေ... ဒီမှာ... ရောက်နေကြတယ်... ဆိုသည့် အမေ့စကားကို ကြားလိုက်ရသဖြင့်... အိမ်ခန်းထဲမှ... ထွက်လာမိသည်။ အိမ်ရှေ့ ကွပ်ပြစ်မှာ... အမေ့ဘေးနား...ထိုင်နေကြသည့် အမနိုင်တို့ ၃ ယောက်နှင့် သူငယ်ချင်းများကို... သူတွေ့ရသည်။ မမကတော့... မျက်လုံးတွေ နီရဲလို့... ။
--------------------
သည့်နောက်မှာတော့... မမနဲ့သူ... တရားဝင် ချစ်သူတွေ... ဖြစ်ခဲ့ကြသည်။ မမကို.. သူ... ဘယ်လောက်ထိ ချစ်ခဲ့သည်လဲ... လို့ မေးလျင်... ဒုတိယနှစ် အတန်းတင်စာမေးပွဲမှာ... ဓါတုဗေဒ ဘာသာရပ်ကို... မဖြေနိုင်သဖြင့် စာမေးပွဲ ကျိန်းသေ ကျပြီဆိုကာ... ထိုင်ငိုနေခဲ့သော မမကြောင့်... နောက်တနေ့ဖြေသည့် ဘာသာရပ်တခုကို ဘာတခုမှ မဖြေပဲ... သူ... စာမေးပွဲ အကျခံခဲ့သည်လေ။ ဒါကို... မမပင် မသိ...။

အောင်စာရင်းထွက်တော့... အစမ်းစာမေးပွဲတွေပင်... တခါမှ မကျဘူးသော သူ့ကို... အမေက... မယုံနိုင်သလို ကြည့်ပြီး - သားရယ်... နင်ငါ့ကို နောက်နေတာလား... - မေးတော့... သူ... ဘာမျှ ပြန်မပြောနိုင်ခဲ့ပါ။ သည့်နောက်တော့... သူငယ်တန်းမှ အထက်တန်းအထိ... အတန်းတိုင်း... နှစ်တိုင်း... တကျောင်းလုံး ပထမ ရခဲ့သည်အထိ... စာတော်ခဲ့သော... သူ့ကို... သံသယ ဖြစ်လာသော သူငယ်ချင်းများက... သူ့အား မေးကြ လေသည်... - နောင်လေး... မမိစံကြောင့်... မင်း အဖြေလွှာကို... ခြစ်ချပစ်တာ မဟုတ်လား...။ သည် စကားကြောင့်... မမကလည်း... သူ့ကို မေးလေသည်... - နောင်... မမကြောင့်... စာမေးပွဲ အကျခံလိုက်တာ မဟုတ်လား...-။ - အား... ဟုတ်ပါဘူး... နောင်လည်း... မဖြေနိုင်တာပါ... ။

အဲသည် နှစ်မှာ... မမ၊ သူ နဲ့ သားကြီး... စာမေးပွဲ ကျသည်။ ကျန် သူငယ်ချင်းအားလုံး... အောင်ကြသည်။ နောက် နှစ် မတော့... သူငယ်ချင်းတွေ... အားလုံး... ကွဲကုန် ကြသည်။ အလွန်ပျော်ရွှင်စရာ... ကောင်းခဲ့သော... သည် သူငယ်ချင်း တအုပ်သည်... အဲသည် အချိန်မတော့... မယုံနိုင်စရာ ကောင်းလောက်အောင်ပင်... အကွဲကွဲ အပြားပြား...။ မနိုင်က... ကျောင်းဆက် မတက်တော့ပဲ... အလုပ်ဝင်သွားသည်။ မသင်းက... စာပေးစာယူ ပြောင်းသွားသည်။ ကိုအောင်က... သင်္ဘောတက်သွားသည်။ ဇော်ဇော်က... ရေကြောင်းသိပ္ပံ ပြောင်းတက်ပြီး... အောင်မင်းက... ဂျီတီအိုင် ပြောင်းတက်လေသည်။ အဲသည်ကတည်းက... ကံကြမ္မာဆိုသည့်... ငတိကို... သူ... သတိထားမိခဲ့ဖို့... ကောင်းသည်။ နောက် စာသင်နှစ်မတော့... သူနဲ့ မမ ၂ ယောက်တည်းသာ... ကျောင်း အတူသွား... အတူပြန်...။ သားကြီးကတော့... တခြား သူငယ်ချင်းတွေနဲ့ ... တွဲနေလေသည်။
--------------------
သည်လိုနဲ့... ဘာအနှောက်အယှက်မျှ ရှိပုံမရသော ချစ်ခြင်းတခုမှာ... ကွဲကွာခြင်း.ဆိုသော ဆူးပုန်း တချောင်း... ကိန်းအောင်း နေခြင်းကို... သူ... မသိလိုက်ခဲ့ချေ...။ သည်ဆူးက... သူ့ နှလုံးသား တည့်တည့်ကို... စူးနစ် သွားခဲ့တော့မှသာ... နံမည်တခုနှင့် နာကျင်မှုတခုကို... စပျစ်ဝိုင်တွေလို... နှစ်ချို့ နေအောင်... သူ့ ရင်ထဲမှာ... သိမ်းဆည်း ခဲ့ရ ပါလေသည်။ ခုတော့လည်း... နှစ်ချို့ဝိုင်ဖြူ တခွက် ကြောင့်.ပဲ.. သူ့ရင်ထဲက.. နှစ်ချို့ဝိုင်တခွက်... စီးထွက် ကျလာရပြန်ပါပကော... .... ..... ။

--------------------------------------------------------------------------------------------

အိပ်မက်ဆိုးတခု

သည်လိုနဲ့... တရက်မှာတော့... သူ့ဖခင်ကို... အင်းစိန်ထောင် တရားရုံးတွင်... ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း... သိရပြီး ချိန်မတော့... သူတို့ မိသားစု... သူ့ဖခင်ကို... သွားတွေ့ဖို့... စီစဉ်ကြရလေသည်။ အမေနဲ့ အကိုကတော့... အိမ်ကနေ သွားကြမည်။ သူကတော့... ကျောင်းကတဆင့် သွားရမည်... ဖြစ်သဖြင့်... သူငယ်ချင်းများကို... သည်နေ့တော့... သူ... အင်းစိန်ထောင်သို့... သွားမည် ဖြစ်ကြောင်း... အတန်း မတက် နိုင်ကြောင်း... သူ... ပြောပြတော့... သူ့ဖခင်နှင့်... ရင်းနှီးပြီးသား ဖြစ်သော... သားကြီးတို့... ဇော်ဇော်တို့... အောင်မင်းတို့ ကလည်း... သူတို့လည်း လိုက်ခဲ့မည်ဟု... ဆိုလေသည်။ ဦးလေးကို အားပေးချင်တယ်-လို့ ပြောလာသော... သူငယ်ချင်းများကို... သူ... ကျေးဇူးတင်ပါသည်။ သည့်နောက်တော့... မမကပါ... လိုက်ခဲ့မည် ပြောတော့... မနိုင်တို့... မမိသင်းတို့ကပါ... သူတို့ပါ လိုက်ခဲ့မည်ဆိုပြီး.. အတန်းတွေဖျက်.. အင်းစိန် ထောင်သို့... သူတို့.. သူငယ်ချင်းတအုပ်ကြီး... ချီတက်ခဲ့ကြသည်လေ။

နောက်... နေ့လည်... ဆယ့်တနာရီလောက်မတော့... အလုံပိတ် ထောင်ကားအပြာကြီးပေါ်မှ.. ဆင်းလာသော... လက်ထိပ် တန်းလန်းနဲ့ သူ့ ဖခင်ကို... သူမြင်ရလေသည်...။ ဖခင်ကို... လက်ထိပ်နဲ့... ပထမဆုံး အကြိမ် မြင်ရသော သူ့မှာ... ၀မ်းနည်းတာရော... ဒေါသ ထွက်တာရော... ပေါင်းစပ်ပြီး... မျက်ရည်များ လည်လာ လေသည်။ အဖေက... သူ့ စိတ်ခံစားမှုကို... မြင်တာနဲ့... သိပုံရလေသည်... သူ့ကိုတွေ့သည်နှင့်... - ဟေ့ကောင်... ဘာဖြစ်နေတာလဲ... မင်း... ယောက်ျား မဟုတ်ဘူးလား - ဟု သူ့ကို... ပိတ်ဟောက်လေသည်။ ဒါနဲ့ပဲ... သူ့မျက်ရည်တွေကို... ကမန်းကတမ်း... သူ... သိမ်းခဲ့ရသည်။ အဖေနဲ့... အမှုတွဲ တတွဲထဲ ဖြစ်သော... သူ သိသော... အဖေ့ မိတ်ဆွေ ရဲဘော်များကိုလည်း... တွေ့ရလေသည်။ တချို့က... သူ့ကို သိနေပြီးသားမို့... နောင်နောင် နေကောင်းလား- လို့တောင်... သူ့ကို ပြန်ပြီး နှုတ်ဆက် နေကြသေးသည်။ အချုပ်အနှောင်ထဲမှာ... နေနေရသူတွေက.. သည်လို... မေးနေကြတော့... သူ... ၀မ်းနည်း မိပါ သေးသည်။ အဖေ အပါအ၀င်... သူ့ ရဲဘော်တွေ အားလုံးက... အချုပ်အနှောင် ကျနေကြသည်နှင့်.. မတူချေ။ ပျော်ပွဲစား... ထွက်နေကြ သည်လား... ထင်ရ လောက်အောင်... ဟေး... ဟေး... ဟား... ဟား... လုပ်နေကြ သည်လေ။ ဘာမျှ စိတ်ဓါတ်ကျနေကြပုံ မရသော...အဖေတို့ ရဲဘော် တသိုက်ကို... အနီးကပ် စောင့်ကြပ် နေသော... ထောက်လှမ်းရေး... တကောင် ကပင်လျှင်... အမြင် ကပ်လာပုံရပြီး - တော်တော် ပျော်နေကြတယ်... စီရင်ချက် ချပြီးမှ ကြည့်ရဦးမယ်..- လို့ မနေနိုင်ပဲ... ပြောသွားခဲ့သေးသည်။ အဲသည်တုန်းက သူလည်း... အဖေတို့ကို... အံ့သြနေမိသည်။ (အခု အချိန် မှာတော့... ဘာ့ကြောင့် ဆိုတာ...သူ... နားလည် နိုင်နေပါပြီ...)

သည့်နောက်တော့... သက်ဆိုင်ရာ မိသားစုတွေကို... အစားအစာ ကျွေးမွေးခွင့်... စကား ပြောခွင့် ပေးတော့... ဂိုဒေါင်လို... အဆောက်အဦးတခုထဲမှာ... အဖေနှင့် သူတို့ မိသားစု... တွေ့ခွင့်ရပါလေသည်။ အဖေ့ ဘေးနားမှာ... သူတို့ မိသားစုရော.. သူ့သူငယ်ချင်းတွေရော... ၀ိုင်းအုံနေရင်း... အမေက... အဖေ့အတွက် အစား အစာများ... ပြင်ဆင်ပေးနေသည်။ အဖေက အမေ့ကို - ဟေ့... အစားအသောက်က... အရေး... မကြီးဘူး... အရေးကြီးတာတွေ... ငါပြောမယ်... နားထောင်ဦး...- ဟု အမေ့ နားနားကို... ကပ်ပြောရင်း... သူ့လက်ထဲမှ... စာလိပ်ကလေး တခုကို... အမေ့လက်ထဲ... ထည့်ပေးခဲ့သည်။ ပြီး... သူ့ဖက်ကိုလှည့်ပြီး... - မင်းကို ရေးခိုင်း ထားတဲ့ စာတွေ အားလုံး... ဒုတိယ နေရာကို... သွားပို့လိုက်တော့... - ဟု... သူ့ကို... ပြောလေသည်။

အမှန်တော့... အဖေ... လုပ်သမျှကို.. သူ... သိနေခဲ့သည်သာ။ ဘာလို့ဆို... အဖေ့... အယုံကြည်ရဆုံးသော ဆက်သားက... သူ ဖြစ်နေသည်... မဟုတ်လား... ။ တကယ်တော့... သူ ကိုယ်တိုင်ကလည်း.. အဖေ့... ရဲဘော် တယောက် ဖြစ်ပါသည်။ အမေပင်... မသိ။ စနစ်ဆိုး တခုကို... ဖြိုချဖို့ ... ကြိုးစားရသည်မှာ... လွယ်ကူသည် မဟုတ်ချေ....။ သည့်အတွက်... ဘ၀တွေနဲ့... ရင်းခဲ့ကြရသောသူတွေထဲမှာ... အဖေလည်း... ပါခဲ့ပါသည်။ သူ့ ဘ၀ တခုလုံးကို... ဆယ်စုနှစ် များစွာ တိုင်အောင်.... ပေးဆပ်ရင်းနှီးခဲ့သည်။ ယနေ့ထိလည်း... ပေးဆပ်နေဆဲ...။ ဗမာပြည်အတွက်... အလင်းရောင်ခြည် လက်ဖို့... သူ.့.. ဘ၀ တလျှောက်လုံး.. ကြိုးစားခဲ့သည်။ သည် အဖေ အတွက်... သူလည်း... သူတတ်နိုင်သည်ကို... ဖြည့်စွက် ခဲ့ခြင်းသာ။
-----------------------------------
ပြောစရာရှိတာတွေ... ပြောအပြီးမှာတော့... အမေကျွေးသည့်... အစားအစာတွေကို စားရင်း... အဖေက... သူ့ သူငယ်ချင်းတွေကို... နှုတ်ဆက်ပါသည်။ - သားတို့... နေကောင်းလား... -ဟု... သူတွေ့ဖူးသည့်... သားကြီးတို့... ဇော်ဇော်တို့... အောင်မင်းတို့ကို... နှုတ်ဆက်ရင်း... နံဘေးမှာ ထိုင်နေသည့်... မမ အပါအ၀င် ဖြစ်သော အမနိုင်တို့ ... ၃ ယောက်ကိုလည်း... - သမီးတို့ကိုတော့ တခါမှ မတွေ့ဖူးသေးဘူး... သားငယ်... သူငယ်ချင်း အသစ်တွေ ထင်တယ်...- မေးတော့... အမေက ... ပြုံးပြီး... မမဖက်ကို မေးငေါ့ပြကာ - ဒီတယောက် ကတော့ အကို့ ချွေးမလောင်းလေ... -ဟု ပြောသည့်အခါ... သူငယ်ချင်းတွေ အားလုံးက... ၀ိုင်းရယ်နေ ကြသေးသည်။ မမကတော့... ရှက်ရွံ့နေသည်လား မသိ။ အဖေကတော့... - အေး... အေး... ငါ့သားကိုလည်း... သိပ် မလိုက်လျောနဲ့... သမီး... ဒီကောင်က... အိညက်အိညက်နဲ့... သိပ်ပြီး... ခေါင်းမာတဲ့ကောင်... - ဟု ပြောနေ သေးသည်။ သည်လိုဆိုတော့လည်း... အရာရာ အားလုံးက... ပြုံးချင်စရာကောင်းအောင်... အစစ ချောမွေ့နေ တော့သည်လေ...။
-------------------------------------------------------
သို့သော်လည်း .. ဘ၀ဆိုသည်မှာ...
ထူးဆန်း အံ့သြစရာကောင်းသော... အလှည့်အပြောင်းများနဲ့ ပြည့်နှက်နေသော...
မည်သည့်အခါမျှ... ရေရာမှုမရှိသော....
ပဉ္စလက်ဆရာ၏... ခွက်တခွက်သာ ဖြစ်ပါသည်။
--------------------------------------------------------
ကိစ္စအားလုံးပြီးလို့... ပြန်ရချိန်မတော့... ညနေ ၄ နာရီခွဲလောက်ရှိတော့မည်။ ထောင်မှ ပြန်ထွက်ရာလမ်းမှာ... မမနဲ့သူ... အဖေ့အကြောင်း... ပြောရင်း... လျှောက်လာခိုက်... သူတို့ အရှေ့မှာ... အရပ်မြင့်မြင့် လူတယောက် လာရပ် လေသည်..။ သူက... အူကြောင်ကြောင်နဲ့... သည်လူ့ကို... ကြည့်နေခိုက်မှာ... - မစံ ဒီကို ဘာလာ လုပ်တာလဲ - လို့... မမကို... သည်လူက... လှမ်းမေးလေသည်။ - အော... ကိုညီညီ... ဒီမှာ... သူငယ်ချင်းနဲ့ လိုက်လာတာ... သူ့အဖေကို လာတွေ့တာ... - မမ... ပြန်ဖြေတော့ - ထောင်ဝင်စာလား... - ဆိုသော သည်လူ့ အမေးကို - ရုံးထုတ်တာပါ... - ဟု သူဝင်ဖြေသည့်အခါ - အော... ၅ (ည) တွေပေါ့... - ဟု ပြန်ပြောသော သည်လူ့ကို... သူ နည်းနည်းတော့... သဘောပေါက် သွားသည်။ - သွားဦးမယ် - မမက... ပြောပြီး... သူ့လက်ကို အတင်းဆွဲကာ... ထွက်လာ သည့်အခါ... သူလည်း... အူကြောင်ကြောင်နဲ့... ပါသွားလေသည်။ - မမ သူငယ်ချင်းလား - သူ မေးသည့် အခါ... - မဟုတ်ဘူး... မေမေတို့... ရပ်ဆွေရပ်မျိုးတွေ...။ ဗိုလ်ကြီး...။ သတင်း တပ်ဖွဲ့ကလို့... ပြောတာ... ကြားဖူးတာပဲ...။ သူက.. အိမ်ကိုလည်း... ခဏခဏ လာဖူးတယ်... လူကိုလည်း... ရီးစားစကား... လာပြော ဖူးတယ်... - မမပြောတော့.. - အော... မမ... ရီးစားဦးပေါ့... - သူ မေးသည့်အခါ သူ့မျက်နှာကို... ခပ်တည်တည် ကြည့်ရင်း - နောင်... နော်... အဲလိုမနောက်နဲ့... မကြိုက်ဘူး...- ဟု ပြောနေ သေးသည်။
------------------------------
သည်လိုနဲ့... သူ့မွေးနေ့ကို... ရောက်လာသည့်အခါ... မမက... ဘုရားသွားမည်ဆိုသဖြင့်... နှစ်ဦးသား ... ရွှေတိဂုံ ဘုရားကို... ထွက်လာခဲ့ကြသည်။ အမှတ် (၁၆) ကားကို... စီးပြီး... အာဇာနည်ကုန်းဖက်မှ... တက်လာ သည့် လမ်း တလျောက်မှာ... စကားတွေ... ဖောင်နေအောင်... ပြောလာသော... မမတယောက်... ဘုရားမှ အပြန် လမ်းမှာတော့... တခွန်းမှ မပြောတော့ပဲ... တိတ်ဆိတ်နေတော့သည်လေ။
------------------------------
သူ့ကြောင့်ပါ...။ ဘုရား ရှိမခိုးသော... သူ့ကြောင့်ပါ။
------------------------------
ဘုရားပေါ်အတက်... စောင်းတန်းမှ ၀ယ်လာခဲ့သော ပန်းများကို... သူ့မွေးနံရှိရာ ထောင့်မှာ... ပန်းအိုးထဲ... ထိုးစိုက်ပြီး... - လာလေ... နောင်... အတူကန်တော့ပြီး... ဆုတောင်းရအောင်လေ...- လို့ ခေါ်တော့... တချိန်လုံး မမ... လုပ်ကိုင်နေသမျှကို... ရပ်ကြည့်နေခဲ့သော... သူ... - နောင်က... ဘုရား ရှိမခိုးဘူး... မမရဲ့... - ဆိုတော့... နှုတ်ခမ်းကို... သူ့... ဘယ်ဖက်လက်နဲ့ အုပ်ရင်း... မျက်လုံးတွေ... ပြူးကျယ်သွားသော... မမကို... သူ ကြည့်နေ မိသည်။ - ဟယ်... ဘာလို့ ရှိမခိုးတာလဲ... ဒီလောက် ကြာခဲ့တာ... ဒီလိုမှန်း... လုံးဝ မသိဘူး...။ ဒါမဲ့... ဒီနေ့ တော့... အတူ ကန်တော့ချင်တယ်... အတူ ဆုတောင်း ရအောင်... လာပါ... - မမ ပြောတော့... - ဟင့်အင်း... နောင်... မကန်တော့ချင်ဘူး... မမ... - သူ ပြောတော့... သူ့ကို... ခဏလောက်... မျက်နှာချင်းဆိုင် ကြည့်ပြီး... မျက်ရည်များ... လည်ကာ... ဘာမှ ပြန်မပြော တော့ပဲ... သူ့မွေးနံထောင့်မှာ ထိုင်ပြီး... အချိန်အကြာကြီး... ဘုရား ရှိခိုး ဆုတောင်း နေခဲ့သော မမကို... ဘေးမှ ရပ်ကြည့်ကာ... သနားနေမိပါသေးသည်။ မမ စိတ်ချမ်းသာအောင်... အတူ ထိုင် ကန်တော့လိုက်လျင် ရသော်လည်း... သူ.. ဟန်မဆောင်ချင်ပါ။ ပြီး... သူ မယုံကြည်သည့် အရာ တခုကိုလည်း.. မည်သည့် အကြောင်းကြောင့်မျှ... သူ... မလုပ်ချင်ပါ။ သူက... ခေါင်းမာ တတ်တာလည်း ဖြစ်မည်လေ...။
------------------------------
သည်လိုနဲ့... ကိုးကွယ် ယုံကြည်ရာ ဘာသာရေးနဲ့ ပတ်သက်ပြီး... သူနဲ့ အကြိမ်ပေါင်းများစွာ... အချေ အတင် ပြောဆိုပြီးသည့် အခါ... မမ.. စိတ်လျှော့လိုက်ပုံရပါသည်။ သည်လိုနဲ့... နှစ်ယောက်သား အကြားမှ... ကန့်လန့်ကာ တခုကို... အတူတကွ... မေ့လျော့ထားခဲ့ကြပြီး... အချိန်ကာလတချို့ကို... ဖြတ်ကျော်ဖြစ်ခဲ့ကြ သည်လေ။ သို့သော်လည်း... တရက်သားမှာ... ရှိပြီးသား ကန့်လန့်ကာ တခုအပြင်... နောက်ထပ် ကန့်လန့်ကာ တခုက... သူတို့ နှစ်ယောက်အကြား... ရောက်လာပြန်ပါလေသည်။

ထိုနေ့က... မမက... မင်္ဂလာဒုံရှိ... အမကို... သွားတွေ့မည်... လိုက်ခဲ့ဖို့ပြောသဖြင့်... တာမွေဘူတာမှ... တက်ပြီး... ရထားစီး လာခဲ့ကြသည်။ သည့်နောက်တော့... မင်္ဂလာဒုံ ဘူတာမှာဆင်းပြီး... လမ်းလျှောက်ကာ... မမ၏ အမနေထိုင်ရာ အဆောင်သို့... ရောက်လာကြသည်။ သည့်နောက်တော့... ဧည့်ခန်းထဲ... စကား ထိုင် ပြောကြရင်း... မမ၏ အမက... စစ်ဆေးရုံမှ... ဗိုလ်ကြီး ဖြစ်နေကြောင်း... သူ သိသွားသည်။ ထိုအမက ဆက်ပြော နေရင်း... သူတို့ အမျိုးအဆွေတွေက... ဘယ်သူဘယ်ဝါဖြစ်ကြောင်း... သူ ထပ်မံ... သိရှိလာရသည်။ ဘယ်မြို့နယ် ပါတီ ကောင်စီ ဥက္ကဌက... အမေ့မောင်... သူတို့ဦးလေး...။ ဘယ်ရပ်ကွက် ပြည်သူ့ကောင်စီ ဥက္ကဌက... သူတို့ အကို တ၀မ်းကွဲ... ။ ဘယ်တပ်က... ဘယ်ဗိုလ်မှူးက... နောက် ဦးလေး... တယောက်။ နောက်ထပ်... ဘယ်သူ... ဘယ်သူတွေက... ဘာ...။ အလိုလေး... မမ တမျိုးလုံးက... သူ့ရန်သူတွေချည်း ဖြစ်နေကြပါပေါ့လား။ သူ အတော် တုန်လှုပ် သွားလေသည်။ သည်ကြားထဲ... မမ၏ အမက... သူ့ကို... ဘာ ဘာသာ ကိုးကွယ်လဲ... မေးတော့... ရွဲ့ပြီး... နတ် ကိုးကွယ်တယ်-လို့ ပြောမိမလို ဖြစ်ပြီးမှ... မမ မျက်နှာနဲ့... ဘာမှ မကိုးကွယ်သေးကြောင်း... ကိုးကွယ်ရာ တခုကို... ရှာနေပါကြောင်း... ပြောမိတော့... မောင်လေးက ဒိဌိကိုး..လို့ သူ့ကို ပြောလေသည်။ သည်တော့... ဒိဌိဆိုသော... စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို... အပြန်အလှန် ပြောရင်း... အခြေအနေက... တင်းမာလာသည်။ မမလည်း... မျက်စိမျက်နှာ ပျက်နေပြီ။ သူကလည်း... ယုံကြည်ရာတခုကို... ဒိဌိ-ဆိုသော စကားနဲ့... တန်ဖိုး အဖြတ်မခံနိုင်တော့... ခက်ချေပြီပေါ့လေ။ နောက်တော့... - ကျနော်တို့ ပြန်ကြရင် ကောင်းမယ်..-လို့ မမကို ပြောရင်း... သူ... ထရပ်လိုက်မိသည်။ မမ၏ အမကလည်း... - မိစံ... နင်... ဘယ်လိုလူနဲ့... သွား ပတ်သက် နေတာလဲ..- ဟု... ဗြောင်ပြောနေသည်ကို... သူ... ကြားလိုက်ရသေးသည်။ သူကတော့... ဘာမျှ ပြန်ပြော မနေတော့ပါ။ အပြန်လမ်းမှာတော့... မမကို... သူ... တောင်းပန်ခဲ့ပါသည်။ မမကလည်း... ဘာတခွန်းမှ... ပြန်ပြော မနေတော့ပါ။
-------------------------------
အသံမဲ့... တိတ်ဆိတ်စွာ... အတူလျှောက်နေကြသော... ခြေလှမ်းများက...
လမ်းခွဲတခုဆီသို့... ဦးတည်နေတော့သည်လား... သူ... မစဉ်းစားချင်တော့ပါ...
--------------------------------
သည်လိုနေရင်းကကို... နောက်တရက်မှာလည်း... နောက်ထပ် စိတ်ညစ်စရာ... အကြောင်းတခုက... ရောက်လာ ပါသေးသည်။ ဗိုလ်ညီညီဆိုသော... ငတိက... မမတို့အိမ်ကို... လာလည်ရင်း... မမအမေကို... အင်းစိန် ထောင်မှာ... မမကို သူနဲ့အတူ... တွေ့ခဲ့ကြောင်း... သူပုန်တွေနဲ့.. မမက... ပတ်သက်နေကြောင်း... ပြောသွားသည် ဆိုပဲ။ အမေက သူ့ကို ဆူနေကြောင်း မမက ပြောတော့... - ဒါဆိုလည်း... နောင့်ကို ဖြတ်လိုက်လေ... မမ...- လို့ မဆိုင်းမတွပဲ... သူ... ပြောခဲ့မိသည်။ ပြောကာမှ... ပိုဆိုးနေတော့သည်။ သူ့အမက လည်း... အမေ့ကို... မမ ကောင်လေးက.. မမထက် အများကြီး... ငယ်ပြီး... ဒိဌိဖြစ်ကြောင်း... စကားပြောလည်း... ရိုင်းကြောင်း.. တိုင်သွားသေးသည် ဆိုပဲ။ သည်တော့... မမကို... သူ... မေးမိသည်... - နောင်တို့က... ရှေ့ဆက် အတူ လျှောက်လို့... မဖြစ်တော့ဘူးထင်တယ်... မမ... ။ မမ... ဆုံးဖြတ်ပါ။ ဒါမှမဟုတ်... နောင်... ဆုံးဖြတ်ရမလား... - သည်လိုမေးတော့... ချုံးပွဲချ ထိုင်ငိုနေသော... မမကို... သူ မကြည့်ရက်ပါ။
-------------------------------
ဘာပဲဖြစ်ဖြစ်... မမကို... သူ... ချစ်သည်...။ အချစ်ဆိုသည်ကို... မမနဲ့တွေ့မှ... သူ... ထိတွေ့ခဲ့ရသည်။ စာအုပ် တကာမှာ... သူဖတ်ခဲ့ဖူးသော... အချစ် အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုပင်... သူ့အတွက်... မလိုအပ် တော့အောင်... အချစ်ကို... သူ... တွေ့ဖူးခဲ့ပြီပဲ။ သည့်အတွက်လည်း... မမကို... သူ... ကျေးဇူးတင်ပါသည်။
-------------------------------------------
သို့သော်လည်း... ချစ်ခြင်း တခုဖြင့်.. ဘ၀ နှစ်ခုကို... ပေါင်းစပ် မရနိုင်မှန်းလည်း... သူ... သိလာခဲ့ပြီ။ တခါတရံလည်း... ချစ်ခြင်း မေတ္တာအကြားမှာ...
ကံကြမ္မာက... မထစတမ်း... ၀င်အိပ်နေတတ်သေးသည် မဟုတ်လား...။
-------------------------------------------
တရက်သားမှာတော့... ဂျဒ်ဆင်နံဘေးမှာ... မမကို... သူ... ထားရစ်ခဲ့ပါသည်။ လွယ်အိတ်ကလေးကို ပိုက်ကာ ငိုရှိုက်ရင်း ကျန်ခဲ့ရှာသော မမကို... သူ့.. တသက်မှာ... ဘယ်လို မေ့ရက်မည်လဲ။ သူလည်း... ငိုခဲ့ပါသည်။ သူငိုခဲ့သော... မျက်ရည်တွေကို... နှစ်ပေါင်းများစွာ... သူ... စုဆောင်းထားမိသည့်အခါ ... နှစ်ချို့ဝိုင်တခွက်... ဖြစ်လာပါသည်။

-----------------------------------------
လူတိုင်း... တနေ့တာ... လှုပ်ရှား သွားလာ လုပ်ကိုင်ခဲ့ပြီးသမျှ... မောပမ်းခဲ့ရသော အချိန်ကာလများကို... အိပ်စက်ခြင်းဖြင့်... ထပ်မံ အင်အား ဖြည့်တင်း ကြရသည်လေ။ အိပ်စက်ကြသည်... ဆိုရာမှာလည်း... တယောက်နှင့် တယောက်... တဦးနှင့် တဦး... အိပ်စက်ကြသည့်... နေရာဒေသဖြစ်သော... မွေ့ရာ... မတူကြ သလို... အိပ်စက်ကြသည့်... အချိန်ကာလနှင့် အတိုင်းအရှည်တွေကလည်း... မတူနိုင်ကြပါပေ။ သို့သော်လည်း... အချိန်တန်လျှင်... လူသားတိုင်း... အိပ်စက်ကြရသည်ချည်း... မဟုတ်လား။ အိပ်စက်မှု... တူကြ သည့်တိုင်... အိပ်စက် နေစဉ်... အိပ်မက်... မက်ခြင်း... မမက်ခြင်း... ကလည်း... ကွာခြားကြသေးသည် မဟုတ်လား။ အိပ်မက်... မက်သည့်တိုင်အောင်လည်း... မက်ကြသည့် အိပ်မက်ခြင်းကလည်း... မတူနိုင်ကြပါပေ။

လူတချို့က... အိပ်မက် ချိုချို မက်နေချိန်မှာ...
တချို့ကလည်း... အိပ်မက်ဆိုးများ... မက်တတ်ကြသည်လေ။

ချစ်ခြင်းမေတ္တာကို... တနေရာရာ... တထောင့်ထောင့်မှာ...
မထင်မှတ်ပဲ... လူတိုင်း... ဆုံတွေ့တတ် ကြသည်... မဟုတ်လား...။
သို့သော်လည်း... မဆုံဆည်းနိုင်သော ချစ်ခြင်း မေတ္တာမျိုးမှာ... အိပ်မက်ဆိုး... သက်သက်မျှသာ...။

အိပ်မက်ဆိုးတခု-ကို ... သူ... ထပ်မံ မမက်ချင်တော့ပါ...။

(အောင်သာငယ်)