Nov 26, 2008

တက်ဂ်လို့ရေးတဲ့စာ-၂

တူမ နန်းညီ တက်ဂ်ထားတဲ့ အကြိုက်ဆုံး ကာတွန်းကား အကြောင်းပါ။

မရေးခင်မှာ ပြောစရာလေးတချို့ကိုလည်း ပြောပြချင်ပါသေးတယ်။ ကီးဘုတ် ရှည်တာလည်း မဟုတ်ပါဘူး။ ကာတွန်း-လို့ ဆိုလိုက်တာနဲ့ လူအများစုက ရီစရာဆိုတာနဲ့ တွဲပြီး မြင်တတ်ကြတယ်။ မှန်ပါတယ်... ကာတွန်းတွေက လူတွေကို ရီအောင် လုပ်တတ်တာကိုး။ သို့သော်လည်း ကာတွန်းကားလို့ ဆိုလိုက်ရင်တော့ လူအများစုက ကလေး- နဲ့တွဲပြီး တွေးကြတော့တာပါပဲ၊ ကလေးတွေ အတွက် ရိုက်ကူးတဲ့ ရုပ်ရှင်တွေ ... ကလေးတွေပဲ ကြည့်တဲ့ ရုပ်ရှင်တွေလို့... မြင်တတ်ကြပါတယ်။ ကာတွန်းကား-ဆိုတာ ကလေးတွေ ကြည့်တာလို့ လူ အတော်များများက နားလည်မှု လွဲနေတယ်။ ဒါကြောင့်လည်း တယောက်ဆို ကာတွန်းကားတွေကို ကြိုက်သော်ငြားလည်း ၀ယ်ရမှာတောင် ရှက်တယ် - ကျနော် ဖတ်လိုက်မိတယ်။ ဘာလို့လဲ... ဘာလို့ ရှက်ရတာလဲ...။ ကာတွန်းကား တခွေကို ၀ယ်တာ ရှက်စရာ မဟုတ်ပါဘူးဗျား.... အပြာကား (porn DVD) တွေ ၀ယ်တာမှ မဟုတ်တာ။ ရှက်စရာကို အပြာကားတွေ ၀ယ်တဲ့သူတွေ... ကြည့်တဲ့သူတွေအတွက်... ထားလိုက်ပါ။ ကျနော်တို့ ခင်ဗျားတို့ ကာတွန်းကားတွေ ကြည့်လို့.. ကာတွန်းကားတွေကို ကြိုက်လို့... ကျနော်တို့ လူ့အဖွဲ့အစည်းကြီး မပျက်စီးသွားပါဘူး။ အပြာကားတွေကြောင့်သာ လူ့အဖွဲ့အစည်းကြီး ပျက်စီးသွားမှာ...။

ထို့အတူ အားလုံးကို ကျနော် ပြောချင်ပါတယ်... ကာတွန်းကားတွေကို ကြိုက်ရင်... ပျိုပျို အိုအို မည်သူမဆို ကာတွန်းကားတွေ ၀ယ်ကြပါ... ကြည့်ကြပါလို့ ... ။ ကျနော်တို့ လူ့အဖွဲ့အစည်းကြီးက ခင်ဗျားတို့ကို ကာတွန်းကားတွေ ၀ယ်ကြည့်လို့ ရှက်စရာ ကောင်းတယ်လို့ ဘယ်သောအခါမှ ပြောမှာ မဟုတ်ကြောင်း ကျနော် အာမခံပါတယ်။

နောက်တခု ပြောစရာရှိတာက ကာတွန်း-ဆိုတာက ဖတ်တဲ့သူတွေ ရီမောကြရတာပေါ့။ ပြောရရင် ရီမောခြင်းအားဖြင့် အသက်ရှည်စေတယ်လို့ ပြောကြသလို ကာတွန်းဆရာက ကာတွန်း ဖတ်သူတွေကို ဘ၀ အမောတွေကနေ ခဏတဖြုတ်ပဲ ဖြစ်ဖြစ် ပြေသွားအောင် လုပ်ပေးတာပါပဲ။ ကာတွန်းကားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြီးတော့ ကာတွန်းကားတွေ ဆိုတာက အကွက်ပေါင်း ပုံပေါင်းများစွာ ပါတာဆိုတော့ ကားတကားလုံးမှာ ကြည့်သူတွေကို သာမန် ကာတွန်းတွေထက်ကို ပိုပြီး ရယ်မောအောင် လုပ်နိုင်တာပါပဲ။ တကယ်တော့ လူတွေ အလွယ်ပြောနေတဲ့ ကာတွန်းကားဆိုတာ အမှန်တော့ သာမန် ရုပ်ရှင် တကားကို ရိုက်ကူးရတာထက် ပိုပြီး ခက်ခဲပါတယ်။ Animation လို့ခေါ်တဲ့ မလှုပ်ရှားနိုင်တဲ့ အရုပ်တွေကို သက်ဝင် လှုပ်ရှားလာအောင် ခက်ခက်ခဲခဲ ဖန်တီးရတဲ့ အနုပညာပါ။ ဘာလို့လဲ-ဆိုတော့ ကျနော်တို့ ကြည့်နေမြင်နေရတဲ့ ရုပ်ရှင်ကားတခု၊ ဗီဒီယို တခုလိုမျိုး ဖြစ်အောင် ကာတွန်းကား တခုကို ဖန်တီးမယ်ဆိုရင် 30 fps (30 frame per second)လို့ ခေါ်တဲ့ တစက္ကန့်စာ ရုပ်ရှင်အတွက် ကာတွန်းပုံ ၃၀ ကို ဆွဲယူရတာပါ။ ဥပမာ- ကာတွန်း ဇာတ်ကောင် တခုက သူ့လက်ကို မြှောက်ပြီး စကားပြောတဲ့ ပုံကို ရုပ်ရှင်ထဲမှာ ၁ စက္ကန့် ဖော်ပြမယ်ဆိုရင် အဲ တစက္ကန့်အတွက် လှုပ်ရှားမှုအားလုံးကို ပုံ ၃၀ ဆွဲရတာပါ။ အဲတော့ တမိနစ်အတွက်ဆို ကာတွန်းအကွက်ပေါင်း ၃၀ x ၆၀ = ၁၈၀၀ ။ တနာရီဆို ၁၈၀၀ x ၆၀ = ၁၀၈၀၀၀။ ယေဘူယျအားဖြင့် တနာရီခွဲစာ ကြာလေ့ရှိတဲ့ ရုပ်ရှင်တကားအတွက် ပုံပေါင်း ၁၆၂၀၀၀ ကို ကာတွန်းဆရာတွေက ဆွဲကြရတာပါ။ ဘယ်လောက်ခက်ခဲမလဲ စဉ်းစားကြည့်ကြပါဦး။

နောက်တခါလည်း ပြောစရာရှိတာက Animation တွေမှာက MGM ကုမ္ပဏီက ထုတ်လုပ်တဲ့ Tom & Jerry လို ကာတွန်းကားတွေ၊ ဂျပန်ကလာတဲ့ Pokemon လို ကာတွန်းကားတွေကတော့ just entertainment သက်သက်ပါပဲ။ သို့သော်လည်း Walt Disney တို့ Dream Works တို့လို ကုမ္ပဏီတွေက ရိုက်တဲ့ Animation တွေမှာ message တွေ ပါပါတယ်။ ဘ၀အဓိပ္ပါယ်တွေပါတယ်။ သာမန် အပျင်းပြေ အပျော်ကြည့် (ကိုယ့်ကိုကိုယ် ကလေးမဟုတ်ဘူးလို့... ပြောနေတဲ့ ... ထင်နေတဲ့ ... လူကြီးတွေ ...ကြည့်လေ့ရှိတဲ့) လူ့ဘ၀အတွက် ဘာတခုမှ မပေးတဲ့ Horror တို့ Suspense တို့ Reality တို့ ဆိုတဲ့ ခေါင်းစဉ်တွေအောက်က ရုပ်ရှင်တွေထက် Walt Disney Animation တွေက ဘ၀အတွက် တခုခုကို အမြဲ ပေးလေ့ရှိပါတယ်။ ဓမ္မနဲ့ အဓမ္မရဲ့ တိုက်ပွဲ..မှာ နောက်ဆုံးတော့ ဓမ္မက အနိုင်ရ...ပုံမျိုး။ ပြီးတော့ ဘ၀ကိုလည်း လေးလေးနက်နက် ပုံဖော် တတ်သေးတယ်...။ ဘ၀ဆိုတာ ရုန်းကန်ခြင်း... ဆိုတာမျိုး...။ ချစ်ခြင်း မေတ္တာနဲ့ လူသားဆန်မှုကိုလည်း အဲကာတွန်းကားတွေမှာ တွေ့နိုင်ပါသေးတယ်...။

အဲတော့ ကာတွန်းကားတွေကို ကျနော်ကတော့ ချစ်ပါတယ်... ကြည့်ပါတယ်... ၀ယ်ပါတယ်... လို့ပဲ ပြောပါရစေတော့။
----------------------------
လိုရင်းကိုတော့ ခုမှပဲ ပြန်ကောက်ရတော့တာပါ။ နန်းညီ တက်ဂ်ထားတဲ့ အကြိုက်ဆုံး ကာတွန်းကား-ကတော့ ကျနော့်အတွက်၂ ခု ဖြစ်နေပါတယ်။ Walt Disney's Animation တွေကို Jungle Book ကနေ စပြီး ကြည့်ရတာပါ။ ငယ်စဉ်ကတည်းကနေ ခု အသက်အရွယ်အထိ တကား မပြတ် ကျနော် ကြည့်လာခဲ့တာပါ။ အဲအထဲမှာ ကျနော့် အကြိုက်ဆုံးကားက Cinderella နဲ့ Bambi ပါ။ သို့သော်လည်း Cinderella ကတော့ လူတကာ သိနေပြီးသားမို့ Bambi ကိုပဲ ရေးပါ့မယ်။

Bambi ဟာ Walt Disney က ထုတ်လုပ်တဲ့ Feature Film ခေါ်တဲ့ Animation ဇာတ်ကားရှည်တွေထဲမှာ ပဉ္စမမြောက် ဇာတ်ကားဖြစ်ပါတယ်။ Bambi ကို ထုတ်လုပ်တဲ့ ခုနှစ်က ၁၉၄၂ ပါ။ ကျနော်တို့ နိုင်ငံတောင် လွတ်လပ်ရေး မရသေးပါဘူး။ Bambi ဆိုတာကတော့ သမင်ကလေးတကောင်ရဲ့နံမည်ပါ။ လူ အတော် များများက မသိတဲ့ သမင်ကလေး ဖြစ်မယ် ထင်ရဲ့။ သြစတြီးယားက စာရေးဆရာ Felix Salten ၁၉၂၃ ခုနှစ်မှာ ရေးခဲ့တဲ့ Bambi, A Life in the Woods ကို ကျောရိုးပြုထားတာပါ။ အသေးစိတ် သိချင်ရင်တော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။



ဇာတ်လမ်း အနှစ်ချုပ်ကတော့ တောနက်ထဲမှာ ရှိတဲ့ သမင်အုပ် တခုမှာ သမင်လေး တကောင်ကို မွေးဖွား လာရာကနေ အဲဒီ သမင်အုပ်ရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့အထိ ကြုံတွေ့ရတဲ့ ခရီးလမ်းပေါ်က သမင်တကောင်ရဲ့ ဘ၀ကို ခြယ်မှုန်းထားတာပါ။ သို့သော်လည်း အဲသည်မှာ သက်ရှိတွေ မှန်သမျှ ကြုံကြရတဲ့ လောကဓံတရားကို မြင်ကြရမှာပါ။ Bambi က လူတယောက်လို ဘ၀ကို ကိုယ်စားပြုပြခဲ့တယ်။



Bambi ကို ထုတ်လုပ်တဲ့ အချိန်ဟာ ၁၉၄၀ ကျော် ဆိုတော့ ခုခေတ်လို မဟုတ်ဘူး။ ခုခေတ်လို Animation တွေကို 3D Program တွေ CG ခေါ်တဲ့ Computer Graphic တွေနဲ့ အစစ အရာရာကို ဒစ်ဂျစ်တယ်နဲ့ ပြီးပြည့်စုံနေစေတာ မဟုတ်ဘူး။ ဘာတခုမှ အလွယ်တကူ မဟုတ်ဘူး။ Bambi ခေါင်း တချက် ခါဖို့ ... ခြေ တချက်... ဆတ်ဖို့ ပန်းချီဆရာ ရာကျော်က ပြူးပြဲနေအောင် ဆွဲခဲ့ရတာ.... အဲတော့ ခုချိန်မှာ ကျနော်က Bambi ကို ပိုပြီးတောင် တန်ဖိုးထား နှစ်သက်ပါသေးတယ်...



Bambi မွေးဖွားတာကို တောထဲမှာ ရှိသမျှ တိရိစ္ဆာန်လေးတွေက လာကြည့်ကြတဲ့ အခန်းနဲ့ ဇာတ်လမ်းကို စဖွင့်ထားတာပါ။ အဲ အခန်းလေးကို ကျနော် ကြိုက်ပါတယ်။ အဲသည်မှာ သူ့ကို လာကြည့်ကြသူတွေထဲမှာ နောက်ပိုင်းမှာ သူ့သူငယ်ချင်းဖြစ်လာမယ့် နှာသီးနီနီလေးနဲ့ အရမ်း ချစ်စရာ ကောင်းတဲ့ ယုန်ကလေး Thumper လည်း ပါပါတယ်။ Thumper က Bambi ကို သက်ရှိ သက်မဲ့ တွေရဲ့ နံမည်အခေါ်အဝေါ်တွေကို သင်ပေးရာကနေ Bambi က Flower လို့ နံမည် မှားခေါ်တဲ့ Skunk လေးတကောင်နဲ့ပါ သူငယ်ချင်း ဖြစ်ကြတဲ့ အခန်းလေးဆို ကျနော် အတော် ကြိုက်တာပါ။

နောက်တခုက သူတို့ သူငယ်ချင်း သုံးယောက် ချစ်ခြင်းမေတ္တာနဲ့ တယောက်ပြီးတယောက် တွေ့သွားကြတဲ့ အခန်း။



Bambi မှာ sound track တွေ အများကြီးထဲမှာ ကျနော်ကြိုက်တဲ့ April shower song ကို YouTube မှာ ရှာတွေ့ထားပါတယ်။ နားထောင်ကြည့်ကြပါဦး။



Bambi မိခင် သေဆုံးတဲ့ အခန်းကတော့ သူ့ကိုယ်စား မျက်ရည်ကျရတဲ့ အခန်းပါပဲ။



Bambi ကို The Platinum Edition DVD ဆိုပြီး ၂၀၀၇ မှာ Walt Disney က ပြန်ထုတ် ထားပါသေးတယ်။ ရှာဖွေကြည့်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

10 comments:

mama said...

Bambi ကြိုက် တာ တော့ ၁၀၀ ရာနှုန်း တူနေပြီ..
မကြာ ခဏ သားတွေ နဲ့ နေရာလုရင်း ကြည့်..
အကြိမ်ပေါင်း မရေမတွက် နိုင်အောင်
ကြည့် ပေ မဲ့ ..ကြည့် တိုင်း လဲ .. ခံစားချက်တွေ က ရိုး မသွားပဲ... လှပ သစ်လွင် သလို ခံစားရ...။
သားတေကွ ပါဝါ ရိန်းဂျား သိပ်ကြိုက်ပေမဲ့
Bambi ကိုတော့.. ပိုကြိုက် ကြတာလေ..
ထင်ပါတယ်.. တစ်ကမ္ဘာ လုံးက ကလေး လူကြီး အားလုံး ကြိုက် ကြမှာပါ..
Bambi အမေ ဆုံးသွား တဲ့ အခန်း
အမေ ကို လိုက်ရှာနေတဲ့ အခန်းဆိုလဲ..
သားတွေ လဲ ငို.. မေမေလဲ ငို..
..ပြီးတော့..
The Platinum Edition က ကြည့်လို ပို လှပေမဲ့
Walt Disney ပန်းချီကျော်တွေ လက်နဲ့ ဆွဲ
အားထုတ်ခဲ့တဲ့ အဟောင်းလေးကို တော့
တန်ဖိုးမဖြတ်နိုငအောင် မြတ်နိုးဆဲပါ ပဲ...။
...........
ဗဟုသုတ အသစ်တွေ ရစေတဲ့
ဒီပို့စ်လေး ကို အရမ်း နှစ်သက်မိပါတယ်...။

kay said...

ရွေးပေးထားတဲ့ Secret of life နဲ့ April Shower ကိုကြည့်လိုက်မိတာနဲ့တင်..ဒီကာတွန်းလေး ရဲ့တန်ဖိုးနဲ့..အားထုတ်မူ..အနုပညာကို သိသွားလိုက်တယ်။ ဟုတ်တယ်..horror တွေ stupid reality တွေထက်စာရင်..ဒီလိုကားလေး တွေက..လူကြီးရော..လူငယ်ရော.. နှလုံးနွေးစရာ..အကောင်းမြင်တတ်ဖို့..ဘ၀ကိုလက်ခံတတ်ဖို့..ရုန်းကန်တတ်ဖို့.. အများကြီး ပေးစွမ်းနိုင်တာပဲ။ တကယ်ပြောတာ..ကာတွန်းတွေ သိပ်မကြည့်ဖြစ်တော့.. မသိဘူး။ ငယ်ဘ၀ကလည်း..တီဗီကာတွန်းကားတွေနဲ့..ဝေးကွာလှတာမို့.. ကြားထဲမှာ..ကာတွန်းတွေနဲ့..ထိတွေ့စရာအကြောင်းကိုမရှိခဲ့ဘူး..။ ကလေးတွေနဲ့လည်း..ထိုင်ကြည့်စရာ အကြောင်းမရှိခဲ့။ ဘာပဲပြောပြော..အချိန်ရင်တော့.. ညွှန်းထားတာလေး..ငှားကြည့်ပါဦးမယ်။

Anonymous said...

အပြာကား??????
ဘာရီးလဲ အစ်ကို.. သာမီးသိဝူးးးး....
ဟားဟား... နောက်တာပါ
တင်ပေးထားတဲ့ယူကျုကြည့်သွားပါတယ်။ သေချာကြည့်ပြီး သေချာရေးပြထားတာ ကျေးဇူးပါ..
( 5 stars ပေးမလို့ သူများဦးသွားတယ်)
ကာတွန်းကားရိုက်ရင် အခက်အခဲတွေ အကြောင်းလည်း ခုမှ သိတယ်။ တကယ်တော့ ၂ ခုလုံးမကြည့်ဖူးသေးဘူး..
ရှာပြီးကြည့် ကြည့်ပါဦးမယ်။
sin dan lar

Anonymous said...

အကို ဗီဗါလီဟီးလ် ချဝါးဝါး တို့ မဒဂါစကာ ၂ (အာဖရိကားမှ လွတ်မြောက်ခြင်း) တို့ ကြည့်စေချင်တယ် ဒူကဘာတော့ ဂျူနီယာ ဒူကဘာ နဲ့ ဘစ်လော့ဒ် ဒေါင်းလုပ် တန်ခိုးနဲ့ ကြည့်ပြီးပြီ DVD ကွာလတီနဲ့ ကြည့်လို့ ရပြီ ...ကောင်းလို့ ညွန်တာပါ။

tututha said...

ဒီကားကို ကလေးတုန်းက ရုံကြီးမှာ ပါပါလိုက်ပြလို့ ကြည့်တယ်။ ခုတော့ အခွေဝယ်ကြည့်တယ်အစ်ကို။ သမင်လေးအတွက် ငိုရတာ အမောပေါ့ အစ်ကိုရာ ..

ယောနသံစင်ရော် said...

အခုလို တခုတ်တရ ဆုံးမတာကျေးဇူး ကိုကြီးရေ...

Anonymous said...

နန်းညီ: မန့်မရလို့ ဒီမှာပဲရေးသွားပါတယ်.. ကျေးဇူးအထူး (အထူး) တင်ပါတယ်.. ဒီ cartoon society လေး ဒီလိုရှိတာလာ ၀မ်းသာပါတယ်

Unknown said...

ကျွန်တော်လည်း ကာတွန်းကား Crazy ပဲအစ်ကိုရေ..။ အခုထိကြည့်တုန်း..။ သူတို့နဲ့အတူ လိုက်ပျော်တုန်း...။ သူတို့နဲ့ အတူငိုတုန်းပဲ...။ :)

ATN said...

မမ - နှစ်သက်ကြောင်းသိရလို့ ၀မ်းသာပါတယ်...
မကေ - Bambi ကိုတော့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဗျာ ... ကာတွန်းကားတွေ မကြည့်ဖြစ်တဲ့ အကြောင်းကို အပြည့်အ၀ နားလည်ပါတယ်ဗျာ...
Sin dan lar - သူများ ဦးသွားလည်း ထပ်ပေးလို့ ရပါတယ်ဗျ...
ဒူကဘာ - ဘစ်လော့ဒ် ဒေါင်းလုပ်အကြောင်း မသိသေးဘူး ပြောပြပါဦးဗျ...
မတူး - အင်း... ငိုလိုက် ရီလိုက် ပါပဲလေ...
ယောနသံစင်ရော် - တခုခု ရသွားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါတယ် ညီမရေ့...
နန်းညီ - မန့်မရဘူးဆိုလို့ ဒီမှာ မန့်ပေးထားတာ...
အိပ်မက်နက် - ခံစားတတ်တဲ့ နှလုံးသား တခုက ပါလာတာကိုး...

Zephyr said...

ကာတွန်းကားကြိုက်တာကို ၀င်ပြီးဖြောင့်ချက်ပေးလိုက်ပါတယ် ကိုအောင်ရေ ...။
မြန်မာပြည်က ထွက်မလာခင်က ကာတွန်းကာတွေ ကား ၂၀ စီလောက်စုထားတဲ့ DVD တွေ ဆက်တိုက်ကြည့်ခဲ့သေးတယ် ...။
ဆောင်းတွင်းမှာ bambi သစ်ခေါက်လေးစားနေရတဲ့ အခန်းကလည်း ကြေကွဲစရာပဲ .... ။ Thumper ခြေထောက်ကို တဖုန်းဖုန်းရိုက်တာကိုလည်း သဘောကျပါတယ် .... ။

bambi အမေသေသွားတဲ့အခန်းကတော့ သနားစရာ အကောင်းဆုံးပဲ ...။

ကာတွန်းတွေကို ကျွန်တော်တို့ကြိုက်ကြတာ ...လှပတဲ့သဘောတရားတွေကို cartoons တွေမှာပိုပြီးတွေ့ရလို့ထင်တယ်ဗျ ... ။ အချင်းချင်းကူညီမယ် ... ကိုယ့်လောကကို ပိုကောင်းအောင်လုပ်မယ် ... အခက်အခဲကို ရင်ဆိုင်မယ် ...။ ကာတွန်းတွေကပေးတဲ့ ဒဿနက ရိုးရိုးလေးနဲ့လှတယ် ...။

Walt Disney မှာက လေတိုက်တာ ... သစ်ရွက်ကြွေတာတို့ကို animation လုပ်ပြီးသားတွေအများကြီးရှိတော့ ကြည့်လို့အရမ်းလှတယ် ...။



ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ဝါသနာတူတဲ့လူတွေ အများကြီးရှိနေလို့စိတ်ပိုချမ်းသာသွားပါတယ်ဗျာ ...။