Jul 21, 2009

ဘ၀ဆိုသည်မှာ (၂)

ဘ၀နဲ့ ပတ်သက်လို့ ကိုယ်ပိုင် အမြင်လေးတွေ ကိုယ်ပိုင် ဖွင့်ဆိုချက်တွေ ဖော်ပြပေးသွားကြတဲ့ ညီအကို မောင်နှမတွေ မိတ်ဆွေ သူငယ်ချင်းတွေကို ကျနော် ကျေးဇူးတင်ပါတယ်။

အောက်မှာ သူတို့ရဲ့ အမြင်လေးတွေကို ကျနော် မှတ်တမ်းတင်လိုက်ပါတယ်။

ဘ၀ဆိုတာတိုက်ပွဲပါဘဲ။
(အမည်မဲ့)

ဘ၀ဆိုတာ တိုက်ပွဲ ... တိုက်ပွဲထဲမှာ ရှုံးနိမ့်ခြင်းနဲ့ အောင်မြင်ခြင်း နှစ်မျိုးရှိတယ်..
အဲဒီ နှစ်ခုဘယ်အရာက ရာခိုင်နှုန်းပိုများမလဲလို့ စောင့်ကြည့်ရဦးမယ်.....
(မီးငယ်)

အဲဒီ ဘဝ ဆိုတာကြီးကို မသင်္ကာတာကြာပြီ...
(မနော်ဟရီ)

ဘ၀ ဆိုတာ အဆုံးအစ ရှိတဲ့ ခရီး တခုလို့ဆိုမယ်။
ခြေတချောင်းက အနာဂတ်ကို လှမ်း..မျှော်မှန်းရင်း၊
ခြေတချောင်းက အတိတ်အကြောင်းမှာ ငြိတွယ်နေတတ်တယ်။
(မသီတာ)

ဘ၀ဆိုသည်မှာ တစ်နေ့ပြီးတစ်နေ့ နေပျော်ရန်နှင့် တန်ဖိုးတက်ရန်
လေ့ကျင့်ရာ နေရာတစ်နေရာဖြစ်သည်ဟု မှတ်ယူမိသည်။
(ရေတမာ)

အခု ဆက်ပြီးတော့ ကျနော့်ရဲ့ မှတ်စုလေးကို ထုတ်ဖတ်လိုက်ပါဦးမယ်။

ဘ၀ဆိုတာ သင်ကိုယ်တိုင်ဖြစ်ပြီး
အဲသည်ဖြစ်ရှိခြင်းရဲ့ အသေးမွှားဆုံးလေးတွေကစလို့ အရာအားလုံးကို မြတ်နိုးတတ်တဲ့
တခြား တစုံတယောက်ကို ရှာဖွေနေရခြင်းလည်းဖြစ်တယ်။

(ရေးသူ မသိ)

ကိုယ်တိုင် နှစ်သက်သဘောကျတဲ့ အလုပ်တခုကို ရွေးချယ်လိုက်ပါ။ အလုပ်လုပ်နေရတယ်လို့ တဘ၀လုံး ထင်တော့မှာ မဟုတ်ဘူး။
(ကွန်ဖျူးရှပ်)

ငါ့ရဲ့ အကောင်းဆုံး အိပ်မက်နဲ့ အဆိုးဆုံးအိပ်မက်ထဲမှာ ဇာတ်ကောင်တွေက အတူတူချည်း။
(ဖိလစ်ပိုးစ်)

ဘ၀ကို ချစ်ခင်လိုက်ပါ၊ ဘ၀က သင့်ကို ချစ်ခင်လိမ့်မယ်။
လူတွေကို ချစ်ခင်လိုက်ပါ။ လူတွေက သင့်ကို ပြန်ချစ်ခင်ပါလိမ့်မယ်။
(အာသာရူဘင်စတိုင်း)

ငါ လိုချင်တာက မင့် သူငယ်ချင်းတယောက်အဖြစ်၊
ငါ အိပ်မက်မိတာက မင့် ချစ်သူတယောက်အဖြစ်။
ဘ၀က ငါ့ကို တကယ်ပေးတာတော့ မင့်နဲ့ အဝေးဆုံးနေရာ။
(ရေးသူ အမည်မသိ)

အချစ်မရှိတဲ့ ဘ၀ဆိုတာ ပန်းတွေ မပွင့် သစ်သီးတွေ မထွက်တဲ့ အပင်လိုပဲ။
(ခါလေးလ်ဂျီဘရန်)

ဘ၀မှာ တခါတခါ ချာတိတ်တယောက် ပြန်ဖြစ်ချင်တယ်။
ဘာလို့လဲဆိုတော့ ဆော့လို့ ကွဲခဲ့တဲ့ ဒူးအနာကို ပြန်ချုပ်ရတာက
ချစ်လို့ ကွဲခဲ့တဲ့ အသည်းကို ပြန်ကုရတာထက် အများကြီး လွယ်ကူလို့ပါ။
(ရေးသူ အမည်မသိ)

ဘ၀ဆိုတာ ဖန်ခွက်တခွက်လိုပါပဲ။
မတော်တဆ ကျကွဲသွားပြီးတဲ့အခါ
နဂိုရ်အတိုင်းဖြစ်အောင် ဘယ်လိုမှ ပြန်ဆက်လို့ မရပေဘူး။
(ရေးသူ အမည်မသိ)

နေ့တိုင်းဟာ အကောင်းဆုံးနေ့တွေချည်းပါ့။
ဒါ ငါ့ဘ၀ပဲ။ သည်အခိုက်အတန့်ကို ဘယ်တော့မှ ပြန်မရဘူး။
(ဘာနီးဆီဂဲလ်)

ဘ၀ဆိုတာ မင်းဖြစ်စေချင်တဲ့အရာ မဟုတ်ဘူး။
ဘ၀ဆိုတာ မင်း ဖြစ်လာအောင် လုပ်နေတဲ့အရာ။
(အန်သော်နီရိုင်ယန်)

ဘ၀က မင်းကို ရှောက်သီးတွေ ပေးတဲ့အခါ
ရှောက်ချိုသီးဖျော်ရည် လုပ်လိုက်စမ်းပါ။
(ဂျုံးကောလင်းစ်)

မင်း ပန်းချီဆွဲလို့ မရဘူးလို့ မင့်ကိုယ်ထဲက အသံတခုက ပြောတာ ကြားရင်
မင်း တတ်သမျှနည်းတွေနဲ့ ပန်းချီ ဆွဲလိုက်ပါ။ အဲသည်အသံ တိတ်သွားလိမ့်မယ်။
(ဗင်းဆင့်ဗန်ဂိုး)

ခွန်နှစ်ကြိမ် သင်လဲကျခဲ့ရင်
ရှစ်ကြိမ်မြောက်အဖြစ် ပြန်ထလိုက်ပါ။
(ဂျပန်စကားပုံ)

ဖိအား မရှိရင်။ စိန်ဆိုတာလည်း မရှိဘူး။
(မေရီကေ့စ်)

အကောင်းဆုံးသော အိပ်မက်တွေဆိုတာ သင်နိုးထနေချိန်မှာသာ မက်တာပါ။
(ချာလီဂီလ်ဒါဘလွန်းမ်)

မင့်ဘ၀ကို ထူးခြားတဲ့ဝတ္ထုတပုဒ်ဖြစ်စေချင်ရင်
စာရေးသူဟာ မင့်ကိုယ်တိုင်ဖြစ်တယ်ဆိုတာရော
နေ့တိုင်းမှာ စာမျက်နှာအသစ်တခုကို ရေးခွင့်ရှိနေတယ်ဆိုတာရော နားလည်ထားပါ။
(မာ့ခ်ဟူလာဟန်)

ယမန်နေ့ဆိုတာ သင်ယူဖို့။ သည်ကနေ့ကတော့ ရှင်သန်ဖို့။ မနက်ဖန်ကတော့ မျှော်လင့်ဖို့။
(အဲလ်ဘတ်အိုင်စတိုင်း)

အဆိုးမြင်သူဟာ တိမ်တွေရဲ့ မဲနက်တဲ့ အခြမ်းကိုပဲ မြင်တယ်။ စိတ်ဓါတ်ကျနေရော။
အတွေးအခေါ်ပညာရှင်ကတော့ နှစ်ဖက်လုံးကို မြင်တယ်။ ပြီး (ဘာမှမရေးမကြီးတဲ့ပုံနဲ့) ပုခုံးတွန့်တယ်။
အကောင်းမြင်သူကတော့ တိမ်တွေကို လုံးဝကို မတွေ့လိုက်ဘူး။ ဖြတ်လျှောက်ချသွားတာပဲ။
(လီယိုနာ့ဒ်လူးဝစ္စလယ်ဗင်ဆန်)

မျှော်လင့်ခြင်းကို သင်ရွေးချယ်သွားပြီးသည့်အခါ အရာရာ ဖြစ်နိုင်လာပါပြီ။
(ခရစ္စတိုဖာရိဗ်)

အလွန်ခက်ခဲသောအချိန်ကာလများသည် ထာဝရမဟုတ်။
ခံနိုင်ရည်ရှိသူများသာ ထာဝရဖြစ်လေသည်။
(ဒေါက်တာရောဘတ်စခူးလာ)

ချွေးတွေထဲမှာ ဘယ်သူမှ နစ်မသေဘူး။
(ယူအက်စ်မရိန်းဆောင်ပုဒ်)

အတားအဆီးတွေဆိုတာ ပန်းတိုင်ကနေ သင့်မျက်လုံးတွေ လွဲသွားတဲ့အချိန်မှာ မြင်ရတဲ့ ကြောက်ရွံ့ဖွယ်အရာတွေပဲ။
(ဟင်နရီဖို့ဒ်)

အကြောင်းတခုကြောင့် ငါသည်ကို ရောက်လာတယ်။
အဲသည် အကြောင်းဟာ တောင်တလုံးအဖြစ် ကြီးထွားလာဖို့ပါပဲ။
သဲတမှုန်လို သေးမွှားသွားဖို့ မဟုတ်။
(အော့ဂ်မန်ဒီနို)

ပျော်ရွှင်ခြင်းရဲ့ တံခါးတချပ် ပိတ်သွားတဲ့အခါ နောက်တံခါး တချပ်က ပွင့်နေပါသေးတယ်။
ခက်နေတာက တို့အတွက် ပွင့်နေတဲ့ တံခါးတွေကို မမြင်နိုင်တော့လောက်အောင်
ပိတ်သွားတဲ့ တံခါးကိုပဲ ငါတို့ အကြာကြီး ကြည့်နေမိကြတာပါပဲ။
(ဟယ်လင်ကယ်လာ)

ဘ၀မှာ သင်လုပ်သင့်သောအရာများ -
ကမ္ဘာမြေ၊ နေမင်းနဲ့ တိရိစ္ဆာန်တွေကို ချစ်ပါ။
လူချမ်းသာတွေကို စက်ဆုပ်လိုက်ပါ။
တောင်းစားနေသူတွေကို လှူပါ။
မိုက်မဲသူ၊ ရူးသွပ်သူတွေအတွက် ရပ်တည်ပေးပါ။
သူတပါးအတွက် ဆောင်ရွက်ပေးပါ။
မင်းဆိုးတွေကို မုန်းပါ။
ဂရုမစိုက်တတ်တဲ့ ဘုရားသခင်တွေနဲ့ အငြင်းအခုန်လုပ်ပါ။
(ဝေါ့လ်တ်ဝှစ်တမန်း)

သင်ကိုယ်တိုင် ကဗျာဆရာတယောက် မဖြစ်နိုင်တော့တဲ့အခါ ကဗျာတပုဒ် ဖြစ်လိုက်ပါ။
(ဒေးဗစ်ဒ်ကာရာဒင်း)

မုန်တိုင်းအပေါ် နင်းတက်လိုက်ပါ။ နေရောင်ကို သင်မြင်ရလိမ့်မယ်။
(မာရီးယိုဖာနန်ဒက်ဇ်)

နေရောင်ကို မျက်နှာမူလိုက်ပါ။ အရိပ်ကို မင်း ဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူး။
(ဟယ်လင်ကယ်လာ)

ဆိုချင်တဲ့သူဟာ သီချင်းတပုဒ်ကို တွေ့ကိုတွေ့တာပဲ။
(ဆွီဒင်စကားပုံ)

ဘ၀မှာ ပြန်မရနိုင်တဲ့အရာတွေ ရှိတယ်။
ချောက်ထဲသို့ ပစ်ချလိုက်သော ကျောက်ခဲများ။
ပြောပြီးသော စကားများ။
လွဲချော်သွားသော အခွင့်အရေးများ။
ပြီးဆုံးသွားသော အချိန်များ။
(ရေးသူ အမည်မသိ)

သင့်တွင်ရှိသမျှသော အိပ်မက်များနှင့် ဆန္ဒများကို သင်ကိုယ်တိုင်က ပြီးပြည့်စုံစေပြီး ထိုသို့ ပြုလုပ်ရန်လည်း သင့်မှာ အစွမ်းရှိနေမှသာ အောင်မြင်မှုဆိုသည်ကို သင်ပိုင်ဆိုင်နိုင်ပေမည်။
(ဒေါက်တာအပါးနားပရဒ်ဟန်)

(ဆက်လက်ဖော်ပြပါမည်)

12 comments:

Anonymous said...

အကိုကြီး...ကျမ မတတ်တခေါက်ဥာဏ်နဲ့ ရေးထားတာ
ရှက်စရာကြီး...အပေါ်ဆုံးကြီးမှာ...အဆိုအမိန့်တွေ မဖတ်ရသေးလို့ ဖတ်လိုက်ဦးမယ်...

mie nge

လင်းဒီပ said...

“အာကာသခရီး”
ဘ၀ဆိုတာ
အရူးမောင်းလာတဲ့ လေယာဉ်ပျံကိုစီးလာရတာပဲ။

ပိုပြီး
ပျော်ပျော်ရွှင်ရွှ့င်နေဖို့စဉ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး။
(သုခမိန်လှိုင်)

လောလောဆယ် ကျွန်တော် ခဏခဏရွတ်နေမိတဲ့ကဗျာလေးပါအစ်ကို...။
စိတ်ကူးခြင်း ထပ်နေလို့ ။
ကျွန်တော်ကတော့ ဘဝကို ပျင်းရိငြီးငွေ့စွာ ဘာကို လိုချင်ရမှန်းမသိဘဲ သင်ယူနေတုန်းပဲ။

Anonymous said...

ဒီပို့စ်ထဲက ကျမကြိုက်တဲ့ အဆိုအမိန့် နှစ်ခုရှိတယ်...

နောက်ဆုံးကနေရေတွက်ရင် နံပါတ် ၆ ခုမြောက်နဲ့
၁၅ ခုမြောက်...

သင်ကိုယ်တိုင် ကဗျာဆရာတယောက် မဖြစ်နိုင်တော့တဲ့အခါ ကဗျာတပုဒ်ဖြစ်လိုက်ပါ
( ဒေးဗစ်ကာရာဒင်း )

ယမန်နေ့ဆိုတာ သင်ယူဖို့ သည်နေ့ကတော့ ရှင်သန်ဖို့
မနက်ဖန်ကတော့ မျှော်လင့်ဖို့
( အဲဘတ်အိုင်းစတိုင်း )

mie nge

kiki said...

ဘဝ ဆိုတာ ကိုယ်တိုင်ရွေးချယ်ခွင့် မရှိဘူး ။
ဒါပေမဲ့ ရလာတဲ့ ဘဝကို ပြောင်းလဲအောင် လုပ်ဆောင်ခွင့်လေး တော့ ရှိနေသေးတာကိုပဲ ကျေးဇူးတင်ရမယ် လေ ။

မွေးလာကတည်းက ကျား၊ မ ဘဝ ၊။ ဆင်းရဲ ၊ချမ်းသာ ဘဝ တွေ ဆိုတာ ကြိုက်သလို ရွေးချယ်ပြီး ရ ယူခဲ့ကြတာမှ မဟုတ်တာ ။
ဒါပေမဲ့  ဘဝတက်လမ်း ကိုတော့ ကြိုးစားပြီးရှာဖွေ လုပ်ဆောင်လို့ ရနေပါသေးတယ် ။
သေခါမှ လျှော့ရမဲ့ လုံ့လ တွေ နဲ့ တော့ ဘဝ အမောကြီးထဲ ဖြတ်သန်းနေကြရ ဦးမယ် အကို ငယ်ရေ ....
တခါတလေ တော့လည်း လက်လျှော့လိုက်ချင်တော့တယ် ။ ခံနိုင်ရည် အား မရှိတော့လို့ ။။။

kay said...

ဘ၀က မင်းကို ရှောက်သီးတွေ ပေးတဲ့အခါ
ရှောက်ချိုသီးဖျော်ရည် လုပ်လိုက်စမ်းပါ။

အဲဒါ အကြိုက်ဆုံးပဲ..။ သကြားပါ ထဲ့ဖျော်ပြစ်မယ်. :D

Moe Cho Thinn said...

ဘ၀မှာ တခါတခါ ချာတိတ်တယောက် ပြန်ဖြစ်ချင်တယ်။
ဘာလို့လဲဆိုတော့ ဆော့လို့ ကွဲခဲ့တဲ့ ဒူးအနာကို ပြန်ချုပ်ရတာက ချစ်လို့ ကွဲခဲ့တဲ့ အသည်းကို ပြန်ကုရတာထက် အများကြီး လွယ်ကူလို့ပါ။
(ရေးသူ အမည်မသိ)

အဲဒါကို ကြိုက်တယ်။ :)

Mhu Darye said...

came, read. :)

မဆုမွန် said...

ဦးလေးကြီးဦးအောင်သာငယ်ရေ

တူမကြီး ရဲ့ ဘ၀ဆိုတာကို အယူအဆကတော့

ဘ..ဘကုံးနဲ့
ဝ...၀လုံးကို ပေါင်းထားတဲ့ ကုံးကုံး လုံးလုံးကြီးပါပဲ ဘယ်လိုနေလို့မှ ဖြောင့်ဖြောင့်တန်းတန်း မဖြစ်တဲ့သဘောပါ :(

Anonymous said...

အိပ် စား ကာမ ဆိုတာ ဘ၀ ပေါ့ဗျ။

Anonymous said...

ပြေးထွက်မယ်အလုပ်မှာ ကိုယ်က
ဘဝရဲ့လေကို တဝကြီး ရှုရှိုက်မိပြီးနေပြီလေ...

ဒီလိုနဲ့
သူကြိုးဆွဲသမျှ
ကွေးနေအောင်ကပြရတော့တယ်...

ကိုလူထွေး

သက်ဝေ said...

ချိုသင်းပြောတဲ့ ရေးသူ အမည်မသိရဲ့ စာကို ကြိုက်တယ် အကို...

"ဘ၀မှာ တခါတခါ ချာတိတ်တယောက် ပြန်ဖြစ်ချင်တယ်။ ဘာလို့လဲဆိုတော့ ဆော့လို့ ကွဲခဲ့တဲ့ ဒူးအနာကို ပြန်ချုပ်ရတာက ချစ်လို့ ကွဲခဲ့တဲ့ အသည်းကို ပြန်ကုရတာထက် အများကြီး လွယ်ကူလို့ပါ။"

သေချာတာကတော့ တနေရာမှာ တွေ့ဖူး ဖတ်ဖူးသလိုပဲ.. အဟိ...

Kaung Kin Ko said...

ဘဝအကြောင်း အဆိုအမိန့် တွေကို လာဖတ်သွားတယ်အစ်ကိုရေ။ ကျနော်တော့ ဘဝ ဆိုပြီး ကဗျာတပုဒ်ရေးဖူးတယ်။ မှတ်သားစရာတွေကြည့်ပါပဲ။
http://kaungkinko.myanmarbloggers.org/2008/06/blog-post_24.html အဲဒီ့မှာ အဆိုးတွေတော့ ကဲနေတယ်ဗျ။