Aug 11, 2009

မမြင်ရတဲ့ အောင်မြင်မှု

ဗမာပြည်တွင်းက လူထုတရပ်လုံး၊ ပြည်ပရောက် ဗမာပြည်သားတွေအားလုံးနဲ့ အတူ တကမ္ဘာလုံးက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းမျိုးစုံ၊ နိုင်ငံပေါင်းစုံ၊ အစိုးရပေါင်းစုံ၊ ပြည်သူလူထု ပေါင်းစုံက လပေါင်းများစွာ စောင့်ကြည့် အကဲခတ်နေခဲ့ကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တဖက်သပ် မတော်မတရား တရားစွဲဆိုထားတဲ့ အမှုကို နအဖ စစ်အုပ်စုရဲ့ တရားရုံးက ဆုံးဖြတ်ချက် အမိန့်ချလိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုကျူးလွန်ကြောင်း အပြစ်ရှိကြောင်း ထင်ရှားတယ်ဆိုပြီး အမှုကို ဆုံးဖြတ်ချက် ချပါတယ်။ ပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်လို့ ဆုံးဖြတ်ပါတယ်။

သည်ဆုံးဖြတ်ချက်ရဲ့နောက်မှာတော့ ဗမာတပြည်လုံးမှာရော ပြည်ပမှာပါ အသံမျိုးစုံ ဆူညံ သွားတော့တာပါပဲ။ စုတ်သပ်သူ သပ်၊ ဒေါသထွက်တဲ့သူ ထွက်။ နိုင်ငံတကာက အဖွဲ့ အစည်းတွေကလည်း သဘောထားတွေ ထုတ်ပြန်။

သို့သော်လည်း နောက်ပိုင်းမှာ MRTV ကနေ နအဖ ဥက္ကဌရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို တ၀က်အထိ လျှော့ချလိုက်ကြောင်း၊ ဒါ့အပြင် ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲလိုက်ကြောင်း၊ ဆိုင်ငံ့ကာလ အတွင်း နေအိမ်မှာပဲ အကျယ်ချုပ် ထားမှာ ဖြစ်ကြောင်းတွေကို ကြေငြာသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဗမာပြည်သူတရပ်လုံးကတော့ မကျေမနပ် ဒေါသထွက်ကြပါတယ်။ ပြည်ပရောက် ဗမာပြည်သားတွေထဲမှာလည်း ခံစားချက်တွေ အမျိုးစုံ ဖြစ်နေကြတာ တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရပါတယ်။ တချို့ဆို မျှော်လင့်ချက် မဲ့လောက်တဲ့ အထိ ခံစားနေကြတာ တွေ့ရတယ်။ တချို့ဆို ကမ္ဘာမြေရဲ့နောက်ဆုံးနေ့လောက်နီးနီး ခံစားနေကြပါတယ်။ အင်တာနက်ပေါ်က သတင်း စာမျက်နှာတွေမှာ၊ မျက်နှာ ဘုပ်အုပ်မှာ၊ ဘလော့စပေါ့ရဲ့ ဘလော့ စာမျက်နှာတွေ ပေါ်မှာ၊ တွစ်တာတို့ မိုင်စပေ့စ်တို့လို စာမျက်နှာတွေမှာ၊ အီးမေးလ်တွေထဲမှာ၊ ချက်တင်းတွေမှာ ----- ကြေကွဲဆို့နင့်နေကြတဲ့ မျက်နှာတွေ စာတွေကို ကျနော် တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရတော့ ...... အားလုံးကို တခု ပြောပြချင်စိတ် ဖြစ်လာမိပါတယ်။

ဒါကြောင့် သည်စာကို ရေးပါတယ်။

---------------------------------------

ကျနော် ပြောချင်တာကတော့ အချက် ၂ ခုထဲပါ။

၁။ နအဖစစ်အုပ်စုဟာ အသိဥာဏ်နုံနဲ့နေတဲ့ လူတစုသာ ဖြစ်တယ်။

နအဖဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ကိုတောင် ရန်ရှာခဲ့ပြီးပါပြီ။
ဒီပဲယင်း အရေးအခင်းက သည်အချက်ကို သက်သေပြခဲ့ပြီးပါပြီ။ ရဲရင့်တဲ့ ပြည်သူလူထုကြောင့် ကံကောင်းထောက်မစွာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ သည်အချက်ကို ကြည့်ရင် နအဖဆိုတာ စဉ်းစားချင့်ချိန်မှုအသိ ဘယ်လောက်အထိ နုံနဲ့နေတဲ့ လူတစုလည်းဆိုတာ ကောင်းကောင်း သဘောပေါက်နိုင်ကြမှာပါ။ အဲသည်တော့ လူတယောက်ကို သတ်ဖို့အထိ ကြိုးစားနေတဲ့ လူတစုဟာ အဲသည်လူတယောက်ကို ထောင်ချဖို့ဆိုတာကတော့ ဘယ်လိုမှ ၀န်လေးမှာ မဟုတ်တာ အသေအချာပါပဲ။ သည်တော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချတယ်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ သည်အတွက် ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့လို ၀မ်းနည်း ကြေကွဲနေစရာ မလိုပါ။

၂။ အများ ထင်နေကြသလို နအဖဟာ သူတို့ လုပ်ချင်ရာကို သူတို့ မလုပ်နိုင်ပါ။

န၀တကနေ နအဖ အမည်ပြောင်းခဲ့တဲ့ စစ်အုပ်စုဟာ တလျှောက်လုံး သူတို့လုပ်ချင်ရာ လုပ်လာခဲ့တာပါပဲ။ သူတို့ စိတ်ထဲမှာလည်း အဲသည်လို ယုံကြည်နေခဲ့လို့ကို လုပ်ချင်ရာ လုပ်နေခဲ့တာပါပဲ။ သည်အချက်ကလည်း သာမန်အားဖြင့်တော့ မှန်တယ်လို့ ထင်ရပါတယ်။ သို့သော်လည်း တကယ့် လက်တွေ့မှာ သူတို့မှာလည်း သူတို့ လွန်ဆန်လို့ကို မရတဲ့ အကန့်အသတ်တွေ ရှိပါတယ်။

အာဏာဆိုတာ သေနတ်ပြောင်းဝမှာ ရှိတယ်- ဆိုတဲ့ စကားလို ပြည်သူလူထုကို တလျှောက်လုံး သူတို့ စိတ်တိုင်းကျ သေနတ်နဲ့ ချိန်ပြီး ဖိနှိပ်လာခဲ့သလို၊ သူတို့ စိတ်ထဲမှာလည်း ဗမာတပြည်လုံးဟာ သူတို့ သေနတ်ပြောင်းဝတွေအောက်မှာ ပြားပြား ၀ပ်သွားလိမ့်မယ်လို့ သူတို့ ယုံကြည်နေခဲ့ကြတာပါ။ အဲသည်လို ယုံကြည်တဲ့ အတိုင်း လည်း သေနတ်ဆွဲပြီး သူတို့ လုပ်ချင်ရာကို လုပ်ခဲ့တာပါပဲ။ တကယ်တော့ လက်တွေ့မှာ သူတို့ ယုံကြည်နေသလို မဟုတ်ပါဘူး။

သည်အချက်ကို ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလာဒ်၊ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးတော်ပုံတွေက ကောင်းကောင်းကြီး သက်သေပြခဲ့ပြီးပါပြီ။ အဖိနှိပ်ခံပြည်သူလူထုဟာ သေနတ်ပြောင်းတွေကို မကြောက် ကြောင်း အခွင့်အခါကောင်းရတဲ့ အခါတိုင်းမှာ သွေးနဲ့ရင်းပြီး သည်အချက်ကို သက်သေ ပြခဲ့ပြီးပါပြီ။

ဒါကြောင့်လည်း နအဖစစ်အုပ်စုရဲ့ တကယ့်စိတ်ထဲမှာ ဘယ်အချိန်မှာ ပြည်သူလူထုက အုံကြွ တော်လှန်မှာလဲ ဆိုတာကို တထိတ်ထိတ် တလန့်လန့်နဲ့ ခြောက်ခြား နေရရှာတာပါ။ ဒါကြောင့်လည်း သံဆူးကြိုးတွေ၊ စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေ၊ လုံထိန်းတွေ၊ စစ်သားတွေနဲ့ပဲ နေရာတကာ စစ်အင်္ဂါလေးပါး ပြပြပြီး ပြည်သူလူထုကို ကြောက်သွားမလား အထင်နဲ့ ဖြဲခြောက်ပြနေရရှာတာပါ။ သူတို့ရဲ့ တကယ့် သွေးကြောတွေထဲမှာတော့ ကြောက်သွေးတွေပဲ လှည့်ပတ် စီးဆင်းနေတာပါ။ ဒါကြောင့်လည်း အားအားရှိ သေနတ်တကိုင်ကိုင် ဖြစ်နေရတာပါပဲ။

သည်အချက်က နအဖ စစ်အုပ်စုဟာ သူတို့ လုပ်ချင်ရာ လုပ်လို့ကို မရဘူးဆိုတာကို သက်သေပြနေတာပါပဲ။ သူတို့မှာလည်း အကန့်အသတ်တွေ ရှိနေတယ် ဆိုတာကို သက်သေပြနေတာပါပဲ၊

---------------------------------------------

အခုတော့ နအဖက သူတို့ လုပ်ချင်ရာ လုပ်နေပြီ၊ တို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး..... အဲသည်လို ၀မ်းနည်းအားငယ်နေကြတဲ့ ညီအကို မောင်နှမတွေကို ကျနော် တခု ပြောချင်ပါတယ်။ သေချာ စဉ်းစားကြည့်ကြပါ။

၁။ သူတို့ဘာသာ စိတ်ကြိုက် ပြဌာန်းထားတဲ့ ဥပဒေအရကိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် အထိ ချနိုင်တယ်လို့ သူတို့ကိုယ်တိုင်ဆိုထားတဲ့ အပြစ်ဒဏ်ကို ၃ နှစ်ပဲ ချရဲခဲ့တာ၊

၂။ ၃ နှစ်ပဲ ချသည့်တိုင်အောင် ပြစ်ဒဏ်ကို တ၀က် လျှော့ပေါ့တယ်ဆိုပြီး တနှစ်ခွဲပဲ သတ်မှတ်တာ၊

၃။ အဲသည် တနှစ်ခွဲကိုတောင် ဆိုင်းငံ့ပြစ်ဒဏ်ဆိုပြီး အင်းစိန်မှာ မထားပဲ (တကယ့် ထောင်ထဲမှာ မထားပဲ) (ပြစ်ဒဏ် ဆိုင်းငံ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄/၅၆) နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။) ဆိုပြီး အကျယ်ချုပ်ကို ပြောင်းလိုက်တာ၊

၎။ ဒါတောင် (လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း ပူးတွဲပါ သတ်မှတ်ပေးထားသော စည်းကမ်းချက် များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း) ဆိုပြီး အချိန်ကာလတခုခု အခြေအနေ တခုခု ရောက်လာရင် ပြစ်ဒဏ်အားလုံးကနေ လွတ်ငြိမ်းချမ်းသာခွင့်- ဆိုပြီး စကားခံထားတာ၊

၅။ ပြီးတော့ (ပြစ်ဒဏ်ဆိုင်းငံ့ကာလအတွင်း ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမအား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄/၅၆ နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။) ဆိုတာ၊

သည်အချက် ၅ ချက်ဟာ -
နအဖက အသံကောင်းဟစ်နေတဲ့ (ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်ခြင်းကြောင့်လည်းကောင်း) ဆိုတဲ့ စကားနဲ့ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ သူမကို စာနာထောက်ထား ညှာတာမှု ပြု) လိုက်ခြင်း မဟုတ်တာကတော့ အသေအချာပါပဲ။


အဲသည်အချက် ၅ ချက်ဟာ တကယ်တော့ -
ငါတို့ လုပ်ချင်သလို လုပ်လို့ ရတယ်လို့ ယုံကြည်နေတဲ့ နအဖစစ်အုပ်စုက အသိဥာဏ်နုံနဲ့စွာနဲ့ တိုက်ခဲ့တဲ့ စစ်ပွဲတခုမှာ လက်တွေ့ သူတို့ ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲတခုကို ကိုယ်စားပြုနေတဲ့ အချက်တွေပါ။

ဘာကြောင့်လဲ?

၁။ ဒေါ်အောင်ဆန်းစုကြည်ကို အသက်တောင် ရန်ရှာရဲခဲ့တဲ့ စစ်အုပ်စုက ခုတော့ ထောင်ဒဏ် ၅ နှစ်တောင် မချရဲဘူး မဟုတ်လား။

၂။ သူတို့လုပ်ချင်သလို လုပ်နေတဲ့ သူတို့ရဲ့ တရားရုံးတွေမှာ ထောင်ဒဏ် ၃ နှစ် ဆိုပြီး စာရွက်ထဲမှာ အမိန့်ချခဲ့သည့်တိုင် လက်တွေ့မှာ လျှော့ပေါ့ပြစ်ဒဏ်ဆိုပြီး တနှစ်ခွဲပဲ သတ်မှတ်တာ သူတို့ ၃ နှစ် မချရဲလို့ မဟုတ်လား။

၃။ အမိန့်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လို့ ပါပေမယ့် တနှစ်ခွဲကိုတောင် ဆိုင်းငံ့ပြစ်ဒဏ်ဆိုပြီး နေအိမ်အကျယ်ချုပ်ပဲ ထားရဲတာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲမှာ မထည့်ရဲလို့ မဟုတ်လား။

၎။ ဒါတောင် ပြစ်ဒဏ်ကျခံနေရစဉ်ကာလအတွင်း ကောင်းမွန်စွာနေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်လို့ စကားခံထားတာကိုက အကျယ်ချုပ်ကိုတောင် ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် မရဲတရဲ လုပ်ထားတာ မဟုတ်လား။

၅။ နောက်တချက်ဖြစ်တဲ့ (ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမအား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄/၅၆ နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။) ဆိုတာကလည်း သည် အမျိုးသမီး ၂ ယောက်ကို ထောင်ထဲ မပို့ရဲလို့ မဟုတ်လား။

သည် အချက် ၅ ချက်ကို စဉ်းစားကြည့်ပါ။

ဒါဟာ တကယ်တော့ ကျနော်တို့ မမြင်ရတဲ့ အောင်ပွဲ ၅ ခုကို ကျနော်တို့ ရလိုက်တာပါ။

နအဖအတွက်တော့ သူတို့ကိုယ်တိုင် သိနေပေမယ့် ကျန်တဲ့ လူတွေ အများစုက မမြင်ရတဲ့ နအဖစစ်အုပ်စုရဲ့ ရှုံးနိမ့်မှု ၅ခုပါ။

-------------------------------------------------

စိတ်ဓါတ်မကျကြနဲ့။
ကျနော်တို့ ကိုယ်တိုင်က အရှုံးမပေးသေးသရွေ့ ကျနော်တို့ ဘယ်တော့မှ မရှုံးဘူး။
နအဖ စစ်အုပ်စုဟာ အနိုင်ရနေတာ မဟုတ်ဘူး။ အရှုံးနဲ့ ရင်ဆိုင်နေရတာ။
တကယ်တော့ ကျနော်တို့ဟာ တိုက်ပွဲကို ဆက်တိုက်နေကြဆဲပါပဲ။
အောင်ပွဲရောက်သည်အထိ ဆက်တိုက်ကြ။

19 comments:

Anonymous said...

နောက်တခေါက်ထပ်ဖတ်ပြီးမှ ရေးပါရစေ...

mie nge

Anonymous said...

စိတ်ဖြေပြိးရေးတာများလားအစ်ကိုရာ..
ဒီမထူးဇာတ်ပဲ ဒင်းတို့ ခနခနခင်းနေတာ
ဒိနေ့အထိပဲ။ အဲလို့ပဲမြင်မိတယ်။
mm

ကိုပေါ said...

မှန်တယ်။ နအဖဟာ သေချာပေါက် ရှုံးတော့မယ့် စစ်ပွဲကို ဆင်နွှဲနေတာပဲ။ သူတို့မှာလည်း သူတို့အကြပ်အတည်းနဲ့သူတို့။ သူတို့ စိတ်ရှိတိုင်းမလုပ်ရဲတာ အမှန်ပဲ။ ဒီပဲယင်းမှာ လုပ်ကြံပုံကိုလည်းကြည့်။ သူတို့မှာ သေနတ်တွေရှိနေတဲ့ ကြားက ခိုးကြောင်ခိုးဝှက် လုပ်ရတာ။

အခုလည်း သူတို့ ဆန္ဒအတိုင်းဆိုရင် ထောင်ဒဏ်အနှစ် ၂၀၀ အောက်မလျော့ဘူး။ ဒါပေမယ့် ဆန္ဒရှိတိုင်း မလုပ်ရဲဘူးဆိုတာ ထင်ရှားတယ်။

pandora said...

အဲဒီကောက်ချက်ကို ကျနော်လည်း သဘောတူပါတယ်။ သူတို့ ကြောက်နေတယ် ဆိုတာရယ် လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူး ဆိုတာရယ် တိုးသာဆုတ်သာလုပ်လို့ရအောင် ကြံစည်နေရတယ် ဆိုတာရယ် ဒီဘက်ကလူတွေအဖို့ ကိုယ်ဆက်ကြိုးစားရင် ကြိုးစားသလို အောင်မြင်နိုင်ဖို့ ရောင်ခြည်တွေသန်းနေတယ် ဆိုတာ ယုံကြည်မိတယ်

mama said...

သူတို့ရဲ့ အကြောက်တရားက သူတို့ကို လမ်းပျောက်အောင် လုပ်ခဲ့ပြီ

မောဟတွေ ဖုံးနေတဲ့အတွက် ဒီလူတွေဟာ အမှန်တရားနဲ့တရားမျှတမှုကို မေ့ချင်ယောင်ဆောင်နေကြရတယ်

စစ်သားအင်အား ၈ သိန်းကျော်ရှိနေရက်နဲ့
လက်နက်မဲ့ အမျိုးသမီးတယောက်ကိုကြောက်နေရတာဟာ အဲဒီအမျိုးသမီးရဲ့ ယုံကြည်ချက် နဲ့ အမှန်တရားမြတ်နိုးတဲ့စိတ်ဓါတ်စွမ်းအား၊ သူ့ရဲ့ နောက်မှာမပျက်မကွက်ရှိနေတဲ့ လူထု စွမ်းအား၊ ပြီးတော့ နိုင်ငံတကာရဲ့ မြန်မာပြည်သူတွေအပေါ် စိတ်ဝင်စားမှုတွေကြောင့် ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး၊

တကယ်တော့ သူ တို့ လမ်းပျောက်နေပြီ
ဘာလုပ်လို့ လုပ်ရမှန်း တကယ် မသိတော့တာ
ကျမတို့ အရှုံးပေးဖို့ မလိုဘူး
အားလျော့နေဖို့ မလိုဘူး
အခွင့်အလမ်းပေးတာနဲ့ လမ်းကြောင်းသစ်ပေါ် အတူတူလျှောက်ကြဖို့ ကိုယ်စီကိုယ်စီ အဆင်သင့်ဖြစ်နေကြဖို့ပဲ လိုတယ်လို့ ကျမထင်မြင်မိပါတယ်..

ဒီပို့စ်ကိုတွေးပြီး ရေးပေးတာ ကျေးဇူးတင်မိပါတယ်

နန်းညီ said...

သူတို့က ရှုံးတယ်သာဆိုတာ ခံရတာကတော့ နန်းညီတို့ပဲ လှိမ့်ပိမ့်နေတာပဲ အယ်ငူးရာ..

ဒါမယ့် ဒီပို့စ်ဖတ်လိုက်တာ ကြက်သီးထသွားတယ်.. ကျေးဇူးပါပဲ..

မဆီမဆိုင်မေးချင်တာက.. အဲ့ “ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ” ဆိုတာကြီးထဲက စည်းကမ်းတွေက ဘာတွေလဲ သိလားဟင်.. သိချင်လိုက်တာ

Moe Cho Thinn said...

အမှန်ပါပဲ။ ထင်တိုင်း စိတ်ရှိတိုင်း မလုပ်ရဲဘူးဆိုတာ ထင်ရှားပါတယ်။
စာနာထောက်ထား သက်ညှာ သတဲ့။ ရီလိုက်ရတာ။ အော်ဂလီလဲ ဆန်လိုက်တာ..

Anonymous said...

ကျေးဇူးတင်ပါတယ် အစ်ကို...။
စိတ်ဓာတ်မြှင့်တင်ပေးတဲ့စာကိုဖတ်ပြီးပေမယ့် ဝမ်းနည်းနေတာ ပျောက်မသွားသေးဘူး...။


sdl

မေလေး said...

ပို့စ်လေးအတွက် ကျေးဇူးပါအကို
မေလေးမတွေးမိတာ အကိုရေးလိုက်မှ မှန်လိုက်တာလို့
တွေးမိသွားတယ်။
သေချာပါတယ် သူတို့ထင်တိုင်း မလုပ်ရဲပါဘူး။
အမှောင်ထု ပြီးသွားရင် ရောင်နီလာတော့မှာပါ။
လက်တစ်စုတ်စာလူတစ်စုကလွဲရင်
အားလုံးက ရောင်နီကိုမျှော်နေတာပါ.
ညက သတင်းကြည့်ရင်း ဝမ်းနည်းလွန်းလို့
မျက်ရည်တောင် ကျမိတယ်။
အမေစု လူအုပ်ထဲ ဖြတ်လျှောက်တဲ့ပုံကိုပြတော့
ဟိုဂျိုမပါတဲ့ နွားကြီး(ကန့်တော့ပါ) ဆို အဲလိုဘယ်လျှောက်ရဲမလဲ လို့တွေးမိပါသေးတယ်။

Anonymous said...

အပေါ်မှာအကိုပြောခဲ့တဲ့ ၅ချက်လုံးကို သဘောတူပါတယ်...

နအဖ ကတော့ ဒီပြစ်ဒဏ် တနှစ်ခွဲပြီးရင်လည်း
နောက်တမျိုးနဲ့ ကောက်ကျစ်ဖို့ အတွက် ခုကတည်းက
ကြံစည်နေမှာပါ...

တကယ်တော့ နအဖစစ်အုပ်စုက အနိုင်မရသေးသလို
ဒီမိုကရေစီလိုလားတဲ့အုပ်စုကလည်း ပန်းတိုင်ရောက်ဖို့
ဝေးနေသေးတယ်လို့ ကျမတယောက်တည်းအမြင်နဲ့
ပြောပါရစေ...ဘာလို့ဆို ကျမအပါအ၀င် တော်တော်များများ ( အားလုံးကို မဆိုလိုပါ ) ဒီမိုကရေစီလိုလားသူတွေ အနေနဲ့က ဒီမိုကရေစီဆိုတာကြီးကို အားမစိုက်ဘဲနဲ့
အလကားရလာလိမ့်မယ်လို့ ထိုင်စောင့်နေကြတဲ့သူတွေ
များနေသေးလားလို့ပါ...ဒေါ်အောင်ဆန်းစုကြည်
ပြောသွားတဲ့ ဒီမိုကရေစီ ဘယ်တော့ရမလဲလို့ မေးတဲ့
မေးခွန်း နဲ့ ပတ်သက်လို့ဖြေဆိုချက်ပေါ် အခြေခံပြီး ကျမအနေနဲ့တွေးမိတာပါ....

ကျမအနေနဲ့ ဒီမိုကရေစီ တိုက်ပွဲမှာ ခေတ်အဆက်ဆက် တဒေါင့်တနေရာကနေ နည်းအမျိုးမျိုးနဲ့ အင်တိုက်အားတိုက် ပါဝင်ခဲ့ ပါဝင်ဆဲ ဂုဏ်ပြုထိုက်သူများကို လေးစားဦးညွှတ်လျက်ပါ...


mie nge

Anonymous said...

စစ်တပ်နဲ့ ရဲ လမ်းပေါ်တွေ့ရင် တွေ့တဲ့နေရာ ဆွဲစားပစ်ရမှာ စခန်းကနေ တစ်ယောက်တည်းထွက်ရင် ထွက်တဲ့တစ်ယောက်ကို ထုရမှာ ...ကြံဖွံ့ဘယ်သူဆိုတာလည်းသိနေတာပဲ ရယကလူကြီးတွေ မီးသတ်တွေ .. အကုန်ထုရမှာ
ဘာလို့လည်းဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့ကို ဖမ်းဆီးနှိပ်စက် နှိပ်ကွပ်တဲ့ ယန္တရားမှာသူတို့လည်းပါတယ်
ဘာလို့အဲ့လိုမလုပ်နိုင်ရမှာလဲ စဉ်းစားမရဘူး
ငဲ့ညှာမနေနဲ့ ကိုယ့်အလှည့်ကျ ငဲ့မှာမဟုတ်ဘူး LB

လင်းထက် said...

မနေ့က သတင်းတွေ ဖတ်ပြီးကတဲက ကျွန်တော်လဲ အကိုကြီးလိုပဲ တွေးမိပါတယ် ကျန်သူတွေ အတော်များများလဲ တွေးမိကြပါတယ် ဒါပေမယ့်လဲ နောက်ဆုံးတော့ နအဖက လျှော့ပေးသလိုလိုနဲ့ အန်တီစုကို ၂၀၁၀ မှာ ထွက်မလာနိုင်အောင် အကျယ်ချုပ် ချုပ်ထားချင်တယ် ဆိုတဲ့ သူတို့ရဲ့ ဦးတည်ချက်ကတော့ အောင်မြင်သွားတာပဲလေ..။ :(

Nge Naing said...

သုံးသပ်ထားတာ သိပ်ကောင်းပါတယ် ကိုအောင်သာငယ်။

နွေဆူးလင်္ကာ said...

ဟုတ်တယ်။ ငကြောက်တွေအကြောင်း သိတယ်။ ဒီကောင်တွေ ဖင်မနိုင်ပဲ ပဲကြီးဟင်း စားချင်တာလေ။ ကြောက်ကကြောက်သေး။ လုပ်ချင်တာလဲ လုပ်ချင်သေး။ ချီးဘရိန်းတွေက ဘာထွက်မှာလဲ။

Anonymous said...

လုံးဝဥသုံထောက်ခံပါတယ်...

အရူးမီးဝိုင်းနေပါပြီ....

နောက်ဆုံး....မလုက်သာလုပ်သာ မဖြစ်မနေအနေနဲ့
၂၀၁၀ ရွေးကောက်ပွဲ အချိန်ကျော်တဲ့အထိလှုပ်မရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ မရရအောင်လုပ်လိုက်ပါသေးတယ်..။

သွေးပျက်နေကြပါပြီ...

တစ်ခုပါပဲ ဗိုလ်ချုပ်နာမည်ကို သူပါးစပ် ပါးစပ်ကထုတ်ပြောတာ..
မတန်တရာ..အောက်ဂလီဆန်လိုက်တာ..
ကိုအောင်သာငယ်ရေ.....

ဟုတ်တယ်...
မဝေးတော့ဘူး...
မြင်နေရပါပြီ

suburbanian said...

တိုက်ပွဲကောင်းဆိုတာ လက်ရုံးရည်ရော နှလုံးရည်ပါ ပါမှပြည့်စုံတာ အကိုရ....
အထူးသဖြင့်... တဖက်ရန်သူက ကောက်ကျစ်ပြီး အင်အားကြီးရင်ပေါ့...

မီယာ said...

ဘာမှ မပြောချင်တော့ပါဘူး... စိတ်ကုန်နေတာ ကြာပြီဖြစ်ပေမယ့် မျှော်လင့်ချက်တွေတော့ ရှိပါသေးတယ်။

မေ့သမီး said...

အကို အမှန်အတိုင်းပြောရရင် အဲဒီသတင်းကို သူငယ်ချင်းတွေက စိတ်ဆိုးမာန်ဆိုးနဲ့ပို့ကြတဲ့ အချိန်မှာ ညီမစိတ်မကောင်းဖြစ်မိတာမှန်ပေမယ့် အကိုပြောသလိုပဲ ခံစားလိုက်ရတယ်။ မျှော်လင့်ချက်ရှိတာ၊ မရှိတာဆိုတာ ထက် သွေးရူးသွေးတန်းလုပ်ချလိုက်တယ်လို့ပဲ မြင်တယ်။ ရှင်းရှင်းပြောရရင် ၂၀၁၀ မတိုင်ခင်ထွက်မလာရင်ပြီးရော၊ ဒါပေမယ့်သိပ်လည်းပြည်သူကဆူအောင်လည်း အများကြီးမလုပ်ရဲဘူး။ မလုပ်ရဲလုပ်ရဲလုပ်ချလိုက်တာ လို့ညီမလည်းမြင်တယ်။

ကလူသစ် said...

ကိုယ်ချည်းပဲ လှိမ့်ခံနေရတာတော့ အစာမကြေဘူးဗျာ