Aug 17, 2008

ည၊ လနဲ့ပြူတင်း

















Adobe Photoshop 5.5 နဲ့ပဲ ဆွဲပါတယ်။

နှစ်ဦးသဘော




















Adobe Illustrator 8.0 နဲ့ Adobe Photoshop 5.5 ပေါင်းပြီး ဆွဲထားပါတယ်။ Mouse နဲ့ပဲ ဆွဲထားတာပါ။

ချစ်ခြင်း
















နှလုံးသားကို
အမှိုက်တွေကြားထဲ
ခဏ ခဏ ပဲ
တွေ့တွေ့နေရတယ်။

ငါ့နှလုံးသားကို
အမှိုက်တွေကြားထဲ
ဘယ်သူ လွှင့်ပစ်သွားပါလိမ့်...

တကယ့်တကယ်တော့
အမှိုက်ဆိုတာ
လူတကာ
ဖျောက်ဖျက်ချင်ကြတဲ့အရာ မဟုတ်လား။

ATN
(တချက်ခုတ် ၂ ချက်ပြတ် ပန်းချီရော ကဗျာရော တခါတည်း တင်လိုက်ပါတယ်။ ပို့စ် ၂ ခု ဖြစ်နေမှာစိုးလို့)
သရုပ်ဖော်ပုံကို Adobe Photosop 5.5 သုံးပြီး Wacom Graphire Tablet နဲ့ ဆွဲပါတယ်

Aug 15, 2008

ပြန်စီကြည့်မိသောခြေရာများ


















ဘာလိုလိုနဲ့ အောင်သာငယ် ဘလော့ရေးလာတာ တနှစ်တောင် ပြည့်တော့မယ်။ အဲ..အဲ... မဟုတ်သေးပါဘူး... ၈ လ ကျော်လာပြီ။ ရင်ဘတ်ချင်း ရင်ခုန်သံချင်း တူတဲ့ သူငယ်ချင်း မိတ်ဆွေတွေလည်း အတော့ကို များလာခဲ့ပြီ။ ဟိုးလွန်ခဲ့တဲ့ ၈ လကျော်တုန်းကလို မလည်မ၀ယ် Fresher လေး မဟုတ်တော့ဘူး။ ခုဆို ဆရာ တဆူလို ဘလော့က Template တွေကို ကလိလို ကလိ.. Widget တွေလည်း ထည့်လိုက် ဖြုတ်လိုက်နဲ့ လုပ်ချင်တာတွေ လျှောက်လုပ်နေတာ... တခါတလေဆို သူငယ်ချင်းတွေကိုတောင် ဆရာ လုပ်လိုက်သေးတယ်...ဟိုလို လုပ်ပါလား... သည်လို လုပ်ပါလားနဲ့...။ ဒါနဲ့ ကိုယောဟန်အောင် ပြောမှ ပဲ ရပ်သွားတော့တယ် (ခင်ဗျား အခု ဘလော့ပိုး တော်တော် ထနေပုံရတယ်-တဲ့...း).. ဟုတ်မှာပါ....။

တခုပြောရမှာက သူ့ကို လေးစားအားကျလို့ ကျနော် ဘလော့ စရေးဖြစ်တာပါ။ သူ တခုခုပြောရင် ကျနော်က အလေးအနက် ထားရမှာပေါ့။ စာတွေ ရေးအောင်လည်း သူပဲ ကျနော့်ကို အားပေးခဲ့တာ (အမှန်ကတော့ မြှောက်ပေးတာ ဖြစ်မှာ...)။ ကျနော့် ဘလော့လေး လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ကြည့်လို့ ရှုလို့ ကောင်းအောင်လည်း သူပဲ ဟိုလူသည်လူကို စကားပြောပြီး အကူအညီ တောင်းပေးခဲ့တာ။ အမှန်ဆို သူက ကျနော့် ဘလော့ရဲ့ God Father ပေါ့။

ကျနော် ဘလော့ စလုပ်ကာစတုံးက ဇော်ဂျီလည်း မသိသေးဘူး။ ကဗျာတွေကို Adobe Photoshop မှာ စာနဲ့ရိုက်ပြီး jpg format နဲ့ save လုပ်ပြီး ပုံတွေအဖြစ်နဲ့ တင်ခဲ့တာ။ ဘာမှ မသိဘူး။ ပို့စ်တွေ တင်တော့ အင်္ဂလိပ်လို ရေးခဲ့တာ။ သူများ ဘလော့တွေကို သွား လေ့လာရကောင်းမှန်းလည်း မသိဘူး။ နောက်တော့ ကိုယောဟန်အောင်ပြောမှ ဇော်ဂျီကို သိတာ။ ဒါနဲ့ သူ အကူအညီ တောင်းပေးခဲ့လို့ မခင်မင်းဇော် က ကျနော့် ဘလော့အတွက် လိုအပ်တာတွေ လုပ်ပေးခဲ့တာ။ ခုဆို မခင်မင်းဇော်နဲ့ကျနော် မောင်နှမအရင်းတွေ ဖြစ်နေပြီ။ ပြောမနာ ဆိုမနာ။ ပွင့်ပွင့်လင်းလင်း။ အဲဒါက သူ့ကျေးဇူး။

ခုတော့ ဘလော်ဂါ သူငယ်ချင်းတွေလည်း အများကြီး ရနေပြီ။ အဲဒီ သူငယ်ချင်းတွေကပဲ ကျနော် ရေးတဲ့ စာတွေ လာဖတ်၊ ကျနော် စပ်တဲ့ ကဗျာတွေ လာခံစား၊ ထင်မြင်ချက်တွေပေး၊ ခွန်အားတွေပေး၊ ကျနော် ၀မ်းနည်းရင် လိုက် ၀မ်းနည်း၊ ကျနော် ၀မ်းသာရင် လိုက်ဝမ်းသာ၊ ကျနော် စိတ်ညစ်ရင် လိုက် စိတ်ညစ်၊ ကျနော် ပျော်ရင် လိုက်ပျော်...။ အဲလိုနဲ့အတူတူ ရင်ခုန်ရင်းနဲ့ ကျနော့် ဘလော့လေးကို အသက်ဆက် ပေးခဲ့တာ သူတို့တွေပါပဲ။ ကျနော့် ရင်ခုံသံတွေက သူတို့ ရင်ခုံသံတွေဖြစ်။ သူတို့ ရင်ခုံသံတွေကလည်း ကျနော့် ရင်ခုန်သံတွေဖြစ်။ အဲလိုနဲ့ ကျနော်က အဲဒီ သူငယ်ချင်းတွေနဲ့ အတူ ဆက်လက် စီးဆင်း ဖြစ်နေတော့တာကိုး...။

စီးဆင်းနိုင်ခဲ့သလောက် စီးဆင်းခဲ့တာ အခုတော့ နောက်ပြန်လှည့်ကြည့်မိတော့ ခြေရာတွေ ချန်မိခဲ့တာ မနည်းဘူးကိုး။ ကဗျာ (၃၆) ပုဒ်၊ ၀တ္ထုတို (၇) ပုဒ်၊ ပန်းချီ (၄) ကား၊ ခံစားမိသလိုရေးတဲ့စာ (၂၄) ပုဒ် အားလုံးပေါင်း ကိုယ်ပိုင်ခံစားမှု စစ်စစ် (၇၁)ခုတောင် စီးဆင်းဖြစ်ခဲ့ပါပေါ့။ ကိုယ့်ဘာသာကိုယ်တောင် မယုံဘူး။

ခုတော့ အဲဒီလို စီးဆင်းဖြစ်အောင် တိုက်တွန်း အားပေးခဲ့တဲ့ ဘလော်ဂါ သူငယ်ချင်းတွေကို ကျနော့် ခြေရာတွေနဲ့ အတူ မှတ်တမ်းလေး တင်ထားချင်လို့ပါ။ အစီအစဉ်အတိုင်း မဟုတ်ပေမယ့် စိတ်ထဲက ပေါ်လာသလိုလေး အဆင်ပြေသလိုလေး ဖော်ပြပါရစေ။

ယောဟန်အောင်၊ ခင်မင်းဇော်၊ ကေသွယ်၊ မြန်မာပြည်ကိုလွမ်းသူ၊ ကလူသစ်၊ မောင်ဖုန်းမြင့်၊ ငြိမ်းချမ်းအောင်၊ နှင်းခါးမိုး၊ ဂျစ်တူး၊ ပန်ဒိုရာ၊ နိုင်းနိုင်း၊ ကောင်းကင်ကို၊ သက်ဝေ၊ စိုးဇေယျ၊ မျိုးချစ်မြန်မာ၊ ဇာနီဝင်း၊ ကိုအောင်၊ ကိုမောင်ရင်၊ ငြိမ်းဝေ၊ ဆောင်းယွန်းလ၊ လင်းလက်ကြယ်စင်၊ ခေးအော့စ်၊ ဘကောင်း၊ ပီတိ၊ ၀င်းဇော်၊ မုတ်သုန်၊ မိုးချိုသင်း၊ စိုးထက်၊ မောင်မျိုး၊ ဝေလေး၊ လင်းထက်

မေ့ပြီး ကျန်ရစ်သွားတဲ့သူတွေ ရှိရင်လည်း ပြောကြပါဗျို့....

ကောင်းကင်


ဝေါ့လ်ထ် ဒစ္စနေ အပြာ
ပွင့်ချပ်ဖြူ တလွှာ
ပန်းသီး တမွှာ
ကန္တာရထဲ မြုပ်နှံပြီးတဲ့အခါ
ပင်လယ်ဟာ
လွတ်လပ်စွာ ပျံသန်းနေတော့တယ်။

ATN

ကန္တာရ


Adobe Photoshop 5.5 နဲ့ပဲ ဆွဲထားပါတယ်။ ခုပုံကတော့ Mouse နဲ့ပဲ ဆွဲထားတာပါ။ Digitizer က အလုပ်မလုပ်လို့။

Aug 14, 2008

ရင်ခွင်ဦး


















Adobe Photoshop 5.5 မှာ Wacom Graphire Tablet သုံးပြီး ချစ်ခြင်းမေတ္တာကို ပုံဖော်ကြည့်တာပါ။ Stroke တွေကို နှလုံးသားနဲ့ အရင် ဆွဲတယ်။ ပြီးမှ Ripple Effect ကို ရင်ခုန်သံနဲ့ ပေါင်းထားတာပါ။ ချစ်သူ နှစ်ယောက်ကို မြင်ရလား။ မမြင်ရရင်တော့ .......

Aug 13, 2008

မစီးဆင်းနိုင်တော့တဲ့မြစ်
















ဒါကတော့ နောက် ပန်းချီ တချပ်ပါ။ Adobe Photoshop 5.5 နဲ့ပဲ ဆွဲထားတာပါ။ Wacom Graphire Tablet နဲ့ပဲ ဆွဲပါတယ်။

နေ့သစ်














ဘာရယ်လို့တော့ မဟုတ်ပါဘူး။ စာနဲ့လည်း ရေးလို့မရ။ ကဗျာနဲ့လည်း ဖော်ပြလို့ မရ။ အသံနဲ့လည်း ကိုယ်စားပြုလို့ မရနိုင်တဲ့ ခံစားချက်တခုကို ကြားခံတခုခုနဲ့ ဖော်ပြမိတာပါ။ အရုပ်၊ အရိပ်နဲ့ အရောင်လေးတွေပါ။

ပန်းချီဆွဲစရာ ဘာပစ္စည်းမှ မရှိလို့ Adobe Photoshop 5.5 နဲ့ ဆွဲထားတာပါ။ Wacom Graphire Tablet နဲ့ ဆွဲပါတယ်။

တိမ်ကိုစီး၍ သစ္စာရှာသူ











အောက်ဖော်ပြပါ စာတွေကတော့ ကိုဈာန့် ဘလော့ကနေ ကူးယူပြီး ပြန်လည် ဖော်ပြတာပါ။ ကျနော် ရေးခဲ့တဲ့ အမေ့လျော့ခံသူရဲကောင်းများနဲ့အတူတူ အလေးပြုရမယ့် နောက်ထပ် သူရဲကောင်းတယောက် အကြောင်းပါပဲ။

Monday, February 11, 2008
တိမ်ကိုစီး၍ သစ္စာရှာသူ

ညိုထက် (လမ်းသစ်ဦး)

ဒီနေရာက ကျနော်တို့ရဲ့လှုပ်ရှားဂွင် “အထူးဒေသ” ရဲ့ အခြေအစပ်၊ ပြောက်ကြားတပ်ဖွဲ့များ စစ်ကစာှးု ကောင်းသည့် နေရာတော့ မဟုတ်၊ ဒေသအနေအထားအရကိုကလည်း စစ်ရေးအခေါ်အရ “ရန်ဝင်၊ ငါဝင်ဒေသ”၊ ရန်သူ့စိုးမိုးဂွင် မြေပြန့်နှင့် မိမိတို့ခြေကုတ်ဒေသတို့ ထိစပ်နယ်မြေ၊ ဤနေရာကို ရောက်လာခဲ့ကြသည်က အလုပ်အဖွဲ့ငယ်တခုဖြစ်သည့် ရဲဘော်ထူးအောင်နှင့် ကျနော်၊ ထို့အပြင် ရွာသားတချို့၊ ကျနော်တို့အဖွဲ့တွင် ထူးထူးခြားခြား မှတ်တိုင်တခုကို ထမ်းထားသည်၊ ထိုမှတ်တိုင်တွင် ရေးထားသည်က …

ရဲဘော်ညိုထွန်းအောင်
အသက် (၃၈) နှစ်
၃၀ – ၉ – ၉၅

(၁)
ချောင်းကလေးက သာမိတိုက်ရွာဖြစ်သည့် သာစည်ရွာကလေးကို ၀ိုက်ခွေပြီး စီးဆင်းနေသည်၊ ကျနော်တို့ ရွာထဲသို့မ၀င်၊ ကွင်းကွေ့ပြီး ချောင်းကိုဖြတ်ကျော်ကြမည်၊ ချောင်းဖြတ်၍ပြီးသည်နှင့် တွေ့ရမည့်လမ်းက အရေးကြီးသည်၊ ၆ ပေလမ်း၊ ထိုလမ်းမျိုးက စစ်သုံးမြေပုံတွင်ပါသောကြောင့် ရန်သူ့ စစ်ကြောင်းများ အသုံးပြုလေ့ရှိသည့် လမ်း၊ လက်ဆင့်ကမ်း သတင်းစနစ်အရတော့ ရန်သူရှင်းသည်၊ သို့သော် ပေါ့၍မရ၊ ရှေ့မှာရှိနေသည့်ဒေသက ကိုယ့်ဒေသမဟုတ်၊ ရုတ်ချည်းရောက်လာလျင် တုန့်ပြန်နိုင်ရန် ပြင်ဆင်ထားရမည်၊ လမ်းကိုတွေ့နေရပြီ၊ သတိနှင့်ရှေ့ကို မျှော်ကြည့်သည်၊ ထူးခြားမှုမရှိ၊ လမ်းကို အပြေးဖြတ်ပြီး တောစပ်သို့ တိုးဝင်လိုက်ကြသည်၊ ရွာသားတယောက်ရှေ့တက်လာသည်၊ သူက နေရာသိသူ၊


သွားနေရသည်က တောထဲတောင်ထဲကိုပင် နောက်ဖေးပေါက်က ၀င်နေရသလိုမျိုး၊ တောကိုတိုး။ တောင်ကိုဖြတ်၊ ခြုံနွယ်ပိတ်ပေါင်းကြားမှာ၊ ရောက်ပြီ၊ သူရဲကောင်း၊ တော်လှန်တဲ့သူရဲကောင်းဝိဥာာဉ် ကိန်းဝပ်ရာမြေပုံမို့မို့၊ တောင်ဆင်ခြေလျောမှစီးဆင်းသော ရေစီးကြောင်းများကြောင့် မြေပုံအနေအထားပင် ပျက်လု့ပျက်ခင်၊ မနည်းရှာယူရသည်၊ ကြေကွဲစရာ၊ တော်လှန်သော အညတရ သူရဲကောင်း. မခမ်းနားသော အာဇာနည်ဗျွိာန်၊ ဟုတ်သည်၊ မခမ်းနား၊ အမြင်မခမ်းနား၊ လုံးဝကို အမြင်မခမ်းနား၊ သို့သော် မဟာပထ၀ီမြေသားထုလို သိပ်သည်းသည့်ကြီးမြတ်မှုတွေကတော့ ထည်ဝါခမ်းနားလွန်းလှသည့် တောကြိုအုံကြားကမြေပုံ၊ ဆို့နစ်သောခံစားမှုက ကျနော့်တကိုယ်လုံးကို ဖြစ်ညှစ်ပြစ်နေသလို၊
ဦးစွာ မြေပုံကို ပြုပြင်ရဦးမည်၊ ပါလာသည့် ပေါက်တူးဖြင့် မြေပုံကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်ကြသည်၊ ထို့နောက် မှတ်တိုင်ကို ခေါင်းရင်းဘတ်နေရာတွင် အသေအချာစိုက်ထူပေးသည်၊ ၀ါးခုတ်ပြီး မြေပုံကို ကာရန်ပေးလိုက်ကြသည်၊ တိရိစာန်များ မဖြတ်ဆီးမိစေရန်၊ စည်းရိုးအပြင်မှနေပြီး ရေဆင်း ကောင်းအောင် မြောင်းပေါက်ပေးလိုက်ကြသည်၊ ဒေသခံရွာသားများကလည်း သူ့မြေပုံပြုပြင်ရာတွင် စိတ်အားထက်သန်စွာ လုပ်ပေးခဲ့သည်၊ မှန်သည်၊ သူသည် လူထုအကျိုးအတွက် ရန်သူ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သက်ဖြတ်မှုကို ရင်စီးခံခဲ့သူ၊ နီးစပ်ရာ တောပန်းများကိုဆွတ်ခူးပြီး မဟာသူရဲကောင်း. မြေပုံပေါ်မှာ ခင်းဖြန့်ပေးကြသည်၊
လေးပင်သော အလေးပြုရန် အမိန့်ပေးသံ၊ လေးပင်သော လက်တင်အလေးပြု လှုပ်ရှားမှုများ၊ လေးပင်သော သက်ပြင်းချသံများ၊

(၂)
သူနှင့် ကျနော် စတင်တွေ့ဆုံဖြစ်ကြသည်က ဆရာဒဂုန်တာရာ ကဗျာဖြင့် ပန်းချီရေးခဲ့သည့် မဲနယ်တောင်မှာ၊ ထိုအချိန်က မဲနယ်တောင်တွင် ကျောင်းသားတပ်မတော်က အလုပ်အဖွဲ့တဖွဲ့ ရှိနေသည်၊ ထိုအထဲတွင် သူလည်းပါသည်၊ မကြာသေးခင်က ဖြစ်ခဲ့သည့် ထိတွေ့မှုတွင် ဒဏ်ရာရထားသော ရဲဘော် (၂)ဦးလည်း ရှိနေသည်၊ ရဲဘော်အောင်ဒင်နှင့် ရဲဘော်မိုးကျော်၊ ကျနော်တို့ရဲ့ တောအ၀င်ခရီးကို လှိုက်လှဲမှုဖြင့် နွေးထွေးစွာ ကြိုဆိုကြသည်၊ သူထိုအချိန်က တပ်စိတ်မှုးတာဝန်နှင့်အတူ ဆက်သွယ်ရေးတာဝန်ကိုပါ တွဲယူနေသည့် အချိန်၊ ကျနော်တို့ရောက်သည့်နေ့မှာပင် နောက်တန်းသို့ သတင်းပို့သည်၊

“ညီနောင်အားသစ် ကျောင်းသားနှစ်ဦး ရောက်ရှိ”
ထိုအချိန်ကတည်းက စတင်ခဲ့သော သူနှင့် ကျနော့်ကြားက ဆက်ဆံရေးတွင် အဖုအထစ်မရှိခဲ့၊ ကျနော်တို့ကြားတွင် ရိုးရှင်းသော တကြောင်းသွားဆက်ဆံရေးသာ ရှိခဲ့သည်၊ သူနှင့် ကျနော်က ညီရင်းအကိုတွေလို နေခဲ့ကြသူတွေ၊ ကျနော်က အင်မတန် အမေးအမြန်းထူသည်၊ မသိတာ။ မရှင်းတာ။ မကြေညက်တာရှိလျင် နှေးနေ။ တွေနေတာတွေမရှိ၊ ချက်ချင်းပင် တဲ့တိုးမေးလေ့ ရှိသည်၊ ထို့ကြောင့်ပင် သူက ကျနော့်ကို “မောင်လူမွှေး”ဟု ခေါ်ခဲ့သည်၊ သူကတော့ သူ့ကိုယ်သူ “မောင်လူအေး” ယခုတော့ ကျနော့်ရဲ့ မောင်လူအေးလည်း မရှိတော့ပြီ၊ ကျနော်တွင်လည်း မသိတာ။ မရှင်းတာ။ မကြေညတ်တာရှိလျင် ယခင်ကလို တဲ့တိုးမေးတက်တဲ့ အလေ့က ပျောက်သလောက်ပင်၊ နိုင်ငံရေးလောကဓံတွေကြားမှာ “ဗေဒါပျံ အံခဲ”ခဲ့ရတာတွေက တနင့်တပိုးရှိခဲ့ပြီ မဟုတ်လား၊

သူက လူချစ်။ လူခင်အင်မတန် များသည့်လူဖြစ်သည်၊ သူရဲ့ရိုးရှင်းပြီး မာန်မာနကင်းစင်သည့်ပုံရိပ်နှင့် စိတ်ရှည်သည်းခံတက်သည့် အရိပ်သြဇာတို့က ကျနော်တို့အပေါ် လွမ်းမိုးခဲ့ပုံရသည်၊ တပ်ရင်းတွင် အဆိုးဆုံးရဲဘော်များပင် သူ့တပ်စိတ်ရောက်လျင် ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားလေ့ရှိသည်၊ ရဲဘော်များက သူ့ကိုကြောက်၍မဟုတ်၊ သူက အာဏာပြ၍ ရဲဘော်ထိမ်းသည့်နည်းကို ဘယ်တော့မှ မသုံး၊ စိတ်ရှည်လက်ရှည် ပညာပေးလေ့ရှိသည်၊
သူ့မျက်နှာက သုန်သုန်မှုန်မှုန် ရှူတည်တည် မရှိ၊ အင်မတန်လည်း စိတ်ဆိုး စိတ်တိုခဲသည့်လူ၊ စံပြရဲဘော်ဖြစ်ရေးအတွက် ကိုယ့်ကိုယ်ကိုတောင်းဆိုခဲ့သလို။ အခြားရဲဘော်များကိုလည်း တောင်းဆိုသူ၊ အားပေးကူညီ ထိမ်းကြောင်းပေးလေ့ရှိသည့်သူ၊ အနစ်နာခံရေးမူကို လက်တွေ့ကျင့်သုံးသူ၊ ဝေဖန်ရေးလည်း ညင်သာသူ၊

သူ အရက်သောက်သည်ကို ကျနော်တကြိမ်သာ တွေ့ဖူးသည်၊ ထိုတကြိမ်သည်လည်း မှတ်မှတ်ရရ၊ ၁၉၉၄၊ အတာသင်္ကြန်ပွဲ၊ တောခိုပြီးကတည်းက သင်္ကြန်ကို နောင်ကောင်ကီမှာညကံလိုက်။ ပွန်ချောင်းမှာ ညကံလိုက်။ လွယ်ဖီမှာ ညကံလိုက်။ မဲနယ်တောင်ခြေမှာ ညကံလိုက်၊ ရန်သူနှင့် စစ်ကစားနေရသည့် နေရာများတွင်သာ ဆုံဖြစ်ကြသည်၊ လွတ်လပ်သော မိမိနယ်မြေ နောက်တန်းစခန်းမှာ ညကံရသည်ကွှအကြိမ် ပထမ၊ ဖြစ်ချင်တော့ ဗဟိုဒေသ၊ ပွဲလည်းရှိနေသည်၊ ပြဇာတ်။ သံချပ်။ သီချင်းသီဆိုမှု။ ယိမ်းအက...စသည်၊ ထိုပွဲတွင် ရဲဘော်များသုံးစွဲရန် တပ်ရင်းမှူးက မုန့်ဖိုးပေးသည်၊ တယောက် ၅ ဘတ်၊ ၅ ဘတ်ရသည်ကိုပင် ကျနော်တို့မှာ ပျော်မဆုံး၊ ညနေရောက်တော့ အလျှိုလျှို၊ သောက်တက်သူများရော။ မသောက်တက်သူများပါ သံလွင်ကမ်းဘေးက ကျောက်ဆောင်တွေပေါ်မှာ၊ ထိုအချိန်က ကျနော်ရောသူပါ မသောက်သူများစာရင်းဝင်၊ ကျနော်တို့ မသောက်တက်သူများချည်း ၀ိုင်းဖွဲ့သည်၊ ပြီးတော့ သင်္ကြန်ပွဲသို့ ချီတတ်ကြသည်၊ ထို့နောက် ကျနော်တို့ ကကြသည်၊ ကွေးနေအောင် ကကြသည်၊ ကကြရင်း ပို၍မူးလာပြီး နှစ်ယောက်စလုံး ထိုးအန်လိုက်ကြတော့သည်၊ ပြီးတော့ ချာချာလည်၊ ရဲဘော်များကတွေ့ပြီး ၀ိုင်းဝန်းပြုစုကြ၍သာ တော်တော့သည်၊ နောက်နေ့မှသိရတာက ကျနော်တို့နှစ်ယောက် “We are the World” ကို ကဗျာလွတ်ဆိုရင်း ထိုးအန်သွားကြတာ ဆိုပဲ၊


(၃)
သူ့ကို ရဲဘော်များက “အမေကြည်”ဟု ချစ်စနိုး ခေါ်ကြသည်၊ ဟုတ်လည်း ဟုတ်သည်၊ သူက လှုပ်ရှားပဲဖြစ်ဖြစ်။ အထိုင်ပဲဖြစ်ဖြစ် အိပ်ရာစောစောထပြီး တပ်စစ်ဆေးမှုလုပ်သည်၊ ပြီးလျင် တပ်စိတ် ရဲဘော်များကို လိုက်နှိုးပြီး stand by အနေအထားပြင်ခိုင်းသည်၊ သူနှင့် ရဲဘော်တချို့က မီးမွှေးပြီး ထမင်းချက်ဖို့ပြင်တော့သည်၊ ပါးစပ်ကြီးဟပြီး ထမင်းကို စိတ်ဝင်တစားချက်နေသည့် သူပုံက ရယ်လည်း ရယ်ချင်စရာ၊ ပြီး...သူ့ကို ၀ိုင်းကူချက်ပြုပ်နေသူများထဲတွင် ကျနော်တို့လို ရဲဘော်ငယ်များပါလာလျင် စစ်ရေး။ နိုင်ငံရေး ဆုံးမမှုများကို ပြောနေလိုက်သေးသည်၊ ထိုမြင်ကွင်းကို တွေ့ရဖန်များလာသောအခါ ထိုအမည်တွင်သွားတော့သည်၊

သူ့အမည်ရင်းက “ကိုကြည်ဆန်း”၊ ပြည်မြို့သား၊ ငယ်စဉ်က စစ်တပ်အ၀န်းအ၀ိုင်းထဲတွင် နေခဲ့ဖူးသည်၊ မှော်ဘီ တပ်ဝင်းထဲတွင်၊ သူ့အဖေက မေမြို့စစ်တက္ကသိုလ် အပတ်စဉ် (၁) ကျောင်းဆင်း၊ မဆလခေတ်တွင် နှစ်တချို့သာတာဝန်ယူခဲ့ပြီး နှုတ်ထွက်ကာ ပြည်မှာအခြေချခဲ့သည်၊ မဆလ အညှိုးသိုခံရသူ စစ်အရာရှိ၊ သူ၏ အကိုသည်လည်း ရှစ်လေးလုံးအရေးတော်ပုံ မတိုင်မီလေးမှာတင် မဆလမှ ဖမ်းဆီးခေါ်ဆောင်သွားသည်မှ သတင်းအစအနမရ၊ နောက်နှစ်တချို့ကြာမှ သိရသည်က ထောင်အနှစ် ၂၀ ချလိုက်သည်ဟူ၍။ ထပ်သိရသည်က သူတို့၏ မိသားစုစီးပွားရေးလုပ်ငန်းများကိုပင် စစ်အုပ်စု နှောက်ယှက်မှုကြောင့် အခြေရိုင်နေရသောအနေအထား၊ လူထုအတွင်းမှာကတော့ သူရဲကောင်းမိသားစုဝင်များ၊

သူက လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်၊ ပြည်မြို့ကိုရောက်ဖူးသော လူ့ဘောင်သစ်ပါတီဝင်တိုင်း သူ့အိမ်တွင် စားဖူး။ သောက်ဖူး။ နေဖူးကြသူချည်းပင်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို ခေါင်းအေးအေးဖြင့် ပါဝင်နိုင်ခဲ့သူ၊ ရှစ်လေးလုံး တိုက်ပွဲ။ စက်တင်ဘာ သဘောတူညီချက်။ ၁၉၈၉ ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ အာဇာနည်နေ့ လွမ်းသူပန်းခွေချပွဲ။ ဒီချုပ် – တစည စီးချင်းထိုးမူ။ မေ – ၉၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး။ ၂/၉၀ ဖီဆန်ရေး။ သာဓုကန်အစည်းအဝေး။ လက်နက်ကိုင် တော်လှန်ရေး၊

ပြည်မြို့သားတို့ထုံးစံအတိုင်း ခင်ဝမ်း။ မောင်ချောနွယ်နှင့် ကိုဆွေတို့အတွက် အလွန်ဂုဏ်ယူတက်ပြီး ပြည်မြို့၏ ဂုဏ်ထူးဆောင်တွေအဖြစ် ပြောလေ့ရှိသူ၊ ယခုတော့ သူကိုယ်တိုင်သည်ပင် ပြည်မြို့ရဲ့ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ဖြစ်ခဲ့သည်ကို သိမသွားခဲ့သူ။ အနုပညာကိုမြတ်နိုးသူ။ ကိုယ်တိုင်လည်း ရံခါကဗျာဖန်တီးတက်ပြီး တပ်ရင်းမှထုတ်ဝေသော ကဗျာစာအုပ်များတွင် ရေးသားခဲ့သူ။ တော်လှန်ရေးကို ထွက်ခါနီး စက်မှုကျေးလတ်တွင် ဆရာဒဂုန်တာရာအား ၀င်ရောက်ဂါရ၀ပြုခွင့်ရခဲ့သည်ကို တသသပြောတက်သူ၊

(၄)
ကျနော်တို့တပ်ဦး နုစဉ်ဘ၀က ကိစ္စလေးတခုရှိခဲ့ဖူးသည်၊ ၁၉၈၈ ကတည်းက လက်နက်ကိုင် တော်လှန်ရေးကို ရောက်နေသူများနှင့် နိုင်ငံရေးပါတီ (လဘသ၊ ဗကသ...စသည်)မှ လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းလာသူများကြား စစ်ရေးသက်သက်။ နိုင်ငံရေးသက်သက်ဟူ၍ အချင်းပွားခဲ့ကြသည့် ကာလတခု ရှိခဲ့ဖူးသည်၊ ထိုကာလကို ကျော်လွားရန်ကြိုးစားသည့် ဖြစ်စဉ်တွင် သူ၏ တရားပြည့်မှုနှင့် နိုင်ငံရေး စိတ်ရှည်မှုများက တပ်ရင်းအတွင်း အရေးပါအရာရောက်ခဲ့သည်၊

သူက ကျနော်တို့တပ်ရင်းရှိ နိုင်ငံရေးပါတီမှလာသူများထဲတွင် ထူးခြားစွာ စစ်ရေးကိုစိတ်ဝင်တစားရှိသူ။ တပ်ကိုင်ကောင်းသူအဖြစ် တပ်ရင်းက အသိအမှတ်ပြုကြသည်၊ ထို့ကြောင့်လည်းပဲ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးကို ၀င်ရောက်ကြသည့်အခါတွင် သူက စစ်သင်တန်းမှူးပင်ဖြစ်နေပြီ၊ ထို့ကြောင့် သူက ကျနော်၏ ရဲဘော် ရဲဘက်သာလျင်မက ဆရာလည်း ဖြစ်သည်၊ သူ သင်တန်းပေးခဲ့သည်က တပ်ရင်းတွင်း သင်တန်းသာလျင်မဟုတ်၊ လ ပ ဒ တ(လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု) မှပေးသော ကေဒါ သင်တန်းတွင်လည်း စစ်သင်တန်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊
သူက ထင်းခွေ၊ ရေခပ်၊ ထမင်းချက်။ ရိက္ခာရှာသည့် အသေးစိတ်လုပ်ငန်းမှသည် ပေါ်လစီရေးရာဆွေးနွေးမှုအထိ စိတ်အားထက်သန်စွာလုပ်လေ့ရှိသည်၊ ကျနော်တို့တပ်များ လှုပ်ရှားစစ်ထွက်လျင် ကိုယ့်ရက္ခာ ကိုယ်သယ်ကြ ရသည်၊ အခြေခံရျှိာများဖြစ်သည့် ဆန်။ ဆီ။ ဆား။ ဟင်းချိုမှုန့်...စသည့်၊ ထိုအထဲတွင် အလေးဆုံးက ဆန်၊ ကျနော်တို့ အီကွေးမန့်ခါးပတ်တွင် လုံချည်ကို ဖြတ်ချုပ်ထားသော ဆန်ကြိုးရှိသည်၊ ခရီးဝေးလျင် ဝေးသလို ၂၄ ဗူးအထိလွယ်ရသည်၊ စစ်ကြောင်းနားသည့်နေရာရောက်လျင် ထိုဆန်ကြိုးထဲမှ ဆန်ယူပြီးချက်သည်၊ ခရီးကဝေး။ တောင်တွေကိုတတ်ရနှင့် ဆန်ကြိုးက လေးသောအခါ အတော်မလွယ်သည့်ကိစ္စ၊ ထိုအခြေအနေမျိုးတွင် သူက အခြားရဲဘော်များ၏ ဆန်ကို အရင်ယူသည်၊ နောက်ဆုံးမှ သူ့ဆန်ကြိုးကို အသုံးပြုသည်၊ ထိုသို့ အသေးစိတ်မှ စပြီး စည်းရုံးရေးမူကို ကျင့်သုံးသည့်သူ၊

၁၉၉၃ - ရလလဖနယ်မြေတွင် မကဒတ၏ နိုင်ငံရေးလမ်းစဉ်မိတ်ဆက်နှင့် လူထုစည်းရုံးရေးခရီးအဖြစ် ပအို့ဝ် ကျေးရွာများကို လှည့်လည်ကြစဉ်ကလည်း တပ်ရင်းမှချမှတ်ထားသော လူထုအား အကူအညီပေးရေးလုပ်ဟန်ကို မောပန်းနေသည့်ကြားမှ ရဲဘော်တိုင်းနှင့် ရင်ဘောင်တန်းလုပ်နိုင်ရန် ကြိုးစားခဲ့သည်၊ လုပ်လည်း လုပ်နိုင်ခဲ့သည်၊ ထိုသို့ဖြင့် ကျနော်တို့အကြား နားလည်မှု တည်ဆောက်နိုင်ခဲ့ကြသည်၊
သူနှင့် ကျနော် နောက်ဆုံးသွားခဲ့ရသည့်စစ်ကြောင်းခရီးက ဗဟိုလုံခြုံရေးတိုက်ကင်းထွက်သည့် ခရီးပင်၊ သိပ်မကြာ သူနှင့် ရဲဘော်ဆေး အလယ်ပိုင်းဒေသ အခြေခံဒေသထိုးဖေါက်ရေးတပ်ဖွဲနှင့်အတူ လိုက်ပါရန် တာဝန်ပေးအပ်ခံရသည်၊

(၅)
အဖြစ်အပျက်များက မယုံကြည်နိုင်စရာကောင်းလောက်အောင် ဇယ်ဆက်နေသည်၊ မာနယ်ပလော ကျသည်၊ ကျနော်တို့ဗဟိုလည်း ဆုတ်ပေးလိုက်ရသည်၊ ကျနော်တို့ရဲ့ ပင်မတပ်ရင်းအင်အား အများစုက KNPP (ကရင်နီပြည် တိုးတတ်ရေးပါတီ) ဒေသဘက်ကို ပြောင်းရွှေ့သွားရပြီ၊ ကိုတိုက်မောင်းနှင့် အပါအ၀င်ကျနော်တို့ တပ်စိတ်တစိတ်ကျန်ခဲ့သည်၊ အလယ်ပိုင်းဒေသကို ထွက်ခွာရန်၊ ကျနော်တို့မသွားဖြစ်၊ ကိုတိုက်မောင်း ကွယ်လွန်သည်၊ (၂၆ – ၄ – ၉၅) နှမြောတသမှုတွေမှ အနည်မထိုင်သေး အလယ်ပိုင်းအလုပ်အဖွဲမှ ကြေးနန်စာရောက်လာသည်၊ “ရဲဘော် ကြည်ဆန်းအား ရန်သူမှ လက်ရဖမ်းမိ” (၂၈ - ၉ – ၉၅) နှစ်ရက်သာကြာသည်၊ နောက်ထပ်ကြေးနန်း၊ “ရဲဘော်ကြည်ဆန်း ယနေ့ပင် ကျဆုံး” (၃၀ – ၉ – ၉၅) သွားပြီ၊ ကျနော့်အချစ်တွေ အဆုပ်လိုက်ကြွေ၊ လွတ်မြောက်ရေးဗဟို။ တော်လှန်ရေးဆုံရပ်။ တော်လှန်စစ်ရဲ့ ကွပ်ကဲရေးဌာန။ မိမိဗဟို။ မိမိတပ်ရင်း။ လေးစားအားထားရသည့် တပ်မှုး။ ညီရင်းအကိုလို ချစ်ခဲ့ရသော နောင်တော်ရဲဘော်ကြီး၊

ကျနော့်ရဲဘော်ကြီး ရန်သူ့လက်အတွင်း အသက်ရှင်လျက်ဆင်းသက်ခဲ့ရသည့် နှစ်ရက်တာခရီး၊ ဖြစ်ကာစမှာတော့ သိုးသိုးသန့်သန့်၊ စက်လိုင်းပေါ်မှ စကားများ၊ သိပ်တော့ဖြင့် ရုပ်လုံးမကြွ၊ မပီပြင်သေး၊
နောက်တော့ အလယ်ပိုင်းအလုပ်အဖွဲ့မှ ဗဟိုသို့ပြန်လာကြသူများ ရောက်လာသည်၊ ကျနော် ကိုယ်တိုင်လဲ ထိုဒေသကိုရောက်သွားဖြစ်ခဲ့သည်၊ ပီပြင်လာပြီ၊ ရုပ်လုံးကြွလာပြီ၊ ကြားရသည့်သတင်းများက ကြက်သီးပင်ထမိသည်၊

“သူရဲကောင်းဆန်ခဲ့တယ်” “တော်လှန်ရေးသမားပီသတယ်” “ဒေသခံလူထုအားလုံးက စုပ်တသပ်သပ်နဲ့ ချီးကျူးဂုဏ်ပြုကြတယ်” “ရန်သူတွေ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရတယ်” သူနဲ့ပတ်သက်တဲ့ အနှစ်ချုပ်၊ ကြည့်စမ်း၊ တော်လှန်တဲ့သူရဲကောင်းတယောက် ကိုယ်အနီးအနားမှာ ကိုယ်နဲ့အတူတူရှိနေခဲ့တာ၊ ဂုဏ်ရောင်ပြောင်ခဲ့ပါတယ် ရဲဘော်ကြီး၊
ရန်သူက သူ့ကို ကျွဲကျအောက်ရွာနှင် လှည်းစခန်းရွာအကြားတွင် ဖမ်းမိသွားခြင်းဖြစ်သည်၊ သူနဲ့အတူ ရဲဘော်ရဲထိုက် (အဘ)လည်းပါသည်၊ ရဲဘော် ရဲထိုက်ကထိုနေရာတွင်ပင် ကျဆုံးသွားသည်၊ သူ့ကိုတော့ အရှင်မိသွားသည်၊ ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်ပြီး တုတ်နှောင်ခေါ်ဆောင်သွားကြသည်၊ ပြောခဲ့ပြီးသလို ထိုဒေသက ရန်ဝင်။ ငါဝင်ဒေသ၊ တဖက်နှင့် တဖက် အပြီးတိုင်ဖယ်ရှားရေးအတွက် လူထုအားကို ထူထောင်ရသည်၊ တော်လှန်ရေးအပေါ် ထောက်ခံသည့် လူထုကို အခိုင်အမာအင်အားစုဖြစ်အောင် တည်ဆောက်ရသည်၊ ထိုကိစ္စကို အရပ်ဝတ်ဖြင့် လှုပ်ရှားသွားလာနေသည့် သူအပါအ၀င် အလုပ်အဖွဲ့များက အသိဆုံး၊

သူ့ကို ရန်သူက အရှင်မိသွားတော့ အကြီးအကျယ် စစ်ဆေးတော့သည်၊ အတွင်းခံဘောင်းဘီတိုကလွဲပြီး အ၀တ်အားလုံးကို ချွတ်သည်၊ ကြိုးနဲ့တုတ်ပြီး ထိုးကြိတ်ကန်ကျောက်ကြသည်၊ ခါးပတ်နှင့် ရိုက်သည်၊ သေနက်ဒင်နှင့် ထုကြပြီး လူထုနှင့် တော်လှန်ရေးကို သစ္စာဖေါက်အောင်လုပ်ကြသည်၊ မရ၊ ရွာစဉ်လှည့်ပြီး ရွာထဲက တော်လှန်ရေးသစ္စာခံ လူထုအမာခံများကို ဖေါ်ထုတ်ခိုင်းသည်၊ သူလုံးဝမပြော၊ သူ့ကို ဓါးဖြင့်မွှမ်းသည်ဟုပင်သိရသည်၊ အံကြိတ်ခံခဲ့သည်၊ ရန်သူကို သူပြောတဲ့စကားတွေက “မသိဘူး” “မရှိဘူး” “ငါကိုသတ် ဘာမှမပြောဘူး” လူထုနှင့် တော်လှန်ရေးသစ္စာကို အသက်ထက်တန်ဖိုးထားခဲ့သည်၊ ဖြစ်သမျှကိစ္စမှန်သမျှကို သူတဦးတည်း ခါးစီးခံခဲ့သည်၊ တော်လှန်သော တာဝန်ခံစိတ်ဓါတ်။ မှန်ကန်သော လူထုအတွေးအခေါ်။ နောက်ဆုံးအချိန်အထိ လူထုကို အလုပ်အကြွေးပြုရေး လမ်းစဉ်၊
ကြည့်နေကြရသည့် လူထုထဲမှာ သူ့ရဲ့မိတ်ဆွေတွေရှိနေသည်၊ သူလည်းသိသည်၊ သို့သော် ဘယ်လိုပင်နှိပ်စက်ပါစေ သူတို့ကို ယောင်လို့တောင်မှ လှည့်မကြည့်၊ တကိုယ်လုံး ယောင်ကိုင်း။ ညိုမည်း။ သွေးအလိမ်းလိမ်း၊ မြင်ရသူတိုင်း နှလုံးသည်းပွတ် ဆွဲယူလွှင့်ပစ်ခံရသည့်ပမာ နာကျင်ကြေမွ၊ သူကို မြင်မိသူတိုင်း ငိုမိကြ၊ လူစိတ်မရှိတဲ့ စစ်ဝါဒီတွေကို အသည်းနာမိကြ၊ “တော်တော့်ကို လူမဆန်အောင် နှိပ်စက်လိုက်ကြတာဗျာ။ အဲဒီကောင်တွေ လူမှဟုတ်သေးရဲ့လားလို့တောင် စဉ်းစားကြည့်မိတယ်၊ ကျနော်ဆိုရင် သူ့ကိုကြည့်ရင်း တော်တော်စိတ်ထိခိုက်လာလို့ ဖေါ်ချင်လည်းဖေါ်ပါစေဆိုပြီး သူနဲ့တည့်တည့်မှာသွားရပ်နေတာ၊ ကျနော့်ကိုလည်း တွေ့တယ်၊ လုံးဝကို ဖေါ်မသွားဘူးဗျာ၊ ဒီလောက်သစ္စာရှိပြီး သတ္တိရှိတဲ့လူမျိုး လုံးဝမတွေ့ဖူးသေးဘူး၊” ဟူ၍ သူ့မိတ်ဆွေတဦးက ကျနော့်ကို ပြောပြသည်၊
အဆုံးတွင်တော့ ရန်သူလက်လျော့သွားရသည်၊ လူထုကိုသစ္စာခံပြီး ရန်သူကို ထီမထင်ခဲ့သူ။ သံဓိဌာန် ပြတ်သားသူ။ အခက်အခဲကို စိန်ခေါ်ရဲသူ။ အသက်စွန့်ရန် ၀န်မလေးသူကို ရန်သူ အရှုံးပေးလိုက်ရသည်၊ သေမိန့်၊ သေခြင်းကိုတောင်းခံနေသူအတွက် သေမိန့်သည် တုန်လှုပ်စရာမဟုတ်၊ ဆုလာဒ်၊ ရန်သူတောင်းဆိုသည့် သတင်းကိုသူကမပေး၊ သူတောင်းဆိုသည့် သေမိန့်ကိုသာ ရန်သူက ပေးလိုက်ရသည်၊

ရန်သူက သူ့ကို လက်ခုတ်ထဲက ရေလို့ထင်ခဲ့သည်၊ ထိုထင်မြင်ချက်ကို သူ၏ ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ရဲသည့် သတ္တိက တော်လှန်ပြောင်းလဲပြစ်နိုင်ခဲ့သည်၊ ရန်သူတို့ ကြောက်ဒူးတုန်ခဲ့ရပြီ၊ နောက်ဆက်တွဲအဖြစ် သူ့ကို တာဝန်ခံနှိပ်စက်ခဲ့သူ တပ်ကြပ်ကြီးမှာ စိတ်ချောက်ခြားပြီး စိတ္တဇဆေးရုံသို့ ပို့လိုက်ရသည့်သတင်းက ဖုံးမရအောင် ပွင့်ထွက်လာသည်၊

(၆)
ရဲဘော် ညိုထွန်းအောင်က ရန်သူ၏ လူမဆန်သော ရက်စက်မှုကြားမှ ယုံကြည်ချက်ကို အလံထူရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီ၊ သို့သော် တန်ဖိုးရှိသော...၊ သူ၏တန်ဖိုးနှင့် ဂုဏ်ပုဒ်တွေကို ပြန်ပြောင်းတသ ဂုဏ်ယူမိဖြစ်ရင်းမှ သူကိုယ်တိုင်ရေးခဲ့သည့် ကဗျာတပုဒ်က ကျနော့်ရင်ထဲ တလှပ်လှပ်တိုးဝင်လာတော့သည်၊

“တိမ်ကိုစီး၍”
တောင်တန်းတွေဆီကနေ
ဧရာဝတီနှင့် ချင်းတွင်းကို
လွမ်းမောရင်း
ဆရာကြည်အောင်က
သစ္စာရှာဖို့ “ငါ” မြင်းစီးတယ်တဲ့၊

ကျနော်တို့လေ
သေနတ်ထမ်း၍
ရှမ်းတောင်တန်းရဲ့
အမြင့်ဆုံးတနေရာမှာ
သစ္စာရှာဖို့
တိမ်စီးနေတယ်။
ဟုတ်ပါတယ် ကိုညိုထွန်းအောင်၊ ရဲဘော်ကြီးဟာ မြင့်မြတ်စွာတိမ်ကိုစီးပြီး သစ္စာခရီးထွက်နိုင်ခဲ့ပါပြီ၊ ဒါဟာ သစ္စာတရားက တိမ်သားတိမ်ဆိုင်တွေအဖြစ် ပြောင်းလဲပြီး ရဲဘော်ကြီးကို သူရဲကောင်းဗိမ္မာန်ဆီ ခရီးနှင်နေတာပါ၊ အဖိနှိပ်ခံတို့ရဲ့ သူရဲကောင်းမှတ်တမ်းမှာ ရဲဘော်ကြီးဟာ ပြန်တမ်းဝင်ခဲ့ပါပြီ၊ အဆိုးဆုံးအခြေအနေမှာပင် တော်လှန်ရေးကို သစ္စာခံ။ လူထုကို အလုပ်ကြွေးပြု။ ရန်သူအပေါ်ပြတ်သား ဆန့်ကျင်တော်လှန်ရဲတဲ့စိတ်ဓါတ်၊ အဲဒီစိတ်ဓါတ်ဟာ ဦးညွှတ်အပ်တဲ့ “ညိုထွန်းအောင် စိတ်ဓါတ်”

ညိုထက် (လမ်းသစ်ဦး)
(ဆုံဆည်းရာ ဘလော့ဘ်မှ ကူးယူဖော်ပြသည်။)

Posted by ကိုဈာန် at 8:54 AM

လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်စင်တစင်း















အောက်ဖော်ပြပါ စာတွေကတော့ ကိုဈာန့် ဘလော့ကနေ ကူးယူပြီး ပြန်လည် ဖော်ပြတာပါ။ ကျနော် ရေးခဲ့တဲ့ အမေ့လျော့ခံသူရဲကောင်းများနဲ့အတူတူ အလေးပြုရမယ့် နောက်ထပ် သူရဲကောင်းတယောက် အကြောင်းပါပဲ။ သူ့အတွက် ကိုယောဟန်အောင်က ကဗျာတပုဒ် စပ်ခဲ့တယ်။ သူရဲကောင်းတယောက် အတွက်။

Saturday, February 17, 2007
သေတမ်းစာ

အလင်းကိုပေးဖို့
ထင်းဟာ မီးကို စားသလိုပေါ့၊
အားလုံးကို လင်းဖို့
တို့အသက်တွေ ရင်းခဲ့ရတယ်လေ။

ငါ့သူငယ်ချင်း
ရဲဘော်တဦး
ခေတ်တခေတ်ကို မြင်ဖူးချင်လို့
နေလုံးတူးဆွ
သွေးတွေစွန်းထင်းတဲ့
ဝတ်စုံတစ်စုံရခဲ့တယ်။

မနေ့ကလေ
အေ-ကေသေနတ်
သူဖြုတ်တပ်ဆင်
တသသ ရောင်တင်သုတ်နေခဲ့တယ်။
မနေ့ကလေ
ညနေနီကျင်၊ ကင်းကျစဉ်က
ခပ်ဝေးဝေးမြို့ပြ၊ မှောင်ရီကျစဉ်
မီးစတင်လင်း၊ ထမင်းဝိုင်းမှာ
သူ့မိဘတွေ၊ ဇွန်းလက်ဆုံလေတိုင်း
ဘာတွေ ပြောလေမလဲ
သူတွေဝေနေခဲ့တယ်။

မီးခိုးဖုံလုံး၊ ဗုံးသီးကွဲမြောက်
မောင်းပြန်ပေါက်ထွက်၊ အတွဲဆက်တွေ
ဆူပွက်အော်ဟစ်၊ ပစ် ပစ် ပစ်ကြ
ဖောက်ပြန်သူတွေ တို့ပစ်ရမယ်၊
ဒါတော်လှန်စစ်ရဲ့ နိယာမလေ။

ငါ့သူငယ်ချင်း ...
မင်းအားတင်းပါ၊
မင်းဘာပြောမလဲ၊
မင်းဘာမှာမလဲ
နေမင်းကို သဲတွေပြိုဖို့မိကြ
မှောင်မိုက်ခဲ့ရပေါ့။

သူဟာ
သူ့ဓါတ်ပုံကို
ကျွန်ုပ်တို့၏ ယုံကြည်ချက်အပေါ်မှာ ချိတ်ပါ၊
သူ့ဓါတ်ပုံကို
ရုပ်ရှင်ရုံမှာ အလေးပြုပါ၊
သူ့ဓါတ်ပုံကို
ရေစာရုပ်ပုံ၊ ငွေကြေးစုံမှာ ရိုက်နှိပ်ပါ၊
သူမှာမသွားခဲ့ဘူး။
သူဟာ တိတ်တိတ်ဆိတ်ဆိတ် အိပ်စက်သွားခဲ့တယ်၊
မှတ်တမ်းငယ်တအုပ်ထဲမှာတော့
(ရက်ပေါင်းနှစ်ဆယ်ကျော် ဖျားနာစဉ်
ဘာမှ စားလို့မ၀င်ဘူး၊
မေမေ့ချဉ်ရေဟင်းတခွက်
ညက အိပ်မက်တယ်လေ)။

ဌာနချုပ်ကိုပေးမယ့်
ကြေးနန်းစာရေးစဉ်
ကျနော့လက်တွေ တုန်ယင်နေခဲ့တယ်လေ။

ယောဟန်အောင်
ဒေါင်းအိုးဝေဂျာနယ်။ ရေဆန်းလမ်းသို့အပြန် (နိုင်ဝင်းဆွေအမှတ်တရ ကဗျာများ)၊ ဖေ ၁၉၉၆၊ ဧရာဝတီညီနောင်စာပေ။


ဒီလိုပဲ၊ စွန့်လွှတ်သွားရတဲ့ ကျနော်တို့ရဲဘော်တွေ အများကြီးရှိပါတယ်။ ကျနော်အမှတ်ရနေတာတော့ “မင်းလူလေး“ ပါ။ သူက ကျနော့ရဲဘော်၊ ကျနော့ထက်ငယ်တယ်။ တိုက်ပွဲတစ်ခုမှာ ကျသွားတယ်။ ဒီလိုနဲ့ မီးလောင်ဖို့ ထင်းတွေအစာကျွေးနေရသလိုပါပဲ။ ပြည်တွင်းစစ်ကြီးထဲမှာလည်း၊ အသက်တွေ၊ ဘ၀တွေကို ကျွေးနေရပါတယ်။ (န၀တ) ရဲဘော်တွေလည်း ဒီထဲမှာ ထည့်ကျွေးခံနေရတာပဲပေါ့။ ဘာကြောင့် ဒီလိုရင်းနေကြရတာလည်း၊ မေးခွန်းထုတ်သူနည်းလှပါတယ်။ အဖြေပေးသူလည်း နည်းလှပါတယ်။ ဒီလိုနဲ့ သူတို့ ဘ၀တွေဆုံးခဲ့ကြတာပါပဲ။

ဒါပေမယ့် အချို့ရဲဘော်တွေက သူတို့ဘ၀အတွက် ဘာမျှော်လင့်ချက်ကြီးကြီးမှ ထားခဲ့ကြတာမဟုတ်ပါဘူး။ နှိမ့်နှိမ့်ချချနဲ့ပဲ စွန့်လွှတ်ခဲ့ ကြပါတယ်။


Monday, February 11, 2008
လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်စင်တစင်း

မြင့်ဇေ

ရွာအ၀င်တွင်တော့ ကျနော့်ခြေလှမ်းများ နှေးသွားသည်။ နောက်ကပါလာသည့် မွန်ပြည်သစ်ပါတီ ရဲဘော်လေးက `ဆေးမှူး အရှေ့ကလူတွေနဲ့ ပြတ်သွားဦးမယ်..´ သတိပေးမှ ကျနော် ခပ်သုတ်သုတ် လှမ်းမိ သည်။ ရာဘာတောမှအထွက် သူမတို့ အိမ်ရှိရာလမ်းမှ ပွိုင့် မဖြတ်ဘို့ ဆုတောင်းသော်လည်း ပွိုင့်သွားသည့် ရဲဘော်က ချိုးဝင်သွားခဲ့ပြီ။ အင်းလေ… ဒီလမ်းက ရွာလယ်ရောက်ဘို့ အနီးဆုံးလမ်း မဟုတ်လား။

သူမတို့အိမ်နားရောက်တော့ ထွက်လာသည့် လူရိပ်တခုကို တွေ့လိုက်ရသည်။ သူမ…၊ ကျနော် အကြိမ်ကြိမ် ဆုတောင်းသော်လည်း မပြည့်ခဲ့ပါလား။ စစ်ကြောင်းအရှေ့ အနောက်ကို ရှာကြည့် နေပုံရသည်။ ပြီးတော့ ကျနော်ကိုတွေ့တော့ ၀မ်းသာအားရ အပြေးကလေး ကျနော့်နားသို့ ရောက်လာခဲ့သည်။ ပြီးတော့…`ဆေးမှူး၊ သူရောဟင်.. သူဘာမှ မဖြစ်ဘူးမဟုတ်လား။ ´ `ဘုရားရေ.. သူမသိသေး ပါလား။ ´ ကျနော့် စိတ်ထဲမှ တွေးမိသည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို သမီးရည်းစားဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည့် ကျနော်က သူ ကျဆုံးသွားသည့်အကြောင်းကို ပြောပြရသူဖြစ်ရဦးမည်။

ကျနော်လည်း စိတ်မသက်မသာနှင့် ကျဆုံးသွားသည့် အကြောင်းကို ခပ်တိုတိုရှင်းပြလိုက်သည်။ နားထောင်နေသော သူမကို တည့်တည့်မကြည့်ရဲ။ သူမယုံရော ယုံပါ့မလား။ ရည်းစားသက်တမ်းကို စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် ၃ ရက်သာကြာသေးသည်။ အဖြေရပြီးသည်နှင့် တခြားရွာသို့ စစ်ကြောင်း ထွက်ရသည်။ ပြန်လာတော့ သူမပါလာ။ ကျနော် ပြောနေရင်း ရှိုက်သံကြားလို့ငဲ့ကြည့်တော့ ကလေးမ ငိုနေရှာပြီ။ ငိုပါ … ညီမလေးရေ။ ငိုပါ။ ငါတို့လည်း ရင်ထဲမှာ ငိုနေကြရတာဘဲ။ အဖိုးထိုက်တဲ့ လူသားတွေ သေဆုံးမှုအတွက် ငါတို့ ရဲ့ မျက်ရည်တွေက ဂုဏ်ပြုမှုပါဘဲ။

၁။

သူဆိုသည်က မင်းလူ။ ရန်ကုန်သား ။ ဖခင်ဖြစ်သူက အစိုးရ ကြေးနန်းတပ်က။ ၈၈၈၈ ဖြစ်ပြီး အစောဆုံး တောခိုသည့် ကျောင်းသားပြည်သူများထဲတွင် မင်းလူလည်း ပါသည်။ ကျနော် ရောက်တော့ သူက လုံးလုံး ပြောက်ကျားစစ်သားကြီး ဖြစ်နေပြီ။ တပ်ရင်းရှိ အငယ်ဆုံးသူများထဲတွင် သူပါသည်။ အလုပ် လုပ်ရာတွင်လည်း တက်တက်ကြွကြွရှိသည်။ ကျနော်တခု မကြိုက်သည်က ရန်ဖြစ်တတ်ခြင်း။ မင်းလူနဲ့ စကားများ ရန်မဖြစ်ဘူးသူဆို၍ သိပ်မရှိလှ။ ဤသည်ကို ကျနော်က မကြိုက်။ တပ်ထိပ်ပိုင်းတာဝန် ရှိသူများက အစဉ်ခေါ်ယူဝေဘန်သည်။ ကျနော်တို့လို ခင်မင်ရင်းနှီးသူများက ဖျောင်းဖျဆုံးမသည်။ ထိုအချိန်တွင်တော့ သူက ပြုံးပြုံး ပြုံးပြုံးနှင့် ငြိမ်ပြီး နားထောင်နေတတ်သည်။ သို့သော် ရန်ကတော့ ဖြစ်မြဲ။

ထိုစဉ်က ဘုရားသုံးဆူ ဒေသ မကျသေး။ ကျနော်တို့ တပ်ရင်းနေရသည်က ဘုရားသုံးဆူ ရွာစွန်နား တွင် ရှိသော ဘုန်းကြီးကျောင်းကုန်းရှိ အခင်းအနည်းငယ်သာရှိသော ဇရပ်၌။ ထိုဇရပ်ကို ရောက်ပြီးနောက် ၀ါးခုတ်ပြီး အကာအခင်းအပြည့်လုပ်ရသည်။ စားဘို့အတွက် လူခွဲကာ တောင်ယာဖုန်းဆိုးဟောင်းများကို မွှေနှောက်ရသည်။ မည်မျှပင် မွှေနှောက်စေကာမူ ကျနော်တို့ ရခဲ့သည့် အသီးအနှံက ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် သဘောင်္သီးပင်။ မနက် ကျောက်ဖရုံဆိုပါက ည သဘောင်္ သို့မဟုတ် ရွှေဖရုံ။ ကျနော်တို့ ဆေးတပ်စိတ်က မှီခိုနေထိုင်ရသည့် ဘုန်းကြီးကျောင်းအား နေ့စဉ် ရေထမ်းဖြည့်ရသည်။ ကြမ်းတိုက် ပေးရသည်။ သို့အတွက် ဘုန်းကြီးများက သူတို့ ဆွမ်းစားပြီးလျှင် ကျနော်တို့အား ဆွမ်းဟင်းအကျန်များကို စွန့်လေ့ရှိသည်။ ဆွမ်းဟင်းအကျန်ဆိုသည်က ငပိရည်သာ။ ငပိရည်ကလည်း နဲသည့်အတွက် ကိုယ်နှင့် ခင်မင်သူများကို ခေါ်ကာ ဒိုင်၍ စားရသည်။ ကျနော်နှင့် အတူစားဖြစ်သည်က မင်းလူ။ ငပိရည် နှစ်ဇွန်း သုံးဇွန်းကိုက ထိုအချိန်က နတ်သုဒ္ဓါ။

နောက် ကျနော်တို့ စခန်းဆောက်ရန် မြေနေရာရသည်။ စခန်းဆောက်ပြီး၍ ပြောင်းကာစမှာပင် ဘုရားသုံးဆူ ၀န်းကျင်တခို၌ စစ်ရိပ်စစ်ငွေ့များယှက်သန်းလာသည်။ ရန်သူစစ်တပ်က ထိုးစစ်ဆင်တော့မည်။ ထိုအချိန်က ကျနော်တို့မှ ရှိသည့် သေနတ်က လူဦးရေထက်စာလျှင် အပုံကြီးနည်းလွန်းနေသည်။ ကျန်သော ကျောင်းသားတပ်များ၊ မဟာမိတ်မွန်တပ်များဖြင့် ပေါင်း၍ စစ်ကြောင်းထွက်ရန် အကြောင်းကြားစာ ရောက် လာသည်။ ရှိသည့်သေနတ်များကို တွက်ကြည့်ပြီး စခန်းတွင် အချို့တ၀က် ထားပြီး ကျန်ရှိသည့်သေနတ်နှင့် ရှေ့တန်းထွက်သွားကြသည်။ ထိုအထဲတွင် မင်းလူပါသွားသည်။ ကျနော်တို့က ဘုရားသုံးဆူကျခါနီးတွင်မှ ဆုတ်လာရသည်။

ဒီလိုနှင့် ကျနော်တို့ စခန်းအသစ်ပြောင်းဆောက်ရသည်။ ထိုနေရာက ကရိန်ကန်တွင်ဖြစ်သည်။ မအောင်မြင်သည့် ရေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြသည်။ မင်းလူတို့ ပါသည်။ ကျနော်တို့ စခန်းဆောက်အပြီး ရှေ့တန်းသို့ ရိက္ခာပို့ရန် တာဝန်ကျသည်။ သေနတ် အပိုရှိရင်တော့ ရှေ့တန်းမှာနေခဲ့မယ် ဆိုသည့် စဉ်းစားမှုဖြင့် ကျနော်လိုက်သွားခဲ့သည်။ ၃ ရက်မျှ ပြင်းပြင်းထန်ထန်လျှောက်ပြီး ရေးတောင်ပိုင်းရှိ ခေါဇာ ကျေးရွာဂွင်ထဲ ရောက်သွားသည်။ ထိုအချိန်တွင်မင်းလူတို့က မြောက်ပိုင်းမှာ။ နောက်တန်းပြန်သည့်သူများ ပြန်သွားကြသဖြင့် သေနတ်တလက်ယူပြီး ရှေ့တန်းတွင် ကျနော်နေရစ်ခဲ့သည်။ ရေးတောင်ပိုင်းဂွင်အတွင်း ၇လ ခန့် လှည့်လည်နေထိုင်ပြီး ကျနော်တို့ စစ်ကြောင်း မြောက်ပိုင်းသို့သွားပေါင်း ရသည်။ ထိုသို့သွားပေါင်း မှသာ မင်းလူနှင့် ပြန်ဆုံရခြင်းဖြစ်သည်။

(၂)

တပ်ကို ပြန်လည်စုဖွဲမှုလုပ်သောအခါ မင်းလူက ကျနော်တို့တပ်စိတ်တွင် ပါလာသည်။ နဂို ကတည်းက တွဲခဲ့သူများဖြစ်နေခြင်းကြောင့်လည်း ဆိုးတိုင်ပင်ကောင်းတိုင်ပင် နေကြသည်။ အထူးသဖြင့် အချစ်ရေး။ အချစ်ရာကိစ္စတွင်ဖြစ်သည်၊ သူနှစ်ခြိုက်နေသည့် တိုင်းရင်းသူကလေးကို မည်သို့မည်ပုံချည်းကပ် သင့်သည်ကို ကျနော်က အကြံပေးရသည်။ ဤကိစ္စတွင် ကျနော်က ဖြစ်ဖြစ်ထွန်းထွန်း ရှိလှသူ မဟုတ်။ သို့သော် တခြားတပါးသော သူများအတွက်တော့ ရသည်။ အဓိက က ရည်းစားစာ ရေးပေးရခြင်းဖြစ်သည်။ ကျနော်ရေးသည့်စာကို သူက သူ့လက်ရေးနှင့် ပြန်ရေးပြီး ကျနော်က ကောင်မလေး ရေသွားခပ်ချိန်တွင် လိုက်ပေး ပေးရသည်။ ကျနော်ပေးတော့ (ကျနော်ပေးသည်ဟု ထင်ပုံရ၍) ကလေးမက မယူ။ အကျိုး အကြောင်းနှင့် ကျနော်ပေးခြင်း မဟုတ်ကြောင်း ရှင်းပြတော့လည်း မရ။ ဒါဆို ကြိုက်တဲ့သူကို လာပေးခိုင်းလိုက်ဟု စကားပြန်လိုက်သည်။ သို့သော် ဒီကောင်ကလည်း စစ်တိုက်ရင်တော့ အလွန်ရဲရင့်သူ ဖြစ်သော်လည်း ဒီကိစ္စမျိုးမှာတော့ မရဲတင်း။ သူသွားပေးတော့ ကျနော့်ကို အတင်းခေါ်သည်။ ကျနော်ကလည်း ဆေးရိုးသည် အဖြစ်မခံနိုင်။ နောက်ဆုံးတော့လည်း သူ့ဆန္ဒကို လိုက်လျောပြီး လိုက်သွားသည်။

သူသွားပေးတော့ ကောင်မလေးက ငြင်းဘို့တောင်မေ့နေပုံရသည်။ ချက်ချင်းကို စာလက်ခံလိုက် သည်။ နောက်သိပ်မကြာခင်ရက်များအတွင်းမှာဘဲ ကျနော်တို့စစ်ကြောင်း အဲဒီရွာကို ပြန်ဝင်တော့ နှစ်ရက်လောက်အနားရသည်။ ဘောလုံးကန်ကြ၊ အပျိုမလည်ကြနှင့်။ ပြောက်ကြားဒေသဖြစ်သော်လည်း လူထု အခြေခံကောင်းသောဒေသဖြစ်၍ တပ်နှင့်ပြည်သူက ရေနှင့်ငါးပမာ။ နောက်နေ့စစ်ကြောင်း ထွက်မည်ဆိုသောညတွင် မင်းလူတယောက်ပျော်လို့ မောလို့ တည်းရာအိမ်သို့ ပြန်လာသည်။ ကျနော့်စိတ်ထဲကတော့ သိနေခဲ့သည်။ ဒီကောင်လေးတော့ ရည်းစားအဖြေပြန်ပေးလိုက်ပြီ ဆိုသည်ကို။ သို့သော် မသိချင်ယောင်ဆောင်ပြီး အခြားစကားတွေလျှောက်ပြောသည်။ နောက်ဆုံးသူမနေနိုင်တော့။

`အကို သိလား.. ကျနော့်ကို အဖြေပြန်ပေးလိုက်ပြီဗျ´ သူဆိုတောာ့ ` သိပါတယ်ကွာ… မင်းပုံစံကြည့်တာနဲ့ ဒါပေမယ့် အိပ်ကြရအောင်။ မနက်ဖြန် စောစော စစ်ကြောင်းထွက်ရမယ်´ ကျနော်က ပြန်ပြောလိုက်သည်။ ထို့နောက် ကျနော်လည်း အိပ်ရာဝင်ဖြစ်ခဲ့သည်။

(၃)

နောက်နေ့မနက်စောစောပင် ကျနော်တို့ အရုတောင်ကျေးရွာဘက်သို့ ထွက်ခဲ့ကြသည်။ အရုတောင်က နာမည်ကြီး။ တလအတွင်း ကျနော်တို့ နှစ်ပွဲဆော်ထားကြသည်။ ထိုနှစ်ပွဲတွင် ရန်သူက တော်တော်အထိနာခဲ့သည်။ ဒါကို သူတို့က အခဲမကျေ။ ကျေးရွာသားများထံမှ သတင်းများအရ ကျနော်တို့ကို အပိုင်အုပ်ရန် စီစဉ်နေသည် ဟု သိရသည်။

အရုတောင်ရောက်ပြီး နောက်နေ့မနက် ရန်သူ့လှုပ်ရှားမှု သတင်းကြားရသည်။ ရွာအ၀င် နည်းနည်းလှမ်းသည့် ရာဘာတောထဲတွင် ကျနော်တို့ ခြုံခိုတိုက်ပွဲလုပ်ရန် ပြင်ရသည်။ တနေကုန်ထမင်းငတ် သွားသည်။ ညနေ လေးနာရီလောက်၌ ရွာသားများ ထမင်းလာပို့ပြီး ထွက်လာသည့် ရန်သူ ရေးမြို့ထဲသို့ ပြန်ဝင်သွားကြောင်း သတင်းပါလာသည်။ ထမင်းစားပြီး ရွာထဲသို့ပြန်ဝင်ကာ နေရာချသည်။ ထုံးစံအတိုင်း မင်းလူက ကျနော်နှင့်အတူအိပ်သည်။ ညဘက်ရောက်တော့ သူက ပြောသည်။ ` ကျနော်က သူ့ကို နှစ်ရက်လောက်ပဲ ကြာမယ် ပြောခဲ့တာဗျ။ ဒါဆို မနက်ဖြန်လောက်ဆို သူတို့ရွာကို ပြန်ရောက်လောက်ပြီပေါ့နော်။´ `အေးဖြစ်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် စစ်ရေးဆိုတာကလည်း မင်းသိတဲ့အတိုင်း အစိုးရတာမှ မဟုတ်တာ။ ခုတမျိုး.. တော်ကြာတမျိုး ပြောင်းတတ်တာဘဲ။ဘာဘဲဖြစ်ဖြစ် ပြန်ရောက်မှာပါ။ အိပ်မယ်။ ညဘက်ကျ ကင်းရှိသေးတယ်´ ဟု ကျနော်ဆိုတော့ `ဟုတ်ကဲ့´ ပြောကာ တဘက်လှည့်ပြီး အိပ်ပျော်သွားသည်။ သို့သော် သူကတိပေးခဲ့သည့် ပြန်ရောက်မည်ဆိုသောမနက်ဖြန်သည် ကျနော်တို့အား ကြေကွဲမှုများစွာပေးရန် စောင့်စားနေသည်ကို ကျနော်တို့အားလုံး မသိကြချေ။

ကျနော့်ကင်းချိန်က ညတနာရီက နှစ်နာရီ။ ကျနော်ပြီးတော့ မင်းလူ ကင်းချိန်။ မနက်လေးနာရီ ထိုးတော့ အရုဏ်ဦးတိုက်တတ်သည့်အတွက် အားလုံး နေရာယူပြီး နေရသည်။ ငါးနာရီခွဲလောက်အထိ ဘာမှ မထူးခြားသောကြောင်း ပြန်ရုတ်ပြီး ကိုယ်တည်းသည့် အိမ်ကို ပြန်ကြသည်။ စောင်ပါးလေး ခြုံပြီး ပြန်ကွေးနေတုန်း… ဆူဆူညံညံနှင့်ရွာပြင်ဘက်မှ အော်၍ ပြေးလာသော အမျိုးသမီးကြီးတယောက်၏ အသံကို ကြားရသည်။ အော်လာသည်က `ကွန်မနန်ဟမယ်(ဗမာစစ်သား)လား… ကွန်မနန်မွန် (မွန်စစ်သား) လား မသိဘူး။အများကြီးဘဲ´ ။ သေချာသည်ကတော့ ရွာပြင်မှာ ကိုယ့်လူမရှိ။ ရန်သူသာဖြစ်သည်။ ကျနော်တို့အားလုံး အီကွေးမင့်၊ သေနတ်၊ဘေးလွယ်အိတ် အားလုံး လက်တဘက်နှင့် ဆွဲပြီး ဖိနပ်ကို တဘက်မှ ကိုင်ကာ တကိုယ်စာအတွက် ပစ်ပိုင်နယ်ပေးထားသည့် နေရာသို့ အပြေးသွားချိန်တွင်ပင် ကျနော်တို့ဘက်မှ ပစ်လိုက်သော RPG အသံကို ကြားရသည်။ ထိုပစ်ခတ်မှုကပင် ကျနော်တို့ကို ကယ်လိုက်သည်။ ရန်သူက လမ်းမအတိုင်း အလုံးလိုက် အခဲလိုက် ပြေးဝင်လာစဉ် ထိုပစ်ခတ်မှုက သူတို့ ထိုးစစ်ကို နောက်ပြန်လန်သွားစေသည်။ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်တော့ ကျနော်က သတ်မှတ်ထားရာ နေရာနှင့် ၁၅ ပေမျှ ကွာနေသည်။ ကျနော့်ဘယ်ဘက်ယွန်းယွန်းတွင် မင်းလူ… ဘေးချင်းကပ်တွင် နိုင်သူ။ မင်းလူက ပစ်နေရင်း လှမ်းအော်သည်။ `အကိုတို့ အဲဒီနားမှာဘဲနေဦး ..အဲဒီနေရာက ကျည်လမ်းကြောင်း အရမ်းကျနေတယ်´ အော်ပြောရင်း တဖက်ကလည်း ပစ်နေသည်။

ဒီလိုနှင့် ကျနော်ရှေ့နားတွင်ရှိသော ဆန်နီ ခြေထောက်ထိသွားသည်။ တင်မောင်တက်ဆွဲတော့ ခြေထောက် ထပ်ထိသည်။ နောက် မောင်မောင်လတ်ထပ်တက်တော့ ဗိုက်ဘေးနားက လျှပ်ထိသွားသည်။ သူတို့သုံးယောက်ကို ဆုတ်ရန်ပြောတော့ ဆုတ်သွားကြသည်။ ကျန်သည်က ကျနော်၊ နိုင်သူ ၊မင်းလူ။ နောက် ကျနော်တို့ညာကျောတွင် ဖြန့်ယူထားသော ကျောင်းသားတပ်ရင်း ၁၀၂ မှ စစ်ကူ နှစ်ယောက် ဘရောင်နင် စက်လတ်တလက်နှင့်ရောက်လာသည်။ သူတို့လည်း ၁၅ မိနစ်ခန့်သာ တယောက်ထိသွားသည်။ တိုက်ပွဲက ကျည်ဆန် ဖြည့်ချိန်လောက်တွင်သာ တိတ်ဆိတ်သည်။ ကျန်သည့်အချိန်က မုန်တိုင်းလို။ နှစ်နာရီခန့်ကြာ သွားသည်။ မင်းလူကတော့ ရာဘာပင်လတ်လတ်တခုတွင် ငုတ်တုတ်ထိုင်ပစ်လိုက်၊ ထပစ်လိုက်။ ခဏကြာတော့ ကျနော်နှင့်နိုင်သူအကြား အမ်အေ ၉၄ တလုံးကျလာသည်။ နိုင်သူ ဗိုက်တွင် အနည်း ငယ်ထိသည်။ ကျနော်လက်မောင်းကို ပေါက်ကွဲမှုကြောင့်လွင့်လာသည့် ခဲစ အသေးလေးပွတ်သွားသည်။ မင်းလူအားလည်း အတင့်မရဲအောင် အော်ရသည်။ သူမကြားတော့။ သူ့ခန္ဓာကိုယ်တွင် လူထုအတွက် တိုက်နေရသည်ဆိုသည့် စိတ်က ပူးကပ်နေခဲ့ပြီ။ သူ့ရှေ့မှောက်မှာလည်း အခြားသော ရဲဘော်များဒဏ်ရာ ရခဲ့ကြသည် မဟုတ်လား။ သူတချက်ထပစ်သည်။ရုတ်တရက် ဖုတ်ခနဲ ထိုင်ရက်သား ပြန်ဖြစ်သွားသည်။ သူ့ဆီက သေနတ်သံ ငြိမ်သွားသည်။ နိုင်သူက သူတက်ကြည့်မယ် ကာပစ်ပေးရန် ပြောပြီး တက်သွားသည်။ တွားသွား၍ တက်သွားကာ လည်ပင်းကို သိုင်းဖက်ပြီး ကျနော့်ဘက်ကို ခေါင်းခါပြသည်။ ဆိုလိုသည်ကတော့ သူကျဆုံးသွားပြီ။ သူသေဆုံးသွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်။ နိုင်သူက မင်းလူ၏ သေနတ်၊အီကွေးမင့်၊ ကျောပိုးအိတ်တို့ကို ဆွဲယူလာသည်။ အသက်မဲ့ခန္ဓာကိုတော့ မဆွဲနိုင်သေး။

တိုက်ပွဲက ရှည်ကြာလွန်းလှသည်။ ကျနော်တို့ ၀မ်းမနည်းအားသေး။ ကိုယ်ရှင်သန်ဘို့လည်း ပစ်ခတ်ရဦးမည်မဟုတ်လား။ နောက်ဆုံး ရန်သူထိုးစစ်က ကြီးသထက်ကြီးလာတော့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ကျနော်တို့ ဆုတ်ပေးလိုက်ရသည်။ ပြန်ဆုတ်တော့ မင်းလူအပါအ၀င် ကျဆုံးသွားသည့် ရဲဘော် ၆ဦး၏ ခန္ဓာကိုယ်များကို ကျနော်တို့ မသယ်နိုင်ခဲ့။

တိုက်ပွဲဖြစ်နေစဉ်က မရွာခဲ့သော မိုးက အပြန်လမ်းတလျှောက်တွင် သဲမဲပြင်းထန်လှစွာရွာသည်။ ကျနော်မျက်နှာသည်လည်း မိုးရေနှင့် မျက်ရည်စ ရောနေသည်။ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်နေမိသည်။ ခန္ဓာကိုယ်ကို ရအောင် မသယ်နိုင်ခဲ့သည့်အတွက်…။ နိုင်သူကတော့ ဖြေသိမ့်ပါသည်။ သို့သော် သူလည်း ၀မ်းနည်းသံနှင့်။ အဲဒီနေ့မှာ ချစ်သူနှင့် တွေ့ဖို့ မျှော်လင့်နေခဲ့တဲ့ အညတရ ပြောက်ကျားတဦးရဲ့  ကျန်ရစ်ခဲ့ သည့် ရုပ်ကြွင်းကို သူ့ချစ်သူရှိရာ ရွာမှာ မြှုပ်နှံပေးချင်တာက ကျနော့်ဆန္ဒပါ။ သူ့ မွေးဇာတိကို ပြန်ပို့ဖို့ဆိုတာကလည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်လား။ ကျဆုံးသွားသည့်အကြောင်း သတင်းစကားသာ ပါးနိုင်မည်လေ။

မမြင်ရသည့် သူ့ဝိဥာဉ်ကရော သေဆုံးသည်နှင့် ဘယ်ကို စီးမျောသွားခဲ့ပါသလဲ။ အမေအိမ်ကိုလား.. ဝေးကွာခဲ့တဲ့ စာသင်ခန်းကိုလား… သူ့ချစ်သူဆီလား။ ဘယ်ကိုပဲစီးသွားတာ ဖြစ်ဖြစ် လွတ်မြောက်ရေးကောင်းကင်ထဲမှာ ခေတ်အဆက်ဆက် လင်းလက်ခဲ့တဲ့ ကြယ်စင်တွေထဲက တစင်းတော့ သူ ဖြစ်သွားခဲ့ပြီ လို့ စိတ်ထဲက ပြောရင်း ငိုနေတဲ့ သူ့ချစ်သူနံဘေးက ထွက်လာခဲ့သည်။ ဒီလိုအဖြစ်မျိုးတွေ ကလည်း စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်မချင်းကြုံနေရမယ့် အဖြစ်တွေ မဟုတ်လား။

စာညွှန်း။ ။ ထိုတိုက်ပွဲတွင် ကျောင်းသားတပ်မှ ၆ ဦးနှင့်မွန်ပြည်သစ်တပ်မတော်မှ ၂ ဦးကျသည်။ စုစုပေါင်း ၁၄ ဦးခန့် ဒဏ်ရာရသည်။ နအဖ ဘက်မှလည်း ၃၀ ၄၀ ခန့် ထိခိုက်ကျဆုံးဒဏ်ရာရသည်ဟု သိရသည်။ (ဆုံဆည်းရာ ဘလော့ဘ်မှ ကူးယူဖော်ပြသည်။)

အလွမ်းနက်နက်တွေရဲ့ မျက်ဝန်းထဲမှာ













အောက်ဖော်ပြပါ စာတွေကတော့ ကိုဈာန့် ဘလော့ကနေ ကူးယူပြီး ပြန်လည် ဖော်ပြတာပါ။ ကျနော် ရေးခဲ့တဲ့ အမေ့လျော့ခံသူရဲကောင်းများနဲ့အတူတူ အလေးပြုရမယ့် နောက်ထပ် သူရဲကောင်းတယောက် အကြောင်းပါပဲ။ ဒါက နောက်ထပ် တပုဒ်ပေါ့လေ။

Wednesday, August 29, 2007
အလွမ်းနက်နက်တွေရဲ့ မျက်ဝန်းထဲမှာ

ကိုဈာန်

(၁)
“ဒါကတော့ မော်ဒယ်ဂဲလ်တွေ လမ်းလျောက်နည်း ...”
သူ့ခန္ဓာကိုယ် ပိန်ပိန်သေးသေးလေးကို တွန့်လိမ်တွန့်လိမ် နဲ့ မော်ဒယ်ဂဲလ်စတိုင်လမ်းလျှောက်နေတဲ့ ကိုတူးနိုင်ကိုကြည့်ပြီး ရဲဘော်တွေ တ၀ါးဝါးနဲ့ပွဲကျနေကြသည်။ အစကတည်းက သူလမ်း လျောက်ရင် လိမ်ဖယ်လိမ်ဖယ်ဆိုတော့ မော်ဒယ်ဂဲလ်စတိုင်လျောက်တော့ ပိုတူသွားသည်။ ဒါကတော့ စိုးမြတ်နန္ဒာ၊ ဒါကတော့ အိန္ဒြာကျော်ဇင် ပုံစံမျိုးစုံအောင်လုပ်ပြနေသည်။

ညနေ နေ၀င်ဆည်းဆာချိန်မှာ ရဲဘော်တွေ ဘားတိုက်ပေါ်မှာ စုပြီးရောက်တက်ရာရာစကားပြောရင်း သူက ဟာသဖောက်နေတာပါ။ အသားကညိုညို လူကပိန်သေး မျက်နှာပေါ်မှာက ၀က်ခြံဗရပွနဲ့၊ သူ့ပုံက အမြဲရယ်ရွှင်နေတက်သည်။ ရဲဘော်တွေ ပျော်ရွှင်အောင်လည်း နောက်တတ်၊ ဟာသ စကားပုံတွေကိုလည်း တခုမဟုတ်တခု အမြဲပြောတတ်သည်။

သူက ကျနော်တို့တပ်ရင်းမှာ ဆေးမှူး။ ပညာပေးတော့ အမြဲ ပြောပြသည်။ ရေ၏ကောင်းကျိုး ... ရေသောက်ရင် အသားအရည် စိုပြည်သည်၊ ဦးနှောက်လန်းဆန်းသည်၊ ရေနှင့်အညစ်အညမ်းတွေ ဆေးထုတ်လို့ရသည် ... ကျနော်လည်း သိပ်မမှတ်မိတော့။ အဲဒီလို ရေ၏ကောင်းကျိုးကို အမြဲပြောသည်။ သူ့ကျတော့ အဲဒီလိုမဟုတ်။ ရေချိုးချင်မှ ချိုးသည်၊ ရေတော့သောက်ပါ၏ အယ်ကိုဟော ...၊ ကျနော်တို့က ခင်ဗျား ကျတော့ ခင်ဗျားပြောတဲ့အတိုင်းလဲ မလုပ်ဘူး။

“ဟ ... ငါက ဆေးမှူးဆိုတော့ ကောင်းကျိုးဆိုးကျိုးတွေကို သိတယ် လေကွာ ဟဲ... ဟဲ”

(၂)
ညနေ မှောင်စကပြုနေပြီ။
“ဟေ့ ... ဘားတိုက်ကြီးပေါ်မှာ ကော်ဖီထုပ်နဲ့ခရောင်းတစ် (စီးကရက်) တွေ ဝေနေတယ်။ သွားယူလိုက်အုံး။ နောက်ကျရင် စကေးမရပဲဖြစ်နေမယ်”။

ကိုတူးနိုင်တယောက် ရဲဘော် တွေနေတဲ့ ဘားတိုက် တတိုက်ပြီး တတိုက်ကို ခြေညောင်းခံပြီး လိုက်ဆော် သြနေလေသည်။ ဘယ်က ရှာကြံထား သည်မသိသည့် ကော်ဖီထုပ်နဲ့စီးကရက် ကိုလည်း တပြပြ။ တောထဲမှာနေသည့် ရဲဘော်တွေအတွက် ကော်ဖီထုပ်နဲ့ ခရောင်းတစ် (စီးကရက်)ရရင် ရွှေ။ တလတခါတောင် ရချင်မှရသည်။ သုခိတာဆေးပေါ့လိပ်ကိုပဲ ဖွာနေကြရသည့်ရဲဘော်တွေ ကော်ဖီထုတ် နဲ့ခရောင်းတစ် (စီးကရက်)ရမည်ဆိုတော့ ပျော်သွားကြသည်။ တခါတလေ သုခိတာ ဆေးပေါ့လိပ် ပြတ်သွားရင် သုခိတာဆေးပေါ့လိပ်ဖင်ဆီခံ အပေါ်က ဆေးသားအကျန်လေးတွေကိုယူပြီး စက္ကူနဲ့ပြန်လိပ် သောက်နေကြရတာ။ ဒီညတော့ အိပ်ခါနီး ကော်ဖီလေးသောက်၊ စီးကရက်လေးဖွာ၊ ဖယောင်းတိုင် မီးလေးနဲ့စာဖတ်ဆိုတော့ အိပ်မက် လှလှတောင်မက်နိုင်တယ်လို့ စိတ်ကူးတဲ့သူက ကူးနေပြီ။ စကေး မမီမှာစိုးလို့ ဘားတိုက်ကြီးကို ရဲဘော်တွေအပြေးအလွှား ...။

“ဗျို့ ... ရိက္ခာထိန်းကြီး ကော်ဖီထုပ်နဲ့ ခရောင်းတစ် (စီးက ရက်)ဝေနေတယ်ဆို ဗျ” ရိက္ခာကိုင်သည့် ရဲဘော်ကလည်း ကြောင် တောင်တောင်ဖြစ်သွားသည်။
“ဟာ ... မင်းတို့ကို ဘယ်သူပြောတုန်း... ဒီမှာတောင် ရိက္ခာတက်မယူနိုင်ရသေးတဲ့ကြားထဲ”
“ကိုတူးနိုင် ကျနော်တို့ဘားတိုက်တွေကို လာပြောသွားတာ ဗျ ...”

“ဒီလူ ဘယ်ရောက်သွားပါလိမ့် ... ဒါ ကျနော်တို့ကို လာကြပ် သွားတာဖြစ်မယ် ... တွေ့မယ် ဒီလူ ...”
ရဲဘော်တွေ သူ့ဘားတိုက်ဘက်သွားရှာသည် မတွေ့ ... ဘားတိုက်တွေနှံ့အောင် သူ့ကိုလိုက်ရှာသည် မတွေ့ ...၊ မနက်မိုး လင်းမှ ပြန်ပေါ်လာသည်။ အညောင်းတွေဘာတွေဆန့်လို့ ညတုန်းက သူဘာမှမလုပ်သလိုလို ခပ်တည်တည်။ စခန်းမှာရှိသည့် ရဲဘော်တွေအကုန်လုံး မနက်ပိုင်း ကျောင်းသားတပ်မတော်အလံတိုင်ကို အလေးðပ သစ္စာဆိုတန်းဖြုတ်ပြီးတော့ ရဲဘော်တွေက သူ့ကို ညကအကြပ်ခံရသည့်ကိစ္စ ထုထောင်းဖို့ မေးမြန်းကြ သည်။

“ခင်ဗျား ... ညတုန်းက ကျနော် တို့ကိုကြပ်ပြီး ဘယ်ပျောက်သွားတာ တုန်း ...”

“ဘယ်မှမပျောက်ဘူး ရှိပါတယ် ဟ” သူမသိသလိုလို၊ သူ မလုပ်သလိုလို ခပ်တည်တည်ပဲ။ ပုံမှန်အတိုင်းပဲ။

“ခင်ဗျားကို ကျနော်တို့လိုက် ရှာကြတာ ဘယ်မှာမှမတွေ့ဘူး ...”
“ဟေ ... ဟုတ်လား မင်းတို့ ငါ့ကိုမတွေ့ဘူးလား ... မင်းတို့ ကော်ဖီ ထုပ်နဲ့ခရောင်းတစ် (စီးကရက်)လာ ထုတ်မယ်ဆိုလို့ ငါကရိက္ခာထုတ်မယ့် စတိုခန်းထဲက စောင့်နေတာ ကွ ... အဟီး ...” ရဲဘော်တွေအားလုံး မျက်နှာများ မဲ့ရွဲ့သွားတော့သည်။

“ခင်ဗျားကတော့ ရယ်နိုင်တာပေါ့ဗျာ ကျနော်တို့မှာ ခြေလည်းညောင်း ကော်ဖီထုပ်နဲ့ ခရောင်းတစ် (စီးကရက်)ရမယ်ဆိုတော့ ဘားတိုက်ကြီးကို အသည်းအသန်ပြေးလိုက်ရတာ ... အမောပဲ” သူက တော့ ဘာမှပြန်မပြော တပြုံးပြုံး။

(၃)
နောက်တနေ့ မနက်၊ ကိုတူးနိုင်ကို ပုခက်နဲ့ထမ်းပြီးဆေးရုံ ပို့ဖို့အတွက် လှေပေါ်တင်သွားတာ တွေ့လိုက်သည်။

“ဘာဖြစ်တာတုန်း ဗျ ... မနေ့တုန်းကတောင် မော်ဒယ်ဂဲလ် လမ်းလျောက် နည်းတွေတောင် လျောက်ပြနေတာပဲ”ကျနော့် ဘေးနားမှာရှိတဲ့ ရဲဘော်တယောက် ကို မေးကြည့်မိသည်။ သူကလည်း သေသေ ချာချာမသိ။

“အေးဗျ ... ညတုန်းကအကောင်း အခုမနက်ကျတော့ လေဖြန်းတယ်ဆိုလား ဘာလား လမ်းလည်းမလျောက်နိုင်တော့ ဘူး ... စကားပြောရင်လည်း အသံမပီ မသနဲ့ တ၀ူးဝူးတ၀ါးဝါးဖြစ်နေတာပဲ”ဟု ပြောပြတော့ ကျနော်လည်းစိတ်မကောင်း ဖြစ်မိသွားသည်။ ရဲဘော်တွေအားလုံး လည်း စိတ်မကောင်းကြ။ ရဲဘော်တွေအား လုံးလည်း မျော်စင်လေးမှနေပြီး လှေထွက် သွားသည့်ဘက်ကို မျက်စိတဆုံးကြည့်ပြီး ကိုယ့်ဘားတိုက်ကို အသီးသီးကိုခေါင်းငိုက် စိုက်ချပြီး ပြန်သွားကြသည်။

နောက် ၃ နာရီကြာတော့ ကိုတူး နိုင်ကိုသယ်သွားသည့်လှေ ပြန်ဆိုက်လာ သည်။ အံမယ် ကိုယ်တော်ချော ကိုတူးနိုင် လှေပေါ်က ဆင်းပြီး တောင်ကုန်းပေါ်ကို အကျအနလမ်းလျောက်ပြီး ðပံးဖီးဖီးနဲ့ ပြန်ရောက်လာသည်။ ကုန်းပေါ်ရောက် တော့ ကျနော်တို့ထိုင်နေကျ မျော်စင်လေး တွင် သူလေည‡င်းခံပြီး ထိုင်နေလိုက်သေး၏။ ဘားတိုက်အသီးသီးက ရဲဘော်တွေအားလုံးလည်း သူနားစုðပံရောက် လာကြသည်။ အားလုံးလည်း အံ့အားသင့်နေကြသည်။ ၀ိုင်းမေးမြန်း ကြသည့်စကားတွေလည်း ထပ်နေသည်။

“ဘယ်လိုဖြစ်တာလည်း ... အခုပြန်ရောက်လာပြီ ခင်ဗျား ခုနကလေဖြတ်သလိုဖြစ်ပြီး စကားတောင်မပြောနိုင်ဘူး ...” နောက် တယောက်ကလည်း ထောက်ခံပြီး “ဟုတ်တယ် ... ခင်ဗျား ခုနက လမ်းတောင်မှ မလျောက်နိုင်တာ ...”

“ကဲ ... ကဲ ... အားလုံးပဲပြောပြမယ် ခဏစောင့်အုံး ကုန်းပေါ် တက်လာတော့ နည်းနည်းမောလို့ ...”သူကတော့ သူ့ထုံးစံအတိုင်း မိန့်မိန့်ကြီးပြုံးလို့ ...၊ အားလုံးကလည်း သိချင်ဇောနဲ့ သူ့ကိုဝိုင်း ကြည့်နေကြသည်။ “ရေလေး တခွက်လောက်တိုက်ပါအုံး ဟ ...” လူနာဆိုတော့လည်း ဘားတိုက်ကြီးပေါ် ရေပြေးယူတဲ့သူက ယူပေး၊ ယပ်ခပ်ပေးတဲ့သူက ခပ်ပေး သူကတော့ဇိမ်တွေ့နေသည်။ “ဟိတ် ကောင် ... ယပ်မခပ်နဲ့ကွာ တော်ကြာလေပြန်ဖြန်းသွားအုံးမယ်” “ဟုတ်ကဲ့ ... ဟုတ်ကဲ့ ...”သိချင်ဇောနဲ့ လုပ်ပေးနေသူကို သူက ဟောက်လိုက်သေး၏။

“ပြောတော့ဗျာ ...”
“အော် ... အေး ... အေး ... ဒီလိုကွ၊ ငါ့ကိုကွာ ပုခက်ထမ်းစင် နဲ့လှေပေါ်တင်ခေါ်သွားကော ဟိုဘက်ကမ်းလည်းရောက်ကော ရဲဘော်နှစ်ယောက်က ပုခက်ထမ်းစင်နဲ့ထမ်းပြီး လှေပေါ်ကနေပြန် ချကော”ရဲဘော်တွေ စိတ်မရှည်ချင်တော့ မျက်ဒေါင့်နီကြီးများနဲ့ ကြည့်နေကြပြီ။ သူက အဲဒီတော့မှ အတိုချုံးပြီးပြောပြသည်။ လှေပေါ်ကဆင်းတော့ကွာ ဆေးရုံသွားဖို့ ကားစောင့်ရတယ်၊ ကား စောင့်တာက နေပူကျဲတဲကြီးထဲမှာ ပုခက်ထမ်းစင်ကိုလည်း မြေပေါ် ချ၊ နေကလည်း ပူ၊ ကားစောင့်တာ နှစ်နာရီလောက်ကြာသွားတယ်။ နေပူနဲ့ထိလို့ထင်ပါ ရဲ့ကွာ ... တနာရီလောက်ကြာတော့ လက်တွေ လှုပ်လာတယ်၊ တနာရီခွဲလောက်ကြာတော့ ပါးရွဲ့တာ ပြန်တည့်ပြီး စကားပြောလာနိုင်တယ်။ နှစ်နာရီလောက်ကြာတော့ လမ်းလျောက် လာနိုင်တော့တာပဲဗျို့ ...ဆိုပြီး ကျနော်တို့ကို ပြောပြသည်။ တော်သေးတာပေါ့ နှစ်နာရီစာသာ အသေးစိတ်ပြန်ပြောရင်တော့ နှစ်နာရီ၊ သုံးနာရီစာလောက် နားထောင်နေရအုံးမယ်ဆိုပြီး ရဲဘော် တွေပြုံးမိကြသည်။ သူက အဲဒီလိုလည်း ဟာသဖောက်တတ်သည်။

(၄)
ညနေပိုင်းနေ၀င်ရီတရောအချိန်ဆိုရင် ကျောင်းသားတပ်မတော် အလံတိုင်ကိုအလေးပြုပြီး မျှော်စင်လေးမှာ ရဲဘော်တွေ ၀ိုင်းစုပြီး စကားပြောတတ်ကြသည်။ သောင်းရင်းမြစ်ရဲ့ ပြောင်းပြန် စီးတဲ့ရေပြင်ကြီးကိုကြည့် နေ၀င်ရီတရောအရောင်က သောင်ရင်း ရေပြင်ကိုဟပ်တာ သိပ်ကြည့်လို့ ကောင်းပါသည်။ အဲဒီအချိန်ဆိုရင် လွမ်းသလို ဆွေးသလိုလိုဖြစ်တက်ကြပါသည်။ ဂစ်တာတီးသီချင်း ဆိုတဲ့သူက ဆို၊ လွမ်းလွမ်းဆွေးဆွေးနဲ့ ငေးသူက ငေးပေါ့။

“အနေဝေး ... ရေဝေးမှာ ... ဆုံးရှုံးသွားရတော့မယ့် ပြည်မှာ ဆောင်း ...”
ခင်ဝမ်းသီချင်းကို ရဲဘော်တယောက်က လွမ်းလွမ်းဆွေးဆွေးနဲ့ ဆိုနေဆို။ ကိုတူးနိုင်ကလည်း အဝေးတနေရာကို ငေးရီလို့၊ သူ့မျက်ဝန်းမှာ မျက်ရည်တွေရစ်ဝိုင်းလို့ ...။ အမြဲနောက်ပြောင် ဟာသ ဖောက်တက်တဲ့ သူ့မှာ အလွမ်းနက်နက်တွေ ပြည့်နှက်နေပါလား ...။ သူ့အလွမ်းတွေကို သူပြန်တူးဆွနေတာကို သူမျက်ဝန်းကနေ လှစ်ခနဲ တွေ့လိုက်ရသလိုပဲ။ မျက်မမြင်တယောက်ရဲ့ မျက်ဝန်းတွေလိုမျိုးနဲ့ ဟိုး ... အဝေး ... ကြီး ... ကို ... ငေး ...။

သူက ဘေးနားမှာရှိနေတဲ့ကျနော့်ဘက်ကို ရီဝေေ၀မျက်ဝန်းတွေနဲ့ လှည့်ကြည့်လာသည်။ သူတခုခုကို ရင်ဖွင့်ချင်လာသည်ထင် သည်။

“ကိုတူးနိုင် ... ခင်ဗျားက သိပ်လွမ်းလှချည်လားဗျ” ကျနော်က သူရင်ဖွင့်လိုက်ရင် ခံစားချက်တွေလျော့ စေချင်လို့ မေးလိုက်တာပါ။

“ကျနော့် ... မိန်းမနဲ့သားလေး ... နို့ဘိုးဒ္ခုသည် စခန်းထဲမှာရှိတယ် ဗျ၊ သားလေးကော နေကောင်းရဲ့လား မသိဘူး၊ မိန်းမလည်း ဘယ်လိုနေရှာ မလဲမသိဘူး ဗျာ ...”ကြေကွဲသံဖွဖွလေးနဲ့ ကျနော့်ကို ပြောလာသည်။ သူ့မျက်ဝန်းတွေ ... သူ့စကားသံတွေ ... သူရဲ့ကြေကွဲမှုတွေက ကျနော်ဆီကို ပါ ကူးစက်လာခဲ့သည် ...။

(၅)
နောက်တနေ့ ကျနော်တို့ဆီက ကျောင်းသားတပ်ဖွဲ့တဖွဲ့ ရှေ့တန်းကို ထွက်သွားခဲ့ရသည်။ အဲဒီ ရှေ့တန်း ထွက်သွားခဲ့တဲ့တပ်ဖွဲ့ထဲမှာ ကိုထူးနိုင်က ဆေးမှူးအဖြစ်ပါသွားခဲ့သည်။ ကျနော်တို့တပ်ဖွဲ့က နောက်တန်းတွင် ကျန်ခဲ့သည်။

တညနေ ...
ကိုတူးနိုင်တယောက်ဒဏ်ရာရပြီး ပုခက်ထမ်းစင်နဲ့ ရှေ့တန်းကနေ သောင်ရင်းကမ်းနား ကျနော်တို့ စခန်းကိုပြန်ရောက်လာခဲ့သည်။ သူနှင့်အတူ ဒဏ်ရာရလာသော ခွဲမှူးမောင်ဝင်းလဲပါသည်။ အဲဒီက နေတဆင့် ဆေးရုံကိုပို့ရမှာပါ။ “ရဲဘော်ဝင်းကို၊ ရဲဘော်အောင်ကျော်စိုး၊ ရဲဘော်စိုးဝင်းသန်း (ကျဆုံး)”ဆိုတဲ့ ကြေးနန်းကတော့ ရပြီးသား၊ ရဲဘော်အောင်ကျော်စိုး ခြေထောက်သဲဝဲစားနေချိန်မှာ ကိုတူးနိုင်က ဆေးထည့်ပေးသည်။ ရဲဘော်ဝင်းကိုက ဆေးမှူးလုပ်ချင်သူဆိုတော့ ရပ်ကြည့်နေတဲ့အချိန်မှာ ရန်သူ့လက်နက်ကြီးက သူတို့နားကျသည်။ သုံးယောက်စလုံး ထိသည်။ သူတို့ကို ပြန်လာပို့တဲ့ရဲဘော်က ပြန်ပြော ပြသည်။ အဲဒီအတွက် ရဲဘော်တွေအားလုံးလည်း စိတ်မကောင်း ဖြစ်နေချိန်ပါ။ ကိုတူးနိုင် ပုခတ်ထမ်းစင်နဲ့ရောက်လာတယ်ဆိုတော့ ကျနော်တို့လည်း သူနားမှာစုပြုံပြီး အားပေးကြပါသည်။ သူကလည်း ကျဆုံးသွားတဲ့ ရဲဘော်တွေအားလုံးကိုလည်း စိတ်မကောင်းဖြစ်နေ ကြမှန်း သူသိနေသည်။

“ဟ ... မင်းတို့က ငါ့ကိုမျောက်ပွဲကြည့်သလို ကြည့်နေပါ လား၊ ငါဘာမှမဖြစ်ဘူး ပလာစတာကပ်ရင် ပျောက်တယ် လက်နက် ကျည်ဆံက ဆံပင်ဖြတ်ပြီး ခေါင်းထိတာပဲရှိတယ်”သူ့ခေါင်းကြည့်တော့ လည်း မီးခြစ်ဆံထက်နည်းနည်းကြီးတဲ့ အပေါက်ပဲတွေ့သည်။ နောက် သူကစကားပြောနိုင်သေးတယ်ဆိုတော့ ကျနော်တို့လည်း သိပ်စိတ်မပူတော့။ သူ့ဦးခေါင်းဒဏ်ရာကိုကုဖို့အတွက် မဲဆောက် ဆေးရုံကိုရောက်သွားသည်။ သူတို့ကို ဆေးရုံတက်ရင်ကူညီဖို့ ရဲဘော် လည်းပါသွားသည်။ ငါးရက်-ခြောက်ရက်နေတော့ သတင်းရောက်လာ သည်။

“ရဲဘော်တူးနိုင် ကျဆုံးသွားပြီ၊ မဲဆောက်ဆေးရုံကြီးမှာပဲ မဲဆောက်မှာပဲ သင်္ဂြိုဟ်မယ်”
ကျနော်တို့ ရဲဘော်တွေအားလုံး မယုံကြည်နိုင်ကြ။ အရင်ကလိုပဲ သူ နောက်ပြီး ပြန်လာမှာပါ ... ဗျာ။ နေပူထိရင်လေ သူပြန်နေကောင်းမှာပါ ...။ ကျနော်တို့ကို အဖြစ်အပျက်လေးတွေ ပြန်လာပြောပါဗျာ ...။
တစ်နာရီ-နှစ်နာရီမဟုတ်ဘူး။ နှစ်ရက်ကြာကြာ သုံးရက်ကြာကြာ ကျနော်တို့စိတ်ရှည်ရှည် နားထောင်ပေးပါ့မယ်။

နေ၀င်ရီတရော ... သောင်ရင်းမြစ်ရဲ့ ရေအလျှင်ကို ငေးကြည့်သူက ကြည့် ...။ သူ့ကို သယ်သွားသည့်လှေများ ပြန်လာလေမလားလို့ မျှော်သူကမျှော် ...။ လွမ်းလွမ်း ဆွေးဆွေး သီချင်းဆိုသူကဆို ...။

ကိုတူးနိုင်ရေ ... ခင်ဗျားကရော အဝေးတနေရာကို ငေးရီ နေဦးမှာလား၊ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝိုင်းပြီး အလွမ်းနက်နက်တွေ ပြည့်နှက်နေဦးမှာလား ...။ ခင်ဗျားအလွမ်းတွေကို ခင်ဗျား ပြန်တူးဆွပြီး ... အလွမ်းသမားတယောက်ရဲ့ မျက်ဝန်းတွေလိုမျိုးနဲ့ ဟိုး ... အဝေး ... ကြီး ... ကို ... ဝေး ... ... ဝေး ... ...။


ကိုဈာန်
(၂၀၀၇ စက်တင်ဘာလ ၅ ရက်၊ ဒီမိုကရေစီသူရဲကောင်းများနေ့ အတွက် အမှတ်တရ)။

Posted by ကိုဈာန် at 9:35 PM

သောင်ရင်းမျှော်စင်
















အောက်ဖော်ပြပါ စာတွေကတော့ ကိုဈာန့် ဘလော့ကနေ ကူးယူပြီး ပြန်လည် ဖော်ပြတာပါ။ ကျနော် ရေးခဲ့တဲ့ အမေ့လျော့ခံသူရဲကောင်းများနဲ့အတူတူ အလေးပြုရမယ့် သူရဲကောင်းတွေ အကြောင်းပါပဲ။

Saturday, July 14, 2007
သောင်ရင်းမျှော်စင်

ကိုဈာန်
(ဒီမိုကရေစီ သူရဲကောင်းများနေ့ အမှတ်တရ)
(၁)
ဒီဇင်ဘာ မနက်ခင်း နှင်းက ခရမ်းနုရောင်လေးတွေ ပြေးနေသလိုပင်၊ ကျနော်လည်း ၆ နာရီထပြီး ဘားတိုက် ဘေးနားမှာရှိတဲ့ မျှော်စင်လေးပေါ်ကနေ သောင်ရင်းမြစ်အလှကို ငေးကြည့်နေမိသည်။ သောင်ရင်းမြစ် လေညင်းကို တ၀ကြီး ရှူရှိုက်ပစ်လိုက်လေသည်။ နှင်းလေစိမ့်အေးက လူကို လန်းဆန်းသွားသည်။ နောက် သုခိတာ တလိပ်ထုတ်ပြီး အချမ်းပြေ မီးညှိဖွာရှိုက်လိုက်သည်။ ရဲဘော်တချို့က မီးလှုံရင်း ထွေရာလေးပါး ပြောနေကြသည်။ ကျနော်တို့ စခန်းက သောင်ရင်းမြစ်နံဘေးတွင် ရှိသည်။ သောင်ရင်းမြစ်နံဘေးဆိုပေမယ့် ကမ်းစပ်ကနေ ကျနော်တို့ ကျောင်းသားတပ်မတော် စခန်းကုန်းပေါ်ကို ခပ်မတ်မတ်လျောက်တက်ရသည်။ သောင်ရင်းရေပြင်နဲ့ ကျနော်တို့ စခန်းကုန်းပေါ်နဲ့ဆိုရင် ပေနှစ်ဆယ် အမြင့်လောက်ရှိမည်။ မျှော်စင်လေးက သောင်ရင်းမြစ်နံဘေး စခန်းကုန်းမြင့်ပေါ်နဲ့ တပြေးညီထားပြီး အစွန်းထုတ်ထားတဲ့ ရှစ်ပေပတ်လည်ရှိသည့် စင်တခုဖြစ်သည်။ သစ်သားထိုင်ခုံများ ပတ်လည်တွင် ရိုက်ထားသဖြင့် လက်ရမ်းသဖွယ် ဖြစ်နေသည်။ ကျနော် တို့ ညနေပိုင်း ဂစ်တာတီး သီချင်းဆို ရဲဘော်တွေ စကားဝိုင်း ထိုင်ပြောသည့် အပမ်းဖြေရာ နေရာတခုလည်း ဖြစ်သည်။ ကျနော်မျှော်စင်လေးအကြောင်းတွေးရင် ရဲဘော်ဝင်းကို ကို သတိရသည်။

ရဲဘော်ဝင်းကိုက ပျော်ပျော်နေတက်သည်။ အမြဲတမ်းစကားပြောရင် ပြုံးပြီးပြောသည်။ သူများနောက်ရင်လည်း တပြုံးပြုံးနဲ့ ဘယ်တော့မှ ပြန်မပြောတက်သူ၊ အသားဖြူဖြူ အရပ်မြင့်မြင့် ပိန်ပိန်ရှည်ရှည် (ဂလန်ဂလား)လို့ ပြောရမယ့် လူမျိုးတွင်ပါသည်။ လူပုံက ရိုးရိုးအအ၊ လုံချည်ကို ဒူးလောက်မရောက်တရောက် အမြဲဝတ် တတ်သည်။ ဆံပင်က ဘိုကေ၊ သပ်သပ်ရပ်ရပ်နေတက်သည်။ လမ်းလျှောက် ခါးကိုင်းကိုင်းနဲ့ ကာတွန်းထဲက အမွှာညီအမ လေးမွန်၊ ထွေးမွန်တို့ရဲ့ဦးလေး လေးလေးဇာနဲ့တူလို့ ကျနော်တို့က သူ့ကို မောင်မောင်ဇာလို့ နောက်ပြောင်၍ ခေါ်လေသည်။ သူ အပြုံးမပျက်။ ရဲဘော်တွေအပေါ် အနစ်နာခံတက်သည်။ စခန်းတွင် ချုံရှင်း၊ ထမင်းချက် ဆတ်တောက် ဆတ်တောက် လိုက်လုပ်တက်လေသည်။ ဒါကြောင့်လည်း သူမျှော်စင်လေး လုပ်ဖြစ် သည်။ ကမ်းနံဘေးက သစ်စက်မှာ သစ်တို သစ်စတွေကို မီးမွှေးဖို့ထမ်းရင်း၊ သူမျှော်စင်ဆောက်ဖို့ အကြံရတော့ သံဝယ်ခိုင်းပြီး မျှော်စင်လေးကို ရိုက်တော့တာပါပဲ။

‘ခါလပေါင်ကွ...’ သီချင်းဆိုသလို လုပ်ပြီး မျှော်စင်ပေါ်တွင် ခုန်ပြနေသည်။ ရဲဘော်ဝင်းကို သူ့မျှော်စင်ပြီးသွား လို့ ပျော်နေသည်။
“ကျနော့်စင်က ဆင်တောင် တက်ကလို့ရတယ်”
“ဟုတ်လို့လားကွာ... တော်ကြာ မင်းမျှော်စင်က မခိုင်လို့ကျိုးကြရင် အောက်ကချောက် နက်တယ်နော် သောင်ရင်းမြစ်ထဲ တလိမ့်ခေါက်ကွေး ကျသွားမှာ”
“ခိုင်ပါတယ်ဗျ သေသေချာချာ မြေတူးပြီး တိုင်စိုက်ထားတာ သစ်ပင်နဲ့လည်း တွယ်ပြီး သံရိုက်ထားသေးတယ်။” ဟုတ်သည်။ စင်ဘေးနှစ်ဘက် နှစ်ချက်မှာရှိတဲ့ သစ်ပင်နှစ်ပင်ကို တန်းထိုးပြီး သံရိုက်ထားလေသည်။“လာ.. လာကြည့် မိုက်တယ်၊ ဒီမှာ လေလည်း တိုက်တယ်”ကျနော်လည်း မရဲတရဲနဲ့ ခြေလှမ်း လေးလှမ်းလောက် စင်ပေါ်ကို တက်ကြည့်သည်။ ပထမဆုံး တက်ကြည့်လို့လားမသိ၊ မျှော်စင်က အသည်းတယားယားနဲ့ ယိုင်သလိုလို နဲ့သလိုလို စိတ်ထဲမှာ ခံစားမိသည်။ သုံးလေးခါလောက် တက်ကြည့်တော့ ရိုးသွားသည်။ ဘာမှ မဖြစ်တော့။ နောက်ပိုင်း ထိုမျှော်စင်လေးတွင် ဘားတိုက် အသီးသီးက ရဲဘော်တွေစုပြီး စကားပြောရာ၊ သီချင်း ဆိုရာ နေရာလေး ဖြစ်လာတော့သည်။

(၂)
တခါ ကျနော်တို့ မျော်စင်လေးမှာ စကားပြောနေကြတုန်း သူက ရန်ကုန် ရွှေတိဂုံဘုရားသွားဖူးတဲ့အကြောင်း ပြောပြသည်။ ရွှေတိဂုံဘုရား မြောက်ဘက်မုတ်က စက်လှေကားကို သူဘယ်လို စီးရမှန်းမသိ၊ သူများစီးတာ ထိုင်ကြည့်တာလည်း ၁၀ မိနစ်လောက် ကြာတယ်။ စက်လှေကားကလည်း စီးချင်၊ ရွှေတိဂုံဘုရား ရောက်လို့ စက်လှေကား စီးမပြန်ခဲ့ဘူးဆိုရင် ရွာရောက်ရင် သူ့ကို လူတွေက ပြောမည်။ နောက် အဲဒီကနေဆင်း ပြည်သူ့ ဥယျာဉ်လည်း သွားလည်ချင်သေးသည်။ နောက်ဆုံး မထူးပါဘူးဆိုပြီး လုံချည်ကို ဒူးလောက် တိုတိုပြင်ဝတ် လိုက်သည်။ သူ့လုံချည် စက်လှေကားထဲ ညှပ်ပါသွားမည်လည်း စိုးရိမ်သေးသည်။ ဖိနပ်အပ်သည့်နေရာတွင် အပ်ရင် ပိုက်ဆံ ကုန်မှာလည်း စိုးသည်။ ဖိနပ် မအပ်ဖြစ်။ ဖိနပ်ထုတ်ကို တဘက်ကကိုင်၊ သားပိုက်ကောင်တွေ ခုန်သလို စက်လှေကားပေါ် ခြေစုံ ခုန်တက်လိုက်တော့တာပါပဲ။ သူ ကိုးရိုးကားယားနိုင်ပုံကို ကောင်မလေး တွေက သူ့ကို ၀ိုင်းကြည့်ပြီးရယ်ကြလေရော သူလည်း ရှက်ရှက်နဲ့ ပြန်လာခဲ့ရတဲ့အကြောင်း ပြောလေသည်။ ကျနော်တို့ သူပြောတာ နားထောင်ပြီး ၀ိုင်းရယ်ကြသည်။

“အာ... အရယ်ခံရတာ အခုထက်ထိ မလွတ်သေးပါလား”လို့ သူရှက်ရှက်နဲ့ပြောတော့ ကျနော်တို့က ပိုရယ် ကြလေသည်။ သူရယ် ကျနော်ရယ် ရဲဘော် ဖိုးစည်ရယ်က တစ်ဘားတိုက်ထဲမှာ နေကြသည်။ ညအိပ်ခါနီး ကျနော်တို့ စာဖတ်ရင်ဖတ် မဖတ်ရင် စကားပြော ဖြစ်ကြသည်။ သူ့အကြောင်း သူပြောရင် ဟာသ လိုဖြစ်နေ သည်။ သူ့ကိုယ်တွေ့ ဟာသတွေက တော်တော်များသည်။ သူက ဆေးမှူးဖြစ်ချင်သူ။ ပါတာစီတမော့တို့ ဘာမီတုန်တို့ စတဲ့ဆေးတွေလည်း ဆောင်ထားတက်လေသည်။ သူရှေ့တန်းထွက်တော့ ရွာသားတယောက်က သူ့မိန်းမ ချောင်းဆိုးနေတယ် ချောင်းဆိုးသံကြောင့် ကျနော် ညဘက် ညဘက် အိပ်မရဘူး။ အဲဒါကြောင့် သူ့ မိန်းမအတွက် ချောင်းဆိုးပျောက်ဆေးလေးများရှိရင် ပေးပါဆိုပြီး ဆေးတောင်းလေသည်။ သူ့မှာလည်း ဘာမီ တွန် နဲ့ ပါတာစီတမော့ပဲ ပါလေသည်။ ချောင်းဆိုးပျောက်ဆေး မပါ။ သူက“ကျနော့်မှာတော့ ချောင်းဆိုး ပျောက်ဆေးမပါဘူး ဖထီးရေ..၊ ဖထီးမိန်းမ ချောင်းဆိုးလို့ ဖထီးညဘက်အိပ်မရရင်တော့ ဘာမီတွန်တော့ ပါတယ်၊ ဖထီးက ဘာမီတွန်သောက်ပြီးအိပ်လိုက်”ဆိုပြီး ဘာမီတွန်တွေ ပေးလိုက်တဲ့ လူစားမျိုး။

ရှေ့တန်းက ရွာတရွာမှ ကျနော်တို့တပ်စိတ်ဝင်နားတုန်း ကျနော်တို့ တပ်စိတ်က မြေပဲအစိမ်းတွေကို အခွံနွှာပြီး လှော်စားမလို့ လုပ်သည်။ ကျနော်က လှော်မယ်ဆိုပြီး မြေပဲကို ထိုင်လျော်နေသည်။ သူက ကျနော် မြေပဲလှော် နေသည့်ဘေးနားလာထိုင်ပြီး စကားစမြည်လာပြောသည်။

“ရဲဘော်ကြီး၊ ညနေကျရင် ကေအန်ယူတပ်ခွဲက ၀က်ဖော်မယ် သိလား၊ ငါတို့တော့ ညနေ ၀က်သားဟင်း စားရ တော့မယ်၊”
“ဟုတ်လား ကောင်းတာပေါ့ ၀က်သား မစားရတာကြာပြီကွ၊ ကောင်းကောင်းကြိတ်လိုက်အုံးမယ်”
ကျနော်တို့ နှစ်ယောက် စကားကောင်း နေသည်။ ဟင်းကောင်းစားရမည်ဆိုတော့ မြေပဲလှော်နေတာကို မေ့သွားသည်။ မြေပဲက တူးနံ့ထွက်လာသည်။ သူက “ဟာ.. တူးနေပြီ၊ တူးနံ့ထွက်နေပြီ”ဆိုပြီး ကယောင် ကတန်းနဲ့ ဘေးမှာရှိတဲ့ ရေခွက်ကို မြေပဲလှော်တဲ့ အိုးထဲသွန်ထည့်လိုက်သည်။ သူက အဲဒီလိုမျိုး။ ရေ၀င်သွား တော့ မြေပဲတွေက ရေပေါ်ပေါ်လာသည်။ တူးကတည်းတူး၊ မြေပဲကလည်း ရေလုံပြုတ်ဖြစ်သွား၍ စားမရတော့။ မြေပဲလှော်အိုးကို ၀က်စာကျွေးလိုက်ရသည်။

(၃)
ကျနော် သူ့ကို နောက်ဆုံးတွေ့တဲ့အချိန်က နောက်တန်းစခန်းမှာ ဖြစ်သည်။ ကျနော်ရှေ့တန်းက ဒါဏ်ရာရ၍ နောက်တန်းသို့ ပြန်ပို့ခံရသည့် အချိန်။ ကျနော် ဒဏ်ရာရတဲ့ တိုက်ပွဲမှာ သူ မပါ။ သူက စခန်းမှာ ငှက်ဖျားမိပြီး ကျန်ခဲ့လေသည်။ ကျနော် ခဏနားနေတဲ့ဆီကို သူရောက်လာသည်။ ကျနော်က ပုခက်ပေါ်မှာ ကျနော့်လက်ကို သူက ဆုပ်ကိုင်ပြီး “ရဲဘော်ကြီး ဘာမှ မပူနဲ့ ဆေးရုံ ရောက်တော့မယ်” သူကမ်းနား စက်လှေပေါ်အထိ လိုက်ပို့သည်။ ကျနော်ဆေးရုံတက်နေတုန်း သူစာလှမ်းရေးသည်။ “မင်းတို့နဲ့ တိုက်ပွဲ ဖြစ်တဲ့ ရန်သူတွေ ငါတို့နဲ့ တိုက်ပွဲဖြစ်တယ် ရန်သူတော်တော်အထိနာပြီး ဆုတ်ပြေးသွားတဲ့အကြောင်း၊ ငါတို့ ကျန်းကျန်းမာမာရှိတယ် မင်းဒါဏ်ရာကို မင်းဂရုစိုက်၊ ဘာမှအားမငယ်နဲ့” ကျနော် သူ့စာဖတ်ပြီး အားတက်မိသည်။ ကျနော့်ဒါဏ်ရာ ကြောင့် နောက်တန်းစခန်းမှာ အနားယူနေရသည်။ တညနေ ဆက်သွယ်ရေးသမားက တပ်ရင်းမှူးကို ကြေးနန်းစာ တစောင်လာပို့သည်။

"ရဲဘော် တူးနိုင်၊ ရဲဘော် ၀င်းကို၊ ရဲဘော် အောင်ကျော်စိုး ကျဆုံး။"

အပြင်မှာ မိုးတွေ တဖွဲဖွဲရွာနေတယ် ရဲဘော်ကြီး ဒါပေမယ့် ငါ့ရင်ထဲမှာ မိုးတွေ ပြိုကျလာလိုက်တာ... ပြိုကျလာလိုက်တာ၊ ငါ့ရင် တခုလုံး ကြွေ...။ သွားပြီ ရဲဘော် ၀င်းကို မရှိတော့ဘူး။ ကျနော့် မျက်ဝန်းအစုံ ရီဝေလွမ်းဆွတ်သွားသည်။

“သူက ဆေးကုတာ ၀ါသနာပါတယ်လေ။ ရဲဘော်တယောက် ခြေထောက်မှာ သဲဝဲစားတော့ ဆေးမှူးက ဆေး ထည့်ပေးနေတာ သူကဘေးနားမှာ ကြည့်နေတယ်။ ရန်သူက လက်နက်ကြီးနဲ့လှမ်းပစ်တော့ သုံးယောက် လုံး ထိတာပဲ။” သူ့ရက်လည်ဆွမ်းကျွေးမှာ ပြောသံတွေ ကြားနေရသည်။ “တိုက်ပွဲတွေဖြစ်တော့ သူ့အသံကြားနေရ သေးတယ်။ သူ့မျက်စိမှာ ရန့်သူလက်နက်ကြီးပစ်တော့ ဖုန်ဝင်သွားတယ်နဲ့တူတယ်၊ မျက်စိကို အင်္ကျီနဲ့ သုတ်နေ တာ တွေ့တယ်။ ခြေထောက်နဲ့ ရင်ဘတ်မှာလည်း ဒါဏ်ရာရထားတော့ သူမပြေးနိုင်တော့ဘူးလေ။ သူက မျက်စိ မမြင်ရတော့ဘူးဆိုတော့ သူထပြေးတဲ့အချိန်မှာ ရန်သူက သူ့ကို ကာဘိုင်နဲ့ပစ်တော့ နောက်ပြန်လှန်ကြသွား တာ။ သူ့အလောင်းကို ရန်သူက ရတော့၊ သူ့အိပ်ထဲက ကျောင်းသားတပ်မတော် ရဲဘော်လက်စွဲ စာအုပ်တွေ့ တယ်တဲ့။” တရားနာ နေတုန်း နားထဲက မထွက်။ ရဲဘော်ကြီး ဒီမိုကရေစီ သူရဲကောင်းပီသစွာ ကောင်းရာ သုဂတိလားပါစေ။

(၄)
အဲဒီနေ့ ညနေဘက် ကျနော်တို့ မျှော်စင်လေးမှာ စကားသိပ်မပြောဖြစ်ကြ သောင်ရင်းမြစ်ရဲ့ အရှိန်ပြင်းစွာ စီးဆင်းနေတဲ့ ရေအလျင်ကို ငေးမောနေကြသည်။ သီချင်းတော့ ဆိုဖြစ်ကြသည်။ ဂစ်တာတီးတဲ့တယောက်က ကမ္ဘာမကြေဘူး သံစဉ်ကို စ၀င်လိုက်လေသည်။

“ကမ္ဘာ မကြေဘူး..” ရဲဘော်တွေ အကုန်လုံး တိုင်ပင်ထားခြင်း မရှိပဲ တီးတိုးဆိုဖြစ်လိုက်ကြသည်။

“ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတွေ...၊” ရဲဘော်ဝင်းကို ရုပ်ပုံကို တဖြည်းဖြည်းမျက်စိထဲမှာ မြင်ယောင် လာမိသည်။ ရဲဘော် အားလုံးလည်း သီချင်းဆိုရင်း ငေးမော။

“တော်လှန်ရေး...၊ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော...” ကျနော်တို့ အသံတွေ ဆို့နစ်ကုန်ကြသည်။

“အို.. သူရဲကောင်းတို့ရေ..”သီချင်းဆိုရင်း မျက်ရည်တွေ ရစ်သိုင်းလာကြသည်။ အံကြိတ်မာန်တင်းပြီး အသံကုန် ဟစ်လိုက် ကြသည်။

“အာဇာနည်တွေနေတဲ့ တိုင်းပြည်”။ ။

Posted by ကိုဈာန် at 11:43 AM

Aug 9, 2008

ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ















အောင်သာငယ် တယောက် ဆားချက်ပြန်ပြီလို့ တချို့ကလည်း ပြောကောင်း ပြောကြ ပေလိမ့်မယ်၊ အဲသလိုတော့လည်း မဟုတ်ရပါဘူး။ ခုတလော သူငယ်ချင်း တယောက်ရဲ့ ဘလော့ပေါ်မှာ ငြင်းကြ ခုန်ကြ ဆွေးကြ နွေးကြရာကနေ တယောက်နဲ့ တယောက် ပုဂ္ဂိုလ်ရေးအရ တွယ်ကြ ခတ်ကြတဲ့အထိ ဖြစ်လာတာတွေကို တွေ့နေရလို့ စိတ်ညစ်ငြူးမိတာနဲ့ ဒီ စာလေးကို ရေးမိတာပါ။

ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ-တဲ့
ဆုံးသွားရှာပြီဖြစ်တဲ့ ကျနော့် မိခင်က ကျနော့်ကို ဆုံးမခဲ့ဖူးတယ်၊ ဟိုလူ သည်လူနဲ့ ကျနော် ငြင်းခုန် ရန်ဖြစ်တဲ့အခါတိုင်း အမေ ပြောလေ့ရှိတယ်။ တကယ်ကတော့ ကျနော်က ငြင်းခုန်ရတာကို ၀ါသနာ မပါပါဘူး။ ငြင်းကြခုန်ကြတဲ့ ၀ိုင်းတွေမှာလည်း ဘယ်တော့ မှ မပါခဲ့ဘူး၊ ရပ်လည်း မကြည့်ဘူး။ သူငယ်ချင်းတွေ စုဆုံကြလို့ လဘက်ရည်ဆိုင် ထိုင်ရင်တောင် အကြောင်းအရာ တခုခုကို ရောက်သွားပြီး အငြင်းအခုန်တွေ စပြီဆိုတာနဲ့ ကျနော်ကတော့ လဘက်ရည်ဝိုင်းမှာတောင် ဆက်ပြီး ထိုင်မနေတော့ပဲ ထထွက်လာတတ်တယ်။ အငြင်းအခုန်တွေကနေတဆင့် ပေါ်လာမယ့် ပြသနာတွေကို ရှောင်ချင်လို့ပါ။

ဒါပေမယ့် ဘ၀မှာ တခါတခါကျတော့လည်း မငြင်းချင် မခုန်ချင်တဲ့ ကြားထဲကကို ငြင်းခုန်ဖို့ရာ မလွှဲမရှောင်သာ ဖြစ်လာရတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒီအခါ ငြင်းခုန်ရင်းနဲ့ ကျနော်ကိုယ်တိုင် ဒေါသတွေ ပါလာ မာန်မာနတွေ ပါလာတဲ့ အခါတိုင်း မပြောသင့်တာတွေ ပြောမိ မဖြစ်သင့်တာတွေ ဖြစ်ရနဲ့ စိတ်မကောင်း ဖြစ်စရာတွေ ခဏခဏ ကြုံခဲ့ရတယ်။ အဲသည်မှာ ကျနော် အပါအ၀င် ငြင်းခုန်ပွဲမှာ ပါဝင်နေတဲ့သူတိုင်းက မှန်မှန်ကန်ကန် မငြင်းခုန်ကြရင်တော့ ဘာမှ အကျိုးအမြတ် မရှိတဲ့ အချိန်ဖြုန်းတီးမှု တခုပဲ ဖြစ်သွားတာပါ။ အားလုံးက မှန်မှန်ကန်ကန် ပြောကြဆိုကြ ပုဂ္ဂိုလ်ရေးတွေ မပါဘူးဆိုရင်တော့ အကျိုးရှိတဲ့ ရလာဒ်တခုကို ရမှာပါပဲ။

ဒီမှာ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ဒီစာရေးရင်းနဲ့ ကိုငှက်ကြီး (ထူးအိမ်သင်) သီချင်းလေးတပုဒ်ကို သွားသတိရမိတာနဲ့ ဒီသီချင်းလေးကိုပါ စာသားတွေဖော်ပြပြီး ဝေမျှလိုက်ပါတယ်။ နှလုံးသားလေးတွေနဲ့ ခံစားကြပါလို့း)

စာသားလေးတွေကို အရင်ဖတ်၊
ပြီးရင် သီချင်းလေးနားထောင်၊

နောက်ပြီး-
သီချင်းကို နောက်တခေါက် ထပ်ဖွင့်၊
ပြီးရင်လိုက်ဆိုကြပေါ့။

နှလုံးသားတိုင်း ချမ်းမြေ့ကြပါစေဗျား---

ချစ်သောကမ္ဘာမြေ

တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး မိုးတိမ်တွေကို မော့ကြည့်လိုက်
ကိုယ့်ရဲ့နေ့တွေ ဘယ်လောက်များများ
တခုသောကောင်းကင် ကောင်းကင်ပြာကြီး ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို ခရီးနှင်ကြ-----

မိုးတိမ်များ မျောလွင့်ဆဲ ဘယ်လို ပုံသဏ္ဍာန်တွေကွဲလည်း
တကယ့်တကယ်တမ်းတော့ ကောင်းကင် တမိုးအောက် ခရီးသွားများပါပဲ-----

တို့လူသား ဘ၀တွေလည်း ဘယ်လို အခြေအနေတွေခြားလည်း
ငြင်းဆန်မရတဲ့ လောကဓံတရားရဲ့ ရုပ်သေးရုပ်များပါပဲ----

အားလုံးပဲ ဆန္ဒများ နောက်လိုက် မောဟနဲ့လောင်မြိုက်ရင်း
တကယ်ဆိုရင် ဘာမှ မကွဲပြားမှန်း သိလျက်နဲ့ ဘာကြောင့်များ မာနတံတိုင်း ခြားနေချင်လဲ----

အကျည်းတန်တဲ့ ရန်ပွဲတွေက ဘယ်လို အချိန်မှာ ရပ်သွားမလဲ
အညှိုးတွေနဲ့ မာနတွေဖွဲ့ အမုန်း ဒီမီးတောက်များပါပဲ-----

အိုး--- လဲကျတဲ့လူ ထူဖေးမလို့ အားနည်းတဲ့သူ ကူရင်း ဒဏ်ရာတွေ အပြန်အလှန် မပေးကြနဲ့
လောကထဲ ဒီခဏလေး ဆုံလာတဲ့ ဧည့်သည်တွေပဲ-----

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် လာသွားစို့


ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို

ဘယ်လောက် ကြီးငယ်လည်း ဘယ်လိုနိမ့်ကျမလည်း လူဟာ မြူမှုန်ငယ်တခုပဲ
သမုဒ္ဒရာထက် ရေပွက်ငယ်လေး ခုမြင် ခုပျောက် ခဏတာပဲ -----

တို့အချစ်ရဲ့ ခြေသံများနောက်လိုက် မိမိကအစ ကမ္ဘာမြေအဆုံး လူပီစွာ အတူလက်တွဲကြစို့ တယောက်နဲ့တယောက် -----

ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် လာသွားစို့


ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို
ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို

Get this widget | Track details | eSnips Social DNA

Aug 8, 2008

နှစ်ပေါင်း နှစ်ဆယ်



နှစ် ၂၀ အတွင်းမှာ
ဖြည်းဖြည်းချင်းနဲ့
ဆံပင်တွေ ဖြူ..ဖြူ...လာတယ်တဲ့

ဖြူပါစေ... ဖြူပါစေ... ညီလေးရေ...
အဖြူတွေ... များ...များ...လာမှ
အမည်းတွေ... နည်း...နည်း...သွားမှာလေ

ATN

(ဆံပင်တွေ ဖြူလာတဲ့ ညီလေးဖတ်ဖို့)