Nov 21, 2009

အက်စ်တိုးရီးယား (၃)




















အက်စ်တိုးရီးယားငဲ့…
မင့်ရဲ့ အေးစက်စက် ညနေစောင်းများက
ငါ့ရင်ဘတ် ဟောင်းလောင်းကြီးကို
ကောင်းကောင်း ဒုက္ခပေးလေတယ်…
ငါ့ ခံနိုင်ရည်တွေကို စမ်းသပ်နေခြင်းပေလား…
ငါ မအိုသေးပါဘူးကွယ့်…

တကယ်တမ်းမှာတော့
ငါဟာ ကဗျာဆရာတယောက်ရယ်ပါ
တံငါသည် တယောက် မဟုတ်ဘူးကွယ့်…
နေ့လည် ၂ နာရီဟာ ညနေ ၆ နာရီလို
မှိုင်းမှုန်ပြိုကျသွားတာကို
ငါ ဘယ်လို နားလည်နိုင်မလဲ…
ဒါကိုပဲ မင်းရယ်ပွဲဖွဲ့နေလေသလား…
အက်စ်တိုးရီးယားရဲ့…

ငါဟာ ငါး မမျှားတတ်သလို
ငါးလည်း မဖမ်းတတ်ဘူး…
ငါက အလွမ်းတွေကို အစာလုပ်ထားပြီး
အတွေးတွေချည့် လိုက်လိုက်မျှားတတ်တဲ့ကောင်ပါ…
“အောင်သာငယ်” ဆိုတဲ့
ခပ်ပုပုနဲ့ ပိန်ပိန်ပါးပါး ငတိဟာ
“ခံစားမှုတွေကိုချည့် လိုက်လိုက်မျှားနေတဲ့ တံငါပေါ့”လို့
မင်း ပြောချင်ရင်လည်း ပြောခဲ့ပေါ့…

ဒါနဲ့ ပြောရဦးမယ်…
မင့်ရဲ့ မျက်နှာနီနီနဲ့ ပင်လယ်တံငါသည်ကြီးတွေက
ငါ့ကိုတွေ့တိုင်း ပြုံးပြုံးသွားကြတာ
ဘာ့ကြောင့်လဲ…
ငါကပဲ လူရီစရာကောင်းနေလို့လား…
ဒါမှမဟုတ်
သူတို့နဲ့ ရုပ်ချင်း ခပ်ဆင်ဆင်ဖြစ်နေသလို
နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေ ထူလဗြစ်နဲ့
တံငါသည်ပေါက်စရုပ်ပဲ ဖြစ်နေလို့လား…
ဘာပဲဖြစ်ဖြစ်
သည်တံငါသည်ကြီးတွေကလည်း ချစ်ဖို့ကောင်းပါပေတယ်…
အူ ဟောင်းလောင်းတွေကို အစာ အပြည့်ဖြည့်ပေးဖို့
သူတို့ ခက်ခက်ခဲခဲ ငါးဖမ်းနေကြတာ
ငါ သိတာပေါ့…

တခါတခါမှာတော့
မင့်ဆိပ်ကမ်းက
ငါးဖမ်းစက်လှေတွေကို
ငါ ငေးရီကြည့်နေမိရင်း
မိုး၊ နှင်း၊ ရေခဲနဲ့ အေးစက်တဲ့ လှိုင်းတွေကြားထဲက
သူတို့ရဲ့ ဘ၀ရိုင်းရိုင်းကြမ်းကြမ်းကြီးတွေကို
ငါ့ စိတ်ကူးနဲ့ ငါ ဖမ်းယူ ဆုပ်ကိုင်ကြည့်နေမိသေးတယ်…
ငါ့ဘ၀ ကြမ်းတယ်ဆိုတာ
သူတို့အတွက် ရယ်ပွဲဖွဲ့စရာပါလေ…
ဒါကို ငါသိနေတာပေါ့… အက်စ်တိုးရီးယားရဲ့…
သီချင်း တပုဒ်ကိုတောင် ငါ သတိရမိသွားသေးတယ်…
တံငါသည်တွေအတွက် ဖွဲ့တဲ့တေး…
သူတို့အတွက် ငါ ဆိုခဲ့ချင်သေးတယ်…

နှစ်ထောင့် တဆယ့်တစ်မှာ
နှစ် ၂၀၀ ပြည့်တော့မယ့် မြို့အိုလေးငဲ့…
မင်းရဲ့ ရင်ဘတ်ထဲမှာ
ငါ ရောက်ရှိနေပါပြီ…
မင့်အတွက်လည်း ငါတေးသီပါဦးမယ်… အက်စ်တိုးရီးယားရဲ့…
တရက်ရက်ပေါ့လေ… …

ATN

3 comments:

Anonymous said...

ကိုအောင်သာငယ် အရေးကောင်းလို့ဘယ်နေမှန်း မသိတဲ့ အက်စ်တိုးရီးယားကို ခင်နေပြီ။



မအယ်

Anonymous said...

အလွမ်းတွေကို အစာလုပ်ထားပြီး
အတွေးတွေချည့် လိုက်လိုက်မျှားတတ်တဲ့ သူ .. …
“အောင်သာငယ်” ဆိုတဲ့
ခပ်ပုပုနဲ့ ပိန်ပိန်ပါးပါး တယောက် ဟာ
“ခံစားမှုတွေကိုချည့် လိုက်လိုက်မျှားနေတဲ့ တံငါ သည်ဘ၀နဲ့ .. ကဗျာတွေ လိုက် လိုက်ဆယ် ပေးနေလို့
ကဗျာချစ်သူတွေ ကဗျာကောင်းလေးတွေ ဖတ်ဖြစ်နေရပေါ့

ကျေးဇူးပါ ကဗျာဆရာ

(mama)

Anonymous said...

မိုက်တယ်..