May 10, 2009

တိတ္ထိတဦး၏မှတ်တမ်း (နိဒါန်း)

အသက်တရာ မရှည်ပေမယ့် အခက်တရာ ပွေနိုင်သေးတယ်...
သည့်ထက်မကရင်လည်း တွေ့ရမယ် မရေနိုင်တော့ပြီပဲ...

ခင်မောင်တိုး၏ “အရွယ်လွန်ရွေ့လျား” သီချင်းသံက သူ့အခန်းထဲမှာ ခပ်တိုးတိုး လွင့်ပျံ့နေ လေသည်။ အပျင်းပြေ တွေ့ရာ ကောက်ဖတ်မိသော စာအုပ်ထဲသို့ နစ်မ၀င်သွားနိုင်သော သူ့စိတ်က သီချင်းသံဆီသို့ ရောက်သွားလေသည်။ ဘာအကြောင်းအရာမှန်း မသိသော သူ ဖတ်လက်စစာအုပ်ကို စားပွဲပေါ်သို့ ပစ်ချ လိုက်ရင်း ခင်မောင်တိုး သီချင်းကို အာရုံ စိုက်လိုက် မိသည်။ သီချင်းကို နားထောင် နေရင်းမှာပင် သူ့နားထဲမှာ သီချင်းသံကလည်း တိုးတိတ်ကာ ပျောက်ဆုံး သွားလေသည်။ သူ့အာရုံက သီချင်းသံမှာလည်း မရှိတော့ပါ။ သူ့အာရုံက အတွေး တခုထဲသို့ ရောက်သွားနေလေသည်။ သို့သော်လည်း သူ တွေးမိ နေသည်က အခက် တရာလည်း မဟုတ်ပါ။ အခက်အခဲတွေလည်း မဟုတ်ပါ။ သူကိုယ်တိုင် သော်၎င်း၊ သူ့လို ထပ်တူ ယုံကြည်ချက်ရှိသော သူ့သူငယ်ချင်းများ သော်၎င်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်တွေးနေမိခြင်းသာ ဖြစ်ပါသည်။

--------------------------------------------------------------------

သူက သာမန်လူများနှင့် အနည်း ငယ် ကွဲပြားခြားနားနေလေသည်။ ဆိုလိုသည်မှာ သာမန် လူတွေလို သူ မကြီးပြင်းခဲ့ရ။ လူတိုင်းနီးပါး မိဘ လက်ပေါ်မှာ ကြီးပြင်းလာကြရသည့် အချိန်မှာ သူက အဖိုးအဖွားနှင့် ဦးလေး အဒေါ်တွေ လက်မှာ ကြီးပြင်းလာခဲ့ရလေသည်။ သာမန် ကလေးများ သားချော့တေး၊ အိပ်ယာဝင် ပုံပြင်များနှင့် အိပ်စက်သွားကြချိန်မှာ သူက အဖေနှင့် အမေ ဆိုသော စကား နှစ်လုံးကို တီးတိုး ရွတ်ဆိုရင်း အိပ်ပျော်ခဲ့ရဖူးသည်။ စာဖတ်တတ်သော အရွယ်မှာ အခြားကလေးများ ဆော့ကစား နေချိန်မှာ သူ့အိမ်ရှိ ဘီရို လေးလုံးစာ အပြည့်ရှိသည့် စာအုပ်ပုံထဲ ခေါင်းထိုးထားခဲ့သော သူသည် သူငယ်ချင်း အပေါင်းအသင်းလည်း နည်းခဲ့လေ သည်။ သူ့ အတန်းထဲတွင် အကောင် အသေးဆုံး ဖြစ်သလောက် အမေးအမြန်း အထူဆုံး ဖြစ်သော သူ့ကို အချို့ ဆရာ ဆရာမများက နှစ်သက်ပုံ မပြကြ။ သို့သော်လည်း သူ တက်ရ သမျှသော အတန်းတိုင်းတွင် ရှေ့ဆုံးခုံမှာ သူထိုင်ခွင့် ရနေခြင်းကလည်း သူ့ အရည်အချင်းကို ဖော်ပြနေခြင်းလည်း ဖြစ်လေသည်။ သည်လိုနှင့် သူ စိတ်ဝင်စားသော အရာရာတိုင်းကို အသေးစိတ် လေ့လာ စူးစမ်း တတ်ပြီး အကြောင်းအရာ အချက်အလက် တခုခုကို သူကိုယ်တိုင် စိတ်တိုင်းကျမှသာ လက်ခံချင်လာသော အလေ့အထ တခုက သူ့မှာ စွဲကပ်လာလေ တော့သည်။ သည်လိုနှင့် အသက် ၁၈ နှစ် ပြည့်ပြီးချိန်မှာ သူသည် လွတ်လပ်စွာ တွေးခေါ်သူ တယောက် ဖြစ်လာ လေတော့သည်။ ထို့အတူ သာမန်လူများနှင့် ဆန့်ကျင်ဖက် သို့လည်း အလိုအလျောက် ရောက်သွားလေ တော့သည်။ ဥပမာ- မိဘမျိုးရိုးစဉ်ဆက် တခုလုံး ကိုးကွယ် ယုံကြည်ခဲ့သော ဗုဒ္ဓဘာသာကို သူကိုယ်တိုင် လုံးစေ့ပတ်စေ့ နားမလည် နိုင်သေးသောကြောင့် သူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင် အဖြစ်မှ နှုတ်ထွက်ခဲ့လေသည်။ သူ့ ယုံကြည်ချက်ကတော့ သူကိုယ်တိုင် နားမလည်နိုင် သေးသည့် အရာတခုကို ဘာကြောင့် ကိုယ့်ယုံကြည်ချက်အဖြစ် လက်ခံရမလဲ။ သည်လိုနှင့် လူအချို့က သူ့ကို တိတ္ထိဟု ခေါ်ကြလေသည်။ ထိုအခါ သူက - တိတ္ထိဆိုတာ ဘာလဲ ။ တိတ္ထိရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် အတိုင်း ဆိုရင် ပုပ်ရဟန်းမင်းကြီးကို တိတ္ထိလို့ ခေါ်ကြမလား - ဟု မေးခွန်း ပြန်ထုတ်ခဲ့ဖူးလေသည်။ သူ့ အတွက်တော့ အရာရာတိုင်းက ဂျီသြမေတြီမှ သီအိုရမ် တပုဒ်လို အဆိုပြုချက် မှန်ကန်ကြောင်း သက်သေပြစရာများ လိုအပ်နေလေ တော့သည်။ သည်လိုနှင့် လူ့ဂွစာ တယောက် အဖြစ်သို့လည်း သူရောက်ရှိ သွားလေတော့သည်။

--------------------------------------------------------------------

တနေ့တွင် သူငယ်ချင်းများနှင့်အတူ လဘက်ရည်ဆိုင် ထိုင်ရင်း သူငယ်ချင်း တယောက်နှင့် အတူ ပါလာသည့် လူ တယောက်နှင့် သူ တွေ့လေသည်။ သည်လူကလည်း သူ့လိုမျိုး လူ့ဂွစာ တယောက် ဖြစ်မည်။ သူပြောသမျှ သည်လူကလည်း အချက်အလက်တွေနှင့် ပြန်ငြင်းသည်။ သည်လူပြောသမျှတွေကိုလည်း သူက အချက်အလက်နှင့် ပြန်ငြင်းသည်။ သူတို့ နှစ်ယောက် ပြောနေသည်ကို နားကြားပျင်း ကပ်လာပုံရသည့် ဘေးခုံမှ အဖိုးကြီး တယောက်က ၀င်ပြောလေသည် - သည်မှာ ငါ့တူတို့ မင်းတို့ နှစ်ယောက်ဟာ စာတွေလည်း အတော် ဖတ်ခဲ့ကြပုံရပါတယ်။ ဉာဏ်လည်း အတော် ကောင်းကြပုံရပါတယ်။ အဘ တခုပြောမယ်။ အခု အဘ အသက် ၈၀ နား နီးနေပြီ။ အတွေ့အကြုံတွေ စုံခဲ့ပြီ။ အဲသည်တော့ ဒီ အတွေ့အကြုံတွေအရ အမှန်တရား ဆိုတာ ဘာလဲဆိုတာလည်း သိနေပြီ။ အခု မင်းတို့ ငြင်းနေကြသလိုမျိုးနဲ့ကတော့ အမှန်တရားဆိုတာ မင်းတို့ တွေ့ကြမှာ မဟုတ်ဘူး။ အမှန်တရားဆိုတာ အချက်အလက်တွေအပေါ်မှာ မူမတည် ပါဘူး။ အမှန်တရားဟာ သူ့ဘာသာသူ မှန်နေတာပါပဲ။ မင်းတို့တွေ သက်သေပြမှ မှန်တာ မဟုတ်ဘူး။ တခုပဲ ရှိတယ်။ မှန်တယ် မမှန်ဘူးဆိုတာကို မင်းတို့ကိုယ်တိုင် တွေ့ကြုံတဲ့အခါမှပဲ သိလိမ့်မယ်။ ဒါက အဘကိုယ်တွေ့မို့လို့ ပြောပြတာပါ။ လက်ခံတာ လက်မခံတာကတော့ မင်းတို့ နှစ်ယောက်ရဲ့ အပိုင်းပေါ့။ - ပြောရင်း ထိုင်ရာမှ ထထွက်သွားသည့် သည်အဖိုးကြီးကို သူတို့ နှစ်ယောက် ဘာမျှ ပြန်ပြောခွင့် မရလိုက်ပါ။ အဖိုးအိုက သူတို့ နှစ်ယောက်ကို အနိုင်ပိုင်းသွားခြင်းသာ ဖြစ်သည်ဟု သူခံစားနေမိလေသည်။

--------------------------------------------------------------------

သို့သော်လည်း အရာရာတိုင်းကို အချက်အလက်များနှင့်သာ အမှန်တရား ဖြစ်သည် မဖြစ် သည်ဟု သူ တိုင်းတာ နိုင်ခဲ့သော နေ့ရက်များကို သူ ကိုယ်တိုင် လက်လွှတ်ခဲ့ရသော အချိန် ကာလများက သူ့ဘ၀ထဲမှာ ရှိလာခဲ့ပါ လေတော့သည်။ သည်အချိန်ကာလများက အဖိုးအို ပြောခဲ့သော အချိန်ကာလများသာ ဖြစ်ပါသည်။ အခုတော့ သည်အချိန်ကာလများတွင် ဖြစ်ပျက် ခဲ့သည့် သူ့ အတွေ့အကြုံများကို သည်နေရာတွင် သူက မှတ်တမ်းတင်ခြင်းမျှသာ ဖြစ်ပါသည်။

ဤစာသည် သူ တင်မည့် မှတ်တမ်း၏ နိဒါန်းသာ ဖြစ်ပါကြောင်း။

(ဆက်လက်ဖော်ပြပါမည်)


18 comments:

Anonymous said...

မှတ်တမ်းရဲ့ စာကိုယ် ကို စောင့်နေမယ်ဗျို့ 

Nge Naing said...

စိတ်ဝင်စားတယ် ကိုအောင်သာငယ်။ ကိုအောင်သာငယ် ပြောတဲ့သူက ကျွန်မနဲ့သိပ်ကိုတူတယ်။ ကျွန်မလည်း ဘာသာရေးကို ကျွန်မတို့ ရွာကလူတွေ အယူသည်းလွန်းလို့ မယုံးဘူး။ ကိုယ်ကိုယ်ကိုယ် ဗုဒ္ဓဘာ သာလို့ ပြောရမှာတောင် ခပ်ရှက်ရှက် ဖြစ်ခဲ့ဖူးသေးတယ်။ ဒါဗေမယ့် တောထဲ ရောက်လာပြီး ရှေ့တန်းမဆင်းရခင် ကျွန်မတို့ တပ်ရင်းက စာကြည့်တိုက်မှာ ဒေါက်တာမင်းတင်မွန်ရေးတဲ့ ရှေးဘ၀နောက်ဘ၀နဲ့ ဓမ္မစရိယ ဦးဌေးလှိုင်ရေးတဲ့ ကံ၊ ကံ၏ အကျိုးဆိုတဲ့ စာအုပ်နှစ်အုပ်က ကျွန်မကို ဗုဒ္ဓဘာသာဖြစ်အောင် တွန်းပို့ပေးလိုက်ပါတယ်။ ဆက်ရန်ကို မျှော်နေပါတယ်။

:P said...

အစ်ကိုကြီးရေ..... ညီမက
ဒိဋ္ဌိ - သမ္မာဒိဋ္ဌိ... စသဖြင့် (မှန်ကန်သောအမြင်လားမသိဘူး.. မြန်မာလိုက)
တိတ္ထိ - တိတ္ထိ တက္ကတွန်း ....စသဖြင့်..(လူကိုသုံးတယ်) မှတ်ထားမိလို့.....။
သတ်ပုံကွဲပြီး အသံထွက်တူတဲ့ အဲဒီစကားလုံး ၂ လုံး မကွဲဘူးဖြစ်နေတယ်။
သေချာမသိပဲ ထင်တာကိုရေးထားတာမို့လို့ ညီမ အမှတ်မှားနေရင် ပြင်ပေးပါဦး....။

:P said...

စာကိုသေချာဖတ်သွားပါတယ်....။
ဆက်ရန်ကိုလည်း စိတ်ဝင်စားပါတယ်...။
(ခုန ပြောဖို့မေ့သွားလို့ ပြန်လာပြောတာ.. :P)

Ko Boyz said...

စာလုံးပေါင်းလေး လာပြောပေးမလို့ ဆင်ဆင် ပြောသွားတာနဲ့ တိုးနေတယ်။ ကျွန်တော် ပြောချင်တဲ့ အတိုင်းပါပဲ။ တိတ္ထိ မှ အယူမှားသူတွေကို ခေါ်တာပါ။ မုချဒိဌ လား.... မုချဒိဌိလား ဆင်ဆင်...။

အောင်သာငယ် said...

ဒိဋ္ဌိဆိုတာ ပါဠိလို ယုံကြည်မှုလို့ အဓိပ္ပါယ်ရပါတယ်။ ယုံကြည်မှု လွဲမှားနေတဲ့သူတွေကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဗမာပြည်မှာတော့ အများစုက အဲသည် အဓိပ္ပါယ်တွေကို မသိတော့ပါဘူး။ စာလုံးပေါင်းတွေကိုတောင်မှ တော်ရုံလူတွေ သိတော့တာမှ မဟုတ်တာ။ အဓိပ္ပါယ်ဆိုတာ ဝေလာဝေးပေါ့။ သည်တော့ တိတ္ထိနဲ့ ဒိဋ္ဌိ မတူမှန်း ဆင်ဆင်နဲ့ ကိုဘွိုင်းဇ်ကို ပြောလိုက်ပါရဲ့...

ကိုပေါ said...

ကိုအောင်သာငယ်….

ကျနော်လည်း ဆင်ဒန်လား၊ ကိုဘွိုင်းဇ်တို့နဲ့ ထပ်တူနီးပါး အမြင်တူပါတယ်။ ဒိဋ္ဌိဆိုတာ “အမြင်၊ အယူ” ပါ။ မဂ္ဂင်ရှစ်ပါးမှာ သမာဒိဋ္ဌိ… ကောင်းသောအမြင်၊ မှန်သောအမြင် ရှိရမယ် ဆိုတာမျိုးပေါ့။ လွဲမှားတဲ့အမြင်ကိုတော့ မိစ္ဆာဒိဋ္ဌိပေါ့။

အယူမှားတဲ့လူတွေကို “ဒိတ်ထိ” ဆိုတဲ့အသံထွက်နဲ့ ခေါ်ဆိုနေကြတဲ့ စကားလုံးဟာ စာလုံးပေါင်းအားဖြင့် ဆင်ဒန်လားပြောသလို “တိတ္ထိ” ဖြစ်ဖို့သာ များပါတယ်။ “တိတ္ထိ” ဟု ရေးသားမှသာ မှန်ကန်မည်ဟု ထင်မိပါသည်။ (ကျနော့်အထင်မျှသာ ဖြစ်ပါသည်။)

အယူလွဲမှားသော လူပုဂ္ဂိုလ်ကို “ဒိဋ္ဌိ”ဟု ရေးသားခြင်းသည် မှန်ကန်ပါသလား။ သိလိုပါသည်။

mama said...

နဲနဲလောက် အာချောင်ပါရစေ..း)
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓါန်နဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ရဲ့ အလိုတော်အတိုင်း..စာအုပ်ထဲမှာသိဖူးတာလေး..
...
တိထ္တိ = heretic = အများလက်ခံထားသည်နှင့်မတူ ကွဲပြာေးသော အယူအဆရှိသူ၊ အစဉ်အလာကိုမယုံကြည်သော အယူအဆရှိသူ
...
ဒိဌိ = 1.belief.2. Same as မိစ္ဆာဒိဌိ.. တဲ့.
မိစ္ဆာဒိဌိ = false belief; heresy တဲ့
....
ဆွေးနွေးချင်သူတွေ ဆက်ဆွေးနွေးပါတော့

Anonymous said...

ဦးဟုတ်စိန်ရေးတဲ့ မြန်မာ-အင်္ဂလိပ်-ပါဠိ အဘိဓာန်ထဲမှာတော့ ဒီလိုတွေ့တယ်။

ဒိဋ္ဌိ = a view, philosphic standpoint, speculative theory,

မိစ္ဆာအယူ = false view, မိစ္ဆာ ဒိဋ္ဌိ

တိတ္ထိ = an adherent of another sect, a sectarian, heretic

အယူလွဲမှားသူဆိုရင် တိတ္ထိဆိုမှ မှန်မယ်။ (ထင်တာပဲ)

ATN said...

ကိုပေါ - ကိုပေါပြောတာ မှန်ပါတယ်။ လူကို ပြောရင် တိတ္ထိပဲ ဖြစ်ရမှာပါ။ သည်အတွက် ဆင်ဒန်ဒလားနဲ့ ကိုဘွိုင်းဇ်ကိုလည်း တောင်းပန်အပ်ပါတယ်။ အဲသည်အတွက် အခု ခေါင်းစဉ်ကိုလည်း ပြန်ပြောင်းထားပါတယ်။

:P said...

ဟမ်... အလကားနေရင်း ဘာပြုလို့
တောင်းပန်နေတာတုံး အာကိုကြီးရ...
ပြီးတော့ ဆင်ဒန်ဒလားတဲ့...
နာမည်ကို အသံထွက်ပြီးဆိုကြည့်ပါဦး.... eeeeee

ATN said...

အာ.. စာလုံးပေါင်း မှားသွားတာပါ ငါ့ညီမရယ် ... အနူးအညွတ်တောင်းပန်ပါတယ်...

မယ့်ကိုး said...

မှတ်တမ်းလေးက စိတ်ဝင်စားဖို့  ကောင်းတယ်နော်။...comment တွေရော...

Zephyr said...

လာဖတ်သွားပါတယ် အကိုရေ ...

P.Ti said...

စတော့ပြီးပြီ.. စိတ်ဝင်စားစရာ ... မြန်မြန်ဆက်ပါဗျို့...

Moe Cho Thinn said...

ဒီက စောင့်နေသူ..
:)

Kaung Kin Ko said...

စာအုပ်ထဲမှာ ပါလို့ မဟုတ်ပဲ အဲဒီ့အဖိုးကြီးပြောသလို ကိုယ်ပိုင်ဥာဏ်နဲ့ တကယ်သိတဲ့အချိန် အထိ စောင့်ကြတာပေါ့ အစ်ကိုရာ။ သက်သေပြလို့လည့်း မရသေး ကိုယ်ကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့ မသိသေးရင် truth ဆိုရင်တောင် potential truth ပဲလို့ ကျွန်တော်တော့ ထင်တာပဲ။ လူအများစု ဒေါသတကြီး အငြင်းပွါးနေကြတာလည်း သက်သေလည်းပြလို့ မရသေး၊ ကိုယ်ပိုင်ဥာဏ်နဲ့ လည်း ကိုယ်ကိုယ်တိုင် မသိကြသေးတဲ့ အရာတွေကို မျက်စေ့မှိတ် ငြင်းနေကြတာ များတာပဲ။
ကျန်းမာ ပျော်ရွှင်ပါစေအစ်ကိုး)

သက်ဝေ said...

အိုး... အို.... ဒီကစောင့်နေသူ...
(ချိုသင်းကို ဆက်လက် ကူညီသီဆိုသည်...)