May 25, 2009

အနှစ် နှစ်ဆယ်၊ မပြယ်သေးတဲ့ ဒဏ်ရာနဲ့ သင်ခန်းစာ တချို့

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ မိုးမခမီဒီယာမှာ ဖော်ပြခဲ့တဲ့ စာတပုဒ်ပါ။ အခြေအနေ အချိန်ကာလကလည်း တိုက်ဆိုင်နေတာနဲ့ မဖတ်ရသေးသူများ ဖတ်ရအောင်၊ ပြန်ဖတ်ချင်တဲ့ မအယ်တို့လို သူငယ်ချင်းတွေရဲ့ စိတ်ဆန္ဒကို လိုက်လျောတဲ့ အနေနဲ့ပါ ဒုတိယအကြိမ် ပြန်လည် ဖော်ပြလိုက်ပါတယ်။

အနှစ် နှစ်ဆယ်

အိမ်က ထွက်လာသည်မှာ ကြာပြီ...။ ကြာပြီဆို အတော့ကို ကြာနေပြီ...။ ဘယ်လောက်တောင် ကြာနေပြီလဲ ဆိုတော့ ထွက်လာခဲ့တဲ့ ရက်ကနေ ပြန် တွက်ရပေ မပေါ့...။ အိမ်က ထွက်လာတဲ့နေ့က ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်...။ ခုဆို ဒီဇင်ဘာလ (၁၈) ရက်၊ ၂၀၀၈ ခုနှစ် ဆိုတော့...။ အနှစ် ၂၀ တောင် မကတော့ဘူး...။ လတောင် စွန်းနေပြီ...။

အနှစ် ၂၀ ဆိုတာ နည်းနောတဲ့ အချိန် ကာလတွေ မဟုတ်...။ လူသားတယောက် မွေးဖွား လာရာကနေ လူ့ဘ၀မှာ အတွေ့ အကြုံတွေ အတတ် ပညာတွေနဲ့ ကိုယ့် ခြေထောက်အပေါ် ကိုယ် ရပ်တည် နိုင် လောက်အောင် ပြီးပြည့်စုံသည် အထိ လုံလောက်တဲ့ အချိန်ကာလ...။ သည်ကာလအတွင်းမှာ ကိုယ် လိုက်စားရာ သို့မဟုတ် ကိုယ် ရူးသွပ်ရာ အတတ် ပညာ တခုခုမှာ တဖက်ကမ်း ခပ်နိုင်လောက် အောင်ကို လုံလောက်တဲ့ အချိန် ကာလပေပဲ...။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်မှာ မွေးတဲ့ ကလေးတယောက်ဟာ ကျားကျား မမ ခုဆို အသက် ၂၀ ပြည့်ပြီးပြီ...။ တနှစ်တတန်း မှန်မှန် အောင်ခဲ့ရင် ဘွဲ့ရတယောက် ဖြစ်နေပြီ...။ လေ့လာ လိုက်စား ခဲ့တဲ့ အတတ် ပညာ တခုကို လိုက်လို့ ခုဆိုရင် ပညာရှင် တယောက် ဖြစ်နေလောက်ပြီ...။ ဘ၀ တခုကို ကိုယ်တိုင် ကိုယ်ကျ စတင် တည်ဆောက် နေသူတယောက် ဖြစ်နေလောက်ပြီ...။ လက်တွဲဖော် တယောက်နဲ့တောင် ဘ၀ တခုကို အတူတကွ တည်ဆောက် နေကြမဲ့ အချိန် ကာလ တောင် ဖြစ်နေပြီ...။

ပြန်စဉ်းစားကြည့်မိတော့ ၁၉၈၈ ခုနှစ် မတ်လ၊ ဖုန်းမော် အရေးအခင်းကနေ စတင်လိုက်တဲ့ ၁၃၅၀ ပြည့် ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ခုဆို အနှစ် ၂၀ ရှိခဲ့ပြီ...။ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုကြီး တခု လုံးရဲ့ သက်တမ်းဟာ ခုဆို အနှစ် ၂၀ ရှိနေခဲ့ပြီးပြီ...။

ဒါဆို ၁၉၈၈ ခုနှစ် မတ်လကတည်းက မွေးဖွားဖို့ကြိုးစားခဲ့ကြတဲ့ ဒီမိုကရေစီ ကလေးလေးဟာ ၂၀၀၈ ခုနှစ်ရဲ့ ခုချိန်ဆို လူလားမြောက်နေပြီပေါ့...။ သူ ကိုယ်တိုင် ကိုယ်ကျ ဒီမိုကရေစီ နိုင်ငံတော် ဘ၀ တခုကို တည်ဆောက် နေပြီပေါ့...။

တကယ့် အဖြစ်အပျက်မတော့ သည်လို မဟုတ်သေး...။ ကလေးလေးက အနှစ် နှစ်ဆယ် သက်တမ်း ရှိခဲ့ပြီး အတွေ့ အကြုံတွေ စုံနေခဲ့သည့်တိုင် ကိုယ့် ခြေထောက်ပေါ် ကိုယ် မရပ်နိုင်သေး...။ ကိုယ်ပိုင် ဘ၀ တခုကို မထူထောင် နိုင်သေး...။ ပြောရရင် လူလား မမြောက်နိုင်သေး....။

ဘယ်သူမှ မငြင်းဆိုနိုင်တဲ့ အချက်အလက်ကတော့ ဒီမိုကရေစီ ကလေးလေးဟာ အနှစ် နှစ်ဆယ် ကြာသည့်တိုင် ကိုယ်တိုင် လမ်းမလျှောက်နိုင်သေးတာပါပဲ...။

ဘာပဲဖြစ်ဖြစ် သည်အနှစ်နှစ်ဆယ် ဆိုတာကို ကျနော်တို့အားလုံး မှတ်မှတ်ရရ နာကျင်နေခဲ့ကြပါပြီ...။

မပြယ်သေးတဲ့ ဒဏ်ရာ

၁၉၈၈ ခုနှစ်ကစပြီး ဗမာပြည်မှာ ရှိရှိသမျှ မိသားစုတွေ အတော်များများရဲ. ဘ၀တွေဟာ ပြောင်းလဲ သွားပါတယ်...။ မိဘတွေက သား သမီးတွေနဲ့ ကွဲ...။ သားသမီးတွေက မိဘတွေနဲ့ ကွဲ...။ တချို့ မိသားစု တွေမှာ မိဘတွေက သား သမီးတွေကို ဆုံးရှုံး...။ တချို့ မိသားစုတွေမှာတော့ သား သမီးတွေက မိဘတွေကို ဆုံးရှုံး....။

ထားပါတော့...။

ကျိန်းသေတာ တခုကတော့ ၁၉၈၈ ဟာ ဗမာပြည်မှာ ရှိရှိသမျှ မိသားစု အတော် များများရဲ့ ဘ၀ကို ပြောင်းပြန် လှန်ပစ်ခဲ့တာပါပဲ...။

မိသားစုဝင်တွေ တချို့ဟာ ငရဲသားတွေရဲ့ အကျဉ်းစခန်းတွေမှာ ကိုယ့်ကိုယ်ကို ရှာဖွေ တွေ့ရှိ သွားတယ်...။ တချို့ကတော့ သုသာန်မှာ စကား တလုံးတလေမှကို မဆိုနိုင်အောင် နှုတ်ပိတ် တိတ်ဆိတ်လို့...။ တချို့ကတော့ တောကြို အုံကြားထဲမှာ လက်နက် တစုံတရာကို အံကြိတ် ကိုင်စွဲရင်း...။ တချို့ ကတော့ အိမ်နဲ့ ဝေးရာမှာ ခြောက်ခြား မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်တခုလုံးကို ကျီးကန်း တောင်းမှောက် ကြည့်လို့...။ တချို့ကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင်း ကိုယ့်နှုတ်ခမ်းတွေကို ကိုယ် တင်းတင်း စေ့လို့...။

သည်လိုနဲ့ အမှန်တရားအတွက် ကိုယ် နိုင်ရာ နိုင်ရာ တာဝန်ကိ ထမ်းရွက် ခဲ့ကြသူတွေ နေရာတိုင်း ၀န်းကျင်တိုင်း မြို့တိုင်း နယ်တိုင်းမှာ တွေ့ခဲ့ကြ တွေ့နေရ တွေ့နေရဦးမှာပါပဲ...။ သမိုင်းက ကိုယ့် ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ တာဝန်ကို ထမ်းရွက် သယ်ပိုးရင်း အချိန်ကာလတွေကို မေ့ထား ခဲ့ကြ ရတယ်...။ တချို့လည်း ဥပဒေဘောင်အတွင်းမှာ ပါတီအဖွဲ့အစည်းတွေထဲ ပါဝင်ဆောင်ရွက်ရင်း...။ တချို့ တော့လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွင်းမှာ... ။ တချို့ တော့လည်း မြေအောက် လုပ်ငန်းတွေ လုပ်ဆောင်လို့...။ တချို့ တလေ တော့လည်း ပြည်ပမှာ...။ အားလုံးဟာ ကလေးငယ်လေး တယောက် လူလား မြောက်ဖို့ ကြိုးစားနေခဲ့ကြ...။

သည်လိုနဲ့ အချိန်ကာလက အနှစ်နှစ်ဆယ် ဆိုတဲ့ အရေအတွက် တခုကို ရောက်လာတဲ့အခါ သည် ကလေးငယ်လေးဟာ လမ်းလျှောက်ဖို့ မပြောနဲ့ ထိုင်တောင် မထိုင်နိုင်သေး ပက်လက်လေး ဖြစ်နေတုံး ဆိုတော့ အားလုံးက ရင်နာနေရတယ်...။

ဘာပဲဖြစ်ဖြစ် အမှန်တရားကို ချစ်တတ်တဲ့သူတွေ အားလုံးဟာ ဒဏ်ရာရခဲ့ပါပြီ...။

ခုတော့ သည်ဒဏ်ရာဟာ အနှစ် နှစ်ဆယ် ကြာခဲ့ပြီ...။ အိုင်းအမာ တခုလို ဗမာပြည်ရဲ့ ရင်ဘတ် ပေါ်မှာ ဖုထစ်နေတဲ့ သည်ဒဏ်ရာဟာ အားလုံး နာကျင်နေရတဲ့ အနာတခုပါပဲ...။ သည်အနာဟာ မပြယ်သေးတဲ့ ဒဏ်ရာ ပါပဲ...။

သင်ခန်းစာ တချို့

ဒဏ်ရာတွေ ရတော့ ကြောင်တွေလို ကျားတွေလို ကိုယ့်ဒဏ်ရာတွေကို ကိုယ့်လျှာနဲ့ ကိုယ် လျက်ရတယ်...။ အနှစ် နှစ်ဆယ် ကြာလာတော့ ဒဏ်ရာတွေက ပြင်းလာတယ်...။ ကျားနာတွေလိုပဲ သည် ဒဏ်ရာတွေကို ထိမိရင် ဘယ်သူမှ မခံနိုင်ဘူး...။ အလိုအလျောက်ကို ပြင်းပြင်းထန်ထန် တုန့်ပြန် တတ်လာ ကြတယ်...။

တချို့က ဥပဒေဘောင်အတွင်းက တိုက်ပွဲဝင်နေသူတွေကို လက်ညှိုးထိုးတယ်...။ တချို့က လက်နက်ကိုင် အဖွဲ့အစည်းတွေကို မေးငေါ့တယ်...။ တချို့က ပြည်ပ ရောက်နေသူတွေကို အပြစ်ဖို့တယ်...။ တချို့က ပြည်သူလူထုကြီးကို မျက်စောင်း ထိုးတယ်...။

ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးဟာ အနှစ်နှစ်ဆယ်ကပေးလိုက်တဲ့ ဒဏ်ရာတွေ ကိုယ်စီနဲ့ပါ...။ ပြင်းထန်လာတဲ့ ဒဏ်ရာတွေမှာ သင်ခန်းစာတချို့ကို တွေ့ရတယ်...။ အဲ သည်အခါ ကိုယ့်ဘာသာ ကိုယ် လျှာနဲ့ လျက်လို့ မရတော့ဘူး...။

၁၉၈၈ ခုနှစ် လူထုတိုက်ပွဲတွေ အမြင့်ဆုံး အမှတ်ကို ရောက်နေချိန်မှာ အပြင်းထန်ဆုံးသော လူထု တိုက်ပွဲကို လက်နက်ကိုင် တိုက်ပွဲနဲ့ မပေါင်းစပ်နိုင်ခဲ့ကြဘူး။ ဒါဟာ တကယ့် အဖြစ် အပျက်ပါ..။ အဲဒါကြောင့်ပဲ ၁၉၈၈ လူထု အရေးတော်ပုံကြီး အောင်ပွဲနဲ့ ဝေးခဲ့တယ်။

လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ အဲအခြေအနေနဲ့ ပတ်သက်လို့ အကျိုး အကြောင်း အချက် အလက်တွေ ရှိနိုင် ပါတယ်။ ဘာလို့ပြောနိုင်လဲ ဆိုတော့ ကျနော် ကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေး ထဲမှာ ပါဝင်ခဲ့ဖူးတာ ကြောင့်ပါပဲ...။ သို့သော်လည်း လူထုတိုက်ပွဲကို လက်နက်ကိုင် တိုက်ပွဲနဲ့ မပေါင်းစပ် နိုင်ခဲ့တဲ့ ချို့ယွင်းချက်ကြီးကို အနှစ်နှစ်ဆယ်တိုင် မသိချင်ယောင် ဆောင်နေ လို့တော့ မရပါဘူး...။

နောက်တခုကတော့ ဘုံရန်သူကို အားလုံးက သိနေကြသည့်တိုင် လက်တွေ့မှာ အဖွဲ့ အစည်း တိုင်းဟာ ကိုယ့်အဖွဲ့ အစည်း အတွင်းမှာကို ၀ါဒရေးရာ အယူအဆရေးရာ ပုဂ္ဂိုလ်ရေးရာ ဘာသာရေးရာ အတွင်း ပဍိပက္ခတွေနဲ့ နပမ်းလုံးနေခဲ့ကြတယ်...။ စည်းရုံးရေးအရ ပြိုကွဲနေခဲ့ ကြတယ်...။ ကွန်မြူနစ်တွေ ဆိုရှယ်လစ်တွေ မဆလဟောင်းတွေ တပ်ထွက်တွေ ဦးနုလူတွေ ဖဆပလတွေ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာတွေ အကြမ်းမဲ့တိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ သေနတ် တချက်မှ မဖေါက်ဖူးခဲ့တဲ့ကောင် ထောင်မကျခဲ့ဖူးတဲ့ကောင် တောင်ကျော်တွေ သင်္ဘောသားတွေ စာအုပ်သမားတွေ စသည်ဖြင့် စကားလုံးတွေ ထောင်ချီ နေခဲ့တယ်..။ တဖွဲ့ချင်းစီမှာ ပြသနာတွေ အမျိုးစုံနေခဲ့ကြပြီး မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ခဲ့ ကြတဲ့အခါ ဘုံရန်သူ ပျောက်နေခဲ့တာ အမှန်ပါပဲ...။

သည်လိုနဲ့ အဖွဲ့အစည်းတွေဟာ အနှစ်နှစ်ဆယ်အကြာမှ တဖြည်းဖြည်း အားနည်း လာတာပါပဲ...။ အုပ်စုတွေ ကွဲတယ် အဖွဲ့ဝင်တွေ နှုတ်ထွက်တယ် နိုင်ငံရပ်ခြားတွေကို ထွက်သွားတယ် စသည်ဖြင့် အဖွဲ့တွေဟာ အားနည်း လာတာပါပဲ...။ တဖွဲ့ချင်းစီမှာ အားနည်း လာတဲ့အခါ အဲအဖွဲ့တွေ စုစည်း ထားတဲ့ တပ်ပေါင်းစုတွေမှာလည်း အားနည်းမှုတွေ ဖြစ်လာတော့တာပဲ မဟုတ်လား...။ လက်နက်ကိုင် အဖွဲ့တွေ အားနည်း လာတဲ့အခါ ရန်သူ့ဖိအားကို တစုံတရာ ခံစားလာရတာ အမှန်ပါပဲ...။ သည် အခါမှာ ငြိမ်းအဖွဲ့တွေ ပေါ်ပေါက် လာတော့တာပါပဲ...။ သည်အခါ လက်နက်ကိုင် အင်အားစုတွေမှာ ပိုလို့တောင် အခက်အခဲ ကြီးလာကြရတာပါပဲ...။

နောက်တခုကလည်း တလျှောက်လုံးမှာ ငြင်းခုန်နေခဲ့ကြတဲ့ အကြမ်းမဖက် (Non-violence Action) နဲ့ အကြမ်းဖက် (Armed Struggle) ကွဲလွဲ နေမှုကလည်း ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးတခုလုံးကို ရိုက်ခတ်ပါတယ်...။ LA က အမျိုးသားနေ့ စာပေဟောပြောပွဲမှာ ဆရာစွမ်းရည် ပြောသွားခဲ့တဲ့ စကားကို ကျနော် အတော် သဘောကျပါတယ်...။ အကြမ်းဖက်ဖက် အနုဖက်ဖက် အရေးကြီးတာက တခုခုကို ဖက်နေဖို့ပါပဲ ဆိုတဲ့ ဆရာ့စကားက အလွန်တန်ဖိုးရှိတဲ့ စကားပါ...။

ကျိန်းသေတာတခုကတော့ လက်နက်ကိုင် တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မပေါင်းစပ်နိုင်သမျှ...၊ စည်းရုံးရေး ပြိုကွဲနေမှုတွေကို မဖြေရှင်းနိုင်သမျှ... ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ ကျန်တဲ့ တိုက်ပွဲ ပုံသဏ္ဍာန်တွေကို မှန်မှန် ကန်ကန် မပေါင်းစပ်နိုင်သမျှ... ကျနော်တို့ မြင်ချင်တဲ့ ကလေးလေး တယောက် သူ့ ခြေထောက်ပေါ် သူ ရပ်နေတာကို မြင်ရဖို့ ဝေးပါသေးသည် ဟု ယူဆမိပါကြောင်း...။

(အောင်သာငယ်)

မိုးမခမီဒီယာ - မှာ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

4 comments:

ဂျူနို said...

ပြန်ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ် ကိုအောင်သာငယ်ရေ။
မအယ်

ကလူသစ် said...

သေသေချာချာ ပြန်ဖတ်သွားပါကြောင်း၊ မပေါင်းစပ်နိုင်သရွေ့ သူ့ခြေထောက်ပေါ် သူမရပ်နိုင်သေးဘူးဆိုတာ နဲနဲရှေ့ရောက်နေပါသေးတယ်။ လမ်းလျှောက်ရင်း လမ်းပျောက်နေတာလေးတွေ အရင်ရှင်းပါစေအုန်းဗျာ။

Unknown said...

နောက်တခုကလည်း တလျှောက်လုံးမှာ ငြင်းခုန်နေခဲ့ကြတဲ့ အကြမ်းမဖက် (Non-violence Action) နဲ့ အကြမ်းဖက် (Armed Struggle)


ချစ်ကိုကြီးရေ.....

ချစ်ကိုကြီးများေ၇းချင်တဲ့ စိတ်ဆန္ဒာ စောသွားလို့များ
မသိ နဲနဲလေးများလွဲနေသလားလို့ပါဗျာ့ ။
" အကြမ်းမဖက်ကို ( non violence action ) လို့ခေါ်တာကို လက်ခံပေမယ့် ( armed struggle ) ကို
အကြမ်းဖက် လို့ သုံးထားတာကိုတော့ လွဲနေတယ်လို့
ခံစားမိပါတယ် ( လက်နက်ကိုင်တော်လှန်ရေးလို့ )
သုံးလိုက်ရင် ပိုပြီးများ အဆင်ပြေ မလားလို့ပါ ။

အမြင်မတူခဲ့ရင် ခွင့်လွတ်နားလည်ပေးစေချင်ပါတယ်

ခင်တဲ့
ချစ်ညီကြီး
သားထူး

ATN said...

ချစ်ညီကြီး သားထူး

လူပိန်းတွေ ပြောနေလို့ အဲလိုပဲ သုံးလိုက်တာပါ။ ကိုယ့်ချစ်ညီကြီးနဲ့က အမြင်တူပြီးသားပါ. အနှစ်သာရကိုပဲ ကြည့်ပါလေကွယ်။ စကားလုံးတွေကို မကြည့်နဲ့။

သံရုံးတွေရှေ့ ဆန္ဒပြပြီး ဗမာပြည်ကို လွတ်မြောက်အောင် လုပ်နိုင်တယ်လို့ ယူဆတဲ့ လူတွေ အတွက်ပါ။

လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်ဘူးဆိုတဲ့ လူတွေ ပြောနေနေတဲ့ စကားက အဲဒါပဲလေ...