Jun 2, 2009

အော်တိုမက်တစ်ကဗျာ










အလိုအလျောက်ကို
ဒူးထောက်ကျသွားသတဲ့လား...
သူရဲကောင်းများကို တွေ့လိုက်ပါ။

အလိုအလျောက်ကို
လမ်းပျောက်သွားသတဲ့လား...
ခြေရာများနောက် လိုက်လျှောက်ပါ။

အလိုအလျောက်ကို
တိမ်းမှောက်သွားသတဲ့လား...
လှိုင်းလုံးများကြား ကူးခတ်ပါ။

အလိုအလျောက်ကို
ခမ်းခြောက်သွားသတဲ့လား...
ရေငွေ့များကို ဖမ်းထားပါ။

အလိုအလျောက်ကို
ကွေ့ကောက်နေသတဲ့လား...
မျဉ်းဖြောင့်များကို ဆွဲကြည့်ပါ။

အလိုအလျောက်ကို
နောက်ကျိသွားသတဲ့လား...
ကူးသောငါးတကောင် မြင်ယောင်ပါ။

ဒူးထောက် လမ်းပျောက်
တိမ်းမှောက် ခမ်းခြောက်
ကွေ့ကောက် နောက်ကျိ
ရှိရှိသမျှသော အလိုအလျောက်များ
တူးဖော်ဖယ်ရှားပြီးသည့်အခါ
ချစ်ခြင်းမေတ္တာ၊ ကဗျာလမင်း
ည၏ နှင်းဆီ၊ နေ၀န်းနီသည်
အပီအပြင် လင်းပေလိမ့်...

ATN

Photo Source:
http://fineartamerica.com/featured/dappled-light-in-shade-amy-vangsgard.html

9 comments:

ကိုပေါ said...

ကောင်းတယ်။ ကြိုက်တယ်။

Anonymous said...

အော်တိုမက်တစ် ၇င်ထဲက ထွက်ကျလာတဲ့
ကဗျာကို လာခံစားသွားပါတယ်
မျဉ်းဖြောင့်တွေဆွဲ ကြည့်မယ်
ရေငွေ့တွေလဲ ဖမ်းကြည့်မယ်..
ခြေရာတွေနောက်လဲ လိုက်ကြည့်လိုက်ပါ့မယ်

လှိုင်းလု့းတွေထဲ ကူးရမှာ တော့..
ရေမကူးတတ်လို့ ပါ...း)....

mama
...

မယ့်ကိုး said...

အလိုအလျောက်ကို
ဒူးထောက်ကျသွားသတဲ့လား...
သူရဲကောင်းများကို တွေ့လိုက်ပါ။

အလိုအလျောက်ကို
ကွေ့ကောက်နေသတဲ့လား...
မျဉ်းဖြောင့်များကို ဆွဲကြည့်ပါ။

concept လေးရော စကားလုံးတွေကော ကြိုက်ပါတယ်။

လင်းဒီပ said...

ချစ်ခြင်းမေတ္တာ၊ ကဗျာလမင်း
ည၏ နှင်းဆီ၊ နေ၀န်းနီသည်
အပီအပြင် လင်းပေလိမ့်...
လင်းပါစေအစ်ကို
ချစ်ခြင်းမေတ္တာရဲ့ကဗျာလမင်းတွေ လင်းပါစေ...
ညရဲ့နှင်းဆီ နေဝန်းနီတွေ ထွန်းပါစေ..

အိန္ဒြာ said...

အလိုအလျောက် ကို ယုံကြည်တယ်...

အလိုအလျောက် တွေ ရှိနေတယ်...

အလိုအလျောက်ဆိုတာ ဘာ မှ ဖန်တီး တူးဆွနေစရာမလိုတဲ့
ရေလောင်းပေါင်းသင်စရာမလိုတဲ့

ကိုယ်တိုင်စိုက်ပျိုးခြင်း သစ်သီးပဲ...

အလိုအလျောက်တွေကို ယုံတယ်..အကို...

Moe Cho Thinn said...

မတရားမှုတွေကြောင့် စိတ်ညစ်နွမ်းပြီး လူပီပီ စိတ်ဓာတ်ကျသည်ရှိသော်.. ဒီကဗျာကို ရွတ်ပါမည်။

ဂျူနို said...

ကျေးဇူးကမ္ဘာပါ ကိုအောင်သာငယ်။
ခုချိန်မှာ ဒီလိုလေးပြောပေးဖို့ လိုအပ်နေတယ်။


မအယ်

သစ်နက်ဆူး said...

ကိုအောင်...
သိပ်ကောင်းတဲ့  ခွန်အားဖြစ်စေတဲ့ 
ကဗျာကောင်းလေးပါဘဲဗျာ...။
စကားလုံးတွေ ကြိုက်တယ်..။

ကိုလူထွေး said...

အလိုအလျောက် ဒူထောက်ကျသွားတဲ့အခါ
ကိုအောင်သာကို သတိရပါမယ်...

ခင်တဲ့
ညီလူထွေးးဝ)